အရှင်သာရိပုတ္တရာမထေရ်၏ တပည့် ခုနစ်နှစ်အရွယ် တိဿသာမဏေသည် ရှေးဘ၀က စင်ကြယ်သန့်ရှင်းစွာ လှူဒါန်းခဲ့သော ဒါနကုသိုလ်စေတနာကြောင့် အလွန် လာဘ်ပေါများ၏။ သာမဏေဖြစ်ပြီး ခုနစ်ရက်အကြာတွင် သာဝတ္ထိမြို့တော်တွင်း ဆွမ်းခံဝင်ရာ ဆွမ်းအုပ်ငါးရာ လှူဒါန်းကြ၏။
ဆောင်းတွင်းကာလ တနံနက်ခင်းတွင် မီးလှုံနေကြသော ရဟန်းများကို တွေ့သဖြင့် အရှင်ဘုရားတို့ စောင်ကမ္ဗလာ အလိုရှိသော ရဟန်းများ တပည့်တော်နှင့် လိုက်တော်မူကြပါ-ဟု လျှောက်ထားကာ ရဟန်းတထောင်နှင့်အတူ သာဝတ္ထိမြို့တွင်းသို့ ၀င်ကြ၏။ ထိုအခါ ကမ္ဗလာတထောင်ကို အလွယ်တကူ ရရှိ၏။
သာမဏေကလေးသည် ဤနေရာကား လာဘ်ပူဇော်သက္ကာရ များပြားလှ၏-ဟု ကြံစည်ပြီးလျှင် လာဘ်ကိုမလိုလားသဖြင့် ယူဇနာတရာကျော်ဝေးကွာသော တောကျောင်းသို့သွားကာ သီတင်းသုံး၏။ ထိုတောရွာ၌ ရတတ်သမျှသော ပြောင်း-ပဲ-လူး-ဆတ် အာဟာရကို မှီဝဲလျက် တရားအားထုတ်ရာ သုံးလမြောက်တွင် ပဋိသမ္ဘိဒါနှင့်တကွ ရဟန္တာဖြစ်၏။
ရဟန်းတော်များက ဤသာမဏေငယ်သည် လာဘ်လာဘကို စွန့်ပယ်လျက် တောသို့ဝင်၍ ဆင်းရဲစွာနေလျက် တရားကျင့်ပေ၏-ဟု ချီးကျူးစကား ပြောကြရာ မြတ်စွာဘုရားက ၀ီရိယရှိသူသည် အရဟတ္တဖိုလ်ကို ရနိုင်၏-ဟု အောက်ပါဂါထာကို ဟောတော်မူလေသည်။
( ပါဠိဂါထာ )
အညာ ဟိ လာဘူပနိသာ ၊ အညာ နိဗ္ဗာနဂါမိနီ ။
ဧ၀မေတံ အဘိညာယ ၊ ဘိက္ခု ဗုဒ္ဓဿ သာဝကော ။
သက္ကာရံ နာဘိနန္ဒေယျ ၊ ၀ိဝေကမနုဗြူဟယေ ။
( မြန်မာပြန် )
လာဘ်ရကြောင်းအကျင့်နှင့် နိဗ္ဗာန်ရောက်ကြောင်း အကျင့်သည် အလွန်ဝေးကွာခြားနားပေ၏။
ဤသို့ ကျင့်စဉ်နှစ်ပါး၏ ခြားနားပုံကို သိမြင်နားလည်၍ မြတ်စွာဘုရား၏ တပည့်သားရဟန်းသည် လာဘ်ပူဇော်သက္ကာရကို မနှစ်သက်။ မတောင့်တရာ။
တကိုယ်တည်းနေခြင်း တည်းဟူသော ကာယ၀ိဝေက၊
သမာပတ်ရှစ်ပါးတည်းဟူသော စိတ္တ၀ိဝေက၊
နိဗ္ဗာန်တည်းဟူသော ဥပဓိဝိဝေက ကိုသာ အစဉ်ပွားစေရာ၏။
( ဆောင်ပုဒ် )
လာဘ်ကိုရရန်၊ ကျင့်အကြံနှင့်၊ နိဗ္ဗာန်ကိုသွား၊ ကျင့်စဉ်များကား၊ တခြားစီပင်၊ စပ်မယှဉ်ဟု၊ သိမြင်ပိုင်းခြား၊ ဘုရားသားသည်၊ လေးပါးပစ္စယ၊ လာဘ်လာဘကို၊ တောင့်တဖွေရှာ၊ မသာယာဘဲ၊ သုံးဖြာဝိဝေ၊ တိုးပွားစေ၏။
( ဗာလ၀ဂ်၊ ၀န၀ါသီတိဿသာမဏေရ ၀တ္ထု )
Posted by "Buddha In My Life"
No comments:
Post a Comment