…….. ရဟန်းဆိုတော့ ငြင်းဖို့လည်း မသင့်တော်ဘူး။ တစ်ဘက်သားရဲ့ ကောင်းမှုကို အသိမှတ်မပြုရာလည်း ရောက်သွားမယ်။ ယူပြန်တော့လည်း သူ့တစ်ယောက်စာဆိုတော့ တစ်ခါတရံများ အတော်ဗျာများရပါတယ်။ အဖိုးနည်း အိုးကွဲမို့ တန်ဖိုးမထားဘူးလို့ တစ်ဘက်သား စိတ်ငြိုငြင်သွားမှာကိုလည်း မလိုလားပါဘူး။ ဘာပဲပြောပြော ရဟန်းဆိုတာ ရဟန်းပါပဲလေ။ ….
*****
………. ဆရာတော်ဟာ တောစပ်ကိုသွားပြီး လူမမြင်ကွယ်ရာမှာ သူလှူလိုက်တဲ့ ဆွမ်းကို သွန်ပစ်လိုက်မယ်လို့ ယုံကြည်နေပါတယ်။ အဲဒီလိုဖြစ်ခဲ့ရင်လည်း သူဝမ်းနည်းမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဟာနဲ့သူလည်း ဒါဟာ ကြီးမားတဲ့ အပြစ်ကြီးတစ်ခုလို့ မြင်လို့ပါပဲ။ ……….
*****
ပြီးခဲ့တဲ့ဆောင်းပါးမှာ ကိုလံဘိုကို စာသင်သွားရင်း ရထားပေါ်မှာ မကြာခဏ တွေ့ရလေ့ရှိတဲ့ အဖြစ်ပျက်လေးကို ရေးမလို့ပါ။ အစတစ်ခု ဆွဲထုတ်လိုက်တာ လိုရင်းမရောက်ဘဲ ရောက်ချင်တဲ့ဘက် ရောက်သွားတယ်။ ဒါကြောင့် သီဝရီဆရာတွေရဲ့ “ဦးတည်ရာ မရှိသောသူသည် တက်မပါသော လှေကဲ့သို့ တ၀ဲလည်လည်ရှိမည်ကို သတိချပ်ပါလေ”ဆိုတဲ့ စကားကို သတိရမိပါတယ်။ ဦးတည်ရာ ရှိပေမယ့် ခိုင်မာတဲ့ သန္နိဋ္ဌာန်ရယ် လုံလောက်တဲ့ ၀ီရိယနဲ့ ပညာမရှိရင်လည်း မရောက်နိုင်ဘူးဆိုတာ သတိချပ်စရာ ဖြစ်ပါတယ်။
ရထားထွက်လို့ ကိုယ့်နေရာနဲ့ကိုယ်အခြေတကျဖြစ်ပြီး နာရီဝက် တစ်နာရီဆိုသလို ကြာတဲ့အခါမှာ ခရီးသည်တွေက ကိုယ့်မှာပါလာတဲ့ အစာပြေ ဒါမှမဟုတ် အပျင်းပြေစားစရာတို့ကို ထုတ်ပြီး စားကြပါတယ်။ မနက်စောစော သွားတဲ့အခါမျိုးဆိုရင်တော့ မနက်စာ (Breakfast)ကို ရထားပေါ်ရောက်မှ စားသလိုမျိုးပေါ့။ ပေါင်မုန့်တစ်လုံးနဲ့ ရေတစ်ကျိုက်နှစ်ကျိုက်လောက် မော့သောက်သွား။ ဘ၀သမားတွေပေါ့။
ရထားပေါ်ရောက်လို့ ပါလာတဲ့အထုပ်လေးတွေဖြေလို့ စားကြသောက်ကြတဲ့အခါ ကိုယ့်အနီးနားမှာ ခရီးသွား ဆရာတော် သံဃာတော်များဖူးတွေ့ရရင် အဆင်ပြေသလောက်ခွဲပြီး ကပ်လေ့ရှိပါတယ်။ သူတို့အချင်းချင်းတော့ ခွဲဝေပေးလေ့ မရှိတာကိုလည်း သတိထားမိပါတယ်။ မှန်ပါတယ်။ ပါလာတဲ့ရိက္ခာက တစ်ယောက်စာ ဒါမှမဟုတ် မိသားစုနဲ့လာရင် မိသားစုစာလောက်သာ ပါလေ့ရှိကြတာပါ။ သံသရာ ခရီးသွားတွေဆိုတာ ဒီလိုပါပဲလေ၊ ကိုယ့်ရိက္ခာကိုယ်သာ ပါကြတာပါ။ တချို့များဆို ကိုယ့်ပါလာတဲ့ရိက္ခာဟာ ကိုယ့်အတွက်တောင် မလောက်ငကြပါဘူး။
ထားပါတော့။ ဒီလိုနဲ့ သူတို့ပါလာတဲ့ အစာပြေစားစရာ မနက်စာလေးကို ကိုယ့်အတွက်သာ ကြုံသလို အဆင်ပြေသလို စီမံလာကြပေမယ့် သူတို့စားဖို့လုပ်လို့ ဘေးနားက ရဟန်းသံဃာများတွေ့ရင် သင့်တော်သလောက်ခွဲပြီး လှူဒါန်းတတ်ပါတယ်။ ရဟန်းဆိုတော့ ငြင်းဖို့လည်း မသင့်တော်ဘူး။ တစ်ဘက်သားရဲ့ ကောင်းမှုကို အသိမှတ်မပြုရာလည်း ရောက်သွားမယ်။ ယူပြန်တော့လည်း သူ့တစ်ယောက်စာဆိုတော့ တစ်ခါတရံများ အတော်ဗျာများရပါတယ်။ အဖိုးနည်း အိုးကွဲမို့ တန်ဖိုးမထားဘူးလို့ တစ်ဘက်သား စိတ်ငြိုငြင်သွားမှာကိုလည်း မလိုလားပါဘူး။ ဘာပဲပြောပြော ရဟန်းဆိုတာ ရဟန်းပါပဲလေ။ ကောင်းတာဆိုးတာ ကိုယ့်အတွက် အဓိကမကျဘဲ အလှူရှင်ရဲ့ သဒ္ဓါတရားကို အဓိကထားပြီး ချီးမြှောက်သင့်တာပဲ မလား။
တစ်ခါက အရှင်မဟာကဿပမထေရ်မြတ်ကြီး ဆွမ်းခံကြွတော်မူတဲ့အခါမှာ အနာကြီးရောဂါသည် (Leprosy)တစ်ဦးရဲ့ ဆွမ်းလောင်းလှူတာကို လက်ခံတော်မူပါတယ်။ အနာကြီးရောဂါသည်ဟာ သူကိုယ်တိုင်စ,စတင်ပြီး လှူလိုစိတ် ရှိနိုင်ပေမယ့် နိမ့်ကျနေတဲ့ သူ့အခြေအနေကြာင့် မလှူရဲပါဘူး။ သူဋ္ဌေးသူကြွယ်တွေ မင်းစိုးရာဇာတွေ ကိုးကွယ်တဲ့ နာမည်ကြီး မထေရ်တစ်ပါး ဖြစ်တယ်ဆိုတာလည်း သိဟန်တူပါတယ်။ ပြီးတော့ သူ့အခြေအနေသူလည်း သတိထားမိပါတယ်။ မထေရ်မြတ်က အလှူခံလိုဟန်ပြတယ်ဆိုရင်ပဲ ၀မ်းသာအားရနဲ့ အနာကြီးသည်က ဆွမ်းတွေ သပိတ်ထဲကို လောင်းလှူလိုက်ပါတယ်။ ဖြစ်ချင်တော့ ဆွမ်းတွေနဲ့အတူ အနာကြီးရောဂါသည်ရဲ့ လက်ချောင်းလေး တစ်ချောင်းလည်း သပိတ်ထဲကို ကြွေကျသွားပါတယ်။
ဒီအဖြစ်ပျက်ကို အရှင်မဟာကဿပ သတိထားမိသလို အလှူရှင်လည်း သတိထားမိပါတယ်။ မထေရ်ကြီးက ဘာမှမပြောဘဲ ဆွမ်းလောင်းပြီးတော့ သပိတ်ကိုအသာအုပ်ကာ တစ်နေရာကို ဆက်လက်ကြွပါတယ်။ အနာကြီးရောဂါသည်က ဆရာတော်ဟာ တောစပ်ကိုသွားပြီး လူမမြင်ကွယ်ရာမှာ သူလှူလိုက်တဲ့ ဆွမ်းကို သွန်ပစ်လိုက်မယ်လို့ ယုံကြည်နေပါတယ်။ အဲဒီလိုဖြစ်ခဲ့ရင်လည်း သူဝမ်းနည်းမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဟာနဲ့သူလည်း ဒါဟာ ကြီးမားတဲ့ အပြစ်ကြီးတစ်ခုလို့ မြင်လို့ပါပဲ။
အရှင်မဟာကဿပ-ဟာ အလှူရှင်မြင်နိုင်လောက်တဲ့ သင့်တော်ရာ တစ်နေရာမှာ နေရာခင်း (အနေကထိုင်)ကို ခင်းပြီး ထိုင်တော်မူပြီး သပိတ်ကိုတော်ကို ဖွင့်တဲ့ကာ ကြွေကျပါလာတဲ့ လက်ချောင်းကို အသာဖယ်လို့ ဘုဉ်းပေးတော်မူပါတယ်။ အလှူ့ဒကာမှာ ၀မ်းသာလိုက်တဲ့ ဖြစ်ခြင်း။ ကြည်ညိုလိုက်ပါဘိခြင်း။ ကဲ ……….. ကြည့် ဘယ်သူဝမ်းသာဘဲ မကြည်ညိုဘဲ နေနိုင်မလဲ။ အဖိုးလည်းမတန် အပြစ်လည်းဖြစ်နေတယ်လို့ ထင်နေတဲ့အရာကို တစ်ဘက်သားက အလေးအနက်ထား အသိမှတ်ပြုလိုက်တော့ သဒ္ဓါတရားတွေ တဖွားဖွားနဲ့ တိုးပွားရပါတယ်။ ဒါဟာ သာသနာတော်ရဲ့ ကြီးမြတ်တဲ့ အစဉ်လာတစ်ခုပါ။
ဓမ္မပဒပါဠိတော်မှာ ပျား၊ပိတုန်းနဲ့ပန်းကို နမူထားပြီး အလွန်ကောင်းတဲ့ ဥပမာတစ်ခု ပြထားပါတယ်။ ပျားတွေ ပိတုန်းတွေဟာ ပန်းပွင့်ကိုလည်း မပျက်စေ၊ အဆင်းကိုလည်း မပျက်စေ၊ အနံ့ကိုလည်း မပျက်စေဘဲ ကိုယ်လိုတဲ့ ပန်းဝတ်ရည်ကိုပဲ စုပ်ယူပျံသွားသလို-တဲ့ ရဟန်းဆိုတာလည်း အလှူရှင် ဒကာ/ဒကာမတွေရဲ့ သဒ္ဓါတရားနဲ့ စည်းစိမ်ဥစ္စာကို မပျက်စီးစေဘဲ ကျင့်သုံးရပါမယ်-တဲ့။ ဘုရားရှင်က သံသရာတစ်ဘက်ကမ်း နိဗ္ဗာန်လည်းကိုသာမက နေ့စဉ်ဘ၀ ဘယ်သို့ဘယ်ပုံ ကျင့်သုံးရမယ်ဆိုတာကိုပါ ပြပေးတော်မူပါတယ်။ လူမှုဆက်ဆံရေး (Social Relations)ရဲ့ အရေးပါမှုကို မီးမောင်းထိုးပြတော်မူပါတယ်။
တစ်ခါမှာ ဖွင့်ဖြိုးပြီး နိုင်ငံတစ်ခုက လူတစ်ယောက်ဟာ ရွှေပြည်ကြီးကို လူမှုရေးလုပ်ငန်းတွေ တစ်နိုင်တပိုင်လုပ်ဖို့ ရွှေပြည်ကြီးရဲ့ တောရွာလေးတစ်ရွာကို ရောက်လာပါတယ်။ အားလုံးသိကြတဲ့ အတိုင်းပဲ။ တောအရပ်ဆိုတာ အစစ အရာရာ ချို့တဲ့ပါတယ်။
ကိုယ့်အပေါ်ကောင်းတဲ့လူကို ပြန်မကောင်းဘဲ မနေနိုင်တာ မြန်မာလူမျိုးစစ်စစ်တို့ရဲ့ သဘာဝပါ။ ကိုယ့်အပေါ်ဆိုးခဲ့ရင်တောင် ခွင့်လွှတ်နိုင်စွမ်းရှိတာ မြန်မာလူမျိုးပါ။ ကိုယ့်နိုင်ငံကို ကျွန်ပြုသွားတဲ့ အင်္ဂလိပ်တို့ ဂျပန်တို့ကို အငြိုးအတေးတွေ မလိုမုန်းထားမှုတွေ မပြတော့ပါဘူး။ မကျေနပ်လို့ ပြောရရင် ဂျပန်ခေတ်မှာ ဂျပန်တွေက သူလျိုဆိုသူကို ဖော်မပေးလို့ ကလေးရော လူကြီးပါမကျန် တစ်ရွာလုံး သတ်ပစ်ခဲ့တာတွေ ရှိပါတယ်။ နာဇီတွေက ဂျူးတွေကို မျိုးတုန်း (Genocide)သတ်ခဲ့တာထက်တောင် ဆိုးတယ်လို့ သမိုင်းပညာရှင်တွေက ပြောကြပါတယ်။ ဒါတွေကို မြန်မာလူမျိုးတွေဟာ မေ့ပစ်သလောက် ဖြစ်နေပါပြီ။ မမေ့ဘူးဆိုရင်တော့ မကျေမနပ်ပြောသံတွေတော့ မကြားရတော့ပါဘူး။ သူများတွေလို ဘာအထိမ်း ညာအထိမ်းမှတ်ဆိုပြီး အစပြန်ဖော်တာမျိုးလည်း မရှိသလောက်ပါပဲ။ ရန်ကို ရန်ခြင်း တုံ့နှင်းနေလို့ အကျိုးမရှိဘူးဆိုတာကို သိနေကြလို့ပါ။
ဒါပေမယ့် အဲဒီလူမျိုးတွေ နိုင်ငံကြီးသား ဆိုသူတွေကတော့ အခွင့်ခါသင့်တိုင်း ကြုံတိုင်းဆိုသလို မတူမတန်သလို ဆက်ဆံတယ်။ နှိမ်ချင်တယ်။ ပြီးတော့လည်း သူတို့ကပဲ ဟိုအခွင့်အရေး ဒီအခွင့်အရေးလို့ ပြောပြန်ရော။ ခပ်ကြမ်းကြမ်းပြောရရင် “ခွေးကတစ်ပြန် လူစော်နံ”ဆိုတဲ့ မြန်မာစကားပုံတစ်ခုလိုပါပဲ။ ဒါကြောင့် ပညာရှင်တွေကပြောကြတာ သမိုင်းသိအောင်လုပ်ကြ၊ သမိုင်းမသိရင် အ,တယ်တဲ့။ သမိုင်းမသိကြတော့ သူတို့ကိုအားကျ သူတို့အော်သလို နောက်ကလိုက်အော်နဲ့ အင်း ….. ကိုယ့်မူနဲ့ (Identity)ကို မရှိလိုက်ကြတာလို့ အမြင်ကျယ်သူတွေက ဝေဖန်ထောက်ပြကြပါတယ်။ သတိထားစရာပါ။
ထားပါတော့။ လောကမှာ အကောင်းအဆိုးဆိုတာ ဒွန်တွဲနေတာ။ ပုံသေသတ်မှတ်လို့ ရတာမျိုးမဟုတ်တော့ ကိုယ်,ကိုယ်တိုင်ကပဲ အကောင်းကို အကောင်းမှန်းသိဖို့၊ အဆိုးကို အဆိုးမှန်းသိဖို့ ကြိုးစားကြရမှာ မလား။
ဆက်ပြောရရင် အခုနကပြောခဲ့တဲ့လူကို တောအရပ်ကလူတွေက ကိုယ့်အပေါ် ကောင်းထားလေတော့ သူတို့ရှိတာလေးတွေနဲ့ ပြန်ပြီးကောင်းချင်တယ်ပေါ့။ ဒါနဲ့ သူတို့တောအရပ်မှာ ရနိုင်ပြီး သူတို့တတ်နိုင်တဲ့ တောထွက်ကုန်လေးတွေ၊ ဥပမာပေါ့ ခရုခွံလေးတွေကောက် ပုတီးသီ၊ စက္ကူပန်းလေးတွေ အလှဆင် စသဖြင့် လုပ်ပြီး လက်ဆောင်ပေးပါတယ်။ သူကလည်း ပေးပေးသမျှတွေကို ယူထားပြီး လက်ဆောင်ပေးသူတွေ ကျေနပ်အောင် ၀တ်ဆင်ပါတယ်။ သူပြန်တော့လည်း မြို့ရောက်အောင်ကို ၀တ်ဆင်သွားပါ။ ဒီလိုဝတ်ဆင်တာကိုမြင်တော့ မြို့ကြီးပြကြီးကလူတွေက “အရူး”ဆိုပြီး ကဲ့ရဲ့ကြပါသတဲ့။ သူရဲ့မိတ်ဆွေအချို့က လူတွေဝိုင်းဟားခံရမယ်ဆိုပြီး ၀တ်ဆင်လာတာတွေ ချွတ်ဖို့ပြောတော့ သူက “ဘေးလူတွေ အပြစ်ပြောတာကို သူဂရုမစိုက်ဘူး-တဲ့၊ သူ့ကို အမြတ်တနိုးနဲ့ လက်ဆောင်ပေးလိုက်သူတွေရဲ့ စေတနာကိုသာ အလေးထားပါသတဲ့”။ အင်း …. ဒါလည်း မှတ်သားစရာ အတုယူစရာ ဖြစ်မယ်ထင်ပါတယ်။
ကိုယ်ပြောချင်တဲ့ အကြောင်းအရာက အတော်လေးဟသွားပါပြီ။ ပြန်ဆက်ရရင် ခရီးသွားတွေ သင့်တော်သလိုလှူတဲ့ စားသောက်ဖွယ်တွေကို အားနာပါးနာနဲ့ လက်ခံပြီး သုံးဆောင်လိုက်ပါတယ်။ ညနေခင်း သွားတဲ့အခါများလည်း ရံဖန်ရံခါဆိုသလို ကြုံတတ်ပါသေးတယ်။ တစ်ချို့က လမ်းမှာစားဖို့ စပျစ်သီး ကြက်မောက်သီးလိုတို့မျိုး ပေါ့ပေါ့ပါးပါး စားလို့ရတဲ့ အသီးအနှံတွေ ယူလာတတ်ကြတယ်။ ဒါမျိုးဆိုလည်း လှူပြန်ပါတယ်။ အဲဒီအခါတော့ ကိုယ့်ဘက်က အချိန်လွန်နေလို့ပါ ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်တယ်။ အဲဒီလိုဆိုတော့လည်း သူတို့က ကျေနပ်ကြပါတယ်။
ဒီတော့ သီဟိုဠ်သားတွေဟာ ဗုဒ္ဓဘာသာတွေဖြစ်ပြီး မွန်းလွဲသွားရင် ရဟန်းတော်တွေအနေနဲ့ ဒါတွေကို မသုံးဆောင်ရတော့ဘူးဆိုတာ မသိဘူးလားလို့ မေးစရာရှိပါတယ်။ သူတို့ ကောင်းကောင်း သိပါတယ်။ ဒီနေရာမှာတော့ အစဉ်အလာ (Tradition)လို့ ပြောရမလား၊ ဒါမှမဟုတ် ထုံးစံ (Culture)လို့ ပြောရမလား မသိဘူး။ ရွှေပြည်ကြီးမှာလည်း တစ်ခုပြောလေ့ရှိတာကို သတိထားမိမယ် ထင်ပါတယ်။ ကိုရင်ငယ် ဦးဇင်းငယ်တွေ နေမကောင်းဖြစ်ရင် စောင့်ရှောက်ပေးတဲ့ ဒကာ/ဒကာမတွေက ဆေးတိုက်ဖို့ပြင်တော့ ထမင်းတို့ မုန့်တို့လိုမျိုး စားစရာတစ်မျိုးမျိုးကို ကျွေးလေ့ရှိပါတယ်။ ပြီးတော့ သူတို့ကပြောတယ် နေမကောင်းဖြစ်နေတာပဲ စားကောင်းပါတယ် စားပါ-တဲ့။ တစ်ချို့အရပ်တွေမှာပါ။ နေရာတိုင်းတော့ မဟုတ်ပါဘူး။ ကလေးတွေဆိုတော့ ဘာမှ စဉ်းစားမနေပါဘူး။ ရေငတ်တုန်း ရေတွင်းထဲကျတဲ့ကိန်း ဆိုက်တာပေါ့။
သီဟိုလ်မှာလည်း အဲလိုမျိုး ဆင်ဆင်တူတာတွေ ရှိပါတယ်။ အချိန်လွန်ပြီး ရဟန်း-သာမဏေတွေ ဗိုက်ဖြည့်လို့ရအောင် ဂိလံဘတ် (ဂိလာန-ဘတ္တ= ကျန်းမာရေးချို့သူအတွက် အစားစာ)ဆိုပြီး စီမံကပ်လေ့ရှိပါတယ်။ မုန့်တို့လို လဘက်ရည် ကော်ဖီတို့လိုမျိုးပါ။ သစ်သီးဝလံတွေလည်း ပါတတ်ပါတယ်။ ဒါကြောင့် သူတို့ အသီးအနှံတွေ စားတဲ့အခါ အချိန်ကျော်မှန်း သိနေပေမယ့် ခရီးသွားရင်း ကြုံလာတဲ့ ရဟန်းသံဃာတော်များကို ကပ်လှူလေ့ရှိဟန်တူပါတယ်။
ရဟန်းတော်များအနေနဲ့ “လောကလည်းမဖျင်း၊ ဓမ္မလည်း မယွင်း”အောင် ကျင့်ကြံနိုင်ဖို့ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ ပျားပိတုန်းဥပမာထဲကလို အလှူရှင်လည်း သဒ္ဓါမကွက်၊ ကိုယ်လည်း ၀ိနည်းမပျက်အောင် ချင့်ချိန်တတ်ရပါမယ်။ လူ့ဘောင်ကနေ စွန့်ခွာလာပေမယ့် လူလောကနဲ့တော့ တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ အကြောင်းအားလျော်စွာ ဆက်စပ်ပတ်သက်နေရတော့ လောက-ဓမ္မ ဆက်ဆံရေးဟာ နေ့စဉ်နဲ့အမျှ တွေးဆချင့်ချိန်စရာတွေချည်း ဖြစ်ပါတယ်။
ဆက်ပါဦးမည် ……………… ။
မေတ္တာဖြင့်-
အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
Thursday, September 11, 2014
အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
Thursday, September 11, 2014
No comments:
Post a Comment