Friday, August 26, 2016

မြူတိမ်ကင်းသည့် လမင်းစန္ဒာ


လမင်းသည်ကောင်းကင်၌ လှည့်လည်သွားလာစဉ် တစ်စုံတစ်ယောက်သောသူနှင့် မိတ်ဆွေဖွဲ့ခြင်း ချစ်ခင်ကျွမ်းဝင်ခြင်း၊ ကပ်ငြိတွယ်တာခြင်း၊ တပ်မက်တောင့်တခြင်းတို့ကို မပြုမူတတ်ပေ။ ထိုသို့မပြုမူသော်လည်း လူအပေါင်းတို့ ချစ်ခင်မြတ်နိုးအပ်သည်သာတည်း။

ဤအတူ ရဟန်းတို့သည်လည်း လမင်းနှင့်တူစွာ ဒါယကာ ဒါယကာမတို့တွင် တစ်စုံတစ်ယောက်သောသူကိုမျှ မိတ်ဆွေဖွဲ့ခြင်း၊ ချစ်ခင်ကျွမ်းဝင်ခြင်း၊ ကပ်ငြိတွယ်တာခြင်း၊ တပ်မက်တောင့်တခြင်းတို့ကို မပြုမူရာ။ ထိုသို့မပြုမူသော်လည်း ဒါယကာ ဒါယကာမတို့ ချစ်ခင်ကြသည်ဖြစ်၍သာလျှင် ချဉ်းကပ်ကြကုန်ရာ၏။

ရဟန်းတို့သည် ဒါယကာ ဒါယိကာမတို့အိမ်သို့ ချဉ်းကပ်ရာ၌ လောကွတ်ပျူငှာခြင်း၊ ပြောသင့်သောစကားထက် ပိုလွန်၍ ပြောခြင်း၊ အရာမဟုတ်သည်၌ ရေးကြီးခွင်ကျယ်လုပ်၍ပြောခြင်း (ဖွဲ့နွဲ့ပြောဆိုခြင်း) စသည်ဖြင့် ဒါယကာ ဒါယိကာမတို့ချစ်ခင်ကျွမ်းဝင်၍ ရင်းနှီးလာအောင်ပြုမူခြင်းကို ရှောင်ကြဉ်ရာ၏။

ဒါယကာ ဒါယိကာမတို့နှင့်ချစ်ခင်ကျွမ်းဝင်လာသည်ရှိသော် ထိုရဟန်းသည် အမျိုးလေးပါးဟုဆိုအပ်သော ဒါယကာ ဒါယိကာမတို့၏နှောင်ဖွဲ့ခြင်းကို ခံရတော့မည်သာတည်း။ ယင်းအနှောင်အဖွဲ့ခံရသောရဟန်းသည် မိမိလိုရာအရပ်သို့လည်းကောင်း၊ ဂန္ထဓူရ ၀ိပဿနာဓုရတို့၌ နှောင့်နှေးနေပေမည်။ ဖြောင့်မတ်စွာကျင့်ကြံနိုင်ဖို့ မလွယ်ကူတော့ပေ.။

``အရှင်ဘုရား တပည့်တော်တို့အိမ်ကို မနေ့ကဘာဖြစ်လို့ ဆွမ်းခံမကြွတာလည်းဘုရား၊ တပည့်တော်တို့ကပ်တာကျတော့ မဘုန်းပေးဘူး။ ဟို ဒကာ ဒကာမတွေ ကပ်တာကျတော့ ဘုန်းပေးတယ်´´စသည်အားဖြင့် လည်းကောင်း၊ ``အရှင်ဘုရား ဟိုတော့မကြွနဲ့၊ ဒီတော့ မကြွနဲ့´´ စသည်ဖြင့် နှောင်ဖွဲ့ကြပေတော့မည်။ ရဟန်းတို့သည် ဒါယကာ ဒါယိကာမတို့ နှောင်ဖွဲ့ခြင်းကိုသာယာနစ်မြောကာ ဓုရအရာ၌မကျင့်ဆောင်နိုင်ကြတော့ပေ။ ဓုရနှစ်ဖြာ မကျင့်ဆောင်နိုင်ပါမူ သီလတရား၌အားနည်းလာပေမည်။ သီလတရား၌ အားနည်းလာပါမူ လိုချင်မှု တပ်မက်မှုတို့ဖြင့် သံသရာ၌နစ်မွန်းနေပေတော့မည်။

အချို့သောရဟန်းတော်တို့သည် ဒါယကာ ဒါယိကာမတို့၏အိမ်သို့ ချဉ်းကပ်၍ ``ဟိုဟာမရှိဘူးလား၊ ဤဟာမရှိဘူးလား၊ ဦးဇင်းကဒီဟင်းကိုတော့ မကြိုက်ပါဘူး။ ဟိုဟင်းကလေးများ လောင်းပါလား၊ ဆွမ်းများများလောင်းနော်၊ ကျောင်းမှာဘာမှမရှိဘူး။ ဘာလိုသေးတယ် လှူပါဦး´´စသည်ဖြင့် ရင်းနှီးကျွမ်းဝင်စွာ တောင့်တကြ၏။ ထိုသို့တောင်းကြရာ၌ ဒါယကာ ဒါယိကာမတို့၏ သဒ္ဓါတရားတို့ ပျက်ပြယ်သွားတတ်ပါ၏။

ရဟန်းတော်တစ်ပါးသည် မိမိကိုယ်ပိုင်ကားတစ်စီးဝယ်နိုင်ရန်အတွက် ဒါယကာ ဒါယိကာမတို့အိမ်သို့ ၀တ္ထုငွေအလှူခံသည်ဟု ဆို၏။ ထိုရဟန်းနှင့်အလွန်ရင်းနှီးသော ဒါယကာတစ်ဦး၏အိမ်၌ အလှူခံရာတွင် ဒါယကာလှူဒါန်းသော ၀တ္ထုငွေသည် ထိုရဟန်းခန့်မှန်းထားသည်ထက် နည်းနေ၏။ ယင်းသို့နည်းနေသောကြောင့် မရောင့်ရဲနိုင်ဘဲ ထပ်မံ၍အလှူခံပါ၏။

``ဒကာရာ၊ ငါက ကားဝယ်ဖို့ အလှူခံတဲ့ဥစ္စာ မင်းလှူတဲ့ငွေက နည်းနည်းကလေးနဲ့ ဘယ်လိုလုပ်ကားဝယ်နိုင်မလဲ၊ ငါ့ကို အရမ်းရင်းနှီးတဲ့ မင်းကတောင် ဒီလောက်ပဲလှူရင် တခြားအိမ်တွေကျရင် ငါ့ကို နည်းနည်းလေးလှူတော့မှာပေါ့ကွ´´ဟု ဆိုသောကြောင့် ဒါယကာသည် မလှူချင်လှူချင်ဖြင့် စေတနာမပါဘဲ လှူဒါန်းလိုက်ရသည် ဆို၏။ ဤကားရင်းနှီးမှုကို ခုတုံးလုပ်၍ အတိုင်းအရှည်မသိဘဲ အလှူခံခြင်းကြောင့် ဖြစ်ရ၏။
(မန္တလေးမြို့ မိုးကောင်းတိုက် သိန်းသန်းစာချဆရာတော်၏ သြ၀ါဒစကားမှ)

ဒါယကာဒါယိကာမတို့က ဆွမ်းဘုန်းပေးပင့်သောအခါ၌ဖြစ်စေ၊ အလှူအတန်းတစ်ခုခုပြုလို၍ အိမ်သို့ပင့်သည့်အခါ၌ဖြစ်စေထိုဒါယကာ ဒါယိကာမတို့နှင့် ကျွမ်းဝင်စိမ့်သောငှါ လောကွတ်ပျူငှါခြင်းလည်း မပြုအပ်ပေ။ အမြဲတမ်းအသစ်ဖြစ်သော တစ်ခါဖူးမျှမကြွရသေးသော အာဂန္တုအဖြစ်သာ ရှိစေရပါမည်။

ဝသာဠနဂရရွာသား ညီနောင်နှစ်ဦးတို့သည် မိမိတို့ရွာကို စွန့်ခွါ၍ စူဠနာဂထေရ်နှင့် မဟာနာဂထေရ်တို့သည် စိတ္တလတောင်၌လောကုတ္တရာချမ်းသာဖြင့်သာ သီတင်းသုံးတော်မူကြ၏။ နှစ်ပေါင်း(၃၁)နှစ်ကြာသော် မိမိတို့ဇာတိ၌ကျန်ခဲ့သော မိခင်ကြီးအားကြည့်ရှု့လို၍ ပြန်ကြွလာကြသည်။ ၀သာဠနဂရကျောင်းသို့ရောက်၍ နောက်တစ်နေ့၌ မယ်တော်ကြီးရှိရာသို့ ဆွမ်းခံကြွတော်မူခဲ့ကြ၏။

မိခင်ကြီးသည် ယာဂုဆွမ်းလောင်းလှူရင်းရှေ့မှကြွလာသော ရဟန်းတော်ကိုမော်ဖူးကာ ရင်းသွေး၌သားတည်းဟူသော ချစ်ခြင်းတရားသည် အသွေးအသားမှတစ်ဆင့် သူ့အလိုလိုပေါက်ဖွားလာရ၏။ ယင်းသိရှိလာသည်နှင့်အမျှ မေတ္တာအဟုန်၏ နှိုးဆွမှုကြောင့် မထိန်းနိုင်တော့ဘဲ ၀မ်းသာအားရမေးမြန်းမိ၏။

``အရှင်ဘုရား၊ အရှင်ဘုရားသည် တပည့်တော်၏သားအကြီး မဟာနာဂမဟုတ်ပါလား´´

``ဒကာမကြီး နောက်ရဟန်းကို မေးလိုက်ပါ´´

မဟာနာဂမထေရ်ဖြေပုံကား တစိမ်းတရံဆန်လွန်း၏။ မိခင်ကြီးကိုပင် ကိုယ့်မိခင်ဟူသောအသိ၊ သားဟူသောအသိကို မပေး။ မိခင်ကြီးက သားမှန်းသိပါလျက်ယခုမူ ဤရဟန်းကသားတည်းဟူသော အမှတ်သညာကိုပင်မပြုဘဲ နောက်ရဟန်းကိုသာမေးခိုင်းခြင်းကြောင့် ၀မ်းနည်းကြီးစွာဖြင့် ယာဂုဆွမ်းလောင်းရင်း နောက်ရဟန်းကိုသာ ထပ်မံ၍မေးရရှာပါ၏။

``အရှင်ဘုရား အရှင်ဘုရားသည် တပည့်တော်၏သားငယ် စူဠနာဂ မဟုတ်ပါလား´´

``ဒကာမကြီး ရှေ့ရဟန်းကို မမေးလိုက်ဘူးလား´´ဟုသာ ဖြေကြားတော်မူ၍ ရှေ့ဆက်ကြွတော်မူခဲ့၏။

ဤမထေရ်နှစ်ပါးသည် မိခင်ရင်းမှန်းသိ၏ ကြည့်ရှု့လို၍လည်း လာခဲ့ပါ၏။ သို့သော် ``ဒါ ငါ့မိခင် ဒါငါ့မယ်တော် ဟူသောအသိဖြင့် အကျွမ်းတ၀င်မပြုခဲ့ပေ။ `သား´ဟူသော အသိကိုပင် မပေး။ မယ်တော်ကြီးနှင့်ဘာမျှမတော်စပ်သကဲ့သို့လည်းကောင်း၊ တစ်ခါမျှမတွေ့ဖူးသကဲ့သို့ လည်းကောင်း အမြဲတမ်းအသစ်ဖြင့်လာရောက်သော အာဂန္တုရဟန်းတို့ပမာ ဆက်ဆံတော်မူကြကုန်၏။ မြတ်ဗုဒ္ဓသည် အမျိုးလေးပါးအိမ်သို့ချဉ်းကပ်ရာ၌ လမင်းနှင့်တူစွာ ချဉ်းကပ်တတ်သော ရှင်မဟာကဿပမထေရ်ကြီး၏ ဂုဏ်ကို ပေါ်လွင်စိမ့်သောငှါ မထေရ်အပေါင်းတို့၏အလယ်၌ မိန့်တော်မူခဲ့၏။

``ရဟန်းတို့ မဟာကဿပသည် လမင်းနှင့်တူစွာ အမျိုးလေးပါးအိမ်သို့ ချဉ်းကပ်လေ၏။ ကိုယ်နှင့်စိတ်ကိုငြိမ်စေလျက် အာဂန္တုကဲ့သို့ အမြဲအသစ်ဖြစ်၍သာ မာန်စောင်ခက်ထန်ကြမ်းကြုတ်မှုမရှိဘဲ ချဉ်းကပ်ပေ၏။
ရဟန်းတို့ ငါဘုရား၏ လက်တော်သည် ကောင်းကင်၌ဝှေ့ရမ်းသော်လည်း ထိုကောင်းကင်အား မကပ်ငြိမ်မထိကပ်ပေ။ နှောင်ဖွဲ့မိခြင်းကင်းသကဲ့သို့ အမျိုးလေးပါးအိမ်သို့ချဉ်းကပ်သော မဟာကဿပသည် ရလိုသူတို့ရကြပါစေ၊ ကောင်းမှုလိုလားသူတို့ ကောင်းမှုကိုပြုနိုင်ကြပါစေဟု အမျိုးလေးပါးတို့၌ အကပ်ငြိပေ။ မထိမိပေ။ မိမိ၌ရရှိထားပြီးသော ပစ္စည်းနှင့်သာနှစ်သက်ရောင့်ရဲ၍ ၀မ်းမြောက်နိုင်ပါပေ၏။
ရဟန်းတို့ ကဿပသည် စင်ကြယ်သောစိတ်ထားဖြင့်သာ တရားဟောတော်မူ၏။ ငါ၏တရားကိုနာကြားမူကောင်းပေစွ၊ ငါ့တရားနာကြားပြီး ငါ့အားကြည်ညို၍ ပစ္စည်းလေးပါး၌ လိုလေသေးမရှိအောင်လှူဒါန်းကြပါမူ ကောင်းလေစွဟူသော ဓမ္မဒေသနာတွင် မစင်ကြယ်သောစိတ်ထား မရှိပေ။ လမင်းနှင့်တူစွာ အမျိုးလေးပါး၌မကပ်ငြိသဖြင့် စင်ကြယ်သောစိတ်နှလုံးရှိ၍ သတ္တ၀ါတို့အား သနားသဖြင့်သာ ဓမ္မဒေသနာတို့ကို စင်ကြယ်စွာ ဟောကြားတတ်ပေ၏´´ဟု မိန့်တော်မူခဲ့ပါ၏။

ရဟန်းတို့သည် ကိုယ်ဖြင့် ကြမ်းကြုတ်မှု(ကာယဂမ္ဘီယ)၊ နှုတ်ဖြင့်ကြမ်းကြုတ်မှု(၀စီဂမ္ဘီရ)၊ စိတ်ဖြင့်ကြမ်းကြုတ်မှု (မနောဂမ္ဘီရ)မရှိကြဘဲ အမျိုးလေးပါးဖြစ်သော ဒါယကာ ဒါယိကာမအိမ်တို့သို့ ချဉ်းကပ်ရာ၏။

ဥပမာဆိုသော် တစ်စုံတစ်ယောက်သောသူသည် တွင်းဟောင်းစသော တောင်ချောက်ကမ်းပါးတို့၌ ပျော်ပါးလိုခြင်းဖြင့် ခါးကိုင်းခြင်းကိုမပြု၊ ဒူးခြေစသော အောက်ပိုင်းခန္ဓာကိုယ်ကို တောင့်တောင့်ထားခြင်းမပြု၊ ဤနေရာမှကျသွားလျှင် လက်ကျိုးခြေကျိုးစသည် ဖြစ်လိမ့်မည်ဟု အပြစ်မမြင် စိတ်ကိုမထိတ်လန့်စေဘဲ ကြည့်ချင်လွန်းသောစိတ်ဖြင့် အငမ်းမရကြည့်မိ၏။ ထိုသူသည် အောက်သို့ကျ၍ ခြေကျိုးလက်ကျိုးခြင်းစသော အကျိုးမဲ့အဖြစ်သို့ ရောက်ရတတ်၏။

တွင်းစသည်မှရေကိုသော်လည်းကောင်း၊ တစ်စုံတစ်ခုကိုသော်လည်းကောင်း၊ ကြည့်လိုသည်ရှိသော် ဒူး ခြေ အောက်ပိုင်းကို တောင့်တောင့်ထား၍ (ကိုယ်ကိုဖယ်ခွါသည်မည်၏) ဤနေရာ၌ကျသွားလျှင် လက် ခြေကျိုးခြင်းစသော အကျိုးမဲ့ဖြစ်လိမ့်မည်ဟူသော အပြစ်ကိုမြင်၍ (စိတ်ကိုဖဲခွါသည်မည်၏) ထိတ်လန့်သောစိတ်ဖြင့် သတိထားကာ ကြည့်ရှု့၏။ ထိုသူသည် တွင်းဟောင်းစသည်၌ မကျစေဘဲ ကြည့်ရှု့နိုင်၍ ချမ်းသာရာအရပ်သို့ အလိုရှိစွာ သွားလာနိုင်ပါ၏။

ဤအတူ မြူးထူးပျော်ပါးခြင်းအလေ့ရှိသော ရဟန်းသည် ကိုယ်နှင့်စိတ်ကိုမခွါစေဘဲ တွင်းဟောင်း၌ကြည့်ရှု့သကဲ့သို့ ကိုယ်နှုတ်စိတ်သုံးပါးကို မစောင့်စည်းဘဲ အမျိုးလေးပါး၌ဖြစ်သော ဒါယကာဒါယိကာမတို့ထံသို့ ချဉ်းကပ်သောရဟန်းသည် ကပ်ငြိခြင်း နှောင်ဖွဲ့ခြင်းမှ မလွတ်မြောက်နိုင်။ ထို့ကြောင့် သီလတည်းဟူသော လက်ခြေကျိုးခြင်းစသော အကျိုးမဲ့ကို ဖြစ်စေပါ၏။

ကိုယ်နှင့်စိတ်ကို ဖဲခွါ၍ ကြည့်သောသူသည် တွင်းဟောင်းစသည်၌ မကျသကဲ့သို့ ကိုယ်နှုတ်စိတ်သုံးပါးဖြင့်ကောင်းစွာစောင့်စည်း၍ အမျိုးလေးပါးဖြစ်သော ဒါယကာဒါယိကာမတို့အိမ်သို့ ကပ်သောရဟန်းသည် ဒါယကာဒါယိကာမတို့၌ မကပ်ငြိပေ။ မနှောင်ဖွဲ့ပေ။ ထို့ကြောင့် သီလ သမာဓိ ဉာဏ်တည်းဟူသော လက်ခြေတို့မကျိုးဘဲ ရာဂတည်းဟူသော ဆူးငြောင့်ခလုတ်တို့မှ လွတ်မြောက်၍ လိုရာခရီးသို့ တစ်ပါးတည်းကြွသွားနိုင်၏။

ထို့အတူ အမျိုးလေးပါးဖြစ်သော ဒါယကာဒါယိကာမတို့၏ပစ္စည်းလေးပါးကို မှီဝဲရာ၌ မကပ်ငြိမနှောင်ဖွဲ့မိဘဲ ကမ္မဋ္ဌာန်းတရားကို ပွားများအားထုတ်နိုင်၍ အရဟတ္တဖိုလ်သို့ဆိုက်ရောက်တက်လှမ်းကာ နိဗ္ဗာန်ချမ်းသာကို လွတ်လပ်စွာ ခံစားနိုင်ပါ၏။

သျှင်တေဇမာလ (နဂါးပေါ်)

Shared from ဓမ္မစာပေများ 

Monday, August 8, 2016

မုန့်ဟင်းခါးချက်မလား ပလွေမှုတ်မလား ကိုယ့်လူတို့...



တစ်ခါတုန်းက ကောင်လေးတစ်ယောက်
မုန့်ဟင်းခါးကို အထမ်းနဲ့ လိုက်ရောင်းတယ်
သူက မုန့်ဟင်းခါးကို ကျကျနနချက်တတ်တော့
သူ့မုန့်ဟင်းခါးက အင်မတန် ရောင်းကောင်းတယ်...

စားကောင်းလွန်းအားကြီးတော့
သူ့ မုန့်ဟင်းခါးက အစောကြီးကုန်ကုန်သွားတယ်
သူကလည်း မုန့်ဟင်းခါးကို စေတနာပါပါနဲ့ ချက်တယ်
သူ့ မုန့်ဟင်းခါးလည်း နာမည်ရလာတယ်...

ဒီလိုနဲ့ တစ်နေ့ ခါတိုင်းထက် စောပြီးတော့ကို
မုန့်ဟင်းခါးက ရောင်းလို့ ကုန်သွားတယ်
ဒီတော့ ကောင်လေးလည်း ပျင်းပျင်းရှိတာနဲ့
သူ့မှာပါလာတဲ့ ပလွေကို ထိုင်မှုတ်တယ်...

ကောင်လေးက ပလွေမှုတ်တာ ဝါသနာပါတယ်
ဒါပေမဲ့ ပညာရှင်တစ်ယောက်လို
မှုတ်တတ်တာတော့ မဟုတ်ဘူး
သို့သော် နားထောင်လို့ ကောင်းရုံတော့
အသင့်အတင့် မှုတ်တတ်တယ်...

အဲ့တော့ သူပလွေမှုတ်နေတုန်းမှာ
ဘေးနားက ဖြတ်သွားဖြတ်လာ လူတွေက
သတိထားမိပြီး လာနားထောင်ကြတယ်
လက်ခုပ်သြဘာပေးကြတယ်
ဟိုသီချင်းလေးမှုတ်ပြပါ ဒီသီချင်းလေးမှုတ်ပြပါပေါ့...

သူကလည်း ကြိုးကြိုးစားစားနဲ့ မှုတ်ပြတယ်
လူတွေကလည်း ဝိုင်းလို့ နားထောင်ကြတယ်
ဒီလိုနဲ့ သူက တစ်နေ့ တစ်နေ့ အိမ်ပြန်ရောက်ရင်
မုန့်ဟင်းခါးချက်ဖို့ကို စိတ်မပါတော့ဘူး
ပလွေကို ဘယ်သီချင်းတွေ မှုတ်ပြရမလဲပဲ
စဉ်းစားတော့တယ် အဲ့ဒီမှာပဲ စိတ်ကရောက်နေတယ်...

မုန့်ဟင်းခါးအိုးကြီးကို ပစ်ထားတယ်
ခါတိုင်းလို စိတ်ပါလက်ပါနဲ့ မချက်တော့ဘူး
လူတွေလက်ခုပ်သြဘာပေးတဲ့ ပလွေမှုတ်တာကိုပဲ
သာယာပြီး ပျော်မွေ့နေတယ်...

အဲ့ဒီမှာ သူ့မုန့်ဟင်းခါး နာမည်ပျက်သွားတယ်
အရင်လို မရောင်းရတော့ဘူး
ပလွေကလည်း ပညာရှင်မဟုတ်ဘူး
ဒီအတိုင်း ဝါသနာရှင်အဆင့် မှုတ်တတ်ရုံဆိုတော့
အဲ့ဒါနဲ့လည်း အလုပ်မဖြစ်ဘူး
နောက်ဆုံး မျောက်သစ်ကိုင်းလွတ်ပြီး
ဟိုမရောက် ဒီမရောက်နဲ့ ဒုက္ခရောက်သွားတယ်...

ပုံပြင်ရဲ့ ဆိုလိုရင်းကိုတော့
ကိုယ့်ကိုယ်ကိုယ်ပဲ သာဓကပြပါ့မယ်
ကျွန်တော်က အင်ဂျင်နီယာအလုပ်နဲ့ အသက်မွေးတယ်
အင်ဂျင်နီယာအလုပ်နဲ့ ကုမ္ပဏီမှာလုပ်တယ်
အဲ့ဒီက လစာရတယ်
ဒါကျွန်တော်ချက်ရတဲ့ မုန့်ဟင်းခါးပဲ...

နောက် Facebook ပေါ်မှာ စာရေးတယ်
တချို့တွေ ချီးကျူးကြတယ်
ကျွန်တော် ဒါကို သာယာမိတဲ့အခါရှိတယ်
ဒီစာရေးတာက ကျွန်တော့်အတွက်
ပလွေမှုတ်တဲ့အလုပ်ပဲ...

Facebook ပေါ်မှာ စာရေးတဲ့ ပလွေမှုတ်တာကို
သာယာပြီး တစ်နေ့ တစ်နေ့ ဘာရေးရမလဲ
ဘာတင်ရမလဲ like တွေ သောင်းချီအောင်
Follower တွေ သိန်းချီအောင် ဘယ်လိုလုပ်ရမလဲဆိုပြီး
တွေးနေပြီးတော့ မုန့်ဟင်းခါးချက်ရမယ့်
လစာရနေတဲ့ ကုမ္ပဏီက အင်ဂျင်နီယာအလုပ်ကို
အာရုံမစိုက်ဘူးဆိုရင် ဘယ်ဘဝရောက်သွားမယ်ထင်လဲ...

ကိုယ့်ဘာသာကိုယ် စဉ်းစားရမှာပေါ့
ငါ့ရဲ့မုန့်ဟင်းခါးချက်တဲ့အလုပ်က ဘာလဲ
ငါ့ရဲ့ပလွေမှုတ်တဲ့အလုပ်က ဘာလဲ
ငါမုန့်ဟင်းခါးချက်နေတာလား
ငါပလွေမှုတ်နေတာလားပေါ့...

တချို့ကတော့ ထူးချွန်ကြပါတယ်
အလုပ်နှစ်ခု တပြိုင်တည်း အာရုံစိုက်နိုင်တယ်
မုန့်ဟင်းခါးလည်း အချက်ကောင်းတယ်
ပလွေလည်း အမှုတ်တော်တယ်
သို့သော် တော်တော်တော့ရှားပါတယ်...

တချို့ကျတော့လည်း အစက မုန့်ဟင်းခါချက်တယ်
နောက်တော့ ပလွေပြောင်းမှုတ်တယ်
ပလွေကို သေချာလေ့လာသင်ယူပြီး မှုတ်တော့
ပညာရှင်အဆင့်ဖြစ်သွားတယ်
အဲ့ဒါနဲ့ အသက်မွေးသွားတယ် ဒါမျိုးလည်း ရှိနိုင်တယ်...

ဆိုလိုတာက မျောက်သစ်ကိုင်း မလွတ်စေနဲ့ပေါ့
မုန့်ဟင်းခါးချက်ရင်လည်း သေချာချက်
မဟုတ်ရင်လည်း ပလွေကို သေချာမှုတ်
အရေးကြီးတာက ဟိုမရောက် ဒီမရောက်ကာလမှာ
ယောင်ဝါးဝါး လက်ခုပ်သြဘာတွေကို
နားမယောင်မိစေနဲ့ပေါ့ မသာယာမိစေနဲ့ပေါ့...

ဒီလိုမှမဟုတ်ဘဲ မုန့်ဟင်းခါးလည်း အာရုံမစိုက်
ပလွေကိုလည်း သေချာမမှုတ်တတ်ဘဲ
ပျော်မွေ့နေတယ်ဆိုရင်
ကိုယ့်ဘဝလည်း ပုံပြင်ထဲက ကောင်လေးလိုပဲ
နိဂုံးချုပ်သွားနိုင်တာပေါ့...

အခုရေးထားတဲ့ status လေးဟာ
ဆရာမောင်သာချိုရဲ့ဆောင်းပါးထဲက ပုံပြင်လေးကို
ကိုးကားရေးသားထားတာဖြစ်ပါတယ်
ကိုယ့်ဘဝရဲ့အဓိကနဲ့ သာမညကို
ခွဲခြားသိမြင်နိုင်ကြပါစေ (ကျွန်တော်အပါအဝင်ပေါ့)...

credit - Wai Phyo Maung
Admin-Khin Gone Ye Win