Friday, June 24, 2011

ကိုယ့်ကိုယ်ကို ပြန်သတ်ခြင်း

 ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်က MBC သတင်းဌာနက လွှင့်သွားတဲ့ TV သတင်းတစ်ပုဒ်ကို ကြည့်ရှုနားထောင်ရင်း ဆေးရုံက လူနာတစ်ယောက် ကိုယ့်ကိုယ်သတ်သေသွားတဲ့ သတင်းတစ်ပုဒ်ကို အထူးသတိပြု မိလိုက်ပါတယ်။ ဒီသတင်းနဲ့ဆက်စပ်ပြီး သတင်းကြေငြာသူက “ကိုရီးယားနိုင်ငံမှာ အခုလို ကိုယ့်ကိုယ်ကို သတ်သေမှုများ မကြာခဏ ဖြစ်လေ့ရှိကြောင်း၊ အခုလူနာဟာလည်း ဆေးရုံမှာ ရောက်နေပြီး လာရောက်ကြည့်ရှု အားပေးသူမရှိ တစ်ယောက်တည်း အထီးကျန်ဖြစ်ကာ စိတ်ဝေဒနာပါ ခံစားရလို့ ခုလို အဆုံးစီရင်သွားတာ ဖြစ်နိုင်ကြောင်း၊ ဒီလို ကိုယ့်ကိုယ်ကို သတ်သေသွားတာနဲ့ ပတ်သက်ပြီး လေ့လာသုံးသပ်ချက် စစ်တမ်းအရ ကိုးရီးယားနိုင်ငံမှာ မနှစ်က တစ်နှစ်တည်းကိုပဲ ကိုယ့်ကိုယ်ကို သတ်သေသွားသူပေါင်း တစ်သောင်းလေးထောင်ခန့်ရှိပြီး တစ်နေ့ကို (၃၈)ယောက်နှုန်းခန့် ရှိကြောင်း၊ အဆုံးစီရင်သူတွေထဲမှာ စိတ်ရောဂါတစ်ခုခုကြောင့် သတ်သေသူ အရေအတွက်က ပိုများကြောင်း…” စသဖြင့် သေဆုံးမှုနဲ့ ဆက်စပ်တဲ့ သတင်းကို ကြေငြာသွားပါတယ်။

ဒီသတင်းနားထောင်ပြီး ဘုန်းဘုန်းစိတ်မှာ အတွေးပေါင်းစုံ ရောက်လာပြန်ပါတယ်။ ကိုယ့်ကိုယ်ကို ပြန်သတ်ခြင်းနဲ့ ပတ်သက်ပြီး ရောက်တတ်ရာရာ တွေးနေမိရာက ဗုဒ္ဓစာပေမှာလာတဲ့ ကိုယ့်ကိုယ်ကို ပြန်သတ်တတ်တဲ့ အရာများအကြောင်း သတိရမိလိုက်ပါတယ်။ ငှက်ပျောသီး၊ ၀ါးသီး၊ ကျူသီး၊ အဿတိုရ်မြင်းမရဲ့ ကိုယ်ဝန်နဲ့ ပူဇော်သက္ကာရတွေဟာ ကိုယ့်ကိုယ်ကို ပြန်သတ်စေတဲ့ အရာတွေ ဖြစ်ကြောင်း သံယုတ်ပါဠိတော် ဒေ၀ဒတ္တသုတ်မှာ ပါရှိပါတယ်။ ငှက်ပျောသီးဟာ ငှက်ပျောပင်ကို ပြန်သတ်ကြောင်း၊ ၀ါးသီးက ၀ါပင်ကို ပြန်သတ်ကြောင်း၊ ကျူသီးက ကျူပင်ကို ပြန်သတ်ကြောင်း၊ အဿတိုရ်မြင်းမရဲ့ ကိုယ်ဝန်က သူ့ကိုပြန်သတ်ကြောင်း၊ ပူဇော်သက္ကာများက အလိုဆိုးရှိတဲ့သူမိုက်ကို ပြန်သတ်တတ်ကြောင်း ဒီသုတ်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဣတိဝုတ်ပါဠိတော်မှာတော့ ကျူသီးဟာ ကျူပင်ကို ပြန်သတ်သလို လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ အကုသိုလ် ဖြစ်ကြောင်း အခြေခံတရားတွေက ပုထုဇင်ပုဂ္ဂိုလ်တွေကို ပြန်သတ်တတ်ကြောင်း ဥပမာပေးပြီး ဟောပေးထားတာ ရှိပါတယ်။ ပြီးတော့ ဓမ္မပဒ တိဿတ္ထေရ၀တ္ထုမှာလည်း သံချေးဟာ သံကိုအမှီပြု ဖြစ်လာပြီး သံကိုပင် ပြန်ဖျက်သလို၊ မကောင်းမှုအမှုကို ကျူးလွန်ကျင့်ကြံသူကိုလည်း အဲဒီမကောင်းမှုက မကောင်းတဲ့ ဒုဂ္ဂတိဘ၀ရောက်အောင် ပြုလုပ်တတ်ကြောင်း ဖော်ပြပါရှိပါတယ်။ ဒါဟာ ဗုဒ္ဓစာပေမှာလာတဲ့ ကိုယ့်ကိုယ်ကို ပြန်သတ်တတ်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။

ဒီစာပေမှာ လာတဲ့ ကိုယ့်ကိုယ်ကို ပြန်သတ်တဲ့အရာတွေကို ဖတ်ပြီး ဘုန်းဘုန်းတို့ ငယ်ငယ်က ဘုန်းဘုန်းတို့ အိမ်ခြံဝန်းထဲမှာ စိုက်ထားတဲ့ ၀က်မလွတ် ငှက်ပျောခိုင်များ ခုတ်တုန်းက အဖြစ်လေးကို ပြန်မြင်ယောင်မိပါသေးတယ်။ ငှက်ပျောခိုင်ခုတ်ပြီး ငှက်ပျောပင်ပါ တစ်ခါတည်း ခုတ်လှဲပစ်တဲ့ ခမည်းတော် ဒကာကြီးကို ကလေးအတွေးနဲ့ “အဖေ ဘာဖြစ်လို့ ငှက်ပျောပင်ကိုပါ ခုတ်ပစ်လိုက်တာလဲ…”လို့ မေးတော့ “ငှက်ပျောဆိုတာ တစ်ခါပဲသီးတာ၊ တစ်ခါသီးပြီးတာနဲ့ အဲဒီအပင် နောက်မသီးတော့ဘူး၊ မသီးမယ့်အတူတူ ခုတ်လှဲပစ်တာက ပြီးရောပေါ့၊ မခုတ်လည်း သူ့ဟာသူသေမှာပဲ၊ အဲဒါပဲပေါ့ကွ.. သူ့အတက်က သူ့ကိုယ်ပြန်စူးတယ်ဆိုတာ၊ ဒီငှက်ပျောသီးကြောင့် ငှက်ပျောပင်လည်း သေရတာပဲ”လို့ ဒကာကြီးက ရှင်းပြပေမယ့် အဲဒီတုန်းက ကလေးဘ၀ဆိုတော့ ကောင်းကောင်း သဘောမပေါက်ခဲ့မိပါဘူး။

ခုဗုဒ္ဓစာပေအဖွင့်တွေ သိရတော့မှပဲ ငှက်ပျောတင်မဟုတ်၊ ကျူး၊ ၀ါးတွေလည်း ကိုယ့်ကိုယ်ကို ပြန်သတ်တတ်တဲ့ အကြောင်း၊ အဿတိုရ်မြင်းကို ကိုယ်ဝန်ဆောင်တဲ့ မြင်းမကျပြန်တော့လည်း အဿတိုရ်ဟာ အာဇာနည်မြင်း ဖြစ်တဲ့အတွက် ဒီမြင်းကို မွေးပြီး မိခင်မြင်းမဟာ သေလေ့ရှိတဲ့အတွက် သူလည်း ကိုယ့်ကိုယ်ကို ပြန်သတ်တဲ့ သဘောရှိတဲ့အကြောင်း၊ အထူးသဖြင့် ပူဇော်သက္ကာရက ဒီအပေါ်မှာ စိတ်ထားမတတ်ရင် ဒီပူဇော်သက္ကာရကပဲ အပူဇော်ခံပုဂ္ဂိုလ်ရဲ့ စိတ်ကိုဖျက်စီးပြီး လောဘ၊ ဒေါသ၊ မောဟတရားတွေနဲ့ ပစ္စုပ္ပန် သံသရာ ကောင်းကျိုးတွေကို သတ်ပစ်တတ်တဲ့အကြောင်း၊ ပြီးတော့ သံချေးဟာ သံကိုအမှီပြု ဖြစ်ခဲ့ပေမယ့် နောက်ဆုံးတော့ အဲဒီသံကို သံချေးကပဲ ပြန်ဖျက်သလို မကောင်းမှု အကုသိုလ်ကျင့်တဲ့သူကို အဲဒီမကောင်းမှုကပဲ မကောင်းတဲ့အဖြစ်ကို ရောက်စေတတ်ကြောင်း စသဖြင့် ကောင်းကောင်း သဘောပေါက်မိခဲ့ပါတယ်။

ဒီစာပေ အဖွင့်တွေ ကြည့်လိုက်တော့ လူတွေဟာ အသတ်လွဲနေတာပါလားလို့ စဉ်းစားနေမိပါသေးတယ်။ အကြောင်းကြောင့် အကျိုးဖြစ်တဲ့သဘောမှာ အကြောင်းကို မသတ်ဘဲ အကျိုးကို လိုက်သတ်နေကြပါလားလို့ တွေးနေမိပါတယ်။ သူတို့လုပ်သလို ကိုယ်ကိုယ်ကို ပြန်သတ်လိုက်ရုံနဲ့ ပြီးသွားပြီး နောက်ထပ်ဘ၀ မရှိတော့ဘူးဆိုရင်တော့ တစ်မျိုးပေါ့။ မပြီးသေးဘူးဆိုရင်တော့ ဒီဘ၀သတ်လို့ သေသွားလည်း နောက်ဘ၀ထပ်ဖြစ်ဦးမှာပါပဲ။ အဲလို ထပ်ဖြစ်တဲ့အခါကျမှ ဒီဘ၀ထက် နိမ့်ကျတဲ့ဘ၀ကို ရောက်သွားပြီဆိုရင်တော့ ကိုယ်ကမသတ်ရဘဲ ကိုယ့်ကိုသတ်သူတွေနဲ့ ထပ်တွေ့နေဦးမှာ ဖြစ်ပါတယ်။ လူ့ဘ၀ကြီးကို စိတ်ကုန်လို့ သတ်ပစ်လိုက်ကာမှ နောက်ပြန်ဖြစ်လာတဲ့ ဘ၀က တိရိစ္ဆာန်ဘ၀၊ ပြိတ္တာဘ၀ စတာတွေ ပြန်ဖြစ်လာခဲ့ရင်တော့ အထက်ပြန်တက်ဖို့ မလွယ်နိုင်သလို တိရိစ္ဆာန်ဘ၀ဆိုရင်လည်း သူများက သတ်ဖြတ်စားနေတာကို ခံရင်း နောက်ပြန်ဖြစ်၊ ပြန်ခံနဲ့ ပိုလို့တောင် ဆိုးနေပါဦးမယ်။

အမှန်တော့ တကယ်သတ်ရမှာက ကိုယ့်ကိုယ်ကို သတ်ရမှာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ပြန်သတ်စေတဲ့ သူ့ကို သတ်ရမှာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ပြန်သတ်မှုကို ဖြစ်စေတဲ့ အကြောင်းတရားကို သတ်ရမှာ ဖြစ်ပါတယ်။ ဗုဒ္ဓစာပေမှာ လာတဲ့အတိုင်း ကိုယ့်ကိုယ်ကို ပြန်သတ်စေတဲ့ အကြောင်းတွေ ဖြစ်တဲ့ လောဘ၊ ဒေါသ၊ မောဟတရားတွေကို သတ်ရမှာဖြစ်ပါတယ်။ ဒီလောဘ၊ ဒေါသ၊ မောဟ တရားသုံးပါးဟာ ပုထုဇင်သတ္တ၀ါတွေကို အမျိုးမျိုးနှိပ်စက်ကာ အမျိုးမျိုးဒုက္ခပေးလေ့ ရှိတဲ့ ဒုက္ခဖြစ်ကြောင်း တရားတွေဖြစ်ပါတယ်။ ဒီဒုက္ခတွေ ဖြစ်နေတယ်ဆိုတာ ဒီအကြောင်းတရားတွေကြောင့် ဖြစ်တဲ့အတွက် ဒုက္ခမဖြစ်ချင်ရင် အကြောင်းကို သတ်ရမှာဖြစ်ပါတယ်။ အကြောင်းသတ်မှ အကျိုးပြတ်မှာ ဖြစ်ပါတယ်။ အဲလိုမှ မဟုတ်ဘဲ အကြောင်းကို မသတ်ဘဲ ဖြစ်ပေါ်နေတဲ့ အကျိုးကို သတ်နေလို့ကတော့ သစ်ပင်တစ်ပင်ကို သေအောင်သတ်တဲ့သူလို အမြစ်ကိုလှန်ပြီး သတ်ရမယ့်ဟာကို အမြစ်လှန် မသတ်ဘဲ အပေါ်အကိုင်းအခက်တွေပဲ လိုက်သတ်နေလို့ကတော့ သစ်ပင်ဟာ အညွန့်တလူလူနဲ့ ပိုလို့တောင် တက်ကောင်းနေသလို ဖြစ်နေတတ်ပါတယ်။ အရေးကြီးတာက အမြစ်ကို သတ်မှ အကုန်သေမှာ ဖြစ်ပါတယ်။

လောဘအားကြီးလွန်းတဲ့အတွက် တစ်ချို့က လောဘနောက်ကိုလိုက်ရင်း အဆုံးမသတ်နိုင်ဖြစ်ပြီး လိုသလို မဖြစ်တဲ့အခါ မထူးပါဘူးဆိုကာ ကိုယ့်ကိုယ်ကို သတ်လိုက်တဲ့ အဖြစ်၊ ဒေါသအားကြီးတဲ့ အတွက် ဒေါသအလျောက် စိတ်လိုက်မာန်ပါ လုပ်မိရာက အမှားများဖြစ်ပြီး နောက်ဆုံး ဒီဒေါသကြောင့်ပဲ ကိုယ့်ကိုယ်ကို ပြန်သတ်မိတဲ့အဖြစ်၊ မောဟအားကြီးတဲ့ အခါကျတော့လည်း အမှားအမှန်ကို မခွဲခြားနိုင်ဖြစ်ကာ အမှားကို အမှန်ထင်ပြီး လိုက်လုပ်မိရာမှ မထိန်းနိုင်မသိမ်းနိုင် ဖြစ်ကာ နောက်ဆုံး ကိုယ့်ကိုယ်ကို ပြန်သတ်တဲ့အထိ ဖြစ်ကုန်တော့တာ ဖြစ်ပါတယ်။ အရင်းစစ်တော့ ကိုယ့်ကိုယ်ကို ပြန်သတ်ဖြစ်နေကြတာဟာ ဒီလောဘ၊ ဒေါသ၊ မောဟတရားများကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် တကယ်သတ်ရမှာက ကိုယ့်ကိုယ်ကို မဟုတ်ဘဲ ကိုယ့်ကိုယ်တွင်းမှာရှိတဲ့ ဒီလောဘ၊ ဒေါသ၊ မောဟတရားတွေကို သတ်ရမှာလို့ ဆိုခြင်း ဖြစ်ပါတယ်။

တကယ်သတ်သင့်တဲ့ ကိုယ်တွင်းကိလေသာတွေကို မသတ်ဘဲ ရုပ်တရားဖြစ်တဲ့ ဒီခန္ဓာကိုယ်ကြီးကို သတ်နေလို့ကတော့ အလေ့ကျပေါက်တဲ့ မျက်ပင်တွေလို သတ်လေရှင်လေ၊ ဖြတ်လေတက်လေပဲ ဖြစ်နေမှာ ဖြစ်ပါတယ်။ အမှန်တကယ် ဒုက္ခတွေကို ငြီးငွေ့လို့ ဒုက္ခငြိမ်းရာ ရောက်အောင် သတ်ချင်တယ်ဆိုရင်တော့ ခန္ဓာကိုယ် ရုပ်တရားတွေကို သတ်နေလို့ မရပါဘူး။ ကိုယ့်ရဲ့ကိုယ်တွင်းမှာ ဖြစ်ပေါ်နေတဲ့ လောဘ၊ ဒေါသ၊ မောဟစတဲ့ ကိလေသာတရားများကို သတ်မှတကယ့် ဒုက္ခငြိမ်းမှာ ဖြစ်ပါတယ်။ အပြင်ပိုင်းရုပ်တရားတွေကို သတ်ဖို့လွယ်ပေမယ့် အတွင်းကိလေသာ တရားများကိုတော့ သတ်ဖို့ခက်လှပါတယ်။ ဒီအတွင်း ကိလေသာတွေကို သတ်ဖို့အတွက်ကတော့ ဉာဏ်လက်နက်တစ်ခုနဲ့ပဲ သတ်နိုင်ပါလိမ့်မယ်။ ၀ိပဿနာအားထုတ်လို့ ဖြစ်ပေါ်လာတဲ့ ဉာဏ်လက်နက် တစ်ခုတည်းနဲ့ပဲ ဒီအတွင်း ကိလေသာတွေကို အမြစ်ပြတ် ချေမှုန်းသတ်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ပြန်သတ်ကြရာမှာ ကိုယ့်ရဲ့ရုပ်တရားကို ပြန်သတ်ဖို့ မဟုတ်ဘဲ အတွင်းမှာရှိတဲ့ ကိလေသာတရားတွေကို သတ်ရမှာလို့ ဆိုခြင်းဖြစ်ပါတယ်။

ဆိုလိုတာက ဘ၀မှာ ဒုက္ခတွေ ဒီလောက်ဖြစ်နေတာ ဒီဘ၀ဒီခန္ဓာကြောင့်ဖြစ်ပြီး ဒီခန္ဓာမရှိရင်၊ ဒီအသက် သေသွားရင်၊ ဒီဘ၀ပြီးသွားရင် ပြီးတာပဲဆိုတဲ့ အတွေးတွေနဲ့ ဒုက္ခတွေငြိမ်းချင်၊ ဒုက္ခတွေက လွတ်မြောက်ချင်တဲ့ အတွက် ကိုယ့်ကိုယ်ကို သတ်သေကြသူတွေ အနေနဲ့ ခန္ဓာကိုယ် ရုပ်တရားကို သတ်နေရုံနဲ့ တကယ့်ဒုက္ခတွေ မငြိမ်းနိုင်ကြောင်း၊ တကယ်ဒုက္ခငြိမ်းချင်ရင် ဒုက္ခဖြစ်ကြောင်း အကြောင်းတရားကို ရှာပြီး သတ်ရမှာဖြစ်ကြောင်၊ အကြောင်းမသတ်ဘဲ အကျိုးသတ်နေလို့ကတော့ သစ်ပင်ပန်းပင်လေးတွေကို အဖျားကနေဖြတ်ပြီး သေအောင်သတ်နေတဲ့ ပုဂ္ဂိုလ်လို သတ်လေရှင်လေသာ ဖြစ်နေမှာ ဖြစ်ကြောင်း စသဖြင့် ဆိုလိုရင်း ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ပြန်သတ်ချင်ရင်လည်း ကိုယ့်ကိုယ်တွင်းမှာရှိတဲ့ ကိလေသာတွေကို ပြန်သတ်နိုင်အောင် ကြိုးစားခြင်းကသာ တကယ့်အစစ်အမှန် သတ်နည်းဖြစ်ကြောင်း သဘောပေါက်စေလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် ဘ၀မှာ ဒုက္ခပေါင်းစုံနဲ့ ရင်ဆိုင်ကြုံတွေ့ နေရတဲ့သူတွေ အနေနဲ့ ဒီဒုက္ခတွေ အမှန်တကယ် ငြိမ်းလိုလို့် တစ်ဘ၀ တစ်ခါပြီးရင် ပြီးတာပဲ ဆိုတဲ့အတွေးနဲ့ ကိုယ့်ကိုယ်ကို ပြန်သတ်ကြခြင်းဟာ အမှန်တကယ် ဒုက္ခငြိမ်းရာ လမ်းစဉ်မဟုတ်ဘဲ ဒုက္ခရှည်ရာရှည်ကြောင်း ဖြစ်နေတဲ့အတွက် ဒီလို ကိုယ့်ကိုယ်ကို ပြန်သတ်တာတွေက ရှောင်ကြဉ်ပြီး အမှန်တကယ် သတ်သင့်တဲ့ ဒုက္ခဖြစ်ကြောင်း အကြောင်းတရား ကိလေသာများကို ဉာဏ်လက်နက်နဲ့ဖြတ်ကာ သတ်နိုင်အောင် ကြိုးစားခြင်းကသာ မှန်ကန်တဲ့လမ်းကြောင်းဖြစ်လို့ ဒီလမ်းစဉ်အတိုင်းသာ လျှောက်လှမ်းကြဖို့ တိုက်တွန်းလိုရင်း ဖြစ်ပါတယ်။ အကြောင်းကြောင့် အကျိုးဖြစ်တဲ့ သဘောမှာ အကြောင်းကို ရှာပြီး သတ်နိုင်မှသာ အကျိုးတရားလည်း ကင်းမှာဖြစ်တဲ့အတွက် ဒုက္ခဖြစ်ကြောင်း အကြောင်းတရားများဖြစ်တဲ့ ကိလေသာတရားတွေကိုသာ ရှာပြီး သတ်ကြပါလို့ အကြံပြု တိုက်တွန်းလိုက်ရပါတယ်။ အားလုံး အသတ်မှန်လို့ အမှန်သတ်နိုင်ကြပါစေ..

No comments:

Post a Comment