Monday, June 27, 2011

ရဟန်းရဲ့ တန်ဖိုး

ထေရဝါဒ ဗုဒ္ဓဘာသာ မြန်မာ သင်္ဃန်းဝတ် ပုဂ္ဂိုလ်တစ်ဦး

ပုထုဇဉ်ရဟန်းလေးတပါး ကိုရင်လေး တစ်ပါး ဆိုရင် တချို့သောသူများက အထင်သေးတတ်ကြပါတယ်။ ပုထုဇဉ်ကိုရင် ရဟန်းလေးတွေက ဆွမ်းခံရင်း စာပဲသင်ရုံရှိသေးတာပဲ..တရားမှမဟောပြောနိုင်သေးတာ..ဘွဲ့ကြီးတွေမှ မရသေးတာပဲဆိုပြီး…တန်ဖိုးမထားတတ်ကြပါဘူး။ တကယ်တော့ ဒီကိုရင်လေး..ရဟန်းတော်လေး ဘ၀ကနေပဲ..သီလ သမာဓိ ပညာနဲ့ ပြည့်စုံတဲ့ ရဟန်းတော်ကြီးများ ဘ၀ကို ရောက်သွားရတာပါပဲ။ ဒီကိုရင် ရဟန်းလေးများဟာလည်း..သာသနာအဆက်အနွယ်ကို ထိန်းသိမ်းထားတာပါ။ သာသနာ့အဆက်အနွယ်ကို ထိန်းထားတယ်ဆိုတာ ဓမ္မအစစ်တွေကို သင်ယူရင်း ထိန်းသိမ်းထားတာပါ။ ဓမ္မအမှန်တရားတွေကို မပျောက်အောင် ထိန်းသိမ်းနေတယ်ဆိုတာဟာ..အများအကျိုးကို ဆောင်ရွက်နေခြင်းပါပဲ။

ဒီကိုရင် ရဟန်းလေးများဟာ ဘယ်လောက် မြင့်မြတ်သလဲ တန်ဖိုးကြီးမားဆိုတာကို ပေါ်လွင်အောင် ကျွန်တော် သီတဂူဆရာတော်ဘုရားကြီးရဲ့ ရဟန်းတပါး၏ တန်ဖိုး တရားတော်ထဲက အချက်များနဲ့ ကောက်နုတ်ဖော်ပြလိုက်ပါတယ်.

အိမ်နေသူ လူပုဂ္ဂိုလ်တစ်ယောက်ဟာ အရိယာအဆင့် သောတပန် သကဒါကမ် မပြောနဲ့ အနာဂါမ်ထိပဲဖြစ်နေပါစေ..ဒီကိုရင်အသစ်ကလေး..ရဟန်းအသစ်ကလေးတွေကို ရှိခိုးရပါတယ်။ သောတပန်အဆင့်ကိုတောင် မဖြစ်သေးတဲ့သူအတွက်တော့ ထည့်ပြောစရာတောင် မလိုတော့ပါဘူး။ လူပုဂ္ဂိုလ်ဘ၀မှာဆိုရင် အနာဂါမ်အဆင့်ဟာ အမြင့်ဆုံးပါပဲ ရဟန္တာအဖြစ်ကိုရောက်ခဲ့ရင်လည်း ရဟန်းဘ၀ကို ပြောင်းကို ပြောင်းရပါတယ်။ ဒါကြောင့် အိမ်နေသူဟာ ရဟန္တာအဖြစ်နဲ့ ရပ်တည်လို့မရပါဘူး။

ဟန်ဆောင်ကင်းမှု၊ ပွင့်လင်းမှု၊ ရိုးသားမှု၊ လောဘ ဒေါသ မောဟ ကင်းမှု

ပုထုဇဉ်ရဟန်းတော်လေးတွေ ဘာတွေအားသာချက်တွေရှိသလဲဆိုတော့ ..

ဖန်ရည်ဆိုးသော အ၀တ် (သင်္ကန်း)ကို ၀တ်ရုံထားခြင်း
ဆံပင်/မုတ်ဆိတ် ကြင်စွယ်တို့ကို ရိတ်ထားခြင်း
ဒီနှစ်ချက်ကို ပဲ အသွင်အပြင်နဲ့ပက်သက်ပြီး အားသာချက်လို့ခေါ်ပါတယ်။

ဒီလိုအသွင်အပြင်ပြောင်းလိုက်ရုံနဲ့ကိုပဲ ရှိခိုးထိုက်သွားပါတယ်။ ဘုရားရှင် မြတ်ဗုဒ္ဓရဲ့ အလိုတော်မှာလည်း တည်သွားပါတယ်။ မြတ်ဗုဒ္ဓဖြစ်စေချင်တာဟာ..ဒီလိုအသွင်အပြင်ပါပဲ။ အဲတော့ မြတ်ဗုဒ္ဓအလိုတော်မှာတည်နေတဲ့သူကို မတည်နိုင်သေးတဲ့သူက ရှိခိုးရပါတယ် တန်ဖိုးထားရပါတယ်ဆိုတာ သဘာဝကျပါတယ်။
ထိုပုထုဇဉ်ရဟန်းလေးဟာ ရဟန္တာကြီးများနဲ့ အသွင်အပြင် အားဖြင့် တူခြင်း (အတူတတန်းထဲ နေရာယူနိုင်ခြင်း၊ ဆွမ်းအတူဘုန်းပေးနိုင်ခြင်း)
မွန်မြတ်သော အဖွဲ့အစည်း အစည်းအဝေးထဲသို့ ၀င်ရောက်ခွင့်ရှိခြင်း။ (ရဟန္တာကြီးများ သိမ်တက်နေရင်သော်လည်းကောင်း၊ အစည်းအဝေးလုပ်နေရင်သော်လည်းကောင်း ပုထုဇဉ်ရဟန်းလေး ဖြစ်နေပါစေ သူဟာ ၀င်ရောက်ခွင့်ရှိပါတယ်)
ပုထုဇဉ်ရဟန်းတို့သည် အာဏာပါတိမောက် ရွတ်ဆိုနေခြင်းကို နာယူခွင့်ရှိခြင်း (အိမ်နေသူဟာ အရိယာကြီးဖြစ်နေပါစေ ဒီလိုအခါမျိုးမှာ ၀င်ရောက် မနာယူနိုင်ပါဘူး)
လူပုဂ္ဂိုလ်စောင့်ထိန်းနိုင်တာထက် သိသိသာသာ များပြားလှသော သီလ သိက္ခာပုဒ်များကို စောင့်ထိန်းထားရခြင်း။
ပုထုဇဉ်ရဟန်းလေးပဲဖြစ်နေပါစေ အခြားသူများကို ရှင်ပြုပေးနိုင်ခြင်း ရဟန်းခံပေးနိုင်ခြင်း၊ သိမ်သမုတ်ပေးနိုင်ခြင်း။ ဒီလို သူတပါးကို ရှင်သာမဏေပြုပေးနိုင်တဲ့ အခွင်အရေးအာဏာဟာ သာသနာကို တိုးပွားစေတာပါပဲ။

တည်ငြိမ်မှု၊ အိနြေ္ဒရမှု

ရဟန်းတစ်ပါး၏တန်းဖိုး - သီတဂူဆရာတော်ဘုရားကြီး

ဒါက သီတဂူဆရာတော်ဘုရားကြီးတရားတော်ထဲက..ဆရာတော်ကြီး အကျဉ်းချုပ် ဟောသွားတဲ့ ရဟန်းတို့ရဲ့တန်ဖိုး (၇)ချက်ပါပဲ။
ဆရာတော်ဘုရားကြီးကတော့ အချိန်ကိုငှဲ့ကွက်ပြီး (၇)ချက်ပဲ ဟောသွားတာပါ။ တကယ်တော့ အိမ်နေသူ အရိယာကြီးထက် ပုထုဇဉ်ရဟန်းလေးရဲ့ အားသာချက်ပေါင်း (၂၂)ချက် ရှိပါတယ်။
အသွင်အပြင် အားဖြင့် (၂)ချက် နဲ့ ကျင့်ဝတ်အားဖြင် (၂၀) ရှိပါတယ်။

ကြည်ညိုချင်စရာကောင်းမှု၊ သိက္ခာရှိမှု၊ တရားပြည့်စုံမှု

အသွင်အားဖြင့် နှစ်ချက်ကိုတော့ ဖော်ပြထားပြီးပြီဖြင့်လို့ ကျင့်ဝတ်နှစ် ဆယ်အား သာချက်တွေ ကို ဖော်ပြလိုက်ပါတယ်။

တရားဘာဝနာ၌ မွေ့လျော်ခြင်း
တစ်လ နှစ်ကြိမ် ဥပုသ်ပြုခြင်း
ဆွမ်းခံခြင်း
ကောင်းမွန်စွာ ၀တ်ရုံနေထိုင်ခြင်း
စက္ခု စသောဣနြေ္ဒကို စောင့်စည်းခြင်း
ကိုယ်နှုတ်နှလုံးကို စောင့်စည်းခြင်း
အချမ်းအပူစသည်ကို သည်းခံခြင်း
ကောင်းသော အကျင့်၌ မွေ့လျော်ခြင်း
တစ်ပါးတည်း တရားကျင့်ခြင်း
တစ်ပါးတည်း မွေ့လျော်ခြင်း
တစ်ပါးတည်း ကိန်းအောင်းခြင်း
မကောင်းမှုမှ ရှက်ခြင်း
မကောင်းမှုကို ကြောက်ခြင်း
ကောင်းမှုကို ပြုစုအားထုတ်ခြင်း
ကုသိုလ်ကောင်းမှု ၌ မမေ့မလျော့ မပေါ့ဆခြင်း
သိက္ခာပုဒ်ကို ကောင်းစွာခံယူခြင်း
ဘုရားဟော ပါဠိတော်ကို သင်ယူခြင်း
အဋ္ဌကထာကို သင်ယူခြင်း
သီလစသော သိက္ခာသုံးပါး၌ မွေ့လျော်ခြင်း
တပ်မက်မောမှု ကင်းလွတ်ခြင်း

စာမျက်နှာ ၁၆၃၊ မိလိန္ဒပဥှာ (မိလိန္ဒမင်းကြီး နှင် အရှင်နာဂသိန် အမေးအဖြေ)

ဒီလိုအချက်များကြောင့် လူပုဂ္ဂိုလ်အရိယာကြီးများဟာ ရဟန်းတော်လေးများကို ရှိခိုး တန်ဖိုးထားရခြင်းဖြစ်ပါတယ်။

တရားတွင်မွေ့လျော်မှု၊ ကျင့်ကြံအားထုတ်မှု

လူပုဂ္ဂိုလ်အရိယာတောင်မှ ရှိခိုးရတာဆိုတော့ အရိယာအကျင့်မကျင့်သေးနိုင်တဲ့သူဟာ ရှင်ဘုရင်ပဲဖြစ်ဖြစ် လူချမ်းသာကြီးပဲဖြစ်ဖြစ် ဘာကြီးပဲဖြစ်နေဖြစ်နေ..ဘယ်သူမဆို…ရဟန်းတော်လေးတွေကို တန်ဖိုးထားရမယ်ဆိုတာ သိသာထင်ရှားသွားပါပြီ။

သာသနာ(၃)ရပ်ကို အဆက်ဆက် ဆင့်ကာဆင့်ကာ သယ်ဆောင်ပေးခဲ့တာ ထိုရဟန်းများပဲ မဟုတ်ပါလား….ခင်ဗျား…
သာသနာတော်အစဉ်မပြတ် တည်တံ့နေပါစေ…………



(ကျွန်တော်ဘယ်တော့မှကမ္ဘာမကျေဘူး တဲ့)

ကိုယ်နှုတ်နှလုံးကို စောင့်စည်းခြင်း မရှိ

တရားဘာဝနာ၌ မွေ့လျော်ခြင်း မရှိ

ကောင်းမွန်စွာ ၀တ်ရုံနေထိုင်ခြင်း မရှိ

စက္ခု စသောဣနြေ္ဒကို စောင့်စည်းခြင်း မရှိ

သိက္ခာပုဒ်ကို ကောင်းစွာခံယူခြင်း မရှိ

ဘုရားဟော ပါဠိတော်ကို သင်ယူခြင်း မရှိ

အဋ္ဌကထာကို သင်ယူခြင်း မရှိ

သီလစသော သိက္ခာသုံးပါး၌ မွေ့လျော်ခြင်း မရှိ

တစ်ပါးတည်း တရားကျင့်ခြင်း မရှိ

တစ်ပါးတည်း မွေ့လျော်ခြင်း မရှိ

တစ်ပါးတည်း ကိန်းအောင်းခြင်း မရှိ

Posted by Shwe Yee


Comment:
အရှင်ဇ၀န ဟောထားတဲ့ တရားတစ်ပုဒ်ထဲမှာ နာဖူးပါတယ်။ ဆရာတော်ပြောတာက ဘုရားလက်ထက်တုန်းကလည်း အခုခေတ်လိုမျိုး သံဃာတွေတောင်မှ ဂိုဏ်းတွေဖွဲ့ပြီး နေသူတွေရှိတယ်တဲ့။ အဲဒီဂိုဏ်းသံဃာတချို့ သီတင်းသုံးတဲ့ကျောင်းမှာ သတ်မှတ်ထားတာက ဆွမ်းစားလာပင့်တဲ့အခါ ကျောင်းတစ်ကျောင်းလုံးမှာရှိတဲ့ သံဃာတွေအလှည့်ကျ ဆွမ်းစားကြွဖို့ပါပဲ။ အဲဒီဂိုဏ်းရဟန်းတွေဟာ ဆိုးလွန်းလို့ လူ့အော်ကြောလံတွေ ဖြစ်နေကြပါတယ်တဲ့။ တစ်နေ့မှာတော့ သူဋ္ဌေးတစ်ဦးဟာ သူ့အိမ်မှာ သံဃာတစ်ချို့ ဆွမ်းစားကြွဖို့ လာပင့်ဖိတ်တယ်။ သူဋ္ဌေးရင်ထဲမှာကလည်း ဂိုဏ်းရဟန်းတွေ မဖြစ်ပါစေနဲ့ဆိုပြီး ရင်တထိတ်ထိတ်နဲ့ပေါ့။ ဒါပေမယ့် ကျောင်းထိုင်ဆရာတော်က စစ်ဆေးကြည့်တော့ ဒီတစ်ခါ ပင့်အိမ်ကြွဖို့ အလှည့်ကျတဲ့ ရဟန်းတွေကတော့ ဂိုဏ်းဝင်ဆိုးသွမ်းတဲ့ ရဟန်းတွေပဲ ဖြစ်နေပါတယ်။ သူဋ္ဌေးလည်း တော်တော်စိတ်ပျက်သွားတယ်။ သတ်မှတ်ထားတဲ့စည်းကမ်းမို့ ဘယ်လိုမှငြင်းပယ်မရဘဲ ပြန်လာခဲ့ရတယ်။ ဆွမ်းဖိတ်တဲ့ရက်ရောက်တော့ ကြွလာတဲ့ရဟန်းတွေကို အစကတည်းက အမြင်မကြည်တော့ ကောင်းကောင်းမွန်မွန် ခရီးဦးမကြိုမိဘူး။ အဲဒါကို သည်းမခံနိုင်တဲ့ ဂိုဏ်းရဟန်းတွေက ငါတို့ကို သူ့အိမ်ဖိတ်ပြီး အရှက်ခွဲတယ်ဆိုကာ ရန်ငြှိုးဖွဲ့ပြီး အဲဒီတကာသူဋ္ဌေးကို ဒုက္ခပေးတဲ့အထိပါပဲ။

အဲဒီနေရာမှာ ဆရာတော်အရှင်ဇ၀န သတိပေးဆုံးမသွားတာက ရဟန်းတစ်ပါးဟာ အကျင့်သီလမရှိ ကြည်ညိုစရာမကောင်းအောင် ကျင့်ကြံနေထိုင်နေပေမယ့် သာသနာတော်ရဲ့ သင်္ကန်းကို ဆင်မြန်းထားတယ်ဆိုရင်ပဲ သူဟာ ဘုရားရဲ့သားတော် သာသနာရဲ့ သံဃာအပေါင်းကို ကိုယ်စားပြုပြီးသား ဖြစ်နေပါတယ်တဲ့။ အဲဒီတော့ သူဟာ ဘယ်လိုအကျင့်သီလပဲရှိရှိ အဲဒါက သူ့ကိစ္စပါ။ အဲဒါကိုမှ ကိုယ်က သူကရဟန်းဖြစ်ပြီး အကျင့်သီလနဲ့ မပြည့်စုံလို့ မရိုမသေသွားဆက်ဆံမိရင် ကိုယ်ပဲ ငရဲရောက်မှာပါ။ အဲဒါကိုမှ ကိုယ်က သူဘယ်လိုပဲ ဖြစ်နေပါစေ။ သူဟာ သံဃာအားလုံးကို ကိုယ်စားပြုထားတဲ့ သံဃာတစ်ပါးဖြစ်လို့ သံဃာ့ဂုဏ်ကို ရည်ညွှန်းပြီး ပြုစုလှူဒါန်းရင် ပုံမှန်သံဃာတစ်ပါးကို လှူဒါန်းရသလိုပဲ အကျိုးများပါလိမ့်မယ်တဲ့။ အဆိုးရွားဆုံးပြောရရင် သင်္ကန်းဝတ်ထားတဲ့ သံဃာဟာ သံဃာအတုအယောင်တစ်ပါးပင် ဖြစ်နေပါစေ။ ကိုယ်က သံဃာဂုဏ်ကိုသာ ရည်မှန်းပြီး ဆက်ကပ်လှူဒါန်းရင် တကယ်အကျိုးများပါတယ်တဲ့။

အပေါ်ကပုံဝတ္ထုမှာ ပင့်ဖိတ်တဲ့သူဋ္ဌေးကသာ စိတ်ထားတတ်လို့ သံဃာ့ဂုဏ်ကို ရည်စူးပြီး လှူဒါန်းခဲ့ရင် ရန်ငြှိုးဖွဲ့ဒုက္ခပေးခြင်းတွေ မခံရတဲ့အပြင် သံဃာကိုဆွမ်းကပ်တဲ့ မြင့်မြတ်တဲ့ ဆွမ်းကုသိုလ်ကို အပြည့်အ၀ရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် အချုပ်ပြောရရင် အလှူခံရဟန်းဟာ အကျင့်သီလပြည့်စုံသည်ဖြစ်စေ၊ မပြည့်စုံသည်ဖြစ်စေ၊ ရဟန်းအစစ်ဖြစ်စေ၊ အတုအယောင်ဖြစ်စေ၊ ကိုယ်က အဲဒါတွေကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ ဘယ်သို့၊ ဘယ်ဝါ ဆင်ခြင်ခြင်း မပြုကြဘဲ သံဃာ့ဂုဏ်ကိုသာ ရည်မှန်းပြီး လှူဒါန်းကြရင် အကျိုးကျေးဇူးတွေ များလှပါတယ်လို့ ဟောကြားထားတာ နာယူဖူးပါတယ်။ ဟိုတစ်လောက ဖတ်လိုက်ရတဲ့ ပို့စ်လေးတစ်ခုထဲမှာ ရဟန်းတွေကို ပွဲလမ်းသဘင်တွေမှာ မြင်တွေ့နေရတာ မဟုတ်လှဘူး။ မင်းကြီးသတိပေးတော်မူပါဆိုပြီး မူးမတ်တွေက လျှောက်ထားကြတော့ ဘုရင်မင်းကြီးက ရဟန်းတွေဟာ များပြားလှတဲ့ ၀ိနည်းသိက္ခာပုဒ်တွေကို စောင့်ထိန်းရင်း တရားပိဋ္ဋကတ်တော်တွေကို ဖတ်မှတ်ရတာ များပြားလှပါတယ်။ ငါကိုယ်တော်မြတ်ကတော့ ရဟန်းတော်တွေ မိန်းမ မယူဘဲနေကြတဲ့ အကျင့်သီလတစ်ခုနဲ့တင် ကြည်ညိုလေးစားစရာ ကောင်းနေပါပြီဆိုပြီး ပြန်လည်ဖြေရှင်းပေးတော်မူပါတယ်။ 



ပုထုဇဉ်အချင်းချင်း စဉ်းစားကြည့်ရင် ကိုယ်ချင်းစာတတ်စေချင်ပါတယ်။ ကိုယ်တောင်မှ စာမေးပွဲလေးတစ်ခုပြီးရင် စိတ်ရော၊ လူရော ပင်ပန်းလွန်းလို့ အနားယူလို့မဆုံး ဖြစ်ကြရတာ။ ပုထုဇဉ်ရဟန်းသံဃာတွေမှာ များမြောင်လှတဲ့ ၀ိနည်းသိက္ခာပုဒ်တွေကို စောင့်ထိန်းရတဲ့အပြင် တရားပိဋ္ဋကတ်တော်တွေကိုလည်း တစ်ဖက်မှာ မကုန်ဆုံးနိုင်အောင် မနားမနေ ကျက်မှတ်လေ့လာနေရတာပါ။ တစ်ခါတစ်လေ ပွဲလမ်းသဘင်ကြည့်မိရုံနဲ့ ဒီရဟန်း အကျင့်သီလမရှိဘူးဆိုပြီး မရိုမသေမပြုသင့်ပါဘူး။ ရဟန်းတွေက အဲဒီလိုသေးငယ်တဲ့အမှုတွေကို အာပတ်(အပြစ်) ဖြေလိုက်ရင် ပြေပျောက်သွားတတ်ပါတယ်။ ပြစ်မှားမိတဲ့ကိုယ်ကသာ ငရဲမှာ ကျောက်ဆူးချမိသလို ဖြစ်နေတော့မှာပါ။ ဗုဒ္ဓသာသနာတော်ကို မပျောက်ပျက်အောင် စာသင်သား ရဟန်း၊ သံဃာ၊ ကိုရင်၊ ဦးဇင်းလေးတွေ ကျက်မှတ်ပြုစုထိန်းသိမ်းပေးကြလို့သာ တရားရဲ့အရသာကို ခံစားနေနိုင်ကြတာပါ။ ဒါကြောင့် ရဟန်းသံဃာတစ်ပါးရဲ့ ဂုဏ်ကျေးဇူးဟာ ကြီးမားလှပါတယ်။ 

ခိုင်ခိုင်

No comments:

Post a Comment