တောင်းပန်ရမယ်၊ တောင်းပန်ရမယ် ဟုတ်လား၊ ဒီကိစ္စမှာ သူမှ မမှားတာ၊ မမှားတာကို တောင်းပန်ရမယ်ဆိုတဲ့ကိစ္စက ဟုတ်ကို မဟုတ်ဘူး။ မှားတဲ့သူကို မှန်တဲ့သူက တောင်းပန်ရမယ်တဲ့။ ကြားလို့မှ ကောင်းကြသေးရလား မသိဘူး။ ဘုရားကိုတော့ ကြည်ညိုပါတယ်၊ လေးစားပါတယ်၊ ဒါပေမယ့် ဘုရားစကားကိုတော့ နားမထောင်နိုင်ဘူး။
ကောကာလိကသည် ဘုရားရှင်ကို ဦးသုံးကြိမ်ချပြီး ထွက်လာသည်။ သူ့ရင်ထဲတွင် ဒေါသအစိုင်အခဲတို့သည် လောကကြီးတစ်ခုလုံးကို မှောင်မိုက် နေစေသည်။ သူဘာကိုမှ မမြင်။ သူ့ရင်ထဲရှိ ဒေါသတရားတို့သည် သူ့ကို ဘာမှ မမြင်အောင် ဖုံးလွှမ်းထားလေသည်။ အမှားကို အမှားမှန်း မသိ။ အမှန်ကို အမှန်မှန်းမသိတော့။ မှန်သည်ကို အမှန်ဟု ပြောလာသူအား ဘက်လိုက်သည်ဟု သူထင်လာသည်။ သူ့အတွေးထဲတွင်တော့ သူလုံးဝ မမှား။ မမှားရေးချ မမှား။
ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလာန်တို့သာ မှားသည်။ ဘုရားရှင်၏ လက်ယာရံ၊ လက်ဝဲရံဖြစ်ရသည်နှင့် ဒင်းတို့က မာန်တက်သည်။ ကြည့်ကြပါဦး။ သူနေထိုင်ရာ သူမှီတင်းရာ သူ့ရွှာလေးသို့ ရောက်တောင့်ရောက်ခဲ ရောက်လာခဲ့သည်။ သူ့ဆီသို့ ဘုရားရှင်၏ အားအထားရဆုံး တပည့်ကျော်များဖြစ်သည့် လက်ယာရံ၊ လက်ဝဲရံများ ရောက်လာသဖြင့် သူ့မှာ ဝမ်းသာလို့မဆုံး။ ထို့အတွက်လည်း သူက သူတတ်နိုင်သော အလုပ်ကို သူလုပ်ပေးသည်။ အထင်ကရ ပုဂ္ဂိုလ်ရောက်ခိုက် ရွာသူ ရွာသားများက ပစ္စည်း ပစ္စယများကို လှူဒါန်းစေလိုသည်။ ထို့ကြောင့် ရွာသူ ရွာသားများကို အရှင်နှစ်ပါးကို လှူရန် သူတိုက်တွန်းသည်။ ရွာသူ ရွာသားများကလည်း အရှင်နှစ်ပါးကို ကောင်းပေ့ ညွှန့်ပေ့ ဆိုသည့် ပစ္စည်း ပစ္စယများကို လှူဒါန်းရှာသည်။ လှူဒါန်းထားသော ပစ္စည်းများကို အရှင်နှစ်ပါးက လက်ဖျားနဲ့ပင် မထိ၊ မတို့။ မထိတာ မတို့တာထား။ ပြန်ကြွသွားချိန်တွင် “ဒီပစ္စည်းတွေကို ကျောင်းရှင်ရဟန်းကို လှူလိုက်လို့” ပြောသွားလျှင် ရလျက်သားနဲ့ပင် ပြောမသွား။ ပစ္စည်းလှူတဲ့ တကာ တကာမတွေလည်း ဘာလုပ်ရမှန်း မသိဖြစ်ကာ သူတို့ပစ္စည်း သူတို့ ပြန်ယူသွားသည်။ ဤအကြောင်းကို ဘုရားရှင်ရှိရာ သာဝတ္ထိပြည် ဇေတဝန်ကျောင်းသို့ တကူးတက လာပြီး လျှောက်ထားသည်။
“အရှင်ဘုရား၊ အဂ္ဂသာဝက နှစ်ပါးဟာ စိတ်ကောင်း မရှိကြဘူး ဘုရား”
“ကောကာလိက၊ သာရိပုတ္တရာနှင့် မောဂ္ဂလာနတို့နှစ်ပါးဟာ သီလကို ချစ်မြတ်နိုးကြပါတယ်၊ သူတို့ နှစ်ပါးကို ပြစ်မှားတဲ့ စကား မပြောပါနဲ့”
ဘုရားရှင်ကလည်း သူတပည့်ဘက်က နေပေးနေပြန်သဖြင့် ကောကာလိက ပို၍ ဒေါသထွက်မိသည်။ စိတ်ကောင်းမရှိတဲ့သူဘက်ကနေ ဘုရားရှင်က ဘာလို့ နေပေးနေတာလဲကို သူစဉ်းစားလို့မရ။ ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလာန်တို့ စိတ်ကောင်းမရှိကြတာကတော့ သေချာသည်။ အပြောမဟုတ်။ သူ့လက်တွေ့ ဖြစ်သည်။ သူများပြောသည်ဆိုလျှင် သူယုံကြည်ချင်မှ ယုံကြည်မည်။ လက်ခံချင်မှ လက်ခံမည်။ ခုတော့ ထိုသို့ မဟုတ်။ လက်တွေ့၊ ကိုယ်တွေ့ဖြစ်သည်။
“အရှင်ဘုရားရဲ့ အဂ္ဂသာဝက နှစ်ပါးဟာ စိတ်ကောင်းမရှိဘူး၊ အတ္တကြီးတယ်၊ ဘာကို ဘယ်လို ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း လုပ်ရမယ်ဆိုတာကို မသိနားမလည်သေးဘူး၊ လက်ယာရံ၊ လက်ဝဲရံဆိုပြီး လုပ်ချင်တာ လုပ်နေကြတယ်”
ကောကာလိက ကတော့ မရရအောင် ဘုရားရှင်ကို လျှောက်ထားသည်။ ဘုရားရှင်က သုံးကြိမ်တားမြစ်တော်မူသည်။ သို့သော် မရပါ။
“အရှင်ဘုရား၊ အရှင်ဘုရားကိုတော့ တပည့်တော် ကြည်ညိုပါတယ်၊ လေးစားပါတယ်၊ ဒါပေမယ့် အရှင်ဘုရားရဲ့ စကားကိုတော့ နားမထောင်နိုင်ဘူး ဘုရား” ဆိုကာ ထထွက်လာသည်။
(ယခု ကောကာလိကသည် ဒေဝဒတ်တပည့် ကောကာလိကလား၊ အခြား ကောကာလိကလား၊ ကျွန်တော် မသိပါ။ စာနှံ့စပ်သူတို့သာ သိမည် ထင်ပါသည်။ ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလာန်တို့ ထိုရဟန်းရွာတွင် အလှူမခံခဲ့ခြင်းမှာ တပါးသူက တိုက်တွန်း၍ လှူရသော အလှူဖြစ်သဖြင့် ထိုအလှူဝတ္ထုကို အလှူမခံကောင်းသောကြောင့် အလှူမခံခဲ့ခြင်းဖြစ်ပါသည်။ အလှူမခံကောင်းသည့်အပြင် တပါးသူတို့ကို လှူပါဟုလည်း မတိုက်တွန်းကောင်းသောကြောင့် မတိုက်တွန်းခဲ့ခြင်းဖြစ်သည်။ တစ်ခုခုလုပ်ခဲ့လျှင် လုပ်ခဲ့သော ရဟန်းအား အာပတ်သင့်ပါသည်။)
ဘုရားရှင်၏ မျက်ကွယ်သို့ ရောက်သောအခါ ကောကာလိက၏ ခန္ဓာကိုယ်အနှံ့ မုံညင်းစေ့လို အဖုအပိန့်များ စတင်ထွက်ပေါ်လာသည်။ ထိုအဖုအပိန့်ကလေးသည် တဖြည်းဖြည်း ကြီးမားလာသည်။ မုန်ညင်းစေ့မှ ပဲနောက်စေ့၊ ထိုမှ ကလောသီး၊ သျှိသျားသီး၊ ဆီးသီး၊ တည်သီး၊ ဥသျှစ်သီးအရွယ်အထိ ကြီးရင့်လာသည်။ အဖုအပိန့်တို့သည် ပေါက်ပြဲလာသည်။ ခန္ဓာကိုယ်အနံ့ သွေးပြည်တို့ ယိုစီးကုန်သည်။ ကောကာလိက ငှက်ပျောတောသို့ ပြေးကာ ခုတ်ချထားသော ငှက်ပျောရွက်တို့ပေါ် ခန္ဓာကိုယ်ကို ပစ်ချကာ လူးလိမ့်ခံစားသည်။ သွေးပြည်တို့သည် မရပ်မနား ထွက်နေသည်။ ခန္ဓာကိုယ်တစ်ခုလုံးလည်း မီးကျီးများတင်ထားသလို ပူလောင်နေသည်။ အဆိပ်မိထားသော ငါးကဲ့သို့ တဖျတ်ဖျတ် လူးနေသည်။
ထိုအချိန် တစ်ခါက ဆရာဖြစ်ခဲ့ဖူးသော တူရူဗြဟ္မာက ကောကာလိကထံရောက်လာသည်။
“ကောကာလိက၊ အရှင်ဘုရားအနေနဲ့ အဂ္ဂသာဝက နှစ်ပါးကို တောင်းပန်လိုက်ရင် အခုလို ခံစားနေရတာတွေ ချက်ချင်း ပျောက်လိမ့်မယ်”
“လုံးဝ မတောင်းပန်နိုင်ဘူး၊ ဒီကိစ္စမှာ ငါမမှားဘူး၊ လုံးဝ မမှားဘူး၊ နတ်မင်းကကော ဘာသိလို့ ဝင်ပြောတာလဲ၊ ဒီကိစ္စမှာ ငါမှန်တယ်ဆိုတာ အားလုံးသိတယ်”
“အရှင်ဘုရား၊ မသင့်တင့်တဲ့ နှလုံးနဲ့ မသင့်တင့်တဲ့ အတွေးကို မတွေးပါနဲ့၊ အခြေအနေအားလုံးကို ပြန်သုံးသပ်ပါ”
“အခြေအနေ အားလုံးကို ဘယ်လိုပဲ သုံးသပ် သုံးသပ် ငါမှန်တယ် ဆိုတာ သေချာတယ် နတ်မင်း၊ နတ်မင်းက ဗြဟ္မာဖြစ်နေပေမယ့် နတ်မျက်စိ မရှိတဲ့ နတ်ပဲ။ ဒီကိစ္စကို ပြန်ကြည့်လိုက်ပါ၊ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာ အရှင်းကြီးပါ”
ကောကာလိက၏ ရင်ထဲမှ အမှောင်သည် မည်သည့် အလင်းနှင့်မှ ထိုးဖောက်၍ မရလောက်အောင် မှောင်သွားခဲ့လေပြီ။ သူ့စကားဖြင့်ပင် သူ့ကို သတ်လေပြီ။ ချစ်စေလို ကီးဘုတ်ပေါ် လက်ဆယ်ချောင်း၊ မုန်းစေလို ကီးဘုတ်ပေါ် လက်ဆယ်ချောင်း၊ အဲ ချစ်စေလို ခံတွင်းလက်လေးသစ်၊ မုန်းစေလို ခံတွင်းလက်လေးသစ် ဆိုသည့်စကားရှိသည်။ လက်ကြောင့်ကျေ၊ နှုတ်ကြောင့်သေ စကားရှိသည်။ ကိုယ့်လျှာက ကိုယ့်ကို ပြန်သတ်တဲ့ဓားတစ်စင်း ဖြစ်ခဲ့လေပြီ။ ကောကာလိက ရဟန်းမှာ မည်သို့ပင် ဆုံးမ ဆုံးမ ပြောဆို ပြောဆို မရပါ။ တူရူဗြဟ္မာက နောက်ဆုံးစကားပါးသည်။
“လူမိုက်ဟာ ကြမ်းထန်းတဲ့စကားကို သုံးနိုင်တဲ့ ကိုယ့်မွေးရာပါ ဓားနဲ့ ကိုယ့်ကို ပြန်သတ်ဖြတ်လေ့ရှိတယ်၊ လူမိုက်ဟာ ချီးမွှမ်းသင့်သူကို ကဲ့ရဲ့တယ်၊ ကဲ့ရဲ့ သင့်သူကို ချီးမွှမ်းတယ်၊ အမှားကို အမှန်လို့ယူတယ်။ အမှန်ကို အမှားလို့ ယူတယ်။ လူမိုက်ရဲ့ ပါးစပ်ဟာ အပြစ်ကို အတိုးပေးဖို့ သက်သက်မျှသာ ဖြစ်တယ်။ အပြစ်ကိုသာ ဆိုတတ်သော ပါးစပ်ဟာ ငရဲမှာ ဖြစ်ရတယ်။ ချဲထိုး၊ နှစ်လုံးထိုး၊ ဘောလုံးပွဲလောင်း ကြက်တိုက်လို့ စည်းစိမ်မကလို့ ထောင်ကျပြီး ကိုယ့်ကိုကိုယ် ဆုံးရှုံးသွားတာကို ဆုံးရှုံးတယ်လို့ မခေါ်ထိုက်သေးပါဘူး၊ အရိယာသံဃာကို ပြစ်မှားသူဟာ ငရဲမှာ ရောက်ရတဲ့ နှစ်ပေါင်းဟာ ရှည်ကြတယ်။
ထို ခန္ဓာကိုယ်အနှံ့မှ သွေးပြည်ထွက်သော ဝေဒနာဖြင့် ကောကာလိက ကွယ်လွန်သည်။ အဂ္ဂသာဝက နှစ်ပါးကို ပြစ်မှားခဲ့သော ကံကြောင့် ပဒုမငရဲသို့ ကျရောက်သည်။ ထိုအကြောင်း အလုံးစုံကို သဟမ္ပတိဗြဟ္မာက ဘုရားရှင်ကို လျှောက်ထားသည်။ နံနက်မိုးသောက်အလင်းရောက်သော် ညက တူရူဗြဟ္မာ ရွတ်ဆိုခဲ့သော ဂါထာကို ဘုရားရှင်က ရဟန်းအပေါင်းအား ပြန်လည်မိန့်ကြားသည်။ ဘုရားရှင်က မဟာကရုဏာတော်ဖြင့် လမ်းမှန်ကို ညွှန်ပြတော်မူခဲ့ပါလျှက် ကောကာလိက ရဟန်းမိုက်သည် ဒေါသဦးစီးသော၊ မောဟဦးစီးသော စိတ်ဖြင့် အရာရာကို သုံးသပ်ခဲ့သည်။ ဆုံးဖြတ်ခဲ့သည်။ မိမိသုံးသပ်ချက် မိမိဆုံးဖြတ်ချက်ဖြင့်ပင် မိမိကိုယ်တိုင် ငရဲကို ကြွလှမ်းခဲ့သည်။ မိမိပြုလုပ်သည်မှာ မှားသလား၊ မှန်သလား မခွဲခြား။ သူများ လုပ်သည်ကိုသာ လက်ညိုးထိုးချင်နေသူတို့၏ သွားရာလမ်းသည် ကြောက်စရာအတိ ပြီးနေ ၏ ။(ဓမ္မမိတ်ဆွေတဦးဆီ က ..စာလေးပါ ..)
Posted by Sabishi Hana
No comments:
Post a Comment