Tuesday, September 30, 2014

ကထိန်အကြောင်း သိကောင်းစရာ


သီတင်းကျွတ်ပြီးသွားပြီဆိုတော့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအတွက် နောက်ထပ်ဘာသာရေးဆိုင်ရာ ထင်ရှားတဲ့ ကုသိုလ်ပွဲတစ်ခုအနေနဲ့ ကထိန်အလှူပွဲတွေက အသီးသီး ရှိလာနေကြမှာ ဖြစ်ပါတယ်။ ဘုရားဝိနည်းတော် သတ်မှတ်ချက်အရ သီတင်းကျွတ် လပြည့်ကျော် (၁)ရက်နေ့ကစပြီး တန်ဆောင်မုန်း လပြည့်နေ့အထိ (၁)လတာ ကာလကို ကထိန်အလှူပွဲ ကျင်းပရာ ကာလအဖြစ် မြန်မာနိုင်ငံတ၀ှန်းလုံးရှိ အနယ်နယ်အရပ်ရပ်မှာ ကထိန်ပွဲတွေကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ကျင်းပပြုလုပ်ကြမှာ ဖြစ်ပါတယ်။ ကထိန်ပွဲတွေ လုပ်ကြတော့မယ်ဆိုတော့ ဘာရယ်မဟုတ်ဘူး သူ့ထက်ငါ အပြိုင်အဆိုင် လုပ်ချင်ကြတာပဲ သိတာများတတ်ပါတယ်။ ကထိန်ဆိုရင် ပဒေသာပင်ကြီးတွေ သီးပြီး ဆိုင်းသံဘုံသံ တညံညံနဲ့ အနယ်နယ်အရပ်ရပ်မှာ လှည့်လည်ကာ နောက်ဆုံးဘုန်းကြီးကျောင်းကို ပို့ဆောင်လှူဒါန်းကြတဲ့ပွဲလို့ အများက သိနေတတ်ကြပါတယ်။ ကထိန်ဆိုတာဘာလဲ၊ ဘာကြောင့် ဒီအလှူကို ကထိန်လို့ ခေါ်တာလဲ၊ ကထိန်ခင်းတယ်ဆိုတာ ဘာကိုပြောတာလဲ စသဖြင့် မေးလာခဲ့မယ်ဆိုရင်တော့ တိတိကျကျ ပြောဆိုရှင်းပြဖို့ ခက်တတ်ကြပါတယ်။ ဒါကြောင့် ကထိန်နဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တာလေးတွေ သိထားဖို့ ကထိန်အကြောင်း သိကောင်းစရာ ဆိုတဲ့ ဒီပို့စ်လေးကို ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။

ကထိန်ဖြစ်ပေါ်လာပုံမြတ်စွာဘုရားရှင် သာဝတ္ထိပြည်၊ ဇေတ၀န် ကျောင်းတော်မှာ သီတင်းသုံးနေတော်မူနေတဲ့ အချိန်တုန်းက ဖြစ်ပါတယ်။ အာရညကဓုတင်၊ ပိဏ္ဍပါတဓုတင်၊ ပံ့သုကူဓုတင်၊ တိစီဝရိတ်ဓုတင်ကို ဆောက်တည်ကြတဲ့ ပါဝေယျကတိုင်းသား ရဟန်းတော် အပါးသုံးဆယ်ဟာ မြတ်စွာဘုရားရှင်ကို ဖူးမျှော်ဖို့ အလွန်ဝေးတဲ့ အရပ်ကနေ သာဝတ္ထိပြည်ကိုလာရင်း လမ်းမှာဝါဆိုရမယ့်နေ့ နီးလာတဲ့အတွက် သာဝတ္ထိပြည်အထိ မသွားနိုင်တော့ဘဲ သာဝတ္ထိပြည်နဲ့ ယူဇနာ (၆၀)ဝေးကွာတဲ့ သာကေတမြို့မှာပဲ ၀ါဆိုလိုက်ရတဲ့ အဖြစ်နဲ့ ကြုံခဲ့ရပါတယ်။ အဲဒီရဟန်းတော်များဟာ ဘုရားရှင်သီတင်းသုံးတော်မူရာ သာဝတ္ထိပြည်အနီးမှာ ရောက်နေပြီးမှ ဘုရားရှင်ကို မဖူးမျှော်ရပဲ ၀ါဆိုနေရတဲ့အတွက် စိတ်နှလုံး မပျော်မွေ့ပဲ ဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ ၀ါကျွတ်တဲ့အခါ ဘုရားရှိရာ အရပ်ကို ထွက်လာခဲ့ကြပါတယ်။ လမ်းခရီးမှာ မိုးကလည်း အလွန်ကြီးတဲ့အတွက် အဲဒီရဟန်းများ ၀တ်ရုံထားတဲ့ သင်္ကန်းနဲ့ ဓုတင်ဆောင် နှစ်ထပ်သင်္ကန်းများဟာ မိုးရေများနဲ့ အရမ်းကို စိုရွဲနေကြပါတယ်။ ဘုရားထံမှောက် ရောက်လာကြတဲ့ အဲဒီရဟန်းတော်များကို ဘုရားရှင်က ၀ါတွင်းကာလ ချမ်းချမ်းသာသာ သီတင်းသုံးခဲ့ရမှု ရှိမရှိ မေးမြန်းတဲ့အခါ ပါဝေယျကတိုင်းသား ရဟန်းတော် အပါးသုံးဆယ်ဟာ မိမိတို့ရဲ့ အဖြစ်ကို အကျိုးအကြောင်း လျှောက်ပြပါတယ်။

ဒီလို ရဟန်းတော်တို့ရဲ့ အခက်အခဲ အခြေအနေများကြောင့် မြတ်စွာဘုရားရှင်က “ရဟန်းတို့ ၀ါကျွတ်ပြီးသော ရဟန်းတို့အား ကထိန်ခင်းခြင်းငှါ ခွင့်ပြု၏၊ ရဟန်းတို့ ကထိန်ခင်းပြီးသော ရဟန်းတို့အား ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ ဒါယကာ အိမ်သို့သွားနိုင်ခြင်း၊ တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကို မယူဘဲ သွားနိုင်ခြင်း၊ ဂဏဘောဇဉ်ကို စားနိုင်ခြင်း၊ အလိုရှိတိုင်း အဓိဋ္ဌာန် ၀ိကပ္ပနာမပြုသော သင်္ကန်းကို ဆောင်နိုင်ခြင်း၊ ထိုကထိန်းခင်းသော ကျောင်း၌ သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသော ရဟန်းတို့အား ဖြစ်ရခြင်းဟူသော ဤငါးပါးသော အာနိသင်တို့ ရကုန်၏” စသဖြင့် မိန့်တော်မူကာ ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူပါတယ်။ ဒါဟာ ကထိန်ခင်းခြင်းနဲ့ ကထိန်သင်္ကန်းအလှူ ဖြစ်ပေါ်မှုရဲ့ အစပဲ ဖြစ်ပါတယ်။

ကထိန်ဆိုတာကထိန်ဆိုတာ ကထိနဆိုတဲ့ ပါဠိစကားကို မြန်မာမှုပြုပြီး အလွယ်အသုံးပြုထားတဲ့ ပါဠိပျက် ဝေါဟာရစကားလုံး ဖြစ်ပါတယ်။ ကထိနရဲ့ အဓိပ္ပါယ်က ခိုင်မြဲခြင်း၊ မြဲမြံခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဆိုလိုတာက ကထိန်ဆိုတာ ၀ါဆိုလပြည့်ကျော် (၁)ရက်နေ့ကစပြီး သီတင်းကျွတ်လပြည့်နေ့ အထိ (၃)လတာ ၀ါဆိုဝါကပ် ပြုတော်မူပြီးကြတဲ့ ရဟန်းတော်များအား သင်္ကန်းဆက်ကပ်လှူဒါန်းပြီး ဒီသင်္ကန်းကို အလှူခံ ရရှိတဲ့ ရဟန်းတော်များဟာ ဒီသင်္ကန်းကို အကြောင်းပြုကာ ၀ိနည်းတော်များထဲက သိက္ခာပုဒ်အချို့ကို ကာလအပိုင်းအခြား တစ်ခုအနေနဲ့ ကင်းလွှတ်ခွင့်ဆိုတဲ့ အကျိုးအာနိသင်ကို သေချာပေါက် ခိုင်ခိုင်မြဲမြဲ ရစေနိုင်တဲ့ အတွက် ကထိန- ကထိန်လို့ ဆိုတာ ဖြစ်ပါတယ်။ ဒီကထိန်ခင်းတာဟာ အ၀တ်သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်တဲ့ အလှူဖြစ်တဲ့အတွက် ဒီသင်္ကန်းကိုလည်း ကထိန်သင်္ကန်း၊ ဒီအလှူကိုလည်း ကထိန်အလှူလို့ ဆိုခြင်းဖြစ်ပါတယ်။

ကထိန်ခင်းတယ်ဆိုတာဘယ်မြို၊ ဘယ်ကျောင်းမှာ ကထိန်သွားခင်းမလို့ ဆိုတဲ့ အပြောအဆိုအသုံး အနှုန်းကို လူအတော်များများ ပြောဆိုသုံးစွဲတတ်ပါတယ်။ တကယ်တော့ ကထိန်ခင်းတာဟာ လူတွေက ခင်းရတာမဟုတ်ပါဘူး။ ရဟန်းတော်များကသာ ခင်းရတာ ဖြစ်ပါတယ်။ လူတွေက ရဟန်းတော်များ ကထိန်ခင်းနိုင်အောင် သင်္ကန်းကို လှူဒါန်းပေးတဲ့ ကထိန်သင်္ကန်း အလှူရှင်အဖြစ်ပဲ ခံယူနိုင်တာ ဖြစ်ပါတယ်။ ကထိန်ခင်းတာဟာ သံဃာတော်များရဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ ကထိန်ခင်းဖို့အတွက် သံဃဿဒေမ ဆိုပြီး လှူဒါန်းလိုက်တဲ့ ဒီသင်္ကန်းကို သံဃာတော်များက သိမ်ထဲမှာ ကထိန်သင်္ကန်း အလှူခံမယ့် ကျောင်းမှာရှိတဲ့ ရဟန်းတော်တစ်ပါးကို သံဃာအများ သဘောတူမှုနဲ့ ရွေးချယ်ပြီး သင်္ကန်းအလှူရှင်များ လှူဒါန်းထားတဲ့ အဲဒီသင်္ကန်းကို ကမ္မ၀ါစာနဲ့ ရွတ်ဖတ်ကာ ပေးကြရပါတယ်။ အဲဒီလို ကမ္မ၀ါစာနဲ့ ရွေးချယ်ပေးလာတဲ့ သင်္ကန်းကို အလှူခံရရှိလာတဲ့ ရဟန်းတော်ဟာ မိမိဝါဆိုရာကျောင်းမှာ ပြန်ပြီးဒီသင်္ကန်းကို ခင်းရပါတယ်။

ခင်းတယ်ဆိုတာ သင်္ကန်းကို အောက်မှာချခင်းတာ မဟုတ်ပါဘူး။ စွန့်သင့်တဲ့သင်္ကန်းကို စွန့်၊ အဓိဋ္ဌာန်တင်သင့်တဲ့ သင်္ကန်းကို တင်ပြီး လက်ရှိအလှူခံ ရရှိလာတဲ့ သင်္ကန်းကို ၀ိနည်းကြောင်းအရ လိုက်နာပြုကျင့်တာကို ပြောတာဖြစ်ပါတယ်။ အဲဒီခင်းထားတဲ့ အကျိုးအာနိသင်ကိုလည်း အဲဒီကျောင်းတိုက်မှာ ရှိတဲ့ အခြားသံဃာတော်များကို အနုမောဓနာပြု သာဓုခေါ်စေပြီး ၀ိနည်းကြောင်းအရ သတ်မှတ်ထားတဲ့ ကထိန်အာနိသင် ငါးမျိုးကို အညီအမျှ ရစေတာဖြစ်ပါတယ်။ ဒီလို ကမ္မ၀ါစာနဲ့ သင်္ကန်းပေးပြီး မိမိဝါဆိုရာ ကျောင်းတိုက်မှာ ကထိန်ပြန်ခင်းကာ အတူတူဝါဆိုဝါကပ် ပြုကြတဲ့ အခြားရဟန်းတော်များနဲ့အတူ အကျိုးအာနိသင်ကို ရယူတဲ့ အစီအစဉ်ကိုပဲ ခြုံငုံပြီး ကထိန်ခင်းတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကထိန်ခင်းတယ်ဆိုတာ လူတွေက ခင်းရတာမဟုတ်ဘဲ ကထိန်ခံ ရဟန်းက ခင်းရတာလို့ ဆိုခြင်းဖြစ်ပါတယ်။

ပြီးတော့ ကထိန်းသင်္ကန်းဟာ ဒီနေ့အလှူခံပြီး ဒီနေ့ပဲ အပြီးကံဆောင်ကာ ခင်းရတာဖြစ်ပါတယ်။ ဒီနေ့အလှူခံပြီး နောက်နေ့တွေမှ ခင်းရင် ကထိန်ခင်းရာ မမြောက်ပါဘူး။ မသိုးသင်္ကန်းဆိုတာ ညလွန်သွားတဲ့ သင်္ကန်းမျိုး မဟုတ်တာကို ပြောတာ ဖြစ်ပါတယ်။ ဒီလို မသိုးသင်္ကန်းဖြစ်မှလည်း ကထိန်ခင်းနိုင်တာ ဖြစ်ပါတယ်။ သင်္ကန်းကလွဲပြီး တစ်ခြားပစ္စည်းများနဲ့လည်း ကထိန်ခင်းလို့ မရပါဘူး။ ဒီလိုဆိုတော့ တခြားပပေဒသာပင် သီးပြီးလှူတဲ့ အလှူပစ္စည်းများဟာ အခြံအရံ လှူဖွယ်ပစ္စည်းများပဲ ဖြစ်ပါတယ်။ ဒီပစ္စည်းများ၊ ပဒေသာပင်များဟာ ကထိန်ခင်းထိုက်တဲ့ အရာများ မဟုတ်ပါဘူး။ အလိုရှိသလို အသုံးပြုနိုင်တဲ့ အသုံးအဆောင်ပစ္စည်း အလှူများပဲ ဖြစ်ပါတယ်။

ကထိန်ခင်းနိုင်တဲ့ သင်္ကန်းနဲ့ ကထိန်သင်္ကန်းလှူဒါန်းနိုင်သူများဝိနည်းကြောင်းအရ ကထိန်းခင်းနိုင်တဲ့ သင်္ကန်းအမျိုးအစားဟာ ကြိုတင်လှူဒါန်းထားခြင်း မဟုတ်ဘဲ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်းမှာ လှူဒါန်းတဲ့ ဒီနေ့လှူ ဒီနေ့ခင်းရမယ့် ညမလွန်တဲ့ မသိုးသင်္ကန်း ဖြစ်ရပါမယ်။ အဲဒီလို သင်္ကန်းမျိုးဆိုရင် သင်္ကန်းသုံးထည်လို့ ခေါ်တဲ့ အပေါ်ရုံ ကိုယ်ဝတ် ဧကသီသင်္ကန်း၊ အောက်ခါးဝတ် သင်းပိုင်သင်္ကန်းနဲ့ ပုခုံးတင် နှစ်ထပ်ဒုကုဋ်သင်္ကန်း တွေထဲက သင့်တော်ရာ တစ်မျိုးမျိုးနဲ့ ခင်းနိုင်ပြီး ဒီသင်္ကန်းအလှူကိုတော့ ရဟန်း၊ ရှင်၊ လူ ဘယ်သူမဆို လှူဒါန်းနိုင်ပါတယ်။

အကြောင်းစုံမှ ခင်းလို့ရကထိန်အလှူဟာ အမြတ်ဆုံး အလှူဖြစ်သလို ကထိန်အလှူ မြောက်ဖို့ဆိုတာလည်း ခက်ခဲတဲ့ သဘောရှိပါတယ်။ ဆရာဒကာ နားလည်မှုနဲ့ အကြောင်းစုံ ညီညွတ်မှ ဒီအလှူ အထမြောက် အောင်မြင်တာ ဖြစ်ပါတယ်။ တကယ်လို့ ၀ါကျွတ်ပြီးတဲ့ ရဟန်းသံဃာတော် တစ်ပါးပါးဟာ မိမိကျောင်းမှာ ကထိန်မရှိ၊ ကထိန်သင်္ကန်း လှူဒါန်းသူမရှိလို့ ဆိုပြီး နီးစပ်ရာ၊ ကြည်ညိုရင်းနှီးရာ ပုဂ္ဂိုလ်တစ်ဦးဦးထံမှာ သွားပြီး အလှူခံကာ မိမိတို့ ပယောဂကြောင့် ရလာတဲ့ သင်္ကန်းဖြစ်ခဲ့မယ်ဆိုရင် အဲဒီသင်္ကန်းနဲ့ ကထိန်ခင်းလို့ မရပါဘူး။ ကထိန်သင်္ကန်းဟာ ရဟန်းတော်များ အနေနဲ့ တိုက်ရိုက်အလှူခံကောင်းတဲ့ သင်္ကန်းလည်း မဟုတ်ပါဘူး။ ကထိသင်္ကန်း အလှူရှင်က မိမိအလိုလို နားလည်သဘောပေါက်ပြီး သံဃာဿဒေမ - သံဃားတော်အား လှူဒါန်းပါ၏လို့ သံဃာကို ရည်မှန်းပြီး လှူဒါန်းတဲ့ သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်တာ ဖြစ်ပါတယ်။ အရှင်ဘုရားအတွက်၊ ဘယ်ဆရာတော်အတွက် စတဲ့ ပုဂ္ဂိုလ်ရည်မှန်းပြီး လှူဒါန်းတဲ့ ပုဂ္ဂလိက အလှူသင်္ကန်းနဲ့ဆိုလည်း ကထိန်းမခင်းနိုင်ပါဘူး။ ရဟန်းတော်များဘက်က ပယောဂကင်းဖို့လိုသလို သင်္ကန်းအလှူရှင်ဘက်ကလည်း သံဃိက အလှူဖြစ်ဖို့လိုကာ ဒီလို နှစ်ဘက်နားလည် ညီညွတ်မှုနဲ့ ရလာတဲ့ သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်တာ ဖြစ်ပါတယ်။ နောက် ကာလသတ်မှတ်ချက်ကလည်း တစ်နှစ်မှာ တစ်ခါ၊ တစ်ခါမှာ သင်္ကန်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လ၊ တစ်လမှာလည်း ၀ါဆိုရာ နယ်နိမိတ် သတ်မှတ်ချက်မတူတဲ့ ကျောင်းတစ်ကျောင်းမှာ တစ်ကြိမ်ပဲ ခင်းနိုင်တာ ဖြစ်ပါတယ်။ ပြီးတော့ ကထိန်ခင်းဖို့အတွက် သိမ်ရှိဖို့လိုသလို လေးပါးလေးပါးအထက် ရှိတဲ့သံဃာ အရေအတွက် ပြည့်မီဖို့လည်း လိုပါတယ်။ ဒီလို အကြောင်းအချက်အလက် စုံမှပဲ ကထိန်ခင်းမှု အထမြောက်တယ်၊ ကထိန်အလှူ အောင်မြင်ပြီးမြောက်တယ်လို့ ဆိုတာ ဖြစ်ပါတယ်။

ကထိန်အလှူရဲ့ ထူးခြားမှုဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတွေရဲ့ ချီးမွမ်းမှုကို ခံယူထိုက်တဲ့အတွက် ဒီအလှူကို ကထိန်လို့ ဆိုကြောင်း အဋ္ဌကထာဆရာတော်က ဖွင့်ဆိုပါတယ်။ ဒီလိုဖွင့်ဆိုရတာကလည်း အကြောင်းရှိပါတယ်။ ဒီအလှူဟာ
၁။ သံဃာကို ရည်မှန်းပြီး လှူဒါန်းတဲ့ သံဃိကအလှူ ဖြစ်ရခြင်း
၂။ အချိန်ကာလ သတ်မှတ်ချက် အတွင်းမှာသာ လှူဒါန်းရတဲ့ ကာလဒါန အလှူဖြစ်ခြင်း
၃။ တစ်ခြားပစ္စည်းဝတ္ထုများ မဟုတ်ဘဲ အရဟတ္တဓဇ ခေါ် ရဟန္တာတို့ရဲ့ အလံတံခွန်သဖွယ် ဖြစ်တဲ့ အ၀တ်သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်ခြင်း
၎။ ဒီအလှူကို အကြောင်းပြုပြီး ရဟန်းတော်များအား ၀ိနည်းသိက္ခာပုဒ် အချို့ကို အချိန်ကာလ တစ်ခုအရ ကင်းလွတ်စေနိုင်တဲ့ အတွက် ၀ိနည်းအလှူ သို့မဟုတ် တရားအလှူခေါ် ဓမ္မဒါန အလှူဖြစ်ခြင်း စတဲ့ ထူးခြားချက်များကြောင့် အမြတ်ဆုံးအလှူ၊ အထူးခြားဆုံး အလှူလို့ ဖွင့်ဆိုပြခြင်း ဖြစ်ပါတယ်။

ကထိန်အလှူရဲ့ အကျိုးတရားဒီအလှူရဲ့ လက်တွေ့အကျိုးကတော့ သင်္ကန်းအလှူခံ ရရှိတဲ့ ရဟန်းတော်များဟာ ကထိန်အာနိသင် ရလိုက်တဲ့အတွက် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ကစပြီး တပေါင်းလပြည့်နေ့အထိ (၅)လအတွင်းမှာ
၁။ ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ ဒါယကာ အိမ်သို့သွားနိုင်ခြင်း
၂။ တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကို မယူဘဲ သွားနိုင်ခြင်း
၃။ ထမင်းစားလာပါ၊ မုန့်စားကြွပါ စတဲ့ လူ့အခေါ်အပြောနဲ့ ပင့်ဖိတ်တဲ့ ဂဏဘောဇဉ်ကို စားနိုင်ခြင်း
၎။ အလိုရှိတိုင်း အဓိဋ္ဌာန် ၀ိကပ္ပနာမပြုသော သင်္ကန်းကို ဆောင်နိုင်ခြင်း
၅။ ကထိန်ခင်းတဲ့ကျောင်းမှာ သံဃိက သင်္ကန်းဖြစ်ပေါ်လာတဲ့အခါ ကထိန်အာနိသင်ရတဲ့ ရဟန်းအားလုံး ရယူနိုင်ခြင်း ဆိုတဲ့ အကျိုးတရား ငါးပါးကို ရရှိနိုင်ပါတယ်။

လူပုဂ္ဂိုလ်များအတွက်ကတော့ ကထိန်သင်္ကန်း လှူဒါန်းခြင်းကို အကြောင်းပြုပြီး
၁။ သင်္ကန်းအလှူ လှူဒါန်းခွင့်ရခြင်း (စီဝရဒါန)
၂။ သံဃိကအလှူ လှူခွင့်ရခြင်း (သံဃိကဒါန)
၃။ ကာလဒါန အလှူလှူခွင့်ရခြင်း (ကာလဒါန)
၎။ ဓမ္မဒါနအလှူ လှူခွင့်ရခြင်း (ဓမ္မဒါန) စတဲ့ အကျိုးတရားများကို ရစေနိုင်တဲ့အပြင် ရဟန်းတော်များအား အထက်ပါ ကထိန်အာနိသင် အကျိုးတရား ငါးမျိုးကို ရစေနိုင်သလို ကထိန်သင်္ကန်း လှူဒါန်းတဲ့ အလှူရှင်များမှာလည်း ထိုအကျိုးနဲ့ ထပ်တူစွာ လွတ်လပ်တဲ့ဘ၀မျိုးမှာ ဖြစ်ရခြင်း၊ ထောင်တန်းအချုပ်အနှောင်မှ ကင်းလွတ်ခြင်း၊ စားဖွယ်သောက်ဖွယ် ပေါများကာ အလိုရှိသလို စားသုံးနိုင်ခြင်း၊ မိမိကိုယ်ကို သူတပါးတို့ မလွမ်းမိုးနိုင်ခြင်း၊ မိမိကသာ နေရာတကာ အစိုးရခြင်း စသော အကျိုးတရားများကိုလည်း ရရှိစေနိုင်ပါတယ်။ အထူးကတော့ ရှားရှားပါးပါး ခက်ခက်ခဲခဲ လှူဒါန်းရတဲ့အလှူ ဖြစ်တဲ့အတွက် ရဖို့ခဲရင်းတဲ့ အရာတွေကို ရနိုင်ပြီး နောက်ဆုံး အခက်ခဲဆုံးဖြစ်တဲ့ မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ကိုပါ အထောက်အကူပေးနိုင်တဲ့ အကျိုးတရားပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူတော်ကောင်းများက ဒီကထိန်အလှူဟာ အကောင်းဆုံးနဲ့ အမြတ်ဆုံးအလှူလို့ ဆိုကြတာ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် ကထိန်နဲ့ ပတ်သက်တဲ့ သိသင့်သမျှကို အနည်းငယ်မျှ သိရှိခွင့် ရလောက်မယ်လို့ မျှော်လင့်မိပါတယ်။ တစ်ချို့အကြောင်းအရာများဟာ အကျယ်ရှင်းပြဖို့ လိုပေမယ့် လူတွေအတွက်တော့ ကထိန်နဲ့ ပတ်သက်ပြီး ဒီလောက်သိထားရင်ကိုပဲ ကထိန်အလှူအကြောင်း၊ ကထိန်လုပ်ရခြင်းအကြောင်း၊ ကထိန်အလှူရဲ့ အကျိုးတရားများအကြောင်း အတော်အသင့် ပြောဆိုဆွေးနွေးနိုင်ကြမှာ ဖြစ်ပါတယ်။ အကျယ်သိလိုသူတွေ အနေနဲ့တော့ ၀ိနည်းမဟာဝဂ္ဂပါဠိတော်၊ ကထိနက္ခန္ဓကမှာ ကြည့်ရှုနိုင်ပါကြောင်း ညွှန်းဆိုလိုက်ပါတယ်။

စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)

Monday, September 22, 2014

သူရဿတီ ဘယ်က လာသလဲ


ဗုဒ္ဓ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ ဂျူး ဘာသာကြီးငါးခုကို
လက်လှမ်းမမီတဲ့ လူတွေက တောတွေ ရှိခိုး၊ တောင်တွေ ရှိခိုး
အမျိုးကို စုံနေတယ်။

ဗမာတွေကတော့ သုံးဆယ်ခုနှစ်မင်း ရှိခိုးကြတယ်။ နည်းသေးတယ်
ထင်ရင် အိန္ဒိယပြည် သွားတောင်းကြ။ ဟိုမှာ သုံးထောင့်ခုနှစ်ရာ
မကဘူး။ မှောင်ခိုလမ်းကြောင်းကနေ ရောက်လာတယ် ဆိုကြပါစို့၊
မင်းတို့ဘုရားစင်ပေါ်မှာ သူရဿတီဆိုတဲ့ အရုပ်ကလေး ရှိတယ်။
ပိဋကတ်သုံးပုံ သူက စောင့်တယ်တဲ့။ တိပိဋကဆရာတော်တွေ
အလကားဖြစ်သွားရော။ သြော်- ဒုက္ခ--

သူရဿတီ ဘယ်က လာသလဲ သိလား။ ဗမာပြည်မှာ မွေးတဲ့
နတ်သမီး မဟုတ်ဘူး။ သူ့ရဲ့ မွေးရပ်မြေက ပန်ဂျပ်မှာ မွေးတာ။
ပန်ဂျပ်ဆိုတာ သိလား။ အိန္ဒိယပြည် အနောက်ပိုင်း ပါကစ္စတန်အရှေ့ပိုင်း နှစ်နယ် စပ် ဟိုဘက်တစ်ခြမ်း ဒီဘက်တစ်ခြမ်း။ အဲဒီမှာ ပဉ္စရယ် အာပရယ် ပေါင်းစပ်ထားတာ။ အဲဒါကို ပန်စာပလို့ တွဲဖတ်တယ်။ ကုလားသံနဲ့ ဖတ်တော့ ပန်ဂျာပလို့ ဖြစ်တယ်။ ပဉ္စ က ငါးခု၊ အာပ က မြစ်၊ မြစ်ငါးစင်းရှိတဲ့ အရပ်ကို ပန်ဂျာပလို့ ခေါ်တာ။

အဲဒီမြစ်ငါးစင်းထဲမှာ ဆရဆွတ္တီဆိုတဲ့ မြစ်ရှိတယ်။ ဗမာလို ဖတ်တော့
သူရဿတီ ပေါ့။ အဲဒီမြစ်က နတ်သမီးပဲကွ။ အိန္ဒိယပြည်မှာ အာရီယန်ဆိုတဲ့ လူတွေ အခြေချပြီး အစောဆုံးနေတာ။ အဲဒီ ပန်ဂျပ်မှာနေတာ အာရီယန်တွေ ဘယ်က စတာလဲ သိလား။
အာရီယန်တွေ ကော့ကေးရှပ် တောင်တန်ကြီးက ဆင်းလာခဲ့တဲ့
အကောင်တွေ၊ ကော့ကေးရှပ် တောင်တန်ကြီးက ဘယ်နားရှိလဲ။
ပဲခူးရိုးမမှာ မရှိဘူး။ shan mountain ရှမ်းတောင်တန်းမှာလည်း မရှိဘူး။ ကက်စပီယန်ပင်လယ်နဲ့ ပင်လယ်နက် အကြား မြောက်ဖက်နား ဂျော်ဂျီယာပြည်နယ်ထဲမှာ ရှိတယ်။ ရုရှားပြည်ရဲ့ တောင်ဘက်စွန်းပေါ့။ အဲဒီက လူတွေကို အာရီယန်လို့ ခေါ်တာ။

သူတို့တွေ ဆင်းဆင်းလာကြတာ တောင်တန်းက တစ်နှစ်လုံး ရေခဲ၊
စားစရာက မရှိ၊ အဲဒါနဲ့ အရှေ့ ဆင်းတဲ့ကောင်က ဆင်း၊ အနောက်
ဆင်းတဲ့ ကောင်က ဆင်း၊ အရှေ့ဘက်နှင့် တောင်ဘက်ဆင်းတဲ့ ကောင်က များတယ်။ အုပ်လိုက်အုပ်လိုက် ကျွဲအုပ်တွေ၊ နွားအုပ်တွေ၊ သိုးအုပ်တွေ၊ ဆိတ်အုပ်တွေနဲ့ ဆင်းသွားကြတာ။ အဲလို ကျွဲ၊ နွား၊ ဆိတ်၊ သိုးနဲ့ သွားတဲ့ ဒီလူအုပ်တွေကို ကာရေဗီယန် ခေါ်တာ။ ကာရေဗီယန်ဆိုတာ မော်တော်ကားနာမည် ပြောတာမဟုတ်ဘူး။ အဲဒီ အုပ်လိုက်ကြီး ဆင်းလာပြီးတော့ မြေထဲပင်လယ် ကမ်းနားတစ်ဝိုက် သဲကန္တာရတွေထူတဲ့ အရပ်တွေမှာ အခြေချနေခဲ့ကြတယ်။ ဒီကနေ့ မင်းတို့သိတဲ့ အီရန်၊ အီရတ်ဆိုတဲ့ တိုင်းပြည်တွေကို အဲဒီလူတွေ ထူထောင်ခဲ့ကြတာ။

အဲဒီဆိတ်အုပ်တွေ သိုးအုပ်တွေနဲ့ အရှေ့ကို ဆက်လက် ချီတက်တော့
အာဖဂန်နစ္စတန်ဖြတ်ပြီး ပါကစ္စတန်ဖြတ်ပြီး အရှေ့ဘက် ချီတက်ကြတယ်။ အာဖဂန်တို့ ပါကစ္စတန်တို့ဆိုတဲ့ တိုင်းပြည်တွေ ပေါ်တာ သိပ်မကြာသေးဘူး။ နှစ်တစ်ထောင်ကို မရှိသေးဘူး။

အဲဒီတော့ တိုတိုပြောစို့... မြစ်ငါးစင်းရှိတဲ့ အရပ်ကို ရောက်တာ
အနောက်ဘက်ကနေ သူတို့ ဖြတ်လာခဲ့သမျှ လမ်းတစ်လျှောက်လုံးဟာ
သဲတွေချည်းပဲဆိုတော့ မြစ်ငါးဆင်းရှိတဲ့ အရပ်လည်း ရောက်ရော
ဧရာဝတီလို ဖြစ်နေတာ၊ နယ်မြေတစ်ခုလုံးက စိမ်းစိုညိုနေတဲ့ အရပ်ဆိုတော့ လူတို့ Settle အခြေချနေကြတာ။

``ဒီလောက် စိမ်းစိုလှပစရာဖြစ်တဲ့ ဒီမြေကြီးကို ဘယ်သူများ
ဖန်ဆင်းခဲ့သလဲလို့´´တွေးပြီး ဖန်ဆင်းရှင်ရှာတော့ ဗြဟ္မာ သွားတွေ့ရော။ တကယ်တော့ ဗြဟ္မာကို ဘယ်သူမှ မြင်တာ မဟုတ်ဘူး။ စိတ်ကူးနဲ့ သူတို့ ဖော်ထုတ်တာဆိုတော့-- Brama created this word ဖြစ်တော့တာ။

ဟော... တော်တော်ကြာကျတော့ ဟာ ဒီလောက် သန်းပေါင်းများစွာ
ကြာနေတဲ့ ဒီကမ္ဘာ Who preserved?,who maintained?
ဘယ်သူ ထိန်းထားလဲဆိုပြီး maintainer (ထိန်းသိမ်းစောင့်ရှောက်သူ) ကို သူတို့ ရှာကြပြန်တယ်။ ဒီတော့ သွားတွေ့တယ်။ Vishnu is the maintainer. နောက်ကျတော့ မုန်တိုင်းတွေ တိုက်လို့ သေကြပြန်ရော။ ရေလျှံလို့ သေကြပြန်ရော။ တောမီးတွေ လောင်လို့ သေကြပြန်ရော။
ဟာ... Who destory this world? destroyer (အဖျက်သမား) ဘယ်သူလဲ။ Shiva- ရှီဝ ပေါ့။ Shiva destroy this world.
အဲဒီ Brama ရယ်၊ Vishnu ရယ်။ Shiva ရယ်ကို ရတနာသုံပါးတဲ့။
သူတို့တွေ သတ်မှတ်လိုက်ကြတာ။ မင်းတို့ငါတို့မှာလည်း ရတနာသုံးပါးရှိတယ်ဆိုတော့ Similar ဖြစ်နေတယ်။

အဲလောက်လှတဲ့ ကမ္ဘာကြီးကို ဖန်ဆင်းတဲ့ Brama (ဗြဟ္မာ)ရယ်...
စောင့်ရှောက်တဲ့ Vishnu (ဗိဿနိုး)ရယ်....ဖျက်ဆီးတဲ့ Shiva
(ရှီဝ)ရယ်... ဒီဘုရားကြီး သုံးဆူကို ပူဇော်ဖို့ ပူဇော်တဲ့ နည်းစနစ်တွေကို
ရေးတယ်။ အဲလို ပူဇော်တဲ့ ကျမ်းတွေဟာ `ယဇုဗေဒ´ဆိုပြီး
ဖြစ်လာတယ်။ ပူဇော်တဲ့နေရာမှာ ဂါထာမန္တရားတွေ ရွတ်နည်းဖတ်နည်းတွေကို ရေးသားတဲ့ကျမ်းက `သောမဗေဒ´ကုလားလို (ရှာမဗေဒ)လို့ ဖြစ်လာတယ်။ ဒီတော့ ဗေဒသုံးခုလို့ လာတယ်။ ဒို့ ပိဋိကတ်သုံးပုံနဲ့ လာဆင်တူနေပြန်တယ်။

အဲဒီတော့.. . သူရဿတီဆိုတဲ့မြစ်က တောင်ကြိုချောက်ကြား
ကျောက်ဆောင်ကျောက်စွယ်တွေကိုဖြတ်ပြီး ရေစီးတော့ နိမ့်တစ်လှည့်
မြင့်တစ်လှည့်နဲ့ ရေစီးတယ်။ လေ လေးလည်းအတိုက်မှာ အဲဒီ ရေစီးက
ထွက်လာတဲ့ အသံဟာ ဂီတသံနဲ့ တူတယ်။ ဂီတာသံလေးလိုလို သီးချင်းဆိုနေတဲ့ အသံလေးလိုလိုပေါ့။ ဒီတော့ အသံရှိတဲ့ ဒီမြစ်ကို `သရဝတီ´ ကနေ အသံပြောင်းတော့ `သူရဿတီ´ဖြစ်သွားတော့တာပဲ။

မန္တာန်တွေ ဂါထာတွေ ရေးသားသီကုံးပြီးတော့ စာအုပ်ကလေးပြုစုတော့
အဲဒီစာအုပ်က သာမဗေဒ ဖြစ်လာတယ်။ ဒီတော့.. . အဲဒီမြစ်ငါးစင်းရှိတဲ့ လူတွေကို ဗမာခေါ် ခေါ်ရင် `ပန်ချာပီ´ ဖြစ်လာတာပေါ့။

ဒီအသံကောင်းတဲ့ ဒီမြစ်ကို စောင့်ရှောက်တာ နတ်သားလား၊
နတ်သမီးလား.... ဟုတ်ပြီ နတ်သမီးဖြစ်ရမယ်။ မြစ်ကလေးကလည်းလှ၊ အသံလေးကလည်း သာတယ်ပေါ့။ အဲဒီနဲ့ နတ်သမီးပုံလေးကို စိတ်ကူးနဲ့ ရေးကာ မြစ်ထဲဆိုတော့ ဘဲလေးတွေ သွားနေတာကို ဘဲလေးပေါ်မှာ နတ်သမီးလေး တင်ပြီး စိတ်ကူးနဲ့ ရေးလိုက်ကြရော ဆိုတော့....
`သူရဿတီ´နတ်သမီးဆိုပြီး အဲဒီမှာ မွေးတာ။ သရဝတီမြစ်၊ ပန်ဂျပ်မှာ
မွေးတာ။ ဟိန္ဒူကုလားတွေ စိတ်ကူးနဲ့ မွေးထုတ်တာနော်။ တကယ်
မွေးတာတော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့။

သူရဿတီ ဘယ်သူမြင်ဖူးသလဲ။ ဘယ်သူမှ မမြင်ဖူးဘူး စိတ်ကူးတာ။
ဗြဟ္မာ ဖန်တီးသတဲ့။ ဘယ်သူပြောလဲ... ဘယ်သူ မြင်ဖူးသလဲ။
ဘယ်သူမှ မမြင်ဖူးဘူး။ Nobody see but they are imagine.
ဗိဿနိုး စောင့်ရှောက်တယ်တဲ့။ ဘယ်သူတွေများ ဗိဿနိုးနဲ့ ဗြဟ္မာကို တွေ့ဖူးလိုက်သလဲ။ မတွေ့ဖူးကြဘူး။ အဲဒီလို စိတ်ကူးနဲ့ ဖော်ထုတ်တဲ့ ဘာသာရေးမျိုးကို Imaginary religion လို့ ခေါ်တာ။ မင်းတို့ စိတ်ကူးယဉ်ဝါဒမျိုးကို ကြိုက်သလား။ လက်တွေ့ဝါဒမျိုးကို
ကြိုက်သလားမေးရင် မင်းတို့ အဖြေ ရှင်းရှင်းထုတ်နိုင်မှာပေါ့ ဟုတ်လား။

အဲဒါကြောင့် လက်တွေ့ကျကျ မျက်တွေ့ကျကျ လူနဲ့ထိတွေ့ပြီးတော့
စနစ်ကျတဲ့ ဘာသာတရားကို ယုံကြည်လက်ခံခွင့်ရတဲ့ ဒီဘဝဟာ
ဘဝကောင်းတစ်ခုပဲလို့ အားလုံး နားလည်ကြစေချင်ပါတယ်။

အင်း... ဟုတ်ပြီဆိုတော့ သူရဿတီ အကြောင်းဆက်ရအောင်။

သူ ဘယ်မှာ မွေးလဲ၊ ပန်ဂျပ်က သူရဝတီဆိုတဲ့ မြစ်ထဲ မွေးတဲ့ နတ်သမီး။ သူ ဗမာပြည် ရောက်လာတာ ဘယ်လမ်းကြောင်းက ရောက်လာသလဲ။ အဲဒီကောင်မလေး ဗီဇာ မပါဘူးကွနော် Without visa နဲ့ ရောက်လာတာ။

ဗမာတွေရဲ့ နှလုံးသားထဲကို ဒီကောင်မလေး ဝင်အောင် ဘယ်သူက
စထည့်သွားမှန်း မသိပါဘူး။ ပိဋကတ်သုံးပုံစောင့်နတ်သမီး ဆိုပြီးတော့
လုပ်လိုက်ကြတာဟာ ဘုရားစင်ပေါ် သူ တက်ထိုင်တယ်။
ဒါတင်မကဘူး၊ တင်ပလ္လင်ချိတ်ပြီး ဒူးကြီးဖော်ထိုင်နေတဲ့ လူကြီးလည်း
ဘုရားစင်ပေါ် ရောက်လာတယ်။

ဟာ... ဘုရားရဲ့ ဘေးမှာ ရောက်ရောက်လာ တက်တက်လာ ကြတာ။
ဟာ... ဒီဘက်က သူရဿတီဆိုတဲ့ ကောင်မလေးတက် လာပြီ။
ဟာ... ဒီဘက်က ဦးရှင်ကြီးကြွလာပြီပေါ့။ ဟာ... ဟိုဘက်က ကွမ်ရင်လည်း ရောက်လာပေါ့။ (ဗမာလည်း တရုတ်နဲ့ ပေါင်းစပ်ကာ တော်တော် ကြာသွားပြီလေ) နောက်လည်း ဆက်ပေါင်းကြဦးမှာပဲ ဆိုတော့ ကွမ်ရင်ကိုလည်း နေရာပေးရမယ်။ သူလည်း ဘုရားစင်ပေါ် တက်။ ကြည့်လိုက်တော့.. . မြတ်စွာဘုရား ပြောသာ မပြောတာ၊ သူကြည့်နေတာ `တက်လာကုန်ပြီ ငါ့ဘေးနားမှာ ဟိုကောင် ဒီကောင်တွေ တက်လာကြတာ တော်တော်များနေပြီ။ ငါ ဘယ်နေ့ ဆင်းပေးရမလဲ´လို့ တော်တော်စိုးရိမ်နေပြီ။

ပြောချင်တာက သတိထားကြဖို့။ တကယ့် ဗုဒ္ဓဘာသာ အနှစ်သာရ
မပျောက်ဖို့ရန်အတွက် အဲဒီစိတ်ကူးယဉ်ဘာသာရေးတွေ မလွှမ်းမိုးဖို့ရန်
အရေးကြီးတယ်။
Realistic Teaching နဲ့ Imaginary Teaching ကို
ဂဃနဏ သဘောပေါက် နားလည်ကြပါ။
=======================
သီတဂူ ဆရာတော်ဘုရားကြီး
ဒေါက်တာ အရှင်ဉာဏိဿရ
(CHARACTER IS POWER 2 တရားတော်မှ)
လှိုင် တိုး
လေးစားလျက်
ပြန်လည်မျဝေပေးပါတယ်။
20.9.2014

တကယ်လိုအပ်တဲ့ နေရာလေးတွေမှာ လှူဒါန်းချင်ကြသူများအတွက်...






တကယ်ကို ရင်ထဲနင့်နေတာပဲ
ကျွန်မ မျက်ရည်တွေ သက်ပြင်းတွေနဲ့ ပြန်ခဲ့ရတယ် ကျွန်မလှူတဲ့ မွေးနေ့ အလှူငွေတောင် ဘာမှမဟုတ်တော့သလိုပဲ အဘိုးအဘွားတွေ ရွာကြီးတစ်ရွာလို စုနေရတယ်
အဘိုးတယောက်ဆို နားကသွေးတွေ နှာခေါင်းက သွေးတွေ စက်လက်နဲ့ ဘယ်သွားရမှန်းမသိ ဘာလုပ်ရမှန်းမသိနဲ့ 
FB ကသူငယ်ချင်းတွေကို ဒီမှာလာလှူဖို့ ပြောချင်တယ် အဘိုးအဘွားတွေက သူတို့ ကိုလာလှူ ကြတာကို ဝမ်းသာတဲ့မျက်ရည်တွေနဲ့ ကြို ကြတယ် မပြောပြတတ်အောင် သနားဖို့ ကောင်းတယ် နောက်တခါသွားလှူ ဦးမယ်လို့  ဆုံးဖြတ်ချက်ချထားတယ်


လိပ်စာမေးတဲ့ အကိုတွေ အစ်မတွေအတွက် လိပ်စာပြန်တင်ပေးထားပါတယ်
သံလျင်ကျိုက်ခေါက်ဘုရားနားကသဘာဝတရားရိပ်သာပါ သဘာဝတရားရိပ်သာဆရာတော်ဖုန်းက 095085212 အဘဦးကျော်အေး 095201616 /098595599 ၊ သဘာဝတရားရိပ်သာ ဖုန်း 09420076866 ကျိုက်ခေါက်ဘုရားနဲ့တာဝကြား၊ဘုရားကုန်းကျေးရွာ ကိုဆက်သွယ်လှူဒါန်းနိင်ပါတယ် ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်
Comment တွေမှာလဲ သိတဲ့ အကိုတွေ အစ်မတွေ ရေးပေးထားပါတယ် ကြည့် ပြီးဆက်သွယ်နိုင်ပါတယ်နော်

ဒီပို့စ်လေးကို တင်ထားတဲ့ Chit Thu Lay ဖေ့စ်ဘုတ်က ညီမကို ကျေးဇူးတင်ပါတယ်။ တင်ထားတဲ့ မူလပို့စ်အတိုင်း ပြန်ရှယ်ချင်ပေမယ့် အဆင်မပြေလို့ သက်သက်ထပ်တင်ပြီး ရှယ်လိုက်ပါတယ်။ ဒီပို့စ်လေးကို ဖတ်မိပြီး လှူဒါန်းချင်တဲ့သူများ ပေါ်ပေါက်လာနိုင်ပါစေ... 

Credit to: Chit Thu Lay (FB)

အသက် ၅၈ နှစ်ပေမယ့် လှသွေးကြွယ်နေသေးတဲ့ Liu Xiaoqing


တရုတ်မင်းသမီး Liu Xiaoqing ဟာ အသက် ၅၈ နှစ် ရှိပါပြီ။ သို့ပေမယ့် ပုံမှာ မြင်တွေ့ ရသလိုပဲ သူဟာ ၂၀ ကျော်သက် အမျိုးသမီး တစ်ဦးလို့ ထင်ရလောက်အောင် နုပျိုလျက် ရှိပါတယ်။ သူမဟာ ၁၉၇၀ ကျော်က စလို့ အနုပညာ လောကကို စတင် ဝင်ရောက် ခဲ့ပြီး ယနေ့မှာတော့ စီးပွားရေး လုပ်ငန်း ရှင် တစ်ဦးလည်း ဖြစ်ပါတယ်။

၁၉၉၉ ခုနှစ်က တရုတ်ပြည်ရဲ့ အချမ်းသာဆုံး စီးပွားရေး လုပ်ငန်းရှင် အယောက် ၅၀ စာရင်းထဲမှာ အဆင့် ၄၅ နဲ့ ပါဝင်ခဲ့ ပါတယ်။ ယနေ့တိုင်လည်း ရုပ်ရှင်များ လည်း ရိုက်ကူးနေဆဲ ဖြစ်ပါ တယ်။ ၁၉၈၀ ကျော်တုန်းက အင်မတန် အောင်မြင် ခဲ့တဲ့ မင်းသမီး ဖြစ်ပေမယ့် ယနေ့ ခေတ်မှာတော့ သူမဟာ စီးပွားရေး လုပ်ငန်းနဲ့ ရုပ်ရှင် ထုတ်လုပ်ရေး တို့မှာပဲ ဦးစားပေးလျက် ရှိသူ ဖြစ်ပါတယ်။ စီးပွားရေးမှာ အောင်မြင်ပေမယ့် အခွန် ရှောင်တိမ်းမှုကြောင့် တရားရင်ဆိုင်ရမှု၊ ဒဏ်ကြေးငွေ ယွမ်ငွေ သန်းချီl ဆောင်ရမှုများ ရှိခဲ့ ပါတယ်။ From A Movie Star to A Billionaire ဆိုတဲ့အမည်နဲ့လည်း သူမရဲ့ အကြောင်းကို စာအုပ်ထုတ် ရေးသားခဲ့ဖူးပါတယ်။

အသက်အရွယ်အားဖြင့် ကြီးပေမယ့် ရုပ်ရှည်က နုပါတယ်။ အိမ်ထောင် နှစ်ဆက် ရှိပါတယ်။ ဘဝ အတွေ့အကြုံကလည်း ရင့်ကျက်တော့ တရုတ်ပြည်မှာ ထက်မြတ်တဲ့ အမျိုးသမီး တစ်ဦး အဖြစ် ပြောစမတ်ပြုကြ ပါတယ်။
.
Ref: wiki,metro
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

Thursday, September 18, 2014

ကိုယ်ကမှန်နေသော်လည်း တစ်ခြားသူက မှားနေတာ မဟုတ်ပါဘူး


တစ်ခါတစ်လေ မိမိကိုယ်ကိုယ် မှန်နေတယ်လို့ ထင်လိုက်တိုင်း တစ်ခြားသူတွေရဲ့ လုပ်ရပ်တွေကို မှားနေတယ်လို့ ထင်မြင်မိကြတယ်။ တကယ်တော့ တစ်ခြားတစ်ဖက် အပေါ်ကို မငှဲ့ကွက်ဘဲ မိမိအတွက်သာ စဉ်းစားလိုက်တဲ့ အချက်တစ်ခုသာ ဖြစ်ပါတယ်။

ဒါကြောင့် ပြဿနာတစ်ခု ရှိတိုင်း သူ့ဘက်ရော ကိုယ်ဘက်ပါ ညီမျှအောင် စဉ်းစားမှသာ အကောင်းဆုံးနဲ့ နည်းလမ်းအမှန်ဆုံး အဖြေတစ်ခုကို ရရှိမှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ မိမိဘက်ကိုပဲ စဉ်းစားနေတယ် ဆိုရင် ဘယ်လောက်ပဲ မှန်နေမှန်နေ တရားမျှတသော ဆုံးဖြတ်ချက် တစ်ခုဖြစ်လာမှာ မဟုတ်ပါဘူး။

ဒါကြောင့် မိမိရဲ့ ဆုံးဖြတ်ချက်သည် အကောင်းဆုံးနဲ့ နည်းလမ်း အမှန်ဆုံး ဖြစ်အောင် တစ်ခြားတစ်ဖက်ကိုပါ ကြည့်၍ ထည့်သွင်း စဉ်စားစေချင်ပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

Wednesday, September 17, 2014

သူခိုးနှင့် ၀ိပဿနာ (ရဝေနွယ်-အင်းမ)


တစ်ခါတုန်းက သူငယ်ချင်းနှစ်ယောက်ဟာ ရေဘူးကိုယ်စီယူပြီး
လယ်ထွန်ဖို့ လယ်တောထဲကို ထွက်ခဲ့ပါတယ်။
လယ်ထွန်ရင်း မောလာတော့ တစ်ယောက်က
သစ်ပင်ရင်းမှာရှိတဲ့ ရေဘူးကို သောက်မယ်အလုပ်မှာ
“ငါ့ ရေဘူးသောက်လိုက်ရင် ခဏလေးကုန်သွားလိမ့်မယ်၊
သူ့ရေဘူး သောက်လိုက်မှပဲ၊ သူမြင်မှာလည်း
မဟုတ်ပါဘူးလေ” ဆိုပြီး သူများရေဘူးကို
သောက်လိုက်ပါတယ်။

လယ်ထွန်ပြီးလို့ ညနေအလုပ်ကပြန်တော့လည်း
နှစ်ယောက်အတူပဲ ရေချိုးဆိပ်ကို ဆင်းခဲ့ပါတယ်။
နောက်ရေချိုးပြီးလို့ ကမ်းပေါ်တက်တော့
ရေချိုးပြီးစဆိုတော့ စိတ်ကော ရုပ်ကော ကြည်နေပါတယ်။
www.facebook.com/youngbuddhistassociation.mm
ဒါကြောင့် ရေခိုးသောက်ထားတဲ့သူက ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်ကြည့်ပါတယ်။ “ငါ ဒီနေ့ မကောင်းတဲ့
ကာယကံစသည် တစ်ခုခုများ ပြုခဲ့မိလေမလား” ပေါ့။

ဆင်ခြင်လိုက်တော့ မနက်က ရေခိုးသောက်ခဲ့မိတာကို
ပြန်သတိရပါတယ်။ ဒီတော့ တော်တော်လည်း တုန်လှုပ်ထိတ်လန့်သွားပါတယ်။
“ဒီကုသိုလ်ကံဟာ ငါ့ကို အပါယ်ချတော့မှာပဲ”လို့
တွေးရင်း ပြုခဲ့တဲ့အပြစ်ကို ပြန်ဆင်ခြင်ပြီး
ဝိပဿနာတရားကို ရပ်လျက်ပဲ ပွားများပါတယ်။
ရပ်လျက် ပွားရင်းပဲ ပစ္စေကဗုဒ္ဓါ ဖြစ်သွားပါတော့တယ်။

အဖော်သူငယ်ချင်းလည်း ရေချိုးပြီးလို့
ကမ်းပေါ်တက်လာတော့ အိမ်ပြန်ကြဖို့ ခေါ်ပါတယ်။
ဒီတော့ ပစ္စေကဗုဒ္ဓါဖြစ်သွားတဲ့ သူငယ်ချင်းက
“ငါ့အနေနဲ့ အိမ်ကို အလိုမရှိတော့ဘူး၊
ငါ ပစ္စေကဗုဒ္ဓါဖြစ်သွားပြီ” လို့ ပြန်ပြောလိုက်ပါတယ်။
သူငယ်ချင်းအဖော်က အံ့သြနေပါတယ်။
www.facebook.com/youngbuddhistassociation.mm
ဘာဖြစ်လို့လဲဆိုတော့ ပစ္စေကဗုဒ္ဓါ လို့ပြောတဲ့ သူငယ်ချင်းမှာ လူ့အ၀တ်အစားတွေနဲ့ပဲဖြစ်နေလို့ပါ။ ဒါကြောင့် သူငယ်ချင်း
အဖော်က
“သင်က ပစ္စေကဗုဒ္ဓါသာပြောတယ်၊
ပစ္စေကဗုဒ္ဓါနဲ့လည်း မတူဘူး” လို့ ပြန်ပြောလိုက်ပါတယ်။

ဒီတော့ ပစ္စေကဗုဒ္ဓါအရှင်မြတ်ကလည်း
“ကဲ…ပစ္စေကဗုဒ္ဓါဆိုတာ ဘယ်လိုပုံစံမျိုးလဲ၊
ပြောပါဦး”လို့ ပြန်ပြောပါတယ်။
သူငယ်ချင်းအဖော်ကလည်း
www.facebook.com/youngbuddhistassociation.mm
“ပစ္စေကဗုဒ္ဓါဆိုတာ ဦးခေါင်းမှာ ဆံလက်နှစ်သစ်ပဲ ရှိတယ်၊
ဖန်ရည်ဆိုးတဲ့ သင်္ကန်းရုံ၊ သပိတ် လွယ်ထားတယ်၊
ပြီးတော့ ဟိမ၀န္တာ နန္ဒမူလိုဏ်ဂူမှာ နေကြတယ်”
လို့ ပြောပြပါတယ်။

ပစ္စေကဗုဒ္ဓါအရှင်မြတ်လည်း ဦးခေါင်းကို
လက်နဲ့သပ်လိုက်တာ သူငယ်ချင်းအဖော်
ပြောတဲ့အတိုင်း ဖြစ်သွားပါတယ်။
နောက်တော့ ပစ္စေကဗုဒ္ဓါအရှင်မြတ်လည်း
ဟိမ၀န္တာ နန္ဒမူလိုဏ်ဂူကို ကြွသွား ပါတော့တယ်။ ငါးရာ့ငါးဆယ်ပါနိယဇာတ်ကလာတဲ့ ၀တ္ထုလေးပါ။

ဒီဝတ္ထုလေးမှာ အဆင့်လေးဆင့်တွေ့ ရပါတယ်။

ပထမ အဒိန္နာဒါနကံကို ကျူးလွန်တယ်၊
ဒုတိယ ပြုခဲ့တဲ့ အမှားကို ပြန်ဆင်ခြင်တယ်။
တတိယ ၀ိပဿနာပွားတယ်၊
စတုတ္ထ ပစ္စေကဗုဒ္ဓါဖြစ်သွားပါတယ်။

အဆင့်လေးဆင့်ကို ကြည့်ပြီး အဖြေက
ဘယ်လိုထွက်လာသလဲဆိုတော့
လူတစ်ယောက်အနေနဲ့ အဒိန္နာဒါန-ခိုးမှုကို
ဘယ်လိုပုံစံမျိုးနဲ့ပဲ ကျူးလွန်ခဲ့ ကျူးလွန်ခဲ့
ကိုယ့်အပြစ်ကို ကိုယ်ပြန်ဆင်ခြင်ရင်း
သတိသံဝေဂဖြစ်ပြီး ၀ိပဿနာတရား ရှုမှတ်လိုက်ရင်
တရားထူး တရားမြတ်တွေ ရသွားနိုင် တယ်ဆိုတာပါပဲ။
ဒါက ဒီဝတ္ထုလေးထောက်ပြီး ပြောတာပါ။
ပိုပြီး ခိုင်မာသွားအောင်
ပဋ္ဌာန်းဥပနိဿယ ပစ္စည်းကိုပါ အာရုံပြုကြည့်ရအောင်ပါ။

အကုသလောစမ္မော၊
ကုသလဿဓမ္မဿ ဥပနိဿယပစ္စယေနပစ္စယော…
www.facebook.com/youngbuddhistassociation.mm
အကုသိုလ်တရားက ကုသိုလ်တရားကို
ပြန်ကျေးဇူးပြုတတ်ပါတယ်တဲ့။ အကုသိုလ်က
ကုသိုလ် တရားကို ပြန်ကျေးဇူးပြုတတ်တယ်ဆိုတော့
စာက သိပ်အံ့သြဖို့ ကောင်းနေပါတယ်။
ဘယ်လိုပြုသလဲ ဆိုတော့ -

အဒိန္နံအာဒိယိတွာ တဿပဋိဃာတတ္ထာယ
ဒါနံဒေတိ၊ သီလံသမာဒိယတိ၊
ဥပေါသထကမ္မံ ကရောတိ၊ ဈာနံ
ဥပ္ပါဒေတိ၊ ၀ိပဿနံ ဥပ္ပါဒေတိ၊ မဂ္ဂံဥပ္ပါဒေတိ၊
အဘိညံဥပ္ပါဒေတိ၊ သမာပတ္တိံ ဥပ္ပါဒေတိ။

အဓိပ္ပါယ်ကတော့ သူတစ်ပါးပစ္စည်းကို ခိုးမယ်၊
ခိုးပြီး ဒီအဒိန္နာဒါနကံရဲ့အကျိုး ပယ်ဖျောက်စေဖို့
ဒါနတွေပြုမယ်၊
သီလတွေ ဆောက်တည်မယ်၊
ဥပုသ်နေ့တွေမှာ စောင့်ထိန်းရတဲ့ (၈)ပါးသီလ၊
(၉)ပါးသီလကို စောင့်ထိန်းမယ်၊
ဈာန်ဖြစ်စေတဲ့ သမထကမ္မဋ္ဌာန်းတစ်ခုခုကို ပွားများမယ်။
ဝိပဿနာ တရားကို ပွားများမယ်။
ဒါဆိုရင်တဲ့ မဂ်လည်း ရနိုင်ပါတယ်၊
အဘိညာဉ်လည်း ရနိုင်ပါတယ်။
သမာပတ်လည်း ရနိုင်ပါတယ်တဲ့။
ဒါက မြတ်စွာဘုရားရှင် ပဋ္ဌာန်းမှာ တိုက်ရိုက်ဟောပြထားတာပါပဲ။ တစ်ခုတော့ရှိတယ်။ ပဋ္ဌာန်းက ဆက်ပြထားပါသေးတယ်။

အမေကို သတ်မယ်၊
အဖေကို သတ်မယ်၊
ရဟန္တာကို သတ်မယ်၊
မြတ်စွာဘုရားရှင်ကို သွေးစိမ်း တည်အောင် လုပ်မယ်၊
သံဃာကို ဂိုဏ်းခွဲမယ်၊
အဲဒီလို အကုသိုလ်မျိုးတွေ ကျူးလွန်ပြီးရင်တော့
ဒါအကုသိုလ်ကံတွေ ပယ်ဖျောက်ဖို့အတွက်
ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာတွေ ဘယ်လောက်ပဲ ပြုပြု၊
ဘယ်လောက်ပဲ ပွားပွား၊
ဒီဘ၀ ဈာန် မဂ်ဖိုလ် မရနိုင်တော့ပါဘူးတဲ့။
ကုသိုလ်တော့ ဖြစ်တယ်ပေါ့လေ။

ကိုယ်က ဘယ်လို အကုသိုလ်ကံတွေပဲ ကျူးလွန်ခဲ့၊
ကျူးလွန်ခဲ့၊ ပဉ္စာနန္တရိယကံငါးပါးကို မကျူးလွန်
ရသေးဘူးဆိုရင် သတိသံဝေဂဖြစ်ပြီး ၀ိပဿနာတရား
ရှုမှတ်လိုက်ရင် တရားထူး တရားမြတ်တွေ
ရနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။
www.facebook.com/youngbuddhistassociation.mm
ကိုယ်က ဒီတရားသဘောလေးကို အာရုံပြုပြီး
ပြုနေဆဲအကုသိုလ်ကို အကုသိုလ်မှန်းသိပြီး
ကျန်ရှိနေတဲ့ သက်တမ်းလေးကို
ကုသိုလ်လေးတွေနဲ့ပဲ နေသွားဖို့ပါ။

“မထူးတော့ပါဘူးလေ” ဆိုပြီး အကုသိုလ်တွေကို
ဆက်ဆက် ပြုနေမယ်ဆိုရင်တော့
သစ်ပင်ဟာ ခုတ်ပါများလာရင် လဲသွားရတော့သလို
ဘ၀ဟာလည်း မကောင်းတဲ့ဂတိကို လဲကျသွားနိုင်ပါတယ်။

ပုထုဇဉ်ပီပီ ဘယ်သူမှ အမှားမကင်းကြပါဘူး။
ကိုယ်ပြုခဲ့တဲ့ ပြုနေဆဲ အကုသိုလ်ကို အကုသိုလ်မှန်း
သိပြီး ဆင်ခြင်ပစ်နိုင်ဖို့ပါပဲ အရေးကြီးပါတယ်။
www.facebook.com/youngbuddhistassociation.mm
ရှေ့ပိုင်းမှာ မသိလို့မှားခဲ့တာတွေကို ထားလိုက်ပါတော့။
ကျန်ရှိနေတဲ့ သက်တမ်းလေးမှာ ကုသိုလ်လေးတွေ
စိတ်ကောင်းလေးတွေနဲ့ နေသွားနိုင်ဖို့ပဲ အရေးကြီး ပါတယ်။

အကုသိုလ်တစ်ခုကို မပြုမိအောင် ကြိုးစားလိုက်တာဟာ
ကိုယ့်အတွက်တင် ကျေးဇူးများတာ မဟုတ်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်အတွက်ပါ ကျေးဇူးများသွားတာပါ။
“သူခိုးနဲ့ ၀ိပဿနာ၊ ၀ိပဿနာနဲ့ သူခိုး” ဆိုတာ
ပြဒါးတစ်လမ်း၊ သံတစ်လမ်းလို့ ထင်စရာရှိပါတယ်။
ဒါပေမယ့် သူခိုးနဲ့ ၀ိပဿနာဆိုတာ
ပဋ္ဌာန်းသဘောတရားအရ ဆက်စပ်နေပြန်ပါတယ်။

သူခိုးတစ်ယောက်အနေနဲ့ ပစ္စည်းတစ်ခုခုကို
ခိုးမယ်၊ ခိုးပြီး ကိုယ့်ရဲ့အပြုအမူအပေါ် အပြစ်တစ်ခု
အနေနဲ့ ပြန်မြင်မယ်၊ ပြီးတော့ ဆင်ခြင်မယ်၊
www.facebook.com/youngbuddhistassociation.mm
သံဝေဂဖြစ်မယ်၊ ဖြစ်ပေါ်လာတဲ့ သံဝေဂကို
အခြေခံပြီး ၀ိပဿနာရှုမှတ်လိုက်မယ်ဆို တရားထူး
တရားမြတ်တွေ ရသွားနိုင်ပါတယ်။

“ငါ သူခိုးပဲ၊ ငါ သူခိုးပဲ” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဘာမှ
စိတ်ဓာတ်တွေ ကျနေစရာ မလိုပါဘူး။
သူခိုး ၀ိပဿနာတရား အားထုတ်ရင် တရားထူး
တရားမြတ် မရနိုင်ဘူးလို့ မြတ်စွာဘုရား ဟောမထားပါဘူး။
www.facebook.com/youngbuddhistassociation.mm
ဝိပဿနာဆိုတာ “ပညာ” ပိုင်းမှာ ပါသွားပါပြီ။
ပညာဆိုတာ အမှားအမှန် အကြောင်းအကျိုးကို ခွဲခြားပေးတာပါ။
ကိုယ်က ၀ိပဿနာတရားကို ကြိုးကြိုးစားစားနဲ့ အားထုတ်ရင်း
ကိုယ့်ရင်ထဲမှာ “ဥာဏ်” ဖြစ်သွားပြီဆိုရင်
ခိုးစရာအာရုံနဲ့ ပြန်တွေ့ရရင်တောင်
ခိုးတော့မှာ မဟုတ်ပါဘူး။

တကယ်တော့ ခိုးတယ်၊ ခိုးတယ် ဆိုတာ
မသိလို့ ခိုးကြတာပါ။
သိသွားပြီဆိုရင် ဘယ်တော့မှ မခိုးတော့ပါဘူး။
အဲဒီလို သိဖို့အတွက် အသိကို ဖြစ်စေတဲ့
ဝိပဿနာတရားကို အားထုတ်ပြီး
ရှာတဲ့နည်းလောက်ကောင်းတာ လောကမှာ
ရှိကို မရှိတော့ပါဘူး။

အဓိကကတော့ ကိုယ့်အပေါ်မှာပဲ မူတည်နေပါတယ်။
ဒီတော့ သိဖို့အတွက်ဆိုရင် ၀ိပဿနာတရား
အားထုတ်ပစ်ရမှာပါပဲ။ ကိုယ့်ဝန်းကျင်မှာ
ရိပ်သာတွေ အများကြီးရှိပါတယ်။

ကိုယ်နဲ့နီးစပ်ရာ ရိပ်သာ တစ်ခုခုကို ပေတေပြီး
ဇွတ်ဝင်ပစ်လိုက်ပါ။ တရားအားထုတ်ရင်း
အားထုတ်ရင်းနဲ့ ကိုယ်တစ်ခါမှ မသိဖူးတဲ့ အသိတွေ
ရင်ထဲကို ရောက်လာပါလိမ့်မယ်။
www.facebook.com/youngbuddhistassociation.mm
ကျင့်ပြီးရတဲ့အသိဟာ စာနဲ့ ရေးပြဖို့ သိပ်ခက်ပါတယ်။
ကိုယ်တိုင်အားထုတ်ပြီး သိရတဲ့အသိက
သူများရေးပြ ပြောပြတာထက် ပိုရှင်းပါတယ်။

တရားအားထုတ်လို့ ကိုယ့်ရင်ထဲမှာ အသိရောက်
သွားပြီဆိုရင်
“သြော်…လောကမှာ ဒီလို တရားမျိုးတွေ ရှိပါလား”
ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အံ့သြလို့ မဆုံးဖြစ်နေရဦးမှာပါ။
ပြီးတော့ ၀ိပဿနာ တရားအားထုတ်ပြီး
ရလာတဲ့အသိဟာ ကိုယ့်ဘ၀ကို ရှေ့ဆက်ပြီး
ဘယ်လိုနေထိုင်သွားရမယ် ဆိုတာလည်း
အလိုလိုသိသွားပါလိမ့်မယ်။

ခိုးတယ်ဆိုတာ ပစ္စည်းရှိတာ မရှိတာနဲ့လည်း မဆိုင်ပါဘူး။
ရာထူးဋ္ဌာနန္တရ ရှိတာ မရှိတာနဲ့လည်း မဆိုင်ပါဘူး။
သိတာ မသိတာနဲ့ပဲ ဆိုင်ပါတယ်။
မသိလို့ရယ်သာ ခိုးနေကြတာပါ။
သိရင် မခိုးတော့ ပါဘူး။
ဒါကြောင့် သိဖို့ပဲ အရေးကြီးပါတယ်။

အတိတ် အတိတ်ဘ၀တွေက တရားပါရမီတွေပါခဲ့ရင်လည်း
ရင်ထဲမှာ တရားအသိလေးတွေ အလိုလို ရှိနေတတ်ပါတယ်။
ဒီလို လူသူတော်ကောင်းလေးတွေက နေရာတော်တော်
များများမှာ တွေ့ရတတ်ပါတယ်။ သူတို့ရဲ့မျက်နှာလေးတွေက အများနဲ့ယှဉ်လိုက်ရင် သိပ်ပြီး သိသာထင်ရှား နေပါတယ်။

အထူးသဖြင့်တော့ သူတို့ရဲ့ မျက်နှာလေးတွေဟာ
ကြည်ပြီး ၀င်းနေတတ်ပါတယ်။
အတိတ် အတိတ်ဘ၀တွေက တရားအသိလေးတွေ
ပါလာတာဆိုတော့ ခိုးဖို့မပြောနဲ့ ခိုးချင်တဲ့စိတ်
ဖြစ်မှာတောင် အတော်ကြောက်လေ့ရှိပါတယ်။

တရားအသိလေးတွေ ပါရမီပါလာခဲ့တာနဲ့ ပတ်သက်ပြီး သုတ္တနိပါတ်အဋ္ဌကထာ၊ ခဂ္ဂ၀ိသာဏသုတ်ထဲက
ဝတ္ထုလေးကို သွားသတိရလိုက်ပါတယ်။
www.facebook.com/youngbuddhistassociation.mm
ဗာရာဏသီမင်းတစ်ပါးရှိပါတယ်။
သူ့ကို စားဖိုမှူးက အစားကောင်း ၊
အသောက်ကောင်းတွေနဲ့ ချက်ပြီး ကပ်ပါတယ်။

စားဖိုမှူးက မင်းကြီးပေးမယ့် ဆုတော် လာဘ်တော်ကိုလည်း
သိပ်ပြီး မျှော်လင့်ပါတယ်။ ဒါပေမယ့် မင်းကြီးက
ဘယ်လောက်ကောင်းအောင် ချက်ကပ်ကပ် ကောင်းတယ်လို့
ကျေးဇူးစကား တစ်ခွန်းတောင် မပြောပါဘူး။

ဒီတော့စားဖိုမှူးက “ဒီမင်း အရသာကို သိတတ်တဲ့
ဇိဝှါဝိဥာဏ်ဓာတ် မရှိတာဖြစ်ရမယ်” ဆိုပြီး အရသာမရှိတဲ့
ခပ်ညံ့ညံ့ အစားအစာကို ချက်ကပ်ပါတယ်။ မင်းကြီးက
အစားညံ့မှန်း သိပေမယ့် ဘာမှမပြောဘဲ ဆင်ခြင်ပြီးပဲ စားပါတယ်။

မင်းကြီးက ဘာမှပြန်မပြောတဲ့အခါကျတော့ စားဖိုမှူးက
“ဒီမင်း ကောင်းတာ ဆိုးတာကို မသိဘူး” ဆိုပြီး
မင်းကြီးကို ခပ်ညံ့ညံ့ပဲ ကပ်ပြီး ကျန်တာကို သူ့အတွက် တိုတိုထားပါတော့တယ်။ မင်းကြီးက စားဖိုမှူး
တိုတိုထားတာကို သိပါတယ်။

ကြာလာတော့ စားဖိုမှူးတိုတာကိုပဲ
“သြော်…လောဘဆိုတာ အံ့သြဖို့ ကောင်းလိုက်တာ၊
မင်းဖြစ်တဲ့ ငါ့မှာ စားဖိုမှူးလောဘကြောင့်
ထမင်းကောင်းကောင်းတောင် မစားရပါလား”လို့
ဆင်ခြင်ပြီး သံဝေဂဥာဏ် ဖြစ်သွားပါတယ်။
www.facebook.com/youngbuddhistassociation.mm
နောက်ဆုံးတော့ စားဖိုမှူး တိုတာကိုပဲ
သံဝေဂဖြစ်ပြီး တောထွက် ၀ိပဿနာတရား
အားထုတ် လိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွားပါတော့တယ်။

မသိတဲ့သူက ခိုးပြီး၊
သိတဲ့သူကတော့ သူတစ်ပါး ခိုးတာကိုပဲ
သံဝေဂယူရင်း ၀ိပဿနာတရား အားထုတ်ပြီး တရားထူး
တရားမြတ်တွေ ရသွားပါတယ်။
ဒါ သိတာနဲ့ မသိတာ ကွာသွားတာပါပဲ။

လူတွေဟာ မသိသေးသရွေ့တော့ ခိုးနေကြဦးမှာပါ။
သိသွားရင် မခိုးတော့ပါဘူး။ ဒီတော့ လူတစ်ယောက်ရဲ့
ဘ၀မှာ သိဖို့ သိပ်အရေးကြီးပါတယ်။
မသိလို့ မှားကြရတာပါ။ သိရင် မမှားကြပါဘူး။
အဓိက တရားခံကတော့ မသိတာပါဘဲ။
ခိုးခိုးနေကြတာကို အပြစ်ပေးရုံ၊
အပြစ်ယူရုံနဲ့တော့ မလုံလောက်ပါဘူး။
သိအောင်လည်း လုပ်ပေးဖို့လိုပါတယ်။
မသိသေးရင်တော့ အာရုံနဲ့တွေ့ရင် ပြန်ခိုးဦးမှာပါ။

တကယ်လို့ ကိုယ်က သိချင်တယ်ဆိုရင်တော့
ဝိပဿနာတရားကို အားထုတ်ပစ်လိုက်ဖို့ပါပဲလေ…..။

( ရဝေနွယ် - အင်းမ )
(၂၀၀၆၊ သြဂုတ်လ)၊ ရုပ်ရှင်တေးကဗျာမှ ဓမ္မဒါနပြုပါသည်။

(မူရင်းဓမ္မဒါနအလှူရှင် - အေးအေးမိုးမိကူး)
Dhamma Danã Source ► အေးအေးမိုးမိကူး &
www.facebook.com/youngbuddhistassociation.mm

ကလေးတွေ ဘာကြောင့် လိမ်တတ်ရသလဲ


■လိမ်တယ်၊ ညာတယ် ဆိုတာဟာ မကောင်းတဲ့ အကျင့်စရိုက် တခုပါ။

■ဘယ်မိဘ မဆို ကိုယ့်ရဲ့ သားသမီးကို မလိမ်တတ်၊ မညာ တတ် တဲ့၊ ရိုးသားဖြောင့်မတ်တဲ့ ကလေးမျိုး ဖြစ်စေချင် ကြပါတယ်။

■ဒါပေမယ့် ကလေး တော်တော် များများဟာ အကြောင်း အမျိုးမျိုးကြောင့် မိဘများ၊ ဆရာများကို လိမ်ပြောတတ်ကြ ပါတယ်။

■လိမ်တယ် ညာတယ် ဆိုတာဟာ တကယ်တော့ ကလေးတစ်ယောက်ချင်း အတွက်ရော၊ အနာဂတ် လူ့အဖွဲ့အစည်း အတွက်ပါ မကောင်းတဲ့ အကျင့်ဆိုးကြီးပါ။

■ လိမ်တတ်၊ ညာတတ်တဲ့ ကလေးတွေကို ငယ်ငယ်ကတည်းက ကျွန်တော်တို့ မပြုပြင်၊ မထိန်းကျောင်းခဲ့ဘူး ဆိုရင် အနာဂတ်မှာ လိမ်တတ်၊ ညာတတ်တဲ့ လူကြီးတွေ များပြားတဲ့ လူ့အဖွဲ့စည်းကြီး တရပ် ဖြစ်လာမှာပါပဲ။

■ ဖွံ့ဖြိုးပြီး နိုင်ငံများမှာတော့ ကလေးတို့ရဲ့ လိမ်ညာတဲ့ ကိစ္စကို ကျောင်းတွေမှာ တော်တော်လေး ကိုပဲ ဂရုတစိုက်နဲ့ ထိန်းကျောင်း ပဲ့ပြင် ပေးကြပါတယ်။

■ကျွန်တော်တို့ ဆီမှာတော့ ကလေးတွေ လိမ်တာတွေ့ရင် မှတ်လောက်အောင်ဆိုပြီးတော့ ရိုက်နှက် ဆုံးမတာမျိုး၊ အရှက်ခွဲပြီးတော့ ဆုံးမတာမျိုးတွေ လုပ်တတ်ကြပါတယ်။

■အမှန်တော့ ဒီလို ဆုံးမတာမျိုးဟာ ကလေးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကို နာကျင် ထိခိုက် သွားရုံ ကလွဲလို့ ကလေးတို့ မလိမ် မညာအောင်လို့ မတားမြစ်နိုင်ပါဘူး။

■ပိုပြီးတော့ လိမ်တတ်၊ ညာတတ်အောင် လုပ်လိုက်သလိုတောင်မှ ဖြစ်သွားစေပါတယ်။

■ကလေးတို့ လိမ်ကြတယ်၊ ညာကြတယ် ဆိုတဲ့နေရာမှာ ဘာကြောင့် လိမ်သလဲ၊ ဘာဖြစ်လို့ လိမ်သလဲဆိုတဲ့ လိမ်ရ၊ ညာရတဲ့ အကြောင်းရင်းတွေ အမျိုးမျိုး ရှိပါတယ်။

■ကလေးတို့ ရင်ထဲက အဲဒီ အကြောင်းအရင်းကို သိအောင်လို့ အရင် လုပ်ကြရမှာပါ။

■အကြောင်းရင်းကို သိပါမှ ကလေးတို့ မလိမ်ညာကြဖို့ အတွက် ကျွန်တော်တို့က ပြုပြင်ပေးလို့ ရမှာပါ။

■ လိမ်ညာခြင်းနဲ့ ပတ်သက်ပြီး ကလေးစိတ်ပညာရှင် များကတော့ ကလေးတို့ လိမ်ရ၊ ညာရတဲ့ အကြောင်းရင်းကို အကြမ်းအားဖြင့် သုံးမျိုး ခွဲပြထားပါတယ်။

၁။ ပြဿနာကို ဖြေရှင်းဖို့
အတွက် လိမ်ညာခြင်း
••••••••••••••••••••••••••

- ဒီ လိမ်ညာခြင်းကတော့ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ အတွက် ကလေးတို့ အများဆုံး သုံးကြတဲ့ လိမ်ညာနည်းပါပဲ။

- ပန်းကန် ကွဲသွားတာမျိုး၊ လူကြီးရဲ့ပစ္စည်းကို ယူကိုင်ကြည့် မိရင်း ပျက်စီးသွားတဲ့ အခါမျိုးတို့မှာ ကလေးတို့ဟာ အဆူခံ၊ အရိုက်ခံရမှာ စိုးလို့လိမ်ပြော တတ်ကြပါတယ်။

- မောင်နှမ အချင်းချင်း ရန်ဖြစ်တဲ့အခါမျိုးမှာပဲ ဖြစ်ဖြစ်၊ သူငယ်ချင်း အချင်းချင်း စကားများ ရန်ဖြစ်တာမျိုးပဲ ဖြစ်ဖြစ် ကိုယ့်အပြစ် လွတ်အောင်လို့ လိမ်ညာပြောတတ်ကြပါတယ်။

- အထူးသဖြင့် အကြောက်တရားနဲ့ အုပ်ချုပ်တတ်တဲ့ ကျောင်းမျိုး၊ အိမ်မျိုးမှာ နေရတဲ့
ကျောင်းသားမျိုး၊ ကလေးမျိုး တွေဟာ ပိုပြီးတော့ လိမ်ညာ တတ်ကြပါတယ်။
ကြောက်ရွံ့ခြင်း ကြောင့် လိမ်ညာရတာပါ။

- တချို့ မိဘများ ကတော့ ကလေးတို့ ကို မလိမ် မညာအောင်လို့ ပြဿနာ တစ်ခုခု ဖြစ်လာတိုင်းမှာ “ မင်း အမှန်တိုင်း ပြောစမ်း၊ မလိမ်နဲ့။

- မလိမ်ဘဲနဲ့ အမှန်တိုင်းပြောရင် သက်သာမယ်။ အေး..လိမ်တာကို မိရင်တော့ မလွယ်ဘူး ” ဆိုပြီးတော့ ပြောတတ်ကြပါတယ်။

- အဲဒီလို ပြောနေပေမယ့်လည်း ကလေးတို့ဟာ အမှန်ကို ဝန်မခံကြပါဘူး။

- ဆက်ပြီးတော့ လိမ်ကြမြဲပါ။

- ဘာကြောင့် ဒီလို လိမ်သလဲ ဆိုတာကို ပြန်ပြီးတော့ ဆန်းစစ်ကြည့်မယ် ဆိုရင်ဖြင့် လူကြီး တော်တော် များများဟာ ကလေးတွေ အပြစ် တစ်ခုခု လုပ်မိလို့ အမှန်ကို ဝန်ခံတိုင်းမှာ မလိမ်တဲ့ အတွက် မရိုက်ကြ၊ မနှက်ကြပေမယ့်လည်း မပြီးနိုင် မစီးနိုင်အောင် ဆူပူနေ တာမျိုး၊ ကလေး စိတ်ထဲမှာ ရှက်သွားအောင်၊ ထိခိုက် နာကျင်သွားအောင်လို့ ပြောဆို ဆုံးမတာမျိုးတွေလုပ်တတ်ကြလို့ ပါပဲ။

- ဒါကြောင့် ကလေးများဟာ သူတို့ အပြစ်လုပ်မိတဲ့ အခါမျိုးတိုင်းမှာ ဝန်ခံလိုက်တာထက် စာရင် ဗြောင်လိမ်လိုက်တာက ပိုပြီးတော့ နားအေး စိတ်သက်သာရာ ရစေတယ် လို့ တွေးမိတတ်ကြပါတယ်။

- နောက်တစ်ခု ကတော့ ပြဿနာကို ဖြေရှင်းဖို့ အတွက် လိမ်တဲ့နည်းကို မိဘတွေက ကလေးရှေ့မှာ သုံးတတ် ကြလို့ပါပဲ။

- ဥပမာ ရုံးမသွားချင်လို့ ဒီနေ့ နေမကောင်းဘူး ဆိုပြီးတော့ ရုံးကို ခွင့်တိုင်တာမျိုး၊

- ကိုယ် မကိုင်ချင်တဲ့ ဖုန်းတွေ လာတဲ့ အခါမျိုးမှာ သားရေ မေမေ အိမ်မှာ မရှိဘူးလို့ ပြောလိုက် ဆိုပြီးတော့ ကလေးကို လွယ်လွယ် အပြောခိုင်းတာမျိုးတွေပါ။

- ဒီလိုမျိုး ကလေးရှေ့မှာ လွယ်လွယ် လိမ်လိုက်တာမျိုး၊ ကလေးကို လိမ်ပြောခိုင်းတာမျိုးတွေ ကို ကျွန်တော်တို့ လူမှုဝန်းကျင်မှာ လူကြီး မိဘတွေ တော်တော်လုပ် တတ်ကြပါတယ်။

- အဲဒီလိုမျိုး ကလေးရှေ့မှာပြဿနာကို လွယ်လွယ် ဖြေရှင်းတဲ့နည်းနဲ့ မိဘက လိမ်ပြထား တာမို့ ကလေးဟာလည်း မိဘတွေ လိမ်တဲ့ ပုံစံအတိုင်း လိုက်လိမ်တော့တာ ပါပဲ။

- ညဘက် ဂိမ်းတွေ ကစားနေလို့ အိမ်စာ မပြီးတာ ကို “ သား ညက ဗိုက်အောင့် နေလို့ အိမ်စာတွေ မလုပ်ခဲ့တာပါ ” လို့ ဆရာမကို လိမ်ပြောတာမျိုးတွေပါပဲ။

၂။ ကိုယ့်ရဲ့အတ္တနဲ့ ကိုယ့်ကိုကိုယ်
ကာကွယ်မှု အတွက် လိမ်ပြောခြင်း
•••••••••••••••••••••••••••••••••

- ဒီ လိမ်ပြောနည်း ကလည်း ကလေးတော်တော် များများ ပြောလေ့ရှိတဲ့ လိမ်ပြောနည်း တစ်မျိုးပါ။

- ကိုယ့်ရဲ့ အတန်းထဲက သူငယ်ချင်း က ဂါဝန်လှလှလေး ဝတ်လာတာမျိုး တွေ့တဲ့အခါမှာ

“ ငါ့မှာလည်း ဒီလို ဂါဝန်မျိုး ရှိတယ် ” ဆိုပြီးတော့ လိမ်ပြောတာမျိုးပါပဲ။

- သူငယ်ချင်းက ကမ်းခြေကို အပန်းဖြေသွားတဲ့ အကြောင်း ပြောပြတဲ့အခါမျိုးမှာလည်း ငါတို့လည်း

ဒီကျောင်းပိတ်ရက်မျိုးကျရင် ကမ်းခြေ သွားမှာလို့ မခံချင်စိတ်နဲ့ ကလေးတို့ ပြောတတ်ကြပါတယ်။

- ဒီလိုမျိုး မခံချင်စိတ်နဲ့ လိမ်ညာပြောတာကို မိဘများ တွေ့တဲ့ အခါမျိုးမှာ ကလေးရဲ့ လိုအပ်မှု တွေကို ကိုယ့်ရဲ့ ဝင်ငွေက လိုက်ပြီးတော့ မဖြည့်ဆည်း ပေးနိုင်လို့ ကလေး ဒီလို ပြောတာပဲ ဆိုပြီးတော့ အမှုမဲ့ အမှတ်မဲ့ မနေရပါဘူး။

“ သမီးရေ ၊ သမီးကို မေမေတို့က ချောင်းသာတော့ လိုက်မပို့နိုင်ဘူး။ ဒါပေမယ့် မေမေက သမီးကို ကစားကွင်း လိုက်ပို့ပေးမယ်။ နောက်တခါ သူငယ်ချင်းတွေကို အဲဒီလိုမျိုး ညာ မပြောရဘူး ” ဆိုတာမျိုးနဲ့ ကလေး နားလည်အောင် ပြောပြရပါမယ်။

၃။ အတို့အထောင်သဘောမျိုး
ဆန်တဲ့ လိမ်ပြောနည်း
•••••••••••••••••••••••••••••

- ဒီလိမ်ပြောနည်းကို ကလေးကျွမ်းကျင်သူ စိတ်ပညာရှင်များက လိမ်နည်း တစ်နည်းရယ်လို့ သတ်မှတ် ထားပေမယ့် ကျွန်တော်တို့ ဆီမှာတော့ ဒါကို လိမ်တယ်လို့ တောင်မှ မထင်တတ် ကြပါဘူး။

- ဥပမာအနေနဲ့ ပြောရရင် မီးမီးက ပထမအစမ်း စာမေးပွဲမှာ အတန်းထဲမှာ ပထမ ရလာပါတယ်။

- မီးမီးက စာတော်တဲ့သူမို့ အမြဲတမ်း ပထမ ရနေကျပါ။

- မီးမီး အစ်ကို ကတော့ အဆင့် ၉ ရလာ ပါတယ်။

- မီးမီးအစ်ကိုက စာညံ့သူမို့ မီးမီးအစ်ကို အဆင့် ၉ ရလာတာကို အားလုံးက ဝိုင်းချီးကျူးကြပါတယ်။

- မီးမီး ကိုတော့ ဘယ်သူကမှ ပထမ ရလို့ မချီးကျူး ပါဘူး။

- အဲဒီ အခါမှာ မီးမီးက “ ဘွားဘွား သိလား။ ဘွားဘွား ကိုလေ ကိုကိုက ပြောတယ်။ ဗျစ်တောက် ဗျစ်တောက်နဲ့ တစ်ချိန်လုံး ဆူနေတဲ့ အဘွားကြီးလို့ ပြောတယ် ” ဆိုပြီးတော့ ဝင်ပြောတော့ တာ ပါပဲ။

- အတို့ အထောင် ဝင်လုပ်တာပေါ့။

- စာမေးပွဲ အကြောင်း ပြောနေတဲ့အချိန်မှာ ကိုကို အဆူခံရ အောင်လို့ မီးမီးက အတို့ အထောင် ဝင်လုပ်တာပါ။

- ကိုကို တကယ် ပြောတာက ဘွားဘွားက သိပ်ဆူတာပဲ၊ စိတ်ညစ်တယ် ဆိုတာလောက်ပဲ ပြောတာကို မီးမီးက ကိုကို ပြောတာထက် ပိုပြီးတော့ အပိုလေးတွေပါ ထည့်ပြီးတော့ ပြောလိုက်တာမျိုးကို ပြောတာပါ။

- ဒီလို အကျင့်စရိုက်မျိုးကို လက်မခံ ရပါဘူး။

- ချက်ချင်း အရေးယူရ ပါမယ်။

- မီးမီးကို ဒီလိုပြောတာ မကောင်းဘူး ဆိုတဲ့ အကြောင်း၊ ကိုကို့ အတွက်ရော၊ ဘွားဘွား အတွက်ရော ဘယ်သူ့ အတွက်မှ မကောင်းတဲ့ ဒီစကားမျိုးကို သယ်ဆောင် မလာသင့်ဘူး ဆိုတဲ့ အကြောင်း၊ ကိုကို မပြောတဲ့ အပိုတွေကိုပါ ထည့်ပြောတာမျိုးကတော့ ပိုပြီးတော့ မကောင်းဘူး ဆိုတဲ့ အကြောင်းကို တစ်ခါတည်း သင်ကြားရပါမယ်။

- ကျွန်တော်တို့ဆီမှာတော့ အဖေနဲ့ အမေ မတည့်ရင်၊ အမေနဲ့ အဒေါ်တွေ အဘွားတွေနဲ့ မတည့်ရင် သား၊ သမီးများ ကို စကား အပို့အယူ လုပ်ခိုင်း တတ်ကြ ပါတယ်။

- အဲဒီလို အပို့အယူ လုပ်တာကိုပဲ မိဘ ကလည်း လက်သင့်ခံပြီးတော့ နားထောင် တတ်ကြ ပါတယ်။

- တကယ်တော့ ဒီလို စကား အသယ်အပို့၊ အပို့အယူ လုပ်တဲ့အကျင့်မျိုးဟာ လူ့လောက အသိုင်းအဝိုင်း အတွက် အင်မတန်မှ အန္တရာယ်များတဲ့ အကျင့် စရိုက်ဆိုးမျိုး ပါပဲ။

- ဒီလို အကျင့်ဆိုးမျိုးကို ကြီးတဲ့အထိ မသယ်ဆောင်လာစေဖို့ အတွက် ကလေးတို့ကို ငယ်ငယ် ကတည်းက သင်ကြားထားပေးရမှာပါ။

- နောက်တခုက ကလေး လိမ်တာကို မိလို့ ကလေးကို ဆုံးမတဲ့ အခါမျိုးမှာလည်း

- မင်းက လူလိမ်ပဲ ဆိုတဲ့ အသုံးမျိုးကို ဘယ်တော့မှ မသုံးရပါဘူး။

- ကလေးရဲ့ လိမ်တဲ့ အပြုမူကိုပဲ မကြိုက်တဲ့အကြောင်း ပြောရပါမယ်။

- အခု လိမ်လိုက်တဲ့ အတွက် သူဟာ တစ်သက်လုံး လိမ်တော့မယ့် လူလိမ်ကြီး လုံးလုံး ဖြစ်သွားပြီလို့ ကလေးတို့ စိတ်ထဲမှာ ထင်မြင် ဝမ်းနည်း သွားလောက်အောင် အထိ မပြောဆိုရ ပါဘူး။

- ကလေးတို့ လိမ်တယ် ညာတယ် ဆိုတာဟာ တကယ်တော့ ပတ်ဝန်းကျင်နဲ့ အများဆုံး သက်ဆိုင် ပါတယ်။

- လိမ်တတ်၊ ညာတတ်တဲ့ ပတ်ဝန်းကျင် အသိုင်းဝိုင်းမှာ ကြီးပြင်းလာတဲ့ ကလေး တစ်ယောက်ဟာ ရိုးသား ဖြောင့်မတ်ဖို့နဲ့ မလိမ်တတ် မညာတတ်တဲ့ ကလေး တစ်ယောက်ဖြစ်ဖို့ မလွယ်ပါဘူး။

- ကလေးများဟာ ရေမြှုပ်နဲ့ တူပါတယ်။

- သူတို့ ပတ်ဝန်းကျင်က မြင်သမျှ၊ တွေ့သမျှ အားလုံးကို အတုခိုး လိုက်လုပ် တတ်ကြ တာမျိုးပါပဲ။

- ကလေး တို့ကို မလိမ်ညာတတ်စေဖို့၊ ရိုးသား ဖြောင့်မတ်စေဖို့ အတွက် အကောင်းဆုံးကတော့

- ကျွန်တော်တို့ လူကြီးတွေ အနေနဲ့ ကလေးရှေ့မှာ မလိမ်ညာမိ စေဖို့နဲ့၊

- ကလေး တို့ကို အကြောက်တရားနဲ့ မအုပ်ချုပ်မိစေဖို့ ပါပဲ။

- ဒါဆိုရင်ဖြင့် လိမ်ပြောရမှာကို ရှက်တတ်တဲ့၊ ရိုးသားဖြောင့်မတ်စွာ ပြောဆို နေထိုင်တတ်တဲ့ လူ့အဖွဲ့ အစည်းကြီးတစ်ရပ် အနာဂတ်မှာ ပေါ်လာနိုင်မှာပါ။ ။

Irrawaddy
Credit to Search Myanmar
Tin Tun Oo မှ ပြန်လည်ကူးယူသည်။

Sunday, September 14, 2014

မတူထူးခြား ဓလေ့များ - ၁


ဘ၀ဆိုတာ ကိုယ်ဖြစ်ချင်တာ ဖြစ်ဖို့ထက် ဖြစ်သင့်တာကို ဖြစ်အောင်လုပ်ဖို့ အမြဲလို ဖိအားပေးခံရလေ့ရှိပါတယ်။ “ပျော်ရမှာ မနေရ၊ တော်ရာမှာ နေရ”ဆိုတဲ့ စကားဟာလည်း အဲဒီအထဲက တစ်ခုဖြစ်ပါတယ်။ အများစုကတော့ တော်ရာမှာနေပြီး ပျော်အောင်နေကြရသူတွေပါ။ 

ဓမ္မနိယာမ-အရဆိုရင် လောကမှာ သက်ရှိပဲဖြစ်ဖြစ် သက်မဲ့ပဲဖြစ်ဖြစ် တစ်စုံတစ်ခု အကျိုးဖြစ်လာဖို့အတွက် အကြောင်းများစွာ ရှိရပါတယ်။ အထင်ရှားဆုံးလည်းဖြစ် အနီးကပ်ဆုံးလည်းဖြစ်တဲ့ အကြောင်းတစ်ခုကိုသာ ဆွဲကိုင်လေ့ရှိကြလို့ အကြောင်းတစ်ခုတည်းလို့ ထင်ရတာပါ။ ဒါကလည်း လောကသဘာဝအရတော့ မှန်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကြောင်းတရားအားလုံးကိုသိဖို့ အမြဲတမ်းလိုအပ်နေတာ မဟုတ်ပါဘူး။ ထမင်းတစ်နပ်စားရဖို့ ဆန်ဘယ်လိုချက် စပါးဘယ်လိုဖြစ်ရတယ်ဆိုတာ လူတိုင်းသိနေဖို့ မလိုပါဘူး။ 

တောင်စဉ်ရေမရတွေ မီးခိုးမဆုံး မိုးမဆုံးတွေ ပြောနေဖို့ အချိန်ရလောက်အောင် အကြောင်းတွေ ပေးနေလောက်အောင် အချိန်မရပါဘူး။ ဘ၀ဆိုတာ တိုတိုလေးလေးပါ။
လွန်ခဲ့တဲ့ ငါးနှစ်ခန့် ၂၀၁၀-တုန်းက သီရိလင်္ကာကို ရောက်လာခဲ့တယ်။ အကြောင်းများစွာ ရှိနေပေမယ့် အဓိကအကြောင်းကတော့ ပညာရေး ဆက်လက်လေ့လာဖို့ပါ။ ပတ်ဝန်းကျင်သစ် နေရာသစ်မှာ လွယ်လွယ်ကူကူ သတိထားမိစရာတွေ များတတ်တာ သဘာဝပါ။ ပိုပြီး သိသာတာက ယဉ်ကျေးမှုတွေ ဓလေ့ထုံးစံတွေ အစဉ်လာတွေပါ။ မြန်မာနဲ့ သီရိလင်္ကာဆိုတာ လက်ချိုးရေးရင်တောင် လက်ဆယ်ချောင်း မပြည့်တတ်တဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြတဲ့ အစဉ်လာတူ နိုင်ငံတွေပါ။ 

ရှေးပဝေသဏီကစလို့ ဘာသာတရားနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ အလေးအမြတ်ထားခဲ့ကြတာ ထူးခြားတဲ့ သမိုင်းမှတ်တိုင်ပါ။ အပြန်အလှန် ယုံကြည်မှုတွေဟာလည်း ဘာသာတရားကြောင့် ပေါ်ပေါက်ခဲ့ရတယ်ဆိုရင် လွန်တယ်လို့ မထင်ပါဘူး။ ကနေ့ခေတ်အထိ နွေးထွေးနေတယ်ဆိုတာတော့ ပြောမယုံ ကြုံဖူးမှပဲ တကယ်သိကြမှာပါ။
သီရိလင်္ကာ သို့မဟုတ် သီဟိုဠ်လို့ခေါ်တဲ့ ကျွန်းနိုင်ငံလေးက ရဟန်းတော်များရဲ့ နေ့စဉ်ဘ၀ဟာ လူများနဲ့ အတော်လေး နီးနီးကပ်ကပ် ရှိပါတယ်။ တပူးတွဲတွဲ နေလေ့ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးတော့ မဟုတ်ပါဘူး။ လူတွေရဲ့ ဒုက္ခသုက္ခတွေကို ခံစားနိုင်လောက်တဲ့ လက်တစ်ကမ်းအကွာမှာ ရှိနေလေ့ရှိတဲ့ သဘောမျိုးဆိုရင် မှန်မယ်လို့ ထင်ပါတယ်။ 

မြန်မာနိုင်ငံက ရဟန်းတော်အများစုဟာ ကျေးလက်ဒေသများက ဖြစ်ပါတယ်။ အသိပညာ ဗဟုသုတ စီးပွားရေး အစစ အရာရာ ခေါင်တဲ့အရပ်ဒေသတွေကပါ။ အဘက်ဘက်ကထူးချွန် ထိပ်တန်းရောက်အောင် တက်လှမ်းနိုင်ခဲ့တာကိုကြည့်ရင် မြန်မာဗုဒ္ဓဘာသာတွေရဲ့ ကြီးမြတ်တဲ့ သဒ္ဓါတရားတွေ ထူးခြားတဲ့ ပင်ကိုယ်အလှစိတ်ထားတွေကို သတိမထားမိဘဲ မနေနိုင်လောက်အောင်ပါ။ အရာရာကို ရင်ဘောင်မတန်းနိုင်ပေမယ့် အရာရာမှာ နိမ့်ကျနေတာမျိုးတော့ မဟုတ်ပါဘူး။
ကိုယ့်အကြောင်းတွေ ရေးလို့ပြောလို့ မကုန်နိုင်သလို အများအကြောင်းတွေလည်း ကုန်ဆုံးဖွယ်ရာ မရှိပါဘူး။ ဒီတော့ ကိုယ်နဲ့ဆက်စပ်တဲ့ သူများအကြောင်းလေးတွေ အကြောင်းတိုက်ဆိုင်ရင် ပြောကြည့် နားထောင်ကြည့်တာပေါ့။ ဗဟုသုတလည်းရ အသိဥာဏ်လည်းဝဆိုရင် ဘ၀မှာ မေ့ပျောက်ချင်စရာတွေကို ခဏပဲဖြစ်ဖြစ် မေ့ပျောက်လို့ရနိုင်ရင် ကောင်းတာပဲ မလား။

ဆက်ပါဦးမည် ………………… ။

မေတ္တာဖြင့်-
အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
Saturday, September 06, 2014

မတူထူးခြား ဓလေ့များ - ၂


သီဟိုဠ်ကို ရောက်ကတည်းက ကိုလံဘိုမှာ နေခဲ့ပါတယ်။ ကိုလံဘိုဆိုတာ ရန်ကုန်မြို့တော်ကြီးလိုပဲ စီးပွားရေးမြို့တော်ကြီး (Commercial City)ပါ။ အခုတော့ ရွှေ့ဖို့အကြောင်းတွေ ဖန်လာလို့ ကိုလံဘိုမြို့တော်ကနေ ကီလိုမီတာ ၁၀၀-ခန့် အကွာမှာ ရှိတဲ့ ပေရာဒေနိယမြို့ကို ရွှေ့ပြောင်းနေပါတယ်။ ပေရာဒေနိယ တက္ကသိုလ်ဘေးနားမှာ သင့်တော်မယ့် အဆောင်တစ်ခုရှာပြီး မိတ်ဆွေတစ်ဦးနဲ့ နေပါတယ်။
ကိုလံဘိုမှာနေတော့ ပေရာဒေနိယကို ကျောင်းကိစ္စနဲ့ မကြာမကြာဆိုသလို ရောက်ဖြစ်တယ်။ သုတေသနကျောင်းသားဆိုတော့ ကျောင်းတက်ဖို့ မလိုလို့ အရာရာ သက်သက်သာသာဖြစ်ဖို့ ကိုလံဘိုမှာ နေဖို့ ရွေးချယ်ခဲ့တာပါ။ အခုကျတော့လည်း ပေရာဒေနိယက ပိုပြီးတော့ နေသင့်တဲ့နေရာ ဖြစ်လာပါတယ်။ အဓိကတော့ ပညာရေးကြောင့်ပါ။ သာမညအကြောင်းတွေကတော့ ဝေးသောအကြောင်းတွေ ဖြစ်နေလို့ အရေးမပါတော့ပါဘူး။ 


ပေရာဒေနိယကို ရောက်လာပေမယ်လို့ ကိုလံဘိုကိုတော့ ကင်းလို့မရပါဘူး။ မကုဋာရာမဆိုတဲ့ မြန်မာကျောင်းတော်ကြီးကြောင့်ဆိုရင် မှန်ပါတယ်။ မကုဋာရာမ-ဟာ သီဟိုဠ်ရောက် မြန်မာရဟန်းတော်မှန်သမျှ ကင်းလို့မရတဲ့နေရာပါ။ ကင်းလို့မရဘူးဆိုကတည်းက မကုဋာရာမဟာ မြန်မာရဟန်းတော်များအတွက် အရေးပါတယ် အရာရောက်တယ်ဆိုတာ သိသာပါတယ်။ မှန်ပါတယ်။ မကုဋာရာမဟာ မြန်မာရဟန်းတော်တို့ရဲ့ မိခင်၊ မိခင်ရင်ခွင်ကြီးပေါ့။ လိုရင်းချုပ်ပြောရရင်တော့ သီဟိုဠ်မှာနေစဉ် တစ်လျှောက်လုံး အစစ အရာရာ အထောက်ကူရ အားကိုးရလို့ပါပဲ။
ဒီနှစ် သီရိလင်္ကာမှာ မြန်မာရဟန်းတော်များ တက်နေတဲ့ တက္ကသိုလ်တွေ အထူးသဖြင့် ဘီပီယူ၊ ကေလနိယတို့ဟာ အပြောင်းအလဲများစွာ ဖြစ်ပါတယ်။ အပြောင်းအလဲဆိုတာ အကောင်းရှိသလို အဆိုးလည်း ပါတတ်ပါတယ်။ ကျောင်းကြေးမှာ အခက်ခဲမရှိလှပေမယ့် ပညာရေး အပြောင်းအလဲဟာ မြန်မာရဟန်းတော်များကို အတော်လေးလှုပ်ခပ်သွားပါတယ်။
နိုင်ငံခြားရောက် မြန်မာရဟန်းတော် အများစုဟာ အစဉ်လာပညာရေး လမ်းကြောင်း (Traditional Monastic Education)က လာတာဖြစ်ကြလို့ တက္ကသိုလ်ဆိုတဲ့ ခေတ်သစ်ပညာရေး (Modern Education)စီးကြောင်းမှာ စာသင်၊ စာကျက်၊ စာတက်တာကစလို့ သိပ်ပြီးတော့ အံဝင်ခွင်ကျ မဖြစ်သေးပါဘူး။ တက္ကသိုလ်ပညာရေးနဲ့ လာခဲ့တဲ့ ပုဂ္ဂိုလ်အများစုတောင်မှ သိပ်ပြီး အံဝင်ခွင်ကျ မဖြစ်လှပါဘူး။ လိုအပ်ချက်တွေ တစ်လှေကြီး၊ ပြုပြင်စရာတွေ တစ်ထွေကြီးနဲ့ပါ။ ကိုယ်လည်း ဒီပုပ်ထဲက ဒီပဲပါ။ ဒါပေမယ့် အတော်များများကို ဖြတ်ကျော်ပြီးသွားပြီဖြစ်လို့ အများထက်စာရင်တော့ အတော်အတန် ခံသာပြီး မဆိုစလောက်လည်း အထောက်ကူပြုနိုင်တယ်လို့ ဆိုချင်ရင် ဆိုနိုင်ပါရဲ့။ 

အဲဒီလို အဲဒီလို အကြောင်းတွေနဲ့ ပေရာဒေနိယမှာ ပြောင်းရွှေ့နေပေမယ့် ကိုလံဘိုဟာ ရေစက်မကုန်ပါဘူး။ တစ်ပတ်တစ်ရက် ရံခါမှာတော့ နှစ်ပတ်တစ်ရက်ဆိုသလို ကိုလံဘိုကို စာသင်ပေးအောင် ရောက်ဖြစ်ပါတယ်။ သွားတဲအခါတိုင်း ကားထက် ရထားကို ပိုပြီးစီးလေ့ရှိပါတယ်။ အမြဲတမ်းလို ရထားစီးတယ်ဆိုရင် ပိုမှန်မှာပါ။ ရထားဟာ ကားထက် သက်တောင့်သက်သာရှိပါတယ်။ ရထားဘူတာနဲ့ ကိုယ်နေတဲ့နေရာက မလှမ်းမကမ်းမှာပါ။ အရေးပေါ်အကြောင်းရှိလို့ သွားချင်ရင်တော့ ကားစီးပါတယ်။ ကားနဲ့ရထားက ဈေးနှုန်းသိပ်ပြီးတော့ မကွာလှပါဘူး။ ရထားစီရင် လက်မှတ်ကြိုဖြတ်ရမယ်။ ကားစီးရင်တော့ မလိုပါဘူး။
သီဟိုဠ်မှာ အဝေးပြေးကာတွေဘာတွေစီးရင် ရွှေပြည်ကြီးမှာလို လက်မှတ်ကြိုဖြတ်ရတဲ့ ထုံးစံမရှိပါဘူး။ လမ်းကနေ လက်မှတ်ပြ တားစီးတာမျိုးလည်း မရှိပါဘူး။ ဦးရာသူ စနစ်နဲ့ နေရာယူရပါတယ်။ ဘယ်နေရာမှာပဲဖြစ်ဖြစ် လူများရင် တန်းစီရတဲ့စနစ်ပါ။ ယုတ်စွအဆုံး တက္ကသိုလ်က စားသောက်ဆိုင် (Canteen) တွေမှာပါ လူများနေရင် တန်းစီရပါတယ်။ ဆရာကော ကျောင်းသားကော တက္ကသိုလ်အုပ်ချုပ်ရေးပိုင်းကလူရော အားလုံး တန်းစီရပါတယ်။ အာဏာပြဖို့ အခွင့်ရေး ပေးမထားပါဘူး။ အသက်ကြီးသူတွေ ကိုယ်ဝန်ဆောင်မိခင်တွေ ဆရာတော် သံဃာတော်များတွေဆိုရင်တော့ ပြောစလည်းမလို၊ လက်တို့စရာလည်း မလို။ အားလုံးက ဦးစားပေးကြပါတယ်။ 

ကိုလံဘိုကိုသွားဖို့ ကားစီးမယ်ဆိုရင်တော့ ကန္ဒီမြို့ကို သွားရတယ်။ ကန္ဒီဆိုတာက မြန်မာနိုင်ငံက မန္တလေးမြို့လိုပဲ နန်းဆန်ပါတယ်။ သီဟိုဠ်နောက်ဆုံးမင်းဆက် နန်းဆိုက်ခဲ့တဲ့မြို့လေး ဖြစ်လို့ပါပဲ။ နန်းတော်ကြီးလည်း ထီးထီးမားမား ရှိနေတုန်း ခန့်ထည်နေတုန်းပါ။ အဲဒီနန်းတော်ကြီးထဲမှာ ဗုဒ္ဓမြတ်စွယ်တော်ရဲ့ စွယ်တော်ဓာတ် ကိန်းဝပ်စံပါယ်တော်မူနေပါတယ်။ ပြီးတော့ ယဉ်ကျေးမှုပြတိုက်ကြီးအဖြစ်လည်း ထင်ရှားပါတယ်။ နိုင်ငံတကာ ခရီးသွားတွေ ဘုရားဖူးတွေ ထံကနေ နိုင်ငံတော်အတွက် နှစ်စဉ်ဒေါ်လာသန်းပေါင်းများစွာကို ရှာဖွေပေးနေတဲ့ ရတနာသိုက်ကြီးလည်း ဖြစ်ပါတယ်။
မန္တလေးနန်းတော်ကြီးကတော့ အများသိတဲ့အတိုင်းပါ။ ယဉ်ကျေးမှု အမွေနှစ်တွေ သမိုင်းတွေကို မြှုပ်နှံထားတဲ့ သင်္ချိုင်းပျက်ကြီးတစ်ခုနဲ့ ပိုတူတယ်လို့ တစ်ချို့ သမိုင်းပညာရှင်တွေက ဆိုကြပါတယ်။ တိုင်းပြည်ဘဏ္ဍာအတွက် နှစ်စဉ် ဒေါ်လာသန်းနဲ့ချီရနိုင်တဲ့ အခွင့်အရေးကြီးကို ပေးထားပေမယ့် ကြက်တစ်ကောင်ရှေ့ကို ရောက်သွားတဲ့ ပတ္တမြားကို ယက်ပစ်ခံရသလိုပဲလို့လည်း ပညာရှင်တွေက ဆိုကြပါတယ်။ ထားပါတော့ ကိုယ်က သမိုင်းပညာရှင်မဟုတ်သလို စီးပွားရေးပညာရှင်လည်း မဟုတ်လေတော့ သိပ်ပြီး နားမလည်ပါဘူး။ 

ကန္ဒီမြို့ကနေ ကိုလံဘိုကို ကားစီးမယ်ဆိုရင်တော့ သုံးနာရီဝန်းကျင် ကြာတတ်ပါတယ်။ အပိုအလို နည်းနည်းတော့ ရှိမယ်ပေါ့။ ရထားနဲ့ဆိုရင်တော့ နှစ်နာရီခွဲ ၀န်းကျင်၊ နှစ်နာရီပါ။ ကန္ဒီ-ကိုလံဘိုက ကီလိုမီတာ ၁၁၀-ခန့်ရှိပါတယ်။ ကားကတော့ လမ်းမှာ ရပ်နားလေ့မရှိပါဘူး။ တိုက်ရိုက်မောင်းပါတယ်။ မြွေလိမ်မြွေကောက်လမ်းတွေနဲ့ ကားပိတ်ဆို့တဲ့ လမ်းကြောတွေကိုဖြတ်ရလို့ အတော်လေးငြီးငွေ့စရာ ကောင်းလှပါတယ်။ ကျန်းမာရေး အပေါ့အပါးကစ ခက်ပါတယ်။ အပြောင်းအလဲ ဖြစ်ချင်သူတွေ တစ်ခါတလေ သွားသူတွေအတွက်ဆိုရင်တော့ တောတက်တောင်ဆင်းတွေနဲ့ သဘာဝအာရုံတွေကတော့ လန်းဆန်းပါတယ်။
တစ်ပတ်တစ်ခါ ကျောင်းတက်ရသူတွေ ရုံးဝန်ထမ်းတွေ အကြောင်းအားလျော်စွာ အမြဲလို စုန်ချည်ဆန်ချည် သွားနေသူတွေအတွက်တော့ ရထားဟာ သက်တောင့် သက်သာရှိပါတယ်။ ညောင်းရင် လမ်းထလျှောက်ဖို့ အဆင်ပြေသလို အပေါ့အပါ့းသွားဖို့လည်း အဆင်ပြေပါတယ်။ ဗိုက်ဆာရင်လည်း အဆာပြေစားစရာ သောက်စရာတွေ သီးသန့်တွဲပါတာမို့ အခက်ခဲမရှိပါဘူး။ လတ်ဆတ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားသောက်တွေ ရနိုင်သလို ဈေးနှုန်းလည်း အဆင်သင့်လှပါတယ်။
အမြဲတမ်းသွားနေကျသူတွေကတော့ ရေဗူးကအစ အစာပြေစားသောက်စရာတွေ ထည့်ယူလာလေ့ရှိပါတယ်။ ဈေးသက်သာတယ်ဆိုပေမယ့် ရထားပေါ်ဆိုတော့ ၀န်ဆောင်ခတွေကြောင့် အနည်းငယ်တော့ များနေတတ်တာ မငြင်းသာပါဘူး။ နေ့စဉ်နဲ့အမျှဆိုတော့ ငါးကျပ်တစ်ဆယ်ကစလို့ တွက်ရမှာပဲမလား။ တစ်ခါတည်းဆို မသိသာပေမယ့် အခါပေါင်းများစွာဆို သိသာလာပါပြီ။ အဆောင်မှာနေပြီး ကိုယ့်စားဝတ်နေရေးကို ကိုယ့်ဟာကိုယ် ဖန်တီးရတော့ တစ်ကျပ်နှစ်ကျပ် ပိုသွားတာကစလို့ တွက်တတ်လာပါပြီ။ ဘ၀ကပေးတဲ့ ပညာတွေပေါ့။ 

ထမင်းပွဲရှေ့ရောက် စားခဲ့ကြရတာဆိုတော့ အစပိုင်းမှာ ဒါတွေကို မသိခဲ့ပါဘူး။ နားလည်း မလည်ခဲ့ပါဘူး။ ဒီထက်ပြောရရင် နားလည်ပေးဖို့တောင် တစ်ခါမှ မကြိုးစားခဲ့မိဘူး ထင်တာပါပဲ။
နိုင်ငံခြားနေရတာ ကျေနပ်စရာ အကောင်းဆုံးတစ်ခုကို ပြောပါလို့ဆိုရင် အမေ့ရဲ့ မေတ္တာကို ပိုပြီးခံစားရတယ်၊ အမေ့အပေါ်ကို ပိုပြီး စာနာတတ်မိလာတယ် ဆိုတာပါပဲ။ အဲဒီခံစားချက်မျိုးကို ဒကာဒကာမတွေအပေါ်မှာလည်း ထားမိသွားတယ်ဆိုတာပါပဲ။ အခုမှ ဆွမ်းမစားခင် “ပစ္စ၀က္ခဏာဆင်ခြင်” စားရမယ်ဆိုတာကို လေးလေးနက်နက် သိရတော့တယ်။ သညာသိတွေဟာ လက်တွေ့သိ ပညာသိဖြစ်လာရင် ပိုပိုပြီးတော့ အဓိပ္ပါယ်ရှိလာပါတယ်။
နေ့စဉ်နဲ့အမျှ ချက်ရပြုတ်ရတော့ ရေခဲသေတ္တာထဲမှာ အသင့်ရှိတာတောင် ဘာချက်လို့ ဘာချက်ရမှန်းကို မသိပါဘူး။ တစ်ခါတစ်ခါများဆို စဉ်းစားရတာနဲ့ စားချင်စိတ်တောင် ကုန်ပါတယ်။ တကယ်ပါ။ နောက်တစ်ခု ရလာတာကတော့ ဟင်းချေးမများတော့ဘူး။ မကြိုက်ရင် မစားနိုင်ရင် မစားဘဲ အသာနေလိုက်တယ်။ အပြစ်မပြောတော့ဘူး။ ဘာချက်ကျွေးပါလို့ သူများဝန်ထုပ်ဝန်ပိုးဖြစ်အောင် မခိုင်းတော့ဘူး။ အဆင်ပြေသလို စီမံပါလို့ပြောပြီး ကိုယ်လည်းအဆင်ပြေသလို စားလိုက်တာပဲ။
ငယ်ငယ်က တောမှာ ကြီးပြင်းခဲ့ရတယ်။ မိဘတွေက တောင်သူလယ်သမားတွေဆိုတော့ ညဘက်ကကျန်တဲ့ ထမင်းကြမ်းကို ဆီနံ့ပါတယ်ဆိုရရုံနဲ့ ပြန်ကြော်ကြွေးတာကိုစား ကျောင်းသွား။ သူတို့လည်း အဲဒါပဲ ရေနွေးကြမ်းနဲ့ဝါးသွားပြီး လယ်ထဲယာထဲဆင်း။ ၁၀-နာရီ ၁၁-နာရီလောက် အိမ်ပြန်လာရင် တောထဲ ဒါမှမဟုတ် အခင်းထဲက ခူးလာတဲ့ ရာသီပေါ်အသီးအနှံတွေကို ဆီးမပါ ပျားမပါနဲ့ချက်။ အဲလိုမှ မဟုတ်ရင်လည်း အိမ်ပြန်ရောက်မှ ၀ိုင်းထဲက မန်းကျီးပင်တို့ ဆူးပုပ်ပင်တို့က အရွက်လေးတွေခူးချက်လို့ နေ့စဉ် စားဝတ်နေရေး ပြဿနာကို ဖြေရှင်းပေးရလေ့ရှိတဲ့ တောအရပ်က မိခင်များကို ပိုပြီး သတိရမိတယ်။ ဒီအထဲမယ် ကိုယ့်အမေလည်း ပါတာပေါ့။ 

ညစာအတွက်ဆိုလည်း ဒီအတိုင်းပဲ သူတို့ ရှာကြံပြင်ဆင်ချက်ပြုတ်ရတာပဲ။ သားသမီးတွေကလွဲရင် အဖေကလည်း ချေးမများဘူး၊ အမေကတော့ ထမင်းဝိုင်းမှာ မျက်နှာအငယ်ဆုံးပေါ့။ တစ်ခါတရံ စိတ်ပေါက်လွန်းရင် နင်တို့ရှာပေးလေ ငါချက်ကျွေးမယ် …… တဲ့။ ဒီလောက်ပဲ။ ကျန်တဲ့ သားသမီးတွေ အကုန်လုံး ပါးစပ်ပိတ်ရော။ အဖေကတော့ ဘာမှမပြောဘူး ချက်ထားတာကိုပဲ အားရပါးရစားပြီး ထသွားတာပဲ။ သူ့တာဝန်လည်း မကင်းဘူးလို့ ခံစားရမှာကိုး။
ဒါမျိုးက တစ်နေ့တည်း တစ်နပ်တည်း စားရတာမဟုတ်ဘူး။ နေ့တိုင်း လတိုင်း နှစ်တိုင်းလေ။ အိမ်မှာ အသင့်ရှိတာက ဆန်တစ်မျိုးပဲ။ ဆီတောင်မှ ကိုယ့်အခင်းကထွက်တဲ့ နှမ်းကို မိသားစုတိုင်း မစားရက်ဘူး။ ဈေးကောင်းရတဲ့ နှမ်းကိုရောင်း လိုတာဖြည့်ရတော့ ဆိုင်ကနေ ပြန်ဝယ်ရတဲ့ စားအုန်းဆီလိုမျို ဆီကြမ်းတွေ ၀ယ်စားရတယ်။ ဆောင်းတွင်းများဆို ဆီတွေက ခဲနေတတ်ပြီး မီးကင်ပြီးမှ ချက်ပြုတ်စားရတယ်။ ငယ်ငယ်က တန်းကျောင်းမှာ “ဖောင်စီးရင်း ရေငတ်နေရသည့် ပြည်သူတို့ ဘ၀ကို” ဆိုပြီး ကျက်ခဲ့ရတယ်။ အတွေးခေါင်တော့ ဘာမှမသိဘူး။ ဖောင်စီးရင်း ရေဘယ်လိုငတ်မလဲပေါ့။ ပင်လယ်ရေဆိုတာ ငန်လို့သောက်မရဘူးလို့ ကိုယ်မှ မသိတာပဲ။ 

ကဲ …. အခုတော့ ကိုယ့်အလှည့်လေ။ ရေခဲသေတ္တာထဲမှာ အသီးအနှံ အသားငါး အပြည့်စုံရှိတယ်။ တစ်နေ့ကို နှစ်ကြိမ်ချက်။ အလှည့်ကျအနေနဲ့ တစ်ပတ်ဆက်တိုက်ချက်ရတယ်။ လိုအပ်ရင်ထပ်ဖြည့်ဖို့လည်း လက်ထဲမှာ အသင့်ရှိတယ်။ နှစ်ရက် သုံးရက်လောက် ချက်ပြီးသွားရင် နောက်နေ့ ဘာချက်ရမလဲလို့ ခေါင်းစားသွားပြီ။ တစ်ခါတလေများဆို အဲလိုစဉ်းစားရလွန်းပြီး ချက်ရလို့ စားချင်စိတ်တောင် ကုန်တယ်။ အဲလိုနဲ့ ချက်လှည့်ရောက်ရင် တစ်ပတ်လုံးလိုလို စာလုပ်ပျက်တော့တာပဲ။ ကိုယ်ချင်းစာတယ်ဆိုတာ ခက်လွန်းလို့တော့ မဟုတ်ပါဘူး။ ဘယ်လို ကိုယ်ချင်းစာရလဲဆိုတာကို မသိကြလို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တိုင်ကိုယ်ကျမှ မတွေ့ကြုံ မခံစားဘူးတာကိုလေ။

Baby-Day-Out ဆိုတဲ့ ကလေးဟာသ ဇာတ်ကားကြည့်ဖူးတယ်။ ကလေးပျောက်သွားတဲ့ မိခင်ဖြစ်သူကို အိမ်ကနေပဲ စောင့်ဖို့ စိတ်မပူဖို့ FBI-က ရဲအရာရှိကပြောတယ်။ ပြီးတော့ သူက ကိုယ်ချင်းစာပါတယ်လို့ ဆက်ပြောတယ်။ မိခင်ဖြစ်သူက ရှင်ကလေးပျောက်ဖူးလားဆိုတော့ မပျောက်ဖူးပါဘူးဆိုတော့ ဒါဆိုရင် ရှင်တကယ် ကိုယ်ချင်းစာတတ်မှာ မဟုတ်ပါဘူး-တဲ့။ ရဲအရှိလည်း ပါးစပ်ပိတ်သွားတယ်။ မှန်ပါတယ်။ တစ်ကျပ်တစ်ပြားမှ မကုန်ပါဘူးဆိုတဲ့ ကိုယ်ချင်းစာမှုဆိုတာ တကယ့်ကို လွယ်ကူတဲ့အလုပ်မဟုတ်ပါဘူး။ 

ကဲ …….. ဒီတော့ ဟုတ်ပါပြီ။ နိုင်ငံခြားမှာ ငွေကြေးအကုန်ကျများစွာခံပြီး နေရတဲ့ ပညာသင်ရတဲ့ အကျိုးအမြတ်က ဘာလဲလို့ မေးရင် အသိဥာဏ်တစ်ခုရတာပဲလို့ ဖြေရလိမ့်မယ်။ အဲဒါတော့ ကိုယ်ချင်စာတတ်သွားတယ် ဆိုတာပါပဲ။ ဒါတောင်မှ အကုန်လုံးကို ကိုယ်ချင်းမစာတတ်သေးဘူးဆိုတာတော့ ၀န်ခံရဦးမယ်။ ဘာပဲပြောပြော ကြုံလာရင် အရာရာကို နှိုးယှဉ်ပြီး အနည်းဆုံးတော့ နားလည်ပေးတတ်သွားပြီ။ ဒါဟာ ကျေနပ်စရာပဲ မလား။ 

ဆက်ပါဦးမည် ………….. ။

မေတ္တာဖြင့်-
အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
Wednesday, September 10, 2014

မတူထူးခြား ဓလေ့များနှင့် ဘ၀ရသများ - ၃


…….. ရဟန်းဆိုတော့ ငြင်းဖို့လည်း မသင့်တော်ဘူး။ တစ်ဘက်သားရဲ့ ကောင်းမှုကို အသိမှတ်မပြုရာလည်း ရောက်သွားမယ်။ ယူပြန်တော့လည်း သူ့တစ်ယောက်စာဆိုတော့ တစ်ခါတရံများ အတော်ဗျာများရပါတယ်။ အဖိုးနည်း အိုးကွဲမို့ တန်ဖိုးမထားဘူးလို့ တစ်ဘက်သား စိတ်ငြိုငြင်သွားမှာကိုလည်း မလိုလားပါဘူး။ ဘာပဲပြောပြော ရဟန်းဆိုတာ ရဟန်းပါပဲလေ။ ….
*****
………. ဆရာတော်ဟာ တောစပ်ကိုသွားပြီး လူမမြင်ကွယ်ရာမှာ သူလှူလိုက်တဲ့ ဆွမ်းကို သွန်ပစ်လိုက်မယ်လို့ ယုံကြည်နေပါတယ်။ အဲဒီလိုဖြစ်ခဲ့ရင်လည်း သူဝမ်းနည်းမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဟာနဲ့သူလည်း ဒါဟာ ကြီးမားတဲ့ အပြစ်ကြီးတစ်ခုလို့ မြင်လို့ပါပဲ။ ……….
*****
ပြီးခဲ့တဲ့ဆောင်းပါးမှာ ကိုလံဘိုကို စာသင်သွားရင်း ရထားပေါ်မှာ မကြာခဏ တွေ့ရလေ့ရှိတဲ့ အဖြစ်ပျက်လေးကို ရေးမလို့ပါ။ အစတစ်ခု ဆွဲထုတ်လိုက်တာ လိုရင်းမရောက်ဘဲ ရောက်ချင်တဲ့ဘက် ရောက်သွားတယ်။ ဒါကြောင့် သီဝရီဆရာတွေရဲ့ “ဦးတည်ရာ မရှိသောသူသည် တက်မပါသော လှေကဲ့သို့ တ၀ဲလည်လည်ရှိမည်ကို သတိချပ်ပါလေ”ဆိုတဲ့ စကားကို သတိရမိပါတယ်။ ဦးတည်ရာ ရှိပေမယ့် ခိုင်မာတဲ့ သန္နိဋ္ဌာန်ရယ် လုံလောက်တဲ့ ၀ီရိယနဲ့ ပညာမရှိရင်လည်း မရောက်နိုင်ဘူးဆိုတာ သတိချပ်စရာ ဖြစ်ပါတယ်။
ရထားထွက်လို့ ကိုယ့်နေရာနဲ့ကိုယ်အခြေတကျဖြစ်ပြီး နာရီဝက် တစ်နာရီဆိုသလို ကြာတဲ့အခါမှာ ခရီးသည်တွေက ကိုယ့်မှာပါလာတဲ့ အစာပြေ ဒါမှမဟုတ် အပျင်းပြေစားစရာတို့ကို ထုတ်ပြီး စားကြပါတယ်။ မနက်စောစော သွားတဲ့အခါမျိုးဆိုရင်တော့ မနက်စာ (Breakfast)ကို ရထားပေါ်ရောက်မှ စားသလိုမျိုးပေါ့။ ပေါင်မုန့်တစ်လုံးနဲ့ ရေတစ်ကျိုက်နှစ်ကျိုက်လောက် မော့သောက်သွား။ ဘ၀သမားတွေပေါ့။
ရထားပေါ်ရောက်လို့ ပါလာတဲ့အထုပ်လေးတွေဖြေလို့ စားကြသောက်ကြတဲ့အခါ ကိုယ့်အနီးနားမှာ ခရီးသွား ဆရာတော် သံဃာတော်များဖူးတွေ့ရရင် အဆင်ပြေသလောက်ခွဲပြီး ကပ်လေ့ရှိပါတယ်။ သူတို့အချင်းချင်းတော့ ခွဲဝေပေးလေ့ မရှိတာကိုလည်း သတိထားမိပါတယ်။ မှန်ပါတယ်။ ပါလာတဲ့ရိက္ခာက တစ်ယောက်စာ ဒါမှမဟုတ် မိသားစုနဲ့လာရင် မိသားစုစာလောက်သာ ပါလေ့ရှိကြတာပါ။ သံသရာ ခရီးသွားတွေဆိုတာ ဒီလိုပါပဲလေ၊ ကိုယ့်ရိက္ခာကိုယ်သာ ပါကြတာပါ။ တချို့များဆို ကိုယ့်ပါလာတဲ့ရိက္ခာဟာ ကိုယ့်အတွက်တောင် မလောက်ငကြပါဘူး။
ထားပါတော့။ ဒီလိုနဲ့ သူတို့ပါလာတဲ့ အစာပြေစားစရာ မနက်စာလေးကို ကိုယ့်အတွက်သာ ကြုံသလို အဆင်ပြေသလို စီမံလာကြပေမယ့် သူတို့စားဖို့လုပ်လို့ ဘေးနားက ရဟန်းသံဃာများတွေ့ရင် သင့်တော်သလောက်ခွဲပြီး လှူဒါန်းတတ်ပါတယ်။ ရဟန်းဆိုတော့ ငြင်းဖို့လည်း မသင့်တော်ဘူး။ တစ်ဘက်သားရဲ့ ကောင်းမှုကို အသိမှတ်မပြုရာလည်း ရောက်သွားမယ်။ ယူပြန်တော့လည်း သူ့တစ်ယောက်စာဆိုတော့ တစ်ခါတရံများ အတော်ဗျာများရပါတယ်။ အဖိုးနည်း အိုးကွဲမို့ တန်ဖိုးမထားဘူးလို့ တစ်ဘက်သား စိတ်ငြိုငြင်သွားမှာကိုလည်း မလိုလားပါဘူး။ ဘာပဲပြောပြော ရဟန်းဆိုတာ ရဟန်းပါပဲလေ။ ကောင်းတာဆိုးတာ ကိုယ့်အတွက် အဓိကမကျဘဲ အလှူရှင်ရဲ့ သဒ္ဓါတရားကို အဓိကထားပြီး ချီးမြှောက်သင့်တာပဲ မလား။


တစ်ခါက အရှင်မဟာကဿပမထေရ်မြတ်ကြီး ဆွမ်းခံကြွတော်မူတဲ့အခါမှာ အနာကြီးရောဂါသည် (Leprosy)တစ်ဦးရဲ့ ဆွမ်းလောင်းလှူတာကို လက်ခံတော်မူပါတယ်။ အနာကြီးရောဂါသည်ဟာ သူကိုယ်တိုင်စ,စတင်ပြီး လှူလိုစိတ် ရှိနိုင်ပေမယ့် နိမ့်ကျနေတဲ့ သူ့အခြေအနေကြာင့် မလှူရဲပါဘူး။ သူဋ္ဌေးသူကြွယ်တွေ မင်းစိုးရာဇာတွေ ကိုးကွယ်တဲ့ နာမည်ကြီး မထေရ်တစ်ပါး ဖြစ်တယ်ဆိုတာလည်း သိဟန်တူပါတယ်။ ပြီးတော့ သူ့အခြေအနေသူလည်း သတိထားမိပါတယ်။ မထေရ်မြတ်က အလှူခံလိုဟန်ပြတယ်ဆိုရင်ပဲ ၀မ်းသာအားရနဲ့ အနာကြီးသည်က ဆွမ်းတွေ သပိတ်ထဲကို လောင်းလှူလိုက်ပါတယ်။ ဖြစ်ချင်တော့ ဆွမ်းတွေနဲ့အတူ အနာကြီးရောဂါသည်ရဲ့ လက်ချောင်းလေး တစ်ချောင်းလည်း သပိတ်ထဲကို ကြွေကျသွားပါတယ်။
ဒီအဖြစ်ပျက်ကို အရှင်မဟာကဿပ သတိထားမိသလို အလှူရှင်လည်း သတိထားမိပါတယ်။ မထေရ်ကြီးက ဘာမှမပြောဘဲ ဆွမ်းလောင်းပြီးတော့ သပိတ်ကိုအသာအုပ်ကာ တစ်နေရာကို ဆက်လက်ကြွပါတယ်။ အနာကြီးရောဂါသည်က ဆရာတော်ဟာ တောစပ်ကိုသွားပြီး လူမမြင်ကွယ်ရာမှာ သူလှူလိုက်တဲ့ ဆွမ်းကို သွန်ပစ်လိုက်မယ်လို့ ယုံကြည်နေပါတယ်။ အဲဒီလိုဖြစ်ခဲ့ရင်လည်း သူဝမ်းနည်းမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဟာနဲ့သူလည်း ဒါဟာ ကြီးမားတဲ့ အပြစ်ကြီးတစ်ခုလို့ မြင်လို့ပါပဲ။ 

အရှင်မဟာကဿပ-ဟာ အလှူရှင်မြင်နိုင်လောက်တဲ့ သင့်တော်ရာ တစ်နေရာမှာ နေရာခင်း (အနေကထိုင်)ကို ခင်းပြီး ထိုင်တော်မူပြီး သပိတ်ကိုတော်ကို ဖွင့်တဲ့ကာ ကြွေကျပါလာတဲ့ လက်ချောင်းကို အသာဖယ်လို့ ဘုဉ်းပေးတော်မူပါတယ်။ အလှူ့ဒကာမှာ ၀မ်းသာလိုက်တဲ့ ဖြစ်ခြင်း။ ကြည်ညိုလိုက်ပါဘိခြင်း။ ကဲ ……….. ကြည့် ဘယ်သူဝမ်းသာဘဲ မကြည်ညိုဘဲ နေနိုင်မလဲ။ အဖိုးလည်းမတန် အပြစ်လည်းဖြစ်နေတယ်လို့ ထင်နေတဲ့အရာကို တစ်ဘက်သားက အလေးအနက်ထား အသိမှတ်ပြုလိုက်တော့ သဒ္ဓါတရားတွေ တဖွားဖွားနဲ့ တိုးပွားရပါတယ်။ ဒါဟာ သာသနာတော်ရဲ့ ကြီးမြတ်တဲ့ အစဉ်လာတစ်ခုပါ။ 

ဓမ္မပဒပါဠိတော်မှာ ပျား၊ပိတုန်းနဲ့ပန်းကို နမူထားပြီး အလွန်ကောင်းတဲ့ ဥပမာတစ်ခု ပြထားပါတယ်။ ပျားတွေ ပိတုန်းတွေဟာ ပန်းပွင့်ကိုလည်း မပျက်စေ၊ အဆင်းကိုလည်း မပျက်စေ၊ အနံ့ကိုလည်း မပျက်စေဘဲ ကိုယ်လိုတဲ့ ပန်းဝတ်ရည်ကိုပဲ စုပ်ယူပျံသွားသလို-တဲ့ ရဟန်းဆိုတာလည်း အလှူရှင် ဒကာ/ဒကာမတွေရဲ့ သဒ္ဓါတရားနဲ့ စည်းစိမ်ဥစ္စာကို မပျက်စီးစေဘဲ ကျင့်သုံးရပါမယ်-တဲ့။ ဘုရားရှင်က သံသရာတစ်ဘက်ကမ်း နိဗ္ဗာန်လည်းကိုသာမက နေ့စဉ်ဘ၀ ဘယ်သို့ဘယ်ပုံ ကျင့်သုံးရမယ်ဆိုတာကိုပါ ပြပေးတော်မူပါတယ်။ လူမှုဆက်ဆံရေး (Social Relations)ရဲ့ အရေးပါမှုကို မီးမောင်းထိုးပြတော်မူပါတယ်။

တစ်ခါမှာ ဖွင့်ဖြိုးပြီး နိုင်ငံတစ်ခုက လူတစ်ယောက်ဟာ ရွှေပြည်ကြီးကို လူမှုရေးလုပ်ငန်းတွေ တစ်နိုင်တပိုင်လုပ်ဖို့ ရွှေပြည်ကြီးရဲ့ တောရွာလေးတစ်ရွာကို ရောက်လာပါတယ်။ အားလုံးသိကြတဲ့ အတိုင်းပဲ။ တောအရပ်ဆိုတာ အစစ အရာရာ ချို့တဲ့ပါတယ်။
ကိုယ့်အပေါ်ကောင်းတဲ့လူကို ပြန်မကောင်းဘဲ မနေနိုင်တာ မြန်မာလူမျိုးစစ်စစ်တို့ရဲ့ သဘာဝပါ။ ကိုယ့်အပေါ်ဆိုးခဲ့ရင်တောင် ခွင့်လွှတ်နိုင်စွမ်းရှိတာ မြန်မာလူမျိုးပါ။ ကိုယ့်နိုင်ငံကို ကျွန်ပြုသွားတဲ့ အင်္ဂလိပ်တို့ ဂျပန်တို့ကို အငြိုးအတေးတွေ မလိုမုန်းထားမှုတွေ မပြတော့ပါဘူး။ မကျေနပ်လို့ ပြောရရင် ဂျပန်ခေတ်မှာ ဂျပန်တွေက သူလျိုဆိုသူကို ဖော်မပေးလို့ ကလေးရော လူကြီးပါမကျန် တစ်ရွာလုံး သတ်ပစ်ခဲ့တာတွေ ရှိပါတယ်။ နာဇီတွေက ဂျူးတွေကို မျိုးတုန်း (Genocide)သတ်ခဲ့တာထက်တောင် ဆိုးတယ်လို့ သမိုင်းပညာရှင်တွေက ပြောကြပါတယ်။ ဒါတွေကို မြန်မာလူမျိုးတွေဟာ မေ့ပစ်သလောက် ဖြစ်နေပါပြီ။ မမေ့ဘူးဆိုရင်တော့ မကျေမနပ်ပြောသံတွေတော့ မကြားရတော့ပါဘူး။ သူများတွေလို ဘာအထိမ်း ညာအထိမ်းမှတ်ဆိုပြီး အစပြန်ဖော်တာမျိုးလည်း မရှိသလောက်ပါပဲ။ ရန်ကို ရန်ခြင်း တုံ့နှင်းနေလို့ အကျိုးမရှိဘူးဆိုတာကို သိနေကြလို့ပါ။

ဒါပေမယ့် အဲဒီလူမျိုးတွေ နိုင်ငံကြီးသား ဆိုသူတွေကတော့ အခွင့်ခါသင့်တိုင်း ကြုံတိုင်းဆိုသလို မတူမတန်သလို ဆက်ဆံတယ်။ နှိမ်ချင်တယ်။ ပြီးတော့လည်း သူတို့ကပဲ ဟိုအခွင့်အရေး ဒီအခွင့်အရေးလို့ ပြောပြန်ရော။ ခပ်ကြမ်းကြမ်းပြောရရင် “ခွေးကတစ်ပြန် လူစော်နံ”ဆိုတဲ့ မြန်မာစကားပုံတစ်ခုလိုပါပဲ။ ဒါကြောင့် ပညာရှင်တွေကပြောကြတာ သမိုင်းသိအောင်လုပ်ကြ၊ သမိုင်းမသိရင် အ,တယ်တဲ့။ သမိုင်းမသိကြတော့ သူတို့ကိုအားကျ သူတို့အော်သလို နောက်ကလိုက်အော်နဲ့ အင်း ….. ကိုယ့်မူနဲ့ (Identity)ကို မရှိလိုက်ကြတာလို့ အမြင်ကျယ်သူတွေက ဝေဖန်ထောက်ပြကြပါတယ်။ သတိထားစရာပါ။

ထားပါတော့။ လောကမှာ အကောင်းအဆိုးဆိုတာ ဒွန်တွဲနေတာ။ ပုံသေသတ်မှတ်လို့ ရတာမျိုးမဟုတ်တော့ ကိုယ်,ကိုယ်တိုင်ကပဲ အကောင်းကို အကောင်းမှန်းသိဖို့၊ အဆိုးကို အဆိုးမှန်းသိဖို့ ကြိုးစားကြရမှာ မလား။
ဆက်ပြောရရင် အခုနကပြောခဲ့တဲ့လူကို တောအရပ်ကလူတွေက ကိုယ့်အပေါ် ကောင်းထားလေတော့ သူတို့ရှိတာလေးတွေနဲ့ ပြန်ပြီးကောင်းချင်တယ်ပေါ့။ ဒါနဲ့ သူတို့တောအရပ်မှာ ရနိုင်ပြီး သူတို့တတ်နိုင်တဲ့ တောထွက်ကုန်လေးတွေ၊ ဥပမာပေါ့ ခရုခွံလေးတွေကောက် ပုတီးသီ၊ စက္ကူပန်းလေးတွေ အလှဆင် စသဖြင့် လုပ်ပြီး လက်ဆောင်ပေးပါတယ်။ သူကလည်း ပေးပေးသမျှတွေကို ယူထားပြီး လက်ဆောင်ပေးသူတွေ ကျေနပ်အောင် ၀တ်ဆင်ပါတယ်။ သူပြန်တော့လည်း မြို့ရောက်အောင်ကို ၀တ်ဆင်သွားပါ။ ဒီလိုဝတ်ဆင်တာကိုမြင်တော့ မြို့ကြီးပြကြီးကလူတွေက “အရူး”ဆိုပြီး ကဲ့ရဲ့ကြပါသတဲ့။ သူရဲ့မိတ်ဆွေအချို့က လူတွေဝိုင်းဟားခံရမယ်ဆိုပြီး ၀တ်ဆင်လာတာတွေ ချွတ်ဖို့ပြောတော့ သူက “ဘေးလူတွေ အပြစ်ပြောတာကို သူဂရုမစိုက်ဘူး-တဲ့၊ သူ့ကို အမြတ်တနိုးနဲ့ လက်ဆောင်ပေးလိုက်သူတွေရဲ့ စေတနာကိုသာ အလေးထားပါသတဲ့”။ အင်း …. ဒါလည်း မှတ်သားစရာ အတုယူစရာ ဖြစ်မယ်ထင်ပါတယ်။

ကိုယ်ပြောချင်တဲ့ အကြောင်းအရာက အတော်လေးဟသွားပါပြီ။ ပြန်ဆက်ရရင် ခရီးသွားတွေ သင့်တော်သလိုလှူတဲ့ စားသောက်ဖွယ်တွေကို အားနာပါးနာနဲ့ လက်ခံပြီး သုံးဆောင်လိုက်ပါတယ်။ ညနေခင်း သွားတဲ့အခါများလည်း ရံဖန်ရံခါဆိုသလို ကြုံတတ်ပါသေးတယ်။ တစ်ချို့က လမ်းမှာစားဖို့ စပျစ်သီး ကြက်မောက်သီးလိုတို့မျိုး ပေါ့ပေါ့ပါးပါး စားလို့ရတဲ့ အသီးအနှံတွေ ယူလာတတ်ကြတယ်။ ဒါမျိုးဆိုလည်း လှူပြန်ပါတယ်။ အဲဒီအခါတော့ ကိုယ့်ဘက်က အချိန်လွန်နေလို့ပါ ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်တယ်။ အဲဒီလိုဆိုတော့လည်း သူတို့က ကျေနပ်ကြပါတယ်။

ဒီတော့ သီဟိုဠ်သားတွေဟာ ဗုဒ္ဓဘာသာတွေဖြစ်ပြီး မွန်းလွဲသွားရင် ရဟန်းတော်တွေအနေနဲ့ ဒါတွေကို မသုံးဆောင်ရတော့ဘူးဆိုတာ မသိဘူးလားလို့ မေးစရာရှိပါတယ်။ သူတို့ ကောင်းကောင်း သိပါတယ်။ ဒီနေရာမှာတော့ အစဉ်အလာ (Tradition)လို့ ပြောရမလား၊ ဒါမှမဟုတ် ထုံးစံ (Culture)လို့ ပြောရမလား မသိဘူး။ ရွှေပြည်ကြီးမှာလည်း တစ်ခုပြောလေ့ရှိတာကို သတိထားမိမယ် ထင်ပါတယ်။ ကိုရင်ငယ် ဦးဇင်းငယ်တွေ နေမကောင်းဖြစ်ရင် စောင့်ရှောက်ပေးတဲ့ ဒကာ/ဒကာမတွေက ဆေးတိုက်ဖို့ပြင်တော့ ထမင်းတို့ မုန့်တို့လိုမျိုး စားစရာတစ်မျိုးမျိုးကို ကျွေးလေ့ရှိပါတယ်။ ပြီးတော့ သူတို့ကပြောတယ် နေမကောင်းဖြစ်နေတာပဲ စားကောင်းပါတယ် စားပါ-တဲ့။ တစ်ချို့အရပ်တွေမှာပါ။ နေရာတိုင်းတော့ မဟုတ်ပါဘူး။ ကလေးတွေဆိုတော့ ဘာမှ စဉ်းစားမနေပါဘူး။ ရေငတ်တုန်း ရေတွင်းထဲကျတဲ့ကိန်း ဆိုက်တာပေါ့။

သီဟိုလ်မှာလည်း အဲလိုမျိုး ဆင်ဆင်တူတာတွေ ရှိပါတယ်။ အချိန်လွန်ပြီး ရဟန်း-သာမဏေတွေ ဗိုက်ဖြည့်လို့ရအောင် ဂိလံဘတ် (ဂိလာန-ဘတ္တ= ကျန်းမာရေးချို့သူအတွက် အစားစာ)ဆိုပြီး စီမံကပ်လေ့ရှိပါတယ်။ မုန့်တို့လို လဘက်ရည် ကော်ဖီတို့လိုမျိုးပါ။ သစ်သီးဝလံတွေလည်း ပါတတ်ပါတယ်။ ဒါကြောင့် သူတို့ အသီးအနှံတွေ စားတဲ့အခါ အချိန်ကျော်မှန်း သိနေပေမယ့် ခရီးသွားရင်း ကြုံလာတဲ့ ရဟန်းသံဃာတော်များကို ကပ်လှူလေ့ရှိဟန်တူပါတယ်။
ရဟန်းတော်များအနေနဲ့ “လောကလည်းမဖျင်း၊ ဓမ္မလည်း မယွင်း”အောင် ကျင့်ကြံနိုင်ဖို့ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ ပျားပိတုန်းဥပမာထဲကလို အလှူရှင်လည်း သဒ္ဓါမကွက်၊ ကိုယ်လည်း ၀ိနည်းမပျက်အောင် ချင့်ချိန်တတ်ရပါမယ်။ လူ့ဘောင်ကနေ စွန့်ခွာလာပေမယ့် လူလောကနဲ့တော့ တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ အကြောင်းအားလျော်စွာ ဆက်စပ်ပတ်သက်နေရတော့ လောက-ဓမ္မ ဆက်ဆံရေးဟာ နေ့စဉ်နဲ့အမျှ တွေးဆချင့်ချိန်စရာတွေချည်း ဖြစ်ပါတယ်။
ဆက်ပါဦးမည် ……………… ။

မေတ္တာဖြင့်-
အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
Thursday, September 11, 2014

ဒီတစ်ခုကိုမှ မလုပ်လို့ရှိရင်


🌜ကိုယ့်မှာရှိတဲ့ အကောင်းဆုံး စိတ်ထားတွေ၊ အကောင်းဆုံး အသိဥာဏ်တွေ ထွက်လာဖို့ဆိုရင် ကိုယ့်စိတ်ကို ကိုယ် သိပြီးနေတဲ့ အလေ့အကျင့်ဟာ အခြေခံ အဓိက လုပ်ရမည့်အလုပ် ဖြစ်တယ်၊၊🌛

ကိုယ့်စိတ်ကို ကိုယ် သိတယ်ဆိုတာ လူသားရဲ့ အင်မတန် ထူးခြားတဲ့ အရည်အသွေးတမျိုး ဖြစ်တယ်၊၊ တိရစ္ဆာန်တွေမှာ အဲဒီစွမ်းရည်မျိုး မရှိဘူး၊၊ တကယ် အမှန်ပြောရမယ်ဆိုရင် ကိုယ့်စိတ်ကို ကိုယ်သိတာ လူသားရဲ့ အမြင့်မြတ်ဆုံးစွမ်းရည် ဖြစ်တယ်လို့ ပြောလို့ရတယ်၊၊

ကိုယ့်စိတ်ကို ကိုယ် သိတယ်ဆိုတာ ကိုယ့်ရဲ့ အကောင်းဆုံး အရည်အချင်းတွေ ထွက်လာဖို့ အဓိကအကြောင်း ဖြစ်တယ်၊၊ ဒီတခုကိုမှ မလုပ်လို့ရှိရင် ဒီထက်ကောင်းတဲ့ တခြားအရည်အချင်းတွေ ထွက်မလာနိုင်ဘူး၊၊ ကိုယ့်မှာရှိတဲ့ အကောင်းဆုံးစိတ်ထားတွေ၊ အကောင်းဆုံးအသိဥာဏ်တွေ ထွက်လာဖို့ဆိုရင် ကိုယ့်စိတ်ကိုကိုယ် သိပြီးနေတဲ့ အလေ့အကျင့်ဟာ အခြေခံ အဓိက လုပ်ရမယ့်အလုပ် ဖြစ်တယ်၊၊

ဒါကြောင့် အချိန်ရသလောက် သတိရတိုင်း ကိုယ့်စိတ်ကို ကိုယ် ကြည့်ပြီးတော့ ဘာတွေ တွေးနေလဲ၊ ဘာတွေ ခံစားနေသလဲ၊ အခု လုပ်နေတာ ပြောနေတာတွေဟာ ဘာကို တန်ဖိုးထားပြီး လုပ်နေတာလဲ၊ ပြောနေတာလဲ ဆိုတာကို မကြာမကြာ ဆန်းစစ်ရမယ်၊၊

ဘက်လိုက်တာ မပါပဲနဲ့ ကိုယ့်ကိုယ်ကို ကိုယ် ရိုးရိုးသားသား ကြည့်ပြီးတော့ အမှန်အတိုင်း သိနိုင်တယ်ဆိုတဲ့ ဒီအလုပ် ဒီအရည်အချင်းက တကယ်စစ်မှန်တဲ့စေတနာနဲ့ လူတွေအပေါ်မှာ ဆက်ဆံဖို့မှာ လိုအပ်တဲ့အရည်အချင်း ဖြစ်တယ်၊၊

ကိုယ့်စိတ်ကိုကိုယ် ရိုးရိုးသားသားမှ မကြည့်နိုင်ရင်၊ ကိုယ့်ကိုယ်ကိုကိုယ် ညာပြီဆိုရင် သူများကိုလည်း ညာမယ်ဆိုတာ သေချာသလောက် ဖြစ်နေပြီ၊၊
➖ ➖➖➖➖➖➖➖
ဆရာတော်ဦးဇောတိက ( မဟာမြိုင်တောရ ) ၏
“ ဘာကို တန်ဖိုးထားရမလဲ ” စာအုပ် စာမျက်နှာ(၇၅) မှ ကူးယူဖော်ပြပါသည်၊၊
(စိုးပိုင်)

Saturday, September 13, 2014

စေတနာပါမှ ဒါနဖြစ်တယ်


တစ်ခါတုန်းက ဗာရာဏသီပြည်မှာ အင်မတန် ချမ်းသာကြွယ်ဝတဲ့ သူဋ္ဌေးနှစ်ဦးရှိခဲ့ဖူးတယ်။ အဲဒီသူဋ္ဌေးနှစ်ဦးဟာ ငယ်သူငယ်ချင်းတွေ ဖြစ်တာမို့ တစ်ဦးနဲ့တစ်ဦး အင်မတန်ချစ်ခင်ကြသတဲ့။

ဒါပေမယ့် သူငယ်ချင်းသူဋ္ဌေးနှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် စရိုက်ချင်းမတူကြဘူး။ သူဋ္ဌေးတစ်ယောက်က ဂုဏ်ပကာသနတွေကို ခင်မင်ပြီး အလွန်ကြွားဝါချင်တယ်။ စေတနာ
သဒ္ဓါမပါဘဲ နာမည်ကောင်းရအောင်ဆိုပြီးအလွန်အကျွံ အလှူအတန်းလုပ်တယ်။ ကျန်သူဋ္ဌေးတစ်ယောက်ကတော့ လှူသင့်သလောက်လှူ  စားသင့်သလောက်စားပြီး ရိုးရိုးအေးအေးပဲနေထိုင်ပါတယ်။

ဒီလိုနဲ့နှစ်အနည်းငယ်ကြာတဲ့အခါမှာ ဂုဏ်လိုချင်လို့ အလှူအတန်း အများကြီးလုပ်တဲ့ သူဋ္ဌေးဟာ တဖြည်းဖြည်း ပစ္စည်းဥစ္စာတွေဆုံးပါးပြီး ဆင်းရဲသွားသတဲ့။ ဒါနဲ့ဆင်းရဲသွားတဲ့ သူဋ္ဌေးဟာ သူ့မှာ ဘာမျှရောင်းချသုံးစွဲစရာ ပစ္စည်းမရှိတော့လို့ သူ
ပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုတွေကိုပဲ သူငယ်ချင်းသူဋ္ဌေးထံရောင်းချ တော့မယ်လို့ စိတ်ကူးနဲ့ဇနီးဖြစ်သူကိုပါ အတူခေါ်ပြီးတော့ သူငယ်ချင်း သူဋ္ဌေးထံကိုထွက်လာခဲ့တယ်။

အဲဒီလိုခရီးထွက်လာရင်းလမ်းခုလတ်မှာ အမောအပန်းဖြေကာပါလာတဲ့ ထမင်းထုပ်ကိုစားမယ် ဆိုပြီးဖြေလိုက်တယ်။ ထမင်းထုပ်ကလည်း
ငယ်ငယ်မို့ နှစ်ယောက်ဝေမျှပြီးစားရတယ်။ အဲဒီအခိုက်မှာ ခွေးပိန်ကလေးတစ်ကောင်ဟာ ယိုင်တိယိုင်ထိုးနဲ့ ဇရပ်နားကပ်လာသတဲ့။ အဲဒီအခါမှာ ထမင်းစားနေတဲ့ သူဋ္ဌေးဆင်းရဲက
ရှင်မရယ် ကြည့်စမ်းပါဦး ခွေးပိန်ကလေးဟာ အစာမစားရတာကြာလို့ လမ်းကောင်းကောင်း မလျှောက်နိုင်တာနဲ့ တူပါရဲ့။ သနားစရာလေးကွာ။ အခုတို့စားနေတဲ့ထမင်းထုပ်ကို ခွေးက
လေးကိုကျွေးလိုက်ရအောင်လို့ ဇနီးဖြစ်သူကို ပြောလိုက်တယ်။

ဇနီးဖြစ်သူကလည်း သဘောတူကြည်ဖြူစွာ သူတို့စားမယ့်ထမင်းထုပ်ကို ခွေးပိန်ကလေး ၀အောင်စားပါစေဆိုတဲ့စေတနာနဲ့ အကုန်လုံး
ချကျွေးပါတယ်။ သူတို့နှစ်ယောက်ကတော့ ဇရပ်နဘေးက ရေအိုးစင်မှာ ရေအ၀ခပ်သောက်ပြီး ခရီးဆက်ခဲ့ကြသတဲ့။

ဒီလိုနဲ့ သူငယ်ချင်းသူဋ္ဌေးထံ သူတို့ဇနီးမောင်နှံ ရောက်သွားတဲ့အခါ သူငယ်ချင်းသူဋ္ဌေးကိုဆင်းရဲသွားတဲ့သူဋ္ဌေးက ငါတို့ပြုထားတဲ့ ကုသိုလ်ကောင်းမှုတွေ ရောင်းချဖို့ သူငယ်ချင်းထံလာခဲ့တာပဲ။
သဘောတူဝယ်မယ်ဆိုရင် တစ်ဘ၀လုံးပြုထားတဲ့ ကုသိုလ်အကုန်ရောင်းခဲ့မှာလို့ ပြောပြသတဲ့။

အဲဒီအခါ သူငယ်ချင်းသူဋ္ဌေးကလည်း ၀မ်းသာအားရနဲ့ ရောင်းသမျှကုသိုလ်ကောင်းမှုကို ၀ယ်ယူပါ့မယ်ဗျာလို့ ဆိုလိုက်ကာ ကုသိုလ်ကောင်းမှုများကို ချိန်ခွင်ထဲမှာထည့်ပြီးချိန်ခိုင်းပါတယ်။
အဲဒီအခါ စေတနာအရင်းမခံဘဲ ဂုဏ်ပကာသနတွေကို လိုချင်တာနဲ့ပြုလုပ်ခဲ့တဲ့ ကုသိုလ်တွေဖြစ်တာမို့ လေးတယ်လို့မရှိဘဲ ငွေဘက်ကပဲအမြဲ အလေးသာနေသတဲ့။ ကျောင်းကုသိုလ်၊ ဇရပ်
ကုသိုလ်၊ ရေကန်ကုသိုလ်၊ ဘာကုသိုလ်ပဲ ထည့်ထည့် ကုသိုလ်ဘက်က အလေးမသာဘဲ ငွေဘက်ကဘဲအလေးသာနေတယ်။

ဒီလိုနဲ့တစ်ဘ၀လုံးပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေချပြီး ချိန်ကြည့်လိုက်တာ ကုသိုလ်ကောင်းမှုတွေသာ ကုန်သွားတယ်။ အလေးချိန်ကတော့တက်မလာဘူးတဲ့။ ချိန်ခွင်ထဲမှာထည့်ထားတဲ့ ငွေသားကလည်းမဖြစ်စလောက် (၁)ပိဿာပဲရှိသတဲ့။
ဒါတောင် ကုသိုလ်ကမနိုင်ဘူးဖြစ်နေတယ်။

အဲဒီအခါမှာကုသိုလ်ဝယ်မယ့်သူဋ္ဌေးကလည်း ဟင် သူငယ်ချင်း မင်းကုသိုလ်တွေက ဒါအကုန်ပဲလား၊ ကျန်နေတာရှိရင် စဉ်းစားပါဦးလို့ ပြောပြတယ်။ ဆင်းရဲသွားတဲ့သူဋ္ဌေးလည်း ခေါင်းကုတ်ပြီး စဉ်းစားလိုက်တာ နောက်ဆုံးလမ်းခရီးမှာ ခွေးပိန်ကလေးတစ်ကောင်ကို ထမင်းတစ်နပ် အငတ်ခံပြီးတော့ ကျွေးခဲ့တဲ့ကုသိုလ်ကပေါ်လာတယ်။ အဲဒါနဲ့သူဋ္ဌေးဆင်းရဲလည်း ဟာ သူငယ်ချင်း။ တို့လင်မယား အခုမင်းဆီလာတုန်းက လမ်းမှာ ခွေးပိန်ကလေးကို ထမင်းကျွေးခဲ့တဲ့
ကုသိုလ်ကျန်သေးတယ်။ အဲဒီကုသိုလ်ကိုလည်း ထည့်ချိန်လိုက်ပါလို့ ၀မ်းသာအားရပြောပြတယ်။

အဲဒီအခါ ငတ်သေလုဆဲဆဲခွေးပိန်ကလေးကို စေတနာရှိရှိနဲ့ ထမင်းကျွေးခဲ့တဲ့ကုသိုလ်ဟာ အနှစ်သာရအပြည့်အ၀ပါတာမို့ ကုသိုလ်ဘက်က အလေးသာလာတယ်။ ကုသိုလ်ဝယ်တဲ့ သူဋ္ဌေးကလည်း သူပိုင် ငွေသားတွေမက ရွှေသားတွေပါ ထပ်ဖြည့်ပေမယ့် ကုသိုလ်ဘက်ကပဲ အလေးသာနေတယ်။ နောက်ဆုံးသူပိုင်သမျှဥစ္စာဓနတွေ အကုန်လုံးပုံထည့်ပေးတာတောင်မှ ခွေးပိန်ကလေးကို ထမင်းကျွေးခဲ့တဲ့ ကုသိုလ်ဘက်ကပဲ အလေး
သာနေလေတော့ ကုသိုလ်ဝယ်တဲ့သူဋ္ဌေးက ကဲ သူငယ်ချင်း ငါ့စည်းစိမ်တော့ကုန်ပြီ။ ငါ့အတွက် ပစ္စည်းတစ်ဝက်ချန်ထားပြီး မင်းကုသိုလ်တစ်ဝက်အတွက် ငါ့ပစ္စည်းတစ်ဝက်ကိုသာ ယူသွားပေ
တော့လို့ဆိုပြီး ကုသိုလ်တစ်ဝက်ဖိုးအဖြစ် သူ့ဥစ္စာဓန တစ်ဝက်ဖိုး ဆင်းရဲသွားတဲ့ သူဋ္ဌေးကို ခွဲဝေပေးလိုက်ပါတယ်။

ပြီးတော့ သူငယ်ချင်း နောက်ဆိုရင် သဘောပေါက် စေတနာရှိမှ လှူပါကွာ။ ဂုဏ်ပကာသနကို မမက်ပါနဲ့။ ပျော်ရုံသက်သက် ပြုလုပ်ထားတဲ့ အရေခြုံကုသိုလ်ဆိုတာ ငွေကုန်တာကလွဲလို့ ဘာအကျိုးမျှ မဖြစ်ထွန်းပါဘူး။ အသိဉာဏ်နဲ့ယှဉ်ပြီး ကုသိုလ်ပြုတတ်ရင် ငွေကုန်နည်းပေမယ့် တစ်လုံးတစ်ခဲတည်း အကျိုးပေးပါတယ်လို့ သတိပေးစကားလည်း ပြောကြားလိုက်ပါသတဲ့။

ဒီပုံပြင်ကလေးဟာ နည်းနည်းဒဏ္ဍာရီဆန်ပေမယ့် တကယ့်ဘ၀က လူသားတွေကိုတော့ ထင်ဟပ်ပေါ်လွင်စေပါတယ်။ ဒါနကောင်းမှုပြုတဲ့အခါ စေတနာ ဒါန၊ ၀တ္ထုဒါန နှစ်မျိုးမှာ စေတနာဒါနကပိုပြီးတော့ ပဓာနကျပါတယ်။ ဒါကြောင့်မို့ တစ်ခါတစ်ရံညောင်စေ့ကလေးလောက်လှူပြီးတော့ ညောင်ပင်ကြီးလောက် အကျိုးတွေရတာရှိသလို ညောင်ပင်ကြီး
လောက်လှူဒါန်းပြီး ညောင်စေ့ကလေးလောက်ပဲ အကျိုးတွေရတာလဲ ရှိတတ်ပါတယ်။ ကံအကျိုး ပေးနေရာမှာတော့ စေတနာဟာ အဓိကဇာတ်ကောင်ပဲဖြစ်ပါတယ်။

စေတနာကောင်းရင် ကံအကျိုးပေးလည်း ကောင်းတတ်တာမို့ ကံကောင်းလိုသူတွေဟာ စေတနာကောင်းမွန်အောင် ဂရုစိုက်ကြရမှာပါ။ များသောအားဖြင့် စေတနာဆိုတာကလည်း သူ့အလိုလို ကောင်းမွန်ခဲ့တာမို့ ကိုယ့်ဘက်က သဒ္ဓါ၊ မေတ္တာ
ပညာအားတွေ များများစိုက်ထုတ်ပြီး ပြုပြင်ယူကြရမှာပါ။

သဒ္ဓါတရားဆိုတာ ကံ ကံရဲ့အကျိုးပေးနဲ့ရတနာသုံးပါးရဲ့ စွမ်းရည်သတ္တိဂုဏ်ကျေးဇူးတွေကို သိမြင်ယုံကြည် လက်ခံနိုင်တဲ့သဘောပါ။ သူကရှေးကကောင်းလို့ အခုကောင်းတယ်။ အခုကောင်း နောင်ကောင်းပါလိမ့်မယ်ဆိုတဲ့အကြောင်း အကျိုးကွင်းဆက်ကို လက်ညှိုးထိုးညွှန်ပြပေးပါလိမ့်မယ်။

မေတ္တာတရားဆိုတာကောင်းကျိုးလိုလားတဲ့ ချစ်ခင်ကြင်နာမှုပါ။ သူကတော့ မုန်းငြိုးပစ်မှားဒေါသအာဃာတတရားတွေကို ဖယ်ရှားပြီး အလှူခံပုဂ္ဂိုလ်တွေအပေါ်မှာ ချစ်ကြင်နာမှုနဲ့အတူ နူးညံ့သိမ်မွေ့
စိတ်အားပြည့်စေပါလိမ့်မယ်။

ပညာဆိုတာ အမှောင်ပယ်ခွင်း စိတ်ဓါတ်ကို အလင်းရစေခြင်းပါပဲ။ သူကဒါနကုသိုလ်ရဲ့ဆန့်ကျင်ဘက် အညစ်အကြေးတွေဖြစ်တဲ့အရာရာမှာတက်မက်တွယ်တာလိုမှုလောဘနဲ့ကပ်စေးနှဲနှမျောတွန့်တိုမှု
မစ္ဆရိယတရားတွေကို ပယ်ဖျက်ချိုးနှိမ်ပေးတတ်ပါတယ်။

ဒါကြောင့်အလှူဒါနတစ်ခုပြုတဲ့အခါမှာ နာမည်ကောင်းရရေး၊ ကြွားဝါရရေးထက် သဒ္ဓါ၊ မေတ္တာ ပညာပြည့်ဝရေးကိုသာ အထူးဂရုပြုကြရမှာပါ။ ဘ၀သံသရာမှာ ကျင်လည်နေကြရပြီဆိုရင်
လောကပကာသနနောက်လိုက်ပြီး ဟန်ဆောင်ပန်ဆောင် ပြုလုပ်ထားတဲ့ ဆေးဆိုးပန်းရိုက် စိတ်စေတနာတွေထက် သဒ္ဓါ မေတ္တာ၊ ပညာတရားတွေပြည့်ဝတဲ့ သဘာဝအလှ စိတ်စေတနာတွေကသာ တကယ့်အားကိုးရာအစစ်ဖြစ်ပါတယ်။

တော်ဝင်နွယ်
အပ္ပမာဒ ဓမ္မရသမဂ္ဂဇင်း
၂၀၀၂ခုနှစ် ဇွန်လ။

Thursday, September 11, 2014

မိဘအရည်အသွေး စမ်းစစ်လွှာ


ကောင်းတာ ဖတ်မိရင် ဘာသာပြန်ချင်စိတ် ဖြစ်ပေါ်လာပါတယ်။ အသုံးဝင်မယ်ထင်လို့ တင်လိုက်ပါတယ်။ မိဘများ အထောက်အကူ ဖြစ်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။
အောက်ပါမေးခွန်းများကို သင်ဖြေဆိုကြည့်ပါ။ အရည်အသွေး ပြည့်မှီတဲ့ မိဘဟုတ်မဟုတ် အဖြေထွက်လာပါလိမ့်မယ်။ သင်ဟာသင်ရဲ့ကလေးကို……

၁။ လူရှေ့သူရှေ့မရှောင် အပြစ်တင် ဝေဖန်ပါသလား၊

၂။ ကလေးကို ချီးမွမ်းဖို့ ၀န်လေးတတ်ပါသလား၊

၃။ အခြားထူးချွန်တဲ့ကလေးတွေနဲ့ ခိုင်းနိုင်းဆုံးမ မိပါသလား၊

၎။ မိမိငယ်စဉ်တုန်းက အတွေ့အကြုံတွေနဲ့ ကလေးကို ဥမမာပေးပြီး ဆုံးမပါသလား၊

၅။ ငါလုပ်သမျ အားလုံးဟာ မင်းတို့အတွက်ပဲ လို့ ပြောမိပါသလား၊

၆။ ကလေးလိမ္မာအောင် သွန်သင်ဖို့ ကျောင်းကိုပဲ ပုံအပ်ထားမိပါသလား၊

၇။ ကိုယ့်ရဲ့ “စံ” ပုံစံအတိုင်း ကလေးကို လုပ်ခိုင်းပါသလား၊

၈။ လက်ဆောင်ပစ္စည်း နဲ့ မျှားပြီး ကလေးကိုကြိုးစားအောင် တိုက်တွန်းပါသလား၊

၉။ ကလေးရဲ့ စိတ်ခံစားချက်တွေကို သင်လစ်လရူ့မိပါသလား၊

၁၀။ ကလေးရဲ့ အကြောင်းတွေကို “ဘာမှမသိဘူး” လို့ သင်ခံစားမိပါသလား၊

၁၁။ ကလေးကို အားမပေးချင်ဘူး ၊ အားလည်းမပေးတတ်ဘူး လို့ ခံစားမိပါသလား၊

၁၂။ ကလေးရဲ့ အားနည်းချက်တွေကို အမြဲ ဆဲဆိုနေပါသလား၊

၁၃။ ကလေးရဲ့ရှေ့မှာ လင်မယားချင်း မကြာမကြာ သဘောထားကွဲလွဲ ပါသလား၊

၁၄။ ကလေးရဲ့ရှေ့မှာ လင်းမယားချင်း ရန်ဖြစ်တတ်ပါသလား၊

၁၅။ ဘ၀မှာ ရည်ရွယ်ချက် ကင်းမဲ့နေပါသလား၊

၁၆။ သင်ရဲ့စိတ်ချမ်းသာမူဟာ ကလေးရတဲ့ အမှတ်နောက်ကို လိုက်နေမိပါသလား၊

၁၇။ ကလေးလိုချင်တာအကုန်ပေးပြီးပြီ ဒါကြောင့်ကလေးကြိုးစားသင့်တယ် လို့ သင်ယူဆပါသလား၊

၁၈။ ကလေးက ကိုယ်ပြောတာကို အကုန်လုံးနားလည်ရဲ့သားနဲ့ တမင်မလုပ်ဘူးလို့ သင်ထင်ပါသလား၊

၁၉။ မိမိရဲ့အပြုအမူ အားလုံး ကလေးအတုမခိုးနိုင်ဘူးလို့ သင်ယူဆပါသလား၊

၂၀။ ကလေးရဲ့ပညာအရည်အချင်းဟာ မိဘရဲ့ပညာအရည်အချင်းနဲ့ ဆက်စပ်မူရှိတယ်လို့ သင်ယူဆနေပါသလား၊

၂၁။ ကလေးအတွက်လုပ်သမျှ ကလေးကိုဂရုစိုက်တာပဲလို့ သင်ထင်နေပါသလား၊

၂၂။ အတတ်သင်၊ အမြန်သင်တန်းမျိုးစုံ ကို သင်ယုံကြည်နေပါသလား၊

၂၃။ ကလေး လေလာသင်ယူနေတာကို ဘေးမှ လူကြီးအမြဲ စောင့်ကြည့်နေသင့်တယ်လို့ သင်ယူဆနေပါသလား၊

၂၄။ ကလေးကို ရိုးသားသင့်တယ်လို့ သင်ပေးပြီး သင်ကိုယ်တိုင် ကလေးရှေ့မှာ အခြားသူတစ်ဦးကို လိမ်လည် ပြောဆိုမိပါသလား၊

၂၅။ ကလေးကိုချီးမွမ်းလွန်သွားရင် မြောက်တက်သွားမယ်လို့ သင်ယူဆပါသလား၊

၂၆။ ကလေးကိုမဆော့ရဘူးလို့ ထိန်းချုပ်ပြီး၊ ကိုယ်ကိုယ်တိုင် တစ်ခုခု ဆော့ကစားနေတတ်ပါသလား၊ ဥပမာ- လက်ကိုင်ဖုန်း၊

၂၇။ ကလေး အာခံတဲ့အခါ ရိုက်နှက်ဆုံးမတတ်ပါသလား၊

၂၈။ ကလေးရှေ့မှာ အခြားလူတစ်ဦးဦး မကောင်းကြောင်းပြောဆိုမိပါသလား၊

၂၉။ ကလေးရဲ့အပြစ်ကို ပြုပြင်ချင်ရင် ဆုံးမတဲ့နည်းလမ်းပဲရှိတယ်လို့ သင်လက်ခံနေပါသလား၊

၃၀။ မင်းဘာလို့အဲလောက် “အ” ရတာလဲ လို့ ပြောဆိုမိပါသလား၊

၃၁။ စိတ်ဆိုးတဲ့အခါမျိုးမှာ ကလေးကို မင်းကိုမင်းဘာထင်နေသလဲ၊
မင်းဘာကောင်မှမဟုတ်ဘူး လို့ ပြောဆိုမိပါသလား၊

၃၂။ စာကြိုးစားတယ်ဆိုတာ ဒုက္ခခံရမယ်လို့ သင်ယူဆနေပါသလား၊

၃၃။ မင်းသာကြိုးစားမယ်ဆိုရင် လိုချင်တာပြော အကုန်လုပ်ပေးမယ်လို့ မကြာမကြာ ပြောဆိုမိပါသလား၊

၃၄။ ကလေးစာတော်တာဟာ ဥာဏ်ရည်ကောင်းမကောင်းနဲ့ သက်ဆိုင်တယ်လို့ သင်ထင်မြင်နေပါသလား၊

၃၅။ ကလေးရဲ့အနာဂတ်ဟာ ကလေးနဲ့ပဲ သက်ဆိုင်တယ်။ သင်နဲ့လုံးဝမဆိုင်ဘူး လို့ သင်ယူဆနေပါသလား၊

၃၆။ လူရဲ့စရိုက်ဟာ မွေးရာပါပဲ ပြုပြင်လို့ မရဘူးလို့ သင်ထင်နေပါသလား၊

၃၇။ လူကြီးတွေဟာ ကိုယ့်အကျင့်ကို ပြုပြင်လို့မရတော့ဘူး လို့ သင်ထင်နေပါသလား၊

၃၈။ ကလေးကတစ်ခုခုကို ဂုဏ်ယူစွာ ပြောပြနေတဲ့အချိန်မှာ မင်းသိပ်မကြွနဲ့၊ ဘ၀င်မြင့်သွားမယ်လို့ သင်ဟန့်တားမိပါသလား၊

၃၉။ ကိုယ်ဘက်က မိဘတာဝန်ကြေပွန် ပြီ၊ ကျန်တာ ကလေးအပိုင်းပဲ ရှိတော့တယ်လို့ သင်ထင်မြင်ယူဆ နေပါသလား၊

၄၀။ ကိုယ်ကစိုးရိမ်လို့ သေတော့မယ်၊ ကလေးကဘာမှ မစိုးရိမ်တတ်ဘူး လို့ သင်ခံစားနေရပါသလား၊

  
မိဘများအထက်ပါမေးခွန်းတွေကို ဖြေဆိုကြည့်ပါ။ မေးခွန်းများအားလုံးဟာ စဉ်းစားကိုးကားဖို့ အတွက်သာဖြစ်ပါတယ်။ တကယ်လို့ “No” လို့ မေးခွန်းအားလုံးကို ဖြေဆိုမိရင် သင်အလွန်အရည်အသွေး ပြည့်မှီတဲ့ မိဘဖြစ်နေပါပြီ။

မေးခွန်း ( ၅ )ခု နဲ့ အထက် “Yes!” လို့ဖြေဆိုမိရင် စမ်းစစ်လေ့လာဖို့ သင့်။

မေးခွန်း ( ၁၀ ) ခုနဲ့အထက် “Yes” လို့ဖြေဆိုမိရင် သတိထားသင့်နေပါပြီ။

မေးခွန်း ( ၂၀ ) နဲ့အထက် ပြုပြင်ရန်သင့်၊ ကလေးကိုထိခိုက်နေပါပြီ။

မူရင်းစာရေးသူ Vanda
Shared from Aung Ko Latt (FB)

Sunday, September 7, 2014

မာန အမျိုးမျိုး


၁) ဇာတိမာန် - ငါက မင်းမျိုး၊ သူဋ္ဌေးမျိုး၊ ကောဏ္ဍညအနွယ်၊ အာဒိစ္စအနွယ် စသည်ဖြင့် မာန်မူခြင်း

၂) အာရောဂျမာန် - ငါ့မှာ ရောဂါ မရှိဘူး၊ ကျန်သူတွေမှာ ရောဂါများလိုက်တာဟု မာန်မူခြင်း

၃) ယောဗ္ဗနမာန် - ငါက နုပျိုနေတုန်း၊ မင်းတို့တော့ မကြာခင် သေရတော့မယ်ဟု မာန်မူခြင်း

၎) ဇီဝိတမာန် - ငါ နှစ်ပေါင်းများစွာ ကျန်းကျန်းမာမာ နေခဲ့ရပြီ၊ နောင်လည်း နေရဦးမယ်ဟု မာန်မူခြင်း

၅) လာဘမာန် - ငါ စီးပွားချမ်းသာနှင့် ပြည့်စုံတယ်၊ အခြားသူတွေ ငမွဲတွေပဲဟု မာန်မူခြင်း

၆) သက္ကာရမာန် - ငါ့ကို လူတွေကပေးရင် ကောင်းတာမှပေးတာ၊ အခြားသူတွေတော့ ထိုက်သင့်သလိုပဲ ရကြတယ်ဟု မာန်မူခြင်း

၇) ဂရုကာရမာန် - လူတွေက ငါ့ကိုတွေ့ရင် ရှိခိုးဝတ်ပြုကြတယ်၊ အခြားသူတွေကိုတော့ တွေ့လဲ မျက်နှာလွှဲသွားကြတာပဲဟု မာန်မူခြင်း

၈) ပုရေက္ခာရမာန် - ပြဿနာ မေးသမျှ ငါဖြေလိုက်ရင် ပြေတာပဲ၊ ဆွမ်းခံကြွရင် ငါက ရှေ့ဆုံးကဟု မာန်မူခြင်း

၉) ပရိဝါရမာန် - ငါ့မှာ တပည့်တွေ နောက်လိုက်တွေ အများကြီးရှိတယ်ဟု မာန်မူခြင်း

၁၀) ဘောဂမာန် - ငါ့မှာ ရင်းနှီးမြှုပ်နှံထားတဲ့ ဥစ္စာတွေ အများကြီးရှိတယ်၊ တခြားသူတွေ စာဖို့တောင် မရှိဘူးဟု မာန်မူခြင်း

၁၁) ၀ဏ္ဏမာန် - ငါက ရုပ်လှတယ်၊ ဂုဏ်ရှိတယ်၊ သီလရှိတယ် စသည်ဖြင့် မာန်မူခြင်း

၁၂) သုတမာန် - ငါ အများကြီးသိတယ်၊ တခြားသူတွေ ငါ့လောက်မသိဘူးဟု မာန်မူခြင်း

၁၃) ရတ္တညုမာန် - ငါ မင်းထက်ကြီးတယ်၊ ရှေးမှီနောက်မှီဖြစ်လို့ ရှေးဟောင်းနှောင်းဖြစ် အကုန်သိတယ်ဟု မာန်မူခြင်း

၁၄) ပိဏ္ဍပါတိကမာန် - ငါ ရဟန်းဖြစ်ကတည်းက ဆွမ်းခံဝတ်မပျက်ခဲ့ဘူးဟု မာန်မူခြင်း

၁၅) အန၀ညာတမာန် - ငါ့ကို လူတွေက အထက်တန်းစားဟု သတ်မှန်ကြသည်ဟု မာန်မူခြင်း

၁၆)​ ဣရိယာပထမာန် - ငါ၏ ဣရိယာပုထ်သည် ကြည့်လို့ကောင်းသည်ဟု မာန်မူခြင်း

၁၇) ဣဒ္ဓိမာန် - ငါ့မှာ တန်ခိုးရှိတယ်၊ တခြားသူတွေမှာ အတောင်မပါတဲ့ကျီးလို သွားလာလို့မရဘူးဟု မာန်မူခြင်း

၁၈) ဥပဋ္ဌာကမာန်၊ ယသမာန် - ငါ သူတို့ကို ကြည့်ရှုစောင့်ရှောက် ပေးထားရတာ၊ သူတို့က ငါ့ရဲ့ သြ၀ါဒအောက်မှာ နေကြရတာဟု မာန်မူခြင်း

၁၉) သီလမာန် - ငါက သီလရှိတယ်၊ တခြားသူတွေက သီလမရှိဘူးဟု မာန်မူခြင်း

၂၀) ဈာနမာန် - တခြားသူတွေ တမိနစ်လောက်တောင် စိတ်မငြိမ်ဘူး၊ ငါက ဈာန်ရထားတာဟု မာန်မူခြင်း

၂၁) သိပ္ပမာန် - ငါက အတတ်ပညာရှင်ကြီး၊ မင်းတို့ ဘာမှမသိဘူးဟု မာန်မူခြင်း

၂၂) အာရောဟမာန် - တခြားသူတွေထက် ငါက အရပ်ရှည်တယ်ဟု မာန်မူခြင်း

၂၃) ပရိဏာဟမာန် - ငါ ခန္ဓာကိုယ်က အလုံးအ၀န်းညီမျှတယ်ဟု မာန်မူခြင်း

၂၄) သဏ္ဍာနမာန် - ငါ့ခန္ဓာက အချိုးအဆစ်လှပတယ်ဟု မာန်မူခြင်း

၂၅) ပါရိပူရိမာန် - ငါ့ရဲ့ ခန္ဓာကိုယ်က အပြစ်ရှာမတွေ့အောင်လှတယ်ဟု မာန်မူခြင်း


(သမ္မောဝိနောဒနီဘာဋီ တ-၃၀၇-၃၁၃)

အဘိဓမ္မာ ပို့ချချက်စာအုပ်မှ ကောက်နုတ်ထားသည်။

မေတ္တာဖြင့် ရိုက်ကူးမျှဝေသည်...
Favorite Collections
https://www.facebook.com/pages/Favorite-Collections/273212476167679

အပျိုကြီးဂုဏ်


တကယ်ဆို ကိုယ်တွေကစင်ပေါ်က၊
ခြေချုပ်ကျသွားတဲ့ သူတွေကသာ
စွပ်စွဲချင်နေကြတာ။ တစ်သက်တာလုံး
မုဆိုးမ မဖြစ်တော့တဲ့သူ........... ။

မိဘရင်ခွင်ဟာ အအေးချမ်းဆုံးဆိုတာ
နောင်တမရခင် သိခွင့်ရသူ............။

သားဆိုးအမေ လင်ဆိုးမယား ဆိုးလိုက်တဲ့
ဂုဏ်ဒြပ်တွေ အဲ့ဒီ့ ဝဋ်တွေ မခံရတဲ့ ပညာရှိ............။

အပျိုကြီးဆိုတာ ဘယ်တော့မှ
မကြွေတဲ့ ပန်းတစ်ပွင့်.........။

ပိုက်ကွန်ပေါင်းများစွာလက်က
ရုန်းထွက်နိုင်လာတဲ့ လင်းပိုင်ငါးလှလှလေး............။

အင်္ဂလန်ရဲ့ ရွှေခေတ်ထူထောင်ခဲ့တဲ့
ဘုရင်မ ပထမ အယ်လီဇဘက်
( 1533 - 1603 ) ၊
အဲ့ဒါ အပျိုကြီးရာဇဝင်ရဲ့ လျှမ်းလျှမ်းတောက်.......။

ကလေးလား ?.....
ချစ်တက်ရင် တစ်ကမ္ဘာလုံးက ကလေး
ကိုယ့်ကလေး။

မာသာထရေဇာ အိမ်ထောင်မပြုပေမယ့်
တစ်လောကလုံးရဲ့ အမေ . . .။

အပျိုကြီးဆိုတာ မိန်းမတွေဟာ
ယောက်ျားတွေအတွက် မွေးဖွားလာတာ
မဟုတ်ဘူးလို့ သက်သေပြနေတဲ့
အလှဘုရင်မတွေ . . . ။

မုဆိုးတိုင်းရဲ့ ပစ်မှတ်ဖြစ်ဖူးတဲ့
ရွှေသမင်မလေးပေါ့ မြှားချက်တိုင်းကို
လွတ်မြောက်နိုင်ခဲ့တဲ့သူ... ။

သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်တဲ့
ဟိုက သစ်သီးပန်းမန် ဒီက လူသား . . . ။

ကဲ … ဘာဆိုင်လို့လဲ ?
ဖန်စီလေးတွေ ဘယ်လောက်လှလှ ခဏပါပဲ။
စိန်ပွင့်တလုံးကမှ ဘယ်တော့မှ
တန်ဖိုးမကျတာ။
ဝိုင်တစ်ခွက်လို သက်တမ်းရင့်လေ
တန်ဖိုးတက်လေပဲ . . .။

အပျိုကြီးဆိုတာ …
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ နယ်မြေ ။

ဒုက္ခမရှာတဲ့ လူသား
လွတ်လပ်ဆဲ ငှက်လေး။

ကိုယ့်အချိန်ကိုယ် ပိုင်ဆိုင်တဲ့သူ။

အလှမပျက်တဲ့ ပန်းချီတစ်ချပ်။

မိဘကို တစ်သက်လုံး လုပ်ကျွေးပြုစုနေတယ့်
နတ်ပြည်တက်မယ့် သူလေးတွေ . . .။

credit - Ulay Kyi ( ကိုလင်း )
K.K(ကနောင်)
နည်းစနစ်ကျကျအတွေးအခေါ် မှ ကူးယူသည်။

အရိယာ ပုဂ္ဂိုလ် ဘယ်လိုရှာမလဲ



သောတာပန် အရိယာ သည် ကာမဂုဏ်`၌ တပ်မက်သော ကာမရာဂ ကိုမပယ်နိုင်သေး။
ထို့ ကြောင့်လောကီကာမ ချမ်းသာထက် အဆ ပေါင်းများစွာ သာလွန်သော လောကုတ္တရာ ဓမ္မ ဖလ သမာပတ်ချမ်းသာကို ၀င်စား၍ နေနိုင်ပါလျက် အမြဲ မ၀င်စားပဲ ကာမ ဂုဏ်ချမ်းသာကို
ခံစားကြသေးသည်။

ဤသည်မှာ မဟာစည်ဆရာတော်ဘုရားကြီး မိန်ဆို့ ချက်ဖြစ်ပါသည်။

မိမိ လေ့လာခဲ့ဖူးသမျှတွင်လည်း ဤကဲ့သို့  ဆရာတော်များ ဆိုမိန့်သည်ကို လေ့လာမှတ်သားခဲ့ရသည်။

မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက ကဿပ ရဟန္တာ ကိုယ်တော်မြတ်အား အလုပ်အကျွေးပြုနေသူ ကပ္ပိယသည် ** ခုခေတ်မှာ ရဟန္တာ မစဲတမ်းရှိတယ်လို့ သာ ပြောတယ်။ ဘယ်လိုပုဂ္ဂိုလ်က ရဟန္တာ မှန်း ကိုမသိပါဘူး ဘုရား** ဟု အရှင် မြတ်ကို လျှောက်တင်ရာ..
ရဟန္တာ ကိုယ်တော်မြတ်က**ကပ္ပိယကြီး ရဟန္တာ ကိုယ်တော်ကို အနား ကပ်ပြီး အလုပ်အကျွေးပြုနေတာတောင် ရဟန္တာ မှန်း သိဖို့ခက်ခဲတယ်** ဟူ၍ မိန့် တော်မူဖူး၏။

ဤ သည် တို့ ကိုထောက်ရှူခြင်းအားဖြင့် ရဟန္တာ ကိုပင် မသိနိုင်သော ပုထုဇဉ်များသည် ကာမဂုဏ်အာရုံ ခံစားနေသော သောတာပန် အရိယာကို မည်သို့ မှ မသိနိုင်ကြပေ။

ယခုကဲ့သို့ သာသနာတွင်းကာလ သာသနာတော် နေလိုလလို ထွန်းတောက်နေချိန်တွင် သောတာပန် သကဒါဂါမ် တို့  ရှိနေမည်ဖြစ်ပြီး ကာမဂုဏ် အာရုံကိုခံစားနေအုံးမည် ဖစ်လေသောကြောင့် မည်သို့ မှ ခွဲခြားသိမြင်နိုင်မည် မဟုတ်ပေ။

သို့သော် အရှင်ကဿပ မထေရ် ကဲ့သို့ ပင် အရိပ်အမြွက်သော်မျှ ပြောပြပါလိမ့်မည်။
အသိပညာ ဗဟုသုတ တို့ ခေါင်းပါးသော သူတို့ သည် အရိပ် အမြွက် မဆိုထားနှင့် အကောင်လိုက် ကိုယ်ထင်ပြသည်ပင် ဘာကောင်မှန်း သိကြမည် မဟုတ်။

အရိယာ တို့ မည်သည်မှာ အရိပ်အမြွက်သော်မျှ ပြောကြပါလိမ့်မည်။

သို့ ပါသောကြောင့် မိမိ အနီး ပတ်ဝန်းကျင် မှ အရိပ်အမြွက်သော်မျှ ပြောလာသူကို လေ့လာမှတ်သား၍ ဆည်းကပ်ပါမူ အကျိုးထူးတို့ ပေးပေလိမ့်မည်။

စော်ကား မော်ကားပြောဆိုမိပါမူ သာမာန်ထက် အကျိုးများစွာ ယုတ်ပေလိမ့်မည်။

သတိထားဆင်ခြင်နိုင်ကြစေခြင်းအကျိုးငှါ တင်ပြလိုက်ရခြင်းသာ ဖြစ်ပါသည်။


*****တတိယမြောက်သမီးတော်*****

Friday, September 5, 2014

တရားနာကြတယ် ဆိုတာ . . .


တုံးနေတဲ့ မိမိရဲ့အသိစိတ်ကလေးကို တရားကျောက်ပျဉ်ပေါ်တင်ပြီး ထက်နေအောင် သွေးပေးတာပါ။ မနက် အိပ်ရာထချိန်ကနေ အိပ်ရာဝင်ချိန်အတွင်း အာရုံမျိုးစုံ၊ ဟုတ်တဲ့အာရုံရော, မဟုတ်တဲ့အာရုံရော, ခုတ်ထစ်နေတဲ့ ဟောဒီ အသိစိတ်ကလေးဟာ အာရုံမျိုးတွေ စုံလာတော့ တုံးသွားတယ်၊ တုံးနေတတ်တယ်။ အသိစိတ်တုံးနေချိန်မှာ လက်တစ်ကမ်းမှာ ကုသိုလ်ဖြစ်ခွင့်တွေ တန်းစီနေပေမယ့် ကုသိုလ်မဖြစ်လိုက်ပဲလက်လွှတ်လိုက်ရတာတွေ အများကြီး။

လက်ထဲမှာ ကုသိုလ်ထုပ်ကြီးတွေ ကိုင်ထားရက်သားနဲ့ ကုသိုလ်ထုပ်မှန်း မသိလိုက်ဖူး။ လက်လွှတ်ဆုံးရှုံးရတာတွေ အများကြီး။
ဒါကြောင့် မိမိအသိစိတ်ကို တရားကျောက်ပျဉ်ပေါ်တင်ပြီးမှ
တရားနာကြားခြင်း၊ တရားနှလုံးသွင်းခြင်း၊ တရားဆင်ခြင်
ခြင်းဖြင့် ထက်နေအောင် သွေးပေးတာ။

တရားနာကြတယ်ဆိုတာ အာရုံမျိုးစုံနဲ့ ရောပြီးနေတဲ့ စိတ်ကလေးကို "ကိုယ်ပိုင်အလုပ် စတော့မယ်။ စိတ်ကလေး ကိုယ့်နေရာ ကိုယ်နေပါ"လို့နေရာချပေးတာလည်း ဖြစ်ပါတယ်။ အာရုံမျိုးစုံတွေထဲမှာ ပြေးလွှားနေရတဲ့ ညစ်နွမ်းပေကျံနေသော စိတ်ကလေးကို တရားရေစင်ရေအေးဖြင့် သန့်စင်သွားအောင် ဆေးကြောပွတ်တိုက် သုတ်သင်ရှင်းလင်းပေးခြင်းလည်း ဖြစ်ပါတယ်။

- [ တိပိဋကဓရ ယောဆရာတော်ဘုရားကြီး အရှင်သိရိန္ဒာဘိဝံသ ]
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

အချိန်ဆွဲခြင်း


လူအများက အချိန်ဆွဲတတ်ကြပါတယ်။ အချိန်ဆွဲနေရင် ပျင်းရိတာ၊ သံသယဝင်တာ၊ သိမ်ငယ်တာ၊ ကြောက်ရွံ့တာစတဲ့ အပျက်ဆောင်စိတ်တွေ ဝင်လာတတ်ပါတယ်။ ဒီလိုအချိန်ဆွဲသူတွေက ဘာလုပ်လုပ် ကောင်းအောင်မလုပ်တတ်တာမဟုတ်ဘဲ
ကောင်းကောင်းမလုပ်တာပဲဖြစ်တယ်။ ဒါဟာ ကျရှုံးဖို့ အကျင့်ဆိုးဖြစ်တယ်။

ဆုံးဖြတ်ချက်ချပြီး လက်တွေ့မလုပ်ဆောင်ရင်လည်း ဘာအကျိုးရလဒ်မှ ရမှာ မဟုတ်ပါဘူး။ ချက်ချင်းထလုပ်တာက အကျင့်တစ်ခုပါ။ စိတ်နေသဘောထားတစ်ခုပါ။ အောင်မြင်သူတို့ လက်ကိုင်ထားတဲ့ အရည်အချင်းတစ်ခုပါ။

အလုပ်တစ်ခုကို အချိန်ဆွဲရင် မနက်ဖြန်ပေါင်းများစွာကို သင်အချိန်ဆွဲမိပါလိမ့်မယ်။ စတင်လုပ်ဆောင်ပြီဆိုရင်တော့အဆုံးထိ သင်လုပ်ဆောင်ချင်စိတ်ဖြစ်ပါတယ်။ ဒါကြောင့် စလုပ်ဆောင်ပြီဆိုတာနဲ့ အောင်မြင်ဖို့ သင်တစ်ပိုင်းသေချာသွားပါပြီ။ စစချင်း ခြေတစ်လမ်းကို သင်စလှမ်းလိုက်ပြီဆိုတာနဲ့ နောက်ကခြေလမ်းတွေက အလိုလိုလိုက်ပါလာပါတယ်။ သတ္တိရှိတဲ့ပထမခြေလမ်းကို သင်စလှမ်းရဲဖို့ပဲ လိုပါတယ်။

Shared from Nine Nine Sanay (FB)

Wednesday, September 3, 2014

မုန်းစိတ်ခန်းလေ ပြုံးရိပ်သန်းလေ


☆ အဒေါသဆိုတာက ဒေါသမရှိတာ။ ဒေါသကင်းတာ။ အဒေါသ ဓာတ်ခံအားနည်းတဲ့ ပုဂ္ဂိုလ်ကျတော့ ဘာမဟုတ်တဲ့ အသေးအမွှား စကားလုံးလေးနဲ့လည်း ပုံကြီးချဲ့ပြီးတော့ ဒေါသတွေ ကြီးနေတက်တယ်။ စိတ်တိုနေတတ်တယ်။ စိတ်ဆိုးနေတက်တယ်။ နာကျည်းမုန်းတီးနေတတ်တယ်။ ရန်ငြိုးဖွဲ့နေတတ်တယ်။

☆ ကိုယ့်အပေါ်မှာ လုံးကြီးတင်မခံချင်ဘူးပေါ့။ လုံးကြီးတင် ကြီးကြီးတောင် မဟုတ်ပါဘူး၊  သေးသေးတောင် အတင်မခံချင်တာပေါ့လေ..။ တစ်ဖက်သားက
နောက်ပြောင်တဲ့သဘောနဲ့ပြောတဲ့ ဘာမဟုတ်တဲ့ စကားလေးကိုလည်း သူက အထအနတွေ ကောက်ပြီးတော့ စိတ်ဆိုးတယ်။ မုန်းတီးတယ်။ ဒါကအဒေါသဓာတ်ခံ အားနည်းတဲ့ ပုဂ္ဂိုလ်တွေပေါ့။

☆ ခုလို အင်မတန်ခြောက်သွေ့တဲ့ မြက်ပင်တွေ၊ ၀ါးရွက်တွေပေါ် မီးစလေး တစ်မှုန်လောက်ကျရုံနဲ့ကို မြက်ခြောက်၊ ၀ါးရွက်ခြောက်တွေ မီးချက်ချင်းထလောင် သလိုပဲပေါ့။ အဒေါသဓာတ်ခံ အားနည်းတဲ့ ပုဂ္ဂိုလ်တွေကျတော့ ဒေါသဖြစ်စရာ စကား သေးသေးမွှားမွှားလေးကလည်း ဒေါသမီးတွေ အကြီးအကျယ် တောက်လောင်စေတယ်။

☆ ဒေါသဓာတ်ခံအားကောင်းတဲ့ပုဂ္ဂိုလ်၊ ဒေါသနည်းတဲ့ ပုဂ္ဂိုလ်တွေကျတော့ ကိုယ့်ကို ကိုယ်ထိလက်ရောက်စော်ကားတောင်မှ အပြုံးမပျက်ဘူး။ ကလော်ဆဲ နေလည်း စိတ်မဆိုးဘူး။ ကိုယ့်ရဲ့ ဂုဏ်သိက္ခာတွေ ထိပါးသွားအောင် ကြီးကြီးကျယ်ကျယ် လုပ်နေလည်းပဲ ဒေါသမဖြစ်ဘဲနဲ့ သည်းခံနိုင်တယ်။

☆ သည်းခံတာကတစ်ပိုင်း၊ ဖြေရှင်းတာက တစ်ပိုင်းပေါ့နော်။ ‘ဘာပဲပြောပြော သည်းခံရမယ်’ ဆိုတာ ငုံ့ခံနေရမှာကို ပြောတာမဟုတ်ဘူး။ စိတ်မဆိုးဖို့၊ ဒေါသနဲ့ ပြန်မပြောဖို့ပြောတာ။ ဖြေရှင်းဖို့ လိုအပ်ရင် ပြန်ဖြေရှင်းရမှာပဲ။ မလိုအပ်ရင်တော့လည်း ပြန်ဖြေရှင်းမနေနဲ့တော့ပေါ့။

☆ လူတွေ အယူအဆလွဲနေတာက ဘာပဲဖြစ်ဖြစ် ငုံ့ခံ။ ငုံ့ခံတာကိုပဲ သည်းခံတယ်လို့ ထင်နေတယ်။ ငုံ့ခံတိုင်း သည်းခံတာမဟုတ်ပါဘူး။ ဖြေရှင်းသင့်၊ ဖြေရှင်းထိုက်တာကိုလည်း ဖြေရှင်းရမယ်။ ဒါပေမယ့် တစ်ဖက်သား အကျိုးယုတ်အောင် မတုံ့ပြန်နဲ့။ ဒါကိုသည်းခံတယ်လို့ ခေါ်တာနော်။

☆ တစ်ဖက်သား ဒေါသပိုထွက်သွားစေမယ့် စကားမျိုးနဲ့တော့ မတုံ့ပြန်နဲ့။ မေတ္တာနဲ့ အေးအေးဆေးဆေး အကြောင်းသင့် အကျိုးသင့်ပြောပါလျက် သူ့ဘာသာသူ စိတ်ထားမမှန်လို့ ဒေါသပိုထွက်သွားတော့လည်း မတတ်နိုင်ဘူးပေါ့။

☆ လိုအပ်လို့ ပြန်ပြော၊ ပြန်ဖြေရှင်းသည်ဖြစ်စေ ကိုယ့်စိတ်ထဲမှာ ဒေါသမထွက်ရင် သည်းခံတာပါပဲ။ ပြန်မပြော၊ ပြန်မဖြေရှင်းပေမယ့် စိတ်ထဲမှာ မကျေမနပ် ဖြစ်နေရင်၊ ဒေါသထွက်နေရင် သည်းခံတယ်လို့ မခေါ်ပါဘူး။

☆ ဒေါသဓာတ်ခံဆိုတာ မြန်မာလိုကဆိုရင်တော့ ‘ မမုန်းဓာတ်ခံ’ ပေါ့လေ။ တစ်ဖက်သား ကိုယ့်ကို ဘာပြောပြော၊ တစ်ဖက်သား ကိုယ့်ကို ဘာလုပ်လုပ်၊ အဲဒီ တစ်ဖက်သားအပေါ် နာကျည်းမုန်းတီးတဲ့စိတ် မရှိတဲ့သဘောဟာ အဒေါသဓာတ်ခံ၊ မမုန်းဓာတ်ခံပါပဲ။

☆အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)☆
☆Buddhavasa Tiloka☆