Sunday, October 7, 2012

သက်သတ်လွတ် ပြဿနာ

အထက်မြန်မာပြည်ရှိ ဓမ္မမိတ်ဆွေ တစ်ဦးထံမှ စာတစ်စောင် ရသည်။ သူ့စာတွင် ဤ၀ါတွင်း သုံးလပတ်လုံး သူနှင့်တကွ သူ့ဇနီး သားသမီးများပါ သက်သတ်လွတ် (အသားလွတ်) စား၍ သံဃာတော် များအားလည်း သက်သတ်လွတ်ဆွမ်းများ လောင်းလှူမည် ဖြစ်ကြောင်း၊ ရှစ်ပါးသီလကိုမူ နေ့စဉ် မစောင့် နိုင်သေး၍ တစ်လ လေး သီတင်း မှန်မှန်စောင့်မည် ဖြစ်ကြောင်း ရေးသားပြီး သူ့အတွက် သူ အမြဲ ဖတ်ရှုသည့် ဓမ္မဗျူဟာစာစောင်တွင် သက်သတ်လွတ်ဆောင်းပါး တစ်စောင် ရေးသားစေလိုကြောင်း၊ သက်သတ်လွတ်စား၍ မည်သို့ ကုသိုလ်ဖြစ်ပုံ ဘုရားဟောပါဠိ အကိုးအကားများနှင့်တကွ စုံစုံလင်လင် ရေးသားပေးစေလိုကြောင်း ဆက်လက် တိုက်တွန်းထားပေသည်။

ဓမ္မမိတ်ဆွေ၏ စာကိုဖတ်၍ ၀မ်းသာရပေသည်။ သက်သတ်လွတ် စားခြင်း၊ ဥပုသ်သီတင်း စောင့်ခြင်း စသော ကြည်နူးဖွယ် အကြောင်းအရာများကိုသာ သူ့စာတွင် တွေ့ရသဖြင့် သာဓုခေါ်မိပါ၏။ သက်သတ်လွတ် စားခြင်းမှာ ကောင်းသော အလေ့အကျင့်ပင် ဖြစ်ပါသည်။ အသားစားခြင်းကြောင့် ရောဂါများ တတ်သဖြင့် သက်သတ်လွတ် ခြင်းအတွက် ကျန်းမာရေး ဖြစ်သည်မှာ ယုံမှားဖွယ်မရှိ။ အားရှိရန် အတွက် အသားကို စားသင့် သည်ဟု ဆရာဝန်များက ဆိုသော်လည်း အသားမစား ပဲအမျိုးမျိုး ကိုစားလျှင်လည်း အားရှိစေနိုင်သည်ဟု သူတို့၏ ဆေးကျမ်းများက ဆိုလေသည်။ အသီးအရွက်များက လူတို့အဖို့ လိုအပ်သော ဓာတ်အမျိုးမျိုးကို ပေးနိုင်သဖြင့် ရာသက်ပန် သစ်သီး သစ်ရွက်နှင့် ပဲပြောင်း စသည်တို့ကို စားနေလျှင် ကျန်းမာရေး မချွတ်ယွင်းနိုင်။ မျက်မြင်သာဓက အနေဖြင့်လည်း ဤသို့ ရာသက်ပန် စားသောက် နေထိုင်သော ဆရာတော်၊ သံဃာတော်များနှင့် သူတော်စင်ပုဂ္ဂိုလ်များစွာကို ဖူးတွေ့ မြင်ကြားနိုင်ပါသည်။ ဟိန္ဒူဗြာဟ္မဏလူမျိုးများ၊ ဘရူးဝါးများမှာ အမြဲပင် အသက်လွတ် စားသောက် နေထိုင်လျက် အင်အားမယုတ် အလုပ်လုပ်၍ နေသည်ကို မြင်တွေ့နိုင်သဖြင့် အားရှိရန် အသားစားပေးရမည် ဆိုသော စကားမှာ တထစ်ချ မမှန်ကြောင်း သိရပါသည်။

သက်သတ်လွတ် စားမှုသည် ကျန်းမာရေး အတွက် ကောင်းမွန်ကြောင်း ဤမျှ သိရလျှင် “သတ္တ၀ါများ၊ မေတ္တာထား၊ သားစား ရှောင်ကြဉ်ပါ ဟူသော စကားအတိုင်း သတ္တ၀ါများအပေါ်၌ မေတ္တာ ထားသော စိတ်ဓာတ်ဖြင့် အသားကိုမစားဘဲ ရှောင်ကြဉ်ပါသည်ဆို သူတို့အဖို့ စိတ်ဓာတ်ဖြူစင်မှုအတွက် ပိုမို ကောင်းမွန်ပါသည်ဟု ဆိုရပေသည်။ ဣတ်္ထိမိသာ ကုတောသီလံ၊ မံသဘက္ခော ကုတ္လောယာ - မိန်းမနှင့် ရောနှောသော ရဟန်းအား အဘယ်မှာ သီလရှိအံ့နည်း။ အသားစားကြူးသူအား အဘယ်မှာ သနားခြင်းရှိအံ့နည်း ဟူသော လောကနီတိ စကားအတိုင်း အသား စားကြူးသူအဖို့ စားကောင်းသော သတ္တ၀ါတို့အပေါ်က သနားညှာတာမှု နည်းပါးမည်မှာ မလွဲရာပါ။

ထို့ကြောင့် အသားလွတ်စား၍ မေတ္တာဘာဝနာ ပွားခြင်း သည်သာ သဘာဝကျသော အလုပ် ဖြစ်စရာ ရှိပါသည်။ ရှေးဆရာ တော်များကလည်း အန္တရာယ်ကင်း ပရိတ်ရွတ်ဆိုလျှင် ထိုနေ့တစ်နေ့လုံး အသား မစားဘဲ အသားလွတ်စားပြီး ရွတ်လျှင် ပိုမိုထိရောက်ကြောင်း မှာကြားလေ့ရှိသည်။

လယ်တီဆရာတော်ကြီးကမူ အသား (အထူးသဖြင့် အမဲသား) စားပြီး ပရိတ်ရွတ်လျှင် ပိုမို အန္တရာယ် များသေးကြောင်း မိန့်ကြားလေ့ရှိ၏။ သို့ဖြစ်၍ အသားလွတ် စားနေထိုင်မှုမှာ ဘယ်ဘက်က ကြည့်ကြည့် ကောင်းသောအလေ့အကျင့် ဖြစ်သဖြင့် အားပေးသင့်သည်သာ ဖြစ်ပါ၏။

သို့သော် ဓမ္မမိတ်ဆွေကြီး၏ စာနောက်ပိုင်းနှင့် ပတ်သက်၍ကား ဆက်လက် ရေးသားရန်ပင် နောက်တွန့်မိလေသည်။ သက်သတ် လွတ်စား၍ မည်သို့ ကုသိုလ်ဖြစ်ပုံ ဘုရားဟော ပါဠိ အကိုးအကား များနှင့်တကွ စုံစုံလင်လင် ရေးရန် ဟူသော အချက်တွင်ကား အလွန် ခက်ခဲသည်။ သက်သတ်လွတ် စားခြင်းမှာ ကျန်းမာမှု၊ မေတ္တာပွားမှုနှင့် ဆိုင်၍ ကောင်းသော အလေ့အကျင့်နှင့် ကုသိုလ်ရမှုကို ဤနေရာတွင် ခွဲခြားထားရပေလိမ့်မည်။ ပုံစံအားဖြင့် အချို့ လူမှုလုပ်ငန်းများမှာ အလွန်ကောင်းသည်။ လူသာဓုခေါ် နတ်သာဓုခေါ် ဖြစ်သည်။ သို့သော် ကုသိုလ်ရရေးနှင့်သော် တခြားစီသာ ဖြစ်လေသည်။ ထို့အတူ ပညာရေး၊ နိုင်ငံရေး၊ စစ်ရေးတို့နှင့် ဘာသာရေးကိစ္စတို့ကို နှိုင်းယှဉ်ကြည့်နိုင်ပေသည်။

ထို့ကြောင့် သက်သတ်လွတ် စားသောက်မှုကို ထောက်ခံထားသော ဘုရားဟော ရှာဖွေ၍ မတွေ့နိုင်ပေ။ သက်သတ်လွတ် စားသောက်မှုသည် ကုသိုလ်ရသော အကျင့် ဖြစ်သည် ဟူ၍လည်း မည်သည့်ကျမ်း၊ မည်သည့် ဆရာတော်၊ သံဃာတော်တို့မျှလည်း ထောက်ခံ ရေးသား ဆုံးဖြတ်ထားခြင်း မရှိခဲ့ပေ။ သက်သတ်လွတ်စား၊ မစား ဆိုသည်ကို ထည့်သွင်း မဆွေးနွေးလိုပါ။ ဆွေးနွေးမိလျှင်လည်း လိုရင်းကို ရောက်တော့မည်မဟုတ်။

အောက်ပါတို့ကား စာရေးသူ တွေ့ရှိသမျှ သက်သတ်လွတ် အဆုံးအဖြတ်များ၊ ဟောပြောချက်များ ဖြစ်ရာ ယင်းတို့ကို ဖတ်ရှု၍ သက်သတ်လွတ် ပြသနာအတွက် အဖြေတွေ့နိုင်လိမ့်မည်ဟု မျှော်လင့် မိပါသည်။

ဘုန်းတော်ကြီး ဦးသီလ

အခါတစ်ပါး သဒ္ဓါတရားကောင်းလှသော ရဟန်းတစ်ပါးသည် ဘုန်းတော်ကြီးထံ ရောက်လာ၏။

““ဘုရားတပည့်တော်သည် ဘုန်းတော်ကြီး ဘုရားနှင့်အတူ မကွေမကွာနေ၍ တရားအားထုတ်ပါရစေ၊ သက်သတ်လွတ် အကျင့်လည်း အမြဲ စားပါမည် ဘုရား””ဟု လျှောက်လေ၏။

““ဦးပဉ္စင်း၊ ရဟန်း သိက္ခာ ဘယ်လောက် ရှိပြီနည်း””

““နှစ်ဝါ ရှိပါပြီ ဘုရား””

““ဦးပဉ္စင်း ၀ါငယ်သေးသည်၊ စာတတ်အောင်သင်ဦး၊ စာပေ ပရိယတ်ဘက်က ပညာတတ်မြောက်၍ ဆယ်ဝါ လောက်ရတော့မှ အားထုတ်၊ ဘုန်းကြီးများကို ယခု သက်သတ်လွတ်စားနေတာ ကုသိုလ်ဖြစ် ကျင့်သည် မထင်နှင့်၊ သွားနာသက်သာလို့”” ဟု မိန့်တော်မူသတတ်။

[ ဘုန်းတော်ကြီး ဦးသီလ ထေရုပ္ပတ္တိ၊ ဒုတိယပိုင်းသြ၀ါဒခန်း၊ ပ-နှိပ်-၅၃ ]

မဟာစည်ဆရာတော်

ရဟန်းများမှာ သက်သတ်လွတ်ချည်း စားရမယ်လို့တော့ သိက္ခာပုဒ် မရှိပါဘူး။ ဒါပေမယ့် အထူး တားမြစ်ထားတဲ့ အသားကြီး ဆယ်မျိုးနှင့် ရည်ရွယ်တဲ့ အသားကိုတော့ မစားရဘူး။

အသားကြီး ဆယ်မျိုး ဆိုတာက-

(၁) လူသား

(၂) ဆင်သား

(၃) မြင်းသား

(၄) ခြင်္သေ့သား

(၅) ကျားသား

(၆) ကျားသစ်သား

(၇) ၀က်ဝံသား

(၈) ၀ံပုလွေသား

(၉) ခွေးသား

(၁၀) မြွေသား... ဒီဆယ်မျိုးပဲ ဖြစ်ပါတယ်။

ရည်ရွယ်တဲ့အသား ဆိုတာကတော့ ရဟန်းသံဃာတော် များအတွက် ရည်ရွယ်ပြီး သတ်ထားတဲ့အသား ဖြစ်ပါတယ်။ အဲဒီလို ရည်ရွယ်တဲ့အသား ဆိုလျှင်တော့ ကြက်ဥ၊ ဘဲဥမှစပြီး ဘာသားမှ မစားရဘူး။ မိမိအတွက် သို့မဟုတ် ရဟန်းများအတွက် ရည်ရွယ်ပြီး သတ်တာကို မြင်လို့ ဖြစ်စေ ကြားလို့ ဖြစ်စေ သိလျှင် မစားရဘူး။ ပြီးလျှင် ငါတို့အတွက် ရည်ရွယ်ပြီး သတ်လေသလားလို့ ယုံမှားမကင်းလျှင်လည်း အဲဒီအသားကို မစားရဘူး။ အဲဒီလို ရည်ရွယ်ပြီး သတ်တဲ့ အသားနဲ့ အသားကြီး ဆယ်မျိုးမှ လွဲလျှင်တော့ အလိုရှိလျှင် စားနိုင်ပါတယ်။ ဒီလို အသားတွေကိုတော့ ဘာကြောင့် မတားမြစ်သလဲ ဆိုလျှင် ရဟန်းများမှာ ဒါယကာ၊ ဒါယိကာမများက ပေးလှူတာကို စားရပါတယ်။ ရောက်ရာအရပ်မှာ ဆွမ်းခံပြီး စားကြရပါတယ်။ ဒါယကာ၊ ဒါယိကာမများကလည်း မိမိတို့စားဖို့ အသင့်ချက် ပြုတ်ထားတာကို လှူကြပါတယ်။ သား၊ ငါး ပါတဲ့အတွက် မစားရဘူးဆိုလျှင် အာဟာရ အတွက် မပြည့်စုံဘဲ ဆင်းရဲဒုက္ခရောက်ဖို့က များနေ ပါတယ်။ ပြီးတော့ မိမိတို့အတွက် ရည်ရွယ်ပြီး သတ်တာမဟုတ်လျှင် မိမိတို့ကြောင့် သေတာ မဟုတ်သောကြောင့် အပြစ်လည်း ကင်းနေပါတယ်။ ဒါကြောင့် ဒီလို အပြစ်ကင်းတဲ့သားငါးကို မြတ်စွာဘုရားက မတားမြစ်ခဲ့ခြင်း ဖြစ်ပါတယ်။

[ အင်ဒိုနေရှား သာသနာပြုမှတ်တမ်း - ၁၆၀]

ဝါးချက်မင်းကျောင်းဆရာတော်

တစ်ရံသောအခါက ဆရာတော်ဘုရား၏ အန္တေ၀ါသိက ဖြစ်ဖူးသော ဦးအာစရမည်သော ရဟန်းသည် တစ်ပါးသော ဆရာတော်ထံက နေပြီးလျှင် ဆရာတော်ကို ဖူးမြော်ရန် ဆည်းကပ်ရာ ဆရာတော်က...

““သင် ဘယ်တရားကို ကျင့်သနည်း”” ဟု မေးသောကာလ...

““သက်သတ်လွတ် ဆားဟင်းစားသော တရားကို ကျင့်ပါသည် ဘုရား”” ဟု လျှောက်ကြားရာ...

““ဘယ်ပိဋကတ်မှာ နည်းတွေ့၍ သင် ကျင့်သနည်း”” ဟု စစ်မေးသောအခါ...

““သုမေဓာရသေ့ စသည်တို့၏ ကျင့်ထုံးကို ကြားဖူး၍ ကျင့်ပါသည် အရှင်ဘုရား”” ဟု လျှောက်ကြားလေရာ

ဆရာတော်က...

““သင်ရသေ့လား၊ ရဟန်းလား”” ဟု မိန့်ကြား၍

““ထို သုမေဓာစသော ရသေ့များသည် သစ်သီးကို ဘယ်အရာနှင့်ရော၍ ချက်စားသနည်း၊ သင်သေချာစွာသိ၏လား”” ဟု မိန့်ကြားပြီးမှ...

““ရသေ့ဖြစ်က ရသေ့အတိုင်း ကျင့်ကြသည်၊ ဇော်ဂျီဖြစ်က ဇော်ဂျီနည်းအတိုင်း ကျင့်ကြသည်၊ ဖိုးသူတော်ဖြစ်က ဖိုးသူတော်နည်း အတိုင်း ကျပ်ကိုလွယ်၍ ကျင့်ကြသည်၊ အစေလက နိဂဏ္ဌတိတ်္ထိဖြစ်က အ၀တ်မကပ်ခြင်းစသော အစေလက နိဂဏ္ဌတိတ်္ထိတို့ နည်းအတိုင်း ကျင့်ကြသည်၊ သာသနာဝင် ရဟန်းဖြစ်က မြတ်စွာဘုရားက ရဟန်းတို့ကျင့်ရန် ဟောကြားတော်မူအပ်သောနည်းဖြင့် ကျင့်အပ်သည်။ စားသင့်၊ မစားသင့်ကို ပညတ်တော်မူအပ်သောဝိနည်းက မစားသင့်သောအသား အကပ္ပိယမံသ ဆယ်ပါးတို့ကို လည်းကောင်း၊ မိမိတို့ကို တိုက်ရိုက်ရည်မှန်း၍ သတ်ဖြတ်အပ်သော ဥဒ္ဒိဿကမံသ တစ်မျိုးကို လည်းကောင်း၊ ဤတစ်ဆယ့်တစ်မျိုးသော သတ္တ၀ါတို့၏ အသားကို မစားဘဲ ကြဉ်ရှောင်၍ ထိုမှတစ်ပါးသော သူတစ်ပါး သတ်၍ ဖြစ်စေ၊ အလိုလိုဖြစ်စေ သေသော သတ္တ၀ါ၏ ပ၀တ္တကမံသ ဖြစ်သော သားငါးတို့ကို သပ္ပာယဖြစ်က စား၍ ကျင့်ကောင်း၏။ သုတ္တန်ပိဋကတ်က ရဟန်းတို့ကျင့်ရန် ဓူတင်တစ်ဆယ့်သုံးပါးတွင် စားသောက်ရန်နှင့် စပ်သော ပတ္တပိုဏ်၊ ဧကာသနိက်၊ ခလုပစ္ဆာ ဘတ်အားဖြင့် သုံးပါးသော အကျင့်တို့ကို သပ္ပာယဖြစ်က စား၍ ကျင့်ရန် မြတ်စွာဘုရား ဟောကြားတော်မူ၏။

သက်သတ်လွတ် ဆားဟင်းကိုသာ စား၍ ကျင့်အပ်သော အကျင့် မိစ္ဆာပဋိပန္နအကျင့်များကို ဘုရား တိုက်တွန်း သောအရာ မလာမရှိပေ။ အဘိဓမ္မာပိဋကတ်ကမူကား ဘယ်အစာကိုရှောင်၍ ဘယ် အစာကို စား၍ကျင့်မှ ကုသိုလ်ရသည်ဟု တသီးတခြား ဝေဖန်၍ ဟောကြားသောအရာမရှိ။ ယောနိသော မနသိကာရဖြင့် အသင့်အတင့် ဖြစ်အောင် စိတ်ပြုပြင်မှ ကုသိုလ်တရား ဖြစ်ပွားသည်ဟု ဟောကြား တော်မူသည်။

ထို့ကြောင့် သက်သတ်သားငါး အစာများကို ဖြစ်စေ၊ သက်သတ်မပါသော အစာများကို ဖြစ်စေ စားလိုသော အသားအရသာက တပ်မက်သော တဏှာဖြင့် စားရန် အားထုတ်က ကာမသုခလ်္လိကာနု ယောဂဟူသော လက်ဝဲစွန်းသို့ ပါသောကြောင့် မိစ္ဆာအကျင့်ဟုမှတ်။ သက်သတ်လွတ် သစ်သီး၊ သစ်ရွက်များကို စား၍ကျင့်မှ ဖြောင့်မှန်သည်၊ သတ္တ၀ါများ၏ အသားကိုစားက အပြစ်ရှိသည်ဟု ဒိဋ္ဌုပါဒါန်ဖြင့် အစွဲအလမ်းပြုလျက် သက်သတ်လွတ်ကိုသာ စား၍ ကျင့်က သာသနပဖြစ်သော ရသေ့တို့၏ အလေ့အကျင့်ဖြစ်၍ ရသေ့ဘ၀ဖြင့် မဂ်ဖိုလ်နိဗ္ဗာန်သို့ ရောက်သောအရာ ကမ္ဘာအဆက်ဆက်က မရှိ၊ ကိုယ် ပင်ပန်းကာမျှ အတ္တကိလမထာနုယောဂ ဟူသော လက်ယာစွန်းသို့ လွန်၍ ထွက်နေခြင်း ရှိသောကြောင့် ဒိဋ္ဌိအကျင့်ဟုမှတ်။

ဤသို့ မိစ္တ္ဆာပဋိပတ်ဖြစ်သော ကာမသုခလ်္လိကာနုယောဂ၊ ဒိဋ္ဌိ ပဋိပတ်ဖြစ်သော အတ္တကိလမထာနု ယောဂအားဖြင့် မှားယွင်းသော အစွန်းနှစ်ဖက်သို့ မယွန်းမထွက်စေခြင်းမှာ ဖြောင့်မှန်စွာ အလယ်ဗဟိုသို့ ကျသော အကျင့်မဇ္ဇိုမပဋိပဒါ ဖြစ်သော သမ္မာဒိဋ္ဌိ၊ အရိယာသာဝက တို့သည်သာ ကမ္ဘာအဆက်ဆက် ရှိဖူးရသော မဇ္ဇိုမပဋိပါဒကို ကျင့်မိအောင် သတိသမ္ပဇဉ် ဉညဏ်အမြင်ဖြောင့်စေရမည် တပည့်ရှင်အာစရ-ဟူ၍ ဟောကြားတော်မူသည်။

[ ထေရ၀ံစာရက္ကမပဒီပီကာ၊ ၀ါးချက်မင်းကျောင်းထေရုပ္ပတ္တိ ၅၉-၆၀ ]

သူဌေးဆရာတော်

အတီတံ နာနုသောစန္တော၊

နပ္ပဇပ္ပ မနာဂတံ၊

ပစ္စုပ္ပန္နေန ယာပေန္တော၊

သန္တုဋ္ဌောတိ ပ၀ုစ္စတိ။ ။

အတီတံ - လွန်လေခဲ့ပြီးသော အစာအာဟာရကို၊ နာနုသော စန္တော - အဖန်တလဲလဲ မစိုးရိမ်မူ၍၊ အနာဂတံ - လာလတ္တံ့သော အစာအာဟာရကို၊ နပ္ပဇပ္ပံ နပ္ပဇပ္ပန္တော - တဏှာ လောဘဖြင့် အာသာငင်ငင် မတောင်းတမူ၍၊ ပစ္စုပ္ပန္နေန - ပစ္စုပ္ပန်ကာလ ရဆဲဖြစ် သော အစာအာဟာရဖြင့်၊ ယာပေန္တော - မျှတအင်အဲ ရောင့်ရဲခြင်းရှိသော ရဟန်းရှင်လူကို၊ သန္တုဋ္ဌောတိ - သန္တောသတရားနှင့် ရောင့်ရဲ ခြင်း ရှိသောသူ ဟူ၍၊ ၀ုစ္စတိ - ဧကန်ဆတ်ဆတ် ပြောဆိုအပ်၏။

ဤပါဠိတော်၊ အဋ္ဌကထာပါဌ်ဖြင့် ရှေးရှေးသော ဘုရားလောင်း သူတော်ကောင်းတို့ကဲ့သို့ ငါး၊ အမဲကို လည်းကောင်း၊ သစ်သီး သစ်ရွက်ကိုလည်းကောင်း အတိတ်၊ အနာဂတ်ကာလတို့က တောင့်တ၍ စားသောက်ရခြင်းဟု ဆိုအပ်သော ပါပိစ္ဆတရား၊ လောလုပ္ပတဏှာ များစွာတို့ကို မဖြစ်စေမူ၍ ပစ္စုပ္ပန်ကာလ ခါသမယက ရသမျှသော သား အမဲ၊ သစ်သီး၊ သစ်ရွက်များကိုသာလျှင် သုံးစား၍ တရားဓမ္မ အားထုတ်ခြင်းများကို မဇ္ဇိုမပဋိပဒါသန္တုဋ္ဌိတရားဖြစ်၏ဟု ပြတော်မူ၏။

ဤသို့ လာရှိသည်နှင့်လျော်စွာ အကိတ္တိရှင်ရသေ့၊ တဏှာ ရှင်ရသေ့ စသည်များစွာ တေမိယ၊ အယောဃရ၊ ယုဓဉ္စယရသေ့ တို့သည်လည်း အသစ်, အဟောင်းကို မတောင့်တ၊ ရရသမျှသော ပစ္စည်း ဘောဇဉ် စသော အာဟာရ သစ်သီးဝလံတို့ဖြင့် မျှတအင်အဲရောင့်ရဲ ကြရကား သန္တုဋ္ဌိတရားဖြစ်၏ဟု ပါဠိတော်ကပြ၏။ ငါး၊ အမဲ ပယ်ရှား သစ်သီးကို စားမှသာလျှင် သန္တုဋ္ဌိတရား ဖြစ်သည် ဟူ၍ လည်းကောင်း၊ သစ်သီးကို ပယ်ရှား ငါး၊ အမဲကို စားသော် သန္တုဋ္ဌိတရားမဖြစ် ဟူ၍ လည်းကောင်း မမှတ်သားအပ်ကုန်။ အဘယ်ကြောင့်ဟူမူ ငါး, အမဲကိုပင် ဖြစ်စေ၊ သစ်သီး, သစ်ရွက်ကိုပင်ဖြစ်စေ အတိတ်, အနာဂတ်တို့က အာသာတဏှာဖြင့် မတောင့်တမူ၍ ရရာသမျှဖြင့် မျှတခြင်းဟုဆိုအပ်သော သန္တုဋ္ဌိတရားအရ အလောဘ စေတသိက်ကို တရားကိုယ် ကောက်အပ်၏ဟု အဋ္ဌကထာဆရာတို့ ပြအပ်သောကြောင့်တည်း။

ထို့ကြောင့်ရကား ထိုထို ဇာတ်တော်၊ နိပါတ်တော်တို့က ဘုရား လောင်း သူတော်ကောင်းတို့သည် ငါး၊ အမဲ စားလျှင် သန္တုဋ္ဌိတရား မဖြစ်၍ သစ်သီး၊ သစ်ရွက်ကို စားကြသည်ဟု မမှတ်လင့်။ တောက ဖြစ်၍ ရရာသမျှသော သစ်သီးကိုသာလျှင် အစားများကြလေသည်။ ငါး၊ အမဲကိုပင် မတောင့်တဘဲရလျှင် တေမိယ ရှင်ရသေ့ သုံးစားသေး၏။

ထို့ကြောင့်ရကား ဘုရားကိုယ်တော်မြတ်သည် တောနေရဟန်း၊ ရွာနေရဟန်းတို့ကို မခွဲခြားမူ၍ သုံးပါးသော အစွန်းတို့မှ လွတ်သော ငါး၊ အမဲကို သုံးစားအပ်၏ဟု ခွင့်ပြုတော်မူ၏။ ဤနေရာက အကယ်၍ သစ်သီး၊ သစ်ရွက်တို့ကိုသာ ငါစား ၏ဟု ကြံစည်၍ သစ်သီး၊ သစ်ရွက်တို့ကို မရလျှင် ရအောင်ရှာ၍ စားသောက်ကြပါမူကား သန္တုဋ္ဌိတရားမဖြစ်၊ အကုသိုလ်လောလုပ္ပ တဏှာသာ ဖြစ်၏။

[ ပရမတ္ထသရူက အနုဝဏ္ဏနာကျမ်းသစ်၊ တတိယတွဲ ၂၉၁-၂ ]။ ။

မြတ်သတိဝါဒီ မဂ္ဂဇင်း၊

သြဂုတ်လ၊ ၂၀၀၃ ခုနှစ်။

Shared from Ko Kyaw San (FB)

No comments:

Post a Comment