Sunday, June 28, 2015

ဝေဓမ္မဆိုတာနားမလည်ရင် ဘီလူးစားတာ ခံရလိမ့်မည်


ဘီလူး အစားမခံရအောင် ဘယ်လိုနေမလဲ ...

(၁)

တနင်္လာနေ့ ရောက်သည့်တိုင် တနင်္ဂနွေနေ့က စကားဝိုင်းတွင် ပြောဖြစ်ခဲ့သော စကားတစ်ချို့တ၀က်ကို သူပြန်အမှတ်ရနေသည်။ ယခုရေးပြမည့် အကြောင်း အရာ များသည် တနင်္ဂနွေနေ့က သူကြားခဲ့ရသော အကြောင်းအရာ တစ်ချို့ ဖြစ်လေသည်၊

(၂)

တစ်ခါက ရွာတစ်ရွာမှ အဖိုးအို တစ်ယောက်ရှိတည်တဲ့ဗျ၊ နောက်ပြီးတော့ အဲဒီအဖိုး အိုမှာလဲ မြေးမလေး တစ်ယောက်ရှိဆိုပဲဗျ၊ မြေးမလေးဟာ အရမ်းလှသတဲ့ဗျ၊

အဖိုးအိုဟာ အိုနေပေမယ့် သူ့မြေးမလေးကို သူတတ်ထားတဲ့ မျက်လှည့်ပညာနဲ့ ရှာဖွေကျွေးမွေးပြုစုစောက်ရှောက်ထားသတဲ့ ဗျ၊ အဘိုးအိုကလဲ ထူးဆန်းတဲ့ ပြကွက်တွေပြ၊ အဘိုးအိုရဲ့ မြေးမလေးကလဲ အရမ်းချောဆိုတော့ မျက်လှည့် ပြတဲ့ နေရာကို လာကြည့်ကြတဲ့ ပရိတ်သတ်ကလည် ပြတိုင်းစီနေတာပဲဗျ၊ လာတဲ့သူတိုင်းကလဲ မျက်လှည့်ကြည့်ခ အဖြစ် ငွေကြေးစလေး တွေနဲနဲစီ ပေးသွားကြတယ်ဗျ၊

ဒီလိုနဲ့ တစ်နေ့ကြတော့ အဘိုးအိုက လာကြည့်ကြတဲ့ ပရိသတ်ကို “ မျက်လှည့် ပညာဆိုတာ မှော်ပညာမဟုတ်လို့ တန်ခိုးစွမ်းအားတွေ မဟုတ်ပါဘူး၊ လိမ်တာလဲ မဟုတ်ပါဘူး၊ မျက်လှည့်ပညာမှာ လျှို့ဝှက်ချက်တွေရှိပါတယ်၊ အဲဒီလျှို့ဝှက်ချက်တွေ ကို မသိလို့သာ ခင်များတို့ လာကြည့်နေကြတာပါ၊

ဒီကနေ့တော့ အဲဒီလျှို့ဝှက်ချက်တွေကို ခင်များတို့ကို ပြောပြပြီး လက်တွေ့ လုပ်ပြပါ တော့မယ်” လို့ပြောပြီး၊ ကြိုးကနေ မြွေဖြစ်သွားတဲ့ ပြကွက်တွေ၊ စက္ကူလေးတွေက နေ ဖဲချပ်လေးတွေ ပြောင်းသွားတဲ့ ပြကွက်တွေကို လက်တွေ့ လဲပြ ရှင်းလဲ ပြလိုက်တော့ လာကြည့်တဲ့ ပရိသတ်တွေလဲ လျှို့ဝှက်ချက်တွေ သိသွားပြီး၊ အဘိုးအို ပြတဲ့ ပြကွက်တွေကို စိတ်ဝင်စားမှုနည်းပြီး တဖြေးဖြေး ပြန်သွားကုန်ကြတယ်ဗျ၊

အဖိုးအိုနဲ့ သူမြေးမလေးဟာ နောက်တစ်နေ့ မျက်လှည့်ပြသချိန်ရောက်တော့ မျက်လှည့်ပြတယ်ဗျ၊ ဒါပေမယ့် သူတို့ ပြသတဲ့ မျက်လှည့်ဝိုင်းဆီကို လူတစ်ယောက် မှ လာမကြည့်တော့ဘူးဗျ၊

အဲဒီတော့ မြေးမလေးက အဖိုးရယ် မျက်လှည့်ပြတဲ့ဆီလဲ လူတစ်ယောက်မှ လာမ ကြည့်ကြတော့ဘူး ဘာကြောင့်လဲ အဖိုးရယ်လို့ မေးတော့ အဘိုးက သမီးရယ် မနေ့က အဖိုးက အဖိုးတို့ပညာရဲ့လျှို့ဝှက်ချက်တွေကို ပြလိုက် တာကိုး သမီးရဲ့ ဒါကြောင့် ပရိတ်သတ်တွေက အဘိုးတို့ မျက်လှည့်ဝိုင်းကို မလာတော့တာလို့ ရှင်းပြသဗျ၊

ပြောချင်တာကတော့ဗျာ လောကမှာ မပြသင့်တာကို မပြရဘူးဗျ၊ လျှို့ဝှက် ထားရ မယ်၊ လျှို့ဝှက်ထားတာကို သွားပြလိုက်ရင် တန်ဖိုးမဲ့ပြီး ကိုယ်စားအိုးကို ကိုယ်ရိုက်ခွဲ သလို ဖြစ်တတ်တယ်ဗျ၊

အေးဗျ ခင်များက လျှို့ဝှက်ချက်တွေကို မပြရဘူးဆိုလို့ တစ်ခု သတိရမိတယ် ဗျာ၊
ဘာများလဲ ဗျ၊

ခုခေတ်လူငယ်တော်တော်များများက အထူးအားဖြင့် မိန်းကလေးတွေပေါ့ဗျာ၊ သူတို့ရဲ့ မပြသင့်တဲ့လျှို့ဝှက်ချက်တွေကို ထုတ်ဖော်ပြသနေတော့ တန်ဖိုးမဲ့ နေသ လိုပဲဗျာ၊

အင်း ဒါကလဲဗျာ၊ ကိုရီးယားယဉ်ကျေးမှု၊ အနောက်တိုင်းယဉ်ကျေးမှုတွေရဲ့ ထိုးနှက်ချက် တွေလဲပါမယ်၊ နောက် ဘာသာရေး အသိအားနည်းတာလဲ ပါမယ်ဗျ၊

ဘယ်လိုပဲ ဖြစ်ဖြစ်ဗျာ၊ သူတို့အဲဒီလိုအားနည်းလာရင် ဘီးလူးအစားခံရမယ်ဗျ၊
ဟာ ခင်များစကားက အထူးအဆန်းပါလားဗျာ ဘယ်နှယ်ကြောင့် ဘီလူးအစား ခံရမလဲ ဗျာ၊ ဒီခေတ်ကြီးမှာ ဘယ်က ဘီလူးက လာစားမလဲ

အော် ခင်များကလဲ ဘီလူးအစားခံရတဲ့ အကြောင်းကို ပြောပြဦးမယ်ဗျာ

သူငယ်ချင်းဖြစ်သူသည် ထိုသို့ စကားဦးသန်းပြီး အောက်ပါ ပုံပြင် တစ်ပုဒ်ကို ဆက်လက် ပြောပါသည်၊

(၃)

ဟိုးဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း အုပ်စိုးနေတုန်းက ပေါ့ဗျာ၊ ဘုရား အလောင်းတော်ဟာ ဘုရင်မင်းတြားကြီးရဲ့ သားတော် တစ်ယောက် အနေနဲ့ မွေးဖွားခဲ့တယ်ဗျာ၊ သူနာမည်က မဟိံသလို့ ခေါ်တယ်ဗျ၊ နောက်သူညီတစ်ယောက် လည်းရှိတယ်ဗျ ညီတော်နာမည်ကတော့ စန္ဒလို့ ခေါ်တယ်ဗျ၊

သူတို့ရဲ့မယ်တော် မိဖုရားခေါင်ကြီးကတော့ဗျာ ကံဆိုးစွာပဲ သူတို့မွေးဖွားပြီး မကြာခင် နတ်ရွာစံတော် မူသွားတယ်ဗျ၊ အဲဒီတော့ မင်းတြားကြီးတို့ ထုံးစံအတိုင်း နောက်မိဖုရားချောချောလှလှ တစ်ပါးကို ကို မိဖုရားခေါင်း ရာထူးပေးတာ ပေါ့ဗျာ၊

အဲဒီမိဖုရားကို မင်းတြားကြီးက အလွန်အမင်း ချစ်မြတ်နိုးတော် မူသတဲ့ဗျ၊ အဲဒိမိဖုရား ကိုယ်ဝန်ရလာတော့ မင်းတြား ကြီးက ချစ်နှမ ချစ်နှမကြိုက်တဲ့ ဆုကို တောင်းပါဆိုပြီး စကားလွန်မိတယ်ဗျ၊

မိဖုရားကြီးကလဲ လည်တယ်ဗျာ၊ သူသားတော်လေး မွေးဖွားလာရင် ထီးမွေ နန်းမွေ ပေး ဖို့ ဆုတောင်းသဗျာ၊ မင်းတြားကြီးခင်မျာ အဲဒီကြမှ နောင်တရ ရှာတယ်ဗျ၊ သူမှာလဲ အရင်နတ်ရွာစံသွားတဲ့ မိဖုရားခေါင်ကြီးနဲ့ ရထားတဲ့
သားတော်နှစ်ပါးကလဲရှိနေပြန်သေးတယ်၊ ခု ဒီမိဖုရားရဲ့ သားတော်အငယ်ကို ထီးမွေး နန်းမွေပေးဖို့ဆိုတာ ဖြစ်မှ မဖြစ်တာဗျာ၊
ဟုတ်တယ်ဗျ၊ အဲဒါ သင်္ခန်းစာပဲဗျနော်၊ ကတိဆိုတာ စဉ်းစဉ်းစားစား ပေးသင့်တယ် အလွယ်တကူပေးမိရင် ပြန်ရခက်တတ်ရောဗျ

ဒါပေါ့ဗျာ။ မင်းမှာ သစ္စာ၊ လူမှာကတိကလည်း ရှိလေတော့ မင်းတြားကြီးခင်များ ကတိတည်ရတာပေါ့ “ အေးကွယ် ပေးပါ့မယ်” လို့ အချို သပ်လိုက်ရ ရှာတယ်၊

မကြာပါဘူးဗျာ အဲဒီမင်းတြားကြီး ချစ်တော်မူတဲ့ မိဖုရားခေါင်းအသစ်က သားတော် လေးမွေးဖွားလာသဗျ၊ အဲဒီသားတော်လေး နာမည်ကိုလဲ သူရိယလို့ မှည့်လိုက်တယ် ဗျ၊

သားတော်လေး ဖွားတာသေချာတော့ မိဖုရားခေါင်းက မင်းတြားကြီးပေးထားတဲ့ ကတိစကားကို ထပ်တောင်းတယ်ဗျာ၊ အရှင်မင်းကြီး တပည့်တော်မလဲ သားတော်လေး မွေးဖွားပါပြီး ထီးမွေးနန်းမွေးပေးပါ ဆိုပြီးတော့ ပေါ့ဗျာ၊
မင်းတြားကြီးက ငြင်း ၊ မိဖုရားခေါင်ကြီးက ထပ်ကာ ထပ်ကာတောင်းဆိုတော့ မင်းတို့ သစ္စာတည်စေချင်တာရယ်၊ ထွက်ပြီးဆင်စွယ် ၀င်တယ်မရှိဆိုတာ ဖြစ်စေချင်တာနဲ့ ပေးပါမယ်လို့ ကတိပြုလိုက်ရတယ်ဗျာ၊

မင်းတြားကြီးလဲ စိတ်မကောင်းဖြစ်ပြီး သားတော်အကြီးဖြစ်တဲ့ မဟိံသနဲ့ စန္ဒကို ခေါ်ပြီး “ သားတော်တို့ရေ ခမည်းတော်ကတော့ စကားတွေလွန်မိထားပြီ အဲဒီတော့ သားတော်တို့ရဲ့ အသက်အန္တရာယ် စိုးရိမ်ရတယ်၊ သားတော်တို့ ဘေးကင်းရာဖြစ်တယ်တဲ့ တောထဲကို သွားနေကြပါ၊ ခမည်းနတ်ရွာစံလွန်မှ တိုင်းပြည် ကိုပြန်လာပြီး သိမ်းပိုက်ကြပါ” လို့ အမှာပါးပြီး တောထဲကို ထွက်သွားခိုင်း လိုက်တယ်ဗျာ၊

ညီနောင်နှစ်ပါးလဲ ဖခမည်းတော်မင်းတြားကြီးရဲ့စကားကိုနားထောင်ပြီး တောထဲ ထွက်ဖို့ ခေါင်းငိုက်စိုက် ငိုက်စိုက်နဲ့ ထွက်လာကြတယ်ဗျ၊ ထွက်လာကြရင်း နန်းရင် ပြင်ရောက်တော့ နန်းရင်ပြင်မှာ ဆော့ကစားနေတဲ့ သူတို့နဲ့ အဖေတူ အမေကွဲ ညီတော်လေး သူရိယနဲ့ တွေ့သဗျ၊

သူရိယမင်းသားလေးကလဲ သူလဲ အစ်ကိုတော်တို့နဲ့ တောထဲလိုက်မယ်လို့ ပြောသဗျ၊ တိုတိုပြောရရင်ဗျာ၊ ညီနောင် သုံးပါးတောထဲ ရောက်သွားတယ်ဗျ၊ တောထဲရောက်တော့ ညီတော်သုံးပါးဟာ နန်းတော်ကနေထွက်လာရတာ ခရီးကလဲ ပန်းလာသဗျ။ ရေကလဲ ဆာလာတယ်ဗျ၊ ဒါနဲ့ ရေရှာကြတာပေါ့ဗျာ၊

ညီနောင်သုံးပါးထဲက အငယ်ဆုံးဖြစ်တဲ့ သူရိယမင်းသားကို ရေရှာဖို့ တာဝန်ပေးလိုက် တယ်ဗျ၊ ညီအငယ်ဆုံးဖြစ်တဲ့ သူရိယမင်းသားလေးကလဲ အစ်ကိုတော်တွေပေးတဲ့ တာဝန်ကို ကျေပွန်ဖို့ ရေရှာထွက်တယ်ဗျာ၊

မကြာပါဘူး ကြာပန်းတွေနဲ့ဝေဆာပြီး လှပတဲ့ ရေကန်ကြီးတစ်ကန်ကို တွေ့တယ်ဗျ၊ ဒါပေမယ့် အဲဒီရေကန်ကြီးက ဘီးလူးစောင့်တယ်ဗျ၊ အဲဒီဘီးလူးက ကန်ထဲဆင်းလာ တဲ့ လူတွေကို စားတယ်တဲ့ဗျ၊

အော် ဒါပေမယ့် လူတိုင်းကို စားတာတော့ မဟုတ်ဘူးဗျ၊ ဒေ၀ဓမ္မကို မသိတဲ့သူကို စားတာဗျ၊
“ဒေ၀ဓမ္မဆိုတာ ဘာလဲဗျ”
“ဒေ၀ဓမ္မဆိုတာ လောကပါလတစ်ရားနှစ်ပါးလေဗျာ”
“လောက ပါလတရားနှစ်ပါးဆိုတာကရော ဘာလဲဗျ”
“ခင်များကလဲဗျာ ရှင်းမှ ရှုတ်တော့မယ်၊ လောကပါလ တရားနှစ်ပါးဆိုတာ ဟိရီ=မကောင်းမှုလုပ်ရမှာ ရှက်တာ၊ သြတ္တပ္ပ= မကောင်းမှုလုပ်ရမှာ ကြောက်တာကို ပြောတာဗျ”
“အော် ခုမှ ရှင်းသွားတယ်ဗျာ၊ ဆက်ပါဦး ခင်များ ပုံပြင်ကို”

သူရိယမင်းသားလေးက ကြာပန်းတွေနဲ့ ဝေနေတဲ့ ရေကန်ကြီးတွေ့တော့ ၀မ်းသာ သွားတာပေါ့ဗျာ၊ ဒါနဲ့ကန်ထဲကို ရေခပ်ဖို့ ဆင်းလိုက်တယ်၊
အဲဒီအခါကြမှ ရေကန်စောင့်နေတဲ့ ဘီးလူးက ဘွားကနဲ့ ပေါ်လာတာဗျာ၊ ပေါ်လာပြီးတော့ “ ဟေ့ မင်းကန်ထဲက ရေတွေကို ဒီအတိုင်း ယူလို့မရဘူး၊”
“ဒါဆို ဘယ်လိုလုပ်မှ ယူလို့မရလဲ”
“မင်းဒေ၀ဓမ္မကို သိလား၊”
“အာဒါများလွယ်လွယ်လေး သိတာပေါ့၊ ဒေ၀ဓမ္မဆိုတာ နေနဲ့လကို ပြောတာပဲ” လို့ သူရိယ မင်းသားလေးက ပြန်ပြေတယ်ဗျ
အင်း မင်းဝေဒဓမ္မကို တကယ်မသိဘူး၊ လာခဲ့ဆိုပြီး ဘီးလူက ရေကန်ထဲစားဖို့ ဆွဲခေါ် သွားလေရောဗျ၊
ရေရှာ သွားတဲ့ ညီငယ်သူရိယ ပြန်မလာတော့၊ မဟိ့သမင်းသားက အလတ်ဖြစ်တဲ့ ညီတော် စန္ဒကို လိုက်ရှာဖို့ ထပ်လွတ်လိုက်တယ်ဗျ၊

စန္ဒမင်းသားလဲ ခုန ညီငယ်သူရိယတွေ့တဲ့ ရေကန်နားရောက်သွားပြီး၊ ရေကန်စောင့် ဘီးလူးက ဒေ၀ဓမမ္မကို သိလားလို့မေးတယ်ဗျ၊
အဲဒီမှာ စန္ဒမင်းသားလဲ “ ဟာသိတာပေါ့ ဒေ၀ဓမ္မဆိုတာ အရပ်လေး မျက်နှာပေါ့” ဆိုပြီးဖြေတော့ မှားသွားတာနဲ့ သူလဲ ဘီးလူးက ဖမ်းခေါ်သွားတယ်ဗျာ၊

ဒီလိုနဲ့ ရေအရှာခိုင်းတဲ့ ညီတော်နှစ်ပါး ပြန်မလာလို့ နောင်တော်ကြီးဖြစ်တဲ့ မဟိံသမင်းသားက လိုက်ရှာမှ ဒီကန်ဟာ ဘီလူးစောင့်တဲ့ ကန်ဖြစ်ရမယ်ဆိုပြီး သတိနဲ့ ချဉ်းကပ်ပြီး ဘီးလူးမေးတဲ့ ဒေ၀ဓမ္မကို မှန်မှန်ကန်ကန်ဖြေနိုင်လို့ ညီငယ်နှစ်ယောက် ရဲ့အသက်ကိုလဲ ကယ်ခွင့်ရတယ်၊ ရေတွေလဲ ၀အောင်ချိုးရသောက်ရတယ်ဗျာ၊

(၄)

အဲဒါကြောင့် ခုခေတ်လူငယ်လေးတွေကို ဘီလူး အစားခံရမယ်ပြောတာဗျာ၊ ကိုယ်တိုင်လဲ ဒေ၀ဓမ္မလို့ ဆိုတဲ့ ဟိရီနဲ့ သြတပ္ပတရားတွေကို မသိကြတော့ ဘူးဗျာ၊ အမှန်က အဲဒီတရားနှစ်ပါးက လောကကြီးကို သာယာအောင်၊ ၀ပြောအောင် ၊ လှပအောင် စောင့်ရှောက်ထားတဲ့ လောကပါလတရားနှစ်ပါးဗျာ၊

အဲဒီတရားနှစ်ပါး ပျက်ယွင်းနေကြတော့ လေကကြီးလဲ မလှပတော့ဘူးဗျာ၊ နောက် အ၀တ် အစားတွေပေါ်မှာ လော်လောလီလီ ၀တ်ကြစားကြတော့ ရှေးတုန်းက ဇာတ်တော်ထဲကလို သက်ရှိဘီဘူး စားတာမခံရပေမယ့် တဏှာဘီလူးကတော့ အမှောင်ပူးပြီး စားတာ ခံရဦးမယ်ဗျာ ၊

(၅)

သူငယ်ချင်းနှစ်ယောက် ဆွေးနွေး ပြောဆိုခဲ့သော တနင်္ဂနွေ စကားဝိုင်းက မှတ်မိ၊ ကြားမိခဲ့သော စကားများကို ပြန်ရေး လိုက်ခြင်းပါ၊ မိမိကိုယ်ကို မိမိလည်း ဘီလူး အစားမခံရအောင် ကြိုးစားရမည် ဖြစ်ကြောင်း နားလည် လိုက်သည်၊ စာဖတ်သူများလဲ ဘီလူး အစားမခံရအောင် ဘယ်လိုလုပ်ကြမ လဲ သိချင်နေမိသည် ။ ရေးပြခဲ့သော စာများကို ဖတ်ပြီးလည်း ဘီးလူးအစားမခံ အောင် နေထိုင်လိုက်နာနိုင်ကြပါစေလို့လဲဆန္ဒပြုနေမိသည် ။ ။

P;s= စာတွေမရေးတာ ကြာပြီ ရေးပါဦးလို့ တိုက်တွန်း စကားဆိုတဲ့ အမေ့ကို အထူး ကျေးဇူးတင်စွာနဲ့ ဒီပို့စ်လေးကို ဒီနေ့ အပြီးရေးဖြစ်ပါသည်၊

ရွှေမန်းသား အရှင်အကုင်္ရ

ကျမ်းကိုး=
ဖတ်ဖူးသော ပုံပြင်များ
ဒေ၀ဓမ္မဇာတက= အဋ္ဌကတာ၊ ပါဠိ

Sunday, June 21, 2015

သူတော်ကောင်းနှင့် ပေါင်းသင်းရသောအကျိုး


ကဿပမြတ်စွာဘုရား လက်ထက်တော်အခါက သောတာပန်တည်ပြီးသော အရိယာပုဂ္ဂိုလ်တဦးနှင့် ဆတ္တာသည်တဦးတို့သည် လှေအတူစီး၍ ခရီးထွက်ခဲ့ကြသည်။ ခရီးမထွက်ခင် ဆတ္တာသည်၏ဇနီးက သူ့ခင်ပွန်းကို စောင့်ရှောက်ပါရန် သောတာပန်ပုဂ္ဂိုလ်ထံ ပြောဆိုအပ်နှံလိုက်သည်။
ခရီးထွက်၍ ခုနစ်ရက်မြောက်သောနေ့တွင် သမုဒ္ဒရာအလယ်၌ လှေပျက်သောဒုက္ခနှင့် ကြုံကြရသည်။ ထိုအခါ သူတို့နှစ်ယောက် ပျဉ်တချပ်ကိုတွယ်ကပ်ပြီး လိုက်ပါသွားရာ ကျွန်းတကျွန်းသို့ ရောက်ရှိကြသည်။ ထိုကျွန်းပေါ်တွင် ဆတ္တာသည်က ကျေးငှက်တိရစ္ဆာန်တို့ကို သတ်ဖြတ်၍ စားသောက်သည်။ သောတာပန်ပုဂ္ဂိုလ်ကိုလည်း ငှက်သားတို့ကို ပေးသည်။ သောတာပန်ပုဂ္ဂိုလ်က လက်မခံပေ။

သောတာပန်ပုဂ္ဂိုလ်သည် ကျွန်းပေါ်၌ သရဏဂုံသုံးပါးကိုသာ အဖန်ဖန်အထပ်ထပ် ဆင်ခြင်အောက်မေ့နေသည်။ ဤကုသိုလ်ကံ စေတနာကြောင့် သမုဒ္ဒရာစောင့်နတ်မင်းနှင့် နဂါးမင်းတို့သည် သောတာပန်ပုဂ္ဂိုလ်ကို ကယ်တင်ရန် နဂါးမင်းက လှေကြီးသဏ္ဍာန်ဖတ်ဆင်းပြီး နတ်မင်းက လှေသမားဟန် ဖန်ဆင်း၍ ရောက်ရှိလာကြသည်။ ရတနာတွေလည်း တင်ဆောင်လာသည်။ ထိုပုဂ္ဂိုလ်အနားသို့ရောက်သော်-ဇမ္ဗူဒိပ်ကျွန်းသို့ သွားမည်သူရှိပါသလား-ဟု လှေသမားဟန် ဖန်ဆင်းထားသောနတ်က ကြွေးကြော်၍ အသံပေးလေသည်။ သောတာပန်ပုဂ္ဂိုလ်က အကျွန်ူပ် သွားလိုပါတယ်-ဟု ပြောသောအခါ လှေကြီးကို ရပ်ပေးသည်။

ဤတွင် သောတာပန်ပုဂ္ဂိုလ်က ဆတ္တာသည်ကိုပါ ခေါ်ခဲ့ပါရန် ခွင့်ပန်ပြောဆိုသည်။ ထိုအခါ လှေဦးစီးက ဆတ္တာသည်မှာ အကျင့်သီလမရှိသောကြောင့် မခေါ်နိုင်ပါ၊ ကျွန်ုပ်တို့လှေသည်ကား အကျင့်သီလရှိသူကိုသာ ခေါ်ခြင်းပြုပါသည်။ ဤသို့ဆိုလျှင် ကျွန်ုပ်ပြုသော ကုသိုလ်အဖို့ကို ဆတ္တာသည်အား အမျှဝေလျှင် ခေါ်ခွင့်ပြုမည်လား-ဟု သောတာပန်ပုဂ္ဂိုလ်က ပြောဆိုသည်။ အမျှဝေ၍ သာဓုခေါ်ရင်တော့ ခေါ်ခွင့်ပြုပါမည်။
ထိုအခါ သောတာပန်ပုဂ္ဂိုလ်က သူ၏ကုသိုလ်အဖို့ကို ဆတ္တာသည်အား အမျှပေးဝေလိုက်သည်။ ဆတ္တာသည်ကလည်း ၀မ်းမြောက်ဝမ်းသာ သာဓုသုံးကြိမ်ခေါ်ဆိုလိုက်သည်။ ဤသို့ အမျှကုသိုလ်ရပြီးသောအခါ ထိုပုဂ္ဂိုလ်နှစ်ဦးတို့ကို သူတို့နေထိုင်ရာ ဗာရာဏသီပြည်အရောက် ပို့ဆောင်ပေးလေသည်။ ရတနာတို့ကိုလည်း ပေးသည်။ ဗာရာဏသီပြည်ရောက်သောအခါ သမုဒ္ဒရာစောင့်နတ်မင်းနှင့် နဂါးမင်းတို့က ကိုယ်ထင်ရှားပြ၍ ဆတ္တာသည်အား သူတော်ကောင်းနှင့် ပေါင်းဖော်ပါ။ အကျင့်သီလမြဲပါ။ သင်ကား အခု သူတော်ကောင်းနှင့် ပေါင်းဖော်၍ အသက်ချမ်းသာသည်။ ဥစ္စာရတနာများလည်း ရသည်-ဟု ဆုံးမပြောဆို၍ သူတို့နေထိုင်ရာ သမုဒ္ဒရာသို့ ပြန်သွားကြလေသည်။


အကိုး။ သီလာနိသံသဇာတ်။
Credit goes to မြတ်မင်္ဂလာ

ကင်ဆာရောဂါမှ အသက်ချမ်းသာရာရရှိခဲ့သူ အမျိုးသမီးမှ ထပ်ဆင့်ဝေမျှတဲ့ ကင်ဆာဆေးနည်း


Bosnia and Herzegovina နိုင်ငံမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦး ဖြစ်တယ်။ အခြားဝေဒနာရှင်တွေ အကျိုးဖြစ်စေဖို့ စိတ်အားထက်သန်တဲ့ သူမက သူမအား အသက်ချမ်းသာရစေခဲ့တဲ့ ဆေးနည်းကို ထပ်ဆင့် ဝေမျှခဲ့တယ်။ ဒီဝေဒနာ ရင် ဆိုင်ခံစားနေရတဲ့ အခြားလူနာတွေ အကူညီပေးဖို့ ဆုံးဖြတ်ခဲ့တယ်။


ယင်းဆေးနည်း ဖော်စပ်ဖို့ ရိုးရှင်းလွယ်ကူပြီး ချင်းနဲ့ ပျားရည်ကိုသာ လိုအပ်ပါ တယ်။ ဒီဘော့စ်နီးယမ်း အမျိုးသမီးကတော့ သူမရဲ့ကင်ဆာရောဂါကို ချေမှုန်း ပေးနိုင်တဲ့ တစ်ခုတည်းသော ဆေးနည်းဖြစ်ကြောင်း အခိုင်အမာ ဆိုထားပါ တယ်။
သူမ endocrine ကင်ဆာရောဂါ ခံစားခဲ့ပြီး ဆေးရုံမှာ အထူးစက်ကိရိယာ အ ပြည့်အစုံနဲ့ ၃ ပတ်ကြာ ကုသနေစဉ် ရောဂါအခြေအနေ ဆိုးဝါးလာခဲ့ပါတယ်။ ဒီဆေးနည်းက ခွဲစိတ်ကုသူမှု သို့မဟုတ် ဓာတ်ကင်လုံးဝလုပ်စရာမလိုပဲ အသက် ချမ်းသာ ရရှိစေခဲ့ပါတယ်။

ချင်းတက်အကြီးနှစ်ခု အခွံလှီးထုတ်ပြီး ကြေညှက်နေအောင် ထောင်းပါ။ နောက် ပျားရည် ကီလိုဝက်လောက်နဲ့ ရောပေး ရပါမယ်။ယင်းဖော်စပ်ထားတဲ့ ဆေးကို ခရားတစ်ခုထဲ သိမ်းထားပြီး တစ်နေ့ကို လက်ဖက်ရည်ဇွန်း (၄) ဇွန်း သောက်ပေး ရပါမယ်။ သတိထားရမယ့် အချက်က သံမဏိဇွန်း လုံးဝမသုံးဘဲ ပလပ်စတစ် သို့မဟုတ် ကြွေထည်မြေထည်ဖြင့် ပြုလုပ်တဲ့ ဇွန်းတွေကိုသာ သုံး ပေးရပါမယ်။
(၃) ရက်အတွင်း တိုးတက်မှု လက္ခဏာ စတင်တွေ့ရှိရပါလိမ့်မယ်။

TrendMyanmar

သဘာဝတွင်းထွက် ကျောက်မျက်/အတုနဲ့အစစ် ခွဲခြားနည်း


ကျွန်တော်တို့ဟာ သာမန်ရွှေဆိုင်တွေမှာ တွေ့ ရလေ့ရှိတဲ့
ကျောက် အနီအပြာ ရောင်စုံလေးတွေကို . .
သဘာဝကျောက်လိုလို ထင်မှတ်ဖူးကြပါတယ် ။


တကယ်တမ်းမှာတော့ . . . အများအားဖြင့်တွေ့ မြင် ဝယ်ယူမိကြတာက

ချက်ကျောက်လို့ခေါ်တဲ့ သဘာဝမဟုတ်တဲ့ ကျောက်အတုတွေများပါတယ် ။

ဘာတန်ဖိုးမှ မရှိတဲ့ ကျောက်အတုတွေ ကြားကနေ သဘာဝ ကျောက်မျက် ရတနာအစစ်ကို ရှာဖွေဝယ်ယူနိုင်ဖို့  အချက်အလက်တွေ သိရှိထားဖို့လိုပါပြီ ။

သဘာဝကျောက်မျက်ရတနာအစစ်ဟာ အင်မတန် ရှားပါးလာပါပြီ ။

အထူးသဖြင့် ကျွန်တော်တို့နိုင်ငံက ထွက်တဲ့ သယံဇာတဖြစ်တဲ့ သဘာဝတွင်းထွက်

မိုးကုတ် ပတ္တမြား နဲ့ နီလာ ဟာ ဆိုရင် အရည်အသွေးကောင်းလွန်းလို့ ရှားပါး လွန်းလို့ နာမည်ရနေတဲ့ တန်းဝင်ကျောက်တွေပါ ။

တွေ့ နေမြင်နေကျ. . .ချက်ကျောက် (သို့မဟုတ်) အပူပေး / အရောင်ပြောင်း / ဆေးသွင်း ထားတဲ့ Imitation တွေထဲကနေ. . . .

သဘာဝတွင်းထွက် ကျောက်မျက် အစစ်ကို ရွေးချယ် ဝယ်ယူနိုင်ဖို့  အတုနဲ့ အစစ် ကွာခြားချက် တွေကို ပြောပြချင်ပါတယ် ။

*********************

1

ကျောက်အမျိုးမျိုးကို

အစစ်လို့ ထင်ရလောက်အောင် ချက်လုပ်/ဖန်တီး ရောင်းချနေကြပြီ မို့ . . .

အတု နဲ့အစစ် ခွဲခြား သိနိုင်ဖို့  အချက်အလက်တချို့ ကတော့ . .

ကျောက်အတု / ချက်ကျောက် ဟူသမျှက

သဘာဝတွင်းထွက် မဟုတ်ပဲ. . . အပူဓါတ်နဲ့ ချက်လုပ်ကြရတာကြောင့်. . .

ကျောက်တစ်ခုလုံးမှာ ပူဖောင်း (သို့မဟုတ်) အမြုပ်လို့ ခေါ်တဲ့ Gas Bubble လေးတွေ ပြည့်နှက်နေတတ်ပါတယ် ။

ကျောက်ကြည့် မှန်ဘီလူးနဲ့ ကြည့်မှ မြင်ရမှာပါ ။

သာမန်အတိုင်း ကြည့်ရင်တော့ . . .အရောင်အသွေးလှပပြီး အပြစ်အနာအဆာ

ကင်းစင်နေတာကိုပဲတွေ့ ရပါလိမ့်မယ် ။

အဲဒီလို အပြစ်အနာအဆာကင်းပြီး အရောင်အသွေးလှပလွန်းနေပြီဆိုရင် သတိထားရတော့မှာပါ ။

ကျောက်အတုဖြစ်ဖို့ များပါတယ် ။

သဘာဝတွင်းထွက်ကျောက်မျက်တွေဟာ ဘယ်တော့မှ အပြစ်အနာအဆာမကင်းပါဘူး ။

ဂေါ် တို့ မှတ်စာ တို့  Inclusion လို သဘာဝ အမှတ်အသားလေးတွေ ပါနေတတ်ပါတယ် ။

သဘာဝကျောက်အစစ်တွေမှာ

Gas Bubble လို့ ခေါ်တဲ့ အမြုပ်ကလေးတွေ ပူဖောင်းလေးတွေ တစ်ခုတလေ ပါတတ်ပေမယ့်

ချက်ကျောက်အတုမှာလို ကျောက်တစ်ခုလုံး ပြည့်နှက်မနေပါဘူး။

တစ်နေရာ လောက် တစ်ခုလောက်ပဲ ပါတတ်တာပါ။

ထင်သာမြင်သာ ရှိအောင်

မှန်ဘီလူးနဲ့ ကြည့်သင့်ပါတယ် ။

********************************

2

နောက်တစ်ချက်ကတော့. . . . .

မှန်ဘီလူးကောင်းကောင်းနဲ့ ကြည့်တဲ့အခါ..

သဘာဝတွင်းထွက် ကျောက်အစစ်ရဲ့ အသားကြောဟာ မကွေ့ မကောက်ပဲ တဖြောင့်တည်း တန်းနေတာကို

တွေ့ ရပါလိမ့်မယ် ။

ချက်ကျောက် အတုတွေရဲ့  ကျောက်အသားကြောတွေကတော့ . . ကွေ့ကောက် ရှုပ်ထွေး နေတတ်ပါတယ် ။

************************************

3

နောက်တစ်ချက် သိသင့်တာက အရောင်ပါ။

သဘာဝကျောက်မျက်အစစ် တွေဟာ အရောင် မညီပါဘူး ။

အရည်မညီဘူး အရည်ကွက်တယ် စသည့်ဖြင့် ကျောက်မျက်လောကမှာ ပြောကြဆိုကြပါတယ် ။

ဥပမာ ပတ္တမြားတစ်ပွင့်ဆိုပါစို့  ။

ရုတ်တရက် သာမန်ကြည့်ရင် . . . .အနီရောင် တပြင်တည်းလို့ မြင်ပေမယ့်

မှန်ဘီလူးနဲ့ သေချာထောင်ကြည့်ရင် မီးထိုးကြည့်ရင် . . .

အထဲမှာ . . .

အရည်မညီတာ တွေ့ ရပါလိမ့်မယ် ။

အနီရောင်ထဲမှာကိုပဲ . . .

အနုအရင့် ကွာခြားတဲ့နေရာတွေ ပန်းရောင် ခရမ်းရောင် ကွက်နေတာတွေ တွေ့ရပါလိမ့်မယ် ။

ကျောက်တစ်ပွင့်လုံး အရောင်တပြေးညီ ဖြစ်နေတဲ့ကျောက်အစစ်ဆိုတာ မရှိသလောက်ကို ရှားပါတယ် ။

အရည်ညီ ပြီး အပြစ်အနာအဆာကင်းတဲ့ကျောက်ဆိုတာ အပွင့်ရေ ထောင်း သောင်းထဲမှာတောင် တစ်ပွင့် ရဖို့ မလွယ် / ရှားပါးလှပါတယ် ။

ချက်ကျောက် သို့မဟုတ် အပူပေးပြီး ပြုပြင်ပြောင်းလဲထားတဲ့ မီးဖုတ်ကျောက်တို့ကတော့ . .

အရောင်ဟာ ကွက်ခြင်းမရှိ. . .

မပြောင်းလဲပဲ တပြေးညီ ဖြစ်နေတတ်ပါတယ် ။

***********************************

4

နောက်တစ်ချက်ရှိပါသေးတယ် ။

သဘာဝတွင်းထွက် ကျောက်မျက်ရဲ့ အသားဟာ သိပ်သည်းကျစ်လစ်ပါတယ်။

ကျောက်အတု ရဲ့ ကျောက်သားကတော့

သိပ်သည်းကျစ်လျစ်မှု မရှိပဲ. . .

ဖုံပွပွ ဖြစ်နေမှာပါ ။

ကျောက်အစစ်နဲ့ ယှဉ်ပြီး ကြည့်ရင် ပိုသိသာပါတယ် ။

ကျောက်အရွယ်အစားကြီးရင်

လက်နဲ့ ကိုင်ဆကြည့်တာနဲ့သိသာပါတယ် ။

ကျောက်အတုနဲ့ သဘာဝကျောက်မျက်အစစ်

ဆိုဒ် အရွယ်အစား တူနေရင် . . . .

အလေးချိန်မတူပါဘူး ။

ကျောက်အစစ်က လေးလေးပင်ပင် ရှိပြီး

ကျောက်အတုကတော့ ပေါ့ရွှတ်ရွှတ်ဖြစ်နေမှာ သေချာပါတယ် ။

ကြုံတုန်း . . . .

ကျောက်မျက်ရတနာတချို့ရဲ့ သိပ်သည်းဆကို ပြောပြလိုက်ပါ့မယ် ။

—————-

ကျောက်မျက်ရတနာတို့ရဲ့ …သိပ်သည်းဆ

___________________________________

ပတ္တမြား( Ruby) = 3 . 99

နီလာ(Sapphire) = 3 . 99

ဥဿဖရား(Topaz) = 3 . 56

စိန်(Diamond) = 3 . 52

မြ(Emarald) = 2 . 71

ပုလဲ(Pearl) = 2 .70

*********************************

5

ကျောက်မျက်အတု ကို ခွဲခြားသိနိုင်ဖို့ . . .

နောက်ထပ် အချက် တစ်ချက် ရှိပါသေးတယ် ။

အဲဒါကတော့ . . . . .

သဘာဝကျောက်မျက်အစစ်တွေမှာက

မာဆင့် ရှိတဲ့အတွက် . . . .ကျောက်သားမျက်နာပြင်ဟာ တော်ရုံ ပွတ်တိုက်မိရုံနဲ့ ပွန်းပဲ့ စင်းရာ မထင်နိုင်ပါဘူး ။

ကျောက်အတု တွေ ဟာ. . . .

မာဆင့် မာနှုန်း မာဂုဏ် မရှိတဲ့ အတွက် . . . အဝတ်စကြမ်းကြမ်းနဲ့ ဖြစ်ဖြစ် ပွတ်တိုက်ကြည့်ရင်

အစင်းရာ ပွန်း ထင်သွားပါလိမ့်မယ် ။

ဒီနေရာမှာလည်း . . .

တလက်စတည်း . . .

ကျောက်မျက်တွေရဲ့ မာဆင်စကေး တွေကို

ပြောပြခဲ့ပါ့မယ် ။

—————

ကျောက်မျက်ရတနာတို့ရဲ့မာဆင့်

___________________________

စိန် (Diamond) = 10 .0

နီလာ(Sapphire) = 9 .0

ပတ္တမြား(Ruby) = 9 .0

ဥဿဖရား(Topaz) = 8 .0

ဂေါ်မိတ်(Pyrope) = 6.5

မြ(Emerald) = 7 .5 - 8.0

ကျောက်စိမ်း(Jade) = 6 .5 -7.0

**********************************

သတိ

ကျောက်တစ်ပွင့်ဟာ. . . .

အရောင်လည်း တပြေးညီ အရည်ကွက်ခြင်းမရှိ /

အထဲမှာလည်း အပြစ်အနာအဆာ လုံးဝကင်းနေမယ် . . .

ဆိုရင် . . . .

အဲဒါ အတု ဖြစ်နိုင်ချေ များပါတယ် ။

သေချာအောင် မှန်ဘီလူးနဲ့ ကြည့်ရင် . . .

ကျောက်အတွင်းပိုင်းမှာ

အသားကြောတွေ ကွေ့ ကောက်နေမယ်…

အမြုပ်(Gas Bubble)တွေ လည်း

ရှိနေမယ်. . . .

ကျစ်လျစ်သိပ်သည်းမှုလည်း မရှိ မာဆင့်လည်း မရှိဘူး ဆိုရင်တော့ . .

အဲဒါ . . ကျောက်အတု ဆိုတာ သေချာပါပြီ ။

————————

စစ်ဆေးခြင်း

မီးထိုးကြည့်ခြင်း . . .

နေရောင်မှာ ထောင်ကြည့်ခြင်း. . . မှန်ဘီလူးကောင်းကောင်းနဲ့  ကြည့်ခြင်းတွေ အပြင် . . . .

ကျောက်မျက်ရဲ့ ရူပဂုဏ်သတ္တိ တို့

ပုံဆောင်ဓလေ့တို့ 

အလင်းယိုင်ညွှန်းကိန်း တို့ . . .

အရောင်ပြောင်းခြင်း / နှစ်ဖြာအလင်းယိုင်ခြင်း /

အလင်းလက္ခဏာ /

အတွင်းမီးအား /

စုပ်ယူရောင်စဉ်တန်းများ /

မီးစုန်းတောက်ခြင်း လက္ခဏာများ စသည်ဖြင့်လည်း လေ့လာဆန်းစစ်သင့်ပါတယ် ။

———————————

စစ်ဆေးခြင်း

ခရမ်းလွန် ရောင်ခြည်(Ultraviolet Ray)နဲ့

ထိုးကြည့်ရင်လည်း . . . .

ကျောက်အတုနဲ့ အစစ်ရဲ့ ခြားနားမှုကို သိနိုင်ပါတယ် ။

ကျောက်အတုဟာ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတဲ့အခါ. . . အရောင်မှိန်ကျသွားပါလိမ့်မယ် ။

သဘာဝတွင်းထွက် ကျောက်မျက်အစစ်ကတော့ ပိုပြီး လင်းလက် တောက်ပ သွားပါလိမ့်မယ် ။

***********************************

***********************************

အတွန့်တက်

သဘာဝကျောက်မျက် လုပ်ငန်းတစ်ခုမှာ လုပ်နေရင်း နဲ့ တဖြည်းဖြည်း သိလာတာလေးတွေ ချရေးကြည့်တာပါ ။

တတ်ကျွမ်းလို့ရေးပြတာမျိုး မဟုတ်ပါဘူး။

ကိုယ် သိထားတာ ဘယ်လောက် ရှိပြီလဲ ဆိုတာ ပြန်ဖတ်ကြည့်ချင်လို့ ရေးကြည့်တာပါ ။

အခု ရေးသွားတာတွေဟာ သာမန် ကျောက်အကြောင်း သိပ်မသိသေးသူတစ်ယောက်ရဲ့

သာမန် အသိ အချက်အလက်လေးတွေမို့  လွဲနေတာ တွေ့ ရင်လည်း ပြင်ပေးကြပါဦး။

ကျွန်တော် လေ့လာဖို့ အများကြီးကျန်ပါသေးတယ် ။

တတ်ကျွမ်းနားလည်ပြီးသူတွေ ဆီကလည်း

သင်ယူစရာတွေ အများကြီး ရှိပါသေးတယ်။

ဆက်လက်ပြီး

ကျောက်မျက်ရတနာ ကို … တန်ဖိုးအနိမ့်အမြင့်ဖြစ်စေသော.. အချက်အလက်တွေ ကို

တင်ပြပေးဖို့ ရည်ရွယ်ထားပါတယ် ။

———————————

လေးစားစွာဖြင့်. . . . .

Credit > အလင်းဆက် (Gazette)

ဗုဒ္ဓသာသနာနှင့် ရပ်ပြစ်ရှစ်ပါး


၁။ ငရဲကျနေသူလဲ ငါဘုရားသာသနာနှင့် မတွေ့နိုင်ကြဘူး။

၂။ တိရစ္ဆာန်ဖြစ်နေသူလဲ ငါဘုရားသာသနာနှင့် မတွေ့နိုင်ဘူး။

၃။ ပြိတ္တာနှင့် ပြိတ္တာအကြီးစား အသူရကာယ်ဖြစ်နေသူလဲ ငါဘုရားသာသနာနှင့် မတွေ့ကြုံနိုင်ဘူး။

၎။ အလွန်အသက်ရှည်လွန်းတဲ့ အရူပဗြဟ္မာ, အသညသတ်ဗြဟ္မာဖြစ်နေသူလဲ ငါဘုရားသာသနာနှင့် မတွေ့ကြုံနိုင်ဘူး။

၅။ ဗုဒ္ဓသာသနာတော်မထွန်းလင်းတဲ့ တိုင်းစွန်ပြည်ဖျားဒေသတွင် တောသားလူရိုင်းကြီးဖြစ်နေသူလဲ ငါဘုရားသာသနာနှင့် မတွေ့နိုင်ဘူး။

၆။ မြို့ကြီးနိုင်ငံကြီးတွင် လူဖြစ်ရသော်လဲ ဗုဒ္ဓသာသနာတော်ကို မယုံကြည်ပဲ အယူလွဲနေသူဖြစ်နေရင်လဲ ငါဘုရားသာသနာနှင့် မတွေ့ကြုံနိုင်ဘူး။

၇။ မွေးရာပါအသိဉာဏ် ဆွံ့အသူဖြစ်နေရင်လဲ ငါဘုရားသာသနာနှင့် မတွေ့ကြုံနိုင်ဘူး။

၈။ ဘုရားမပွင့်တဲ့ကမ္ဘာမှာ လူသားဖြစ်နေသူလဲ ငါဘုရားသာသနာနှင့် မတွေ့ကြုံနိုင်ဘူး - လို့ ဗုဒ္ဓသာသနာနှင့် မတွေ့ကြုံရတဲ့ ခေတ်, အက္ခဏ-ရပ်ပြစ်ရှစ်ပါးကို ဟောကြားတော်မူပါတယ်။

ယခုပြောခဲ့တဲ့ ရှစ်မျိုးသောခေတ် ခဏ ဘဝတွေဟာ ဘုရားသာသနာနဲ့မတွေ့ရတဲ့၊ တရားထူးမရနိုင်တဲ့ အပြစ်ရှိတဲ့ အရပ်, ခေတ်, ခဏတွေ, ဘဝတွေပဲ။ ဗုဒ္ဓဘာသာမြန်မာတို့ ရွတ်ဆိုရှိခိုးတဲ့ သြကာသဘုရားရှစ်ခိုး ဆုတောင်းခန်းတွင် ပါဝင်တဲ့ `ရပ်ပြစ်ရှစ်ပါးမှ ကင်းလွတ်ရပါလို၏´ ဆိုတဲ့ ရပ်ပြစ်ရှစ်ပါးဟာ အဲဒါတွေပါပဲ။

ဒီရပ်ပြစ်ရှစ်ပါးမှ ကင်းလွတ်မှလဲ ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ သာသနာနဲ့တွေ့နိုင်ပါတယ်။ ယခု တရားနာလာကြတဲ့ ဒကာ, ဒကာမတွေဟာ ရပ်ပြစ်ရှစ်ပါးမှ ကင်းလွတ်နေကြလို့ ယခု ဘုရားသာသနာ အဆုံးအမတရားနှင့် တွေ့နေကြရပြီ ကြုံနေကြရပြီ။

ယခုလို ဗုဒ္ဓသာသနာတော်နှင့် ကြုံကြိုက်တဲ့အခါ အိုနာသေဒုက္ခ မရောက်ခင်တွင် အိုနာသေဒုက္ခဆင်းရဲအားလုံး အပြီးသတ်ငြိမ်းပြတ်တဲ့ နိဗ္ဗာနဓာတ်ကို ရစေနိုင်တဲ့ ဒီသတိပဋ္ဌာန် ဝိပဿနာတရားကို ယခုပင် ထိထိရောက်ရောက် ကြိုးစားအားထုတ်ကြပါ။

ညောင်ကန်အေးဆရာတော်
(မဟာစည် အရှင်ဣန္ဒက)
ခေတ္တ-လန်ဒန်

တန်ဖိုးကြီးတဲ့ မိန်းကလေး


အဝတ်အစား ခေတ်ဆန်ဆန် ခပ်တိုတို စတင် ဝတ်စားလာကြတဲ့ သမီး သုံးဦးကို အဖေက ခေါ်ပါတယ်။ သင်ခန်းစာပေးလိမ့်မယ်ဆိုတာ လူတိုင်း သိပါလိ့မယ်။ အဖေ့ရဲ့ သင်ခန်းစာလေးကတော့ -

"သမီးတို့ရေ.. လောကမှာ ကျောက် သုံးမျိုး နည်းနဲ့ခွဲလို့ရတယ်။ လမ်းပေါ်မှာ မြင်နေရတဲ့ ကျောက်စရစ်ခဲတွေကတော့ လူတွေ မလိုချင်တဲ့ အစိတ်အပိုင်းတွေ။ လမ်းခင်းချင်ရင် ယူသွားကြတယ်။ မလိုရင် ပစ်ထားတယ်။

နောက်တစ်မျိုးကတော့ကွယ် .. မြေမြင်ကနေ သိပ်မနက်တဲ့ ကျောက်တွေပေါ့။ သူတို့က တန်ဖိုးသိပ်တော့ မရှိဘူး။ ဒါပေမယ့် မြေပေါ်နဲ့ စာရင် တူးယူလို့လွယ်တယ်။ ဒီတော့ မှောင်ခိုလည်း တူးကြသလို၊ ကုမ္ဗဏီတွေအဖွဲ့လိုက်လည်း တူးကြတယ်။

နောက်တစ်မျိုးကတော့ကွယ် တကယ့် ရှားပါး ကျောက်တွေပေါ့။ သူတို့ကို ရှာဖွေဖို့ ခက်ခဲတယ်။ မြေကြီးရဲ့ ဟိုး ပေပေါင်း ထောင်သောင်းမက အောက်မှာ ရှိတယ်။ ဒါကို ရှာဖွေဖို့အတွက် လူတိုင်း လုပ်ယူလို့ မရဘူး။ ကုမ္ဗဏီတွေကနေ အစိုးရဆီက ခွင့်ပြုချက်ယူပြီး စနစ်တကျ နည်းမှန်လမ်းမှန်နဲ့ တူးကြတယ်။ ယူကြတယ်။ ပင်လယ်ရေအောက်တွင်လည်း ဖြစ်ချင်ဖြစ်မယ်။

အမျိုးသမီးတွေလည်း ဒီဥပမာလိုပါပဲ သမီးတို့..။ မြေပေါ်မှာ လွယ်တကူ မြင်ရတဲ့ ကျောက်ကတော့ ဘယ်လို လူစားလည်းဆိုတာ သမီးတို့ သိမှာပေါ့။ မြေပေါ်မဟုတ်၊ ဒါပေမယ့် တွင်းအောက်လည်း မနက်တဲ့ ကျောက်ကရော် ဘယ်လိုဖြစ်မလဲဆိုတာ သမီးတို့ သိကြလား...

နောက်ဆုံးတစ်မျိုးကတော့ကွယ် လုံလုံခြုံခြုံ သိုသိုသပ်သပ် ရှိတဲ့ အမျိုးသမီးတွေပေါ။ ယောင်္ကျားတွေ အမြင်အားဖြင့် ချက်ပေါ်လော်လီတွေမြင်ရင် ကြိုက်ကြတယ်။ လွယ်တကူ ယူလို့၊ ခူးလို့လွယ်တယ်လို့ ထင်တယ်။ တကယ်လည်း ယူကောင်းယူလိမ့်မယ်။

ဒါပေမယ့်ကွယ် တကယ်တန်း လူတိုင်း အမြတ်တနိုး တန်ဖိုးထားပြီးတော့ လိုချင်တာ ဘာဖြစ်မလိမ့်မလဲ.. လုံလုံခြုံ့ခြုံ အလှကိုလည်း ယဉ်ကျေးစွာ ဖောင်ဆောင်နိုင်သူတွေပေါ့။ သူတို့ကို ရယူဖို့ဆိုရင် မှောင်ခိုနည်းလမ်းလည်း မရှိဘူး။ ချစ်ကြောင်း ကြိုက်ကြောင်း ရိုသေစွာ ချည်းကပ်ခံရပြီး မိဘဆီကနေ တောင်းရမ်းခြင်း အစရှိသဖြင့် အဆင့်ဆင့်သွားတယ်။ ဒီလိုပြောလို့ အခြားအမျိုးအစားကို အဲ့လိုမဖြစ်ဘူးလို့ ပြောတာ မဟုတ်ဘူးနော်။

ကျောက်တစ်ခုရဲ့ တန်ဖိုးကို ပြဖို့အတွက် မြေပေါ်မှာ ရှိနေဖို့မဟုတ်၊ တကယ် တန်ဖိုးသိသူ ပညာရှင်က မြေကို စမ်းသပ် သိရှိသလို၊ တကယ်တန်ဖိုးကြီးသူ အမျိုးသမီးကို လုံခြုံ သိုသပ်စွာ နေသည့်တိုင် တန်ဖိုးသိသူများက ချည်းကပ်ပါလိမ့်မယ်ကွယ်..။ မိမိရဲ့ တန်ဖိုးကို ပေါ်ထင်အောင် ဝတ်စား ပြသခြင်းဟာ ကောက်အလားရလိုရငြား မှောင်ခိုတူသူ အဆင့်များဖြင့်သာ တွေ့ကြုံရပါလိမ့်မယ်။

သမီးတို့ ဝတ်စားဆင်ယဉ်မှုမှာ ဥာဏ်ယှဉ်ပါစေ။"

.
Ref: dyknow
အောင်ခမ်း (ရိုးရာလေး)

အကောင်းဆုံး သိဒ္ဓိပြီးတဲ့ ဓာတ်လုံး


တချို့ဒေသတွေမှာ ပတ္တမြားမျက်ရှင်ကို လိုက်ရှာနေကြတယ်။ တန်ခိုးရှိတဲ့ ဓာတ်လုံးကို ရှာနေကြတယ်။ ဖိုထိုးပြီး သိဒ္ဓိဣဒ္ဓိကို ရှာနေကြတယ်။ ရောဂါကင်းတယ်၊ မြေလျှိုး မိုးပျံတယ်လို့ ဆိုကြတယ်၊ သေနတ်ပြီးတယ် မသေဘူး အနှစ် ၁၀၀၊ ၂၀၀၊ ၂၀၀၀ နေရတယ် ဘာညာ - ပြောနေကြတယ်။ အလွန်အစွဲနာတဲ့ အတ္တဒိဋ္ဌိ သမားတွေပဲ။ သူတို့တစ်တွေဟာ ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်သာ "ပတ္တမြားမျက်ရှင်"ပဲဆိုတာ မသိကြဘူး။ ဉာဏ်ပညာဟာ အတုမရှိတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ပတ္တမြားကြီးပဲ။

ဒါကြောင့် ဓာတ်လုံးပတ္တမြားမျက်ရှင်ဆိုတာ သစ္စာလေးပါးသိမြင်ပြီး ငါးပါးသီလ ခိုင်မြဲမှုကို ဆိုလိုတာပဲ။ ဒုက္ခအကုန်၊ အန္တရာယ်အကုန် အကြွင်းမဲ့ ရှင်းလင်း ပယ်သတ်ပေးတာက သစ္စာလေးပါးသိမှု မဂ်ဉာဏ်ပဲရှိတယ်။

သတိ ပညာ သီလ ဆိုတဲ့ ပတ္တမြားမျက်ရှင်ရှိနေရင် နိဗ္ဗာန်တရားမြတ်ကြီးအထိ ရလို့ တန်ခိုးသတ္တိ အကြီးမားဆုံးပဲ။ ပဋိသန္ဓေ အို နာ သေခေါ်တဲ့ အကြီးဆုံး ဒုက္ခကြီးလေးခုကလဲ အပြီးအပိုင် လွတ်မြောက်တယ်။

အမတနိဗ္ဗာန်လဲ ရတယ်။ နိဗ္ဗာန်ဟာ အိုခြင်း နာခြင်း သေခြင်း မရှိတဲ့ အမတဓာတ်လုံးကြီးပါပဲ။ မဂ္ဂင်လေ့ကျင့်ရင် အသိဉာဏ်ရော ကိုယ်ပါ အမြဲလန်းဆန်း နုပျိုနေတယ်။ ဒီထက်ကောင်းတဲ့ ပတ္တမြားမျက်ရှင်ဟာ လောကမှာ မရှိတော့ဘူး။

ကျေးဇူးတော်ရှင် အီတာလျံ ဘုန်းတော်ကြီး ဦးလောကနာထ

Sunday, June 7, 2015

အဘိဓမ္မာ နှင့် ၀ိပဿနာ


အဘိဓမ္မာဟူသည် အလွန်သိမ်မွေ့နူးညံ့သောဓမ္မ၊ အလွန်နက်နဲခက်ခဲသောဓမ္မ၊ အလွန်ကျယ်ပြန့်သောဓမ္မ၊ အလွန် ထူးကဲသောဓမ္မဖြစ်သည်။ ဓမ္မဟူသည် အရှိတရား၊ အမှန်တရား၊ ကြောင်းကျိုးဆက်တရား၊ သဘာဝတရား၊ ပကတိတရား၊ ဉေယျတရား၊ နိဿတ္တတရား၊ နိယာမတရား၊ ပရမတ္ထတရား၊ သစ္စာတရားတို့ဖြစ်သည်။ အလွန့် အလွန် သိမ်မွေ့နူးညံ့သော၊ ခက်ခဲနက်နဲသော၊ ထူးကဲကျယ်ပြန့်သော၊ သတ္တ အတ္တ မဟုတ်သော ပင်ကိုယ်သဘာဝအားဖြင့် အရှိအမှန်ဖြစ်သော သိအပ်သော ထိုအဘိဓမ္မာကို မြတ်ဗုဒ္ဓသည် နတ်ပြည်၌ ဟောခဲ့သည်။ ထိုမျှ ခက်ခဲသော ဓမ္မကို စိတ်အစဉ်၌ အာရုံနှင့် နီဝရဏ ကြားဝင်မခုဘဲ တစ်ဆက်တည်း မရပ်မနား တောက်လျှောက် ဧကာသန ဧက၀ါရ နာကြားနိုင်မှ တတ်သိ နားလည်နိုင်မည်ဖြစ်သည်။


လူတို့ဌာနမှာ စားရေး၊ အိပ်ရေး၊ ကိုယ်လက်သန့်ရှင်းရေး စသည့် အနှောင့်အယှက်များသည် အလုပ်တိုင်း၌ ၀င်ရောက်ဟန့်တားလေ့ရှိသည်။ အလုပ်တစ်ခု၌ စိတ်ကူးစူးစိုက်နေခိုက် ကိုယ်ခန္ဓာပင်ပန်းခြင်း၊ အလေး အပေါ့ သွားလိုခြင်း၊ အစာရေစာ ဆာလောင်ခြင်း စသည်တို့က ၀င်ရောက်နှောင့်ယှက်သောကြောင့် အလုပ်၌ စူးစိုက်ထားသော သမာဓိ ပျက်စီးရလေသည်။ ထို့ကြောင့် ပြတ်တောင်းပြတ်တောင်း ကြိမ်ပေါင်းများစွာ ဟောရလျှင် ထိုမျှ နက်နဲသည့် အဘိဓမ္မာသည် လူတို့ပြည်၌ အရာထင်၍ ကျန်ခဲ့မည် မဟုတ်ပေ။ နတ်တို့ဌာနေမှာကား အချိန်ကွာခြားချက်ကလည်း ဝေးလွန်းလှသည်။ လူ့ပြည်မှာ နှစ်တစ်ရာ တာဝတိံသာ နတ်ပြည်မှာ တစ်ရက်ဖြစ်သည်။ ထို့ကြောင့် စားချိန်အိပ်ချိန်တို့မှာ ကျဲလွန်းလှသည်။ ကျင်ကြီးကျင်ငယ် စွန့်ရခြင်း ညောင်းညာပင်ပန်းခြင်းလည်း မရှိသော ထိုနတ်များမှာ (၁၅)မိနစ်မှာ(သူတို့အချိန်ဖြင့်)ခန့်မျှသာရှိမည့် ထို အဘိဓမ္မာတရားပွဲကို တစ်ဆက်တည်း၊ တစ်ထိုင်တည်း၊ တစ်စိတ်တည်း၊ တစ်ဝီထိတည်း နားကြားခဲ့ကြလေသည်။ ထို့ကြောင့် ထိုနတ်များပြည်ဝယ် ဆက်တိုက်ဟောခဲ့သော ထိုအဘိဓမ္မာကို လူတို့ပြည်ဝယ် အရှင်သာရိပုတ္တရာ အားသာလျှင် ရက်ပေါင်းကိုးဆယ် အကြိမ်ကိုးဆယ် ပြန်လည်ဟောတော်မူ ခဲ့ပါလေသည်။ အရှင်သာရိပုတ္တရာ ဖြစ်၍သာ ထိုအဘိဓမ္မာ ကို ရက်ခြား၍ နားကြားပြီး ဆောင်ထားနိုင်ခဲ့ခြင်း ဖြစ်လေသည်။


အရှင်သာရိပုတ္တရာသည် မြတ်ဗုဒ္ဓထံမှ အကျဉ်းချုပ် နာကြားခဲ့ရသော အဘိဓမ္မာကို သူ၏တပည့် ရဟန်းငါးရာတို့အား မကျဉ်းမကျယ် ပြန်ဟောခဲ့လေသည်။ ထူးဆန်းသည်မှာ အဘိဓမ္မာကို အရှင်သာရိပုတ္တရာထံမှာ သင်ယူကြသော ရဟန်းတို့သည် မြတ်ဗုဒ္ဓတာဝတိံသာသို့ တက်ကြွသွားသောနေ့ကမှ ရှင်သာရိပုတ္တရာထံမှာ ရဟန်းပြုကြသော ရဟန်းသစ်များ ဖြစ်ကြလေသည်။ သရက်ဖြူပင်ရင်းက တန်ခိုးပြာဋိဟာပွဲကို ကြည်ညိုကြသော အမျိုးကောင်းသား(၅၀၀) တို့သည် ထိုနေ့(၀ါဆိုလပြည့်)မှာပင် ရဟန်းပြုကြ ထိုနောင် တစ်နေ့မှာပင် အဘိဓမ္မာ ကို နာကြားကြရလေသည်။ ထို အဘိဓမ္မာတရားသည်ပင် ထိုရဟန်းတို့အတွက် ၀ိပဿနာ ဖြစ်ရပေမည်။ အဘယ်ကြောင့်ဆိုသော် ထိုနှစ်ဝါတွင်းမှာပင် ထိုရဟန်း(၅၀၀)တို့သည် ရဟန္တာဖြစ်ကြပြီး ထိုဝါ (မြတ်ဗုဒ္ဓခုနှစ်ဝါမြောက်) ကျွတ်မှာပင် ထိုရဟန်းများ အဘိဓမ္မာ(၇)ကျမ်း ဆောင်တို့ (အာဘိဓမ္မိက သတ္တပကရဏိက) ဖြစ်ခဲ့ကြလေသည်။ မြတ်ဗုဒ္ဓသည် ဓမ္မ အားလုံးတို့ကို ရှေးဦးစွာ စုပေါင်းသိမ်းကျုံး၍ပြသည်။ ထို့နောင် အသေးစိတ် ခွဲခြမ်းဝေဖန်၍ပြသည်။ တစ်ဖန် ဓာတ်ခွဲ၍ပြသည်။ သိမ်းကျုံး၍ ခွဲခြမ်း ဝေဖန်ထားသော ထိုဓမ္မအသေးစိတ်ကို ပုဂ္ဂိုလ်နှင့်ယှဉ်စပ်သတ်မှတ်တော်မူပြန်သည်။ ထို့နောင် ၀ါဒအမျိုးမျိုးနှင့် နှိုင်းယှဉ်၍ ဝေဖန် ဆန်းစစ်တော်မူပြန်သည်။ ထို့နောင် အစုံစုံ ပြန်စုပုံ၍ အကြောင်းအကျိုး ဆက်စပ်ပြပြန်သည်။ အဘိဓမ္မာ(၇)ကျမ်း၌ စိတ်၊ စေတသိက်၊ ရုပ်တို့ စုရုံးခြင်း၊ ဝေဖန်ခြင်း၊ ဓာတ်ခွဲခြင်း၊ ပုဂ္ဂိုလ်ခွဲခြင်း၊ ၀ါဒယှဉ်ခြင်း၊ စုံညီပြုခြင်း၊ ကြောင်းကျိုးဆက်ခြင်းဟူသော ခုနှစ်ပါးသော နည်းစနစ်တို့သည် တကယ်စင်စစ် အလွန်လေးနက်သည့် ၀ိပဿနာ နည်းစံနစ်များ ဖြစ်ကြကုန်၏။ ထို့ကြောင့် အဘိဓမ္မ၀ိပဿနာကို နာကြားကြရသော ထိုအဘိဓမ္မာ၏ အစစွာသော နေ့တွင်မှ ရဟန်းပြုခဲ့ကြသော ရဟန်းငါးရာတို့သည် အဘိဓမ္မာပြီးဆုံးသော နေ့မှာပဲ သူတို့ ၀ိပဿနာလုပ်ငန်း ပြီးဆုံးသောနေ့ပင် ဖြစ်ရလေမည်။

ဝိပဿနာဟူသည် အထူးထူးသောနည်းတို့ဖြင့် ရုပ်နာမ်တို့၏ ပကတိ၊ သဘာဝ၊ နိယာမ၊ ကာရဏ၊ နိဿတ္တ၊ အနတ္တ၊ ပရမတ္ထ တို့ကို ရှု၍၊ စူးစမ်း၍၊ ထွင်းဖောက်၍ သစ္စာနှင့် သန္တိကို ရှာဖွေသောစနစ်၊ နည်းပညာတစ်ခုပင်ဖြစ်သည်။ ရုပ်၏ သဘာဝ ရုပ်နှင့်ရုပ်ခြင်း အပြန်အလှန် ကြောင်းကျိုးဆက် ကျေးဇူးပြုပုံ၊ နာမ်၏ သဘာဝ နာမ်နှင့်နာမ်ခြင်း အပြန်အလှန် ကြောင်းကျိုးဆက် ကျေးဇူးပြုပုံတို့ကို ဉာဖြစ်စဉ် ဆယ်မျိုးမှာ ပြထားသည့်အတိုင်း သန့်စင်ပုံခုနှစ်မျိုးတိုးတက်ပုံများမှာ ပြထားသည့်အတိုင်း အတွင်းကိုနှိုက် စူးစိုက်၍ အရှိကို ရှာဖွေသောနည်းသည် ၀ိပဿနာပင်ဖြစ်ရာ ၀ိပဿနာနှင့် အဘိဓမ္မာ တသားတည်းဖြစ်လေသည်။ ၀ိပဿနာရှုခြင်းသည် အဘိဓမ္မာကိုပင် ရှုသည်ဖြစ်သောကြောင့် ၀ိပဿနာနှင့် အဘိဓမ္မာ ခွဲ၍မရဖြစ်သည်။ အဘိဓမ္မာတတ်မှ ၀ိပဿနာရှုရမည်ဟု ဆိုလိုသည်မဟုတ်သော်လည်း ၀ိပဿနာရှုနေခြင်းသည် အဘိဓမ္မာ သင်ကြားနေခြင်း တစ်မျိုးလည်းဖြစ်သည်။ စိတ်၊ စေတသိက်၊ ရုပ်တို့သည် တလံမျှသော ကိုယ်၌ အစဉ်အမြဲရှိ၍နေသောကြောင့် ထိုအကြောင်းအရာကို လေ့လာနေခြင်း၊ သင်ယူနေခြင်းနှင့် ထို စိတ်၊ စေတသိက်၊ ရုပ်တို၏ သဘာဝကို စူးစူးစိုက်စိုက် ကြည့်နေခြင်းတို့သည် ခွဲခြား၍မရနိုင်သော လုပ်ငန်းများဖြစ်ကြသည်။


အနိမ့်ဆုံးအားဖြင့် ဆိုရပါလျှင် နာမ်ရုပ်မသိလျှင် ၀ိပဿနာမဖြစ်သောကြောင့် အဘိဓမ္မာနှင့် ၀ိပဿနာခွဲ၍ မရကြောင်း သေချာလှပါသည်။ နာမ်ရုပ်နှစ်ပါးသည် အ၀ိဇ္ဇာ၊ တဏှာ၊ ကံသာ အကြောင်းရင်း ရှိကြောင်း၊ ကံ၊ စိတ်၊ ဥတု အာဟာရသာ အထောက်အပံ့ရှိကြောင်း ကောင်းစွာဖော်ပြသည့် အဘိဓမ္မာပါမှ ပစ္စယပရိဂ္ဂဟဉာဏ် အပိုင်ရ၊ ကင်္ခါဝိတရဏ ၀ိသုဒ္ဓိဖြစ်ကြောင်း ကောင်းမြတ်သော အကျိုးကျေးဇူးတို့ကို ပဋိစ္စသမုပ္ပါဒ်နှင့် ပဋ္ဌာန်းဒေသနာတော်တို့က ကောင်းစွာ ထောက်ပြခဲ့ပြီ ဖြစ်ပါသည်။ ထို့ကြောင့် ၀ိပဿနာနှင့် အဘိဓမ္မာခွဲခြားမရသည့် အညမညပစ္စည်း စင်စစ်ဧကန် ဖြစ်သဖြင့် ၀ိပဿနာယောဂီ တို့ လူ့ဘ၀ကို လေ့လာသည့်နည်းပညာဖြစ်သည့် အဘိဓမ္မာကို လက်မလွှတ်သင့်ကြောင်း ကောင်းစွာ တင်ပြအပ်ပါသည်။


( - သီတဂူဆရာတော်ဘုရားကြီး အရှင်ဉာဏိဿရ ရေးသားခဲ့သော ဆောင်းပါးတစ်ပုဒ်ကို ပြန်လည် ရေးသား ဖော်ပြခြင်းဖြစ်ပါသည်။- )


Shared from Aung Aung Zaw (FB)

Tuesday, June 2, 2015

အရိယာပုဂ္ဂိုလ်ကို စွပ်စွဲတဲ့ကံ


အရိယာ ဟူ၍ သိသည်ဖြစ်စေမသိသည်ဖြစ်စေ။
အဲ့ဒီပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးတော့ကိုယ်က မကောင်းတဲ့စိတ်နဲ့ 
မတော်မတရားပြောမိရင် ၊ စွပ်စွဲမိရင်ဒီပုဂ္ဂိုလ်ဟာလည်းပဲ
နောက်ဘ၀ ကောင်းရာမွန်ရာ မရောက်နိုင်တော့ဘူး။
အပါယ်ငရဲ သွားရမှာ။


အကယ်၍ ကိုယ်က လုပ်မိပြီ ဆိုပါစို့ ။

အဲ့ဒီပုဂ္ဂိုလ်ရှိရင် အဲ့ဒီပုဂ္ဂိုလ် ရှိတုန်းသွားပြီးတောင်းပန်။
အဲ့ဒီ ပုဂ္ဂိုလ်မရှိတော့ဘူး သေသွားပြီဆိုရင်
တခြားပုဂ္ဂိုလ်ရှေ့  ဆရာသမားရှေ့ ဘာရှေ့ မှာ သို့ မဟုတ်
အဲ့ဒီပုဂ္ဂိုလ် သေတဲ့နေရာသွားပြီး တောင်းပန်ရင်ပျောက်နိုင်တယ်။
ဒါကြောင့် သိတ်အရေးကြီးတယ်။ သူများ အပြစ်မပြောနဲ့ ။
အပြစ်မပြောနဲ့ဆိုတာ အဲ့ဒါ ပါတယ်။ကိုယ်က အပြစ်ပြောမိတယ်
အဲ့ဒီပုဂ္ဂိုလ်က အရိယာဖြစ်နေမလား။
ဖြစ်မနေဘူးလား ဘယ်သူမှ မသိနိုင်ဘူး။

တစ်ခါတလေ ကိုယ်က မထင်ပေမယ့်လည်း
ပေါက်ရောက်ပြီး ဖြစ်ချင်ဖြစ်နေတာ။
ဒါကြောင့်မို့ အလွန်ဆင်ခြင်သင့်တယ်။

အထူးသဖြင့် ကမ္မဋ္ဌာန်းတရားဆရာတွေနဲ့
ပတ်သက်ပြီး ဘာမှ အပြစ်မပြောနဲ့မကြိုက်ရင် အသာနေ။
ကိုယ်ကြိုက်တာ လိုက်နာ။အဲ့ဒီလိုပြောမိရင် ခုနကလို
မတောင်းပန် မချင်း မရဘူး။တရားအားထုတ်လို့  မလွယ်ဘူး။ မဖြစ်ဘူး။

ထို့ အတူပဲ
အရိယာ မဟုတ်သည့်တိုင်အောင် အရိယာဖြစ်အောင်(ဆိုပါတော့)
ရည်ရွယ်ချက်နဲ့ ကျင့်နေတဲ့ပုဂ္ဂိုလ်ပုထုဇဉ် ဆိုပေမယ့်လို့ 
အကျင့်ကောင်းတဲ့ ပုဂ္ဂိုလ်တွေလည်းပဲ ရှိသေးတယ်။

အဲ့ဒီလို ပုဂ္ဂိုလ်တွေကိုပြစ်မှားမိရင်လည်း
အရိယူပ၀ါဒကံ နီးပါး ကြီးတဲ့အပြစ်ရှိတယ်။

ဒါကြောင့်မို့  အဲ့ဒါတွေကို တော်တော် ဂရုစိုက်ဖို့  ကောင်းတယ်။
အဲ့ဒီ အန္တရာယ် ယခုပြောခဲ့တာဘယ်နှစ်မျိုးရှိသွားပြီလဲ။
၎- မျိုးရှိသွားပြီ။ကံ ကိလေသ၊၀ိပါက၊ ၀ါဒတိက္ကမာ၊
ဝါဒ တိက္ကမာ ဆိုတာကတော့ဘုန်းကြီးတွေနဲ့  ဆိုင်တယ်။
သိက္ခာပုဒ်ကိုလွန်ကျူးချင်တဲ့စိတ်နဲ့ လွန်ကျူးထားတာ။
မတော်တဆ လွန်ကျူးမိတာမျိုး မဟုတ်ပဲနဲ့ ။
လွန်ကျူးချင်တဲ့စိတ်နဲ့  လွန်ကျူးတာလည်းပဲ
ဒီအာပတ်ကို ဒီအပြစ်ကို ပျောက်အောင်
မလုပ်မချင်း ဒီအန္တရာယ်ရှိတယ်။
ဒေသနာ ကြားပြီးတော့ ပျောက်အောင်လုပ်ရမယ်။
ပရိဝတ်မာနတ် ဆောက်တည်ပြီးတော့
ဒါတွေက လူတွေနားလည်မှာမဟုတ်ဘူး။
ထားပါတော့ လုပ်သင့်တာ လုပ်ပြီးပျောက်အောင် လုပ်ရမယ်။
ပျောက်အောင်မလုပ်ရင် ရဟန်းမှာ အန္တရာယ်ရှိတယ်။
နတ်ရွာ နိဗ္ဗာန် မရောက်နိုင်ဘူး။

အန္တရာယ် ၅-ပါး
(၁) ။ ကမ္မန္တရာယ်……ပဉ္စာနန္တရိယ ကံ-၅-ပါးနှင့် ဘိက္ခူနီမ၌ ကျူးလွန်မှု။
(၂) ။ ကိလေသန္တရယ်…..နိယတ မိစ္ဆာဒိဋ္ဌိ
(၃) ။ ၀ိပါကန္တရာယ်… အဟိတ် ဒွိဟိတ် ၊ ပဋိသန္ဓေ၀ိပါက်စိတ်။
(၄) ။ အရိယူပ၀ါဒန္တရာယ်…အရိယာပုဂ္ဂိုလ်မှန်း သိသည်ဖြစ်စေ။ မသိသည်ဖြစ်စေ။
ယုတ်မာသောစိတ်ထားဖြင့် အရိယာပုဂ္ဂိုလ်ကိုစွပ်စွဲကဲ့ရဲ့ခြင်း။
(၅) ။ အာဏာဝီတိက္ကမန္တရာယ်……လွန်ကျူးလိုသောစေတနာဖြင့် သင့်ရောက်
အပ်သော အာပတ်။

*** ကံ ကိလေသ ၀ိပါက ၀ါဒ တိက္ကမာ။
နတ်ရွာ နိဗ္ဗာန်၊ မဂ်ဖိုလ်ဈာန်၊ ငါးတန် အန္တရာ။

အရှင်သီလာနန္ဒာဘိဝံသ