Saturday, January 28, 2017

တော၌နေသော ကိုရင်တိဿ


ဝန၀ါသီတိဿ သာမဏေရ၀တ္ထု
တော၌နေသော ကိုရင်တိဿ

မြတ်ဗုဒ္ဓ ဇေတ၀န်ကျောင်း၌ သီတင်းသုံးစဉ် အရှင်သာရိပုတ္တရာ၏ တပည့် ခုနှစ်နှစ်အရွယ် ကိုရင်တိဿသည် သင်္ကန်းတစ်ထောင်၊ ဆွမ်းတစ်ထောင်၊ ကမ္ဗလာတစ်ထောင်တို့ကို အလှူခံရရှိ၏။ ထိုရသော လာဘ်ပူဇော်သကာတို့ကို စွန့်၍ မိဘဆွေမျိုးတို့နေရာ သာဝတ္ထိမြို့မှ ယူဇနာတစ်ရာ့ရှစ်ဆယ် ဝေးကွာသော တောရွာ၌ သွားနေ၏။

သာမဏေငယ်သည် ထိုတောရွာ၌ ရသမျှသော ပစ္စည်းလေးပါးဖြင့် တင်းတိမ်မျှတရောင့်ရဲလျက် ဆွေမျိုးဒါယကာဒါယိကာမတို့၏ အကျိုးကိုငဲ့ကာ နေ၏။ ထိုတော၌ပင် ပဋိသမ္ဘိဒါပတ္တရဟန္တာ ဖြစ်တော်မူ၏။ ထိုအကြောင်းကို ရဟန်းများက ချီးမွမ်းပြောဆိုကြသဖြင့် မြတ်ဗုဒ္ဓက ဤဒေသနာကို ဟောကြားတော်မူသည်။

နိဗ္ဗာန်ရကြောင်း၊ လာဘ်ရကြောင်း

ပါဠိ။ 
အညာဟိ လာဘူပနိသာ၊ အညာ နိဗ္ဗာန ဂါမိနီ။
ဧ၀မေတံ အဘိညာယ၊ ဘိက္ခု ဗုဒ္ဓဿ သာဝကော။
သက္ကာရံ နာဘိနန္ဒေယျ၊ ၀ိဝေက မနုဗြူဟယေ။

အနက်။ 
လာဘူပနိသာ၊ လာဘ်ရကြောင်းအကျင့်သည်။ အညာဟိ၊ တစ်မျိုးတခြားတစ်ပါးသာတည်း။ နိဗ္ဗာနဂါမိနီ၊ နိဗ္ဗာန်ရကြောင်းအကျင့်သည်။ အညာ၊ တစ်ပါးသာတည်း။ ဧ၀ံ၊ ဤသို့။ ဧတံ၊ ဤအကျင့် ၂ ပါးကို။ အဘိညာယ၊ ခွဲခြားသိသောကြောင့်။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သာဝကော၊ တပည့်ဖြစ်သော။ ဘိက္ခု၊ ရဟန်းသည်။ သက္ကာရံ၊ လာဘ်ပူဇော်သက္ကာရကို။ နာဘိနန္ဒေယျ၊ မနှစ်သက်ရာ။ ၀ိဝေကံ၊ ၀ိဝေက ၃ ပါးကို။ အနုဗြူဟယေ၊ တိုးပွားစေရာသတည်း။

အဓိပ္ပါယ်။ 
လာဘ်ရကြောင်းအကျင့်နှင့် နိဗ္ဗာန်ရကြောင်းအကျင့် ၂ ပါးကို ကွဲပြားခြားနာစွာသိ၍ ဘုရားတပည့်သည် လာဘ်ပူဇော်သက္ကာရကို မနှစ်သက်ဘဲ ၀ိဝေက ၃ ပါးကို တိုးပွားစေရာ၏။

ဓမ္မသာရ။ 
နိဗ္ဗာန်ရကြောင်းကျင့်သူသည် လာဘ်ရကြောင်းအကျင့်ကို ရှောင်ရ၏။

လာဘ်မှီအကျင့်

"လာဘူပနိသာ"လာဘ်ကို မျှော်ကိုး၍ ကျင့်သူ၏ အကျင့်သည် နိဗ္ဗာန်ရောက်ကြောင်း အကျင့်မဟုတ်။ လာဘ်ကို မျှော်ကိုးသဖြင့် ကျင့်အပ်သောအကျင့်သည် ကိုယ်နှုတ်တို့ဖြင့် ကောက်ကျစ်စဉ်းလဲမှု ပြုတတ်သဖြင့် အကုသိုလ်ဖြစ်၏။ ရသောလာဘ်သည်လည်း "အဓမ္မိကလာဘ်"မည်၏။

ကာယဥပဓိနှင့် ပြည့်စုံခြင်း၊ သင်္ကန်းကိုဝတ်ခြင်း၊ အကြားအမြင် ဗဟုသုတများခြင်း၊ အခြံအရံပြည့်စုံခြင်း၊ တောကျောင်းနေခြင်းဟူသောအကြောင်းတို့ကြောင့် ဖြစ်ပေါ်လာသောလာဘ်သည် တရားနှင့်လျောညီ၍ "ဓမ္မိကလာဘ်"မည်၏။

နိဗ္ဗာန်ရောက်ကြောင်းအကျင့်

နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကို ဖြည့်ကျင့်သူသည် စဉ်းလဲလှည့်ပတ်ခြင်းဖြင့်ရသော အဓမ္မိကလာဘ်ကို ပယ်အပ်၏။ မကန်းဘဲ ကန်းသကဲ့သို့၊ မအဘဲအသကဲ့သို့၊ မထိုင်းဘဲ ထိုင်းသကဲ့သို့ ကျင့်ရ၏။

ထိုအကျင့် ၂ မျိုးနှင့် သင်္ခတ၊ အသင်္ခတတရားအားလုံးကို ခွဲခြားသိလျက် ဘုရား၏ အနီး၌နေခြင်း၊ ဘုရားရှင်၏ အဆုံးအမတရားစကားကို လိုက်နာကျင့်သုံးခြင်း ပြုအပ်၏။ အဓမ္မိကလာဘ်ကို မနှစ်သက်မတောင့်တရာ။ တရားနှင့်လျော်သည်ကို မဖျက်ဆီးရာ။

အကျင့် ၂-မျိုး၏ တန်ဖိုး

လာဘ်ကို မျှော်ကိုးလျက် ဓုတင်စသော တရားအကျင့်ကို ကျင့်သူအတွက် အပါယ် ၄-ပါးသည် တံခါးပွင့်နေ၏။ လာဘ်မမျှော်ကိုးဘဲ တောတွင်းသို့ဝင်လျက် နိဗ္ဗာန်ရောက်ကြောင်းကျင့်သူသည် အရဟတ္တဖိုလ်ကို ရနိုင်သည်။ (ဓမ္မ၊ ဌ၊ ၁၊ ၃၄၀)

ဝိဝေက ၃ ပါး

၁။ ကာယ၀ိဝေက - တစ်ယောက်တည်းနေခြင်း
၂။ စိတ္တ၀ိဝေက - သမာပတ် ၈ ပါးတို့ဖြင့် တစ်စိတ်တည်းထားခြင်း
၃။ ဥပဓိဝိဝေက - နိဗ္ဗာန်

ထိုတွင် ကာယ၀ိဝေကကို ကျင့်သဖြင့် ဂိုဏ်းဖြင့် ပေါင်းဖော်မွေ့လျော်ခြင်းကို ပယ်ဖျောက်၏။ စိတ္တ၀ိဝေကဖြင့် ကိလေသာပေါင်းဖော်မွေ့လျော်ခြင်းကို ပယ်ဖျောက်၏။ ဥပဓိဝိဝေကဖြင့် သင်္ခါရဖြင့် ပေါင်းဖော်မွေ့လျော်ခြင်းကို ပယ်ဖျောက်၏။

ဘုရားရှင်တိုင်း ဟောသောတရား

ဘုရားရှင်တိုင်းသည် ၃၂ ကောဋ္ဌာသ အပြည့်အစုံမဟောသင့်သော အရွယ်၌ ဆံပင်၊ မွေးညှင်း၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေဟူသော "တစပဉ္စက" ကမ္မဋ္ဌာန်းတရားကို ဟောသည်။ ထိုတစပဉ္စကကမ္မဋ္ဌာန်းကို ဘုရားရှင်တိုင်း လက်မလွှတ်တမ်း ဟောကြားတော်မူ၏။ ထိုကမ္မဋ္ဌာန်းဖြင့် ရဟန္တာဖြစ်သူများပင် မရေတွက်နိုင်။ (ဓမ္မ၊ ဌ၊ ၁၊ ၃၃၆)

ကိုရင်တိဿ၏ လက်သုံးတရား

ကိုရင်တိဿသည် အသက် ၇ နှစ်အရွယ်အတွင်း တိဿ၊ ပိဏ္ဍပါတဒါယကတိဿ၊ ကမ္ဗလဒါယကာတိဿ၊ ၀န၀ါသီတိဿဟု နာမည် ၄ ခုရလျက် မိမိဒါယကာတို့အား "သုခိတာ ဟောထ၊ ဒုက္ခာ မုစ္စထ"ကိုသာ အမြဲ ဟောကြားလေ့ရှိသည်။ (ဓမ္မ၊ ဌ၊ ၁၊ ၃၃၈)

မိမိဆရာကို ပြန်ဟောခြင်း

ကိုရင်တိဿသည် ဆရာဖြစ်တော်မူသော အရှင်သာရိပုတ္တရာမထေရ်၏ အမိန့်အရ "အရှင်မြတ်ဘုရား၊ အရဟတ္တဖိုလ်ကို ရသူအား ချမ်းသာဖြင်း ဖြစ်၏။ အရဟတ္တဖိုလ်ကို ရသူသည်သာ ဆင်းရဲမှ လွတ်နိုင်၏။ ကြွင်းပုဂ္ဂိုလ်တို့သည်ကား ဇာတိစသော ဒုက္ခ၊ နိရယစသောဒုက္ခတို့မှ မလွတ်နိုင်ပါ"ဟု "သုခိတာ ဟောထ၊ ဒုက္ခာ မိုစ္စထ"ကို အနက်အဓိပ္ပါယ်ဖွင့်ဆိုပြသည်။ (ဓမ္မ၊ ဌ၊ ၁၊ ၃၄၀)

သတ္တ၀ါတစ်ယောက်၏ မျက်ရည်

သတ္တ၀ါတစ်ယောက် ဆင်းရဲရောက်သောအခါ ငိုကြွေးရသဖြင့် ထွက်ကျသော မျက်ရည်တို့သည် သမုဒ္ဒရာ ၄ စင်းရှိ ရေတို့ထက် ပိုများ၏။

မသေဖူးရာ၌ အသေထူးသူ

မြေ၌ ခန္ဓာကိုယ်ကို ပစ်ချ၍ သေသောသတ္တ၀ါတို့တွင် မသေဖူးသောအရပ်၌ သေသူသည် အသက် ၁၂၀-ရှိ အရှင်အာနန္ဒာမထေရ် ဖြစ်၏။ ရောဟိနီမြစ်အလယ် ထန်း ၇ ဆင့်မျှအမြင့် ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေနေတော်မူလျက် တေဇောဓာတ်လောင်ကျွမ်းစေကာ ပရိနိဗ္ဗာန်ပြုတော်မူသည်။ (ဓမ္မ၊ ဌ၊ ၁၊ ၁၄၁၈)

ဝန၀ါသီတိဿသာမဏေရ၀တ္ထုပြီး၏။
ဗာလ၀ဂ်ပြီး၏။
******************************
ဆရာတော်အရှင်သိရီဝံသ၏ ဓမ္မပဒ တရားသင်တန်း၊ ဗာလ၀ဂ် သင်ခန်းစာ (Page: 119 to 122) မှ ဓမ္မဒါနအဖြစ် ရိုက်ကူးမျှဝေပါတယ်။
Photo Credit to: Original Uploader
မေတ္တာဖြင့်
ခိုင်ခိုင်
Jan 28, 2017 (Sat)
.

Tuesday, January 17, 2017

သံဃိကဒါနနှင့် ပုဂ္ဂလိကဒါန


မဟာဂန္ဓာရုံဆရာတော်၏ နံနက်ခင်းသြဝါဒ {၁၃} (ဒါနစွမ်းအား ဆွမ်းတရား)

ဘုန်းကြီးတို့ ဗုဒ္ဓမြတ်စွာပွင့်ထွန်းပေါ်ပေါက်လာတော့ ကုသိုလ်တွေ ပြုစရာ ပြည့်နေတာ ပဲ၊ အခု ဆွမ်းဒကာ ဆွမ်းအမများ စဉ်းစား ကြည့်ကြ၊ ဗုဒ္ဓမြတ်စွာ သာသနာတော်နဲ့ မတွေ့ရင် အခုလို သံဃိကဒါန ဆွမ်းကုသိုလ် ပြုဖို့ဆိုတာ မလွယ်ပါဘူး၊ သာသနာနဲ့တွေ့လို့ ဆွမ်းကုသိုလ် ပြုရတယ်၊ ကုသိုလ်တွေ ထဲမှာလဲ သာသနာတွင်းကုသိုလ်, သာသနာပကုသိုလ် နှစ်မျိုး ရှိတဲ့အနက်က သာသနာတွင်းကုသိုလ်က အကျိုးအား သန်တယ်၊

ဗုဒ္ဓမြတ်စွာနဲ့ တွေ့ရလို့ ယခုလို သံဃိကဒါန ကုသိုလ်တွေ ပြုရတယ်၊ သာသနာနဲ့တွေ့တော့ ဆွမ်းကုသိုလ် ပြုကြတယ်၊ သူများပြုတာမြင်တော့ ကိုယ်ကလဲ ပြုချင်လာ တယ်၊ ဘုန်းကြီးက အကုန်အကျ နည်းနည်းနဲ့ ကုသိုလ်ရတာ သဘောကျတယ်။

ဒါနသည် ဘာကို အကျိုးပေးသလဲ

တချို့ ပိုက်ဆံတွေ အကုန်အကျခံပြီး ကုသိုလ်တွေ ပြုကြတယ်၊ သိပ်ကုန်ပြီး အကျိုး မရတော့ အလကားပဲ၊ တချို့ ကုသိုလ်ပြုချင်ကြတယ်၊ ဒါပေမယ့် မတတ်နိုင်ကြဘူး၊ မပြုနိုင် ကြဘူး၊ ဒါနဟာ အကုန်သက်သာမှ ကောင်းတယ်၊ ဆွမ်း ဒါယကာ ဒါယိကာမတွေ ဒါနဟာ ဘာကို အကျိုးပေးသလဲ တွေးကြည့်ပါ၊ ကိုယ်တိုင်ကိုယ်ကြပ် သဘောကျအောင် တွေး ကြည့်ပါ၊ သာမညလေးပဲလို့ သဘောမထားလိုက်ပါနဲ့၊

ဒါန ဆိုတာ ကိုယ့်ရှိတဲ့ပစ္စည်း စွန့်ကြဲလိုက်တာပဲ၊ ကုသိုလ်မျိုးစေ့ အကြဲခံရတဲ့ လယ်ယာမြေနဲ့ တူတဲ့ အလှူခံတွေက ကောင်းနေ မှလဲ အပင်ဟာ ပေါက်မယ်၊ လယ်ယာမြေ မကောင်းရင် အပင် မပေါက်ဘူး၊ ယခုပြုတဲ့ ဒါနဟာ အာယု ဝဏ္ဏ သုခ ဗလ ပဋိဘာနဆိုတဲ့ အကျိုးငါးမျိုးကို ပေးတယ်၊ ဒီအကျိုးငါးမျိုးကို ရပါတယ်။

လယ်ယာမြေကောင်း မျိုးစေ့ချ

ဒီအကျိုး ငါးမျိုးဟာ သာသနာပလဲ ရတယ်၊ သာသနာတွင်းလဲ ရတယ်၊ သာသနာတွင်းမှာ ဘုရားပါနေတယ်၊ ဘုရားရဲ့ ဝိနည်းတော်အတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ် နေကြတဲ့ သံဃာတွေ ပါနေတယ်၊ ပုဂ္ဂိုလ် တစ်ပါး နှစ်ပါး မဟုတ်ဘူး၊ သံဃာမှာ ပရိနိဗ္ဗာန် ဝင်စံသွားတဲ့ အရိယာသံဃာ ကြီးတွေပါ ပါနေတယ်၊ ဘာပြုလို့လဲ၊

အသင်းအဖွဲ့ဖြစ်တဲ့ ဘုရားသားတော်အပေါင်း ပါနေတယ်၊ သံဃိကကျောင်းတွေ လှူတယ်၊ နေနေ မနေနေ ကျောင်းအလှူလဲ သံဃိကဒါန ဖြစ်တာပဲ၊ အခု ဆွမ်းလဲ ဒီလိုပဲ၊ “သံဃဿ ဒေမ”၊ လယ် မြေကောင်း မျိုးစေ့ ချလိုက်တာပဲ၊ ဆိုစမ်း-အလှူခံမှာ ...

“အလှူခံမှာ, လယ်ပမာ၊ လှူရှာသူများ, လယ်သမား၊
အများလှူဖွယ်, မျိုးစေ့နှယ်၊ နောင်ဝယ် အသီးစား”

အေး...အလှူခံပုဂ္ဂိုလ်တွေဟာ ဘာနဲ့ တူသလဲ၊ လယ်ယာ မြေနဲ့ တူတယ်၊ အလှူရှင်က ဘာနဲ့ တူသလဲ၊ လယ်ယာလုပ်တဲ့ သူနဲ့ တူတယ်၊ လှူဖွယ်ပစ္စည်းအစုနဲ့ စေတနာက မျိုးစေ့နဲ့ တူတယ်။

ဘက်စုံကောင်းမှ အကျိုးပေးနိုင်

တို့လယ်ယာမြေက ပေါင်းမြက်တွေ ရှုပ်နေရင် အပင်တွေဟာ ကြီးထွားနိုင်ပါ့မလား၊ မကြီးထွားနိုင်ဘူး၊ တစ်ခါ လယ်ယာမြေ ကောင်းနေသော်လဲ မျိုးစေ့ မကောင်းရင် အပင်ဟာ ကြီးထွား နိုင်ပါ့မလား၊ မကြီးထွားနိုင်ဘူး၊ မျိုးစေ့နဲ့ လယ်ယာမြေက ကောင်းနေသော်လဲ လယ်လုပ်သူက နားမလည်နိုင်ရင်ကော အပင်ဟာ ကြီးထွားနိုင်ပါ့မလား၊ မကြီးထွားနိုင်ဘူး၊ ဒီတော့ကာ လယ်ယာမြေနဲ့တူတဲ့ အလှူခံပုဂ္ဂိုလ်တွေက ကောင်းရမယ်၊

လယ်ယာလုပ်သူနဲ့တူတဲ့ အလှူရှင်တွေကလဲ လှူပုံ လှူနည်း နားလည်ရမယ်၊ မျိုးစေ့နဲ့တူတဲ့ စေတနာ ဝတ္ထုပစ္စည်းတွေ ကလဲ သန့်ရှင်းစင်ကြယ်ရမယ်၊ ဒီလို ဘက်စုံမှ အကျိုးပေး သန်နိုင်တယ်။

အစ်မကြီးဘဒ္ဒါနှင့် ညီမ သုဘဒ္ဒါ

ကျမ်းဂန်တွေထဲမှာ ဒါနဲ့ ပတ်သက်လို့ တော်တော် ကျယ်ကျယ် ဝန်းဝန်း လာတယ်၊ ဒီနေရာမှာသံဃိကဒါနနဲ့ပုဂ္ဂလိက ဒါန အကျိုးပေး ကွာခြားပုံကို ဘုန်းကြီး နည်းနည်း ပြောချင် တယ်၊ ဟိုတုန်းက ရွာတစ်ရွာမှာ ဘဒ္ဒါနဲ့သုဘဒ္ဒါဆိုတဲ့ညီအစ်မ နှစ်ယောက် နေကြတယ်၊

အစ်မကြီးဖြစ်တဲ့သူက အိမ်ထောင် သည်ဘဝ ရောက်နေတယ်၊ ဒါပေမယ့် သူ့မှာ သား သမီးက မထွန်းကားဘူး၊ ဒီတော့ အစ်မကြီးက စဉ်းစားတယ်၊ “ငါတို့ မရှိတဲ့နောက်မှာ ငါတို့ရဲ့ စီးပွားဥစ္စာတွေကို အမွေဆက်ခံ မည့်သူ ရှိမှာ မဟုတ်ဘူး၊ မရှိရင် အားလုံး ပျက်စီးကုန်လိမ့် မယ်”လို့ စဉ်းစား ကြံစည်ပြီး ညီမဖြစ်တဲ့ သုဘဒ္ဒါကို သူ့ ယောကျာ်းနဲ့ လက်ဆက်ပေးလိုက်တယ်၊ ပြီးတော့ သူ့ညီမ ကိုလဲ နေ့စဉ်မပြတ် ဆုံးမတယ်၊

ဆုံးမပုံကလေးက ....
“ငါ့ညီမ ... ဒါနကို ပြုရတယ်၊ သီလကို ဆောက်တည် ရတယ်၊ ဘာဝနာကို ပွားရတယ်” စသည်ဖြင့် ဆုံးမလိုက်တော့ ညီမဖြစ်သူကလဲ အစ်မကြီးရဲ့ အဆုံးအမပေါ်မှာ တည်ပြီး နေ့စဉ်အမြဲ ပြုလုပ်ဆောင်ရွက်တယ်၊ တစ်နေ့တော့ ညီမဖြစ်တဲ့ သုဘဒ္ဒါက ဆွမ်းကပ်ချင်တယ်၊ ဆွမ်းကပ်ချင်တဲ့အကြောင်း ကိုလဲ သူ့အိမ်မှာ အမြဲထိုင်နေတဲ့ အရှင်ရေဝတကို လျှောက် ထားတယ်၊ ဒီတော့ အရှင်ရေဝတက “သုဘဒ္ဒါ... သင် ဆွမ်း ကပ်ချင်ရင် ပုဂ္ဂလိက မကပ်နဲ့ç သံဃိကကပ်၊ သံဃာကို ရည်မှန်းပြီးတော့ ကပ်”လို့ အမိန့်ရှိလိုက်တယ်။

ညီအစ်မနှစ်ဦး အကျိုးပေးပုံထူး

သုဘဒ္ဒါလဲ အရှင်ရေဝတ အမိန့်ရှိလိုက်တဲ့ အတိုင်း သံဃာရှစ်ပါး ပင့်ပြီး ဆွမ်း ကပ်တယ်။
“သံဃဿ ဒေမ၊ နိဗ္ဗာနပစ္စယော ဟောတု=သံဃာတော် အား လှူပါ၏၊ နိဗ္ဗာန်၏ အထောက်အပံ့ ဖြစ်ပါစေ”လို့ ဒီလို အာရုံပြုပြီး လှူလိုက်တယ်၊ ဒါနဲ့ သူတို့ စုတေ သေလွန်တဲ့ အခါ ညီမဖြစ်သူက နိမ္မာနရတိနတ်ပြည်မှာ ဖြစ်တယ်၊

အစ်မ ကြီး ဖြစ်သူက တာဝတိံသာနတ်ပြည်မှာ သွားဖြစ်ရတယ်၊ ညီမ ဖြစ်သူက စဉ်းစားတယ်၊ “ငါဟာ ဒီစည်းစိမ် ချမ်းသာတွေကို ဘယ်သူ့ အမှီပြုပြီး ရခဲ့တာပါလိမ့်မလဲ”လို့ စဉ်းစားလိုက်တော့ အရှင်ရေဝတ အဆုံးအမကြောင့် ရတာပဲလို့ သူမြင်တယ်၊
နောက်တစ်ခါ “ငါ့အစ်မကြီးများ ဘယ်ရောက်နေပါလိမ့်မလဲ” လို့ စဉ်းစားကြည့်လိုက်ပြန်တော့ တာဝတိံသာမှာ ဖြစ်နေ တာကို မြင်ရပြန်တယ်။

အစ်မကြီးခမျာ အံ့ဩရှာ

ဒါနဲ့ သုဘဒ္ဒါက သူ့အစ်မကြီးရှိရာ တာဝတိံသာ နတ်ပြည်သို့ သွားတယ်၊ ဘုံချင်းကအလွန်ကွာခြားနေတော့ အရောင် အဝါချင်းကလဲ အလွန်ကွာခြားနေတာပေါ့၊ အရောင်အဝါတွေ တောက်နေတဲ့ နတ်သမီးကို မြင်လိုက်တော့ တော်တော် အံ့ဩ သွားတယ်၊ ဒါနဲ့ အစ်မကြီးက မေးတယ်။

“သင်ဟာ ဘယ်ကပါလဲ၊ ငါတို့ရဲ့ ဘုံဌာနမှာ ဒီလို အရောင် တောက်ပတဲ့ နတ်သမီးကို တစ်ခါမှ မမြင်ဖူးပါဘူး၊ ဘယ်လို အကြောင်းနဲ့များ လာခဲ့ပါသလဲ”
“ကျွန်မဟာ တခြားလူ မဟုတ်ပါဘူး၊ လွန်ခဲ့တဲ့ ဘဝ တုန်းက သင်နဲ့ ညီအစ်မ တော်ခဲ့ပါတယ်” စသည်ဖြင့် ပြော ကြားလိုက်တော့ အစ်မကြီးဖြစ်သူက ...
“ဒီလိုဖြင့် သင့်မှာတော့ အထက်နတ်ပြည်မှာ ရောက်နေပြီး ငါ့မှာတော့ ဘာကြောင့် အောက်နတ်ပြည် ရောက်နေရပါသလဲ”

ဒီလို မေးလိုက်တော့ ညီမဖြစ်သူက ....
“ သာ ဒက္ခိဏာ သံဃဂတာ, အပ္ပမေယျေ ပတိဋ္ဌိတာ၊ ပုဂ္ဂလေသု တယာ ဒိနံ္န, န တံ တဝ မဟပ္ဖလံ။”

“သံဃဂတာ-သံဃာအားရောက်သော၊ ဝါ-သံဃာအား လှူသော၊ သာ ဒက္ခိဏာ-ထိုအလှူသည်၊ အပ္ပမေယျေ-မနှိုင်း အပ် မနှိုင်းယှဉ်နိုင်သော အကျိုး၌၊ ပတိဋ္ဌိတာ-တည်၏၊ တယာ-သင်အစ်မကြီးသည်၊ ပုဂ္ဂလေသု-ပုဂ္ဂိုလ်တို့၌၊ ဒိနံ္န-ပေးလှူအပ်ပြီ၊ တဝ-သင်အစ်မကြီး၏၊ တံ-ထိုပုဂ္ဂိုလ်၌ ပေး လှူအပ်သော အလှူသည်၊ န မဟပ္ဖလံ-ကြီးကျယ်ဖွံ့ဖြိုး များမြတ်သောအကျိုး မရှိနိုင်။”

သံဃိကဒါနနှင့် ပုဂ္ဂလိကဒါန

“သင်အစ်မကြီးက သံဃာကို ရည်မှန်းပြီးတော့မှ မလှူပဲဘဲ၊ ပုဂ္ဂိုလ်ကို ရည်မှန်းပြီး လှူဒါန်းတော့ ဘယ်မှာလာပြီး အကျိုးကြီး နိုင်ပါတော့မလဲ”

“အမလေး ညီမရယ်၊ အစ်မလဲ စောစောကသာ ဒီလို သိရရင် လှူတာပေါ့” စသည်ဖြင့် ပြောကြတယ်၊ ဒါ သံဃိက ဒါနနဲ့ ပုဂ္ဂလိကဒါန ကွာခြားပုံကို ပြောကြခြင်း ဖြစ်တယ်၊ ဒီလို လူ့ဘဝ နတ်ဘဝတွေကို ဆုတောင်းရမယ်လို့ မဆိုလို ပါဘူး၊ ဒါကို ဆွမ်းဒကာ ဆွမ်းအမတွေက သိထားကြပါ။

အသက်ကို ပေးလှူရာရောက်

ခုလို သံဃာများဆွမ်းကပ်တော့ ဆွမ်းကို ဘုဉ်းပေးကြတဲ့ သံဃာများမှာ အသက်ရှည်တယ်၊ ဘာပြုလို့လဲ၊ ၇ ရက်လောက် များ ဆွမ်းမစားရရင် ဒီသံဃာတွေ ပျော့ခွေနုံးချည့်ပြီး အားအင် ပြတ်မတ်တတ်ကလဲ သေပွဲဝင်ရမယ်၊ ခုတော့ ဒီဆွမ်းကို ဘုဉ်းပေးလိုက်ရလို့ အသက်ရှည်တယ်၊ စာပေကျမ်းဂန်များ သင်အံ လေ့လာနိုင်တယ်၊ သမထ ဝိပဿနာတရားများ အား ထုတ်နိုင်ကြတယ်၊ ဒါကြောင့် ဆွမ်းလှူတဲ့ ဒါယကာ, ဒါယိကာမတွေဟာ အသက်ကိုလဲ ပေးလှူသည်မည်တယ်လို့ ဘုရားဟောခဲ့တယ်။

အဆင်းကိုလဲ လှူရာရောက်

ဒါတင်လားဆိုတော့ မဟုတ်သေးဘူး၊အဆင်းကိုလဲ ပေးလှူသည် မည်တယ်၊ ဘယ်လို ပေးလှူရာ ရောက်လဲ၊ ဒီ သံဃာတွေ ဆွမ်းကိုမှ မဘုဉ်းပေးရရင် မျက်နှာတွေ ဘယ်လို ဖြစ်နေမလဲ၊ ဆွမ်း ဒါယကာ ဆွမ်းအမတွေ တွေးကြည့်ကြ၊ မျက်နှာတွေ ရှုံ့တွ နေမယ်၊ မကြည်မလင် ဖြစ်နေမယ်၊ ဆွမ်းဘုဉ်းပေးလိုက်တဲ့ အခါ မျက်နှာတွေ ကြည်လင်လာမယ်၊ ဆွမ်းလှူတဲ့ ဒါယကာ ဒါယိကာမများမှာလဲ ဒီအကျိုးတွေ မုချ ခံစားရမယ်။

ချမ်းသာကိုလဲ လှူရာရောက်

နောက်တစ်ခုက ချမ်းသာကိုလဲ ပေးလှူသည် မည်တယ်၊ ဘယ်လို ပေးလှူသလဲ၊ ဆွမ်းမစားရတော့ ဆင်းရဲတယ်၊ကလေးတွေများဆို ငိုလိုက်တာ ကျူကျူပါလို့၊ သံဃာတွေလဲ ဆွမ်းမစားရရင် ကိုယ်တွေ ပိန်ချုံးပြီး စိတ်တွေ မချမ်းမသာ ဖြစ်ကြရမယ်၊ ဒီ ဆွမ်းဘုဉ်းပေး လိုက်ရတော့ ကိုယ်လဲ ချမ်းသာ၊ စိတ်လဲ ချမ်းသာ ဖြစ်ကြရတယ်၊ ဒါ့ကြောင့် ချမ်းသာကိုလဲ ပေးလှူရာ ရောက်တယ်။

ခွန်အားကို ပေးလှူရာရောက်

လူတွေမှာ ခွန်အားဗလ မရှိရင် ဘာကိုမှ မလုပ်နိုင်သလိုဘဲ၊ ဒီ သံဃာတွေမှာလဲ ဆွမ်းမှ ဘုဉ်းမပေးရရင် ခွန်အားဗလတွေ ဆုတ်ယုတ်ကုန်မှာပဲ၊ ခွန်အားမရှိရင် သာသနာ့တာဝန်ကို မထမ်းဆောင်နိုင်ဘူး၊ စာပေပရိယတ်ကို မကြိုးစားနိုင်ဘူး၊ ဒီ ဆွမ်းစားရတော့ ခွန်အား ရှိလာတယ်၊ ခွန်အား ရှိလာရင် သာသနာ့တာဝန်ကို ထမ်းဆောင်နိုင်တယ်၊ ဒါ့ကြောင့် ခွန်အား ကိုလဲ ပေးလှူရာ ရောက်တယ်။

ပညာကိုလဲ ပေးလှူရာရောက်
ပြီးတော့ ပညာကိုလဲ ပေးလှူရာရောက် သည် မည်တယ်၊ ဘယ်လို ပေးလှူရာ ရောက်သလဲ၊ ဘောဇဉ်အာဟာရ မမျှတ တဲ့ နေရာတစ်ခုမှာ တရားအားထုတ်ရင် တရားမရနိုင်တဲ့ အကြောင်း ကျမ်းဂန်တွေထဲမှာ ပါတယ်၊ ဒါ့ကြောင့် ဆွမ်း မဘုဉ်းပေးရရင် ကိုယ်စိတ်မချမ်းသာဘူး၊ ကိုယ်စိတ်မချမ်း သာရင် ဉာဏ်တွေ ပွင့်မလာနိုင်ဘူး၊

ဉာဏ်မပွင့်ရင် စာပေ ကျမ်းဂန် သင်အံလေ့လာလို့ မဖြစ်နိုင်ဘူး၊ သမထ ဝိပဿနာ တရားတွေကို ပွားများအားထုတ်လို့ မဖြစ်ဘူး၊ ဆွမ်းစားရတော့ ကိုယ်စိတ်ချမ်းသာတယ်၊ ကိုယ်စိတ်ချမ်းသာတော့ ဉာဏ်တွေ ပွင့်လာနိုင်တယ်၊ ဉာဏ်ပွင့်လာတော့ သာသနာနဲ့ဆိုင်တဲ့ အလုပ်တွေကို ကြိုးစားအားထုတ်နိုင်တယ်၊ ဒါ့ကြောင့် ဉာဏ် ပညာကို ပေးလှူရာ ရောက်တယ်လို့ ဆိုရတယ်။


Shared from U Myomyat Thu

Saturday, January 7, 2017

စကားအမျိုးအစား ၂ မျိုး --- (တိရစ္ဆာနကထာ ၃၂ ပါး) နှင့် (ကထာဝတ္ထု ၁၀ ပါး)


နတ်ရွာ၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်နှင့် ဖီလာဆန့်ကျင်သော (၃၂) ပါးသော တိရစ္ဆာနကထာ စကားတို့ဟူသည်မှာ...

၁) မင်းနှင့်စပ်သော စကား
၂) ခိုးသူနှင့်စပ်သော စကား
၃) အမတ်အရာရှိနှင့်စပ်သော စကား
၎) စစ်သည်နှင့်စပ်သော စကား
၅) ဘေးနှင့်စပ်သော စကား
၆) စစ်နှင့်စပ်သော စကား
၇) စားဖွယ်နှင့်စပ်သော စကား
၈) သောက်ဖွယ်နှင့်စပ်သော စကား
၉) အ၀တ်နှင့်စပ်သော စကား
၁၀) အိပ်ရာနှင့်စပ်သော စကား
၁၁) ပန်းနှင့်စပ်သော စကား
၁၂) နံ့သာနှင့်စပ်သော စကား
၁၃) ဆွေမျိုးနှင့်စပ်သော စကား
၁၄) ယာဉ်နှင့်စပ်သော စကား
၁၅) ရွာနှင့်စပ်သော စကား
၁၆) နိဂုံးနှင့်စပ်သော စကား
၁၇) မြို့နှင့်စပ်သော စကား
၁၈) နယ်နှင့်စပ်သော စကား
၁၉) မိန်းမနှင့်စပ်သော စကား
၂၀) ယောက်ျားနျှင့်စပ်သော စကား
၂၁) သူရဲကောင်းနှင့်စပ်သော စကား
၂၂) လမ်းနှင့်စပ်သော စကား
၂၃) ရေခပ်ဆိပ်နှင့်စပ်သော စကား
၂၄) သေလွန်သူနှင့်စပ်သော စကား
၂၅) အထွေထွေနှင့်စပ်သော စကား
၂၆) လောကနှင့်စပ်သော စကား
၂၇) သမုဒြာနှင့်စပ်သော စကား
၂၈) ကြီးပွားခြင်းနှင့်စပ်သော စကား
၂၉) ဆုတ်ယုတ်ခြင်းနှင့်စပ်သော စကားတို့ပင် ဖြစ်သည်။ ဤဖီလာစကားတို့ကို သီလက္ခန်ပါဠိ မြန်မာပြန် နှာ-၇ စသည်၌ ကြည့်ရှုနိုင်၏။ ဤစကားတို့၌ (၃၂) ပါး ပြည့်စေရန် တောနှင့်စပ်သော စကား၊ တောင်နှင့်၊ မြစ်နှင့်၊ ကျွန်းနှင့်စပ်သော စကားတို့ကို ဖြည့်စွက်ရန် ဋီကာ၌ ညွှန်ပြထား၏။ 


----------------------------------------------

ကထာဝတ္ထု (၁၀) ပါး သီလနိဒ္ဒေသ ကထာဝတ္ထု ၁၀-ပါး...

၁) အပိစ္ဆာကထာ --- အလိုနည်းခြင်းနှင့်စပ်သော စကား
၂) သန္ထောသကထာ --- ရောင့်ရဲလွယ်ခြင်းနှင့်စပ်သော စကား
၃) ပ၀ိဝေကကထာ --- ဆိတ်ငြိမ်ခြင်းနှင့်စပ်သော စကား
၎) အသံသဂ္ဂကထာ --- မငြိတွယ်ခြင်းနှင့်စပ်သော စကား
၅) ၀ီရိယာရမ္ဘကထာ --- တင်းတင်းရင်းရင်း အားထုတ်ခြင်းနှင့်စပ်သော စကား
၆) သီလကထာ --- သီလနှင့်စပ်သော စကား
၇) သမာဓိကထာ --- သမာဓိနှင့်စပ်သော စကား
၈) ပညာကထာ --- ပညာနှင့်စပ်သော စကား
၉) ၀ိမုတ္တကထာ --- အရိယာဖိုလ်နှင့်စပ်သော စကား
၁၀) ၀ိမုတ္တဥာဏ-ဒဿနကထာ-ပစ္စဝေက္ခဏာဥာဏ်နှင့်စပ်သော စကားတို့ပင် ဖြစ်သည်။

----------------------------------------------


* သဒ္ဓါနှင့် ပညာ၊ သမာဓိနှင့် ၀ီရိယ မျှတစေရသည်။

-- သဒ္ဓါလွန်၍ ပညာနည်းသူသည် အချည်းအနှီးသော ပုဂ္ဂိုလ်တို့ကို ကြည်ညိုတတ်၏ (၀ါ) မစူးစမ်းဘဲ မိုက်မဲစွာ ကြည်ညိုတတ်၏။
-- ပညာကြီး၍ သဒ္ဓါနည်းသူသည် ကောက်ကျစ်စဉ်းလဲတတ်၏ (ဆေးကြောင့်ဖြစ်သော ရောဂါကဲ့သို့ အကုခက်သလိုပင်)။
-- သဒ္ဓါ၊ ပညာ ညီမျှမှသာ ကြည်ညိုဖွယ်ရာ ၀တ္ထုမှာ ကြည်ညိုတတ်သည်။
-- သမာဓိ အားကြီး၍ ၀ီရိယအားနည်းသူကို ပျင်းရိခြင်းက လွှမ်းမိုးတတ်သည်။
-- ၀ီရိယ အားကြီး၍ သမာဓိအားနည်းသူကို ဥဒ္ဓစ္စက လွှမ်းမိုးတတ်သည်။
-- သမာဓိနှင့် ၀ီရိယ မျှတမှ ပျင်းရိခြင်းလည်း မဖြစ်၊ ဥဒ္ဓစ္စလည်း မလွှမ်းမိုးနိုင်တော့ချေ။
-- သဒ္ဓါ + ပညာ၊ သမာဓိ + ၀ီရိယ ညီညွတ်မျှတမှ အပ္ပနာ ဖြစ်နိုင်သည်။
* သဒ္ဓါလွန်လျှင် ကွန့်၊ ပညာလွန်လျှင် ဆွံ့၊ ၀ီရိယလွန်လျှင် ပျံ့၊ သမာဓိလွန်လျှင် တွန့်၊ သတိကား လွန်သည်မရှိဟု ဆိုကြ၏။

ဝိသုဒ္ဓိမဂ် တရားသင်တန်း (ပထ၀ီကသိုဏ်းအတွက် အခြင်းအရာ {အာကာရ} ၉-ပါး) သင်ခန်းစာ (Page-156, 158, 159) မှ ဓမ္မဒါနအဖြစ် ရိုက်ကူးမျှဝေပါတယ်။
Photo Credit to: Original Uploader
မေတ္တာဖြင့်
ခိုင်ခိုင်