Monday, June 27, 2011

ဓမ္မ ဆိုသည်မှာ

ဓမ္မ ဆိုသည်မှာ လောကကြီးတွင် တည်ရှိနေသော အမှန်တရား သဘာဝတရားဖြစ်ပါတယ်။
မြတ်စွာဘုရားမပွင့်ခင်ကတည်းက ရှိခဲ့ပါတယ်။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်မှာလည်း ရှိခဲ့ပါတယ်။
မြတ်စွာဘုရား ပရိနိဗ္ဗာန် စံပြီးနောက်ပိုင်းတွင်လည်း ရှိနေခဲ့ပါတယ်။
အချိန်တိုင်း အမြဲ မှန်ကန်နေသော တရားသည် ဓမ္မပင်ဖြစ်ပါတော့တယ် ။
မြတ်စွာဘုရားသည်ပင် ဘုရားဖြစ်၍ ဓမ္မကို သိခြင်းမဟုတ် ဓမ္မကို သိရှိ နားလည် ကျင့်သုံးနိုင်ခဲ့သဖြင့်သာ
ဘုရားအဖြစ်ကို ရတော်မူခဲ့ခြင်း ဖြစ်ပါတယ် ။

ဓမ္မဆိုတဲ့စကားလုံးဟာ လူတိုင်းနဲ့ရင်းနှီးပြီးသား ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် နားလည်မှုတွေကတော့အမျိုးမျိုးကွဲပြားနိုင်ပါတယ်။
ဒါကြောင့် ဓမ္မရဲ့ ဂုဏ်သတ္တိတွေကို အရင်ဦးဆုံး ပြောချင်ပါတယ် ။

၁ ။ ဓမ္မကို ပုဂ္ဂိုလ်မရွေး လူမျိုးမရွေး ဘာသာမရွေး အသက်အရွယ်မရွေး အသားအရောင်မရွေး အချောအလှမရွေး ဆင်းရဲချမ်းသာမရွေး အယုတ်အလတ်အမြတ်မရွေး ကျင့်သုံးနိုင်ပါတယ်။
၂ ။ ဓမ္မကို နိုင်ငံတွေ မြို့တွေ ရွာတွေ အိမ်တွေ ရပ်ကွက်တွေ စတဲ့ နေရာတွေ မရွေးပဲ ကျင့်သုံးနိုင်ကြပါတယ်။
၃ ။ ဓမ္မကို မနက် နေ့လယ် ည နေ့ ရက် လ နှစ် စတဲ့ အချိန်တွေ မရွေးပဲ ကျင့်သုံးနိုင်ပါတယ်။
အဲ့ဒီလို လူမရွေး နေရာမရွေး အချိန်မရွေး ဓမ္မကို ကျင့်သုံးနိုင်ပြီးတော့ ကျင့်သုံးသူတိုင်းကိုလည်း အောက်ပါ အကျိုးကျေးဇူးတွေကို ပေးနိုင်စွမ်းပါတယ် ။

၁ ။ ကာမရာဂ တဏှာရာဂ စတဲ့ စိတ်ရဲ့ ငမ်းငမ်းတက် လိုချင် ဆာလောင်မွတ်သိမ့်မှုတွေကို အငတ်ပြေစေနိုင်ပါတယ်။
၂ ။ စိတ်ဖြူစင်ပြီး ကုသိုလ်ကောင်းမှု တိုးပွားကာ ကောင်းကျိုးအဖြာဖြာ မိမိအပေါ်မှာ သက်ရောက်စေပါတယ်။
၃ ။ ကိုယ်အမူအယာ နဲ့ စိတ်အစဉ်ကို အမြဲ ကြည်လင်သန့် ရှင်း နေစေပါတယ်။
၎ ။ ကိုယ် စိတ် နှစ်ပါးလုံး အေးမြစေတဲ့အပြင် အငြိမ်းဓါတ်ကို စတင်တွေ့ရှိပြီး ထာဝရငြိမ်းချမ်းရာ နိဗ္ဗာန်သို့တိုင်အောင် အကျိုးပြုနိုင်ပါတယ်။
တစစနဲ့ တိုးတက်လာတဲ့ နည်းပညာတွေနဲ့ အညီ လူတွေရဲ့ လိုချင်မှု ရချင်မှု ဖြစ်ချင်မှုတွေ စတဲ့ အလိုဆန္ဒတွေများပြားလာတာနဲ့ အမျှ ဓမ္မရဲ့ ဂုဏ်သတ္တိ ဂုဏ်ကျေးဇူးတော်တို့ဟာလည်း ညှိးမှိန်လာခဲ့ပါတယ် ။

ဒါကြောင့် ဒီဘက်ခေတ်မှာ ရှိတဲ့ လူသားတော်တော်များများဟာ ဓမ္မကို ငါတို့နှင့် မဆိုင်သလိုလို နေလာကြတဲ့အတွက် ဓမ္မရဲ့ မြင့်မြတ်လှတဲ့ အကျင့်မြတ်တရားတွေကို ကျင့်သုံးသူ မြတ်နိုးသူ ရှားပါးလာခဲ့ပါတယ် ။
ဓမ္မဆိုတဲ့ စကားလုံးကိုသာ သိပြီး ကျင့်သုံးသူ မြတ်နိုးသူ အလွန်အင်မတန် နည်းလာခဲ့ပါတယ် ။
ဓမ္မဆိုတဲ့ အသံကြားတာနဲ့ တီကောင်ကို ဆားနဲ့ တို့သလိုပါပဲ ။ ဝေးဝေးကို ရှောင်ပြေးကြပါတော့တယ် ။

တစ်ကယ်တော့ ဓမ္မဟာ လူမရွေး နေရာမရွေး အချိန်မရွေး အခုကျင့်သုံးရင် အခုကောင်းကျိုးတွေ ရနိုင်တဲ့ ဆေးကြီးတစ်ခွက်ပါပဲ ။
ဒါကြောင့် ဘယ်ခေတ် ဘယ်အခါပဲ ဖြစ်ဖြစ် ဓမ္မဟာ အမြဲ မှန်ကန်စေတဲ့အတွက်
၁ ။ သစ္စ၀ါဒ( ထာဝရမှန်ကန်သောဝါဒ) Universal law , Universal Truth , Noble Truth ဖြစ်ပါတယ် ။
၂ ။ ၀ိဘဇ္ဇ၀ါဒ ( မည်သည့်လွှမ်းမိုးမှု မည်သည့်ချုပ်ကိုင်မှုမှ မပါပဲ လွတ်လပ်စွာ လေ့လာ ဆန်းစစ် ကျင့်သုံးနိုင်သော ၀ါဒ ) ဖြစ်ပါတယ် ။

၃ ။ ဓမ္မသည် သိပ္ပံနည်းကျလှခြင်း ဖြစ်ပါတယ် ။ အလွန်အင်မတန် တိကျ သေချာပါတယ် ။
သိပ္ပံနည်းကျလှခြင်း ဆိုတဲ့ နေရာမှာ အသေးစိတ် အချက်လေးချက် ရှိပါတယ်
—-(၁) Practical System လက်တွေ့လေ့ကျင့်သော ပုဂ္ဂိုလ်များ လက်တွေ့ သိနိုင်ပါတယ် ။
—-(၂) Ethical System ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီး လုံးဝ ပြည့်စုံတဲ့ ဓမ္မဖြစ်ပါတယ် ။
—-(၃) Spiritual System စိတ်ပိုင်းဆိုင်ရာမှာလည်း လုံးဝ ပြည့်စုံလှပါတယ် ။
—-(၄) Philosophical System အတွေးအခေါ်ပိုင်းမှာလည်း အင်မတန်ပြည့်စုံလှပါတယ် ။
ဒါတွေကြောင့် ဓမ္မအစစ်သည် သိပ္ပံနည်းကျလှခြင်းဆိုတဲ့ အချက်နဲ့ အင်မတန် လိုက်ဖက်ပါတော့တယ် ။

၎ ။ ဓမ္မကို ကျင့်သုံးသူဟာ အကောင်း နှင့် အဆိုးကို ခွဲခြားသိနိုင်စွမ်း ရှိပါတယ် ။
ယနေ့ အတော်များများ ပုဂ္ဂိုလ်တို့ဟာ ဓမ္မကို ကျင့်သုံးမှု ရှားပါးလာသည်နှင့်အမျှ
လိုချင်မယ် ရှာမယ် စားမယ် ကာမဂုဏ်မှီဝဲမယ် အိပ်မယ် ဆိုတဲ့ စိတ်တွေနဲ့ ပဲ လုံးထွေးနေပြီးတော့
တိရစ္ဆာန်ကဲ့သို့ နီးစပ်လာကြပါတယ် ။
အကောင်းနဲ့ အဆိုးကိုပင် ခွဲခြားနိုင်မှုနည်းပါးလာကြပါတယ် ။
ဒီနေရာမှာ အလျင်းသင့်တုန်း အကောင်း (၃)မျိုးနဲ့ အဆိုး (၃)မျိုးကို ပြောပြချင်ပါတယ် ။

အကောင်းဆုံးကနေ စပြောရရင်
—-(၁)အများမှာလည်း အကျိုးရှိ မိမိမှာလည်း အကျိုးရှိသော အလုပ်ဖြစ်ပါတယ် ။
—-(၂)အများမှာ အကျိုးရှိပြီး မိမိမှာ ဘာမှ မဖြစ်တဲ့ အလုပ်ဖြစ်ပါတယ် ။
—-(၃)အများမှာ ဘာမှမဖြစ်ပေမယ့် မိမိမှာ အကျိုးရှိသော အလုပ်ဖြစ်ပါတယ် ။

အဆိုးဆုံးကနေ စပြောရရင်တော့
—-(၁)အများမှာလည်း ထိခိုက်ပါတယ် မိမိမှာလည်း ထိခိုက်ပါတယ် ။
—-(၂)အများမှာ ထိခိုက်ပြီး မိမိမှာ ဘာမှမဖြစ်ပါဘူး ။
—-(၃)အများမှာ ဘာမှ မဖြစ်ပေမယ့် မိမိမှာ ထိခိုက်ပါတယ် ။

ဓမ္မကို ကျင့်သုံးသူ ပုဂ္ဂိုလ်ဟာ အဆိုးတွေကို ရှောင်နိုင်ပြီး အကောင်းတွေကိုပဲ ပြုကျင့်နိုင်မှာ ဖြစ်ပါတယ် ။
နောက်ဆုံးမှာ ထာဝရ ငြိမ်းချမ်းရာ နိဗ္ဗာန်ထိတိုင်အောင် မျက်မှောက်ပြုနိုင်အောင် စွမ်းဆောင်နိုင်တဲ့ ပုဂ္ဂိုလ်
Noble Person အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်အဖြစ်ကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ် ။

မှတ်ချက် ။ ။ သန့် တည် ပွား ဆရာ ဦးမြင့်လွင်၏ အပါယ်ပိတ်တရားမှ ကောက်နုတ်ချက် ဖြစ်ပါတယ် ။

No comments:

Post a Comment