ဝန၀ါသီတိဿ သာမဏေရ၀တ္ထု
တော၌နေသော ကိုရင်တိဿ
မြတ်ဗုဒ္ဓ ဇေတ၀န်ကျောင်း၌ သီတင်းသုံးစဉ် အရှင်သာရိပုတ္တရာ၏ တပည့် ခုနှစ်နှစ်အရွယ် ကိုရင်တိဿသည် သင်္ကန်းတစ်ထောင်၊ ဆွမ်းတစ်ထောင်၊ ကမ္ဗလာတစ်ထောင်တို့ကို အလှူခံရရှိ၏။ ထိုရသော လာဘ်ပူဇော်သကာတို့ကို စွန့်၍ မိဘဆွေမျိုးတို့နေရာ သာဝတ္ထိမြို့မှ ယူဇနာတစ်ရာ့ရှစ်ဆယ် ဝေးကွာသော တောရွာ၌ သွားနေ၏။
သာမဏေငယ်သည် ထိုတောရွာ၌ ရသမျှသော ပစ္စည်းလေးပါးဖြင့် တင်းတိမ်မျှတရောင့်ရဲလျက် ဆွေမျိုးဒါယကာဒါယိကာမတို့၏ အကျိုးကိုငဲ့ကာ နေ၏။ ထိုတော၌ပင် ပဋိသမ္ဘိဒါပတ္တရဟန္တာ ဖြစ်တော်မူ၏။ ထိုအကြောင်းကို ရဟန်းများက ချီးမွမ်းပြောဆိုကြသဖြင့် မြတ်ဗုဒ္ဓက ဤဒေသနာကို ဟောကြားတော်မူသည်။
နိဗ္ဗာန်ရကြောင်း၊ လာဘ်ရကြောင်း
ပါဠိ။
အညာဟိ လာဘူပနိသာ၊ အညာ နိဗ္ဗာန ဂါမိနီ။
ဧ၀မေတံ အဘိညာယ၊ ဘိက္ခု ဗုဒ္ဓဿ သာဝကော။
သက္ကာရံ နာဘိနန္ဒေယျ၊ ၀ိဝေက မနုဗြူဟယေ။
အနက်။
ဧ၀မေတံ အဘိညာယ၊ ဘိက္ခု ဗုဒ္ဓဿ သာဝကော။
သက္ကာရံ နာဘိနန္ဒေယျ၊ ၀ိဝေက မနုဗြူဟယေ။
အနက်။
လာဘူပနိသာ၊ လာဘ်ရကြောင်းအကျင့်သည်။ အညာဟိ၊ တစ်မျိုးတခြားတစ်ပါးသာတည်း။ နိဗ္ဗာနဂါမိနီ၊ နိဗ္ဗာန်ရကြောင်းအကျင့်သည်။ အညာ၊ တစ်ပါးသာတည်း။ ဧ၀ံ၊ ဤသို့။ ဧတံ၊ ဤအကျင့် ၂ ပါးကို။ အဘိညာယ၊ ခွဲခြားသိသောကြောင့်။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သာဝကော၊ တပည့်ဖြစ်သော။ ဘိက္ခု၊ ရဟန်းသည်။ သက္ကာရံ၊ လာဘ်ပူဇော်သက္ကာရကို။ နာဘိနန္ဒေယျ၊ မနှစ်သက်ရာ။ ၀ိဝေကံ၊ ၀ိဝေက ၃ ပါးကို။ အနုဗြူဟယေ၊ တိုးပွားစေရာသတည်း။
အဓိပ္ပါယ်။
အဓိပ္ပါယ်။
လာဘ်ရကြောင်းအကျင့်နှင့် နိဗ္ဗာန်ရကြောင်းအကျင့် ၂ ပါးကို ကွဲပြားခြားနာစွာသိ၍ ဘုရားတပည့်သည် လာဘ်ပူဇော်သက္ကာရကို မနှစ်သက်ဘဲ ၀ိဝေက ၃ ပါးကို တိုးပွားစေရာ၏။
ဓမ္မသာရ။
ဓမ္မသာရ။
နိဗ္ဗာန်ရကြောင်းကျင့်သူသည် လာဘ်ရကြောင်းအကျင့်ကို ရှောင်ရ၏။
လာဘ်မှီအကျင့်
"လာဘူပနိသာ"လာဘ်ကို မျှော်ကိုး၍ ကျင့်သူ၏ အကျင့်သည် နိဗ္ဗာန်ရောက်ကြောင်း အကျင့်မဟုတ်။ လာဘ်ကို မျှော်ကိုးသဖြင့် ကျင့်အပ်သောအကျင့်သည် ကိုယ်နှုတ်တို့ဖြင့် ကောက်ကျစ်စဉ်းလဲမှု ပြုတတ်သဖြင့် အကုသိုလ်ဖြစ်၏။ ရသောလာဘ်သည်လည်း "အဓမ္မိကလာဘ်"မည်၏။
ကာယဥပဓိနှင့် ပြည့်စုံခြင်း၊ သင်္ကန်းကိုဝတ်ခြင်း၊ အကြားအမြင် ဗဟုသုတများခြင်း၊ အခြံအရံပြည့်စုံခြင်း၊ တောကျောင်းနေခြင်းဟူသောအကြောင်းတို့ကြောင့် ဖြစ်ပေါ်လာသောလာဘ်သည် တရားနှင့်လျောညီ၍ "ဓမ္မိကလာဘ်"မည်၏။
နိဗ္ဗာန်ရောက်ကြောင်းအကျင့်
နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကို ဖြည့်ကျင့်သူသည် စဉ်းလဲလှည့်ပတ်ခြင်းဖြင့်ရသော အဓမ္မိကလာဘ်ကို ပယ်အပ်၏။ မကန်းဘဲ ကန်းသကဲ့သို့၊ မအဘဲအသကဲ့သို့၊ မထိုင်းဘဲ ထိုင်းသကဲ့သို့ ကျင့်ရ၏။
ထိုအကျင့် ၂ မျိုးနှင့် သင်္ခတ၊ အသင်္ခတတရားအားလုံးကို ခွဲခြားသိလျက် ဘုရား၏ အနီး၌နေခြင်း၊ ဘုရားရှင်၏ အဆုံးအမတရားစကားကို လိုက်နာကျင့်သုံးခြင်း ပြုအပ်၏။ အဓမ္မိကလာဘ်ကို မနှစ်သက်မတောင့်တရာ။ တရားနှင့်လျော်သည်ကို မဖျက်ဆီးရာ။
အကျင့် ၂-မျိုး၏ တန်ဖိုး
လာဘ်ကို မျှော်ကိုးလျက် ဓုတင်စသော တရားအကျင့်ကို ကျင့်သူအတွက် အပါယ် ၄-ပါးသည် တံခါးပွင့်နေ၏။ လာဘ်မမျှော်ကိုးဘဲ တောတွင်းသို့ဝင်လျက် နိဗ္ဗာန်ရောက်ကြောင်းကျင့်သူသည် အရဟတ္တဖိုလ်ကို ရနိုင်သည်။ (ဓမ္မ၊ ဌ၊ ၁၊ ၃၄၀)
ဝိဝေက ၃ ပါး
၁။ ကာယ၀ိဝေက - တစ်ယောက်တည်းနေခြင်း
၂။ စိတ္တ၀ိဝေက - သမာပတ် ၈ ပါးတို့ဖြင့် တစ်စိတ်တည်းထားခြင်း
၃။ ဥပဓိဝိဝေက - နိဗ္ဗာန်
ထိုတွင် ကာယ၀ိဝေကကို ကျင့်သဖြင့် ဂိုဏ်းဖြင့် ပေါင်းဖော်မွေ့လျော်ခြင်းကို ပယ်ဖျောက်၏။ စိတ္တ၀ိဝေကဖြင့် ကိလေသာပေါင်းဖော်မွေ့လျော်ခြင်းကို ပယ်ဖျောက်၏။ ဥပဓိဝိဝေကဖြင့် သင်္ခါရဖြင့် ပေါင်းဖော်မွေ့လျော်ခြင်းကို ပယ်ဖျောက်၏။
ဘုရားရှင်တိုင်း ဟောသောတရား
ဘုရားရှင်တိုင်းသည် ၃၂ ကောဋ္ဌာသ အပြည့်အစုံမဟောသင့်သော အရွယ်၌ ဆံပင်၊ မွေးညှင်း၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေဟူသော "တစပဉ္စက" ကမ္မဋ္ဌာန်းတရားကို ဟောသည်။ ထိုတစပဉ္စကကမ္မဋ္ဌာန်းကို ဘုရားရှင်တိုင်း လက်မလွှတ်တမ်း ဟောကြားတော်မူ၏။ ထိုကမ္မဋ္ဌာန်းဖြင့် ရဟန္တာဖြစ်သူများပင် မရေတွက်နိုင်။ (ဓမ္မ၊ ဌ၊ ၁၊ ၃၃၆)
ကိုရင်တိဿ၏ လက်သုံးတရား
ကိုရင်တိဿသည် အသက် ၇ နှစ်အရွယ်အတွင်း တိဿ၊ ပိဏ္ဍပါတဒါယကတိဿ၊ ကမ္ဗလဒါယကာတိဿ၊ ၀န၀ါသီတိဿဟု နာမည် ၄ ခုရလျက် မိမိဒါယကာတို့အား "သုခိတာ ဟောထ၊ ဒုက္ခာ မုစ္စထ"ကိုသာ အမြဲ ဟောကြားလေ့ရှိသည်။ (ဓမ္မ၊ ဌ၊ ၁၊ ၃၃၈)
မိမိဆရာကို ပြန်ဟောခြင်း
ကိုရင်တိဿသည် ဆရာဖြစ်တော်မူသော အရှင်သာရိပုတ္တရာမထေရ်၏ အမိန့်အရ "အရှင်မြတ်ဘုရား၊ အရဟတ္တဖိုလ်ကို ရသူအား ချမ်းသာဖြင်း ဖြစ်၏။ အရဟတ္တဖိုလ်ကို ရသူသည်သာ ဆင်းရဲမှ လွတ်နိုင်၏။ ကြွင်းပုဂ္ဂိုလ်တို့သည်ကား ဇာတိစသော ဒုက္ခ၊ နိရယစသောဒုက္ခတို့မှ မလွတ်နိုင်ပါ"ဟု "သုခိတာ ဟောထ၊ ဒုက္ခာ မိုစ္စထ"ကို အနက်အဓိပ္ပါယ်ဖွင့်ဆိုပြသည်။ (ဓမ္မ၊ ဌ၊ ၁၊ ၃၄၀)
သတ္တ၀ါတစ်ယောက်၏ မျက်ရည်
သတ္တ၀ါတစ်ယောက် ဆင်းရဲရောက်သောအခါ ငိုကြွေးရသဖြင့် ထွက်ကျသော မျက်ရည်တို့သည် သမုဒ္ဒရာ ၄ စင်းရှိ ရေတို့ထက် ပိုများ၏။
မသေဖူးရာ၌ အသေထူးသူ
မြေ၌ ခန္ဓာကိုယ်ကို ပစ်ချ၍ သေသောသတ္တ၀ါတို့တွင် မသေဖူးသောအရပ်၌ သေသူသည် အသက် ၁၂၀-ရှိ အရှင်အာနန္ဒာမထေရ် ဖြစ်၏။ ရောဟိနီမြစ်အလယ် ထန်း ၇ ဆင့်မျှအမြင့် ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေနေတော်မူလျက် တေဇောဓာတ်လောင်ကျွမ်းစေကာ ပရိနိဗ္ဗာန်ပြုတော်မူသည်။ (ဓမ္မ၊ ဌ၊ ၁၊ ၁၄၁၈)
ဝန၀ါသီတိဿသာမဏေရ၀တ္ထုပြီး၏။
ဗာလ၀ဂ်ပြီး၏။
******************************
ဆရာတော်အရှင်သိရီဝံသ၏ ဓမ္မပဒ တရားသင်တန်း၊ ဗာလ၀ဂ် သင်ခန်းစာ (Page: 119 to 122) မှ ဓမ္မဒါနအဖြစ် ရိုက်ကူးမျှဝေပါတယ်။
Photo Credit to: Original Uploader
မေတ္တာဖြင့်
ခိုင်ခိုင်

Jan 28, 2017 (Sat)
.
No comments:
Post a Comment