ဂုဏ်တော်ကို ပွားများသဖြင့် ရရှိလာသော သမာဓိသည် ဥပစာရ သမာဓိမျှလောက်သာ ဖြစ်သည်ဆို၍ အထင်မသေးသင့် -
- ဂုဏ်တော်ပွား၍ ဖြစ်ပေါ်လာသော ပီတိသည်ပင် စကြ၀တေးမင်းစည်းစိမ်နှင့် မလဲနိုင်အောင် အကျိုး ကြီးမားလှ၏။
- သမထကမ္မဋ္ဌာန်းလေးဆယ်တွင် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းသည် စီးဖြန်းပွားများသူ၏ လိုရာဆန္ဒ တောင့်တသမျှ ပြည့်ဝစေနိုင်၏။
- စိတ်ကို ရွှင်လန်းတက်ကြွအောင်၊ (စာကျက်လို့ ရလွယ်ခြင်း၊ မှတ်ဉာဏ်ကောင်းခြင်းစသော) သတိ၊ ပညာနှင့် သဒ္ဓါတရား တိုးပွားအောင် ပို့ဆောင်ရာ၌ ဗုဒ္ဓါနုဿတိဘာဝနာသည် အင်အားအကြီးမားဆုံး၊ အာနိသင် အကြီးမားဆုံး ဖြစ်သည်။
- ဗုဒ္ဓါနုဿတိပွားများသူသည် ကိလေသာအပူအညစ်အကြေးများ ကင်းဝေးနေသူ၊ ဘုရားဂုဏ်ရည်အသွေးများ စုဝေး ကိန်းအောင်းနေသူဖြစ်၍ ဂန္ဓကုဋီကျောင်း စေတီသဖွယ် အပူဇော်ခံထိုက်သူ၊ အများ၏ ရိုသေလေးစားခြင်းခံရသူ ဖြစ်၏။
- ဘုရားရှင် ကိုယ်တော်မြတ်ကြီးနှင့် အမြဲထိတွေ့ကာ အတူတကွ နေရသူကဲ့သို့ ဖြစ်၍ မကောင်းမူကိစ္စမှန်သမျှ ပြောဆိုပြုမူရန် မဆိုထားဘိ၊ စိတ်ကူး၌မျှပင် မထည့်ရဲအောင် ရှက်ကြောက် တွန့်ဆုတ်လာ၏။
အချုပ်အားဖြင့် တလောကလုံးက ဦးညွတ်ရသကဲ့သို့ ဘုရားဂုဏ်တော်တို့ကို ပွားများထုံမွမ်နေသူအတွက် ရရှိနိုင်သော အကျိုးကျေးဇူးများကာ ဤရွေ့ ဤမျှသာဟု ကန့်သတ်ပြောဆို၍ မရ၊ ကောင်းကျိုးအနန္တပင်တည်း။
ထို့ကြောင့် ကမ္မဋ္ဌာန်းဘာဝနာ ၀ိပဿနာတရား အားထုတ်သူတိုင်း ဤဗုဒ္ဓါနုဿတိဘာဝနာကို မပွားများဘဲ မနေရ၊ အခြေခံ မတည်ကမ္မဋ္ဌာန်းအဖြစ် အခြားဘာဝနာတရား အားမထုတ်မီ ပထမဆုံးပင် အားထုတ်ကြရ၏။ ဤဗုဒ္ဓနုဿတိကမ္မဋ္ဌာန်းအပြင် -
(၂) မေတ္တာကမ္မဋ္ဌာန်း၊
(၃) အသုဘကမ္မဋ္ဌာန်းနှင့်
(၄) မရဏဿတိကမ္မဋ္ဌာန်း တို့ကိုလည်း -
ဗုဒ္ဓဘာသာဝင်တိုင်း၊ ကမ္မဋ္ဌာန်း အားထုတ်သူတိုင်း (အခြားကမ္မဋ္ဌာန်များ အားမထုတ်မီ) ဦးစွာလည်း ပွားများကြရ၏။ လက်မလွတ်တမ်း အမြဲတမ်းလည်း ပွားများနေကြရသည်။ “စတုရာရက္ခတရား လေးပါး” ဟု ခေါ်၏။ လေးဘက် လေးတန် တံတိုင်းကြီးသဖွယ် အစောင့်အရှောက် အာကာအကွယ်ကြီး လေးမျိုးဟု ဆိုလိုသည်။
ဤမျှ အကျိုးကြီးမား မြင့်မြတ်လှသော ဗုဒ္ဓါနုဿတိဘာဝနာ ကမ္မဋ္ဌာန်းကြီးကို ချမ်းသာကြီးပွားလိုသူတိုင်း လူကြီး လူငယ်မရွေး ကြိုးစား အားထုတ် သင့်လှပေတော့၏။
Posted by "Buddha In My Life"
No comments:
Post a Comment