သောကြာနေ့ ညက သင်တန်းမှာ
ပါဏာတိပါတ (အသက်သတ်တာ) နဲ့ပတ်သက်လို့
ဗုဒ္ဓဘာသာရှုဒေါင့်ကပြောပြ ရှင်းပြတော့
အစတွေ အတော်ထွက်လာတယ်။
အခုခေတ်လူပြောများနေတဲ့
Mercy killing (သနား၍သတ်ခြင်း)
Killing for self protection – ကိုယ့်အသက်ဘေး ကာကယ်ဘို့ သတ်ခြင်း) တွေကို
ဘယ်လိုသဘောရလဲတဲ့။
ဟုတ်ပါတယ်၊ နိုင်ငံအတော်များများမှာ
လူတစ်ဦးတစ်ယောက်ကို ဖြစ်စေ၊ သတ္တ၀ါတစ်ကောင်ကောင်ကို ဖြစ်စေ၊
သနားလို့ဆိုပြီး သတ်ပစ်လိုက်တဲ့အလေ့အကျင့်
အခုတလော ခေတ်စားလာပါတယ်။
စာရေးသူတို့ငယ်ငယ်တုန်းကလည်း
ငှက်ကလေးတွေ အိမ်မြှောင်လေးတွေ ပုရွက်ဆိတ်လေးတွေ
မချိမဆန့်ခံစားနေရတာကို တွေ့လိုက်ရရင်
“တိရိစ္ဆာန်ဆိုတာ လူချွတ်မှ ကျွတ်တာကွ” လို့ ပြောဆိုကာ
ခံနေရတဲ့ဝဋ် ကျွတ်လွတ်သွားအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့
သတ်ပစ်လိုက်ကြပါတယ်။
ဗုဒ္ဓဘာသာရှုဒေါင့်က ပြောရမယ်ဆိုရင်
သနားလို့သတ်လိုက်တယ်ဆိုတာဟာ
သဘာဝ မကျပါဘူး။ ကြောင်းကျိုး မဆီလျှော်ပါဘူး။
သနားခြင်းနဲ့ သတ်ခြင်းဟာ ဘယ်တော့မှ အတူတူမဖြစ်နိုင်လို့ပါ။
သနားလို့ သတ်လိုက်တယ်ဆိုတာ
အကောင်းဆုံးစကားလုံးကို ရွေးချယ်ပြီးသုံးနှုန်းထားတာလို့ နားလည်မိတယ်။
သတ်လိုက်တယ်ဆိုတာ
အသတ်ခံရမဲ့ ရောဂါဝေဒနာစွဲနေတဲ့ ရောဂါဝေဒနာကပ်ရောက်နေတဲ့
လူတစ်ယောက် (သို့မဟုတ်) တိရိစ္ဆာန်တစ်ကောင်ကောင်တည်းဟူသော
မလိုလားအပ်တဲ့အာရုံ၊ မကြည့်လိုတဲ့မြင်ကွင်း (အနိဋ္ဌာရုံ) ကို
ကိုယ့်ရှေ့ကပျောက်သွားစေလိုတဲ့ ကိုယ့်အတ္တ ကိုယ့်ဆန္ဒအတွက်ပါ။
သတ်တာဟာ သတ်တာပဲဖြစ်လို့
သတ်ခြင်း (ပါဏာတိပါတကံ) ရဲ့အကျိုးဆက်တော့ ရှောင်လွှဲလို့ မရပါဘူး။
ဒါပေမဲ့ မုန်းလို့ ဒေါသနဲ့ စိတ်လိုက်မာန်ပါ တက်တက်ကြွကြွ
သတ်တာလောက်အပြစ်မကြီးဘူးဆိုတာကိုတော့ လက်ခံရမှာပါ။
နောက်တစ်ခုက
Killing for self protection – (ကိုယ့်အသက်ဘေး ကာကွယ်ဘို့ သတ်ခြင်း)
ဘုရားရှင်အဆုံးအမကတော့ သူတပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ပါတဲ့။
ဒီအဆုံးအမအတိုင်းဆိုရင် ဘယ်လိုအခြေအနေမျိုးရောက်ရောက်
သူတပါးအသက်ကို မသတ်မိဖို့ပါဘဲ။
ဒါ့ကြောင့် ကိုယ့်အသက်အန္တရာယ်ကို ခြိမ်းးခြောက်လာရင်တောင်
ပြန်လည်ခုခံသတ်ဖြတ်ဖို့ အကြံပေးဘို့ရာ အတော်ခက်ပါတယ်။
ကိုယ့်ကိုယ်ကို ကာကွယ်ဘို့ ခုခံဘို့ အကောင်းဆုံးလက်နက်ကတော့
မေတ္တာပါဘဲ တဲ့။ မေတ္တာတရားကို လက်ကိုင်ထားပြီး ကျင့်သုံးလေ့ရှိသူအတွက်
ကိုယ့်အသက်သေစေနိုင်လောက်တဲ့ ဘေးဆိုး ကြမ္မာဆိုးက ကျရောက်ခဲပါတယ်တဲ့။
ဒါက ဗုဒ္ဓဘာသာရှုဒေါင့်က တင်ပြတာပါ။
လူဆိုတာက ကိုယ့်ကိုယ်ကို အချစ်ဆုံးမို့လား။
ကိုယ့်အသက်ဆုံးရှုံးဘို့ ဘေးအန္တရာယ်ကျရောက်လာရင်တော့
ဘယ်သူမှ အညံ့ခံမှာ မဟုတ်ဘူး။
ခုခံရုန်းကန်ရင်း တဖက်သားရန်သူသေသွားတော့လည်း မတတ်နိုင်ဘူးပေါ့။
ဒီလိုသေသွားလို့ သေစေလိုတဲ့စိတ်ဆန္ဒမပြင်းပြပေမဲ့
တဖက်သား သေအောင်လုပ်လိုက်သလိုဖြစ်သွားတဲ့အပြုအမူအတွက်တော့
ပြန်လည်ခုခံတိုက်ခိုက်လိုက်တဲ့ ကိုယ်က တာဝန်ယူရမှာပါ။
Killing is Killing ဖြစ်နေလို့ပါ။
Killing ဆိုတဲ့ သတ်ခြင်းကို
အခြေအနေအလိုက် အခေါ်အမျိုးမျိုးပြောင်းလဲခေါ်ဝေါ်တာ တွေ့ရပါတယ်။
လူတစ်ဦးတစ်ယောက်ကို သတ်လိုက်တဲ့အခါ
ဘယ်သူ၊ ဘာကမှ သဘောမတူရင် ‘murder’ လို့ခေါ်တယ်။
သတ်တာကို သဘောတူတဲ့နေရာတွေမှာတော့ ‘war’ တဲ့။
တဖက်ရန်သူက ကိုယ့်စစ်သားကို သတ်တာကြတော့ ‘slaughter’ လို့ ခေါ်ပြန်တယ်။
လူတစ်ဦးတစ်ယောက်ကို သေဒဏ်အပြစ်ပေးသတ်တာကိုတော့
‘capital punishment’ လို့ ဆိုပြန်တယ်။
ဘယ်လိုပဲ နာမည်ပေးပေး၊
ဒါတွေဟာ killing - သတ်ခြင်းဆိုတဲ့ စကားလုံးရဲ့
ေ၀၀ုစ်ပရိယာယ် စကားလှည်တွေသာဖြစ်ပါတယ်။
ဒီသတ်တာနဲ့ဆက်စပ်လို့ ဟိုတစ်နေ့က
သန္ဓေတားခြင်း၊ ဖျက်ဆီးခြင်း ခေါင်းစဉ်နဲ့ အနည်းငယ် ရေးခဲ့တယ်။
အဲ့ဒီမှာ Mar ဆိုသူက Comment မှာ ဒီလိုရေးခဲ့တယ်။
ဖတ်ပြီး စဉ်းစားပေးကြပါအုံး။
သန္ဓေဖျက်ချခြင်းနှင့်ပတ်သက်၍
အရှင်ဘုရား၏ အဖြေကို စောင့်ဖတ်နေပါသည်ဘုရား။
ထေရဝါဒဗုဒ္ဓဘာသာ၏ အမြင် ထင်ရှားစွာတွေ့ရပါသဖြင့် ကျေးဇူးတင်လှပါသည်ဘုရား။
တိဘက်ဗုဒ္ဓဘာသာခေါင်းဆောင် ဒလိုင်းလားမားကတော့
ထူးခြားသည့် အခြေအနေတွင် သန္ဓေဖျက်ချခြင်းကို
(သူတို့) ဗုဒ္ဓဘာသာက ခွင့်ပြုတယ် လို့ဆိုပါတယ်ဘုရား။
တစ်ခုတော့တင်ပြပါရစေဘုရား
မီးယပ်သားဖွားအထူးကု ဆရာဝန်ကြီးတို့၏ လုပ်ငန်းတာဝန်များထဲတွင်
Therapeutic Abortion ခေါ် မိခင်၏ အသက်ကိုကယ်ရန်
စသည့် အကြောင်းတို့ဖြင့် လိုအပ်ချက်ကုထုံးတစ်ရပ်အနေနှင့်
မလွဲသာ မရှောင်သာ ကိုယ်ဝန်ဖျက်ချပေးရသည် တို့ရှိပါသည် ဘုရား။
မီးယပ်သားဖွားအထူးကု ဆရာဝန်ကြီးတို့ ထဲ၌လည်း
ထေရဝါဒ ဗုဒ္ဓဘာသာဝင် တို့ ပါဝင်နေရာ၊
ဒီကိစ္စမှာ ဘာသာရေး အရ အပြစ်မကြီးအောင်
မည်သို့ဆောင်ရွက်သင့်သည်ကိုလည်း မိန့်တော်မူပါဦး ဘုရား။
Ref:
What Buddhists Believe by K Sri Dhammananda
ဓာတ်ပုံ။ dhammaweb.net

NOT TO DO ANY EVIL, TO DO GOOD, TO PURIFY THE MIND.
No comments:
Post a Comment