သူငယ်ချင်း… မင်းဒီနေ့နောက်ကျလှချည်းလား ..အိမ်း…ဟုတ်တယ် .. ငါ ဒီနေ့ နောက်ကျပေမယ့်.. ထူးတယ်ကွ။ဟ… ဆိုစမ်းပါဦး.. ဘာတွေထူးတာလဲ..။ဘာထူးလဲဆိုတာ ဒီဆီပြန်ကြက်သားဟင်းကောင်းလေးနှင့် ဆွမ်းစာရင်း ပြောကြတာပေါ့။
လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်ကျော်လောက်က ကိုရင်တို့ မြိုးခြံမြို့ စာသင်တိုက်မှာ ကိုရင်၊ ဦးဇင်း အပါး (၅၀) ခန့်သီတင်းသုံးသည်။
နံက် (၁၀) နာရီကျော်လောက်တွင် သံဃာတော်များအားလုံး ရေမိုးချိုးပြီး တစ်အိမ်းဆင်း တစ်အိမ်တတ် ဆွမ်းခံထွက်ရသည်။ ဗုဒ္ဓဘာသာရဲ့ ယဉ်ကျေးမှုပဲပြောမရလား၊ ဝိနည်း စည်းကမ်းလို့ပဲပြောရမလား ဆွမ်းခံကြွတဲ့အခါမှာ ဖိနပ်မစီးရ၊ ပူပြင်းလှတဲ့ အညာဒေမှာ နွေရာသီ နေပြင်းတဲ့အချိန်မှာ ဖိနပ်မပါ ၊ သင်္ကန်းကို တကိုယ်လုံးထုပ်ထားသလို ရုံထားသော သင်္ကန်းဖြင့် ဆွန်းခံကြွရတာ သိပ်မလွယ်လှ။
သို့ပေမယ့် ဝမ်းရေးက ရှိသေးသည်မဟုတ်လား။ ဘယ်လိုပင် အညာနေပူပြင်းပေမယ့် တစ်နေ့တကြိမ် ဆွမ်းခံထွက်ရသည်။
ကိုရင်မှာ ဆွမ်းခံအိမ် (၂၀) ခန့်ရှိသည်။ ဆွမ်းခံအိမ် (၂၀) ဆိုပေမယ့် ပြေားရဦးမည်၊
ဆွမ်းခံအိမ်ဆိုရာမှာ နှစ်မျိုး နှစ်စားရှိသည်
(၁) ထိုင်အိမ်နှင့်
(၂) ရပ်အိမ်တို့ဖြစ်သည်။
ထိုင်အိမ်ဆိုသည်မှာ … ကိုရင်ကို ဆွမ်းဒကာအဖြစ်ခံယူပြီး ဆွမ်း၊ ဆွမ်းဟင်းများကို ဂရုတစိုက်လောင်းသော အိမ်ဖြစ်သည်။
ရပ်အိမ်ဆိုသည်မှာ .. ကိုရင် ဆွမ်းကြွ၍သာ ဆွမ်းလောင်းသည်။ တစ်ခါတစ်ရံ ဆွမ်းဟင်းများ မလောင်းလှူတတ် ၊ တစ်ခါတစ်ရံ အလုပ်ရှုပ်နေလျှင် “ကန်တော့ဆွမ်းပါဘုရား” ဟုဆို၍ အိမ်ပေါက်ဝက ပြန်ကြွရတတ်သည်။
ကိုရင်တစ်ပါး.. ဆွမ်း၊ဆွမ်းဟင်း ရသည်ဖြစ်စေ မရသည်ဖြစ် နေ့တိုင်းလိုလို အိမ်တိုင်းစေ့ ဆွမ်းကြွရသည်။ ဆွမ်းကြွရင်းလည်း .. ဆွမ်းဒကာ ၊ဆွမ်းဒကာမများ ကျန်းမာပါစေ၊ ချမ်းသာပါစေ မေတ္တာပို့ပါသည်။
တစ်နေ့.. ဆွမ်းထိုင်အိမ် တစ်အိမ်၌ .. ဆွမ်းကြွကိုယ်တော်များ ထိုင်ရန်ခင်းထားသော ထိုင်ခုံပေါ်တွင် စက္ခုနြေ္ဒချကာ ကိုရင် ထိုင်းနေလိုက်သည်။
ဝိနည်းစည်းကမ်းအရ ဆွမ်းကြွကိုယ်တော်များ “ ဆွမ်းတော်ဗျို့” ဟု အသံပြု အော်ခေါ်၍မရ ဒါ့ကြောင့် အချို့ ဆွမ်းကြွကိုယ်တော်များတွင် ကျောင်းသားလေးများပါတတ်သည်။ ကိုရင်မှာတော့ နောက်ပါကျောင်းသား မပါ၍ စက္ခုနြေ္ဒချကာ ဆွမ်းလောင်းမည့် ဒကာကို စောင့်နေရသည်။
တော်တော်ကြာလာတော့ ..အိမ်ရှင်များကို အော်ခေါ်လို့လဲ ဝိနည်းမလွတ် ..။ ဝိနည်းလွတ်သောနည်းဖြင့် ချောင်းဟန်းရတော့သည်။
အဟမ်း.. အဟမ်း…။
ချောင်းဟန်းသံကြားမှာ.. အိမ်ခန်းထဲမှ ဒကာမလေးအသံထွက်ပေါ်လာသည်။
“ဘုန်းဘုန်းဘုရား
ဘုန်းဘုန်း ကတော့ပါဘုရား….
တပည့်တော် အချိန်လေး နည်းနည်းပေးပြီးစောင့်ပါဘုရား။ အမေတို့ဈေးသွားလို့ တပည့်တော်မကို ဆွမ်းလောင်းခိုင်းခဲ့တယ်ဘုရား။ တပည့်တော်လက်သဲနီဆေးဆိုးနေတာ မပြီးသေးလို့ ခဏစောင့်ပါဦး ဘုရား”တဲ့။
ကိုရင်နည်းနည်းတော့ စိတ်ချမ်းသာသွားသည်။ အိမ်မှာဆွမ်းလောင်းမည့်သူရှိတော့ ဝမ်းသာသွားသည်။ စကားဘာမှ မတုန့်ပြန်ပဲ ငြိမ်နေလိုက်သည်။ ဆိတ်ဆိတ်နေခြင်းက ဝန်ခံခြင်း၊ သဘောတူညီးခြင်းပဲ မဟုတ်လား။
ဆယ်မိနစ်ခန့် ကြာသောအခါ ဆွမ်းဒကာမလေး လက်သဲနီအလှ ဆေးဆိုးထားသော လက်ချောင်းလေးများကို ဆေးမြန်မြန်ခြောက်အောင် ပါစပ်မှ လေမှုတ်ကာ သံဃာတော်များဆွမ်းလောင်းရာ နေရာသို့ ရောက်လာသည် “ဆွမ်းဒကာမလေးက ကန်တော့ဘုရား ကိုရင်စောင့်ရတာ ကြားသွားလားဘုရား”တဲ့
ဒကာမလေးလည်း ကျေးဇူးရှင်ဆွမ်းးကာပဲ မဟုတ်လား ။ ဒီတော့ကိုရင်က.. မကြာပါဘူး ဒကာမရယ် .. ကိုရင်လည်း စောင့်ရင်းအနားရတော့ အမောပြေသွားတာပေါ့ဟု ပြောတော့ ဒကာမလေးစိတ်ချမ်းသာ သွားသည်။
ထိုနောက် ဒကာမလေးက.. “မေမေတို့က ပြောတယ် ကိုရင်လေးကို ကြက်သားဟင်းလောင်းလှူလိုက်တဲ့ ၊ ဒီနေ့ဆွမ်းဟင်းကတော့ ကြက်သားဟင်းဘုရား”တဲ့
ဆွမ်းဒကာ ၊ဆွမ်းဒကာများ ကျန်းမာပါစေ၊ ဒကာမလေးလည်း လိုအင်ဆန္ဒတွေပြည့်ဝပါစေလို့ မေတ္တာပို့ သရင်းဖြင့် ပြန်ကြွခဲ့ပါသည်။ ဒကာမလေးကတော့ အနီရောင်လက်သဲနီများဖြင့် လှပသော လက်ဆယ်ချောင်းကို ဦးတော်တင်လျှက် ကျန်ရစ်ခဲ့ပါသည်။
အညာနွေ .. နေပူကြဲကြဲမှာ….ခပ်သုတ်သုတ်ပြန်ကြွရင်း ကျောင်းရောက်တော့
ဒေါင်…ဒေါင်…ဒေါင်…
နေ့ဆွမ်းစား သံချောင်းခေါက်လေပြီ.. သံဃာတော်များလည်း ဆွမ်းစားကျောင်းမှာ စုံလင်စွာရောက်နေပါပြီ။
နောက်ကျနေသူကတော့ … ဆွမ်းဟင်းကောင်းတစ်ခွက်ရခဲ့သော … ကိုရင်ပင်… မဟုတ်ပါလား…။
မြန်မာပြည်မှ ဆွမ်းဒကာများကို သတိရခြင်းများစွာဖြင့်…။
No comments:
Post a Comment