Sunday, June 28, 2015

ဝေဓမ္မဆိုတာနားမလည်ရင် ဘီလူးစားတာ ခံရလိမ့်မည်


ဘီလူး အစားမခံရအောင် ဘယ်လိုနေမလဲ ...

(၁)

တနင်္လာနေ့ ရောက်သည့်တိုင် တနင်္ဂနွေနေ့က စကားဝိုင်းတွင် ပြောဖြစ်ခဲ့သော စကားတစ်ချို့တ၀က်ကို သူပြန်အမှတ်ရနေသည်။ ယခုရေးပြမည့် အကြောင်း အရာ များသည် တနင်္ဂနွေနေ့က သူကြားခဲ့ရသော အကြောင်းအရာ တစ်ချို့ ဖြစ်လေသည်၊

(၂)

တစ်ခါက ရွာတစ်ရွာမှ အဖိုးအို တစ်ယောက်ရှိတည်တဲ့ဗျ၊ နောက်ပြီးတော့ အဲဒီအဖိုး အိုမှာလဲ မြေးမလေး တစ်ယောက်ရှိဆိုပဲဗျ၊ မြေးမလေးဟာ အရမ်းလှသတဲ့ဗျ၊

အဖိုးအိုဟာ အိုနေပေမယ့် သူ့မြေးမလေးကို သူတတ်ထားတဲ့ မျက်လှည့်ပညာနဲ့ ရှာဖွေကျွေးမွေးပြုစုစောက်ရှောက်ထားသတဲ့ ဗျ၊ အဘိုးအိုကလဲ ထူးဆန်းတဲ့ ပြကွက်တွေပြ၊ အဘိုးအိုရဲ့ မြေးမလေးကလဲ အရမ်းချောဆိုတော့ မျက်လှည့် ပြတဲ့ နေရာကို လာကြည့်ကြတဲ့ ပရိတ်သတ်ကလည် ပြတိုင်းစီနေတာပဲဗျ၊ လာတဲ့သူတိုင်းကလဲ မျက်လှည့်ကြည့်ခ အဖြစ် ငွေကြေးစလေး တွေနဲနဲစီ ပေးသွားကြတယ်ဗျ၊

ဒီလိုနဲ့ တစ်နေ့ကြတော့ အဘိုးအိုက လာကြည့်ကြတဲ့ ပရိသတ်ကို “ မျက်လှည့် ပညာဆိုတာ မှော်ပညာမဟုတ်လို့ တန်ခိုးစွမ်းအားတွေ မဟုတ်ပါဘူး၊ လိမ်တာလဲ မဟုတ်ပါဘူး၊ မျက်လှည့်ပညာမှာ လျှို့ဝှက်ချက်တွေရှိပါတယ်၊ အဲဒီလျှို့ဝှက်ချက်တွေ ကို မသိလို့သာ ခင်များတို့ လာကြည့်နေကြတာပါ၊

ဒီကနေ့တော့ အဲဒီလျှို့ဝှက်ချက်တွေကို ခင်များတို့ကို ပြောပြပြီး လက်တွေ့ လုပ်ပြပါ တော့မယ်” လို့ပြောပြီး၊ ကြိုးကနေ မြွေဖြစ်သွားတဲ့ ပြကွက်တွေ၊ စက္ကူလေးတွေက နေ ဖဲချပ်လေးတွေ ပြောင်းသွားတဲ့ ပြကွက်တွေကို လက်တွေ့ လဲပြ ရှင်းလဲ ပြလိုက်တော့ လာကြည့်တဲ့ ပရိသတ်တွေလဲ လျှို့ဝှက်ချက်တွေ သိသွားပြီး၊ အဘိုးအို ပြတဲ့ ပြကွက်တွေကို စိတ်ဝင်စားမှုနည်းပြီး တဖြေးဖြေး ပြန်သွားကုန်ကြတယ်ဗျ၊

အဖိုးအိုနဲ့ သူမြေးမလေးဟာ နောက်တစ်နေ့ မျက်လှည့်ပြသချိန်ရောက်တော့ မျက်လှည့်ပြတယ်ဗျ၊ ဒါပေမယ့် သူတို့ ပြသတဲ့ မျက်လှည့်ဝိုင်းဆီကို လူတစ်ယောက် မှ လာမကြည့်တော့ဘူးဗျ၊

အဲဒီတော့ မြေးမလေးက အဖိုးရယ် မျက်လှည့်ပြတဲ့ဆီလဲ လူတစ်ယောက်မှ လာမ ကြည့်ကြတော့ဘူး ဘာကြောင့်လဲ အဖိုးရယ်လို့ မေးတော့ အဘိုးက သမီးရယ် မနေ့က အဖိုးက အဖိုးတို့ပညာရဲ့လျှို့ဝှက်ချက်တွေကို ပြလိုက် တာကိုး သမီးရဲ့ ဒါကြောင့် ပရိတ်သတ်တွေက အဘိုးတို့ မျက်လှည့်ဝိုင်းကို မလာတော့တာလို့ ရှင်းပြသဗျ၊

ပြောချင်တာကတော့ဗျာ လောကမှာ မပြသင့်တာကို မပြရဘူးဗျ၊ လျှို့ဝှက် ထားရ မယ်၊ လျှို့ဝှက်ထားတာကို သွားပြလိုက်ရင် တန်ဖိုးမဲ့ပြီး ကိုယ်စားအိုးကို ကိုယ်ရိုက်ခွဲ သလို ဖြစ်တတ်တယ်ဗျ၊

အေးဗျ ခင်များက လျှို့ဝှက်ချက်တွေကို မပြရဘူးဆိုလို့ တစ်ခု သတိရမိတယ် ဗျာ၊
ဘာများလဲ ဗျ၊

ခုခေတ်လူငယ်တော်တော်များများက အထူးအားဖြင့် မိန်းကလေးတွေပေါ့ဗျာ၊ သူတို့ရဲ့ မပြသင့်တဲ့လျှို့ဝှက်ချက်တွေကို ထုတ်ဖော်ပြသနေတော့ တန်ဖိုးမဲ့ နေသ လိုပဲဗျာ၊

အင်း ဒါကလဲဗျာ၊ ကိုရီးယားယဉ်ကျေးမှု၊ အနောက်တိုင်းယဉ်ကျေးမှုတွေရဲ့ ထိုးနှက်ချက် တွေလဲပါမယ်၊ နောက် ဘာသာရေး အသိအားနည်းတာလဲ ပါမယ်ဗျ၊

ဘယ်လိုပဲ ဖြစ်ဖြစ်ဗျာ၊ သူတို့အဲဒီလိုအားနည်းလာရင် ဘီးလူးအစားခံရမယ်ဗျ၊
ဟာ ခင်များစကားက အထူးအဆန်းပါလားဗျာ ဘယ်နှယ်ကြောင့် ဘီလူးအစား ခံရမလဲ ဗျာ၊ ဒီခေတ်ကြီးမှာ ဘယ်က ဘီလူးက လာစားမလဲ

အော် ခင်များကလဲ ဘီလူးအစားခံရတဲ့ အကြောင်းကို ပြောပြဦးမယ်ဗျာ

သူငယ်ချင်းဖြစ်သူသည် ထိုသို့ စကားဦးသန်းပြီး အောက်ပါ ပုံပြင် တစ်ပုဒ်ကို ဆက်လက် ပြောပါသည်၊

(၃)

ဟိုးဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း အုပ်စိုးနေတုန်းက ပေါ့ဗျာ၊ ဘုရား အလောင်းတော်ဟာ ဘုရင်မင်းတြားကြီးရဲ့ သားတော် တစ်ယောက် အနေနဲ့ မွေးဖွားခဲ့တယ်ဗျာ၊ သူနာမည်က မဟိံသလို့ ခေါ်တယ်ဗျ၊ နောက်သူညီတစ်ယောက် လည်းရှိတယ်ဗျ ညီတော်နာမည်ကတော့ စန္ဒလို့ ခေါ်တယ်ဗျ၊

သူတို့ရဲ့မယ်တော် မိဖုရားခေါင်ကြီးကတော့ဗျာ ကံဆိုးစွာပဲ သူတို့မွေးဖွားပြီး မကြာခင် နတ်ရွာစံတော် မူသွားတယ်ဗျ၊ အဲဒီတော့ မင်းတြားကြီးတို့ ထုံးစံအတိုင်း နောက်မိဖုရားချောချောလှလှ တစ်ပါးကို ကို မိဖုရားခေါင်း ရာထူးပေးတာ ပေါ့ဗျာ၊

အဲဒီမိဖုရားကို မင်းတြားကြီးက အလွန်အမင်း ချစ်မြတ်နိုးတော် မူသတဲ့ဗျ၊ အဲဒိမိဖုရား ကိုယ်ဝန်ရလာတော့ မင်းတြား ကြီးက ချစ်နှမ ချစ်နှမကြိုက်တဲ့ ဆုကို တောင်းပါဆိုပြီး စကားလွန်မိတယ်ဗျ၊

မိဖုရားကြီးကလဲ လည်တယ်ဗျာ၊ သူသားတော်လေး မွေးဖွားလာရင် ထီးမွေ နန်းမွေ ပေး ဖို့ ဆုတောင်းသဗျာ၊ မင်းတြားကြီးခင်မျာ အဲဒီကြမှ နောင်တရ ရှာတယ်ဗျ၊ သူမှာလဲ အရင်နတ်ရွာစံသွားတဲ့ မိဖုရားခေါင်ကြီးနဲ့ ရထားတဲ့
သားတော်နှစ်ပါးကလဲရှိနေပြန်သေးတယ်၊ ခု ဒီမိဖုရားရဲ့ သားတော်အငယ်ကို ထီးမွေး နန်းမွေပေးဖို့ဆိုတာ ဖြစ်မှ မဖြစ်တာဗျာ၊
ဟုတ်တယ်ဗျ၊ အဲဒါ သင်္ခန်းစာပဲဗျနော်၊ ကတိဆိုတာ စဉ်းစဉ်းစားစား ပေးသင့်တယ် အလွယ်တကူပေးမိရင် ပြန်ရခက်တတ်ရောဗျ

ဒါပေါ့ဗျာ။ မင်းမှာ သစ္စာ၊ လူမှာကတိကလည်း ရှိလေတော့ မင်းတြားကြီးခင်များ ကတိတည်ရတာပေါ့ “ အေးကွယ် ပေးပါ့မယ်” လို့ အချို သပ်လိုက်ရ ရှာတယ်၊

မကြာပါဘူးဗျာ အဲဒီမင်းတြားကြီး ချစ်တော်မူတဲ့ မိဖုရားခေါင်းအသစ်က သားတော် လေးမွေးဖွားလာသဗျ၊ အဲဒီသားတော်လေး နာမည်ကိုလဲ သူရိယလို့ မှည့်လိုက်တယ် ဗျ၊

သားတော်လေး ဖွားတာသေချာတော့ မိဖုရားခေါင်းက မင်းတြားကြီးပေးထားတဲ့ ကတိစကားကို ထပ်တောင်းတယ်ဗျာ၊ အရှင်မင်းကြီး တပည့်တော်မလဲ သားတော်လေး မွေးဖွားပါပြီး ထီးမွေးနန်းမွေးပေးပါ ဆိုပြီးတော့ ပေါ့ဗျာ၊
မင်းတြားကြီးက ငြင်း ၊ မိဖုရားခေါင်ကြီးက ထပ်ကာ ထပ်ကာတောင်းဆိုတော့ မင်းတို့ သစ္စာတည်စေချင်တာရယ်၊ ထွက်ပြီးဆင်စွယ် ၀င်တယ်မရှိဆိုတာ ဖြစ်စေချင်တာနဲ့ ပေးပါမယ်လို့ ကတိပြုလိုက်ရတယ်ဗျာ၊

မင်းတြားကြီးလဲ စိတ်မကောင်းဖြစ်ပြီး သားတော်အကြီးဖြစ်တဲ့ မဟိံသနဲ့ စန္ဒကို ခေါ်ပြီး “ သားတော်တို့ရေ ခမည်းတော်ကတော့ စကားတွေလွန်မိထားပြီ အဲဒီတော့ သားတော်တို့ရဲ့ အသက်အန္တရာယ် စိုးရိမ်ရတယ်၊ သားတော်တို့ ဘေးကင်းရာဖြစ်တယ်တဲ့ တောထဲကို သွားနေကြပါ၊ ခမည်းနတ်ရွာစံလွန်မှ တိုင်းပြည် ကိုပြန်လာပြီး သိမ်းပိုက်ကြပါ” လို့ အမှာပါးပြီး တောထဲကို ထွက်သွားခိုင်း လိုက်တယ်ဗျာ၊

ညီနောင်နှစ်ပါးလဲ ဖခမည်းတော်မင်းတြားကြီးရဲ့စကားကိုနားထောင်ပြီး တောထဲ ထွက်ဖို့ ခေါင်းငိုက်စိုက် ငိုက်စိုက်နဲ့ ထွက်လာကြတယ်ဗျ၊ ထွက်လာကြရင်း နန်းရင် ပြင်ရောက်တော့ နန်းရင်ပြင်မှာ ဆော့ကစားနေတဲ့ သူတို့နဲ့ အဖေတူ အမေကွဲ ညီတော်လေး သူရိယနဲ့ တွေ့သဗျ၊

သူရိယမင်းသားလေးကလဲ သူလဲ အစ်ကိုတော်တို့နဲ့ တောထဲလိုက်မယ်လို့ ပြောသဗျ၊ တိုတိုပြောရရင်ဗျာ၊ ညီနောင် သုံးပါးတောထဲ ရောက်သွားတယ်ဗျ၊ တောထဲရောက်တော့ ညီတော်သုံးပါးဟာ နန်းတော်ကနေထွက်လာရတာ ခရီးကလဲ ပန်းလာသဗျ။ ရေကလဲ ဆာလာတယ်ဗျ၊ ဒါနဲ့ ရေရှာကြတာပေါ့ဗျာ၊

ညီနောင်သုံးပါးထဲက အငယ်ဆုံးဖြစ်တဲ့ သူရိယမင်းသားကို ရေရှာဖို့ တာဝန်ပေးလိုက် တယ်ဗျ၊ ညီအငယ်ဆုံးဖြစ်တဲ့ သူရိယမင်းသားလေးကလဲ အစ်ကိုတော်တွေပေးတဲ့ တာဝန်ကို ကျေပွန်ဖို့ ရေရှာထွက်တယ်ဗျာ၊

မကြာပါဘူး ကြာပန်းတွေနဲ့ဝေဆာပြီး လှပတဲ့ ရေကန်ကြီးတစ်ကန်ကို တွေ့တယ်ဗျ၊ ဒါပေမယ့် အဲဒီရေကန်ကြီးက ဘီးလူးစောင့်တယ်ဗျ၊ အဲဒီဘီးလူးက ကန်ထဲဆင်းလာ တဲ့ လူတွေကို စားတယ်တဲ့ဗျ၊

အော် ဒါပေမယ့် လူတိုင်းကို စားတာတော့ မဟုတ်ဘူးဗျ၊ ဒေ၀ဓမ္မကို မသိတဲ့သူကို စားတာဗျ၊
“ဒေ၀ဓမ္မဆိုတာ ဘာလဲဗျ”
“ဒေ၀ဓမ္မဆိုတာ လောကပါလတစ်ရားနှစ်ပါးလေဗျာ”
“လောက ပါလတရားနှစ်ပါးဆိုတာကရော ဘာလဲဗျ”
“ခင်များကလဲဗျာ ရှင်းမှ ရှုတ်တော့မယ်၊ လောကပါလ တရားနှစ်ပါးဆိုတာ ဟိရီ=မကောင်းမှုလုပ်ရမှာ ရှက်တာ၊ သြတ္တပ္ပ= မကောင်းမှုလုပ်ရမှာ ကြောက်တာကို ပြောတာဗျ”
“အော် ခုမှ ရှင်းသွားတယ်ဗျာ၊ ဆက်ပါဦး ခင်များ ပုံပြင်ကို”

သူရိယမင်းသားလေးက ကြာပန်းတွေနဲ့ ဝေနေတဲ့ ရေကန်ကြီးတွေ့တော့ ၀မ်းသာ သွားတာပေါ့ဗျာ၊ ဒါနဲ့ကန်ထဲကို ရေခပ်ဖို့ ဆင်းလိုက်တယ်၊
အဲဒီအခါကြမှ ရေကန်စောင့်နေတဲ့ ဘီးလူးက ဘွားကနဲ့ ပေါ်လာတာဗျာ၊ ပေါ်လာပြီးတော့ “ ဟေ့ မင်းကန်ထဲက ရေတွေကို ဒီအတိုင်း ယူလို့မရဘူး၊”
“ဒါဆို ဘယ်လိုလုပ်မှ ယူလို့မရလဲ”
“မင်းဒေ၀ဓမ္မကို သိလား၊”
“အာဒါများလွယ်လွယ်လေး သိတာပေါ့၊ ဒေ၀ဓမ္မဆိုတာ နေနဲ့လကို ပြောတာပဲ” လို့ သူရိယ မင်းသားလေးက ပြန်ပြေတယ်ဗျ
အင်း မင်းဝေဒဓမ္မကို တကယ်မသိဘူး၊ လာခဲ့ဆိုပြီး ဘီးလူက ရေကန်ထဲစားဖို့ ဆွဲခေါ် သွားလေရောဗျ၊
ရေရှာ သွားတဲ့ ညီငယ်သူရိယ ပြန်မလာတော့၊ မဟိ့သမင်းသားက အလတ်ဖြစ်တဲ့ ညီတော် စန္ဒကို လိုက်ရှာဖို့ ထပ်လွတ်လိုက်တယ်ဗျ၊

စန္ဒမင်းသားလဲ ခုန ညီငယ်သူရိယတွေ့တဲ့ ရေကန်နားရောက်သွားပြီး၊ ရေကန်စောင့် ဘီးလူးက ဒေ၀ဓမမ္မကို သိလားလို့မေးတယ်ဗျ၊
အဲဒီမှာ စန္ဒမင်းသားလဲ “ ဟာသိတာပေါ့ ဒေ၀ဓမ္မဆိုတာ အရပ်လေး မျက်နှာပေါ့” ဆိုပြီးဖြေတော့ မှားသွားတာနဲ့ သူလဲ ဘီးလူးက ဖမ်းခေါ်သွားတယ်ဗျာ၊

ဒီလိုနဲ့ ရေအရှာခိုင်းတဲ့ ညီတော်နှစ်ပါး ပြန်မလာလို့ နောင်တော်ကြီးဖြစ်တဲ့ မဟိံသမင်းသားက လိုက်ရှာမှ ဒီကန်ဟာ ဘီလူးစောင့်တဲ့ ကန်ဖြစ်ရမယ်ဆိုပြီး သတိနဲ့ ချဉ်းကပ်ပြီး ဘီးလူးမေးတဲ့ ဒေ၀ဓမ္မကို မှန်မှန်ကန်ကန်ဖြေနိုင်လို့ ညီငယ်နှစ်ယောက် ရဲ့အသက်ကိုလဲ ကယ်ခွင့်ရတယ်၊ ရေတွေလဲ ၀အောင်ချိုးရသောက်ရတယ်ဗျာ၊

(၄)

အဲဒါကြောင့် ခုခေတ်လူငယ်လေးတွေကို ဘီလူး အစားခံရမယ်ပြောတာဗျာ၊ ကိုယ်တိုင်လဲ ဒေ၀ဓမ္မလို့ ဆိုတဲ့ ဟိရီနဲ့ သြတပ္ပတရားတွေကို မသိကြတော့ ဘူးဗျာ၊ အမှန်က အဲဒီတရားနှစ်ပါးက လောကကြီးကို သာယာအောင်၊ ၀ပြောအောင် ၊ လှပအောင် စောင့်ရှောက်ထားတဲ့ လောကပါလတရားနှစ်ပါးဗျာ၊

အဲဒီတရားနှစ်ပါး ပျက်ယွင်းနေကြတော့ လေကကြီးလဲ မလှပတော့ဘူးဗျာ၊ နောက် အ၀တ် အစားတွေပေါ်မှာ လော်လောလီလီ ၀တ်ကြစားကြတော့ ရှေးတုန်းက ဇာတ်တော်ထဲကလို သက်ရှိဘီဘူး စားတာမခံရပေမယ့် တဏှာဘီလူးကတော့ အမှောင်ပူးပြီး စားတာ ခံရဦးမယ်ဗျာ ၊

(၅)

သူငယ်ချင်းနှစ်ယောက် ဆွေးနွေး ပြောဆိုခဲ့သော တနင်္ဂနွေ စကားဝိုင်းက မှတ်မိ၊ ကြားမိခဲ့သော စကားများကို ပြန်ရေး လိုက်ခြင်းပါ၊ မိမိကိုယ်ကို မိမိလည်း ဘီလူး အစားမခံရအောင် ကြိုးစားရမည် ဖြစ်ကြောင်း နားလည် လိုက်သည်၊ စာဖတ်သူများလဲ ဘီလူး အစားမခံရအောင် ဘယ်လိုလုပ်ကြမ လဲ သိချင်နေမိသည် ။ ရေးပြခဲ့သော စာများကို ဖတ်ပြီးလည်း ဘီးလူးအစားမခံ အောင် နေထိုင်လိုက်နာနိုင်ကြပါစေလို့လဲဆန္ဒပြုနေမိသည် ။ ။

P;s= စာတွေမရေးတာ ကြာပြီ ရေးပါဦးလို့ တိုက်တွန်း စကားဆိုတဲ့ အမေ့ကို အထူး ကျေးဇူးတင်စွာနဲ့ ဒီပို့စ်လေးကို ဒီနေ့ အပြီးရေးဖြစ်ပါသည်၊

ရွှေမန်းသား အရှင်အကုင်္ရ

ကျမ်းကိုး=
ဖတ်ဖူးသော ပုံပြင်များ
ဒေ၀ဓမ္မဇာတက= အဋ္ဌကတာ၊ ပါဠိ

No comments:

Post a Comment