Wednesday, June 29, 2011
ကံကောင်းလိုသော်
“ဘုန်းဘုန်းဘုရား… အခုတလော တပည့်တော်ကံတွေ အရမ်းနိမ့်ပြီး အဆိုးတွေနဲ့ပဲ ကြုံနေရပါတယ်ဘုရား၊ အဲဒါ ဘုန်းဘုန်း တပည့်တော်ကို ကံကောင်းလာအောင် မေတ္တာပို့ ဆုတောင်းပေးပါဦးဘုရား” ဆိုတဲ့ အားကိုးသံတွေနဲ့ တောင်းပန်လျှောက်ထားကြတဲ့ ဒကာဒကာမများကို မကြာမကြာ ကြုံဖူးပါတယ်။ အဲဒီလိုအခါတိုင်းလည်း ဘုန်းဘုန်းက “ကောင်းပါပြီ မေတ္တာပို့တာ၊ ဆုတောင်းပေးတာတော့ ပုံမှန်လုပ်ပေးနေတာထက် အထူးပိုပြီး မေတ္တာပို့ပေးပါမယ်၊ ကံတွေကောင်းလာအောင်တော့ ဘုန်းဘုန်းလုပ်ပေးတာထက် ကိုယ့်ဖာသာကိုယ် လုပ်ရမှာ ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်စစ်ပြီး ကိုယ့်ကံကို ကိုယ်မြှင့်နိုင်အောင်ပဲ ကြိုးစားကြည့်ပါ”လို့ အကြံပေး တိုက်တွန်းဖြစ်ပါတယ်။ ကံကောင်းချင်ရင် ကံပြောင်းပြင်မှ ရမှာဖြစ်တဲ့အတွက် မကောင်းတာကို ကောင်းတာတွေနဲ့ ပြောင်းကာပြင်ကြဖို့ သတိပေးဖြစ်ပါတယ်။ ကံကောင်းလိုသော် မကောင်းမပျော်ဘဲ အကောင်းပျော်ကြဖို့ ဟောပြောဖြစ်ပါတယ်။
တကယ်တော့ လောကမှာ အကောင်းအဆိုးဆိုတာ တစ်ခြားသူက လုပ်ပေးလို့ ရတာမဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်ပဲ လုပ်ရတာ ဖြစ်ပါတယ်။ ကိုယ်ကောင်းချင်ရင် ကိုယ်ကောင်းပြင်ဖို့ လိုအပ်သလို ကိုယ်မကောင်းချင်ရင်လည်း ကိုယ်မပြောင်းဘဲ နေလို့ရပါတယ်။ အကောင်းအဆိုး အနိမ့်အမြင့်ဆိုတာ အကြောင်းအကျိုးရဲ့ နိယာမတစ်ခု ဖြစ်တဲ့အတွက် အကျိုးကောင်းအောင် အကြောင်းကောင်းကြရမှာ ဖြစ်ပါတယ်။ အကျိုးဆိုတာ ကမ္မဖလဖြစ်ပြီး ကံရဲ့ရလာဘ်ဖြစ်ပါတယ်။ ကံဆိုတာ လုပ်ဆောင်ချက် ဖြစ်တဲ့အတွက် လုပ်ဆောင်ချက်ကောင်းရင် အကျိုးရလာဘ်ကောင်းမှာ ဖြစ်ပြီး လုပ်ဆောင်ချက်ဆိုးရင် အကျိုးရလာဘ် ဆိုးမှာဖြစ်ပါတယ်။ အကျိုးဆိုးတာဟာ ကံနိမ့်တာဖြစ်ပြီး အကျိုးကောင်းတာဟာ ကံမြင့်တာ ဖြစ်တဲ့အတွက် ကံနိမ့်နေရင် အကြောင်းဖြစ်တဲ့ လုပ်ဆောင်ချက်ကောင်းနဲ့ပဲ မြှင့်ရမှာ ဖြစ်ပါတယ်။ ဒါဟာ တစ်ခုတည်းသော ကံမြှင့်ရာ နည်းလမ်းပဲ ဖြစ်ပါတယ်။
ဗုဒ္ဓစာပေအလိုအရ လုပ်ဆောင်ချက်ကို ကောင်းတဲ့လုပ်ဆောင်ချက် မကောင်းတဲ့လုပ်ဆောင်ချက်လို့ နှစ်မျိုးခွဲခြားနိုင်ပြီး ဒီလုပ်ဆောင်ချက်တိုင်းမှာလည်း ကိုယ်နဲ့လုပ်တဲ့ လုပ်ဆောင်ချက်၊ နှုတ်နဲ့ပြောတဲ့ လုပ်ဆောင်ချက်နဲ့ စိတ်နဲ့ကြံစည်တဲ့ လုပ်ဆောင်ချက်ဆိုပြီး သုံးမျိုးသုံးစား ရှိနေပါတယ်။ လုပ်ဆောင်ချက်မကောင်းလို့ ကံနိမ့်နေ ကံဆိုးနေတဲ့ သူတွေဟာ ကိုယ့်ရဲ့လုပ်ဆောင်ချက်ကို ပြန်ဆင်ခြင်ပြီး မကောင်းတဲ့ လုပ်ဆောင်ချက်တွေကို ကောင်းတဲ့လုပ်ဆောင်ချက်တွေနဲ့ အစားထိုး ပြင်ဆင်ကာ ကံမြှင့်ကြည့်ကြဖို့ လိုပါတယ်။ ကံဟာအတိတ်ကံ ပစ္စုပ္ပန်ကံ ဆက်ဆံနေပြီး အတိတ်ကံ ဆိုးလို့ ပစ္စုပ္ပန်ကံ ကောင်းနေရင် အတိတ်မကောင်းကံ အကျိုးပေးခွင့် သိပ်မရဘဲ ဖြစ်တတ်သလို၊ အတိကံကောင်းလို့ ပစ္စုပ္ပန်ကံ မကောင်းရင်လည်း အတိတ်အကောင်းကံ အကျိုးပေးခွင့် မသာဘဲ ဖြစ်တတ်ပါတယ်။ ဒီတော့ကား အတိတ်ကံဆိုတာ ကျန်ခဲ့ပြီဖြစ်တဲ့အပြင် ကြိုတင်ပြီးလည်း မမြင်နိုင်တဲ့အတွက် အကောင်းဆုံးက လက်ရှိပစ္စုပ္ပန် အချိန်မှာဘဲ အကောင်းတွေလုပ်ရင်း ကံကောင်းအောင် လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။ ကံအကျိုးပေးဆိုတာ အချိန်တန်ရင်၊ အခွင့်ကြုံရင် ဘယ်သူမှ တားမရဘဲ ရောက်လာမှာ ဖြစ်တဲ့အတွက် အကျိုးပေးရမှာက ကံရဲ့အလုပ်ဖြစ်ပြီး အကောင်းတွေလုပ်ကာ ကံကိုမြှင့်ရမှာက ကိုယ့်ရဲ့အလုပ်ဖြစ်တဲ့အတွက် ကံကောင်းလိုသူတွေ အနေနဲ့ ကိုယ့်ရဲ့အလုပ်ဖြစ်တဲ့ ကောင်းတဲ့အလုပ်တွေကိုပဲ များများလုပ်ကြဖို့ ဆိုကြခြင်း ဖြစ်ပါတယ်။
တစ်ချို့က ဒါကို သဘောမပေါက်တော့ ကံနိမ့်နေတာကို ကိုယ့်ကိုယ်ကို မစစ်ဘဲ ကံပစ်ကာ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်ဆိုပြီး သူများပုံချတတ်ကြတဲ့အပြင် ကိုယ်အလုပ်မကောင်းလို့ ကံဆိုးနေတာကို အကောင်းတွေနဲ့ မပြင်ဘဲ စိတ်ညစ်ညစ်နဲ့ အဆိုးတွေထပ်လုပ်ဖြစ်တော့ ကံကမြင့်မလာဘဲ နိမ့်ပဲနိမ့်နေ ဖြစ်ကုန်ပါတယ်။ ကံနိမ့်လေ အဆိုးတွေလုပ်မိလေ၊ အဆိုးလုပ်လေ အကောင်းဝေးလေဖြစ်ပြီး ဘ၀ဟာ နိမ့်ပြီးရင်း နိမ့်ရင်းပဲ ဖြစ်ကုန်ပါတော့တယ်။ ဒါဟာ ကံကောင်းချင်ပေမယ့် အကောင်းမပြင်ဘဲ မကောင်းမြင်ကာ မပြောင်းချင်တဲ့အတွက် ဖြစ်ပေါ်လာတဲ့ ကိုယ်ကိုယ်တိုင်ရဲ့ မကောင်းတဲ့ လုပ်ဆောင်ချက်ကြောင့်ပဲ ဖြစ်ပါတယ်။
စကားစပ်လို့ အသိနှစ်ယောက်ရဲ့ အဖြစ်လေးကို သတိရမိပါတယ်။ သူတို့နှစ်ယောက်လုံးဟာ အတူနေ လုပ်ငန်းတူတွေ ဖြစ်ပေမယ့် အကျင့်စရိုက်ကတော့ ကွာခြားပါတယ်။ တစ်ယောက်က ဘာသာတရားကို အထူးသက်ဝင် ယုံကြည်ပေမယ့် တစ်ယောက်ကတော့ ၀တ်ကျေတန်းကျေလောက်ပါပဲ။ တစ်ချိန်မှာတော့ သူတို့နှစ်ယောက်လုံး အဆင်မပြေတာတွေနဲ့ ကြုံခဲ့ကြပါတယ်။ စီးပွားရေး အဆင်မပြေမှုတွေ၊ တစ်ခြားသူတွေရဲ့ တိုက်ခိုက်မှုတွေ၊ လုပ်သမျှ အရာမထင်မှုတွေနဲ့ အတူ အခြေအနေဟာ သာမန်လူတစ်ယောက်အတွက် ဘ၀ကို လက်မြှောက် အရှုံးပေးရလောက်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံး ဒီအကြောင်းတွေ ဘုန်းဘုန်းကို အသိပေးပြီး ကံကောင်းအောင် မေတ္တာပို့ပေးဖို့ ပြောကြပါတယ်။ ထုံးစံအတိုင်း ဘုန်းဘုန်းကတော့ ကိုယ့်ကံကိုယ်မြှင့်ဖို့ပဲ ပြောဖြစ်ပါတယ်။ သူတို့နှစ်ယောက်မှာ ဘာသာတရားကို သက်ဝင်ယုံကြည်တဲ့သူက ဘုန်းဘုန်းပြောသလို အဆင်မပြေလေ သီလနဲ့ဘာဝနာအလုပ်ကို ကြိုးစားအားထုတ်လေ ဖြစ်ပေမယ့် တစ်ယောက်ကတော့ စိတ်ဓာတ်ကျပြီး မကောင်းတဲ့ အပေါင်းအသင်းတွေနဲ့အတူ မဟုတ်တာတွေပဲ လိုက်လုပ်ဖြစ်နေပါတယ်။ တစ်နေ့ သူတို့နှစ်ဦး ခရီးသွားရင်း ကားအက်စိဒင့်ဖြစ်တော့ မကောင်းတဲ့အလုပ်တွေနဲ့ အဆိုးတွေပဲ လုပ်ဖြစ်တဲ့သူက ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး အဆိုးတွေကြုံပေမယ့် အကောင်းတွေပဲ ဖိလုပ်ဖြစ်နေတဲ့ သူကတော့ ထိခိုက်ဒဏ်ရာ ရတာလောက်ပဲ ဖြစ်ခဲ့ပါတယ်။ အမှန်တော့ သူလည်း ပွဲချင်းပြီး သေနိုင်လောက်ပေမယ့် အကောင်းတွေနဲ့ ကံကိုမြှင့်နေလေတော့ အဆိုးထဲက အကောင်းအနေနဲ့ အသက်မသေဘဲ ကံကောင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ကံကောင်းအောင် ကိုယ်ကိုယ်တိုင် မြှင့်တင်ခဲ့တဲ့ သူတစ်ယောက်ရဲ့ လက်တွေ့ကျတဲ့ နိယာမတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဘ၀မှာ အဆိုးတွေနဲ့ ကြုံနေပေမယ့် စိတ်ဓာတ်မကျဘဲ ကံတွေတစ်ခါ ပြန်ကောင်းလာအောင် ကိုယ်ကိုယ်တိုင်ပဲ ကိုယ့်ကံကို ကိုယ်မြှင့်ပြီး အကောင်းတွေနဲ့ ပြင်ကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် သေချာတာကတော့ ကံနိမ့်ကံမြင့်ဆိုတာ ဘ၀မှာ လူတိုင်းကြုံတွေ့ရမယ့် လောကဓံသဘော ဖြစ်တဲ့အတွက် ကံနိမ့်နေတဲ့အခါ စိတ်ဓာတ်မကျဘဲ အကောင်းတွေပဲ ကြိုးစားလုပ်နိုင်တာဟာ ကံကောင်းချင်တဲ့သူတွေရဲ့ တစ်ခုတည်းသော နည်းလမ်းဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ ကံမြင့်နိုင်မယ့် လုပ်ရပ်တွေဖြစ်တဲ့ မကောင်းတဲ့ ဒုစရိုက်အမှုတွေကိုရှောင်ပြီး ကောင်းတဲ့သုစရိုက်တွေနဲ့ နေထိုင်နိုင်အောင် ကြိုးစားခြင်းဟာ နိမ့်ကျတာတွေကို တစ်ခါပြန်ဆယ်နိုင်တဲ့ ဘယ်သူ့ကိုမှ မထိခိုက်တဲ့ ကျင့်စဉ်တစ်ခု ဖြစ်ပါတယ်။ အဆိုးတွေကြုံလေလေ သီလကို အထူးလုံအောင် ထိန်းလေလေ၊ မကောင်းတဲ့ တိုက်ခိုက်မှုတွေနဲ့ များများ တိုက်ခိုက်ခံရလေလေ ကိုယ့်စိတ်ကို မယိမ်းယိုင်အောင် သမထအလုပ် ၀ိပဿနာ အလုပ်တွေနဲ့ ကြိုးစားအားထုတ်လေလေ ဆိုရင်တော့ ဘယ်လိုနိမ့်ကျမှုမျိုးမဆို ခံနိုင်ရည်ရှိပြီး အမြင့်ကို တစ်ခါပြန်တက်နိုင်မယ်ဆိုတာ သေချာလှပါတယ်။
ဒါကြောင့် ကံမကောင်း အကြောင်းမလှလို့ မကောင်းတွေကျနေတဲ့ သူတွေအနေနဲ့ ကံတစ်ခါကောင်းလို့ အကြောင်းလှပြီး အကောင်းရရလေအောင် ကိုယ့်ကံကိုယ်စစ်ကာ ကောင်းတာတွေနဲ့ နှစ်နိုင်အောင် ကြိုးစားကြဖို့ လိုပါတယ်။ ကံနိမ့်နေလို့လိုဆိုကာ စိတ်ညစ်ညစ်နဲ့ အဆိပ်ဖြစ်စေမယ့် မကောင်းတဲ့အလုပ်တွေကို လျှောက်မလုပ်မိကြဘဲ အဆိုးများအတွက် အတိုးပွားပြီး အကျိုးများစေမယ့် ကောင်းတဲ့အလုပ်တွေကိုပဲ ကြိုးစားလုပ်နေကြဖို့ လိုပါတယ်။ ဘယ်အရာမဆို အချိန်ဆိုတာ ရှိတဲ့အတွက် အချိန်တန်ရင် အဆိုးတွေပျောက်ပြီး အကောင်းရောက်လာမှာကို သဘောပေါက် ဆင်ခြင်ကာ အခိုက်အတန့် ကံနိမ့်နေတဲ့ ကာလလေးမှာ မကောင်းတဲ့အလုပ်တွေနဲ့ စိတ်မညစ်ဘဲ ကောင်းတဲ့အလုပ်တွေနဲ့သာ ကိုယ့်ကံကိုယ်မြှင့်ကြဖို့ ကံကောင်းနည်းလက်ဆောင်အဖြစ် အသိပေးစကား ပါးလိုက်ရပါတယ်။ အားလုံး ကိုယ့်ကံကိုယ်စစ်ပြီး ကောင်းကံတွေ မြှင့်နိုင်ကြပါစေ..
Tuesday, June 28, 2011
ယောက္ခ မနှင့် ချွေးမ
မြတ်စွာဘုရားလက်ထက်တော်က အရှင်မဟာမောဂ္ဂလာန်ရဲ့ ဆွမ်းခံအိမ်မှာ အမျိုးသမီးငယ်လေးတစ်ယောက် ရှိပါတယ်။ သူ့မှာ ကိုယ်ပိုင်အဓိဌာန်လေး တစ်ခုရှိပါတယ်။ ဘာလဲဆိုတော့ မိမိစားမယ့်အစာရဲ့ တစ်ဝက်ကို အလှူခံပုဂ္ဂိုလ်ကို ဦးဦးဖျားဖျားလှူပြီးမှ စားလေ့ရှိတာပါပဲ။ တကယ်လို့ အလှူခံပုဂ္ဂိုလ် အနားမှာ အလွယ်တကူမရှိရင်လည်း တစ်ဝက်ကိုဖယ်ထားပြီးမှ စားလေ့ရှိတာပါ။
အဲဒီအမျိုးသမီးလေးရဲ့ နောက်ထူးခြားချက်တစ်ခုကတော့ သူတောင်းစားတွေကို ပေးကမ်းရတာလည်း သိပ်ဝါသနာပါတာပါ။
ဒါကြောင့် အမျိုးသမီးငယ်လေးရဲ့အမေက သူ့သမီးကို နာမည်လေးတစ်ခု ထပ်ပေးထားပါတယ်။ ဘာလိုလဲဆိုတော့ “ဒါနဇ္ဈာသယလေး” တဲ့။ အဓိပ္ပါယ်ကတော့ လှူဒါန်းပေးကမ်းလိုစိတ်ရှိတဲ့သူလေးပါတဲ့။
ဒီလိုနဲ့ အရွယ်ရောက်လာတော့ ရာဇဂြိုလ်ပြည်က အမျိုးသားတစ်ယောက်နဲ့ အိမ်ထောင်ပြုဖြစ်ပါတယ်။
အိမ်ထောင်ကျတော့လည်း ပြုနေကျ သူရဲ့ ဒါန၀တ်ကို ဆက်ပြုပါတယ်။ ဒါတင်မကပါဘူး။ ကောင်းတဲ့စိတ်ထားလေးတွေက အိမ်မှာကတည်းက ပါလာတာဆိုတော့ သူ့မှာ ကောင်းမြတ်တဲ့ ကံသုံးပါအမူအရာလေးတွေလည်း ရှိနေပါတယ်။
လင်ယောက်ျားအိပ်ပြီးမှ အိပ်တယ်။ ထတဲ့အခါ လင်ယောက်ျားအရင် ထဖြစ်တယ်။ ထိုင်စရာရှိရင်လည်း လင်ယောက်ျားနောက်ကပဲထိုင်တယ်။ လင်ယောက်ျား နှစ်သက်စေမယ့် အမူအရာလေးတွေနဲ့ပဲ နေတယ်။
လင်ယောက်ျားကို စကားပြောတဲ့အခါ နားပူနားဆာစကားကို မပြောဘဲ ချစ်ခင်စရာစကားကိုပဲ ရွေးပြောတယ်။ လင်ယောက်ျားကို ဘယ်လိုလုပ်ရ မလဲလို့ မေးမြန်းတိုင်ပင်ပြီးမှ လုပ်တယ်။ လင်ယောက်ျားရဲ့ မျက်နှာကိုကြည့်ပြီး သူ့အလိုကျပဲနေတယ်။ မှန်တဲ့စကားကိုပဲ ပြောလေ့ရှိတယ်။
နောက်တစ်ခုထူးခြားတာကတော့ ယောက္ခမလုပ်သူကို အမေမိဘလို သဘောထားဆက်ဆံတာပါပဲ။ ခေါ်တဲ့အခါမှာလည်း “အမေ အမေ” လို့ပဲ ခေါ်ခေါ်ပြီး ဆက်ဆံပါတယ်။
ဒါပေမယ့် ယောက္ခမနဲ့ ချွေးမ၊ ချွေးမနဲ့ ယောက္ခမဆိုတာ ကမ္ဘာ့ရန်ဆိုတော့ ချွေးမဖြစ်သူအမျိုးသမီးလေးက ဘယ်လောက်ပဲကောင်းအောင်နေပြနေပြ၊ ယောက္ခမလုပ်သူက လုံးဝမကြည်ဖြူပါဘူး။ အကောင်းလည်း မမြင်ပါဘူး။ ဘာလုပ်လုပ် အပြစ်ပဲမြင်မြင်နေလေ့ရှိပါတယ်။ ဒါကို သိထားတဲ့အတွက် ချွေးမဖြစ်သူ အမျိုးသမီးငယ်လေးက ယောက္ခမလုပ်သူကို လိုအပ်တာထက် ပိုဂရုစိုက်ပေးပါတယ်။
ဒီလိုနဲ့ တစ်နေ့မှာတော့ အိမ်ရှေ့ကို အရှင်မဟာမောဂ္ဂလာန်က ဆွမ်းခံလာရပ်ပါတယ်၊ အမျိုးသမီးငယ်လေးကလည်း အပျိုစင်ဘ၀ကတည်းက အရှင်မဟာမောဂ္ဂလာန်နဲ့ သိနေတာဆိုတော့ ချက်ချင်းပဲ “အိမ်ထဲကို ၀င်တော်မူပါဘုရား” လို့ လျှောက်ထားလိုက်ပါတယ်။
ဒါပေမယ့် အလွယ်တကူလောင်းစရာမရှိပါဘူး။ ရှာကြည့်လိုက်တော့ ယောက္ခမရဲ့ အိုးကင်းကြော်မုန့်ကိုပဲ တွေ့ရပါတယ်။ ယောက္ခမလုပ်သူကို ရှာကြည့် တော့လည်း မတွေ့ပြန်ပါဘူး။ ဒါကြောင့် “နောက်မှပဲ ပြောပြပြီး ၀မ်းမြောက်စေတော့မယ်” ဆိုပြီး ယောက္ခမရဲ့မုန့်ကို အရှင်မဟာမောဂ္ဂလာန်ကို လောင်းလှူလိုက်ပါတယ်။
အရှင်မဟာမောဂ္ဂလာန်လည်း အနုမောဒနာတရားဟောပြီး ပြန်ကြွသွားပါတယ်။ အရှင်မဟာမောဂ္ဂလာန် ပြန်ကြွပြီး မကြာခင်မှာဘဲ ယောက္ခမလုပ်သူက ပြန်ရောက်လာပါတယ်။ ဒီတော့ချွေးမဖြစ်သူ အမျိုးသမီးလေးက ၀မ်းသာအားရနဲ့ “အမေရေ အမေ့ဖို့ထားတဲ့မုန့်ကို အရှင်မဟာ မောဂ္ဂလာန်ကို လောင်းလှူလိုက်ပါတယ်။ အမေ ၀မ်းမြောက်စွာ သာဓုခေါ်ပါ” လို့ပြောလိုက်ပါတယ်။
ဒီတော့ ယောက္ခမလုပ်သူက “ဘာ…ဘာ… ဘာပြောလိုက်တယ်၊ ငါ့မုန့်ကို ငါ့ကိုခွင့်မတောင်းဘဲ ရဟန်းကို ပေးပစ်တယ်.. ဟုတ်လား” လို့ ဒေါသတွေထွက်ပြီး အနားမှာရှိတဲ့ ကျည်ပွေ့နဲ့ ချွေးမလုပ်သူလေးရဲ့ ပခုံးစွန်းကို ရိုက်ချလိုက်ပါတယ်။ ချွေးမလုပ်သူကလည်း ထင်မှတ်မထားဘဲ ရုတ်တရက် ရိုက်ချလိုက်တာဆိုတော့ ရှောင်ချိန်လည်း မရလိုက်ပါဘူး။ ရိုက်ချက်က တကယ့်ချက်ကောင်းကို ထိသွားပါတယ်။
နှစ်ရက်သုံးရက်အတွင်းမှာ ချွေးမလုပ်သူလေးဟာ ဝေဒနာကို ပြင်းထန်စွာ ခံစားနေရပါတယ်။ ဒါပေမယ့် အံဩဖို့ကောင်းတာက ယောက္ခမလုပ်သူရဲ့ လုပ်ရပ်ဆိုးကို လုံးဝစိတ်ညွတ်မထားဘဲ အရှင်မဟာမောဂ္ဂလာန်ကို မုန့်လှူလိုက်ရတာလေးကိုပဲ စိတ်ညွတ်ထားခဲ့ပါတယ်။
သုံးရက်မြောက်တဲ့နေ့မှာတော့ ယောက္ခမလုပ်သူရဲ့ ရိုက်ချက်ဒဏ်ရာကြောင့်ပဲ ကွယ်လွန်သွားပါတယ်။ ကွယ်လွန်သွားတဲ့အခါမှာလည်း အရှင်မဟာမောဂ္ဂလာန်ကို မုန့်လှူလိုက်တဲ့အတွက် ၀မ်းမြောက်တဲ့ ကုသိုလ်စိတ်ကလေးကိုပဲ အာရုံပြုပြီးတော့ ကွယ်လွန်သွားပါတယ်။
ကွယ်လွန်တော့ တာဝတိံသာနတ်ပြည်မှာ ဥဠာရာလို့ အမည်ရတဲ့ အလွန်လှတဲ့ နတ်သမီးလေး သွားဖြစ်ပါတယ်။
တစ်နေ့မှာတော့ အရှင်မဟာမောဂ္ဂလာန်က တာဝတိံသာနတ်ပြည်ကို ကြွလာပါတယ်။ ဥဠာရာ နတ်သမီးလေးကို တွေ့လိုက်ရတော့ “ဘယ်လို ကုသိုလ်ကံကြောင့် နတ်သမီး လာဖြစ်ရတာလဲ” လို့ မေးပါတယ်။
ဥဠာရာ နတ်သမီးလေးကလည်း သူနဲ့ သူ့ယောက္ခမရဲ့ ဖြစ်စဉ်တွေကို ပြန်ပြောပြပြီး “အရှင်မြတ်ကို လှူဒါန်းခဲ့တဲ့ ကုသိုလ်ဒါနကို အာရုံညွတ်ပြီး သေလွန်ရတဲ့အတွက် နတ်သမီးဖြစ်ရတာပါဘုရား” လို့ပြန်လျှောက်လိုက်ပါတယ်။
ဒီဝတ္ထုလေး ထုတ်ပြလိုက်ရတာကတော့ အမျိုးသမီးငယ်လေးရဲ့ သေခါနီးသုံးရက်အလိုလောက်မှာ ထားရှိတဲ့စိတ်ထားလေးကို ကြိုက်လို့ပါ။
အမျိုးသမီးလေးအနေနဲ့ သေခါနီးသုံးရက်လောက်အလိုမှာ ထင်ရှားတဲ့အာရုံကြီးနှစ်ခုနဲ့ ကြုံနေရပါတယ်။ တစ်ဖက်က ယောက္ခမက ကျည်ပွေ့နဲ့ ထုထည့်လိုက်တဲ့အာရုံ၊ နောက်တစ်ဖက်က အရှင်မဟာမောဂ္ဂလာန်ကို လှူဒါန်းလိုက်တဲ့ အာရုံပါ။
အာရုံနှစ်ခုက ထင်ရှားတဲ့အာရုံတွေပါ။ အာရုံတွေက ထင်ရှားတော့ စိတ်ညွတ်ရတာလည်း သိပ်လွယ်ကူပါတယ်။
အမျိုးသမီးငယ်လေးက ထင်ရှားတဲ့အာရုံကြီးနှစ်ခုနဲ့ ကြုံနေရပေမယ့် သူ့စိတ်ကို ဘယ်ကိုပို့ထားရမယ်ဆိုတာ သိပုံရပါတယ်။ ဒါကြောင့် စိတ်ကို ယောက္ခမဆီကို လုံးဝမညွတ်ဘဲ အရှင်မဟာမောဂ္ဂလာန်ဆီကိုပဲ စိတ်ညွတ်ထားလိုက်ပါတယ်။
တကယ်ဆို အမျိုးသမီးငယ်လေးဟာ သာမန်ပုထုဇဉ်အဆင့်ပဲရှိပါသေးတယ်။ ပုထုဇဉ်ပီပီ ဒေါသထွက်မယ်ဆိုရင် ထွက်စရာပါ။ ဒေါသကို အခြေခံပြီး “နောက်ဘ၀ ဒီယောက္ခမကို နိုင်ရပါလို၏” လို့ ဆုတောင်းပြီး သေမယ်ဆို သေသွားနိုင်စရာပါ။
အဲဒီလိုသာ စိတ်ကို ယောက္ခမဆီညွတ်ထားပြီး ဒေါသစိတ်ကို အာရုံပြုပြီးသေသွားရင် မကောင်းတဲ့ဂတိ တစ်ခုခုကို ရောက်သွားနိုင်ပါတယ်။
ဒါပေမယ့် အမျိုးသမီးငယ်လေးက ဆိုးကျိုးအားလုံးကို ကြိုတွက်မိပုံရပါတယ်။ ဒါကြောင့် ဘ၀အတွက် အရေးအကြီးဆုံးအချိန်မှာ စိတ်ကို ယောက္ခမဆီ မညွတ်တော့ဘဲ အရှင်မဟာမောဂ္ဂလာန်ဆီကိုပဲ ညွတ်ထားလိုက်ပါတယ်။ ကလေးဘ၀မှာကတည်းက ကုသိုလ်ဘက်ကိုယိမ်းပြီး ဆုံးဖြတ်တက်တဲ့ အထုံအကျင့်လေးက သူ့သန္တာန်မှာ ကိန်းနေတာလည်း ပါမှာပါ။
ဘာပဲပြောပြော အမျိုးသမီးငယ်လေးရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်သွားတာတော့ အမှန်ပါပဲ။
ဘ၀မှာ ဆုံးဖြတ်ချက်မှန်ကန်ဖို့ သိပ်အရေးကြီးပါတယ်။ ဆုံးဖြတ်ချက် မှားသွားရင် တချို့ဆုံးဖြတ်ချက်တွေကျတော့ သံသရာအထိပါသွားတက်ပါတယ်။ ဒါကလည်း အလေ့အထုံနဲ့ ဆိုင်မယ်ထင်ပါတယ်။
ဘယ်အာရုံပဲကြုံကြုံ ကုသိုလ်ဘက်ကိုယိမ်းပြီး ဆုံးဖြတ်တက်တဲ့ အထုံရှိတဲ့သူဟာ ကုသိုလ်ဘက်ကိုပဲယိမ်းပြီး ဆုံးဖြတ်တော့မှာပါ။ ဘယ်အာရုံ ကိုပဲကြုံကြုံ အကုသိုလ်ဘက်ကို ယိမ်းပြီး ဆုံးဖြတ်တက်တဲ့ အထုံရှိတဲ့သူဟာ အကုသိုလ်ဘက်ကိုပဲယိမ်းပြီး ဆုံးဖြတ်တော့မှာပါ။
ဒါကြောင့် ကိုယ်က အထုံဖြစ်အောင် ကျင့်စဉ်တစ်ခုလိုကို သဘောထားပြီး ကျင့်ယူရပါမယ်။ နေ့စဉ် အာရုံမျိုးစုံနဲ့ ကြုံနေရတာဆိုတော့ အာရုံတွေကို အခြေခံပြီး ဆုံးဖြတ်ချက်မျိုးဆုံ ဆုံးဖြတ်နေရမှာပါ။ ကြုံလာတဲ့အာရုံလေးတွေကို ကိုယ်က သတိကပ်ပြီး ဆုံးဖြတ်သွားရုံပါပဲ။
ဒီလိုအကျင့်လေးလုပ်သွားရင် ကြာရင် အထုံဖြစ်သွားမှာပါ။ တချို့ဆုံးဖြတ်ချက်တွေဟာ ဘ၀အတွက် အရေးမကြီးပေမယ့် တချို့ဆုံးဖြတ်ချက်တွေကျတော့ ဘ၀အတွက် တော်တော်လေး အရေးကြီးပါတယ်။ ဆုံးဖြတ်ချက်မှားသွားရင် သံသရာအထိ ပါသွားတက်လို့ပါ။
ကိစ္စတစ်ခုကြုံလာရင် ထူပူနေတုန်းမှာ မဆုံးဖြတ်ဘဲ အချိန်ယူပြီးမှ ဆုံးဖြတ်တာကတော့ အကောင်းဆုံးပါပဲ။
အမျိုးသမီးငယ်လေးနဲ့ ယောက္ခမကြုံရတဲ့ကိစ္စမှာ တကယ့်အာရုံဆိုးကြီးတွေပါ။ အမျိုးသမီးငယ်လေးအနေနဲ့ ဆုံးဖြတ်ချက် မှားမယ်ဆိုရင် မှားချင်စရာပါ။
ဒါပေမယ့် အမျိုးသမီးငယ်လေးက ကိုယ့်ရဲ့ ကိုယ်၊ နှုတ်၊ စိတ်ကို အထူးစောင့်စည်းပြီး မိမိကိုယ်ကိုပဲ အကောင်းဆုံးဖြစ်အောင် တည်ဆောက်နေသူ ဆိုတော့ ကိုယ့်ကိုယ်ကို အမှားမခံပါဘူး။
ကမ္ဘာပေါ်မှာ အိမ်ထောင်ပြုခြင်းဆိုတဲ့ အလေ့အထ ရှိနေသရွေ့ ယောက္ခမနဲ့ ချွေးမ၊ ချွေးမနဲ့ ယောက္ခမဆိုတဲ့ အခေါ်အဝေါ် ဝေါဟာရတစ်ခုကတော့ အစဉ်သဖြင့် ရှိနေဦးမှာပါ။
ယောက္ခမ လုပ်သူကလည်း “ငါကအကြီး၊ ငါက ယောက္ခမ” ဆိုတဲ့ မာန်လေးတွေရှိသလို ချွေးမလုပ်သူကလည်း “ငါကအငယ်၊ ငါကချွေးမ” ဆိုတဲ့ မာန်လေးတွေ ကိုယ်စီရှိကြပါတယ်။
ပြဿနာဆိုတာလည်း မာန်ရှိသူချင်းမှသာ ဖြစ်တာပါ။ တစ်ဖက်က မာန်တွေ ဘယ်လောက်ပဲရှိရှိ၊ တစ်ဖက်က မာန်မရှိဘူးဆိုရင် မရှိအောင်နေဆိုရင် ပြဿနာ မဖြစ်ပါဘူး။
ပြဿနာတစ်ခုဖြစ်လာပြီးဆိုရင် ကိုယ့်ဘက်က ဓမ္မနဲ့အညီ နေနိုင်သမျှနေဖြစ်အောင် ကြိုးစားရပါတယ်။ “ဓမ္မောဟဝေရက္ခတိဓမ္မစာရီ= တရားကို စောင့်တဲ့သူကို တရားက ပြန်စောင့်ရှောက်သွားမှာပဲ” လို့ နှုလုံးသွင်းပြီး ဓမ္မနဲ့ ညီနိုင်သမျှ ညီအောင်နေရပါမယ်။ ပြီးတော့ သီလကိုလည်း တိုးတိုးပြီး စောင့်ထိန်းသင့်ပါတယ်။
ဘယ်လိုပြဿနာမျိုးပဲဖြစ်ဖြစ် ဒီနည်းကတော့ အကောင်းဆုံးပါပဲ။
ကိုယ့်ဘက်က တာလုံအောင်နေလိုက်တဲ့ သဘောပါ။ အဆင်ပြေတာ မပြေတာက ဒုတိယကိစ္စပါ။
စာဖက်သူတွေ သတိမထားမိမှာစိုးလို့ ထပ်ပြောပါရစေ။ ဘယ်လိုပြဿနာမျိုးပဲဖြစ်ဖြစ် ပြဿနာတစ်ခုခု ဖြစ်လာပြီးဆိုရင် ကိုယ့်ဘက်က ဓမ္မနဲ့အညီ နေနိုင်သမျှနေပါ။ သီလကို တိုးတိုးပြီးစောင့်ထိန်းပါ။ ဒီနှစ်ချက်ကိုတော့ ချစ်တဲ့စာဖက်သူတွေ အထူးပဲ အာရုံပြုထားစေချင်ပါတယ်။
စာရေးသူကတော့ ကိုယ့်မှာ စိတ်အနှောက်အယှက်ဖြစ်စရာ တစ်ခုခုနဲ့ ကြုံလာရင် အထက်ကအတိုင်း ကျင့်သုံးလေ့ ရှိပါတယ်။ ကိုယ့်မှာ တကယ်အားကိုး စရာက ဓမ္မနဲ့ သီလပါ။
တကယ်တော့ ဒါတွေအားလုံးဟာစိတ်ပါပဲ။ စိတ်ကနေ “ဒီယောက္ခမကြီးက မုန်းစရာကြီးလို့” လျှောက်သတ်မှတ်ထားလို့ပါ။ အမှန်ကတော့ ကိုယ့်စိတ် ကလေးကို ပြန်ပြင်လိုက်ရုံပါပဲ။ စိတ်ကလေးကို ပြောင်းယူလိုက်ရုံပါပဲ။
ကိုယ့်ကိုယ်ကိုယ် ပြန်အာရုံပြုကြည့်ပေါ့။ ငါဒီလိုစိတ်တွေ ဖြစ်နေတဲ့အတွက် စိတ်ချမ်းသာသလားဆိုတာ၊ စိတ်မချမ်းသာတဲ့အလုပ်ကြီးကို ဘာလို့ဆက်လုပ်နေမှာလဲ။ စိတ်ချမ်းသာအောင်ပဲ နေမှာပေါ့၊ စိတ်ချမ်းသာအောင် နေထိုင်နည်းတွေကလည်း အများကြီးရှိနေတဲ့ဥစ္စာ။ လူတစ်ယောက်ရဲ့ ဘ၀မှာ စိတ်ချမ်းသာမှုက သိပ်ပြီးအရေးကြီးပါတယ်။
စိတ်ချမ်းသာတယ် စိတ်ဆင်းရဲတယ်ဆိုတာ အဓိက ကိုယ့်စိတ်ကပဲ လိုက်ဖန်တီးနေတာပါ။ ဘယ်လောက်ပဲ ရာထူးဌာနန္တရတွေရှိရှိ၊ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ စိတ်မချမ်းသာဘူးဆိုရင် နေရထိုင်ရတာ မပျော်ပါဘူး။ ဒါမျိုးတွေက ကိုယ်တွေ့လေးတွေ ကိုယ်စီရှိနေကြတာဆိုတော့ အထူးပြောဖို့ မလိုတော့ပါဘူး။
ဒီသက်သေလေးတွေကို အသေအချာအာရုံပြုပြီး ကိုယ့်စိတ်ကလေးကို ပြုပြင်လိုက်ရုံပါပဲ။
နှစ်ဦးနှစ်ဖက် အဆင်မပြေကြဘူးဆိုတာ မေတ္တာမရှိကြလို့ပါ။ မေတ္တာထားနိုင်လိုက်ရင် အဆင်ပြေသွားကြတာပါပဲ။
ဥပမာပဲ ထားပါတော့၊ ယောက္ခမနဲ့ချွေးမ အဆင်မပြေဘူးတဲ့ ထားပါတော့။ ယောက္ခမက ကိုယ့်ကို အသေအလဲ မုန်းနေတယ်ပဲထားပါတော့။
ဒါဆို ရေမေတ္တာသာ နာနာပို့ပစ်လိုက်စမ်းပါ။
မြတ်စွာဘုရားကို ရေကပ်၊ ရေကပ်ပြီးတဲ့အခါ “ဤရေအေးမြသလို ငါ့ရဲ့ ယောက္ခမဖြစ်သူ ဒေါ်ဘယ်သူလည်း စိတ်ကော ရုပ်ကောအေးမြပါစေ၊ အစစအရာရာ အဆင်ပြေပါစေ” လို့ ယောက္ခမကို မျက်လုံးထဲမှာ မြင်အောင်ထားပြီး ပြုံးလာတဲ့အဆင့်ထိ မေတ္တာပို့ပါ။
ကိုယ့်ရဲ့ မေတ္တာသမာဓိအားကြီးတယ်ဆိုရင် လေးငါးခြောက်ရက်နဲ့တင် ထူးခြားလာပါလိမ့်မယ်။ ကိုယ့်ရဲ့ မေတ္တာသမာဓိက အားနည်းနေသေးတယ် ဆိုရင်တော့ တစ်လနှစ်လလောက်တော့ ကြာချင်ကြာပါလိမ့်မယ်။
ယောက္ခမလုပ်သူကလည်း အထက်ကအတိုင်း ချွေးမလုပ်သူကို ရေမေတ္တာပို့ကြည့်ပါ။
တစ်ခုတော့ရှိပါတယ်။ မေတ္တာပို့သူ ကိုယ်တိုင်ကလည်း အဆင်ပြေချင်စိတ် ချစ်ချစ်ခင်ခင်နေလိုတဲ့စိတ် ရှိနေရပါ့မယ်။ မေတ္တာတွေတော့ ပို့နေပါရဲ့၊ အဲဒီလိုစိတ်မျိုး မရှိဘူးဆိုရင်တော့ မေတ္တာကထိရောက်မှာ မဟုတ်ပါဘူး။
တချို့ဆိုယောက္ခမနဲ့ အဆင်မပြေလို့ ရသင့်ရထိုက်တဲ့ အမွေတွေ မရလိုက်တာတောင် ရှိပါတယ်။
ကဲ့… စာဖတ်သူ။ ယောက္ခမနဲ့ချွေးမ အဆင်မပြေဖြစ်နေခဲ့ရင် ရေမေတ္တာသာ ပို့ကြည့်လိုက်စမ်းပါ။ မကြာခင်အချိန်အတွင်းမှာ “အမေရဲ့ သမီးရဲ့၊ သမီးရဲ့ အမေရဲ့” ဆိုပြီး ဘေးကလူတွေ မနာလိုချင်လောက်ကို အဆင်ပြေသွားပါလိမ့်မယ်။ ပြီးတော့ အမွေတွေလည်း အများကြီးရလိုက်ပါလိမ့်မယ်။
ကျမ်းကိုး-
၁။ ၀ိမာန၀တ္ထုအဋ္ဌကထာ၊
ဥဠာရာဝိမာန၀တ္ထု။
၂။ ၀ိမာန၀တ္ထုတော်ကြီး၊ မြို့မိဆရာတော်။
ဘဝရဲ့၁ဝ%က သင့်ရဲ့ကံကြမ္မာကြောင့်ဖြစ်တယ်။ ကျန်တဲ့ ၉ဝ%က သင့်ရဲ့တုံ့ပြန်ချက်အပေါ် မူတည်တယ်။
၉ဝ-၁ဝ နိယာမ
၉ဝ-၁ဝ နိယာမက သင့်ဘဝကို ပြောင်းလဲလိမ့်မယ်။ (အနည်းဆုံးတော့ သင့်ရဲ့တုံ့ပြန်မှုကို ပြောင်းလဲလိမ့်မယ်)
၉ဝ-၁ဝ နိယာမဆိုတာ ဘာလဲ?
ဘဝရဲ့၁ဝ%က သင့်ရဲ့ကံကြမ္မာကြောင့်ဖြစ်တယ်။ ကျန်တဲ့ ၉ဝ%က သင့်ရဲ့တုံ့ပြန်ချက်အပေါ် မူတည်တယ်။
ဒါ ဘာအဓိပ္ပာယ်လဲ?
ကံကြမ္မာကြောင့်ဖြစ်လာတဲ့ ၁ဝ%ကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ဘူး။
ကားပျက်တာ၊ လေယာဉ်နောက်ကျတာ၊ ကားပိတ်ဆို့တာတွေကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ဘူး။
ဒါပေမယ့် ကျန်တဲ့ ၉ဝ%ကိုတော့ ကျွန်တော်တို့ဆုံးဖြတ်နိုင်တယ်။
ဘယ်လိုဆုံးဖြတ်မလဲ?
သင့်ရဲ့တုံ့ပြန်မှုပေါ်မှာပဲ မူတည်ပါတယ်။
ကားမီးနီသွားတာကို သင်မထိန်းချုပ်နိုင်ဘူး။ ဒါပေမဲ့ သင့်ရဲ့တုံ့ပြန်မှုကို သင်ထိန်းချုပ်နိုင်ပါတယ်။
တခြားသူ အရူးလုပ်တာကို မခံပါနဲ့။ ဘယ်လိုတုံ့ပြန်မယ်ဆိုတာကို သင်ထိန်းချုပ်နိုင်ပါတယ်။
ဥပမာတစ်ခုပြရရင်....
သင်နဲ့ သင့်မိသားစု မနက်စာစားနေတယ်။ သင့် သမီးငယ်က ကော်ဖီခွက်ကို သင့်အင်္ကျီပေါ် မတော်တဆ လောင်းမိတယ်။
ဒါက သင်မထိန်းချုပ်နိုင်တဲ့ အဖြစ်တစ်ခုဖြစ်တယ်။ နောက်ထပ် ဘာဆက်ဖြစ်မယ်ဆိုတာက သင့်ရဲ့တုံ့ပြန်မှုပေါ်မှာ မူတည်တယ်။
သင် စဆူပြီ.... သမီးကို သင်ဆူဆဲပစ်လိုက်တယ်။ သမီး ငိုယိုတော့တယ်။
အဲဒီနောက် သမီးကို ဆူဆဲနေရာက မြှားဦးကို ဇနီးဖက် သင်လှည့်လိုက်တယ်။
က်ာဖီခွက်ကို စားပွဲစွန်းမှာ တင်ထားတာကို ဆူဆဲတယ်။ တစ်ဆက်တည်းမှာ အပြန်အလှန် အဆူအဆဲစစ်ပွဲလေး စတင်တော့တယ်။ သင် ဒေါသထွက်ထွက်နဲ့ အပေါ်ထပ်တက် အဝတ်အစားလဲတယ်။
အောက်ထပ်ပြန်ရောက်တော့ သမီးက ငိုငိုယိုယိုနဲ့ မနက်စာဆက်စားပြီး ကျောင်းသွားဖို့ အမြန်ပြင်တယ်။
ဒါပေမဲ့ ဘတ်စ်ကားက ထွက်သွားခဲ့ပြီ...
သင့်ဇနီးကလည်း အလုပ်ကို အမြန်ထွက်သွားတယ်။ သင်လည်း သမီးကို ကျောင်းပြေးပို့ရတယ်။
သင်ရုံးနောက်ကျမှာစိုးလို့ တစ်နာရီ မိုင်၃ဝပဲ မောင်းရတဲ့လမ်းမှာ သင် ၄ဝနဲ့မောင်းတယ်။
ကားအမြန်မောင်းလို့ သင်ဒဏ်ငွေရိုက်ခံရတယ်။ အဲဒီလိုနဲ့ ကျောင်းရောက်တော့ ၁၅မိနစ်နောက်ကျနေခဲ့ပြီ။
သင့်သမီးက သင့်ကို နှုတ်တောင်မဆက်နိုင်ဘဲ အတန်းထဲပြေးဝင်သွားတယ်။ သင့်ရုံးရောက်တော့ ၉နာရီ မိနစ်၂ဝရှိနေပြီ။
ရုံးရောက်မှ သင့်လက်ဆွဲအိတ်မေ့ကျန်တာကို သတိရတယ်။ ဒါဟာ တကယ့်ဆိုးရွားတဲ့ နေ့တစ်နေ့ဖြစ်တယ်။
ဒီကနေ့ ကံမကောင်းပါလားဆိုပြီး အိမ်ကိုပဲ သင်ပြန်ချင်နေလိမ့်မယ်။
အိမ်ပြန်ရောက်တော့လဲ သင်နဲ့ ဇနီး၊ သမီးရဲ့ ဆက်ဆံရေးက အက်ကြောင်းလေးထနေလိမ့်မယ်။
ဒါ.. ဘာကြောင့်လဲ? အရာအားလုံးက မနက်ပိုင်းမှာ သင်တုံ့ပြန်ခဲ့တဲ့ တုံ့ပြန်ချက်တွေကြောင့်ဖြစ်တယ်။
ဒီလို ဆိုးရွားတဲ့နေ့တစ်နေ့ ဘာဖြစ်လို့ ဖြစ်ခဲ့ရသလဲ?
(၁) ကော်ဖီကြောင့်?
(၂) သင့်သမီးကြောင့်?
(၃) ယာဉ်ထိန်းရဲကြောင့်?
(၄) သင့်ကြောင့်?
အဖြေက နံပါတ် (၄)ဖြစ်ပါတယ်။
သမီး ကော်ဖီမှောက်လိုက်တဲ့ကိစ္စကို သင်မထိန်းချုပ်နိုင်ဘူး။
ဒါပေမဲ့ အဲဒီကိစ္စအတွက် ၅စက္ကန့်အတွင်း သင်တုံ့ပြန်လိုက်တဲ့ တုံ့ပြန်မှုက သင့်ရဲ့ကံမကောင်းတဲ့နေ့ကို စတင်ခဲ့တာပါပဲ.....
အောက်ကစာက သင့်ကံကြမ္မာကို သင်ပြောင်းရေးတဲ့ရလဒ်ဖြစ်တယ်။
သင့်ကိုယ်ပေါ် ကော်ဖီမှောက်သွားတယ်။ သင့်သမီး ငိုမဲ့မဲ့ဖြစ်နေတယ်။
ဒါကို သင်က နူးနူးညံ့ညံ့နဲ့ "သမီး.. ဘာမှမဖြစ်ဘူး.. နောက်တစ်ခါဆိုရင် သတိထားပေါ့" လို့ ပြောပြီး တဘက်ယူပြီး အပေါ်ထပ်တက်သွားတယ်။ အဝတ်အစားလဲပြီး ရုံးသွားဖို့ သင်အောက်ထပ်ဆင်းလာတယ်။
ပြတင်းပေါက်အပြင်ဖက် သင်လှမ်းကြည့်တော့ သင့်သမီးက ဘတ်စကားပေါ်ရောက်နေပြီး သင့်ကို လက်ပြနှုတ်ဆက်နေတယ်။
ရုံးကို သင် ငါးမိနစ်စောရောက်သွားပြီး လုပ်ဖော်ကိုင်ဖက်တွေကို သင် ရင်းရင်းနှီးနှီး နှုတ်ဆက်တယ်။
ပျော်ရွှင်ခြင်းနဲ့စတဲ့ သင့်ရဲ့နေ့သစ်တစ်နေ့တာကို သင့်အထက်လူကြီးက ကောင်းတဲ့မှတ်ချက်ပေးတယ်။
မတူတဲ့ခြားနားချက်ကို သင်သတိထားမိပြီလား?
အစတူပြီး အဆုံးမတူတဲ့ ခြားနားချက်နှစ်ခုက ဘာကြောင့်ဖြစ်ရသလဲ?
သင့်တုံ့ပြန်ချက်ကြောင့်ဖြစ်တယ်
ကံကြမ္မာကြောင့်ဖြစ်တဲ့ ၁ဝ%ကို သင်ထိန်းချုပ်နိုင်ချင်မှ ထိန်းချုပ်နိုင်လိမ့်မယ်။ ကျန်တဲ့ ၉ဝ%ကိုတော့ သင်တုံ့ပြန်မှုပေါ်အဆုံးအဖြတ်ပေးလိမ့်မယ်။
၉ဝ-၁ဝ နိယာမရဲ့ လက်တွေ့အသုံးပြုပုံတချို့ကို တင်ပြလိုက်ပါတယ်။
တကယ်လို့ လူတွေက သင်ကို မဟုတ်မမှန်ကြောင်းပြောရင် "ရေမြှုပ်တုံး"တစ်တုံးအဖြစ်မခံပါနဲ့။
သင့်ကို ထိခိုက်၊ တိုက်ခိုက်လာတဲ့စကားတွေကို ဖန်ထည်ပေါ်ကရေတွေလို စီးဆင်းသွားပါစေ။
အပျက်သဘောဆောင် ဝေဖန်ချက်တွေ သင့်ကို မရစ်နှောင်ပါစေနဲ့။
သင့်တင့်တဲ့တုံ့ပြန်မှုက သင့်နေ့ရက်တွေကို မပျက်စီးစေပါဘူး။
မှားယွင်းတဲ့တုံ့ပြန်မှုက သင့်ကို သူငယ်ချင်းမိတ်ဆွေ ဆုံးရှုံးစေတယ်၊ ဒေါသထွက်စေတယ်၊ စိတ်ဖိအားများပြီး အသက်ရှုမွန်းကျပ်စေပါတယ်။
တကယ်လို့ လမ်းမှာ မော်တော်ကား ပိတ်ဆို့မှုတွေဖြစ်ရင် သင်ဘယ်လို တုံ့ပြန်မလဲ?
စိတ်တိုဒေါသထွက်မလား?
စတီယာရင်ကို တဒုန်းဒုန်းထုမလား?
ကျွန်တော့်မိတ်ဆွေတစ်ဦးက စတီယာရင် ပြုတ်ကျတဲ့အထိဖြစ်ဖူးတယ်။
သင် ဆဲဆိုမလား?
သွေးတွေ ငယ်ထိပ်အထိ ထိုးတက်သွားမလား?
တခြားကားကို တိုက်ပစ်ဖို့ စိတ်ကူးလား?
ရုံးချိန် ၁ဝစက္ကန့်လေး နောက်ကျတာကို ဘယ်သူက သင့်ကိုဆူပူမှာလဲ?
ပိတ်နေတဲ့ကားတွေကြောင့် သင်ရဲ့ စနစ်တကျမောင်းနှင်မှုကို ဘာကြောင့် ပျက်စီးစေမလဲ?
စိတ်မပူပါနဲ့.... ၉ဝ-၁ဝ နိယာမကို သတိရလိုက်ပါ။
သင့်ကိုအလုပ်ဖြုတ်လိုက်ကြောင်း အကြောင်းကြားလိုက်ပြီ။
အိပ်မပျော်တာနဲ့ ဘာဖြစ်လို့ စိတ်တိုဒေါသထွက်ရမလဲ?
ဖြစ်ပြီးနေတဲ့အရာပေါ် စိတ်တိုဒေါသထွက်နေမယ့်အစား အဲဒီအရာပေါ် သုံးဖြုန်းမယ့်အင်အားနဲ့အချိန်ကို တခြားအလုပ်သစ် ရှာဖွေဖို့ဆီ
အာရုံလွှဲထားလိုက်ပါ!
လေယာဉ် နောက်ကျမှထွက်မယ်။ သင့်အစီအစဉ်ဆွဲထားတဲ့ ခရီးစဉ်တွေ ကမောက်ကမဖြစ်တော့မယ်။
ဘာဖြစ်လို့ သင့်ဒေါသ၊ သင့်မကျေနပ်ချက်တွေကို ဝန်ထမ်းတွေအပေါ် စုပြုံရမလဲ?
အဖြစ်အပျက် မဖြစ်ပျက်ဖို့ သူတို့ဘယ်လိုမှ ထိန်းချုပ်လို့မရပါဘူး။
အဲဒီဒေါသ၊ မကျေမနပ်ရေရွတ်နေမယ့်အစား စာဖတ်နေလိုက်မယ်၊ ဒါမှမဟုတ် ခရီးသွားအချင်းချင်း မိတ်ဖွဲ့မယ်။
ဒေါသထွက်၊ စိတ်တိုတာက သင်ရဲ့တနေ့တာကို ပိုဆိုးစေပါတယ်။
၉ဝ-၁ဝ နိယာမကို သင်နားလည်သွားပြီဆိုရင် အခုပဲ လက်တွေ့အသုံးပြုလိုက်ပါ။
ထူးဆန်းအံ့သြတဲ့ ရလဒ်ကို သင်ခံစားရပါလိမ့်မယ်။ အသုံးပြုလိုက်ခြင်းအားဖြင့် သင့်ကို ဘာမှ မဆုံးရှုံး၊ မနစ်နာစေပါဘူး။
၉ဝ-၁ဝ နိယာမက မယုံနိုင်အောင် အစွမ်းထက်ပါတယ်။ ဒါပေမဲ့ ဒါကို လူနည်းစုလောက်ပဲ အသုံးပြုဖို့ နားလည်ကြတယ်။
သန်းပေါင်းများစွာသောလူတွေက နာကျင်ခြင်း၊ အစမ်းခံခြင်း၊ ပြဿနာနဲ့ ကြေကွဲခြင်းတွေထဲ နစ်ဝင်နေကြတယ်။
ဒါကြောင့် ၉ဝ-၁ဝ နိယာမကို ကျွန်တော်တို့ နားလည်ပြီး လက်တွေ့ကျကျ အသုံးပြုဖို့ လိုအပ်တယ်။
ဒီနိယာမက သင့်ဘဝတစ်သက်ကို ပြောင်းလဲနိုင်ပါတယ်။
လောကမှာ ၈ဝ%သော ဥစ္စာပစ္စည်းတွေကို ၂ဝ%သော လူရှာဖွေပိုင်ဆိုင်လိုက်ပြီ။
ကျန်တဲ့ ၂ဝ%သော ဥစ္စာပစ္စည်းတွေကို ၈ဝ%သော လူတွေက လုယှက်နေကြတယ်။
နေ့တိုင်း ၈ဝ%သောလူတွေက သူရ ငါရနဲ့ လုနေကြပေမယ့် မရောင့်ရဲ၊ မတင့်တိမ်နိုင်ကြဘူး။
သူတို့က ၂ဝ%သော ဥစ္စာပစ္စည်းထဲမှာပဲ တဝဲဝဲလည်နေလို့ဖြစ်တယ်။ သင် ဘယ်လောက် လုနိုင်လိမ့်မလဲ?
၉ဝ-၁ဝနိယာမကို စတင်အသုံးပြုလိုက်ပါ။
ဒီလိုမှမဟုတ်ရင် မပျော်ရွှင်တဲ့နေ့ရက်ထဲ သင်ထာဝရ နစ်မွန်းနေပါလိမ့်မယ်။
မူရင်းရေးသားသူ--- Stephen Covey (Discover The 90/10 Principle)
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
တစ်ဖက်သတ် ချစ်ခဲ့ရတဲ့ ကျွန်မ ဘဝ
တစ်နေ့  မထင်မှတ်ပဲ ကျွန်မ ကို့ အနားရောက်လာခဲ့ရတယ်..။ ကို့ အပါးမှာ ကို လိုအပ်သမျှ ကူညီလုပ်ကိုင်ပေးရင်း ကိုနဲ့  အမြဲတမ်းမခွဲအတူ နေခွင့်ရလာခဲ့တယ်..။ အဲ့ဒီလို ကိုနဲ့  အတူသွားလာခွင့်တွေ ရလာတော့ ကျွန်မရင်ထဲ ကို့ ကို အတိုင်းမသိ ချစ်မြတ်နိုးခြင်းတွေ ပေါက်ဖွားလာခဲ့ရပြီပေါ့ရှင်..။ကိုနဲ့ အတူရှိနေရတဲ့ အချိန်တွေကို ကျွန်မကြည်နူးမိတယ်..။ အလုပ်တွေ မအားလပ်တဲ့ ကို့ အနားနေပြီး ကို့ ကို ကူညီခွင့်ရနေတဲ့ အဖြစ်လေးကပဲ ကျွန်မအတွက် အဖိုးမဖြတ်နိုင်တဲ့ အချိန်တွေပါပဲ...။
                      ကို့ ကို ချစ်တဲ့စိတ်ကို ကို မသိအောင်သိုဝှက်ဖုံးကွယ်ရင်း ကို့ အနားမှာပဲ ကို့ ရဲ့  ရဲဘော်ရဲဘက် တစ်ယောက်ပမာ သစ္စာရှိရှိ ကျွန်မနေခဲ့တဲ့သူပါရှင်..။  ကို့ ရဲ့  ရင်ဖွင့်သံ ၊ညီးညူသံတွေကို တိုးတိတ်စွာနားဆင်သူက ကို့ ကိုချစ်တဲ့ ကျွန်မပဲပေါ့..။ ကို့ ရဲ့  အလုပ်တွေကို ဝိုင်းကူပေးရင်း ပျော်ရွှင်နေတဲ့ ကို့ မျက်နှာကိုလဲ ကြည်နူးမှုအပြည့်နဲ့  ကျွန်မငေးမောခဲ့ဖူးသလို စိတ်ရှုပ်ထွေးနေတတ်တဲ့ တစ်ခါတစ်ရံ ဒေါသတွေ ထွက်နေတတ်တဲ့ ကို့ မျက်နှာကိုလဲ ကိုနဲ့ ထပ်တူ ခံစားမှုမျိုးနဲ့  ကျွန်မ ငေးခဲ့ရဘူးတယ်..။
                        ကို့ ရဲ့  အလုပ်နဲ့  ပတ်သက်တာတွေ ၊အထူးလျှို့ ဝှက်ချက်တွေကို ကိုက ကျွန်မကို သိခွင့်ပေးသလို ကိုရဲ့  တိုင်ပင်ဖော် တိုင်ပင်ဖက် တစ်ယောက်ဖြစ်မှန်းမသိဖြစ်လာခဲ့ရတယ်...။ ကို့ ရဲ့ ရင်ခွင်ထဲမှာ မှီခိုဝင်ရင်း ကို့ ရဲ့  အသက်ရှုသံ တိုးတိုးလေးကို ခိုးနားထောင်နေရတဲ့ အဖြစ်လေးကို ကျွန်မမက်မောနေမိတယ်...။တစ်ခါတစ်ရံ ချွေးစို့ နေတတ်တဲ့ ကိုယ့်ရဲ့  ကိုယ်နံ့ သင်းသင်းလေးကို နမ်းရှိုက်ရင်း ကို့ ရဲ့  ပင်ပမ်းနွမ်းနယ်မှုကို ဖြေသိမ့်ဖို့  ကျွန်မ ကြိုးစားပေမဲ့ အရာမတွင်ခဲ့ပါဘူး..။ ကျွန်မမှ မစွမ်းဆောင်နိုင်တာနော်..။
                   ကျွန်မကို ထိတွေ့ ကိုင်တွယ်နေတဲ့ ကို့ ရဲ့  မွေးညှင်းစိမ်းစိမ်းလက်ကလေးကို ကို မသိအောင် ခိုးနမ်းခဲ့ရတာလဲ အကြိမ်ကြိမ်ပါပဲ...။ ညဘက်ထိတိုင် အလုပ်များတတ်တဲ့ ကို့ ရဲ့  အပါးတော်နား မခွဲမခွာ ကို့ ကို အဖော်ပြုရင်း ကိုအလိုရှိတဲ့ အချိန်တိုင်းမှာ ကူညီပေးဖို့ စောင့်နေမိသူက ကိုယ့်ကိုချစ်တဲ့ ကျွန်မပဲပေါ့..။.
                     အိပ်ရာဝင်ဖို့  ကျွန်မကို တစ်ယောက်ထဲ ထားရစ်ခဲ့တဲ့ အချိန်တိုင်း ကျွန်မ အထီးကျန်စွာငိုနေမိတယ်..။ ကျွန်မကို ခေါ်ပါကို...။ ကျွန်မ ကိုနဲ့ အတူတူ ဒီလိုညလေးတွေကိုလဲ ကုန်ဆုံးချင်တယ်..။ ကျွန်မ ကို့ ရဲ့ ဘေးမှာ လဲလျောင်းရင်း ကို့ ရဲ့  ရင်ငွေ့ ခိုလုံချင်တယ်ကို...။ ကျွန်မရဲ့  ဆန္ဒကို ကျေးဇူးပြုပြီးဖြည့်ဆည်းပေးပါကိုရယ်နော်...။
                  ကိုအနားမခွဲအတူတူနေရင်း ကျွန်မ အမြဲတမ်း ပြောဖြစ်တဲ့ စကားတစ်ခွန်းကတော့
ဒါပေမဲ့ ဘယ်တုန်းကမှ ကျွန်မစကားကို  ကိုအလေးအထားခဲ့ပါ..။
ကို့ အနားမှာ ကျွန်မ အိုမင်းရင့်ရော်လာတဲ့ အထိနေရင်း ကို့ ရဲ့  လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခဲ့ပါတယ်..။ ကျွန်မ အားအင်တွေ ကုန်ခမ်းလာပြီး...။ ကျွန်မ ယိုင်နဲ့ တုံချိကာ နာမကျန်းဖြစ်လာပြီး..။ ခုတလော ကျွန်မ အရမ်းချူချာလာတယ်..။ ဟင်အင်း..ကျွန်မ နေမကောင်းဖြစ်လို့ မရဘူး ..ကျွန်မ ကို့ အနားကနေ တစ်ဖဝါးမှ ခွာလို့ မရဘူး....။ ကျွန်မ ကို့ အနားမှာ အတူရှိချင်နေသေးတယ်..။ ကျွန်မကို ကို့ အနားမှာပဲ ကို့ တစ်သက်လုံး အတူနေခွင့်ပြုပါနော်...။
               ဒါပေမဲ့ ကျွန်မရဲ့  ဆန္ဒတွေ မပြည့်ဝခဲ့ပါဘူးး..။ တစ်နေ့  ကိုနဲ့ အတူတူ သွားနေတုန်း ကျွန်မ အားအင်တွေ ကုန်ခမ်းပြီး ကျွန်မရဲ့  သွေးလည်ပတ်မှုတွေ ရပ်တန့်  သွားတယ်လို့  ကျွန်မ ခံစားမိပါတယ်..။ ဒီအချိန်မှာပဲ ကိုက ကျွန်မကို အလိုရှိတယ်တဲ့လေ..။ သူလို အပ်တဲ့ တစ်ခဏမှာ ကျွန်မ ကို့ ကို ဘာမှမကူညီနိုင်ခဲ့ဘူး..။ 
ကို.....ကျွန်မကို ဒေါသ မဖြစ်ပါနဲ့ နော်..။ကျေးဇူးပြုပြီး ပြစ်တင်စကားမဆိုပါနဲ့ နော်...။
ကျွန်မရဲ့  တောင်းပန်စကားတိုးတိုးလေးမှ မဆုံးသေးခင်
ကို့ ဆီက မကျေးမချမ်း ကြားလိုက်ရတဲ့ စကားတစ်ခွန်းက......
“ဟာကွာ....အရေးထဲ ဒီဘောပင်ကလဲ မှင်ကုန်နေလိုက်သေးတယ်”
ကျွန်မ ပါးပြင်ပေါ်မှာ မျက်ရည်စ တစ်ချို့ နဲ့ ....။ကျွန်မကို ကျောခိုင်းထွက်သွားပြီး နောက်ထပ်ဘောပင် အသစ်တစ်ချောင်းဝယ်ယူဖို့  ကြိုးစားနေတဲ့ ကို့ ကို မျက်ရည်တွေ လျှံတက်လာတဲ့ မျက်ဝန်းတစ်စုံနဲ့  ငေးကာကြည့်ရင်း ..........
ကျွန်မ ဘဝရဲ့  နိဂုံးချိန်လေးကို ဆွေးမြေ့ ဝမ်းနည်းစွာနဲ့ ပေါ့....။
ဒါပေမဲ့ ကျွန်မ ကျေနပ်ပါတယ်ကို....။ကိုနဲ့ အတူရှိနေခွင့်ရခဲ့တဲ့ အချိန်တွေအတွက်..။ ကို့ ကို အနီးကပ် ကူညီစောင့်ရှောက်ခွင့်ရခဲ့တဲ့ အတွက်..။ကို့ အနားမှာ နေပြီး ကိုလိုအပ်တဲ့ အချိန်တွေတိုင်းမှာ ရှိနေခွင့်၊ ကို့ ကို တိတ်တစ်ခိုးလေး ချစ်နေခွင့် ရခဲ့တဲ့ အချိန်တွေကို ကျွန်မ အတိုင်းမသိကြည်နူးခဲ့မိပါတယ်ကို ..။ ကို့ ရဲ့  လိုအပ်ချက်တွေ ဖြည့်ဆည်းခွင့်ရခဲ့တဲ့ အချိန်တွေကပဲ ကျွန်မ အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အချိန်တွေပါ...။
            နောက်ထပ် ဘောပင်သစ်လေးတစ်ချောင်းကို အကျီ င်္အိပ်ထဲ ထိုးထည့်နေရင်း ပြုံးမြမြ ထွက်ခွာသွားတဲ့ ကို့ ကျောပြင်ကို ငေးမောကြည့်ရင် ကျွန်မရဲ့  မျက်နှာမှာလဲ ကိုယ်နဲ့  ထပ်တူ ဝမ်းသာကြည်နူးမှု အပြုံးများနှင့်..ကိုပျော်ရင် ကျွန်မလဲ ပျော်ပါတယ်  ကို.....။
                    ကို့ အတွက်ပြုံးနေတဲ့ နှုတ်ခမ်းတစ်စုံက ကျွန်မမျက်နှာမှာ ထင်ဟပ်နေပြီး ချိုမြိန်စွာ ကျွန်မပြုံးနေပါတယ်..မျက်ဝန်းတစ်စုံမှာတော့ မျက်ရည်စတွေနှင့်ပေါ့....။
**********************မေသဇင်****************************
http://alwankhayeethe.blogspot.com/
ထမင်းဝိုင်းထဲက ငါးပိတစ်ခွက်
မေ ဒီပို့ စ်လေးကို ထမင်းစားနေရင်းရေးဖြစ်သွားတာပါ..။ မေ ထမင်းစားနေရင်းနဲ့  ကွန်ပြူတာရူးတို့ ရဲ့  ထုံးစံအတိုင်း ထမင်းလဲစားရင် ကွန်ပြူတာလဲ ဖွင့်သုံးရင်း အလုပ်က နှစ်ခု တပြိုင်ထဲ လုပ်နေတာပေါ့..။ သူများရေးထားတဲ့ ဘလော့ခ်တွေ လိုက်ဖတ်နေတာပါ...။ အဲ့ဒီအချိန်မှာပဲ သူငယ်ချင်းတစ်ယောက်က လာနှုတ်ဆက်တယ်....။
သူငယ်ချင်း။  ။ဟိုင်း
ကိုယ်ကလဲ ဘယ်ဘက်က လက်ချောင်းတွေကို သုံးပြီး  “ဟိုင်း” ပေါ့
သူက စကားတွေ လာပြောနေတာ..ကိုယ်က ထမင်းစားနေတော့ “အင်း”   ၊  “ဟုတ်”    ၊ “ဆက်ပြော”    ဒီလောက်ကိုပဲ ဘယ်ဘက်သုံးပြီးပြန်ရိုက်နေတာပေါ့...။ အဲ့ဒီမှာ သူက
သူငယ်ချင်း။  ။နင်ဘာလုပ်နေတာလဲ အင်းအဲ အင်းအဲက လွဲပြီးဘာမှပြန်မပြောတတ်ဘူးလား
မေ ။   ။ထမင်းစားနေလို့ ဟေ့
သူငယ်ချင်း။   ။ထမင်းက ပါးစပ်နဲ့ စားတာပဲ လက်ပါ မအားဘူးလား
မေ။  ။ငါလက်နဲ့  စားမှ ရမှာမို့ ပေါ့
သူငယ်ချင်း။  ။ ဘာစားနေတာမို့  လက်နဲ့ စားနေရတာလဲ
မေ။  ။ ငပိရည်နဲ့  တို့ စရာ
သူငယ်ချင်း။  ။ ဘာ    နင်နိုင်ငံခြားမှာ နေနေတာကြာပြီး ထမင်းကို ငါးပိရည်နဲ့  တို့ စရာ ပြီးတော့ လက်နဲ့  စားနေတာလား
                 သူ့ အမေးကြောင့် မေ စိတ်ကနည်းနည်းတော့ ဆတ်သွားရပါတယ်..။ စဉ်းစားကြည့်ပါအုံး သူပြောနေပုံက..။ နိုင်ငံခြားရောက်နေတဲ့သူက ငါးပိရည်နဲ့  ထမင်းမစားရတော့ဘူးတဲ့လား..။မေလဲ စိတ်နည်းနည်းခုလာတာနဲ့ 
မေ။  ။ဟဲ့ ..နင်မလေးရောက်တာ ဆယ်နှစ်ကျော်ပြီးနော် (သူက မလေးမှာနေတာပါ..မေနဲ့  နိုင်ငံချင်းမတူပါ)
သူငယ်ချင်း။  ။ အင်းလေ ..ဘာဖြစ်လို့ လဲ
မေ။  ။နင်အခု ဘာလူမျိုးခံယူထားသလဲ  သူတို့ နိုင်ငံသားခံယူလိုက်ပြီးလား
သူငယ်ချင်း။  ။အား မခံယူပါဘူး..ငါ ဘယ်တော့မှ နိင်ငံခြားသားမခံယူဘူ..တစ်နေ့  ငါ့နိုင်ငံပဲ ငါပြန်မယ်
မေ။  ။ ဘာဖြစ်လို့ လဲ
သူငယ်ချင်း။ ။ငါ့က မြန်မာပဲ မြန်မာနိုင်ငံကိုပဲ ပြန်ပြီး အခြေချမှာပေါ့
မေ။  ။ အင်း နင် မြန်မာနိုင်ငံကိုတော့ ချစ်သားပဲနော်
သူငယ်ချင်း။  ။နင့်စကားက ဘာစကားလဲ ငါ မြန်မာလူမျိုးပဲ ငါ့နိုင်ငံကိုတော့ ငါ ချစ်တာပေါ့
မေ။  ။ အလေ့အထနဲ့  အစားအသောက်တွေကိုရော..နင် မြန်မာစာတွေစားဖြစ်လား..ကုလားစားတွေကြီးပဲ စားလို့  မေ့နေပြီးလား
သူငယ်ချင်း။  ။ မမေ့ပါဘူး..စားပါတယ်..
မေ။  ။ ငအောင် မြန်မာတစ်ယောက် မြန်မာစာစားတာ ဆန်းလား ခေတ်နောက်ကျတယ်လို့  နင်ထင်လား
သူငယ်ချင်း။  ။ အမ်း ဘာလို့  မေးတာလဲ
မေ။  ။နင်ပဲစောစောက ငါထမင်းစားနေတာကို ပြောသွားတာလေ..ဟဲ့ ..ဒီမှာ နင်သိထားဖို့ က မြန်မာဟာ မြန်မာပဲ..ဘယ်နိုင်ငံ ဘယ်ကမ္ဘာရောက်ရောက် မြန်မာပဲ..မြန်မာတစ်ယောက် ငါးပိရည်ကို လက်နဲ့ နယ်ပြီးထမင်းစားနေတာ မဆန်းဘူး..အဲ့ဒီလို စားနေရလို့  ရှက်စရာမဟုတ်ဘူး...မြန်မာတွေ ငါးပိကြိုက်တော့ ဘာဖြစ်သေးလဲ..ဘယ်လောက်ပဲ ဆီဦးထောပတ်တွေ စားနေရပါစေ ငါးပိကိုပဲ တမ်းတတာ ဘာဖြစ်သေးလဲ..နင်ငါးပိစားတယ်လို့  ပြောရမှာ ရှက်လား..အေး နင်ရှက်ရင် ငါပြောပြမယ်..ငါးပိစားတာ ငါတို့  မြန်မာကြီးပဲ မဟုတ်ဘူး နင်တို့  အထင်ကြီးနေတဲ့ အဖြူကောင်တွေပါ ငါးပိစားတဲ့ အမျိုးတွေ..သူတို့  စားနေတဲ့ pizza မှာ ငါးပိကောင်တွေ ထည့်ထည့်စားကြတာ..သူတို့  တစ်ခါမှ ရှက်တယ် မပြောဘူး..
             မေတို့  ပြောနေတာတွေ ဒီလောက်နဲ့ ပဲ ရပ်ထားလိုက်တော့မယ်နော်..။ မေ မေးပါရစေ....။
မြန်မာတစ်ယောက် ငါးပိနဲ့  ထမင်းစားတာ ရှက်စရာလား..။ မြန်မာတိုင်းငါးပိကြိုက်ကြမှာပါပဲ..။ တစ်ချို့ မွေးထဲကနေ အနံ့ ခံလို့ မရလို့  မစားတဲ့သူတွေ၊ စားလေ့စားထ မရှိတဲ့သူတွေကို မပြောပါ..။အများအားဖြစ်တော့ ငါးပိကို ကြိုက်နှစ်သက်လိမ့်မယ်လို့  မေထင်ပါတယ်နော်..။ မေက တိုင်းရင်းသူမို့  ပိုပြီးများ နှစ်သက်နေသလားမပြောတတ်ပါ..။ ငါးပိနဲ့ ထမင်းစားပြီး ငါးပိနံ့ လေး လက်မှာစွဲနေတာလေးကိုက ရင်ထဲ အိမ်ပြန်ရောက်နေသလို ရသလေး ခံစားရပါတယ်..။
                   အဝေးရောက် မြန်မာတွေ ငါးပိရည် တမ်းတတာ ချည်ပေါင်ကြော်တမ်းတတာ အဝေးရောက် မြန်မာတိုင်းခံစားဖူးမှာပါ..။အရိုးထဲစွဲနေတဲ့ အလေ့အထနဲ့  စားနေကြမို့  သွေးသားက တောင်းနေတဲ့ ငါးပိကိုတော့ မေ ဘယ်လိုမှ မစွန့် လွတ်နိုင်ပါ..။ မေ မှားသလား..။
မှားတယ်လို့  ပြောချင်လဲ ပြောကြပါစေ..အပေါင်းအသင်းတွေ စုံလို့  ထမင်းစုချက်စားမယ်ဆိုရင်ဖြစ် မေ အမြဲတမ်းပြောနေကြ စကားလေးတစ်ခွန်းကတော့
“ဟိတ်..ငါးပိရည် ချက်နော်..”
   ငါးပိရည် အပါအဝင် ရသာစုံလင်တဲ့ ထမင်းဝိုင်းလေးက ဘယ်လောက်များ နှစ်သက်ဖွယ်ကောင်းလဲ ဆိုတာ ငါးပိကို ကြိုက်နှစ်သက်သူတိုင်း သိကြမှာပါ..။တခြားဟင်းတွေ ဘယ်လောက်ကောင်းကောင်း ငါးပိရည်ပါမှ ပြည့်စုံတယ် ဆိုတာ ငါးပိကြိုက်သူတွေ တိုင်းသိမှာပါနော်..။
           အရိုးကိုခိုင်မာစေပြီး ခံတွင်းမြိန်စေမဲ့ ငါးပိ အရသာကို မေ နှစ်သက်လွန်းလို့ ပါရှင်..။ ဘယ်အရာနှင့်မျှ မလဲနိုင်ပါ..။
***********မေသဇင်*************
http://alwankhayeethe.blogspot.com/