သီဟိုဠ်ကို ရောက်ကတည်းက ကိုလံဘိုမှာ နေခဲ့ပါတယ်။ ကိုလံဘိုဆိုတာ ရန်ကုန်မြို့တော်ကြီးလိုပဲ စီးပွားရေးမြို့တော်ကြီး (Commercial City)ပါ။ အခုတော့ ရွှေ့ဖို့အကြောင်းတွေ ဖန်လာလို့ ကိုလံဘိုမြို့တော်ကနေ ကီလိုမီတာ ၁၀၀-ခန့် အကွာမှာ ရှိတဲ့ ပေရာဒေနိယမြို့ကို ရွှေ့ပြောင်းနေပါတယ်။ ပေရာဒေနိယ တက္ကသိုလ်ဘေးနားမှာ သင့်တော်မယ့် အဆောင်တစ်ခုရှာပြီး မိတ်ဆွေတစ်ဦးနဲ့ နေပါတယ်။
ကိုလံဘိုမှာနေတော့ ပေရာဒေနိယကို ကျောင်းကိစ္စနဲ့ မကြာမကြာဆိုသလို ရောက်ဖြစ်တယ်။ သုတေသနကျောင်းသားဆိုတော့ ကျောင်းတက်ဖို့ မလိုလို့ အရာရာ သက်သက်သာသာဖြစ်ဖို့ ကိုလံဘိုမှာ နေဖို့ ရွေးချယ်ခဲ့တာပါ။ အခုကျတော့လည်း ပေရာဒေနိယက ပိုပြီးတော့ နေသင့်တဲ့နေရာ ဖြစ်လာပါတယ်။ အဓိကတော့ ပညာရေးကြောင့်ပါ။ သာမညအကြောင်းတွေကတော့ ဝေးသောအကြောင်းတွေ ဖြစ်နေလို့ အရေးမပါတော့ပါဘူး။
ပေရာဒေနိယကို ရောက်လာပေမယ်လို့ ကိုလံဘိုကိုတော့ ကင်းလို့မရပါဘူး။ မကုဋာရာမဆိုတဲ့ မြန်မာကျောင်းတော်ကြီးကြောင့်ဆိုရင် မှန်ပါတယ်။ မကုဋာရာမ-ဟာ သီဟိုဠ်ရောက် မြန်မာရဟန်းတော်မှန်သမျှ ကင်းလို့မရတဲ့နေရာပါ။ ကင်းလို့မရဘူးဆိုကတည်းက မကုဋာရာမဟာ မြန်မာရဟန်းတော်များအတွက် အရေးပါတယ် အရာရောက်တယ်ဆိုတာ သိသာပါတယ်။ မှန်ပါတယ်။ မကုဋာရာမဟာ မြန်မာရဟန်းတော်တို့ရဲ့ မိခင်၊ မိခင်ရင်ခွင်ကြီးပေါ့။ လိုရင်းချုပ်ပြောရရင်တော့ သီဟိုဠ်မှာနေစဉ် တစ်လျှောက်လုံး အစစ အရာရာ အထောက်ကူရ အားကိုးရလို့ပါပဲ။
ဒီနှစ် သီရိလင်္ကာမှာ မြန်မာရဟန်းတော်များ တက်နေတဲ့ တက္ကသိုလ်တွေ အထူးသဖြင့် ဘီပီယူ၊ ကေလနိယတို့ဟာ အပြောင်းအလဲများစွာ ဖြစ်ပါတယ်။ အပြောင်းအလဲဆိုတာ အကောင်းရှိသလို အဆိုးလည်း ပါတတ်ပါတယ်။ ကျောင်းကြေးမှာ အခက်ခဲမရှိလှပေမယ့် ပညာရေး အပြောင်းအလဲဟာ မြန်မာရဟန်းတော်များကို အတော်လေးလှုပ်ခပ်သွားပါတယ်။
နိုင်ငံခြားရောက် မြန်မာရဟန်းတော် အများစုဟာ အစဉ်လာပညာရေး လမ်းကြောင်း (Traditional Monastic Education)က လာတာဖြစ်ကြလို့ တက္ကသိုလ်ဆိုတဲ့ ခေတ်သစ်ပညာရေး (Modern Education)စီးကြောင်းမှာ စာသင်၊ စာကျက်၊ စာတက်တာကစလို့ သိပ်ပြီးတော့ အံဝင်ခွင်ကျ မဖြစ်သေးပါဘူး။ တက္ကသိုလ်ပညာရေးနဲ့ လာခဲ့တဲ့ ပုဂ္ဂိုလ်အများစုတောင်မှ သိပ်ပြီး အံဝင်ခွင်ကျ မဖြစ်လှပါဘူး။ လိုအပ်ချက်တွေ တစ်လှေကြီး၊ ပြုပြင်စရာတွေ တစ်ထွေကြီးနဲ့ပါ။ ကိုယ်လည်း ဒီပုပ်ထဲက ဒီပဲပါ။ ဒါပေမယ့် အတော်များများကို ဖြတ်ကျော်ပြီးသွားပြီဖြစ်လို့ အများထက်စာရင်တော့ အတော်အတန် ခံသာပြီး မဆိုစလောက်လည်း အထောက်ကူပြုနိုင်တယ်လို့ ဆိုချင်ရင် ဆိုနိုင်ပါရဲ့။
အဲဒီလို အဲဒီလို အကြောင်းတွေနဲ့ ပေရာဒေနိယမှာ ပြောင်းရွှေ့နေပေမယ့် ကိုလံဘိုဟာ ရေစက်မကုန်ပါဘူး။ တစ်ပတ်တစ်ရက် ရံခါမှာတော့ နှစ်ပတ်တစ်ရက်ဆိုသလို ကိုလံဘိုကို စာသင်ပေးအောင် ရောက်ဖြစ်ပါတယ်။ သွားတဲအခါတိုင်း ကားထက် ရထားကို ပိုပြီးစီးလေ့ရှိပါတယ်။ အမြဲတမ်းလို ရထားစီးတယ်ဆိုရင် ပိုမှန်မှာပါ။ ရထားဟာ ကားထက် သက်တောင့်သက်သာရှိပါတယ်။ ရထားဘူတာနဲ့ ကိုယ်နေတဲ့နေရာက မလှမ်းမကမ်းမှာပါ။ အရေးပေါ်အကြောင်းရှိလို့ သွားချင်ရင်တော့ ကားစီးပါတယ်။ ကားနဲ့ရထားက ဈေးနှုန်းသိပ်ပြီးတော့ မကွာလှပါဘူး။ ရထားစီရင် လက်မှတ်ကြိုဖြတ်ရမယ်။ ကားစီးရင်တော့ မလိုပါဘူး။
သီဟိုဠ်မှာ အဝေးပြေးကာတွေဘာတွေစီးရင် ရွှေပြည်ကြီးမှာလို လက်မှတ်ကြိုဖြတ်ရတဲ့ ထုံးစံမရှိပါဘူး။ လမ်းကနေ လက်မှတ်ပြ တားစီးတာမျိုးလည်း မရှိပါဘူး။ ဦးရာသူ စနစ်နဲ့ နေရာယူရပါတယ်။ ဘယ်နေရာမှာပဲဖြစ်ဖြစ် လူများရင် တန်းစီရတဲ့စနစ်ပါ။ ယုတ်စွအဆုံး တက္ကသိုလ်က စားသောက်ဆိုင် (Canteen) တွေမှာပါ လူများနေရင် တန်းစီရပါတယ်။ ဆရာကော ကျောင်းသားကော တက္ကသိုလ်အုပ်ချုပ်ရေးပိုင်းကလူရော အားလုံး တန်းစီရပါတယ်။ အာဏာပြဖို့ အခွင့်ရေး ပေးမထားပါဘူး။ အသက်ကြီးသူတွေ ကိုယ်ဝန်ဆောင်မိခင်တွေ ဆရာတော် သံဃာတော်များတွေဆိုရင်တော့ ပြောစလည်းမလို၊ လက်တို့စရာလည်း မလို။ အားလုံးက ဦးစားပေးကြပါတယ်။
ကိုလံဘိုကိုသွားဖို့ ကားစီးမယ်ဆိုရင်တော့ ကန္ဒီမြို့ကို သွားရတယ်။ ကန္ဒီဆိုတာက မြန်မာနိုင်ငံက မန္တလေးမြို့လိုပဲ နန်းဆန်ပါတယ်။ သီဟိုဠ်နောက်ဆုံးမင်းဆက် နန်းဆိုက်ခဲ့တဲ့မြို့လေး ဖြစ်လို့ပါပဲ။ နန်းတော်ကြီးလည်း ထီးထီးမားမား ရှိနေတုန်း ခန့်ထည်နေတုန်းပါ။ အဲဒီနန်းတော်ကြီးထဲမှာ ဗုဒ္ဓမြတ်စွယ်တော်ရဲ့ စွယ်တော်ဓာတ် ကိန်းဝပ်စံပါယ်တော်မူနေပါတယ်။ ပြီးတော့ ယဉ်ကျေးမှုပြတိုက်ကြီးအဖြစ်လည်း ထင်ရှားပါတယ်။ နိုင်ငံတကာ ခရီးသွားတွေ ဘုရားဖူးတွေ ထံကနေ နိုင်ငံတော်အတွက် နှစ်စဉ်ဒေါ်လာသန်းပေါင်းများစွာကို ရှာဖွေပေးနေတဲ့ ရတနာသိုက်ကြီးလည်း ဖြစ်ပါတယ်။
မန္တလေးနန်းတော်ကြီးကတော့ အများသိတဲ့အတိုင်းပါ။ ယဉ်ကျေးမှု အမွေနှစ်တွေ သမိုင်းတွေကို မြှုပ်နှံထားတဲ့ သင်္ချိုင်းပျက်ကြီးတစ်ခုနဲ့ ပိုတူတယ်လို့ တစ်ချို့ သမိုင်းပညာရှင်တွေက ဆိုကြပါတယ်။ တိုင်းပြည်ဘဏ္ဍာအတွက် နှစ်စဉ် ဒေါ်လာသန်းနဲ့ချီရနိုင်တဲ့ အခွင့်အရေးကြီးကို ပေးထားပေမယ့် ကြက်တစ်ကောင်ရှေ့ကို ရောက်သွားတဲ့ ပတ္တမြားကို ယက်ပစ်ခံရသလိုပဲလို့လည်း ပညာရှင်တွေက ဆိုကြပါတယ်။ ထားပါတော့ ကိုယ်က သမိုင်းပညာရှင်မဟုတ်သလို စီးပွားရေးပညာရှင်လည်း မဟုတ်လေတော့ သိပ်ပြီး နားမလည်ပါဘူး။
ကန္ဒီမြို့ကနေ ကိုလံဘိုကို ကားစီးမယ်ဆိုရင်တော့ သုံးနာရီဝန်းကျင် ကြာတတ်ပါတယ်။ အပိုအလို နည်းနည်းတော့ ရှိမယ်ပေါ့။ ရထားနဲ့ဆိုရင်တော့ နှစ်နာရီခွဲ ၀န်းကျင်၊ နှစ်နာရီပါ။ ကန္ဒီ-ကိုလံဘိုက ကီလိုမီတာ ၁၁၀-ခန့်ရှိပါတယ်။ ကားကတော့ လမ်းမှာ ရပ်နားလေ့မရှိပါဘူး။ တိုက်ရိုက်မောင်းပါတယ်။ မြွေလိမ်မြွေကောက်လမ်းတွေနဲ့ ကားပိတ်ဆို့တဲ့ လမ်းကြောတွေကိုဖြတ်ရလို့ အတော်လေးငြီးငွေ့စရာ ကောင်းလှပါတယ်။ ကျန်းမာရေး အပေါ့အပါးကစ ခက်ပါတယ်။ အပြောင်းအလဲ ဖြစ်ချင်သူတွေ တစ်ခါတလေ သွားသူတွေအတွက်ဆိုရင်တော့ တောတက်တောင်ဆင်းတွေနဲ့ သဘာဝအာရုံတွေကတော့ လန်းဆန်းပါတယ်။
တစ်ပတ်တစ်ခါ ကျောင်းတက်ရသူတွေ ရုံးဝန်ထမ်းတွေ အကြောင်းအားလျော်စွာ အမြဲလို စုန်ချည်ဆန်ချည် သွားနေသူတွေအတွက်တော့ ရထားဟာ သက်တောင့် သက်သာရှိပါတယ်။ ညောင်းရင် လမ်းထလျှောက်ဖို့ အဆင်ပြေသလို အပေါ့အပါ့းသွားဖို့လည်း အဆင်ပြေပါတယ်။ ဗိုက်ဆာရင်လည်း အဆာပြေစားစရာ သောက်စရာတွေ သီးသန့်တွဲပါတာမို့ အခက်ခဲမရှိပါဘူး။ လတ်ဆတ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားသောက်တွေ ရနိုင်သလို ဈေးနှုန်းလည်း အဆင်သင့်လှပါတယ်။
အမြဲတမ်းသွားနေကျသူတွေကတော့ ရေဗူးကအစ အစာပြေစားသောက်စရာတွေ ထည့်ယူလာလေ့ရှိပါတယ်။ ဈေးသက်သာတယ်ဆိုပေမယ့် ရထားပေါ်ဆိုတော့ ၀န်ဆောင်ခတွေကြောင့် အနည်းငယ်တော့ များနေတတ်တာ မငြင်းသာပါဘူး။ နေ့စဉ်နဲ့အမျှဆိုတော့ ငါးကျပ်တစ်ဆယ်ကစလို့ တွက်ရမှာပဲမလား။ တစ်ခါတည်းဆို မသိသာပေမယ့် အခါပေါင်းများစွာဆို သိသာလာပါပြီ။ အဆောင်မှာနေပြီး ကိုယ့်စားဝတ်နေရေးကို ကိုယ့်ဟာကိုယ် ဖန်တီးရတော့ တစ်ကျပ်နှစ်ကျပ် ပိုသွားတာကစလို့ တွက်တတ်လာပါပြီ။ ဘ၀ကပေးတဲ့ ပညာတွေပေါ့။
ထမင်းပွဲရှေ့ရောက် စားခဲ့ကြရတာဆိုတော့ အစပိုင်းမှာ ဒါတွေကို မသိခဲ့ပါဘူး။ နားလည်း မလည်ခဲ့ပါဘူး။ ဒီထက်ပြောရရင် နားလည်ပေးဖို့တောင် တစ်ခါမှ မကြိုးစားခဲ့မိဘူး ထင်တာပါပဲ။
နိုင်ငံခြားနေရတာ ကျေနပ်စရာ အကောင်းဆုံးတစ်ခုကို ပြောပါလို့ဆိုရင် အမေ့ရဲ့ မေတ္တာကို ပိုပြီးခံစားရတယ်၊ အမေ့အပေါ်ကို ပိုပြီး စာနာတတ်မိလာတယ် ဆိုတာပါပဲ။ အဲဒီခံစားချက်မျိုးကို ဒကာဒကာမတွေအပေါ်မှာလည်း ထားမိသွားတယ်ဆိုတာပါပဲ။ အခုမှ ဆွမ်းမစားခင် “ပစ္စ၀က္ခဏာဆင်ခြင်” စားရမယ်ဆိုတာကို လေးလေးနက်နက် သိရတော့တယ်။ သညာသိတွေဟာ လက်တွေ့သိ ပညာသိဖြစ်လာရင် ပိုပိုပြီးတော့ အဓိပ္ပါယ်ရှိလာပါတယ်။
နေ့စဉ်နဲ့အမျှ ချက်ရပြုတ်ရတော့ ရေခဲသေတ္တာထဲမှာ အသင့်ရှိတာတောင် ဘာချက်လို့ ဘာချက်ရမှန်းကို မသိပါဘူး။ တစ်ခါတစ်ခါများဆို စဉ်းစားရတာနဲ့ စားချင်စိတ်တောင် ကုန်ပါတယ်။ တကယ်ပါ။ နောက်တစ်ခု ရလာတာကတော့ ဟင်းချေးမများတော့ဘူး။ မကြိုက်ရင် မစားနိုင်ရင် မစားဘဲ အသာနေလိုက်တယ်။ အပြစ်မပြောတော့ဘူး။ ဘာချက်ကျွေးပါလို့ သူများဝန်ထုပ်ဝန်ပိုးဖြစ်အောင် မခိုင်းတော့ဘူး။ အဆင်ပြေသလို စီမံပါလို့ပြောပြီး ကိုယ်လည်းအဆင်ပြေသလို စားလိုက်တာပဲ။
ငယ်ငယ်က တောမှာ ကြီးပြင်းခဲ့ရတယ်။ မိဘတွေက တောင်သူလယ်သမားတွေဆိုတော့ ညဘက်ကကျန်တဲ့ ထမင်းကြမ်းကို ဆီနံ့ပါတယ်ဆိုရရုံနဲ့ ပြန်ကြော်ကြွေးတာကိုစား ကျောင်းသွား။ သူတို့လည်း အဲဒါပဲ ရေနွေးကြမ်းနဲ့ဝါးသွားပြီး လယ်ထဲယာထဲဆင်း။ ၁၀-နာရီ ၁၁-နာရီလောက် အိမ်ပြန်လာရင် တောထဲ ဒါမှမဟုတ် အခင်းထဲက ခူးလာတဲ့ ရာသီပေါ်အသီးအနှံတွေကို ဆီးမပါ ပျားမပါနဲ့ချက်။ အဲလိုမှ မဟုတ်ရင်လည်း အိမ်ပြန်ရောက်မှ ၀ိုင်းထဲက မန်းကျီးပင်တို့ ဆူးပုပ်ပင်တို့က အရွက်လေးတွေခူးချက်လို့ နေ့စဉ် စားဝတ်နေရေး ပြဿနာကို ဖြေရှင်းပေးရလေ့ရှိတဲ့ တောအရပ်က မိခင်များကို ပိုပြီး သတိရမိတယ်။ ဒီအထဲမယ် ကိုယ့်အမေလည်း ပါတာပေါ့။
ညစာအတွက်ဆိုလည်း ဒီအတိုင်းပဲ သူတို့ ရှာကြံပြင်ဆင်ချက်ပြုတ်ရတာပဲ။ သားသမီးတွေကလွဲရင် အဖေကလည်း ချေးမများဘူး၊ အမေကတော့ ထမင်းဝိုင်းမှာ မျက်နှာအငယ်ဆုံးပေါ့။ တစ်ခါတရံ စိတ်ပေါက်လွန်းရင် နင်တို့ရှာပေးလေ ငါချက်ကျွေးမယ် …… တဲ့။ ဒီလောက်ပဲ။ ကျန်တဲ့ သားသမီးတွေ အကုန်လုံး ပါးစပ်ပိတ်ရော။ အဖေကတော့ ဘာမှမပြောဘူး ချက်ထားတာကိုပဲ အားရပါးရစားပြီး ထသွားတာပဲ။ သူ့တာဝန်လည်း မကင်းဘူးလို့ ခံစားရမှာကိုး။
ဒါမျိုးက တစ်နေ့တည်း တစ်နပ်တည်း စားရတာမဟုတ်ဘူး။ နေ့တိုင်း လတိုင်း နှစ်တိုင်းလေ။ အိမ်မှာ အသင့်ရှိတာက ဆန်တစ်မျိုးပဲ။ ဆီတောင်မှ ကိုယ့်အခင်းကထွက်တဲ့ နှမ်းကို မိသားစုတိုင်း မစားရက်ဘူး။ ဈေးကောင်းရတဲ့ နှမ်းကိုရောင်း လိုတာဖြည့်ရတော့ ဆိုင်ကနေ ပြန်ဝယ်ရတဲ့ စားအုန်းဆီလိုမျို ဆီကြမ်းတွေ ၀ယ်စားရတယ်။ ဆောင်းတွင်းများဆို ဆီတွေက ခဲနေတတ်ပြီး မီးကင်ပြီးမှ ချက်ပြုတ်စားရတယ်။ ငယ်ငယ်က တန်းကျောင်းမှာ “ဖောင်စီးရင်း ရေငတ်နေရသည့် ပြည်သူတို့ ဘ၀ကို” ဆိုပြီး ကျက်ခဲ့ရတယ်။ အတွေးခေါင်တော့ ဘာမှမသိဘူး။ ဖောင်စီးရင်း ရေဘယ်လိုငတ်မလဲပေါ့။ ပင်လယ်ရေဆိုတာ ငန်လို့သောက်မရဘူးလို့ ကိုယ်မှ မသိတာပဲ။
ကဲ …. အခုတော့ ကိုယ့်အလှည့်လေ။ ရေခဲသေတ္တာထဲမှာ အသီးအနှံ အသားငါး အပြည့်စုံရှိတယ်။ တစ်နေ့ကို နှစ်ကြိမ်ချက်။ အလှည့်ကျအနေနဲ့ တစ်ပတ်ဆက်တိုက်ချက်ရတယ်။ လိုအပ်ရင်ထပ်ဖြည့်ဖို့လည်း လက်ထဲမှာ အသင့်ရှိတယ်။ နှစ်ရက် သုံးရက်လောက် ချက်ပြီးသွားရင် နောက်နေ့ ဘာချက်ရမလဲလို့ ခေါင်းစားသွားပြီ။ တစ်ခါတလေများဆို အဲလိုစဉ်းစားရလွန်းပြီး ချက်ရလို့ စားချင်စိတ်တောင် ကုန်တယ်။ အဲလိုနဲ့ ချက်လှည့်ရောက်ရင် တစ်ပတ်လုံးလိုလို စာလုပ်ပျက်တော့တာပဲ။ ကိုယ်ချင်းစာတယ်ဆိုတာ ခက်လွန်းလို့တော့ မဟုတ်ပါဘူး။ ဘယ်လို ကိုယ်ချင်းစာရလဲဆိုတာကို မသိကြလို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တိုင်ကိုယ်ကျမှ မတွေ့ကြုံ မခံစားဘူးတာကိုလေ။
Baby-Day-Out ဆိုတဲ့ ကလေးဟာသ ဇာတ်ကားကြည့်ဖူးတယ်။ ကလေးပျောက်သွားတဲ့ မိခင်ဖြစ်သူကို အိမ်ကနေပဲ စောင့်ဖို့ စိတ်မပူဖို့ FBI-က ရဲအရာရှိကပြောတယ်။ ပြီးတော့ သူက ကိုယ်ချင်းစာပါတယ်လို့ ဆက်ပြောတယ်။ မိခင်ဖြစ်သူက ရှင်ကလေးပျောက်ဖူးလားဆိုတော့ မပျောက်ဖူးပါဘူးဆိုတော့ ဒါဆိုရင် ရှင်တကယ် ကိုယ်ချင်းစာတတ်မှာ မဟုတ်ပါဘူး-တဲ့။ ရဲအရှိလည်း ပါးစပ်ပိတ်သွားတယ်။ မှန်ပါတယ်။ တစ်ကျပ်တစ်ပြားမှ မကုန်ပါဘူးဆိုတဲ့ ကိုယ်ချင်းစာမှုဆိုတာ တကယ့်ကို လွယ်ကူတဲ့အလုပ်မဟုတ်ပါဘူး။
ကဲ …….. ဒီတော့ ဟုတ်ပါပြီ။ နိုင်ငံခြားမှာ ငွေကြေးအကုန်ကျများစွာခံပြီး နေရတဲ့ ပညာသင်ရတဲ့ အကျိုးအမြတ်က ဘာလဲလို့ မေးရင် အသိဥာဏ်တစ်ခုရတာပဲလို့ ဖြေရလိမ့်မယ်။ အဲဒါတော့ ကိုယ်ချင်စာတတ်သွားတယ် ဆိုတာပါပဲ။ ဒါတောင်မှ အကုန်လုံးကို ကိုယ်ချင်းမစာတတ်သေးဘူးဆိုတာတော့ ၀န်ခံရဦးမယ်။ ဘာပဲပြောပြော ကြုံလာရင် အရာရာကို နှိုးယှဉ်ပြီး အနည်းဆုံးတော့ နားလည်ပေးတတ်သွားပြီ။ ဒါဟာ ကျေနပ်စရာပဲ မလား။
ဆက်ပါဦးမည် ………….. ။
မေတ္တာဖြင့်-
အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
Wednesday, September 10, 2014
No comments:
Post a Comment