Wednesday, May 28, 2014

**သက်သတ်လွတ်စားတဲ့ ကုသိုလ်ပျက်ပါသလား**


အမေး။ ။သက်သတ်လွတ်စားတဲ့ အိမ်ရှင်မ တစ်ယောက်က မိသားစုတွေအတွက် အသားဟင်းချက်ပေးတာ သတ်သတ်လွတ်စားတဲ့
ကုသိုလ် ပျက်သွားသလားဘုရား။ တပည့်တော်သိတာက သတ်သတ်လွတ်စားတယ်ဆိုတာ သတ္တ၀ါတွေကို ဘေးမဲ့ပေးတယ်ဆိုတဲ့
စိတ်နဲ့ စားတယ်လို့ သိထားပါတယ်ဘုရား။ တပည့်တော် အသိ မှန်မမှန်ကို ဖြေပေးတော်မူပါဘုရား။

အဖြေ။ ။ သက်သတ်လွတ်စားရုံနဲ့ ကုသိုလ် မရနိုင်တဲ့အတွက် ဘယ် အသားဟင်းဖြစ်ဖြစ် ချက်ပေးလို့ရပါတယ်။ အကုသိုလ် မဖြစ်ပါဘူး။ သက်သတ်လွတ်နဲ့ ပတ်သက်ပြီး သန်းခေါင်ယံ အမေးအဖြေ စာအုပ်မှာ ဖေါ်ပြထားပါတယ်။

ဘုရားရှင်က ကုသိုလ်ရချင်တယ်ဆိုရင် ပုညကြိယာဝတ္ထု ဆယ်ပါးအနက် ကြိုက်တာကို ရွေးချယ်ပြီး ပြုလုပ်လို့ရပါတယ်။ ဘုရားရှင်က ကုသိုလ်ရချင်တယ်ဆိုရင် သက်သတ်လွတ်စားပါလို့ မဟောထားပါဘူး။ တကယ်တော့ သက်သတ်လွတ် စားတာဟာ ရောဂါကင်းတဲ့ အကျိုးတော့ ရရှိပါတယ်။ တစ်ခါက ဆရာလေး တစ်ပါးပြောဖူးတယ်။
သူဟာ ၀ါတွင်းမှာ သက်သတ်လွတ်စားပါတယ်။ အသားနဲ့ စားတုန်းကထက် အခုရောဂါ ကင်းရှင်းနေတာကို တွေ့ရပါတယ်ဘုရား လို့ ပြောဖူးပါတယ်။
ပြီးတော့ ဆရာတော်ကြီး တစ်ပါးကလဲ သူတစ်ပါးက သက်သတ်လွတ် စားတာဟာ ဘာအတွက်လဲလို့ မေးလျှောက်ပါတယ်။ ဆရာတော်က “ သွားကြားထိုးရတာ သက်သာအောင် သက်သတ်လွတ် စားရတာဖြစ်တယ်”
လို့ မိန့်တော်မူဖူးပါတယ်။

ဒါကြောင့် ရောဂါကင်းဖို့ အတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စားတတ်ဖို့လိုပါတယ်။
ဘာကြောင့်ဆိုရင် ကိုယ်စားတဲ့ အသားဟာ ကိုယ့်ရည်ရွယ်ပြီး သတ်တဲ့အသား မဟုတ်ရင် သက်သတ်လွတ်ပါတယ်။ နောက်တစ်ခုက သက်သတ်လွတ်စားခြင်းဖြင့် သတ္တ၀ါတွေကို ဘေးမဲ့ပေးရာ ရောက်ပါတယ် ..ဆိုတာနဲ့စပ်ပြီးပြောပါ့မယ်။
ဒီလို အသားမစားရုံနဲ့ သတ္တ၀ါတွေကို ဘေးမဲ့ပေးရာ မရောက်ပါဘူး။
တကယ်တမ်း သတ္တ၀ါတွေကို ဘေးမဲ့ပေးရာရောက်အောင် ပြုလုပ်ချင်တယ်ဆိုရင် ငါးပါးသီလထဲက ပါဏာတိပါတသိက္ခာပုဒ်အရ သူတစ်ပါးအသက် မသတ်ပဲ ရှောင်ကြဉ်လိုက်ရုံပါပဲ။
ဒါဆိုရင် ဘေးမဲ့ပေးရုံမက သီလစောင့်ထိန်းတဲ့အတွက် ကုသိုလ်တောင် ရပါသေးတယ်ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။

ဆရာတော် ဦးကောဝိဒ(မြိတ်) ရေးသားသော ဆိုဒ်မှာတစ်ဆင့်

ပြန်လည်ကူးယူပြီး စာဖတ်သူ ဓမ္မမိတ်ဆွေများကို မျှဝေလိုက်ခြင်း ဖြစ်ပါသည်။

Credit to Than Than Khine.

Monday, May 26, 2014

စိုးရိမ်ခြင်းကင်းအောင် ဘယ်လိုလုပ်မလဲ


“ဒေါသ”ကို ပယ်သတ်လိုက်ခြင်းဖြင့် ဘယ်တော့မှ
မစိုးရိမ်ရတော့ပါ။
“ကောဓံ ၀ဓိတွာ န ကဒါစိ သောစတိ။”

စိုးရိမ်တယ်ဆိုတာ အမျက်ဒါသရှိနေလို့ပါ။
အချို့လူတွေကတော့ ဒေါသဆိုတာ မျက်နှာတွေ
ခက်ထန်လာပြီး ၀ုန်းဝုန်း ဒိုင်းဒိုင်းပေါက်ကွဲတာလို့
သိထားကြပါတယ်။
တကယ်တော့ “စိုးရိမ်ကြောက်လန့်”တာဟာလည်း
ဒေါသကြောင့်ဖြစ်တာ ပါပဲ။ ဒေါသရဲ့လက္ခဏာပေါ့။
ဒေါသရှိနေလို့ပေါက်ကွဲတယ်။
ဒေါသရှိနေလို့ ကြောက်တယ်။ စိုးရိမ်တယ်။
ဒေါသမရှိရင် ပေါက်လည်း မပေါက်ကွဲတော့ဘူး။
ကြောက်လည်းမကြောက်တော့ဘူး။ စိုးလည်း မစိုးရိမ်တော့ပါဘူး။

ဒေါသအားကြီးတဲ့သူတွေကျတော့ ကြောက်စိတ်တွေ ၊
စိုးရိမ်စိတ်တွေ ပိုများတယ်။ ဒေါသနည်းအောင်ကျင့်နေတဲ့သူတွေ
ကျတော့ ကြောက်စိတ်တွေ စိုးရိမ်စိတ်တွေ နည်းလာတယ်။

ဒေါသကို အမြစ်ပြတ် ပယ်သတ်ပြီးတဲ့ သကဒါဂါမ်ပုဂ္ဂိုလ်၊
ရဟန္တာပုဂ္ဂိုလ်တွေမှာတော့ ကြောက်စိတ်တို့ စိုးရိမ်စိတ်တို့
လုံးဝ မရှိတော့ပါဘူး။

“ကိုယ်နဲ့ နှုတ်”မှာ ဖြစ်ပေါ်နေတဲ့ ဒေါသတွေ
ပြေပျောက်ဖို့အတွက် “သီလ”စောင့်ထိန်းရပါမယ်။
“စိတ်”ထဲမှာ ဖြစ်ပေါ်နေတဲ့ ဒေါသကို
ဖြေဖျောက်ဖို့အတွက် “သမထ”လုပ်ငန်းလို့ခေါ်တဲ့ ၊
စိတ်ကို တည်ငြိမ်အောင် လုပ်ခြင်း၊
မေတ္တာပွားများဖြင်းတို့ကို ပြုလုပ်ရပါမယ်။

ဘ၀အဆက်ဆက်က ကိန်းအောင်းနေတဲ့ ဒေါသကို
ဖျောက်ဖို့အတွက်ကတော့ ပညာလို့ခေါ်တဲ့
“၀ိပဿနာ”ကို များများ အားထုတ်ရပါမယ်။
ထိုကဲ့သို့ “သီလ၊ သမာဓိ၊ ပညာ” တိုးတက်အောင်လုပ်ခြင်းဖြင့်
ဒေါသစိတ်တွေ ပါးသထက်ပါးပြီး စိုးရိမ်စိတ်တွေလည်း
လျော့ပါးသွားပါလိမ့်မယ်။
ဒေါသကို အမြစ်ပြတ်ပယ်သတ်နိုင်ရင်တော့ စိုးရိမ်စိတ်တွေ
လုံးဝကင်းရှင်းပြီး အဆုံး စွန်သော “အေးချမ်းမှုချမ်းသာ”ကို
ခံစားသိရှိရပါလိမ့်မယ်။

-【ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ】

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

ဗုဒ္ဓဝါဒ နှင့် ဗြဟ္မဏဝါဒ ခွဲခြားပုံ


ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာဝင်ပါလို့ ခံယူထားရင် တကယ့်ဗုဒ္ဓဘာသာဝင်ဟုတ်ရဲ့လားလို့ ဆန်းစစ်ကြည့်ကြပြီး တကယ်မဖြစ်သေးရင် ဖြစ်အောင်ကြိုးစားနိုင်ကြပါစေ။
မြွေဝင် ပျားစွဲခြင်းကြောင့် ချမ်းသာတယ်လို့ ယူဆရင် ဗြဟ္မဏဝါဒ၊ (ဟိန္ဒူဝါဒ) အလုပ်ကြိုးစားခြင်း၊ ကုသိုလ်ရှိခြင်းကြောင့် ချမ်းသာတယ်လို့ ယူဆရင် ဗုဒ္ဓဝါဒ။ ဖွတ်တက်လို့၊ ဠင်းတနားလို့ ဆင်းရဲတယ် ခိုက်တယ်လို့ ယူဆရင် ဗြဟ္မဏဝါဒ၊ အလုပ်မလုပ်လို့ နှစ်လုံး သုံးလုံး လောင်းကစားလုပ်လို့ အကုသိုလ်ရှိလို့ ဆင်းရဲတယ်လို့ ယူဆမှ ဗုဒ္ဓဝါဒ။

လက်ယပ်ခေါ်တဲ့ အရုပ်ကလေးရှိလို့၊ ပုလင်းအစိမ်းထဲမှာ နှင်းဆီပွင့် စိုက်ထားလို့ ပိုက်ဆံနဲ့ ပုံဖော်ထားတဲ့ ဇီးကွက်ရုပ်(လာဘ်ခေါ်အဆောင်ကဒ်ပြား) ရှိလို့ ဈေးရောင်းကောင်းတာလို့ ယူဆရင် ဗြဟ္မဏဝါဒ၊ ဝီရိယဥာဏ်ယှဉ် စေတနာမေတ္တာထားပြီး ရောင်းလို့ ဈေးရောင်းကောင်းတယ်လို့ ယူဆမှ ဗုဒ္ဓဝါဒ၊ ရက်ရာဇာမှ ကောင်းကျိုးပေးပြီး ပြဿဒါးက မကောင်းကျိုးပေးတယ်လို့ ယူဆရင် ဗြဟ္မဏဝါဒ၊ ကုသိုလ်က ကောင်းကျိုးပေးပြီး၊ အကုသိုလ်က မကောင်းကျိုးပေးတယ်လို့ ယူဆမှ ဗုဒ္ဓဝါဒ၊ စနေ တနင်္ဂနွေအစရှိသော ဂြိုလ်တွေက ကောင်းကျိုး မကောင်းကျိုးပေးတယ်လို့ ယူဆရင် ဗြဟ္မဏဝါဒ၊ ကုသိုလ် အကုသိုလ်က ကောင်းကျိုး ဆိုးကျိုးပေးတယ်လို့ ယူဆမှ ဗုဒ္ဓဝါဒ။

ခရီးသွားတဲ့အခါ နဂါးလှည့်သင့်မှု၊ မသင့်မှုကြောင့် ကောင်းကျိုး ဆိုးကျိုးပေးတယ်လို့ ယူဆရင် ဗြဟ္မဏဝါဒ၊ ကုသိုလ် အကုသိုလ်က ကောင်းကျိုး ဆိုးကျိုးပေးတယ်လို့ ယူဆမှ ဗုဒ္ဓဝါဒ။ စုံဂဏန်း၊ မဂဏန်း(၁၃)ဂဏန်း၊ ကိုးဂဏန်းတွေက ကောင်းကျိုး ဆိုးကျိုးပေးတယ်လို့ ယူဆရင် ဗြဟ္မဏဝါဒ၊ ကုသိုလ် အကုသိုလ်က ကောင်းကျိုးဆိုးကျိုးပေးတယ်လို့ ယူဆမှ ဗုဒ္ဓဝါဒ၊ အသုဘယာဉ်ကို ကျောင်းဝိုင်းထဲ အိမ်ဝိုင်းထဲထားရင် မြို့မြင်ရွာပြင်မှာ ဆုံးတဲ့ ရုပ်အလောင်းကို မြို့ထဲရွာထဲပြန်သွင်းရင် မြို့ခိုက်တယ်၊ ရွာခိုက်တယ်လို့ ယူဆရင် ဗြဟ္မဏဝါဒ၊ ထိုအကြောင်းများကြောင့် မြို့ရွာကိုမခိုက် အကုသိုလ်ကြောင့်သာ မြို့ရွာကို ခိုက်တယ်လို့ ယူဆမှ ဗုဒ္ဓဝါဒ၊
အလောင်းကိုင်တာချင်းတူပါလျက် သုဘရာဇာကို အဝေးမှရှောင်ပြီးဆရာဝန် ဖြစ်မည့်သူကို သမက်ဖမ်းခြင်းသည် ဗြဟ္မဏဝါဒ၊ အယူအစွဲမရှိဘဲ နှစ်ဦးစလုံးကို တန်းတူဆက်ဆံခြင်းသည် ဗုဒ္ဓဝါဒ၊ ဒက္ခိဏသာခါရုပ်ပွားကို ကိုးကွယ်လျှင် မီးကွင်းသည် ဆင်စီးမြင်းရံဘုရားကို ကိုးကွယ်လျှင် စီးပွားတက်သည် ဇမ္ဗုပတိချွတ်ခန်း (မကိုဋ်စလွယ်ဆင်) ဘုရားကို ကိုးကွယ်လျှင် ရာထူးတက်သည်ဟု ယူဆ၍ ကိုးကွယ်လျှင် ဗြဟ္မဏဝါဒ၊ ဒက္ခိဏသာခါပုံကို ထုလုပ်လျှင် ဗုဒ္ဓ၏သပ္ပါယ်သော ရုပ်လက္ခဏာတော်ကို ဖျက်ဆီးရာရောက်သည်။ ဆင်ဆီး မြင်းရံဘုရားကို ထုလုပ်လျှင် ဘုရားရှင်၏ မဟာကရုဏာတော်ကို ပြက်ရယ်ရာရောက်သည်။ မကိုဋ်စလွယ်ဆင် ရုပ်ပွားကို ထုလုပ်လျှင် ရဟန်းတစ်ပါးကို ယုတ်နိမ့်သော လူအဝတ်အစားများဖြင့် ဝတ်ဆင်ပေးရာရောက်သည်ဟု တွေးခေါ်မြော်မြင်ပြီး ထိုပုံမျိုးကို မကိုးကွယ်ဘဲ ရဟန်းနှင့်တူသော ရုပ်ပွားတော်ကိုသာ ကိုးကွယ်ခြင်းသည် ဗုဒ္ဓဝါဒ။
တန်ခိုးရှိသော ရုပ်ပွားစေတီကို ရှိခိုးပူဇော်လျှင် ကောင်းကျိုး များများရသည် တန်ခိုးမရှိသော ရုပ်ပွားစေတီကို ရှိခိုးပူဇော်လျှင် ကောင်းကျိုးနည်းနည်းသာ ရသည်ဟု ယူဆလျှင် ဗြဟ္မဏဝါဒ၊ ရုပ်ပွားစေတီက အဓိကမဟုတ် မိမိစေတနာ ကသာ အဓိကဖြစ်သည်။ စေတနာ အကြီးအသေးက ကောင်းကျိုး အကြီးအသေးကို ဖြစ်စေသည်ဟု ယူဆလျှင် ဗုဒ္ဓဝါဒ။

လူသေပြီး ခုနှစ်ရက်လည်မှ အိမ်မှထွက်သည်ဟု ယူဆလျှင် ဗြဟ္မဏဝါဒ၊ စုတိနောင် ပဋိသန္ဓေဖြစ်သည် သို့မဟုတ် သေပြီး စက္ကန့်မခြားဘဲ နောက်ဘဝသစ်၌ ချက်ခြင်းဖြစ်သည်ဟု ယူဆလျှင် ဗုဒ္ဓဝါဒ။ မိမိကောင်းစားချမ်းသာဖို့ အဓိကထားပြီးလှူလျှင် ဗြဟ္မဏဝါဒ၊ အလှူခံပုဂ္ဂိုလ် ချမ်းသာဖို့ အဓိကထားပြီး လှူလျှင် ဗုဒ္ဓဝါဒ၊ ဝါတွင်းကာလ၌ အိမ်မပြောင်းကောင်းဟု ယူဆလျှင် ဗြဟ္မဏဝါဒ၊ အဆင်ပြေသည့် အချိန်တွင် ပြောင်းကောင်းသည်ဟု ယူဆလျှင်ဗုဒ္ဓဝါဒ။
လက္ခဏာတွင် အာယုလမ်းကြောင်း ရှည်သောကြောင့် အသက်ရှည်သည်၊ အာယုလမ်းကြောင်း တိုသောကြောင့် အသက်တိုသည်ဟု ယူဆလျှင် ဗြဟ္မဏဝါဒ၊ သူ့အသက်ကို မသတ်ခြင်း သူတစ်ပါး အသက်ရှည်ခွင့်ရအောင် ဆေးဝါးလှူဒါန်းခြင်းဟူသော ကုသိုလ်တို့ကြောင့် အသက်ရှည်သည် သူတစ်ပါးအသက်ကို သတ်ဖြတ်ခဲ့သော အကုသိုလ်ကြောင့် အသက်တိုသည်ဟု ယူဆလျှင် ဗုဒ္ဓဝါဒ၊ အာယုလမ်းကြောင်းသည် သင်္ကေတနိမိတ်သာဖြစ်သည်။

အရှင်ဇဝန(မေတ္တာရှင်-ရွှေပြည်သာ)၏ ဆောင်းပါးမှကောက်နှုတ်ချက်။

ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာ စိတ်ချမ်းသာ၍ ကောင်းကျိုးလိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

Wednesday, May 21, 2014

ဒူးဖော်၊ ပေါင်ဖော်တဲ့ မိန်းကလေးများ သိစေရန်


မိန်းကလေးအလှပဟာ တန်ဖိုးကြီးတယ်ကွဲ့။ ဒူးဖော် ပေါင်ဖော်ရင်သားတွေ ဖော်နေရင် ဘယ်သူမှ စိတ်မ၀င် စားတော့ဘဲ တန်ကြေး မရှိဖြစ်မယ်။

တစ်ခါက ရွာကြီးတစ်ရွာမှာ ထူးဆန်းတဲ့အဘိုးအိုတစ်ယောက်ရှိတယ်။သူမှာ သိပ်လှ တဲ့ မြေးမလေး တစ်ယောက် လည်းရှိတယ်။အဘိုးအိုပာာ မျက်လှည့်ပညာသိပ် ကျွမ်းတယ်။အဲဒီပညာနဲ့ ပဲအ သက်မွေးခဲ့ တယ်...မြေးမလေးကိုလည်း အဲဒီပညာတွေသင်ပေးထားတယ်။

တစ်နေ့တော့ လူစည်ကားတဲ့နေရာမှာ မျက်လှည့်ပြတာပေါ့။ပန်းပွင့်ကနေ ငွေစက္ကူဖြစ်တာတွေ ကြိုး ကနေ မြွေဖြစ်သွားတာတွေ ပြကွက်မျိုးစုံနဲ့ ပရိသတ်ကိုဖျော်ဖြေတယ်။ အားလုံးပြပြီးရင် ပရိသတ်က စွန့်ကြဲ တဲ့ငွေကိုပဲယူတယ်။အခုပြတဲ့ပွဲမှာ အဘိုးအိုပာာ ထူးဆန်းတဲ့ စကားတစ်ခွန်းပြောတယ်။

"မျက်လှည့် ပညာဆိုတာ မှော်ပညာမပာုတ်လို့ တန်ခိုးစွမ်းအားတွေမရှိပါဘူး။လိမ်တာလည်းမပာုတ်ပါ ဘူး။ မျက် လှည့်ပညာမှာ လျို့ဝှက်ချက်တွေရှိပါတယ်။အဲ့ဒီလျှို့ဝှက်ချက်တွေကို ခင်ဗျားတို့မသိ လို့သာ အထူး အဆန်းလာကြည့်ကြတာဖြစ်တယ်။ဒီနေ့ မျက်လှည့်ပညာ ရဲ့လျှို့ဝှက်ချက်တွေ ကို ပြောပြ မယ်" ပရိ သတ်ပာာ အင်မတန် စိတ်ဝင်စားသွားတယ်။

ကြိုးကနေ ဘယ်လိုမြွေဖြစ်သလဲ စသည်ဖြင့်ပေါ့။ခဏကြာတော့ အဘိုးအိုပာာ လျှို့ဝှက်ချက်တွေ အား လုံးပြောပြ သတဲ့။ ပရိသတ်လည်း ပြောတုန်းခဏပဲ စိတ်ဝင်းစားတာပေါ့။သိလည်းသွားရော-

"သြော် ဒီလိုလုပ်တာလား။ဒါလေးများ။" ပာု မျက်လှည့်ပညာကို စိတ်မ၀င်စားတော့ဘူးပေါ့။

နောက်တစ်နေ့ မြေးမလေးကို ခေါ်ပြီး မျက်လှည့် သွားပြသတဲ့။

ပရိသတ် တစ်ယောက်မှ မလာတော့ချေ။ထိုနောက် အဘိုးအိုက-

"မြေးလေးရေ။ပရိသတ်တစ်ယောက်မှ မလာပါလား။ဘာကြောင့်လဲ။"

"အဘိုးက မနေ့ကပွဲမှာ လျှို့ဝှက်ချက်တွေပြောလိုက်တာကိုး။ဘယ်သူမှ စိတ်မ၀င်စားတော့ဘူးပေါ့။"

"အေး။ပာုတ်တယ်မြေးလေး။အဘိုးကို တစ်သက်လုံး ထမင်းကျွေးခဲ့တဲ့ပညာ။အခုတော့ လျှို့ဝှက်ချက် လည်းပြ လိုက်ရော ဘာမှ တန်ဖိုးမရှိတော့ဘူး။မြေးလေးလည်းမှတ်ထားပါ။

လှ်ျို့ဝှက်ချက်ဖြစ်တဲ့ မြေးလေးရဲ့ ခန္ဓာကိုယ်အလှတရားပာာ ဘယ်သူ့မှ မပြရဘူး။ လျှို့ဝှက်ထား ရမယ်။ ဒါဆို မြေးရဲ့ မိန်းကလေးအလှပာာ တန်ဖိုးကြီးတယ်ကွဲ့။ဒူးဖော် ပေါင်ဖော် ရင်သားတွေဖော်နေရင် ဘယ် သူမှ စိတ် မ၀င်စားတော့ဘဲ တန်ကြေးမရှိဖြစ်မယ်။ပြတုန်းခဏပဲ သူတို့က တန်ဖိုးထားတာ။ဒါ့ကြောင့် အ ၀တ် အစားကို လုံလုံခြုံခြုံဝတ်ပါ။"

အဘိုး အိုပာာ သူ့ပညာနဲ့ရင်းပြီး မြေးမလေးကို ဆုံးမခဲ့တယ်။ သူငယ်ချင်းတို့လည်း အဘိုးအိုစကားကို နားလည် နိုင်ပါစေ.....

Page ၀န်ဆောင်မှုပေးခြင်းမှ ပြန်လည်မျှဝေပါသည်။

ရေးသူ = ပြည်ငြိမ်း

Sunday, May 18, 2014

ဘုရားရှိခိုးရသည့် အကျိုးများ


အဘိဓမ္မာနည်းနဲ့ ပြောရမယ်ဆိုရင် ဘုရားရှိခိုးနေစဉ်အချိန်မှာမဟာကုသိုလ်စိတ်ဖြစ်ပေါ်နေတဲ့အတွက် မဟာကုသိုလ်စိတ် ရရှိ တယ်လို့ပြောရပါမယ်၊ မဟာကုသိုလ်စိတ်က ဘယ်လောက်အကျိုးပေးသလဲလို့ ထပ်ဆင့်မေးမြန်းရင် ဘုရားရှိခိုး ရတဲ့အတွက် အကျိုးတရား (၁၇)ပါးကို ဆုမတောင်းဘဲရရှိနိုင်ပါတယ်။ အဲ့ဒီအကျိုးတရားတွေကတော့.......

(၁) စေတီအိမ်နှင့်တူသည်ဖြစ်၍ သူတစ်ပါးတို့ရှိခိုးထိုက်ခြင်း၊

(၂) စိတ်၏ရဲရင့်တည်ကြည်မှု့ရှိခြင်း၊

(၃)သေသောအခါနတ်ပြည်စသည့်
ကောင်းသောသုဂတိ ဘ၀သို့ ရောက် ရခြင်း၊

(၄) နောင်- မြတ်စွာဘုရားရှင်နှင့် တွေ့ရသောအခါ သစ္စာလေးပါးကို
သိလွယ်ခြင်း၊

(၅) မြတ်သောအမျိုး၌ဖြစ်ရခြင်း၊

(၆) အရိုအသေအလေးအမြတ်ပြုခံရခြင်း၊

(၇) ချီးမွမ်းထိုက်သော ကိုယ်အင်္ဂါနှင့်ပြည့်စုံခြင်း၊

(၈) အဆင်းလှခြင်း၊

(၉) ကိုယ်အနံ့မွေးပျံ့ခြင်း၊

(၁၀) ခံတွင်းအနံ့မွှေးပျံ့ခြင်း၊

(၁၁) ကြီးကျယ်သောပညာ နှင့်ပြည့်စုံခြင်း၊

(၁၂) နက်နဲသောပညာ နှင့်ပြည့်စုံခြင်း၊

(၁၃) ထက်သောပညာ နှင့်ပြည့်စုံခြင်း၊

(၁၄) ရွှင်သောပညာ နှင့်ပြည့်စုံခြင်း၊

(၁၅) လျင်သောဥာဏ်ပညာ နှင့်ပြည့်စုံခြင်း၊

(၁၆) ဆန်းကြယ်သောဥာဏ်ပညာ နှင့်ပြည့်စုံခြင်း၊

(၁၇)ကောင်းသောစကားကိုပြောဆိုနိုင်ခြင်း
တို့ဖြစ်ပါတယ်။

ဘုရားရှိခိုးတဲ့မဟာကုသိုလ်စိတ်ကြောင့် အကျိုးပေးပုံကိုသာဓက တင်ပြရရင် - ရာဇဂြိုလ်ပြည်ရှိ ကာလီအမျိုးသမီးလေးဟာ ဘုရားရှင်ပွင့်တော်မူကြောင်းတဆင့်စကားကြားရရုံနဲ့ ဘုရားရဲ့ဂုဏ်တော်ကို မှန်းဆ၍ကြည်ညိုသောစိတ်ဖြင့် ရှိခိုးရာမှာ တရား အမြင်ပေါက်ပြီး သောတပန်ဖြစ်ခဲ့ဖူးပါတယ်။
(သုတ္တနိဋ္ဌ၊သ၊ ၂၀၅)

ထိုနည်းတူရာဇဂြိုလ်ပြည်ရှိ စဏ္ဍာလီအမျိုးသမီးကြီး ဟာ သေခါနီးကာလတွင် ဘုရားရှင်အားတစ်ကြိမ် တစ်ခါရှိခိုးရုံမျှဖြင့် သူကျရောက်မဲ့ဆဲဆဲ အပါယ်ငရဲကလွတ်မြောက်သွားခဲ့ပါတယ်။
(၀ိမာန၊ ပါ၊ ၂၅)

ဓမ္မမိတ်ဆွေအပေါင်းဗဟုသုတပြည့်ဝနိုင်ကြပါစေ၊
မျိုးမြင့်(အောင်လံ)

ဓမ္မ၀ီရဂျာနယ် တွဲ(၃၁) အမှတ်(၁)

Post & Photo by Tthaw Thaw

အာစိဏ္ဏကံ ကုသိုလ်


အရှင်။ ။ သားသား၊ နေ့စဉ် ဘုရားရှိခိုးဖြစ်ရဲ့လား။

သားသား။ ။ နေ့စဉ် ဘုရားရှိခိုးဖြစ်ပါတယ် ဘုရား။

အရှင်။ ။ သောက်တော်ရေကော နေ့စဉ်ကပ်ဖြစ်ရဲ့လား။

သားသား။ ။ တင်ပ့ါ၊ သောက်တော်ရေလည်း နေ့စဉ်ကပ်ဖြစ်ပါတယ် ဘုရား၊ ဆရာကလည်း သောက်တော်ရေကပ်ဖို့ ပြောထားပါတယ်။

အရှင်။ ။ ကောင်းတယ် ကောင်းတယ်။

သားသား။ ။ ဘုရားပန်းလည်း အပတ်စဉ်လှူဖြစ်ပါတယ်ဘုရား။ ဟိုတစ်လောတုန်းက နေရာ ပြောင်းကြတော့ ဘုရားခန်းအသစ် မလုပ်ဖြစ်ကြသေးခင် ဘုရားပန်းလှူချင်စိတ်ပေါက်လာတော့ နေလို့ မရဘူးဘုရား၊ အဲဒါနဲ့ အောင်မြေသာယာစေတီတော်ကိုသွားပြီး ဘုရားပန်းလှူလိုက်ပါတယ်။

အရှင်။ ။ ဟန်ကျပြီ။ အဲဒါ ကုသိုလ်ကို စွဲသွားတာလို့ ခေါ်တယ်။ မကြာခင် ကြီးပွါးတော့မယ့် လက္ခဏာပဲ။ သေချာမှတ်ထား၊ လောကမှာ အကုသိုလ်ကို စွဲသွားတဲ့လူရယ်၊ ကုသိုလ်ကို စွဲသွားတဲ့လူရယ်လို့ လူနှစ်မျိုးရှိတယ်။

သားသား။ ။ တင်ပါ့။

အရှင်။ ။ လူတစ်ယောက်ဟာ အကုသိုလ်ဘက်မှာ စွဲသွားပြီဆိုရင် အဲဒီလူဟာ မကြာခင် မွဲသွားတတ်တော့တာပဲ။ တွေ့ဖူးတယ်မလား၊ အရက်သေစာသောက်စားမှုကို စွဲသွားတဲ့သူတွေ၊ မကောင်းတဲ့နေရာတွေမှာ စွဲလမ်းသွားတဲ့သူတွေကိုလေ။

သားသား။ ။ တွေ့ဖူးပါတယ်ဘုရား။

အရှင်။ ။ အေး၊ အဲသလို လူမျိုးတွေဟာ မကြာခင် မွဲသွားတတ်တယ်။ ငါတို့ ဒေသအခေါ်ကျတော့ အဲဒါမျိုးကို ကင်းပွန်းသင့်တယ်လို့ ခေါ်တာပေါ့ကွာ။

သားသား။ ။ တင်ပါ့ဘုရား။

အရှင်။ ။ ကုသိုလ်ဘက်မှာ စွဲသွားတဲ့လူတွေကြတော့ မကြာမတင်မှာပဲ ချမ်းသာလာတတ်တယ်ကွ။

သားသား။ ။ တင်ပါ့ဘုရား။

အရှင်။ ။ နေ့စဉ် ပြုနေကျ သောက်တော်ရေကပ်၊ ဘုရားရှိခိုး၊ မေတ္တာပို့၊ အမျှဝေတာလောက်မှ မလုပ်ရရင် တစ်ခုခုလိုနေသလို တွေ့လာပြီ ဆိုရင် အဲဒါမျိုးကို ကုသိုလ်ကို စွဲသွားတာလို့ခေါ်တယ်။

သားသား။ ။ တင်ပါ့ဘုရား။

အရှင်။ ။ အဲသလို ဖြစ်လာပြီဆိုရင် စိတ်သာချပေတော့ကွ၊ မကြာခင် ကြီးပွါးချမ်းသာတော့မယ်။ ဘာကြောင့်လဲဆိုတော့ ကုသိုလ်ကိုစွဲသွားလို့ပဲ။ စွဲသွားတဲ့အခါကျတော့ ကုသိုလ်ကောင်းမှုဆိုတာ နေ့စဉ်ပြုဖြစ်လာတော့တာပဲ။ အဲဒါမျိုးကို အာစိဏ္ဏကံကုသိုလ်လို့ ခေါ်တယ်။

သားသား။ ။ တင်ပါ့ဘုရား။

အရှင်။ ။ သေချာမှတ်ထားနော်၊ အာစိဏ္ဏကံကုသိုလ်ဆိုတာ နေ့စဉ်၊ အပတ်စဉ်၊ လစဉ် ဆိုသလို အချိန်မှန်မှန်ပြုတဲ့ကုသိုလ်မျိုးကို ဆိုလိုတယ်။ အချိန်မှန်မှန် ပြုတယ်ဆိုရင် ပဋ္ဌာန်းလို အာသေဝနပစ္စည်း တပ်တော့တာပဲကွ။ အာသေဝနဆိုတာ အထပ်ထပ်အခါခါ ပြုတာမျိုးကို ပြောတာပဲ။

သားသား။ ။ တင်ပါ့ဘုရား။

အရှင်။ ။ ဓားသွေးသလိုပေါ့ကွာ။ အချိန်မှန်မှန်၊ အထပ်ထပ်အခါခါ သွေးဖန်များတော့၊ ဓားဟာထက်လာရသလိုပဲ၊ ကုသိုလ်ကောင်းမှုဆိုတာလည်း အချိန်မှန်မှန် အထပ်ထပ်အဖန်ဖန် ပြုဖန်များတော့ ထက်မြက်လာတော့တာပဲကွ။ အလုပ်ကိုလည်း ကြိုးစားပြီး လုပ်သလို၊ သောက်တော်ရေကပ်၊ ဘုရားရှိခိုး၊ မေတ္တာပို့၊ အမျှဝေတဲ့ အခြေခံကုသိုလ်အလုပ်တွေကိုလည်း စွဲသွားသည်အထိ ကြိုးစားပြီးတော့လုပ်ကွာ။ မကြာခင် ကြီးပွားချမ်းသာလာပါလိမ့်မယ်။

သားသား။ ။ တင်ပါ့။ ကြိုးစားပြီး ဆောင်ရွက်ပါ့မယ် ဘုရား။

မေတ္တာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ)
09/05/2014

Credit to Ashin Visarada.

အားကိုးမှား၍ မျောက်ဖြစ်ရပုံ


တစ်ခါက သဲအင်းဂူဆရာတော်ကြီးနှင့်ဒကာ ဒကာမတို့ ဟာ
ပုပ္ပါးတောင်ကို ရောက်လာကြတယ်တဲ့။
ရောက်တယ်ဆို ကားတံခါးအဖုံးဖွင့်ပြီးတော့ ငှက်ပျောသီးတွေ
ယူလိုက်တဲ့ တပြိုင်နက် မျောက်တွေဆင်းလာတာကိုး။
မျောက်တွေဆင်းလာပြီးတော့ မျောက်တွေကျွေးလိုက်ကြတာတဲ့။
မျောက်တွေကလည်း စားလိုက်ကြတာတဲ့ ငုတ်တုတ်လေးတွေ။
သဲအင်းဂူဆရာတော်ကြီးက စဉ်းစားတယ်တဲ့။ အော်
ဒီမျောက်တွေဟာ တယ် ဒါနကောင်းတဲ့မျောက်တွေပါလား။

ငါတို့ က ရှမ်းပြည်ကနေ မှော်ဘီပြန်တာ၊ ခုမပြန်ဖြစ်သေးဘဲ
ဒီမျောက်တွေ အစာလာကျွေးရတယ်။ မျောက်တွေရဲ့ ဒါန
တော်တော် ကောင်းတာပါလား။ ဒါနရဲ့ တန်ခိုး။
ဒါနသည် ဖြစ်လေရာဘ၀ ပေါတာကို ရည်ရွယ်ပါတယ်။
ဒကာကြီးတို့ တဲ့ လှူကြပါတဲ့ ကိုယ့်ရှိတာ။ လှူရင်
ဖြစ်လေရာဘ၀ ပေါမယ်ဗျတဲ့။ ခုကြည့်စမ်း
ကျုပ်တို့ က ရှမ်းပြည်ကနေ ရန်ကုန်ြ့ပန်တာ ၊
ခု ဒီမျောက်တွေ လာကျွေးနေရတယ်တဲ့။

ဒီမျောက်တွေတော်တော် ဒါနကောင်းတဲ့မျောက်တွေပဲ။
ဘယ်ဒါနတွေပြုခဲ့ကြလို့ ကျုပ်တို့ ကျွေးရတာလဲ၊
ဘယ်ကပုဂ္ဂိုလ်တွေလဲလို့ ကျုပ်သိချင်လာတယ်တဲ့။
သိချင်လာတာနဲ့ ပုပ္ပါးတောင်ကလပ်ပေါ်တက်သွားပြီးတော့
အဘိဥာဉ်နဲ့ ကြည့်လိုက်တယ်ဗျာတဲ့။ ကြည့်လိုက်တော့ဗျို့ တဲ့။
လက်စသတ်တော့ ကျုပ်တို့ ရန်ကုန်သူ ရန်ကုန်သားတွေဗျတဲ့.။
ဒီမှာ လာမျောက်ဖြစ်နေတာ။ အဲလိုပြောတယ်။

ရန်ကုန်သူ ရန်ကုန်သားတွေက လှူတယ်။
လေးငါးသိန်းဆိုလည်း မနှမြောဘူး။
ဆယ်သိန်းဆိုလည်း မနှမြောဘူး။
သိန်းတစ်ရာဆိုလည်း ချလိုက်တာပဲ။
အဲသလိုလှူတာပါ။ အဲဒီဒါနတွေက အကျိုးပေးတာပေါ့။
ဒါနရဲ့ တန်ခိုးက ခွေးဖြစ်တာတောင် ခွေးဝဲစားမဖြစ်ဘူး။
အယ်ဇေးရှင်းခွေးမျိုးလေ မာစီဒီးကားကြီးစီးပြီး
အပေါ်က ကမ္ဗလာကြီးခြုံလို့ ဗျာ။
ဖြစ်လေရာဘ၀ ဒါနကောင်းရင် ပေါတယ်ဗျ။

အဲဒါနဲ့ ပဲ ဆရာတော်ကြီးက ဒါနကောင်းတာ
လက်စသတ်တော့ ကျုပ်တို့ ရန်ကုန်သူ ရန်ကုန်သားတွေဗျို့ တဲ့။
ဒီမှာလာ မျောက်ဖြစ်တယ်။ ဒီရန်ကုန်သူ ရန်ကုန်သားတွေ
ဒီမှာ ဘာလို့ မျောက်လာဖြစ်ရသလဲလို့ ထပ်ပြီးတော့
ဆက်ဆင်ခြင်ကြည့်လိုက်တယ်ဗျာတဲ့.။
ကျုပ်လည်း ပုပ္ပါးဆိုလို့ ရောက်ဖူးတာ မဟုတ်ဘူး။
ခုမှ ရောက်ဖူးတာတဲ့။ မျောက်တွေ အစာပေါတာ
ဘယ်ကဒါနလဲလို့ သိချင်လို့ တောင်ကလပ်ပေါ်တက်လာတာတဲ့.
အောက်လည်း သေချာမကြည့်မိပါဘူးဗျာတဲ့။

ဟိုး တောင်ခြေမှာ မင်းကြီး မင်းလေးသွားတွေ့ တယ်ဗျာတဲ့။
အောက်မှာ ဓါးလေးထမ်းလို့ အရုပ်ကလေးတွေပဲတဲ့။
ပြီးတော့ ဘာရှိသေးလဲ ထပ်ကြည့်လိုက်တော့
ကျုပ်ထိုင်တဲ့အောက်မှာ မိန်းမကြီးတစ်ယောက်လည်း
တွေ့ တယ်ဗျတဲ့။ ပန်းစားဘီလူးမနေပါလိမ့်မယ်။
ဟယ် ဒီကျောက်ရုပ်တွေနဲ့ ဒီသစ်သားရုပ်တွေနဲ့ 
ဘာဆိုင်သတုန်း ထပ်ဆင်ခြင်ပြန်တယ်တဲ့။

အော် ရန်ကုန်သူ ရန်ကုန်သားတွေက ဂုဏ်ပကာသနလိုက်တယ်၊
သူဋ္ဌေးဖြစ်ချင်တယ်၊ ရာထူးတွေကြီးချင်တော့
ကိုယ်တော်ကြီး ကိုယ်တော်လေးက လုပ်ပေးနိုင်တယ်ဆိုပြီးတော့
ဒီပုပ္ပါးလာပြီးတော့ ဒီမင်းကြီး မင်းလေး ကိုးကွယ်တာကိုးဗျတဲ့။
အားကိုးမှားတာတဲ့။ ကိုးကွယ်ရမှာက ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ။

အဲဒီတော့ ကျန်းမာရေးမကောင်းလည်း
မင်းကြီးမင်းလေးဆီသွား အိမ်မှာလည်း ကိုးကွယ်။
ကန်တော့ပွဲတွေ တင်ပြီးတော့ ကိုးကွယ်တာပေါ့။
ကံ ကံ၏အကျိုး သူ့ ဘာသူ ချမ်းသာတာကို
မင်းကြီးမင်းလေး မတယ်ြ ဖစ်ပြန်ရောတဲ့။
ကမ္မသကတ သမာဒိဋ္ဌိဥာဏ်မရှိတော့
ကံကံ၏ အကျိုကိုလည်း မသိဘူးတဲ့။
အတိတ်က ကံကြောင့် ခုစားနေရတာ။

အဲတော့ မင်းကြီးမင်းလေး ကိုးကွယ်တဲ့အချိန်နဲ့ 
ထီကထပေါက်တော့ သူက မတယ်ပေါ့ဗျာတဲ့။
တိုက်ဆိုင်သွားတာကိုးတဲ့။ အဲတော့ မတယ်ဆိုပြီး
မင်းကြီးမင်းလေးရှိတဲ့ ဒီပုပ္ပါးဆီလာ၊
လာတော့ ဒီမျောက်တွေကို အစာကျွေးတယ်ဗျတဲ့။
ငှက်ပျောသီးလေးကျွေးလိုက်
မင်းကြီးမင်းလေးဆီသွားပြီးတော့
ဆုတောင်းလိုက်ပေါ့ဗျာတဲ့။
တဆိတ်ရှိ မင်းကြီးမင်းလေးပဲ အားကိုးနေတာပဲတဲ့။

သေခါနီးတော့ ဒီရုပ်က ရောဂါဖြစ်လာတော့
ဆရာဝန်လည်း မကယ်နိုင်တော့ဘူးဗျတဲ့။
သူဋ္ဌေးတွေပဲ။ ဆရာဝန်ကလည်း
လက်လျှော့ပြီ၊ သူ ဘာအားကိုးတာလဲဆိုတော့
မင်းကြီးမင်းလေးအားကိုးတယ်တဲ့။
ကိုယ်တော်ကြီး ကိုယ်တော်လေးတို့ 
အားကိုးပါရစေပေါ့။ဝေဒနာတွေတက်တော့
အမလေး ကိုယ်တော်ကြီးကယ်ပါ ကိုယ်တော်လေးကယ်ပါ။
ပါးစပ်ကကို ထုတ်ပြောနေတာ။
သူအားကိုးတာ မင်းကြီးမင်းလေး အားကိုးနေတာဗျာတဲ့။

ဝေဒနာတွေချုပ်အောင် တရားတွေ အားမထုတ်ဖူးတော့
ဓမ္မံ သရဏံ ဂစ္ဆာမိကို အားမကိုးဘူးဗျာတဲ့။ တရားမသိတော့
သူ အားကိုးမှားသွားတယ်တဲ့။ သေခါနီးဇောကျတော့
ဝေဒနာတွေကတက်တော့ မင်းကြီးမင်းလေးဆီ အာရုံပြုရောတဲ့။
မင်းကြီးမင်းလေး တရောတဲ့။ မင်းကြီးမင်းလေးကတော့
ဘယ်ရောက်မလဲ၊ သစ်သားရုပ်လေးတွေကိုဗျတဲ့။

သူ့ အာရုံက တချိန်တုန်းကရောက်ဖူးတော့ သူ့ အာရုံက
ဟိုရောက်သွားပြီဗျာတဲ့။ ရောက်သွားပြီးတော့
သူလုပ်ခဲ့တာက ဘာလုပ်ခဲ့သလဲ ၊ မျောက်တွေအစာကျွေးတာကိုး။
မျောက်တွေနဲ့ တွေ့ တော့ မျောက်တွေအစာကျွေးနေတယ်၊
ဒီရုပ်ကြီးကတော့ ရန်ကုန်မှာ ရောဂါတွေဖြစ်နေပြီ။
ရုပ်ကြီးကတော့ သတိလစ်နေတယ်၊ ခေါ်လို့ ပြောလို့ မရ။
ဒါပေမယ့် သူကတော့ ဟိုမှာပျော်နေပြီ။
မျောက်တွေ အစာကျွေးနေတာ။ ရုပ်ကြီးကတော့ မသေသေးဘူး။

လှုပ်လှပ်လိုက်တော့ ဒီမှာ ပြန်သတိရလာတယ်။
ရောက်လာတော့ ဒီဝေဒနာ မခံနိုင်ပြန်ဘူး။
မခံနိုင်တော့ မင်းကြီးမင်းလေးဆီ ပြန်ပြေးရပြန်ရော။
ပုပ္ပါးပြန်ပြေး၊ ပြန်ပြေးတော့ ဟိုမှာ မျောက်တွေနဲ့ အစာကျွေးတော့
သက်သာပြန်ရော၊ ဒီရုပ်ကို ကပ်နိုင်သေးရဲ့ လား၊
သံတွေခဲ မီးရဲရဲကို ယင်ကောင် မကပ်နိုင်သလို ဖြစ်ပြီ။
နာမ်စိတ်မကပ်နိုင်တော့ဘူး။ အဲတော့ ဒီရုပ်က ဓာတ်ကြီးလေးပါးလည်း
ချုပ်ကရော၊ ဟိုမှာ သွားမျောက်ဖြစ်တာပဲ ဒကာကြီးတို့ တဲ့။
အဲဒီမျောက်တွေကို ကျုပ်တို့ ပြန်အစာကျွေးနေကြတာတဲ့။

(ပြည်ဆရာတော်ကြီး ဦးသီရိဓမ္မဟောကြားသော
အားကိုးမမှားကြနဲ့ တရားတော်မှ)

မေတ္တာဖြင့်
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)

"၁၀ မိနစ်လောက်လေး အချိန်ပေးပါ"


အင်မတန်ကျေးဇူးကြီးတဲ့မြတ်စွာဘုရားနော်၊
သတိပဋ္ဌာန်တရားကို အားထုတ်တတ်လာရင်
စိတ်ထဲမှာ အင်မတန်ကြည်လင်အေးချမ်းလာပြီး
ဘုရားကို အင်မတန်ကြည်ညိုတဲ့ စိတ်ဖြစ်တယ်။

ကြည်လင်အေးချမ်းတဲ့စိတ်နဲ့ 
ဘုရားကို အာရုံပြုရတာ
ပိုပြီးတော့ ကြည်ညိုတယ်
ပိုပြီးတော့ ကျေးဇူးလည်းတင်တယ်။
အခုလို တရားအားထုတ်ပြီးတော့
စိတ်ကြည်လင်အေးချမ်းမှုရတာဟာ
ဘုရားရဲ.ကျေးဇူးပဲ။

ဒီလိုနေနည်းထိုင်နည်းကို
ဘုရားသာ မသင်ပေးခဲ့ရင်
တို့ လုပ်ဖြစ်မှာမဟုတ်ဘူး၊
စမိဖို့ အရေးကြီးတယ်၊
အလုပ်တစ်ခုမှာ အခက်ဆုံးအပိုင်းက စဖို့ ။
ဒုတိယအခက်ဆုံးအပိုင်းက စွဲမြဲဖို့ ။
၅ မိနစ်ပဲစ၊ အဲဒီ ၅မိနစ်ကိုနေ့ တိုင်းလုပ်၊ စိတ်ကလေးအင်မတန်အေးချမ်းပြီးတော့
အရသာရှိတယ်နော်။
ဒီအလုပ်ဟာ စိတ်နဲ့ လုပ်၇တဲ့အလုပ်မို့ 
လွယ်တယ်လို့.တော့မဆိုလိုဘူးနော်။
သို့ သော်အလေ့အကျင့် ရလာလို့ ရှိရင်
တဖြည်းဖြည်းရလာတယ်။

တစ်နေ့ သေရမယ့်သူတွေချည်း
ဘာတွေဒီလောက်အရေးကြီးတာလဲ။
၁၀ မိနစ်လောက်လေး လုပ်ရင်ပြီးရော
သဘောမျိုးမဟုတ်ဘဲ သေသေချာချာ
ရိုရိုသေသေ လေးလေးနက်နက်
သေသေချာချာ သတိကပ်ထား၊
ကိုယ်.စိတ်က ဒီအာနာပါနမှာ သတိထားတယ်၊
ဒါပေမယ့် စိတ်ရဲ.သဘာဝကလည်း
ဟိုဟာဒီဟာဆိုတာ တွေးတတ်တယ်။
ဖျတ်ခနဲ ဖျက်ခနဲ အတွေးလေးတွေဟာ ၀င်လာတတ်တယ်။ ၀င်တာနဲ့ သိလိုက်မယ်၊ သိပြီးရင် ပြန်ထားလိုက်မယ်။

တခါတရံ ဘေးက အသံဗလံကြားရတတ်တယ်၊
ကြားရရင်လည်း ချက်ချင်းသိတယ်၊
သိပြီးရင် ဒီမှာပဲ ပြန်ထား။
၁၀ မိနစ်ဆိုရင် ပင်ပန်းမလား။
၁၀ မိနစ်လောက်နဲ့ . သည်းမခံနိုင်လောက်အောင်
ညောင်းတာကိုက်တာခဲတာလည်း
မဖြစ်လောက်သေးပါဘူး.။
စားတဲ.သောက်တဲ့နေရာမှာလည်း
သတိလေးတွေကပ်ကပ်ပြီးတော့ လုပ်သွားမယ်ဆိုရင်
ဒါ တရားရှုမှတ်တာပါပဲ။

ဆရာတော် ဦးဇောတိက
(ဘာဝနာနှင့်အချိန် တရားတော်မှ)

မေတ္တာဖြင့်
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)

ကညွတ်ရဲ.တန်ဖိုး (အပန်းမကြီးရင် မျှဝေပေးပါ)


ကိုဝမ်း ရဲ့ Post လေးထဲက စိတ်မကောင်းဘွယ်ရာသွေးကင်ဆာခံစားနေရသောဝေဒနာရှင်လေးကို တွေ့လိုက်ရပြီး ဒီနေ့ဖတ်မိခဲ့တဲ့ကင်ဆာနဲ့ ကညွှတ် ပတ်သက်နေပုံလေးကို စိတ်ဝင်စားမိခဲ့ပါတယ်…

အပန်းမကြီးဘူးဆိုရင် လုပ်ကြည့်စေချင်ပါတယ်…ငွေအကုန်အကျလည်း သိပ်မများတာမို့ ဒီဆေးနည်းလေးကိုမူရင်းအတိုင်း မျှဝေ တင်ပေးလိုက်ပါတယ်..

မူရင်း…..

Asparagus…..whether U believe it or not ဆိုတဲ့ခေါင်းစဉ်နဲ့မေလ်းတစ်ခုကို ကျွန်တော့် အကို တစ်ယောက်က ပို့လိုက်ပါတယ်။
သူလည်းသူများဆီက ရလို့ ကျွန်တော့်ဆီကို forward လုပ်လိုက်တာဖြစ်ပါတယ်။

သူခေါင်းစဉ်လိုဘဲ ကညွှတ်များတဲ့

ယုံခြင်ယုံမယုံခြင်နေ…ဟုတ်မဟုတ်တော့်မသိဘူး…ကိုယ်တိုင်လည်းမဆန်းဖူးလို့ပါ။

ဟိုးဖက်အစွန်ဆုံးကတော့ white asparagus (မြန်မာလိုမသိ)သူ့အတိုင်းဘာသာပြန်တော့ ကညွှတ်ဖြူပေါ့၊ အလယ်က green asparagus မြန်မာလို
ကညွှတ် သူ့အတိုင်း ဆို ကညွှတ်စိမ်း ဒီဖက် အစွန်ဆုံးကတော့ wild asparagusသူတိုင်းဆို ကညွှတ်ရိုင်းဖြစ်ပါတယ်။

နှစ်ပေါင်းကတော့ နည်းနည်းကြာသွားပြီ လူတစ်ယောက်ကကင်ဆာဖြစ်နေတဲ့ သူ့သူငယ်ချင်းတစ်ယောက် အတွက်ကညွှတ်ပင်လိုက်ရှာနေတာ ကျွန်တော်တွေ့ခဲ့ဘူးတယ်။ပြီးတော့ ၁၉၇၉ ခုနှစ် ဒီဇင်လဘာထုတ်ကင်ဆာဂျာနယ်ကနေမိတ္တူကူးထားတဲ့စာရွက်တစ်ရွက် ကျွန်တော့်ကို ပေးခဲ့တယ်။

စာရွက်ကအကြောင်းအရာကတော့
Asparagus for cancer (ကင်ဆာအတွက် ကညွှတ်များ)ဆိုတဲ့ အကြောင်းဘဲ ဖြစ်ပါတယ်။

ဝေမျှခြင်းသက်သက်သာဖြစ်ပါတယ်။
ကျွန်တော်ဟာ ဇီဝဓါတု ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။
ကျွန်တော်ဟာ Richard R.Vensal, D.D.S ရဲ့
ရှာဖွေချက်တွေကနေ ကညွှတ်ကနေ ကင်ဆာရောဂါကုသနည်းကို သင်ယူခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီ
သူရဲ့ပရောဂျက် လုပ်ငန်းတွေထဲမှာလဲ သူနှင့်အတူတကွ လုပ်ကိုင်ခဲ့သလို
ကျွန်တော့မှာ စုဆောင်းထားတဲ့ ကညွှတ်ကနေ ကင်ဆာရောဂါ
ကုသပျောက်ကင်းသွားတဲ့ အထောက်အထား အချက်အလက်တွေ
တော်တော်များများရှိခဲ့ပါတယ်

အဲ့ဒါတွေကတော့ …..

၁/- လူတစ်ယောက်ဟာ သွေးကင်ဆာဖြစ်တာ မျှော်လင့်ချက်
မဲ့လုနီးပါးဖြစ်နေပါပြီး ဗုံးဗုံးလဲ နေပြီဖြစ်ပါတယ်။
ကညွှတ်ကထုံးနဲ့ တစ်နှစ်ကုသအပြီးမှာတော့
ဆရာဝန် စစ်ဆေးကြည့်တာ ကင်ဆာရှိကြောင်းမပေါ်လာတော့ပါဘူး။
နောက်ဆုံး သူဟာပြန်ကောင်းသွားပါတယ်။

၂/- အောင်မြင်နေတဲ့ အသက် ၆၈ နှစ်အရွယ်
စီးပွားရေးသမားတစ်ယောက်ဟာ
ဆီးကြိတ်တည်တဲ့ ကင်ဆာကို ခံစားနေရတာ ၁၆ နှစ်ရှိပြီဖြစ်ပါတယ်။
နှစ်တော်တော်ကြာကြာ ဆေးကုသခြင်း ဓါတ်ကင်ခြင်းတို့ ဖြင့်ကုသခြင်း
ပြုခဲ့သော်လည်း တိုးတက်လာခြင်းမရှိပါဘူး။
နောက်ဆုံး၃လအတွင်းကညွှတ်ကုထုံးနဲ့ကုပြီးနောက်စစ်ဆေးကြည့်တဲ့အခါမှာတော့ ဆီးကြိတ်များဟာပျောက်သွားပြီး
ကျောက်ကပ် နှစ်ခုဟာ ပုံမှန် ပြန်ဖြစ်နေတာ
ဆေးစစ်တဲ့အဖြေမှာ တွေ့ခဲ့ရပါတယ်။
၃/- လူတစ်ယောက်ဟာ အဆုတ်ကင်ဆာ ခံစားနေရပါတယ်။
၁၉၇၁ မတ်လ ၅ရက်နေ့မှာကုသဖို့ ခွဲစိတ်ခဲ့ရာမှာတော့
ရောဂါဟာ အလွန်ရင့်ပြီးအမြစ်များဟာ တော်တော်ပြန့်နေတဲ့အတွက်
ခွဲစိတ်လို့မရ ခဲ့ပါဘူး။
ခွဲစိတ်ဆရာဝန်ဟာ ပြန်ပြီးချူပ်ပေးခဲ့ကာ မျှော်လင့်ချက်မရှိတော့ဘူးလို့ ပြောခဲ့ပါတယ်။
ဧပြီလ ၅ ရက်နေ့မှာတော့
ထိုလူနာဟာ ကညွှတ်ကုထုံးကို ကြားပြီး ချက်ချင်း ကုသမှု့ခံယူခဲ့ပါတယ်။
သြဂုတ်လမှာတော့ ဓါတ်မှန်သွားရိုက်ကြည့်တဲ့အခါမှ
ကင်ဆာလက္ခဏာပြနေတာတွေဟာ
ပျောက်ကွယ်သွားပြီး အရင်အတိုင်း အလုပ်ပြန်လည် လုပ်နိုင်ခဲ့ပါတယ်။

ပြုလုပ်နည်း…..
ကညွှတ်ကို သစ်သီးဖျော်စက်ထဲထည့်ပြီး အရည်ဖြစ်ကြောင် ကြိတ်ပါ။
ထိုကညွှတ်ရည်ကို ရေခဲ့သေတ္တာထဲ ထည့်ပြီး လူနာအား
တစ်ခါတိုက်လျှင် စတီးဇွန်းဖြင့် ၄ ဇွန်းကို
မနက်တစ်ကြိမ် ညတစ်ကြိမ်တိုက်ပါ။
credit : ဦးမိုး မင်း

---------------------------------------------------------------------------
ဒီကျန်းမာရေး စုစည်းမှုလေးကို သဘောကြရင်
https://www.facebook.com/lyhealthcare
LIKE & FOLLOW လုပ်ထားပေးပါနော်။

Follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)/ FOLLOWING
လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး

https://www.facebook.com/lyhealthcare

Wednesday, May 14, 2014

စာနာနားလည်ပေးပါ


မိန်းမ၀၀ကြီးလို့ သင်ခေါ်တဲ့
ကောင်မလေးက နေ့တိုင်း ပိန်ဆေးတွေ
သောက်နေရပြီး မျက်ရည်တွေနဲ့
လေ့ကျင့်ခန်းဆင်းနေတာ
သင်မသိဘူး ။

ရုပ်ဆိုးလိုက်တာလို့ သင်ရယ်မောခဲ့တဲ့
ကောင်မလေးက သူ့ကို လူတွေ
နှစ်သက်ပါစေဆိုတဲ့မျှော်လင့်ချက်နဲ့
နာရီပေါင်းများစွာ သူ့မျက်နှာပေါ်
မိတ်ကပ်တွေခြယ်သနေရတာသင်မသိဘူး။

လေလွင့်နေတယ်လို့
သင်သတ်မှတ်ထားတဲ့ကောင်လေးက
အိမ်အတွက် မဖြစ်မနေ
စီးပွား လိုက်ရှာနေရတဲ့လူတစ်ယောက်
ဖြစ်တယ်ဆိုတာသင်မသိဘူး ။

မျက်နှာမှာ အမှာရွတ်တွေနဲ့လို့
သင်မျက်နှာရှံ့ခဲ့တဲ့လူတစ်ယောက်
တိုင်းပြည်အတွက် အသက်စွန့်
တိုက်ခိုက်နေရတဲ့လူတစ်ယောက်မှန်း
သင်မသိဘူး ။

အသက်ဆယ့်လေးနှစ်အရွယ်
ကောင်မလေးတစ်ယောက်
ကလေးအမေဖြစ်နေတာကို
“ တော်တော်တဏှာကြီးတာပဲလို့ ”
သင်ပြောခဲ့ပေမယ့်
သူ ဆယ့်သုံးနှစ်အရွယ်တုန်းက
အဓမ္မကျင့်ခံခဲ့ရတာသင်မသိဘူး ။

သင်နဲ့ရွယ်တူကောင်လေးတစ်ယောက်
ငိုနေတာကို သင်ရယ်မောပေမယ့်
သူ့မိခင် လတ်တလော
ဆုံးပါးသွားတာကိုသင်မသိဘူး။

======================

လူတိုင်းလူတိုင်းမှာ
နာကျင်မှုအတိမ်အနက်ဆိုတာ
ရှိကြတယ် ။

လူတိုင်းလူတိုင်းမှာ
ဝမ်းနည်းစရာ ငိုကြွေးစရာ
အကြောင်းတွေရှိကြတယ် ။

ဒါကြောင့်
သင်ပေါ့ပေါ့ပါးပါး
ရယ်မောလိုက်ဖို့ တစ်ခုအတွက်နဲ့
လူတစ်ဖက်သားရဲ့
နာကျင်စရာအားနည်းချက်ကို
ဘယ်တော့မှ မချနင်းမိစေနဲ့ ။

သက်တန့်ချို

Post & Photo by သက်တန့်ချို ။

"တို့တတွေ ဒီတရားတွေအပေါ် သံဝေဂ မရရင်တော့ မြတ်နိဗ္ဗာန်နဲ့ အလှမ်းဝေးနေဦးမှာပဲ"


"သံဝေဂ၀တ္ထု (၈)မျိုး"

"သံဝေဇနိယေသု ဌာနေသု သံဝေဂေါ "
"သံဝေဇနိယေသု ဌာနေသု" ထိတ်လန့်တုန်လှုပ်စရာ
အကြောင်းတရားတွေပေါ်လာရင် "သံဝေဂေါ"
သံဝေဂတရားတွေအပေါ်မှာ ထိတ်လန့်မှုဖြစ်ရမယ်။
တုန်လှုပ်မှုဖြစ်ရမယ်။ မဖြစ်သေးရင် မတုန်လှုပ်သေးရင်
တို့တတွေဟာ နိဗ္ဗာန်နဲ့ အတော်ကိုဝေးသေးတယ်။အ၀ိဇ္ဇာ နဲ့
တဏှာနဲ့ ဖုံးလွှမ်းမှုကို ခံနေရတော့ သံဝေဂဟာ မပြင်းထန်ဘူး။
ပုထုဇဉ်တွေရဲ့ သံဝေဂဟာ ခဏတာပဲ မျက်ရည်မခြောက်ခင်
ပြန်ပြီးရယ်မောနိုင်ကြတယ်။သံဝေဂတရားတွေဟာ စက္ကန့်လောက်ပဲ
ဖြစ်တယ် အ၀ိဇ္ဇာ တဏှာ ရဲ့လှည်းစားမှုအောက်မှာ ကောင်းကောင်းကြီးခံနေရတယ်။

သံဝေဂ ၀တ္ထု(၈)မျိုး

(၁)ဇာတိ
လူတွေဟာ မွေးဖွားလာကတည်းက ငိုခြင်းနဲ့စလာခဲ့ကြတာ။ဒုက္ခနဲ့
ရင်ဆိုင်ခဲ့ကြတယ်။ဘ၀တစ်ခုကို အစပြုတာ အပြုံးနဲ့ စခဲ့တာ
ပြုံးပြီးမွေးခဲ့တာ ရှိနိုင်သော်လည်း လူအများစုကတော့ ငိုခြင်းနဲ့စတင်ခဲ့ကြပါတယ်။မိမိမွေးဖွားစဉ်က သတိတရားနည်းပါးလို့
သတိမမူမိသော်လည်း မိမိထက်ငယ်ရွယ်သူတွေ မွေးဖွားတဲ့အခါမှာ
အင်မတန်မှ သတိထားရင်သိနိုင်ပါတယ်။ သို့သော် ပုထုဇဉ်တွေဟာ
ဒီလိုသံဝေဂ ဖြစ်ဖို့နေနေသာသာ သားလေး သမီးလေးဆိုပြီး ပျော်နေကြသေးတယ်။

(၂)ဇရာ
မွေးဖွားလာပြီးတဖြေးဖြေးနဲ့ အသားအရေးတွေ ရင့်ရော်
အသက်တွေကြီးလာ ဆံပင်တွေဖြူလာ နဲ့မွေးပြီးတာနဲ့
အိုခြင်းတရားက နှိပ်စက်နေတာ သတိထားပြီး သဝေဂဖြစ်
စရာကောင်းပါတယ်။ သို့သော် လူတွေဟာ အိုခြင်းကိုတောင် အန်တု
နေကြသေးတယ်။ဆံပင်ဖြူရင် ဆေးဆိုး သွားကျိုးရင် သွားစိုက်
နဲ့ ဖုံးဖိပြီးပျော်နေလိုက်ကြတာ သံဝေဂမဖြစ်ကြပါဘူး။

(၃)ဗျာဓိ
အိုလာပြီးရင် တဖြည်းဖြည်းနဲ့ အနာရောဂါတွေ နှိပ်စက်လာတယ်။
ခေါင်းနာ ကိုယ်နာနဲ့ နဲ့ အခုခေတ်မှာ အနာမျိုးက (၉၆)မျိုးမကတော့ပါဘူး။ သို့သော်လည်းပဲသံဝေဂ မရကြပါဘူး။

(၄)မရဏ
နာပြီးတော့ သေရတယ် သေတာဟာ ဒုက္ခဆိုတဲ့ သံဝေဂလည်း မရကြဘူး။
ရလည်းခဏပဲ ပျော်စရာနဲ့ တွေ့ရင် ပြန်ပြီး ပျော်တာပါပဲ။
ကမ္ဘာပေါ်မှာ ရိုးရိုးသေတာမပြောနဲ့ ကိုယ့်ကိုယ်ကို သတ်သေတာ
မိမိဘ၀ကို မကျေန်လိုသတ်သေတာတွေဟာ ယနေ့ စက္ကန့်(၄၀) မှာ
တစ်ယောက်ရှိနေတယ်လို့ ဂျာနယ်တခုမှာ ဘုန်းကြီးတို့ ဖတ်လိုက်ရပါတယ်။

(၅)အပါယဒုက္ခ
အပါယ်လေးဘုံက သတ္တ၀ါတွေရဲ့ ဒုက္ခ ဆင်းရဲကိုကြည့်ပြီးလည်း
သံဝေဂ ရရမယ်တဲ့။ ငရဲ သားတွေရဲ့ ဆင်းရဲကို မမြင်နိုင်လို့
မသိဘူးပဲထား လူ့တွေနဲ့ အနီးကပ် ထိတွေနေတဲ့
သတ္တ၀ါတွေရဲ့ ဒုက္ခကို သတိထားပြီး သိနိုင်ပါတယ်။
နေ့စဉ်နဲ့အမျှ လူသားတွေရဲ့ နှိပ်စက် သတ်ဖြတ်ခြင်းတွေကို ခံနေရတဲ့
သတ္တ၀ါတွေ ဒီလို ဘ၀တွေဆိုတာ အမတန် ကြောက်ဖို့ကောင်းပါလားဆိုတာ စဉ်စားဆင်ခြင်ပြီး သိနိုင်ပါတယ်။
သို့သော်လည်း သံဝေဂဖြစ်တာနည်းပါတယ်။

(၆)အတီတေ ၀တမူလက ဒုက္ခ
အတိတ်ကို မျှော်မှန်းပြီး စဉ်းစားကြည်စမ်းပါ။ငါတို့ အရင်ဘ၀က
ဒီလိုပဲ သေခဲ့လို့ ဒီဘ၀မှာ မွေးဖွားလာတာ အရင်တုန်းကလည်း
ဘယ်လောက်တောင် သေခဲ့လည်းမသိဘူး ဘယ်လောက်နာခဲ့ပြီး
သေခဲ့လည်း မသိဘူး ဆိုပြီး စဉ်းစားဆင်ခြင်ပြီး ဘ၀အပေါ်တပ်မက်တဲ့
တဏှာကို လျော့နည်းအောင် လုပ်ရပါမယ်။

(၇)အနာဂတေ ၀တ မူလက ဒုက္ခ
ယခုဘ၀ကနေ နောက်ဘ၀တွေကိုတွေးကြည်ပါ။ဒီဘ၀သေပြီးရင် နောက်ဘ၀တွေ ထပ်ဖြစ်ဦးမယ်။ နောက်နောင်လည်း ဒိလိုပဲ ဒုက္ခနဲ့စပြီး
ဒုက္ခနဲ့ဆုံးရဦးမယ်ဆိုပြီး သံဝေဂရရပါမယ်။

(၈)အာဟာရ ပရိ ယေသန ဒုက္ခ
လက်ရှိဘ၀ ကိုကြည့် အေးအေးချမ်းချမ်း မနေနိုင်ဘူး
တည်တည်ငြိမ်ငြိမ် မနေနိုင်ဘူး။စာစရာ ၀မ်းစာတွေတွေရှာနေရတယ်
တနေ့တည်းလည်း မဟုတ်ဘူး တသက်လုံး မသေမခြင်း
ရှာနေရတာ ဒုက္ခ အင်မတန်ကြီးတယ် လို့သံဝေဂတွေ
ရရပါမယ်။

ဒါကို သံဝေဂ၀တ္ထု(၈)မျိုးလို့ ဘုရား၇ှင်ကိုယ်တော်မြတ်ကြီးက ဟောကြားတော်
မူတယ်။ ဒီလို သံဝေဂ နဲ့ကြုံတိုင်း ဆုံတိုင်း
မိမိတို့ရဲ့ သန္တာန်မှာ သံဝေဂတရားတွေ ပြင်းထန်စွာ မဖြစ်ဘူးဆိုရင်
တို့တတွေဟာ သံသရာ လွတ်လမ်း အမြိုက် နိဗ္ဗာန်နဲ့ အလွန်ပင်ဝေး
နေပါတယ်လို့ သိနိုင်ပါတယ်။

(ဓမ္မမိတ်ဆွေ အပေါင်း သံဝေဂတွေ ရရှိနိုင်ပါစေဗျာ)

ပါချုပ်ဆရာတော် ဘုရားကြီး
ဒေါက်တာ နန္ဒမာလာဘိဝံသ၏ သံယောဇဉ်တရားမှ ကောက်နှုတ်ချက်ဖြစ်ပါတယ်။
(စာလုံးပေါင်းမှားပါက ခွင့်လွတ်ကြပါရန်)

Tuesday, May 13, 2014

သုဂတော (၅)ချက် စီးပွားတက်


ကဆုန်လပြည့် ဗုဒ္ဓနေ့ ဓမ္မလက်ဆောင်

သုဂတော သုဂတဋ္ဌာနံ၊
သုဂတော သုန္ဒရံပိစ။
သုဂတော နိဗ္ဗာနံ ယာတိ၊
သုဂတော တေ နမော နမာ။

(မြန်မာပြန်)

ကောင်းသောစကားကို ဆိုတော်မူသော မြတ်စွာဘုရား။
လာခြင်းကောင်းတော်မူသော မြတ်စွာဘုရား။
နိဗ္ဗာန်သို့ ကောင်းစွာကြွသွားတော်မူသော မြတ်စွာဘုရား။
ထိုမြတ်စွာဘုရားအား ရိုသေမြတ်နိုး လက်စုံမိုး ရှိခိုးကန်တော့ပါ၏ဘုရား။

(ပုတီးစိပ်နည်း)

တစ်ဂါထာဆုံးလျှင် ပုတီးတစ်လုံးချ။
သုဂတော (၅)ချက်ရ၏။

(၁၀၈)လုံး ပုတီးဖြင့် တစ်ပတ်ပြည့်လျှင် သုဂတော ဂုဏ်တော်ပေါင်း (၅၄၀)ရ၏။

ဓမ္မက္ခန္ဓာ (၈၄၀၀၀) အဓိဋ္ဌာန် ပုတီးစိပ်နည်း
================================

၁။ သုဂတော ဂါထာကို ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင် ရည်ရွယ်၍ (၁၀၈) လုံး ပုတီးဖြင့် ပုတီးပတ်ရေ (၁၅၆) ပတ်စိပ်ပါ။

၂။ ဓာတ်ကြီးလေးပါးတို့တွင် မဟာပထဝီမြေဓာတ် ၂သိန်း၎သောင်း ကို ရည်ရွယ်၍ ပုတီးပတ်ရေ (၄၄၅) ပတ် စိပ်ပါ။

၃။ ရေဓာတ် ၄သိန်း၈သောင်း ကိုရည်ရွယ်၍ ပုတီးပတ်ရေ (၈၉၀) စိပ်ပါ။

၎။ လေဓာတ် ၉သိန်း၆သောင်း ကို ရည်ရွယ်၍ ပုတီးပတ်ရေ (၁၇၈၀) စိပ်ပါ။

၅။ မီးဓာတ် ၁သန်း၉သိန်း၂သောင်း ကို ရည်ရွယ်၍ ပုတီးပတ်ရေ (၃၅၆၀) စိပ်ပါ။

အဓိဋ္ဌာန်တစ်ခု ပြီးတိုင်းပြီးတိုင်း ဘုရားရှင်အား ဆီမီး နံ့သာ ပန်း ရေချမ်း ကပ်လှူပြီး မေတ္တာပို့ အမျှဝေပါ။ အကျိုးထူးပါသည်။

ဆရာတော်ကိုယ်တွေ့။

သုဂတောဆရာတော်
ဘဒ္ဒန္တ ဥတ္တမသာရ
တွံတေးမြို့။

Monday, May 12, 2014

ကဆုန်လနှင့် ညောင်ရေသွန်းပွဲ


ကဆုန်လသည် အပူဓာတ် လွန်ကဲသောလ ဖြစ်သည်။ မြစ်ချောင်း အင်းအိုင်များ ရေခန်းခြောက်ချိန် ဖြစ်သည်။ သို့ရာတွင် လကုန်ပိုင်းတွင် မုတ်သုံလေ ဆောင်သွေး၍ မုတ်သုံမိုး တစ်ပြိုက်၊ နှစ်ပြိုက် ရွာသွန်းတတ်သည်။ မိုးရေ စွတ်စိုသော မြေပြင်သည် တစ်မူထူးခြားသော မြေသင်းနံ့ သင်းပျံ့ပျံ့ကို ရှူရိုက်ရသောလ ဖြစ်သည်။ ရှေးမြန်မာများက ကဆုန်အတွင်း မြေသင်း
ပျံ့ပျံ့ မိုးနှံ့နှံ့ဟု ဆိုရိုးပြုခဲ့ကြသည်။

ကုဆုန်လကို မြန်မာမူအရ ပြိဿရာသီခေါ်၍ ထိုလတွင် စန်းပြည်နက္ခတ်မှာ ၀ိသာခါနက္ခတ် ဖြစ်သည်။ ယှဉ်သော တာရာမှာ တံငါတာရာ ဖြစ်သည်။ ရာသီရုပ်မှာ နွားထီးရုပ် ဖြစ်သည်။ ရာသီပန်းကား စကားပန်းဖြစ်၍ ရာသီပွဲတော်ကား ညောင်ရေသွန်းပွဲတော် ဖြစ်သည်။

ယောမြို့စား အတွင်းဝန် ဦးဘိုးလိုင်၏ “ဥတုဘောဇန သင်္ဂကျမ်း” တွင် ကဆုန်လတွင် လောကသည် အလွန်ပူ၏။ အနောက်တောင်ထောင့်က လေပူတိုက်၏။ ရေကန် ရေအိုင်တို့၌ ရေသောက်သော သားငှက်တို့ဖြင့် ပြွမ်းကုန်၏။ ရေငုပ်ခြင်း၊ အစပ်၊ အချဉ်၊ အငန်၊ အပင်ပန်းခံခြင်း၊ မေထုန်မှီဝဲခြင်း၊ အဆီအစေး မရှိသော၊ ပူသော အစာတို့ကို ကြဉ်ရှောင်အပ်ကုန်၏။

ချိုဆိမ့်သော အရသာ၊ အေးသော ဖျော်ရည်၊ သကြားနှင့် လုပ်သော ပေါက်ပေါက်ဆုပ်၊ ကရေကရာ စသော မုန့်၊ ကြည်းကုန်း၌ ကျက်စားသော သားငှက်တို့၏ အသား၊ ထောပတ်၊ နွားနို့၊ ရေတံခွန်မှ ထွက်သော ရေအေး၊ ကြစုသီးနှင့် ကြံသကာတို့ကို မှီဝဲ သုံးဆောင် အပ်ကုန်၏ဟု ရေးသားခဲ့ပါသည်။

ဗုဒ္ဓဘာသာ မြန်မာတို့သည် ကဆုန်လပြည်နေ့ကို ထူးမြတ်သော နေ့အဖြစ် သတ်မှတ် ယူဆကြသည်။ ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နန်းနိဗ္ဗာန် ဆိုသည်နှင့်အညီ ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓ၀င်ဆိုင်ရာ ထူးခြားသော သမိုင်းမှတ်တိုင်များ ရှိခဲ့သည်။

(၁) ဘုရားလောင်းတော် သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာ ဘုရားရှင်ထံမှ ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု နိယတဗျာဒိတ်စင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု နိယတဗျာဒိတ်တော် ခံယူရရှိသောနေ့သည် ကဆုန်လပြည့်နေ့ ဖြစ်သည်။

(၂) မဟာသက္ကရာဇ် ၆၈-ခုနှစ်၊ ကဆုန် လပြည့်နေ့ သောကြာနေ့ နံနက် တစ်ချက်တီး အချိန် ၀ိသာခါနက္ခတ်နှင့် စန်းယှဉ်၍ ကပ၌ိလ၀တ်ပြည်နှင့် ဒေ၀ဒဟပြည်အကြား လုမ္မိနီသာမော အင်ကြင်းတောဝယ် သုဒ္ဓေါနေမင်းကြီး၏ ရူမငြီးသော ကြင်ယာတော် မယ်တော် မာယာ၏ ၀မ်းကြာတိုက်မှ ဘုရားလောင်းတော်ကို မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့သည်။

(၃) ဘုရားအလောင်းတော်သည် သက္ကရာဇ် ၁၀၃-ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် သစ္စာလေးပါးကို သိမြင်တော်မူပြီး ဘုရားအဖြစ်သို့ ရောက်ရှိခဲ့သည်။

(၄) ကာဠု၊ ယသော်၊ ညီတော်၊ ဆန္ဒ၊ ကဏ္ဍက၊ သောဏ္ဏ၊ ဗုဒ္ဓဟေ ဆိုသည်နှင့်အညီ ဖွားဖက်တော် ခုနှစ်ပါးတွင် ပါဝင်သော ညောင်ဗုဒ္ဓဟေ(ဗောဓိပင်) သည်လည်း ကဆုန် လပြည့်နေ့တွင်ပင် ပေါက်ရောက်ခဲ့သည်။

(၅) သက္ကရာဇ် ၁၄၈-ခုနှစ်၊ ကဆုန်လပြည့်နေ့၌ ၀ါတော် ၄၅-၀ါ၊
သက်တော် ၈၀-၌ ဘုရားရှင်သည် နယ်မာလာတိုင်း၊
ကုသိနာရုံပြည်ရှိ အင်ကြင်းတောဝယ်
ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့ခြင်း ဖြစ်သည်။

မြတ်ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်တော်မူမည့်နေ့ နံနက်ပိုင်းတွင်လည်း သုဇာတာ သူကြွယ် သမီး ဃနာနို့ဆွမ်း ဆက်ကပ်ခြင်း ခံရသည်မှာ သေနနိဂုံးရွာအနီး ညောင်ပင်ရင်းတွင် ဖြစ်သည်။ ဘုရားအဖြစ်သို့ ရောက်တော်မူသည်မှာလည်း ဗောဓိညောင်ပင်ရင်းတွင်ပင် ဖြစ်သည်။

ထို့အတွက် မြတ်ဗုဒ္ဓနှင့် ပတ်သက်နေသော ဗောဓိညောင်ပင်သည် ဗုဒ္ဓဘာသာဝင် မြန်မာတို့အဖို့ အလေးအနက် ကြည်ညို လေးစားဖွယ်ရာ ဖြစ်လာသည်။ သာသနာတော်ကို ရိုသေလေးစားသော မြန်မာတို့သည် တစ်ချက်ခုတ် နှစ်ချက်ပြတ် အဖြစ် ရာသီဥတုအရလည်း ဆီလျော်သော ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲတော် တီထွင် ကျင်းပသည်ဟု ယူဆသည်ဟု ယူဆရပါသည်။

ပုဂံခေတ်ထိုး စောလုဝန်းဘုရား ကျောက်စာတွင် မီဖုန်၊ သင်္ကြန်၊ ညောင်ရိပ်သွန်(ညောင်ရေသွန်း) စသည် ဝေါဟာရများ တွေ့ရှိရသဖြင့် ဗုဒ္ဓသာသနာတော် အရောင်အ၀ါထွန်းကားနေသော ပုဂံခေတ်၊ လူမူစီးပွားရေး ဖွံ့ဖြိုး စည်ပင်နေသော ပုဂံခေတ်တွင် ညောင်ရေသွန်းပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပနေပြီဟု ယူဆရပါသည်။

မြန်မာသက္ကရာဇ် ၁၁၆၈-ခုနှစ်၌ ဘိုးတော် ဘုရားသည် ပိဋကတ်တော်နှင့် လောကီကျမ်းများကို ကူးရန်နှင့် မဟာဗောဓိပင်ကို ဖူးမြော်ရန် ရွှေတောင်သာဂဘူ၊ ရွှေတောင်သီရိစည်သူ စသည့် အမတ်ကြီးများကို အိန္ဒိယနိုင်ငံသို့ စေလွှတ်ခဲ့သည်။

မှန်နန်းရာဇ၀င်တော်ကြးတွင် မဟာဗောဓိပင် ခက်မကြီးတို့မှ ဖြာသော ခက်လက်ပေါင်း ၁၃၆-ခု ရှိသည်။ ထွာဆိုင်၊ ညှိုဆိုင်အောက်ငယ်သော ဗောဓိပင် ခက်လက်ငယ်တို့သည်ကား မရေမတွက်နိုင်အောင် အလွန်များပြားသည်။

မဟာဗောဓိ ညောင်တော်၏ အရပ်မှာ ပကတိ မြေမှ ခက်မကြီးခြောက်ခု ဖြာသည့်တိုင်အောင် အတောင် ၆၀-ကျော်သည် ဖြစ်၍ ဗောဓိညောင်တော် တစ်ပင်လုံး ရင်းဖျား ဆုံးအောင် အတောင် ၉၀-ခန့် အမြင့်ရှိသည်ဟု မှတ်တမ်းတင်ခဲ့သည်။

ဗုဒ္ဓဂါယာ၌ရှိသော ဖွားဖက်တော် ဗောဓိပင်ကို ဟိန္ဒူဘုရင် သသကသည် ခုတ်လှဲ ဖျက်ဆီးခဲ့သည်။ သို့ရာတွင် ထိုဗောဓိပင် အမြစ်နေရာမှ ဗောဓိပင်တစ်ပင် ပေါက်ရောက်လာသည်။ ထိုဗောဓိပင်သည် ၁၈၇၀-ပြည့်နှစ်တွင် ပြိုလဲသွားရာ ထိုအပင်မှ အကိုင်းကို ပြန်၍ စိုက်ပျိုးခဲ့သည်။ ယခုအခါ ဖူးတွေ့ရသော ဗောဓိသည် မူလဗောဓပင်၏ အဆက်အနွယ် ပင်ပွား ဖြစ်သည်ဟု မြန်မာစွယ်စုံကျမ်း အတွဲ-ဂတွင် ရေးသားထားပါသည်။

ရှေးမြန်မာမင်းများ လက်ထက်တွင် ဗောဓိပင် စိုက်ပျိုးခြင်း ပြုခဲ့ကြသည်။ ကိုလိုနီကျွန်သဗောက်ဘ၀မှ လွတ်မြောက်သည်နေ့၊ လွပ်လပ်ရေး ရရှိသောန့ ၁၉၄၈-ခုနှစ် ဇန်န၀ါရီလ ၄-ရက်နေ့ တွင်လည်း အိန္ဒိယပြည်ရှိ မဟာဗောဓိပင် အကိုင်းကို ယူဆောင်၍ ရွှေတိဂုံဘုရား ရင်ပြင်တော် အနောက်မြောက်ထောင့်၊ အနောက်ဘက် အုတ်တံတိုင်းနှင့် မြောက်ဘက် အုတ်တံတိုင်းတို့ ဆုံရာ အနီး၌ စိုက်ပျိုးခဲ့သည်။

ထို့ပြင် ကိုလိုနီခေတ်အခါက ၁၉၀၅-ခုနှစ်လောက်တွင် ရွှေတိဂုံဘုရား ဘဏ္ဍာတော်ထိန်းအဖွဲ့က စိုက်ပျိုးခဲ့သော ဗောဓိပင်လည်း ရှိခဲ့သည်။ ဗုဒ္ဓဂါယာအရပ်ရှိ ဗောဓိညောင်ပင်၏ အစေ့ကိုယူ၍ စိုက်ပျိုးခဲ့သော ဗောဓိပင်လည်းရှိခဲ့သည်။ ဗောဓိညောင်ပင် ရှိခြင်းလည် မြတ်ဗုဒ္ဓ သက်တော်ထင်ရှားရှိခြင်းနှင့် တူညီသည်ဆိုသော အယူအဆကြောင့် ဗောဓိပင်ကို အလေးအမြတ်ပြုကြခြင်း ဖြစ်သည်။

ပင်းယခေတ်တွင် ပေါ်ထွန်းခဲ့သော ပြည်မင်း မျက်နှာရှည် ကာချင်းတွင် “စံကား ၀တ်စုံမြေ၊ သွန်းညောင်ရေ၊ ထုံးလေ တန်စကူး၊ နွေလဆန်း ဆန်လေဦး၊ ၀တ်ဆံ ရွှေသား၊ စကားပွင့်လှဦး” ဟု ရေးစပ်ခဲ့သည်။

ထိုကာချင်းက ခေတ်တစ်ခေတ်၏ ဘာသာ ယဉ်ကျေးမူ သမိုင်းတစ်ကွက်ကို ထင်ဟပ်ပြနေပါသည်။ ပင်းယခေတ်သို့ ရောက်ရှိလာသောအခါ ကဆုန်ညောင်ရေသွန်း ပွဲတော်သည် စည်ကားသိုက်မြိုက်စွာ ကျင်းပနေခြင်းကို ဖော်ညွှန်းနေပါသည်။

ဗောဓိညောင်ပင်နှင့် ကဆုန်ညောင်ရေသွန်းပွဲတော်သည် မြန်မာ့ လူ့အဖွဲ့အစည်းကို လွှမ်းမိုးနေပြီး မြန်မာ့အနုပညာလောက ရူထောင့်အတွင်းသို့ပါ စိမ့်ဝင်နေသည်ကို တွေ့ရပါသည်။

နန်းမြို့တော်ဟောင်း ယဉ်ကျေးမူမြို့တော်ဖြစ်သော မန္တလေးမြို့မှ နာမည်ကျော် အငြိမ့် လူရွှင်တော်ကြီး ဦးဓာတ်ခိုးသည် အငြိမ့်သဘင် ကပြသောအခါ “ကဆုန်ညောင်ရေသွန်းပွဲ လင်္ကာကြီး” ကို ရွတ်ဆိုခဲ့သည်။

လူကြီးများက နံ့သာအိုး အသီးသီးပိုက်၊ ကညာအမျိုးသမီး တစ်သိုက်က သပြေပန်း မညှိုးအောင် ရေချမ်းအိုး ကိုယ်စီ ရွက်ပြီး ဗိုလ်စည်နှက်ကာ ထီးဖြူ ရှစ်လက်နှင့်တကွ နည်းမူစနစ်မပျက် အတူပျော်မွေ့လျက်။

သူတော် ရသေ့နှင့် ဒိုးပတ်သမား၊ သည့်နောက်ကတော့ တန်ခိုး လျှပ်ကြွားအောင်၊ အဆန်းကွက် တစ်မျိုးကြည်၊ နန်းဆန်တဲ့ အိုးစည်နှင့် အတီး အဆို အက၊ အပြီးမလိုရ နယ်တစ်ခွင် ရွှင်ချို၊ မယ်ဒလင် ဘင်ဂျိုနှင့် အရပ်သားတို့က ပျော်။

ဝိသာခါ နက္ခတ်စန်းရတနာနှင့် ပြိုင်တော့၊ ပန်းစကားဝါ အခိုင်အငုံကြွသည် ကဆုန်လရာသီ အမြတ်မှာ ရွာပြည် အရပ်ရပ်သောင် ခေမေ မလွဲဖို့လို ညောင်ရေပွဲ ပြုကြတဲ့ သဘင်ပွဲကိုဗျာ စသည်ဖြင့် ရွတ်ဆို ပြခဲ့သည်။

ဆရာမင်းသုဝဏ်က “အေးရိပ်သာတဲ့ ပြည်ညောင်ညို၊ ဥသြ တွန်သံချို ဒိုးရိုစီးတဲ့ နဒီတွင်း သမင် ရေသောက်ဆင်း၊ မြက်ခင်းလဲလဲ မြေညီညီ ကံ့ကော်ဝတ်မူန် မူန်စီ၊ ဇာလီပျော်တဲ့ ကျောင်းသင်္ခမ်း၊ လူလေး သွားချေစမ်း” ဟု ရေးစပ်ခဲ့သည်။

မြန်မာပြည် အရပ်ရပ်တွင် ညောင်ပင်များ ပေါက်ရောက်လေ့ ရှိသည်။ အပင်သည် ကြီးမားခြင်း၊ အရိပ်အာဝါသ ကောင်းခြင်း၊ အေးမြစေခြင်း ထည်ထည်ဝါ၀ါ မြင်တွေကရခြင်း စသော ဂုဏ်အင်္ဂါများနှင့် ပြည့်စုံသည်။ ရွာဦး ရွာထိပ်တွင် အထင်ကရ မြင်တွေ့ရသော ပ ညောင်ပင်ကြီးများသည် ရွာ့ကျက်သရေကို ဆောင်နေသည် သာမက ကျေးရွာများ၏ အလှကျက်သရေကိုလည်း ဖြစ်သေည်။

ကဆုန်ညောင်ရေသွန်း ပွဲတော်ကို ပဒေသရာဇ် ခေတ်မှသည် ယနေ့ထက်တိုင် ကျင်းပနေဆဲ ဖြစ်သည်။ မြို့ကြီး ပြကြီးမှ ကျေးလက် တောရွာ ဇနပုဒ်အထိ ညောင်ရေသွန်းပွဲတော် ကျင်းပခြင်းသည် ဘာသာယဉ်ကျေးမူ အတွက် သာမက သစ်ပင် ပန်းပင် စိမ်းလန်းစိုပြည်ရေးကိုလည်း အထောက်အကူ ပြုလျက် ရှိသည်။

မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မှုစဉ် သတ္တ၀ါ ဝေနေယျတို့အား ချီးမြှောက်ရန်အတွက် ဒေသစာရီ ကြွချီတော်မှုလေ၏။ ထိုအခါ သာဝတ္ထိမြို့သူ မြို့သားတို့သည် ဘုရားရှင်အား ပူဇော် ကန်တော့ကြရန် ပန်းနံ့သာ လှူစရာများကိုယူဆောင်လျက် ဇေ၀န် ကျောင်းတော်သို့ သွားကြကုန်၏။ ဇေတ၀န် ကျောင်းတော်သို့ ရောက်သောအခါ ဘုရားရှင် မရှိသည့်အတွက် ပူဇော်ခွင့်မရကြလေကုန်။ ထိုအခါ မိမိတို့ ယူဆောင်ခဲ့သော ပန်းနံ့သာများကို ဂန္ဓကုဋီကျောင်းတိုက်၏ တံခါးဝ၌ ချထားကြကုန်လျက် ပြန်လာခဲ့ကြကုန်၏။

ထိုအကြောင်းကို အနာထပိဏ်သူဌေးကြီးသိရသည့်အခါ အရှင်အာနန္ဒာမထေရ်သို့ကပ်၍-အရှင်ဘုရား ဤ ဇေတ၀န်ကျောင်းတော်ကြီးသည် မြတ်စွာဘုရား ဒေသစာရီကြွချီသောအခါ၌ ကိုးကွယ်ရာမဲ့ နေပါသည်။ ပူဇော်ခွင့်လည်း မရှိပါ။ အရှင်ဘုရားသည် ဤအကြောင်းကို ဘုရားရှင်အား လျှောက်ထားပြီး ဘုရားရှင်မရှိခိုက် ဘုရားရှင်ကိုယ်စား ကိုးကွယ်ပူဇော်ရာကို လျှောက်ထားပေးပါဘုရားဟု လျှောက်ထားလေသည်။ မဟာဗောဓိ ပင်မှ မျိုးစေ့ကိုယူ၍ ဇေတ၀န်ကျောင်းတော်၏ တံခါးဝ၌ စိုက်ပျိုးခွင့်ပြုရန် အရှင်အာနန္ဒာက မြတ်စွာ ဘုရားရှင်အား လျှောက်ထားလေ၏။ ဘုရားရှင်သည် စိုက်ပျိုးခွင့်ကိုပေးလျက် -

ဤသို့ ဗောဓိပင်ကို စိုက်ပျိုးထားခြင်းသည် ဇေတန်ကျောင်းတော်၌ ငါဘုရား အမြဲသီတင်းသုံးနေတော်မှုသည် နှင့် အတူတူပင်ဖြစ်လတ္တံ့ဟု မိန့်ကြားတော်မှုခဲ့သည်။

သာဝတ္ထိမြို့သူမြို့သားတို့သည် ထိုဗောဓိပင်ကို အမွှေးနံ့သာ ပန်း ဆီးမီးတို့ဖြင့် ဆက်ကပ်ညှိထွန်းခြင်းဖြင့် ဘုရားရှင်အား ပူဇော်သည့်အနေဖြင့် အမြဲပူဇော် ကြကုန်၏။

ဤကဆုန်လသည်ကား လွန်ခဲ့သောနှစ်က ရွာသွန်းခဲ့သော မိုးနှင့်လည်း အလွန်ဝေးကွာလာခဲ့သည် နောက်လာ ခဲ့သည် နောက်လာမည့် မိုးကလည်းမရွာသေးချေ။ သို့ဖြစ်ရကား ဤကဆုန်လသည် ရေများခန်းခြောက်နည်းပါး ကာ မြေဓာတ်၌ ရေအပြတ်ဆုံးလဖြစ်လေသည်။ လူတို့သည် ဘုရားအလောင်းတော် ဘုရားအဖြစ် ရောက်တော် မှုရာ မဟာဗောဓိပင်မှ ကူးယူစိုက်ပျိုးခဲ့သော ဤမဟာဗောဓိပင်ကို ဘုရားရှင်၏ကိုယ်စား ကိုးကွယ်ရာ ရှားပါးအဖိုးတန်ဝတ္ထုအဖြစ် လေးစားကိုးကွယ်ခဲ့ကြသည်။ ထိုရှားပါးအဖိုးတန်လှသော မဟာဗောဓိပင် သေမသွားစေရန် ရည်ရွယ်၍ ရေအပြတ်ဆုံးလဖြစ်သော ဤကဆုန်လတွင် မဟာဗောဓိပင်ကို ညောင်ရေသွန်း လောင်း၍ ပူဇော်ကြခြင်းဖြစ်ပါသည်။ ဤမဟာဗောဓိပင်သည် စေတီ(၄)မျိုးတို့တွင် ပရိဘောဂစေတီတတော် ဖြစ်သည်။

ဤကဆုန်လဟူသော စကားရပ်၌ ကဆုန်ဟူသော အခေါ်အဝေါ်သည် “ကဆိန္န” ဟူဠေိကို “ကဆုန်” ဟု မြန်မာမှုပြုထားသော ပါဠိသတ်ဝေါဟာရ အမည်ဖြစ်သည်။ ဤ ကဆိန္န၌ (က=ရေ၊ ဆိန္န=ပြတ်သည်) ကဆိန္န=မြေဓာတ်မှာ ရေပြတ်သောလဟု အဓိပ္ပာယ်ရသည်။ ကံ=ဥဒကံ ဆိန္နတိ ဧတ္ထာတိ ဣတိ-ထိုကြောင့် ၊ ကံဆိန္နမည်၏ဟုလည်း ဆိုကြသေး၏။ ဤသို့ ရေအပြတ်ဆုံးလဖြစ်သော ဤကဆုန်လ၌ မဟာဗောဓိပင် သေမသွားစေရန်နှင့် ဘုရားရှင်ကိုယ်စား ကိုးကွယ်သောအားဖြင့် ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြခြင်း ဖြစ်ပေသည်။

ထိုဗောဓိပင်ကို ပူဇော်သော အစဉ်အလာသည် မြန်မာနိုင်ငံတွင် ပုဂံခေတ်၊ ပင်းယခေတ်တို့ကပင် ရှိနေသည်ဟု (သက္ကရာဇာ် ၅၆၃၊ သင်ကြီးညောင်အုပ် ကျောက်စာတို့အရ) သိရလေသည်။ယနေ့အချိန်အထိ ဗုဒ္ဓဘာသာ မြန်မာတို့သည် ညောင်ရေသွန်းပွဲတော်ကို မြန်မာယဉ်ကျေးမှုတစ်ရပ်အဖြစ်သတ်မှတ်လျက် ကဆုန်လပြည့်နေ့ တွင် ဗောဓိပင်အား ညောင်ရေသွန်းလောင်းခြင်း ပန်းနံ့သာကပ်လှူခြင်းများ ကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်လျက် ရှိသည်။

ဤကဆုန်လပြည့်နေ့သည်
ဘုရားအလောင်းတော်ဗျာဒိတ်တော်ခံယူရာနေ့၊
ဘုရားဖြစ်မည်ဘ၀တွင် ဖွားတော် မှုရာနေ့၊
ဘုရားဖြစ်တော်မှုသောနေ့၊
ပရိနိဗ္ဗာန်စံတော်မှုသောနေ့အားဖြင့်
နေ့ထူးနေ့မြတ်ကြီးဖြစ်သော ကြောင့် ဤကဆုန်လပြည့်နေ့တွင်
ဘုရား၏ကိုယ်စား ကိုးကွယ်သောအားဖြင့် ဗောဓိပင်ကို
ရေသွန်းလောင်း ပူဇော်ခြင်းသည် ကောင်းမြတ်သော ဗုဒ္ဓယဉ်ကျေးမှုလာ မြန်မာ့ဓလေ့ထုံးစံတစ်ရပ်အဖြစ် ပြုလုပ်သင့်သော ကောင်းမှုကုသိုလ်ထူး
မင်္ဂလာကြီးပင် ဖြစ်ပေသည်။

- ( သာရဝေါစိုးကြည်)

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

Sunday, May 11, 2014

စိတ် ပျံ့ လွင့် သော်


စိတ်ပျံ့လွင့်တာကို အတင်းထိန်းမထားပါနဲ့၊
ပျံ့လွင့်ရင် ပျံ့လွင့်မှန်း သိဖို့ပဲ။

စိတ်မငြိမ်တာကို မငြိမ်မှန်းသိဖို့၊
စိတ်ပြေးရင် ပြေးမှန်း၊ တွေးရင် တွေးမှန်း၊
စိတ်ကူးရင် စိတ်ကူးမှန်း၊ ကြံရင် ကြံမှန်း
သိနေရုံပဲ။

သိရင်တော်ပြီ...

တည်ငြိမ်အောင် လုပ်တာမဟုတ်ဘူး
တည်ငြိမ်လို့ ကောင်းလို့
သဘောကျနေရင်လည်း
မဟုတ်သေးဘူး။

တည်တာကို ကောင်းတယ်
ထင်ပြီးတော့လည်း မစွဲလမ်းရဘူး၊

ပျံ့လွင့်တာကို မကောင်းဘူး
ထင်ပြီးတော့လည်း စိတ်မပျက်ရဘူး၊

သိနေဖို့ပဲ...
ကောင်းကောင်း မကောင်းကောင်း
တည်တာလည်းသိ၊ မတည်တာလည်း
သိရမယ်။

ကျေးဇူးတော်ရှင်
ရွှေဥမင်ဆရာတော်ဘုရားကြီး။

■■■■■■■■■■■■■■■■■■■

ရောဂါ နဲ့ ဝေဒနာ
••••••••••••••••

ရောဂါနဲ့ဝေဒနာကို ကွဲအောင်ကြည့်ပါ။

ကိုယ်ထဲမှာနာတာ၊ ကျင်တာ၊
ကိုက်တာ၊ ခဲတာ အဲဒါက ရောဂါ ။

အဲဒီ ကိုယ့်အနာရောဂါကို
အကြောင်းပြုပြီးတော့ စိတ်ထဲမှာ
မခံသာတာက ဝေဒနာ (ခံစားချက်)။

ဖောက်ပြန်နေတဲ့ရောဂါကိုချည်း
သွားကြည့်နေရင် သိပ်အခံရခက်တယ်။

စိတ်ထဲမှာ မခံသာတဲ့ဝေဒနာ
(ခံစားချက်)ကို ကြည့်ပေးပါ။

မခံသာတဲ့ဝေဒနာ သပ်သပ်၊
ရောဂါက သပ်သပ်။

မခံသာတဲ့စိတ်ကို ရှုကြည့်နေရင်
ကိုယ်မှာ နာနေတာနဲ့ မဆိုင်တော့ဘူး။

သူများဖြစ်တာလေးကို
ကြည့်နေရသလို၊
ဆရာဝန်က လူမမာကို
ကြည့်ရသလို
ကိုယ်ပါ ရောမနာတော့ဘူး။

ကိုယ်နာတာချည်း သွားကြည့်နေရင်
ကိုယ်ရော စိတ်ပါ ရောနာသွားတယ်။

မခံနိုင်ဘူး ပြင်ချင်တယ် ပြောင်းချင်တယ်
အဲဒီစိတ်ကလေးကို သိပေးပါ။

ပျေက်ချင်စိတ် ဖြစ်နေရင်လည်း
အဲဒီစိတ်ကလေးကိုပဲ သတိထားကြည့်
မကျေနပ်စိတ်ဖြစ်ရင်လည်း ကြည့်ပေး
သိပေးပါ။

ကျေးဇူးတော်ရှင်
ရွှေဥမင်ဆရာတော်ဘုရားကြီး။

ဆန်းတိုး ရိန်း ထံမှ ကူးယူသည်။

ကဆုန်လပြည့် ဗုဒ္ဓနေ့ 


ကဆုန်လ။ ။ ကဆုန်ဟု ယခုအရေးအခေါ် ပြုနေသောလ၏ အမည်ကို ပုဂံခေတ်ထိုး ကျောက်စာတို့တွင် ကုဆုန်ဟု အရေးများသည်။ ပုဂံခေတ်၌ အသုံးတွင်ကျယ်သော ကုဆုန်၊ ကဆုန်ဟူသော အရေးနှစ်မျိုးတွင် ကုဆုန်သည်မူလဖြစ်၍ ယင်းမှ ကဆုန်သို့ ရွေ့လျောသည်ဟု ယူဆရပေသည်။

ကု၊ က၏အနက်သည် ရေဖြစ်၍၊ ဆုန်၏ အနက်မှာ သွန်းလောင်းသည်ဟု ဖြစ်သောကြောင့် ကဆုန်လကို ရေသွန်းလ၊ ရေလောင်းလဟုကောက်ယူရသည်။ ကုဆုန်၊ ကဆုန်ဟူသော လ၏အခေါ်မှာ အလွန်ရှေးကျ သည်ကိုထောက်သော် မြန်မာနိုင်ငံသို့ သာသနာရောက်သည့် အခါမှစ၍ ညောင်ရေသွန်းပွဲတော် ကျင်းပခြင်း အလေ့လည်းတစ်ပြိုင်တည်း ဖြစ်ပေါ်လာသည်ဟု ထင်မှတ်ရလေသည်။

တန်ခူး၊ ကဆုန်စသော ဆယ်နှစ်လတို့တွင် ကဆုန်၊ ဝါဆို၊ ဝါခေါင်၊ သီးတင်းကျွတ်၊တန်ဆောင်မုန်း၊ နတ်တော် ဟူ၍ ခြောက်မျိုးသော အခေါ်တို့မှာ သာသနာရေးကိုးကွယ် ယုံကြည်ရေးနှင့်သက်ဆိုင်လေသည်။ ဤကဆုန်လ ရာသီတွင် နေအရှိန်အပြင်းထန်ဆုံး ဖြစ်သောကြောင့် ရေများပင်ခန်းခြောက်လေ့ရှိရကား၊ မြတ်စွာဘုရား ပွင့်တော်မူရာ ဗောဓိပင်ကို ရည်မှတ်ကာ ဗောဓိပင်အပွားတော်များကို တပျော်တပါး ရေစင်သွန်းလောင်းခြင်းများ ပြုခဲ့ကြသဖြင့် လပြည့်နေ့၌ ကျင်းပသောပွဲတော် အခါကြီးကို ကဆုန် ညောင်ရေသွန်းပွဲတော်ဟုလည်း ခေါ်စမှတ်ပြုခဲ့ကြသည်။ ထိုမျှမက ခန်းခြောက်သော အင်းအိုင် ၊ ရေကန်တို့မှ ငါးများကိုပင် ရေများရာဒေသသို့ ရွှေ့ပြောင်းပေးခြင်းအားဖြင့်လည်း ဇီဝိတဒါန ငါးလွှတ်ပွဲများကို ယခုထက်တိုင် ပြုလုပ်လျက်ရှိကြသည်။

ကဆုန်လသည် မြန်မာ့တစ်ဆယ့်နှစ်လတွင် ဒုတိယလဖြစ်၍ ပြိဿရာသီနှင့်တူညီသည်။ မိုးဦးကျခါနီး ဖြစ်သည့် အလျောက်မိုးသံလေသံများ စတင်ကြားရလေသည်။

ကဆုန်လပြည့်။ ။ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓသာသနာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီးဖြစ်ပေသည်။ ထိုနေ့၏ ထူးခြားချက်များကား

၁။ ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာမြတ်စွာဘုရားထံမှ နိယတဗျာဓိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခြင်း။

၂။မဟာသက္ကရာဇ် (၆၈) ကဆုန်လပြည့်နေ့တွင် ဂေါတမမြတ်စွာဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခြင်း။

၃။ မဟာသက္ကရာဇ် (၁၀၃) ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမမြတ်စွာဘုရားအလောင်းတော် သည် သဗ္ဗညုတဥာဏ်တော်ကို ရရှိတော်မူခြင်း။

၎။မဟာသက္ကရာဇ် (၁၄၈)ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းတို့ဖြစ်သည်။

ထိုကဲ့သို့မြတ်စွာဘုရားရှင်၏ အဖြစ်တော်စဉ်တွင် ထူးခြားမှတ်သားထိုက်သော ဤကဆုန်လပြည့်နေ့အား ဘုရားနေ့(ဗုဒ္ဓနေ့) ဟု ဗုဒ္ဓသာသနာဝင် အပေါင်းတို့က အထွက်အမြတ် ထားကြလျက် မြတ်စွာဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတ ရွှေဥာဏ်တော်ကို ရတော်မူရန် အားထုတ်ရာတွင် အမှီပြုတော်မူသော ဗောဓိပင် အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုကြကုန်သည်။ ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့သော ဗောဓိပင်ကိုလန်းဆန်းစိုပြည်စေရန်အတွက် ဖြစ်ပေသည်။

ထိုအလေ့အထသည် ဗုဒ္ဓသာသနာဝင်တို့တွင် ပျောက်ကွယ်ခြင်းမရှိဘဲ ယခုထက်တိုင် နှစ်စဉ်အမြဲ ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းလောင်းပွဲများပြုလုပ်လျက် ရှိကြလေသည်ဟု (ဗုဒ္ဓနေ့ အမှတ်တရ) အဖြစ် ဓမ္မဒါနပြုလိုက်ရပါသည်။

ကိုးကား။ ။ မြန်မာ့စွယ်စုံကျမ်း။

စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

အမေ့ဘေးမှာ ဘွဲ့ယူခဲ့သော အမေရိကန် အထက်တန်း ကျောင်းသူလေး


အမေရိကန် ပြည်ထောင်စု အရှေ့ပိုင်း မေရီလန်း ပြည်နယ်က အထက် တန်း ကျောင်းတစ်ခုမှ စီနီယာ တန်း အောင်သွားတဲ့ ကျောင်းသူ Megan Sugg ဖြစ်ပါတယ်။ ရက်ပိုင်း အတွင်း ကွယ်လွန်တော့မယ့် ချစ်ရတဲ့ အမေဘေးမှာ စီနီယာတန်း အထက်တန်း ကျောင်းဆင်း graduation ပွဲ အသေးစား တစ်ခုကို ပြုလုပ်ခဲ့ ပါတယ်။ အမေများနေ့ မတိုင်ခင် ရှေ့တစ်ရက် မှာပါ။

သက္ကရာဇ် ၂၀၁၀ ခုနှစ်က စလို့ Megan Sugg ရဲ့ အမေဟာ ကင်ဆာ ရောဂါနဲ့ အိပ်ယာပေါ် စလှဲပါတော့တယ်။ အဲ့တုန်းက အသက် ၄၄ နှစ်ပါ။ ၂၀၁၄ ခုနှစ် နှစ်ဝက် မရောက်ခင် သေရမယ်ဆို တာ သေ ချာ နေတော့ ဇွန် ၁၀ ရက်မှ ဘွဲ့ယူမယ့် သမီး ရဲ့ ဘွဲ့ယူ အခမ်းအနား ကို သူမ အမေ တက်နိုင်မှာ မဟုတ် ပါဘူး။ ဒါကြောင့် ကျောင်းက ဆရာတွေ၊ ပါမောက္ခတွေကို အကူအညီ တောင်းပြီး တရားဝင် မဟုတ်တဲ့ ဘွဲ့ယူခြင်း အခန်းအနားကို ဆေးရုံထဲမှာပဲ အဆင်ပြေဆုံး ဖြစ်အောင် ပြုလုပ်ခဲ့ကြ ပါတယ်။

သမီးလေး ဘွဲ့ယူတဲ့ အခမ်းအနား ၊ အောင်မြင်မှု မှတ်တိုင် စိုက်ချိန်မှာ အမေ ဘေးမှာ ရှိနေမယ်လို့ ကတိပေးထားလို့ ဖြစ်ပါတယ်။ ဒီတော့ ကျောင်းပြီး ပေမယ့် ဘွဲ့ယူဖို့ တစ်လလောက် လိုနေသေးတဲ့ သမီးလေးဟာ အမေ့ ဆန္ဒ ပြည့်ဖို့အတွက် ဘွဲ့နှင်းသဘင် အသေးစားကို အမေ့ ကုတင်ဘေးမှာပဲ ပြုလုပ်ခဲ့ ပါတယ်။

အမေရိကန် ရဲ့ အမေများနေ့ မေလ ၁၁ ရက်နေ့ မရောက်ခင် ပြုလုပ်ခဲ့တဲ့ အမေ့ဘေးက သမီး ဘွဲ့နှင်းသဘင်က တစ်ကမ္ဘာလုံးက သိမြင်ရသူတွေကို ဝမ်းနည်း ကြေကွဲစေခဲ့ ပါတယ်။
.
Ref: Dailymail
အောင်ခမ်း (ရိုးရာလေး)

Thursday, May 8, 2014

ကန်ဒေါ်လာ ၁၅သန်းကျော် ထီပေါက်ပေမယ့် အမှိုက်ကောက် သမား ပြန်ဖြစ်သူ


ပုံမှာ မြင်တွေ့နေရတဲ့ လူငယ် တစ်ဦး ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံမှာ နေထိုင်ပြီး သက္ကရာဇ် ၂၀၀၂ ခုနှစ်မှာ ဗြိတိန် ထီဆုကြီး တစ်ခု ပေါက်ခဲ့ပါတယ်။ ယင်း ဆု တန်ဖိုးဟာ ဗြိတိန်ပေါင် ၉.၇ သန်း ရှိပြီး အမေရိကန်ဒေါ်လာနဲ့ တွက်ရင် ၁၅.၄ သန်း ကျော် ရှိပါတယ်။ ယနေ့ငွေဈေးနဲ့ ဆိုရင် အတော်လေး များမှာပါ။ အဲ့ဒီအချိန်မှာ သူဟာ အသက် ၁၉ နှစ်ပဲ ရှိပါသေးတယ်။

ထီမပေါက်ခင်က သူဟာ အမှိုက်ကောက်သမား အဖြစ် လုပ်ကိုင်ခြင်း ဖြစ်ပါတယ်။ ထီပေါက်ပြီးချင်း ရရှိတဲ့ ငွေတွေနဲ့ စတင် သုံဖြုန်း ပါတော့တယ်။ မိသားစုကိုလည်း ချစ်ခင်မြတ်နိုးတာကြောင့် အမေနဲ့ အမေ တွေကို တစ်ယောက် တစ်သန်း ပေးပြီး ကျန်တဲ့ငွေတွေနဲ့ အိမ်ဝယ်၊ ခြံဝယ်၊ ကားဝယ်၊ သောက်စား ပျော်ပါး ပါတော့တယ်။

ဗြိတိန်မှာ အိမ် လေးလုံး ဝယ်ပြီး စပိန်မှာ အားလပ်ရပ် သွားနေဖို့ ခြံဝိုင်းကျယ်ပါ အိမ်တစ်လုံး ဝယ်ပါတယ်။ မာစီဒီး ဇိမ်ခံကား နှစ်စီး၊ BMW အမိုးပွင့် ပြိုင်ကား နှစ်စီး တို့ ဝယ်ပါတယ်။ ဗြိတိန်မှာ ပေါ်ထွက်လာတဲ့ မင်းသားလေး တစ်ပါး အဖြစ် ကိုယ့်ကိုယ်ကို ခံယူပြီး အသုံးအစွဲ လက်ဖွာ ပါတော့တယ်။ နာမည်ကျော် ဗြိတိန် Celebrity တွေနဲ့ ပေါင်းပြီး သူ့ကိုယ်သူ လည်း Celebrity တစ်ယောက် အဖြစ် ခံယူ ပါတယ်။ အိမ်တစ်လုံး တစ်လုံးကို ဗြိတိန်ပေါင် ၃ သိန်း၊ ၄ သိန်းနဲပ ဝယ်ပေမယ့် ပြန်ရောင်းတာ တစ်ဝက်ဈေးတောင် မရှိပါဘူး။ ဝယ်တုန်းကလည်း ရှိတဲ့ဈေးထက် ပိုပေးပြီးတော့ ဝယ်ပါတယ်။

လူတစ်ကာ အကြံပေးလို့ အစုရှယ်ယာတွေ ရင်းနှီးခဲ့ပေမယ့် တစ်ခုပြီး တစ်ခု ပြန်ထုတ်ပြီးတော့ သုံးပါတယ်။ ကာမဂုဏ် စည်းစိမ်ကို အဆုံးစွန်ထိ ခံစားပြီး အမျိုးပေါင်း တစ်ထောင်မက ဘိန်းနဲ့ မူးယစ်ဆေးဝါးတွေကို သုံးစွဲ ပါတယ်။ ဒါနဲ့ နောက်ဆုံးမှာ ငွေတစ်ပြားမှ မကျန်ပဲ တစ်ခုပြီး တစ်ခု ရောင်းချလို့ ၂၀၁၀ နှစ်ဆန်းမှာ အကုန်ကုန်သွားပါတယ်။

ဒါကြောင့်မို့ ၂၀၁၀ ခုနှစ်က စလို့ သူဟာ အမှိုက်ကောက် သမား ဘဝကို ပြန်လည် ရောက်ရှိပြီး တစ်ပတ်ကို ဗြိတိန်ပေါင် ၄၂ ပေါင်သာ ရှာဖွေ နိုင်တဲ့ ဘဝကို ပြန်လည် ရောက်ရှိ သွားပါတယ်။ သူ့ရဲ့ အမည် ကတော့ Michael Carroll ပါ။ ထီပေါက်ပြီးတော့ ဆင်းရဲသား ဘဝ ပြန်ရောက်တဲ့ သူ့ဖြစ်ရပ်ဟာ ကမ္ဘာကျော် သတင်းတစ်ပုဒ် ဖြစ်ခဲ့ ရ ပါတယ်။
.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)

Wednesday, May 7, 2014

အမှီ ချမ်းသာ နှင့် အမှီကင်းသော ချမ်းသာ


ချမ်းသာနှစ်မျိုးရှိပါသည်။
အမှီ ချမ်းသာ နှင့် အမှီကင်းသော
ချမ်းသာတို့ ဖြစ်သည်။

အမှီ ချမ်းသာသည် ပိုက်ဆံ ရှိမှ၊
တိုက် ရှိမှ ချမ်းသာခြင်းဖြစ်သည်။

အာရုံ တစ်ခုကို အမှီပြု၍ သုခဝေဒနာ
ဖြစ်ပေါ်ခြင်းကိုပင် ချမ်းသာသည်ဟု
ယူဆခြင်း ဖြစ်ပါသည်။

- မိမိ၏ ယောကျာ်း၊ မိမိ၏ မိန်းမ၊ မိမိ၏
သားသမီးကောင်းမှ မိမိ ချမ်းသာ၏။

နောက်ဆုံး မိမိ ကိုယ်ခန္ဓာ ကျန်းမာမှ
ချမ်းသာ၏။ မိမိကိုယ်ကိုပင်ပြန်၍
မှီနေသေး၏။

ထို အမှီ ချမ်းသာသည်
ကိုယ်ပိုင်ချမ်းသာ မဟုတ်ပါ။

ကိုယ်ပိုင်ချမ်းသာသည် အမှီကင်း၏။

ပိုက်ဆံ ရှိသည်ဖြစ်စေ
မရှိသည်ဖြစ်စေ
ကိုယ် နာသည်ဖြစ်စေ
မနာသည် ဖြစ်စေ ချမ်းသာ၏။

အာရုံတို့သည်ကောင်းသည်ဖြစ်စေ
မကောင်းသည်ဖြစ်စေ ချမ်းသာ၏။
သူတစ်ပါး ကောင်းသည်ဖြစ်စေ၊
မကောင်းသည်ဖြစ်စေ
မိမိနှင့်မဆိုင်တော့ချေ။

" သင်ကောင်းမှ ကျွန်ုပ်မဆိုးပါ "
မဟုတ်တော့ပေ။ သူတစ်ပါးမှ
အမှီ လွတ်ခြင်း ဖြစ်သည်။

အမှီ ချမ်းသာသည် မှီရာတို့၏
နှောင်ဖွဲ့ခြင်းကို ခံရပါသည်။

ဥပမာ - ဖုန်း ရှိမှ ချမ်းသာတယ်လို့
ယူဆပါက ဖုန်း မရှိလျှင်
ဆင်းရဲတော့သည်။

ထို့ပြင် ဖုန်း ရှိပြန်လျှင်လည်း
ကောင်းတာ ကြားရမှ ချမ်းသာ၏။

မကောင်းတာ ကြားရပြန်လျှင်လည်း
ဆင်းရဲရပြန်ပါသည်။

အသံ အာရုံပေါ်တွင် မှီနေပြန်ပါသည်။

ထို့ကြောင့် ရှိတာ မရှိတာက
အဓိကမဟုတ်ပါ။
မှီခြင်း မမှီခြင်း သည်သာ
အရေးကြီးပါသည်။

မှီလျှင် နှောင်ဖွဲ့ခြင်း ခံရ၍၊
အမှီကင်းပါက လွတ်မြောက်လေသည်။

လူအများစုသည် အမှီ ချမ်းသာကို
သိကြသော်လည်းအမှီကင်းသော
ချမ်းသာကို အသိနည်းကြပါသည်။

ထို့ကြောင့် အမှီ ချမ်းသာ ကိုသာ
ရှာဖွေနေကြ၍အမှီကင်းသော
ချမ်းသာကို မသိ၍မရှာဖွေကြခြင်း
ဖြစ်ပါသည်။

အမှီကင်းသော ချမ်းသာသည်
ဓမ္မ ထဲတွင် သာရှိပါသည်။

လွတ်မြောက်မှု ချမ်းသာ သို့မဟုတ်
ဝိမုတ္တိသုခ ဟုခေါ်ဆိုလေသည်။

နှောင်ဖွဲ့မှု နှင့် လွတ်မြောက်မှု
💕💕💕💕💕💕💕💕

- လွတ်မြောက်မှုကို နားလည်ရန်
နှောင်ဖွဲ့မှု ကို အရင်သိသင့်ပေသည်။

နှောင်ဖွဲ့မှု သဘောကို သိမြင်လွယ်အောင်
လောကသုံးပါးနှင့် စပ်၍ တင်ပြလိုပါသည်။

သြကာသလောက၏ နှောင်ဖွဲ့ပုံမှာ -

ဥပမာ - မြေကျင်း နက်နက်တစ်ခုထဲသို့
ကျပါကမြေကျင်းသည် မိမိကို အခြားသို့
မသွားနိုင်အောင် နှောင်ဖွဲ့ထား လေသည်။

ထို့အတူ အခန်းတစ်ခုအတွင်း၌
အပိတ်ခံရပါကလည်း အခန်းသည်
မိမိအား နှောင်ဖွဲ့လေသည်။

သတ္တလောက၏နှောင်ဖွဲ့မှုသဘောတွင်
လူတို့ကသတ္တ၀ါတို့ကို၎င်း
လူအချင်းချင်းတို့ကို၎င်း ချုပ်နှောင်ထား
ခြင်းဖြစ်လေသည်။

- သင်္ခါရလောက၏နှောင်ဖွဲ့မှုသဘောကို
နားလည်ရန်မှာ မလွယ်ကူလှပါ။

ခန္ဓာ ရှိနေသည့်အတွက် စားမှု၊ ၀တ်မှု၊
နေမှုတို့နှင့် နှောင်ဖွဲ့ခြင်းခံရပါသည်။

ထင်ရှားသော ဥပမာမှာ- ဗိုက်ဆာ၍
ထမင်းစားနေသော်လည်းဝမ်းသွားချင်ပါက
အိမ်သာနှင့်နှောင်ဖွဲ့ခြင်းခံရပါသည်။

၎င်းသည်ခန္ဓာရှိနေသောကြောင့်
နှောင်ဖွဲ့ခြင်းခံရမှု သဘောတို့
ဖြစ်ကြပါသည်။

ဤသို့ နှောင်ဖွဲ့မှု သဘောကို
နားလည်မှသာဆန့်ကျင်ဘက်အနေဖြင့်
လွတ်မြောက်မှုသဘောကို
နားလည်နိုင်ပေမည်။

- နောက်ထပ် နှောင်ဖွဲ့မှု သဘောမှာ
ကိလေသာဖြင့် နှောင်ဖွဲ့ခြင်းဖြစ်ပါသည်။

ဥပမာ - မိမိနှစ်သက် စွဲလမ်းသော
အစားအစာ တစ်ခုကို အလွန်တပ်မက်
စွဲလမ်းနေပါကအခြားစားစရာများ
ရှိသော်လည်း မစားနိုင်ပဲ
ထိုအစားအစာနှင့် နှောင်ဖွဲ့ခြင်းခံရပါသည်။

၎င်းသည် ကိလေသာဖြင့်
နှောင်ဖွဲ့ခြင်း ဖြစ်ပါသည်။

နောက်ထပ် နှောင်ဖွဲ့မှု တစ်ခုမှာ ကံဖြင့်
နှောင်ဖွဲ့ခြင်း ဖြစ်သည်။

ကံ ပစ်ချရာ နေရာမှာပင် နှောင်ဖွဲ့ခြင်း
ခံရပါသည်။

ဥပမာ - ရွှေငါးဘ၀ကို ကံ ပစ်ချပါက
ရေကန်အတွင်းမှာပင်
နှောင်ဖွဲ့ခြင်းခံရပါသည်။

ထို့အတူ စဉ်းစားတတ်ပါက
သက်ဆိုင်ရာဘ၀တို့မှာကံ
ပေးသမျှတို့နှင့်နှောင်ဖွဲ့ခြင်းခံနေရပါသည်။

ထိုသို့ နှောင်ဖွဲ့ခြင်း ခံရမှုအမြင်မှ
ဉာဏ်ဖြင့် မကြည့်တတ်သောကြောင့်
လွတ်မြောက်မှု သဘောကိုလည်း
နားမလည်နိုင်ပဲ ဖြစ်နေ ကြပါသည်။

ထိုအခါ နှောင်ဖွဲ့မှု အတွင်းမှာပဲ
ချမ်းသာကို ရှာနေကြသောကြောင့်
လွတ်မြောက်မှုချမ်းသာကို
မသိမြင်နိုင်ခြင်းဖြစ်လေသည်။

ဒေါက်တာစိုးလွင် (မန္တလေး) ၏
ဓမ္မလမ်း ဝိပဿနာသင်တန်း စာစဉ်
"အဆန်လမ်း" စာအုပ်မှ။

Credit to Tin Tun Oo.

ကမ္ဘာပျက်ရင် အမေရိကန် သမ္မတကို ကယ်ဆယ်မယ့် လေယာဉ်


Doomsday လို့ပဲ အမည်ပေးထားတဲ့ လေယာဉ် ဖြစ်ပြီးတော့ အမေရိကန် သမ္မတ၊ အမေရိကန် ကာကွယ်ရေး ဝန်ကြီး နဲ့ ထိပ်သီး ခေါင်းဆောင် ၃၊ ၄ ဦး အတွက် ရည်ရွယ်ပြီးတော့ တည်ဆောက်ထားတဲ့ လေယာဉ် ဖြစ်ပါတယ်။ အမေရိကန် Boeing ကုမ္မဏီက တည်ဆောက်ပြီး US Air Force ကို ပြန်လည်ရောင်းချခဲ့တာပါ။ ၁၉၇၄ ခုနှစ် တုန်းက ဖြစ်ပါတယ်။

တစ်စီးရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ သန်း ၂၂၃ ဝန်းကျင် ရှိပြီး ယင်းဟာ ၁၉၉၈ ခုနှစ်က ဒေါ်လာဈေးနဲ့ တွက်ခြင်း ဖြစ်ပါတယ်။ ယနေ့ဆိုရင် အတော် များမှာပါ။ စုစုပေါင်းလို့မှလည်း အစီးရေ ၄ စီးပဲ ရှိပါတယ်။ လေယာဉ်ရဲ့ ရည်ရွယ်ချက်ကလည်း ကမ္ဘာပျက်မတက် ပျက်ဆီးနေချိန်မှာ အမေရိကန် ထိပ်သီး ခေါင်းဆောင် များကို ကယ်ဆယ်ဖို့ ဖြစ်ပါတယ်။ အဓိက အားဖြင့် သမ္မတကို ကယ်မှာ ဖြစ်ပါတယ်။ တစ်စီး တစ်စီးမှာ လိုက်ပါ နိုင်တဲ့ လူဦးရေ ပမာဏ ကတော့ ၄၈ ဦးကနေ အများဆုံး ၁၀၀ ကျော်လည်း လိုက်ပါ နိုင်ပါတယ်။

ထူးခြားချက် အနေနဲ့ ဗုံး ပေါက်ကွဲမှု များကို ခံနိုင်ရည် ရှိခြင်း ဖြစ်ပါတယ်။ လေကြောင်း၊ ကုန်းကြောင်းက ဘယ်လို တိုက်ခိုက်မှုမျိုးကိုမဆို ခံနိုင်ရည် ရှိပါတယ်။ ကမ္ဘာ့ အကြီးဆုံး Aircraft လို့လည်း စံချိန် တင်ထား ပါတယ်။ ဆီအပြည့် ဖြည့်ထားပြီးရင် လေပေါ် မှာ နေ့ရက်ပေါင်း များစွာ ပြန်သန်း နိုင်ပါတယ်။ အစားအသောက်၊ ရိက္ခာ သာ အပြည့်ပါမယ် ဆိုရင် လေထဲမှာတင် ကာလကြာ နေနိုင်မှာ ဖြစ်ပါတယ်။

လေးစီး စလုံးဟာ အမေရိကန်မှာ Standby အဖြစ် ရှိနေ ပါတယ်။ ဆိုလိုရင်းက အကြောင်း အမျိုးမျိုးကြောင့် စစ်ဖြစ်ခဲ့ရင်၊ အရေးကြုံခဲ့ရင် သမ္မတ ရှိရာကို မိနစ်ပိုင်း အတွင်း အရောက် သွားနိုင်ဖို့ ပြင်ဆင်ထားခြင်း ဖြစ်ပါ တယ်။ တကယ်လည်း သွားနိုင်ပါတယ်။ လေယာဉ် တည်နေရာက အမေရိကန် အလယ်ပိုင်း နီဘရားစကား ပြည်နယ်၊ အိုမဟာ မြို့က လေတပ် မှာ တည်ရှိနေတာ ဖြစ်ပါတယ်။ လေယာဉ် အမည် က Boeing E-4 ဖြစ် ပါတယ်။ E-4B လို့လည်း ခေါ် ပါတယ်။ ရုရှား၊ တရုတ်ပြည် တို့ ကလည်း ယင်းကဲ့သို့ Survival လေယာဉ် တွေ လိုက်လံ ဖန်တီး ပေမယ့် အမေရိကန် E-4B ကို မမှီသေး ပါဘူး။ ခေတ်အဆက်ဆက် Upgrade ပြုလုပ် ထားပြီး အမြဲ ခေတ်မှီနေသေးတဲ့ လေယာဉ် ဖြစ်ကြောင်း သိရ ပါတယ်။

အသေးစိတ်ကို http://en.wikipedia.org/wiki/Boeing_E-4 မှာ ဝင်ရောက် ဖတ်ရှု နိုင်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

http://www.yoyarlay.com/international-news/usa/40764-doomsday-air-plane.html

တရားအားထုတ်ဖို့ လိုသလား


တရား၌ စိတ်မ၀င်စားသူ၊ တရားအားမထုတ်လိုသူ ၊ ၊ တရားအားထုတ်ရမှာ ပျင်းသူများက "တရားအားထုတ်ဖို့လိုသလားဟု" မေးတတ်ကြ ၏။
ဤ မေးခွန်းကို မဖြေမီ ..
(၁)တရားအားထုတ်တယ်ဆိုတာဘာလဲ..။
(၂) တရားအားထုတ်ရင် ဘယ်လိုကောင်းကျိုးတွေ ရမလဲ..။
(၃) တရားအားမထုတ်ရင် ဘယ်လိုဆိုးကျိုး တွေရမလဲ ဟူသော မေးခွန်း၏ အဖြေများကို ဦးစွာသိထားသင့်ပါသည်..။

(၁)တရားအားထုတ်တယ်ဆိုတာဘာလဲ..။
တရားအားထုတ်တယ်ဆိုသည်မှာ တရားသဘောကို (၀ါ) သဘောတရားကို
သိမြင်အောင်အားထုတ်ခြင်း၊ ကြိုးစားခြင်းဖြစ်၏။
သဘောတရားသည် ဖြစ်ပျက် ရုပ်နာမ် သဘောတရား၊ မဖြစ်မပျက် နိဗ္ဗာန်သဘောတရားဟု
နှစ်မျိုးရှိရာ ယင်းနှစ်မျိုးလုံး သိမြင်ရေးအတွက် ကြိုးစားအားထုတ်ခြင်းကို " တရားအားထုတ်သည်" ဟုခေါ်ပါသည်။
တနည်းအားဖြင့် တရားအားထုတ်ခြင်း ဆိုသည်မှာ သဘောတရားကိုသိမြင်ရေး အတွက် ကိုယ်အား ဉာဏ်အားထုတ်သုံးခြင်းဖြစ်၏။

ကျွန်ုပ်တို့သည် မိမိတို့၏ ကိုယ်အား ဉာဏ်အားများကို လောကီ ပညာရေး စီးပွားရေး လူမှုရေး ကာမဂုဏ်ခံစားရေး များမှာ သာအများအားဖြင့် အသုံးပြုခဲ့ကြ၏။
ကုသိုလ်ရေး အထူးသဖြင့် သမထ၀ိပဿနာ ဘာဝနာပွားများရေး ၌ကိုယ်အား ဉာဏ်အားထုတ် သုံးမှု့အလွန်နည်းပါးကြ၏။
သို့ဖြစ်၍ မိမိတို့၏ ကိုယ်အား ဉာဏ်အားများကို ရုပ်နာမ်သဘောတရားနှင့် နိဗ္ဗာန်သဘောတရားသိမြင်ရေးအတွက်ထုတ်သုံးခြင်းကို သာ" တရားအားထုတ်သည်"ဟု မှတ်ယူအပ်၏။
တစ်နည်းအားဖြင့် ဘုရားရှင်ဟောကြားသော တရားတော်များနှင့် အညီ နည်းမှန်လမ်းကျအားထုတ်ခြင်း ဖြစ်၏။ တရားတော်နှင့်အကိုက်ညီပဲ မိမိတို့ထင်ရာ မြင်ရာ အားထုတ်ပါလျှင် "မတရားအားထုတ်ခြင်း"သာဖြစ်ပေလိမ့်မည်။

ဘုရားရှင်သည် သတ္တ၀ါများနည်းမှန် လမ်းမှန် အားထုတ်နိုင်ရေးအတွက် ဓမ္မစင်္ကြာ၊ အနတ္တလက္ခဏာ ၊ မဟာသတိပဋ္ဌာနသုတ် စသည့် ကျင့်ထုံးကျင့်နည်း သုတ်ပေါင်းများစွာကို ဖော်ထုတ်ဟောကြားတော်မူခဲ့၏။ယင်းတရားတော်များ၌ ပါရှိသည့် နည်းလမ်းများနှင့်အညီ ကြိုးစားအားထုတ်မှ သာကောင်းကျိုးတရားများကို ရရှိပါလိမ့်မည်။

(၂) တရားအားထုတ်ရင် ဘယ်လိုကောင်းကျိုးတွေ ရမလဲ..။
ရုပ်သဘောတရား နာမ်သဘောတရားတို့၏ အခြေအနေမှန်
(ဖြစ်ခြင်း၊ ပျက်ခြင်း၊ ပေါ်ခြင်း၊ ပျောက်ခြင်း၊ ရှင်ခြင်း၊ သေခြင်း)တို့ကို သိမြင်အောင် (အနိစ္စ၊ ဒုက္ခ၊ အနတ္တ) မြင် အောင်ကြိုးစားအားထုတ်ပါလျှင် ...
* စိတ်ဓါတ်ဖြူစင် သန့်ရှင်းခြင်း..
* မပူဆွေး မငိုကြွေးရတော့ခြင်း...
* ကိုယ်မဆင်းရဲ စိတ်မဆင်းရဲ ခြင်း..
* အဆင့်မြင့် အသိဉာဏ် (မဂ်ဉာဏ် ) ကိုရရှိခြင်း..
* နိဗ္ဗာန် ကိုသိမြင် (မျက်မှောက်) ပြုရခြင်း.. ဟူသောကောင်းကျိုးတရားများရရှိကြောင်းကို မဟာသတိပဋ္ဌာနသုတ်တွင် ဟောကြားတော်မူခဲ့ပါသည်။

* စိတ်ဓါတ်ဖြူစင် သန့်ရှင်းခြင်း.....သတိပဋ္ဌာန်တရားတော်နှင့် အညီ ဖြစ်ခြင်း ပျက်ခြင်း မတည်မြဲခြင်း (အနိစ္စ) သဘောကို ပိုင်ပိုင်နိုင်နိုင်သိမြင်အောင်အားထုတ်သူ၏ စိတ်ဓာတ်သည် လိုချင်မှု့လောဘ၊ မကျေနပ်မှု့ဒေါသ၊ မသိတွေဝေမှု့မောဟ ၊ရုပ်နာမ်သဘောကို ငါဟုထင်မြင်ယူဆသည့် ဒိဋ္ဌိ အစရှိသည့် မကောင်းသော စိတ်နေစိတ်ထား= ကိလေသာများ လျော့နည်း ပပျောက် ကင်းစင်သဖြင့် ဖြူစင်မြင့်မြတ် လာ၏။ ရုပ်နာမ်ဖြင့် ဖွဲ့စည်းထားသော ခန္ဓာကို ငါ သူ လူပုဂ္ဂိုလ် သတ္တ၀ါမရှိ ရုပ်နာမ်သဘောသာရှိ၏ ဟု မိမိခန္ဓာ၌ အမြင်ရှင်းလာ၏။ အမြင်ကြည်လင် ပြတ်သားလာ၏။ တို့အတူ စိတ်ဓါတ်သည်လည်း ဖြူစင် သန့်ရှင်း ခိုင်မာလာ၏။

* မပူဆွေး မငိုကြွေးရတော့ခြင်း...ဤသို့ခန္ဓာအမြင် ကြည်လင်လာသည်နှင့် အမျှ မိမိခင်မင်တွယ်တာ ခဲ့ ရသည့် သက်ရှိ သက်မဲ့များဆုံးရှုံးပျက်စီးသည့် အခါ စိုးရိမ်ပူဆွေးမှု့များလျော့ချနိုင်လာ၏။ ယင်းတို့၏မတည်မြဲ ကြသည့်သဘောကို နားလည်လာခြင်းကြောင့် ပင်ဖြစ်၏။ ပူဆွေး ငိုကြွေးရခြင်းတို့မှ လည်း သက်သာမှု့ရစေ၏။
...စိတ်ဓာတ်တည်ငြိမ် လာသူသည်ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးထိခိုက်မှု့လည်းနည်းပါးလာတော့၏။ သောကဖြစ်စရာများနှင့် ကြုံတွေ့ သော်လည်း ခံနိုင်ရည်ရှိလာ၏။ ဤစိတ်ကျန်းမာမှု့ကလည်း ရုပ်ပိုင်း ကျန်းမာရေးကို အထောက်အကူ ပြုသောကြောင့် တရားအားထုတ်ခြင်းက ကိုယ်စိတ်ဆင်းရဲမှု့ကို မဖြစ်စေပဲ ကိုယ်နှင့် စိတ်ကိုရွှင်လန်းစေနိုင်၏။

* အဆင့်မြင့် အသိဉာဏ် (မဂ်ဉာဏ် ) ကိုရရှိခြင်း...ထိုမှ တစ်ဆင့်တက်ကာ ရုပ်နာမ် သဘောကို ပိုင်ပိုင်နိုင်နိုင် သိမြင်ထားသော ယောဂီသည် မိမိ၏ ၀ိပဿနာဉာဏ် အဆင့်ဆင့် ကိုရင့်ကျက်အောင် အားထုတ်သွားလျှင် ဒုက္ခကို ဒုက္ခမှန်း၊ ဒုက္ခဖြစ်ကြောင်းကို ဒုက္ခဖြစ်ကြောင်းမှန်း၊ သိမြင်လာပြီး အဆင့်ဆင့် တက်ကာ အရိယာ မဂ်ဉာဏ် ကိုရရှိနိုင်ပါသည်။ သစ္စာလေးပါး အမှန်တရားကို သိမြင်နိုင်သည့် ဤမဂ်ဉာဏ် ကိုမရရှိသောကြောင့် ကျွန်ုပ်တို့ သံသရာထဲ တ၀ဲလည် လည်နေရတာကို လည်းနားလည်လာတော့၏။

* နိဗ္ဗာန် ကိုသိမြင် (မျက်မှောက်) ပြုရခြင်း.. ..မျက်စိနှစ်ကွင်း အလင်းမရသူသည် ပြင်ပအရာဝတ္တုများကို မသိမြင်နိုင်ပေ။ ထို့အတူ သစ္စာလေးပါး ကို မသိသူသည် နိဗ္ဗာန်ဟူသော သန္တိသုခ အငြိမ်းဓာတ်ကို မသိမြင်နိုင်ပေ။ တရားအားထုတ်ထားသူ ၇ရှိထားသော မဂ်ဉာဏ်ကသာ ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်းသည့် အငြိမ်းဓာတ်သဘော ကို သိမြင်နိုင်ပေသည်။


တရားအားမထုတ် လျှင် ရုပ်နာမ်တရားတို့၏ ဖြစ်ပျက်နေပုံ ၊ ပေါ် ပျောက်နေပုံ ၊ ရှင် သေနေပုံ၊ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲ ဖောက်ပြန်နေပုံတို့ကို မသိသဖြင့် ၊ ပရမတ်အားဖြင့် အမှန်တကယ် မရှိသည့် ငါ သူ လူပုဂ္ဂိုလ် သတ္တ၀ါ ယောကျာ်း မိန်းမ စသည်များကို တကယ်အရှိထင်ကာ တဏှာ မာန ဒိဋ္ဌိ စသည့်တရားများ အမြဲဖြစ်နေသောကြောင့် ....

၁။ ရုပ်နာမ် အမြင်မကြည်လင်ခြင်း၊ စိတ်ဓာတ် အားနည်းနေခြင်း၊ စိတ်ဓာတ် ညစ်ပတ်ခြင်း၊ စိတ်ဓာတ် ညစ်ထေးခြင်း၊ စိတ်ဓာတ် မကြံ့ခိုင်ခြင်း။

၂။ ထိုသို့စိတ်ဓာတ် မကြံ့ခိုင်သဖြင့် ပူစရာရှိပူရ၊ ငိုစရာရှိငိုကြွေးရ နှင့် သောကတွေ များနေတတ်ခြင်း.။

၃။ ထိုသို့ ပူဆွေးငိုကြွေးရသဖြင့် ကိုယ်စိတ်ဆင်းရဲခြင်း၊ ကိုယ်စိတ် မချမ်းသာခြင်း။

၎။ ကိုယ်စိတ်ဆင်းရဲ သဖြင့် မဂ်ဉာဏ်ရရှိ ဖို့ မဆိုထားနှင့် ၀ိပဿနာဉာဏ် ရရှိရေးပင် လမ်းပိတ်သွားခြင်း။

၅။ နိဗ္ဗာန်ကိုသိမြင်နိုင်သည့် မဂ်ဉာဏ်၏ အကြောင်းဖြစ်သော ၀ိပဿနာဉာဏ်ကိုမရ ရှိသည့်အတွက် နိဗ္ဗာန်ကိုသိမြင်ဖို့ရန် မျှော်လင့် ချက်မရှိတော့ခြင်း စသည့် မကောင်းကျိုးများရရှိနိုင်ပါတယ်။

ထို့ကြောင့် တရားအားထုတ်ဖို့ လိုသလား ဟု ဆိုလာလျှင်....
*ရန်သူများဝိုင်းထားခံရသူသည် ထွက်ပြေးလျှင် လွတ်မြောက်နိုင်သည့် အခွင့်အရေးကို မြင်လျှင် ထွက်ပြေးရန် လိုအပ်သည်။
*မိမိခန္ဓာကိုယ်ကြီး၌ ကျင်ကြီး ကျင်ငယ် စသည့်အညစ်အကြေးများ ပေလူးနေလျှင် ယင်းတို့ကို ရေကောင်းရေသန့်ုဖြင့် ဆေးကြောသန့်စင်ရန် လိုအပ်ပေသည်.။
*မိမိမှာ အနာရောဂါစွဲ ကပ်နေလျှင် ထို အနာများကိုပျောက်ကင်းအောင် (၀ါ) ကျန်းမာအောင် ဆေးဝါးသောက်သုံးရန် လိုအပ်ပေသည်.။

ထို့အတူ..
၁။ ကျွန်ုပ်တို့၏ သန္တာန်မှာရှိသော လိုချင်မှု့လောဘ၊ မကျေနပ်မှု့ဒေါသ၊ မသိတွေဝေမှု့မောဟ ၊ ထောင်လွှားမှု မာန၊ အမြင်မှားမှု့ ဒိဋ္ဌိ၊ မနာလိုမှု့ ဣသာ၊ ၀န်တိုမှု့ မစ္ဆရိယ စသော မကောင်းသည့် အောက်တန်းစားစိတ်ဓာတ် များရှိနေသည့် အတွက် ယင်းစိတ်ဓာတ်များလျော့နည်းသွားစေရန် တရားအားထုတ်ဖို့ လိုအပ်ပါသည်။
၂။ ပူဆွေး ငိုကြွေးခြင်းမှ လွန်မြောက်ရန်၊
၃။ ကိုယ်စိတ် မဆင်းရဲစေရန်၊
၎။မဂ်ဉာဏ်ကို မရသေးလျှင် အပါယ်ကျနိုင် သဖြင့် အပါယ်လေးပါးသို့မကျရောက်ရေးအတွက် ။
၅။ ဒုက္ခပေါင်းစုံ စုဝေးရာ လက်ရှိခန္ဓာချုပ်သိမ်းပြီး အငြိမ်းဓာတ်နိဗ္ဗာန် ချမ်းသာကို သိမြင် မျက်မှောက်ပြုနိုင်ရေးအတွက် တရားအားထုတ်ဖို့ လိုအပ်ပါသည်..။

တရားအားထုတ်ရန် လိုအပ်ပုံနှင့်ပတ်သက်၍ လူနာလေးမျိုး၊ ပုဂ္ဂိုလ် လေးမျိုး ကိုတင်ပြလိုပါတယ်။
၁။ မိမိမှာ ရောဂါရှိမှန်းလည်းမသိ ၊ ဆေးလည်းမသောက်သောလူနာ.. ထိုပုဂ္ဂိုလ်မျိုးမှာ မိမိမှာ (မကောင်းသည့် စိတ်နေစိတ်ထား) ကိလေသာများရှိနေပါလျက် ရှိမှန်းလည်းမသိ ၊ တရားလည်း အားမထုတ်သော ပုဂ္ဂိုလ်။

၂။ မိမိမှာ ရောဂါရှိမှန်းသိ လျက်၊ ဆေးမသောက်သောလူနာ၊... ထိုပုဂ္ဂိုလ်မျိုးမှာ မိမိမှာ ကိလေသာ ရှိမှန်းသိ နေပါလျက် ၊တရားလည်း အားမထုတ်သော ပုဂ္ဂိုလ်။

၃။မိမိမှာ ရောဂါရှိမှန်းသိ လျက်၊ ဆေးမှန်မှန်မသောက်သောလူနာ၊...ထိုပုဂ္ဂိုလ်မျိုးမှာ မိမိမှာ ကိလေသာ ရှိမှန်းသိ နေပါလျက် ၊တရားမှန်မှန် အားမထုတ်သော ပုဂ္ဂိုလ်။

၎။မိမိမှာ ရောဂါရှိမှန်းလည်းသိ ၊ ဆေးလည်းမှန်မှန်သောက်သောလူနာ၊...ထိုပုဂ္ဂိုလ်မျိုးမှာ မိမိမှာ ကိလေသာ ရှိမှန်းလည်းသိ ၊တရားလည်းမှန်မှန် အားထုတ်သော ပုဂ္ဂိုလ်တို့ပင် ဖြစ်သည်။

ရုပ်ပိုင်းကျန်းမာရန် လိုအပ်သလို စိတ်ပိုင်း =နာမ်ပိုင်းလည်း ကျန်းမာရန်လိုအပ်၏။
ဆရာဝန်၊ သမားတော်ကြီးများ ကပေးသောဆေးသည် အများအားဖြင့် ရုပ်ကျန်းမာရေးကိုသာ အထောက်အကူပြု၏။

မြတ်ဗုဒ္ဓ ဖော်ထုတ်ခဲ့သော သီလ သမာဓိ ပညာ=၀ိပဿနာ ဆေးများကား ရုပ်ကျန်းမာရေးကိုသာမက စိတ်ကျန်းမာရေး ၊ စိတ်ချမ်းသာရေးကိုလည်း အထောက်အကူပြု၏။

မြတ်စွာဘုရားက အင်္ဂုတ္တိုရ် ပါဠိတော်၊ စတုက္ကနိပါတ်၊ ဣန္ဒြိယ ၀ဂ်၊ရောဂသုတ်( အံ ၊ ၁၊ ၄၆၀) ၌ " ရုပ်ရောဂါ၊ စိတ်ရောဂါ၊ ဟုနှစ်မျိုးရှိကြောင်း ဆယ်နှစ် အနှစ် နှစ်ဆယ် အနှစ်တစ်ရာကျော်အောင် ရုပ်ရောဂါ ကင်းရှင်း၍ မဖျားမနာ ကျန်းမာနေကြသော သတ္တ၀ါများကို မြင်တွေ့နိုင်ကြောင်း ၊ သို့သော် ရဟန္တာ ပုဂ္ဂိုလ်များမှ လွဲ၍ တစ်အောင့် တစ်ခဏ စိတ်ရောဂါမှ ကင်းလွတ်သော သတ္တ၀ါများကို မြင်တွေ့ ရခဲကြောင်း" ဟောတော်မူခဲ့ပါသည်။

*** တရားအားထုတ်ကြပါစို့.......... သို့ဖြစ်၍ ကိလေသာတိုးပွားအောင် ပြုလုပ်တတ်သော ၊ စိတ်ဓါတ်စွမ်းရည် လျော့နည်းကျဆင်းအောင်ပြုလုပ်တတ်သော၊ ကိလေသာတည်းဟူသော ရောဂါရှိနေသူ ပုထုဇဉ်မှန်သမျှ သထမ ၀ိပဿနာတည်းဟူသော တရားဘာဝနာဆေးတော်မြတ်ကို တကယ်သုံးဆောင် အား ထုတ်ရန်လိုအပ်ကြောင်း မျှဝေလိုက် ရပါတယ်..။

လေးအိမ်စု အရှင်ဝိစိတ္တသာရ ရဲ့ တရားထဲမှ မျှဝေ ကုသိုလ် ယူထားပါတယ်။

Tthaw Thaw ၏ ဓမ္မ Notes များမှ
ပြန်လည်ကူးယူ မျှဝေပါသည်။

တရားနာခြင်းနှင့် ဉာဏ်စဉ်လေးပါး


မြတ်စွာဘုရားသခင် တရားနာစေချင်တဲ့ အဆင့် ၄ ဆင့်ရှိပါတယ်။

(၁) အဆင့်က တရားနာတာနော်၊ သူများရွတ်တာဖတ်တာတွေ၊
သူများဟောတာတွေ လိုက်နားထောင်တာပေါ့၊ နားကိစ္စပေါ့..

(၂) နံပါတ်အဆင့်ကျတော့ မိမိပါးစပ်နဲ့ ရွတ်ဖတ်ရတယ်၊ ဒု အဆင့်က ပါးစပ်... ကိုယ့်ပါးစပ်နဲ့ ကိုယ်ရွတ်ရတယ်၊

(၃)တတိယအဆင့်ကျတော့ စိတ်နဲ့ကြံစည်ရတယ်။ စိတ်နဲ့ အဖန်ဖန် စဉ်းစား ဆင်ခြင်ရတယ်တဲ့ ၊ ဒါက ပစ္စည်းတရား၊ ဒါက ပစ္စယုပ္ပန်တရား၊
ဒါက ပစ္စယသတ္တိ စသည်ဖြင့် အဲ့ဒီလို စိတ်နဲ့ကြံတဲ့အဆင့်၊

(၄) စတုတ္ထအဆင့်ကျတော့ အနိစ္စ ဒုက္ခ အနတ္တ ရှု့တဲ့အဆင့် ...

အေးအဲ့ဒီအဆင့်လေးဆင့်ရပြီ ဆိုလို့ရှိရင်တော့ဒီုဂ္ဂိုလ်ဟာ
နိဗ္ဗာန်လမ်းဖက်သွားပြီတဲ့။ နိဗ္ဗာန်လမ်းပေါ်ရောက်ပြီ။ သူက တဖြည်းဖြည်းနဲ့ လျှောက်ဖို့ပဲလိုတယ်၊ ဆရာတော် ကတော့ နိဗ္ဗာန်လမ်းပေါ် တင်ပေးပြီးပြီ။ အဲ့ဒါဆိုရပြီနော်.....။

ဉာဏ်စဉ်အနေအားဖြင့်လည်း လေးဆင့်ရသွားပါမယ်။

(၁) နံပါတ် အနေနဲ့ နာမရူပ ပရိစ္ဆေဒဉာဏ်စဉ် - နာမ်တရား ၊ ရုပ်တရားကို ခွဲခြားပြတဲ့ဉာဏ်စဉ်၊

(၂) နံပါတ်ကျတော့ ပစ္စယပရိဂ္ဂဟဉာဏ်၊ ပစ္စယဆိုတာ အကြောင်းတရား၊ ပရိဂ္ဂဟဆိုတာ သိမ်းဆည်းတာ ၊
အကြောင်းတရားဆိုသဖြင့် အကျိုးတရားပါ ပါတယ်ပေါ့နော်။
ဒါကအကြောင်းတရား ဒါကအကျိုးတရား ၊ အကြောင်းတရားကြောင့်
အကျိုးတရားတွေ ဖြစ်ပျက်နေပါလားလို့ အကြောင်းအကျိုး ဆင်ခြင်တဲ့ ဉာဏ်ပေါ့၊

(၃) နံပါတ်က သမ္မသနဉာဏ်၊ သုံးသပ်ဆင်ခြင်တာပေါ့၊
ရှိရှိသမျှလောကထဲရှိတဲ့ တရားတွေဟာ နာမ်တရား ရုပ်တရားတွေပါလားလို့ သုံးသပ်ဆင်ခြင်တဲ့ဉာဏ်ပေါ့၊

(၄) သမ္မသနဉာဏ်ရပြီးနောက် အဖြစ်အပျက်တွေကိုမြင်တဲ့
ဥဒယဗ္ဗယဉာဏ် ၊ အဖြစ်အပျက်ကို မြင်တဲ့ဉာဏ်ပေါ့၊

(၁)(၂) ဒီဉာဏ် ၂ပါးရရင် အပါယ်တံခါးပိတ် စူဠသောတပန်ဖြစ်တယ်။

(၃)(၄) ဉာဏ်ရရင်တော့ ဒီပုဂ္ဂိုလ်ဟာ နိဗ္ဗာန်ဖက်သွားပြီ။
အနှေးနဲ့အမြန်နိဗ္ဗာန်ရတော့မှာ.....။


သာဓု သာဓု သာဓု။

(ဗန်းမော် ဆရာတော်ဘုရားကြီး)

Credit to Tthaw Thaw.

အခြေခံ ဝိပဿနာ တရားအားထုတ်နည်း (၁)


ဒီပို့စ်လေးဟာ ၀ိပဿနာတရားကို အတော်အသင့် အားထုတ်းဖူးသူများ၊ အတိုင်းအတာ တစ်ခုအထိ အတွေ့အကြုံရှိထားသူများ၊ ၀ိပဿနာ ဉာဏ်အဆင့်အတန်း အထိုက်အလျှောက် မြင့်ထားသူများအတွက် ရည်ရွယ်ရေးသားခြင်း မဟုတ်ဘဲ ၀ိပဿနာအလုပ် တစ်ခါမှ မလုပ်ဖူးသူများ၊ စမ်းပြီးတရား အားထုတ်ချင်ပေမယ့် ဘယ်လိုအားထုတ်ရမယ်ဆိုတဲ့ အခြေခံ အားထုတ်နည်းကိုပင် မသိသူများ စသူတို့အတွက် ရည်ရွယ်ပြီး ရေးသားတင်ပြခြင်း ဖြစ်ပါတယ်။

စိတ်ဝင်စားသူများ အနေဖြင့် သေသေချာချာ အချိန်ယူပြီး နားလည် သဘောပေါက်အောင် အကြိမ်ကြိမ် ဖတ်ရှုကာ လက်တွေ့အားထုတ်ကြည့်စေ ချင်ပါတယ်။ ဒီနေရာမှာ ၀ိပဿနာ တရားအားထုတ်နည်းကို မပြောခင် ၀ိပဿနာဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို အရင်ပြောလိုပါတယ်။

ဝိပဿနာဆိုတာ ၀ိဝိဓေန ပဿနာ ၀ိပဿနာလို့ စာပေမှာဆိုတဲ့အတိုင်း ၀ိဝိဓေန- အထူးထူးအပြားပြားအားဖြင့် ပဿနာ- မြင်ခြင်း၊ ကြည့်ခြင်း၊ ပိပဿနာ- အထူးထူးအပြားပြား မြင်ခြင်းကြည့်ခြင်းလို့ စာလိုနားလည်ထား နိုင်ပါတယ်။ အထူးထူး အပြားပြား မြင်တယ်ဆိုတာ ဘာပဲဖြစ်ဖြစ် မြင်ခြင်းသိခြင်းလို့ အဓိပ္ပါယ်ရပါတယ်။

ဆိုလိုတာက စိတ်မှာပဲဖြစ်ဖြစ် ရုပ်မှာပဲဖြစ်ဖြစ် ဖြစ်သမျှအရာကို သိနေခြင်း၊ ဉာဏ်မျက်စိဖြင့် မြင်သလို မြင်နေခြင်းလို့ ဆိုလိုပါတယ်။ ပိုပြီးရှင်းအောင် ပြောရရင် ဖြစ်သမျှအရာတွေ အပေါ်မှာ သတိကပ်နေခြင်းပါပဲ။ အဲဒါကို သတိပဋ္ဌာန- သတိ၏ မြဲစွာတည်ခြင်း၊ သတိရှိနေခြင်းလို့ ဆိုပါတယ်။ ဒါကြောင့် အချို့က တရားအားထုတ်တာကို ၀ိပဿနာ သတိပဋ္ဌာန်ပွားများတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ သတိပဋ္ဌာနသုတ်လာ သတိပဋ္ဌာန်နည်းအတိုင်း အားထုတ်ခြင်းကိုပဲ ၀ိပဿနာ တရားအားထုတ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

ဒါကြောင့် သတိပဋ္ဌာန်လို့ပဲဆိုဆို၊ ၀ိပဿနာလို့ပဲဆိုဆို၊ သတိပဋ္ဌာန် ၀ိပဿနာလို့ပဲ ပြောပြော အဓိပ္ပါယ်ကတော့ စိတ်နဲ့ရုပ်မှာ ဖြစ်ပေါ်တတ်တဲ့ အာရုံတွေကို မလွတ်တမ်း သတိကပ်နေခြင်း၊ ဘာပဲဖြစ်ဖြစ် သတိရှိနေခြင်းပါပဲ။ ဒါကြောင့် ဒီနေရာမှာ တင်ပြပေးမယ့် အခြေခံဝိပဿနာ တရားအားထုတ်နည်းဟာလည်း မဟာသတိပဋ္ဌာန သုတ်လာ ဘုရားရှင်ဟောကြားတော်မူတဲ့ နည်းကိုပဲ အခြေခံပြီး နားလည်လွယ်အောင် တစ်ဆင့်ပြန်လည် တင်ပြပေးမှာ ဖြစ်ပါတယ်။

မဟာသတိပဋ္ဌာနသုတ်ကို ကြည့်ရင် ၀ိပဿနာတရား ဘာကြောင့် အားထုတ်ဖို့လိုကြောင်း အကြောင်းပြချက်မှစပြီး အားထုတ်တဲ့အခါ နေရာရွေးချယ်ထိုင်ပုံနည်းကအစ ဖော်ပြပေးထားတာကို တွေ့ရပါတယ်။ လောကသားတို့၏ စိုးရိမ်သောက ပူဆွေးမှုများမှစ၍ ကိလေသာကုန်ခမ်းပြီး ငြိမ်းချမ်းရာ နိဗ္ဗာန်ကို သွားရန်မှာ တစ်ခြားနည်းမရှိဘဲ ဒီသတိပဋ္ဌာန်နည်းပဲ ရှိတယ်ဆိုတာကို မဟာသတိပဋ္ဌာန သုတ်မှာအတိအလင်း ဖော်ပြထာိးပါတယ်။

ဗုဒ္ဓက “ရဟန်းတို့ ဤခရီးလမ်းသည် သတ္တ၀ါတို့၏ စိတ်စင်ကြယ်စေရန်၊ စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန်၊ ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းတို့ကို ချုပ်ငြိမ်းရန်၊ အရိယာမဂ်ကို မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော ခရီးလမ်းဖြစ်ပေ၏။ ယင်းသည့်ခရီးလမ်းကား ရုပ်၊ ဝေဒနာ၊ စိတ်၊ သဘောတရားတို့၌ ရုပ်၊ ဝေဒနာ၊ စိတ်၊ သဘောတရားဟူ၍ သတိသမ္ပဇဉ်ဖြင့် မလွတ်အောင် အကြိမ်ကြိမ် ရှုမှတ်၍နေခြင်း ဟူသော ဤသတိပဋ္ဌာန်လေးပါး အကျင့်တရားတို့ပင်တည်း…”လို့ ဟောကြားတော်မူပါတယ်။

ဆိုလိုတာက စိုးရိမ်သောက ပူဆွေးမှုအားလုံး ချုပ်ငြိမ်းပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ အတွက် စိတ်၊ ဝေဒနာ၊ ရုပ်နှင့် ဓမ္မခေါ် သဘောတရားတွေမှာ ဉာဏ်ပညာဖြင့် မလွတ်တမ်း သတိရှိရှိ မှတ်သိနေဖို့လိုကြောင်း ဆိုလိုရင်းဖြစ်ပါတယ်။ ဒါကြောင့် စိုးရိမ်သောက ပူဆွေးမှုများ ကုန်ဆုံးကာ ကိလေသာငြိမ်းရာ နိဗ္ဗာန်ကို သွားဖို့အတွက် တစ်ခုတည်းသော လမ်းဖြစ်သည့် ဒီသတိပဋ္ဌာန် ၀ိပဿနာ အလုပ်ကို အားထုတ်ဖို့လိုကြောင်း ဆိုခြင်းဖြစ်ပါတယ်။

ပြီးတော့ ၀ိပဿနာတရား စတင်အားထုတ်တဲ့ ယောဂီဟာ “တောသို့သွားရောက်၍ဖြစ်စေ၊ သစ်ပင်ရင်းသို့ သွားရောက်၍ ဖြစ်စေ၊ ဆိတ်ငြိမ်ရာသို့ သွားရောက်၍ ဖြစ်စေ တင်ပလ္လင်ခွေပြီးလျှင် ကိုယ်ကိုဖြောင့်မတ်စွာထား၍ သတိကို ရှေးရှုဖြစ်စေလျှက် ထိုင်ရမည်ဖြစ်ကြောင်း” ဒီသုတ်တော်မှာ ပြထားပါတယ်။ ဒါကြောင့် စတင်အားထုတ်မယ့် ပုဂ္ဂိုလ်ဟာ တောတောင်သစ်ပင် စသည်များ ရှိတဲ့နေရာကို မသွားနိုင်တာတောင်မှ တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာတစ်ခုခုမှာနေပြီး အမျိုးသားဆိုရင် သက်သောင့်သက်သာ တင်ပလ္လင်ခွေထိုင်၊ အမျိုးသမီးဆိုရင်လည်း သင့်လျှော်သလို သက်သောင့်သက်သာ ထိုင်၊ ခါးနဲ့ခေါင်းကို ဖြောင့်မတ်စွာထားပြီး မျက်လွှာချကာ လက်အနေအထားကတော့ ဘယ်ဘက်လက်ပေါ် ညာဘက်လက် ထပ်ပြီးထားလိုကထား၊ ဒူးနှစ်ဘက်ပေါ်မှာ တစ်ဘက်စီထားလိုကထားပြီး ခန္ဓာကိုယ် အနေအထားကို ပြင်ဆင်ရပါမယ်။ အဲဒီလို ပြင်ဆင်ပြီး ကာယာနုပဿနာလို့ခေါ်တဲ့ အာနာပါန ထွက်လေ၊ ၀င်လေကစပြီး သတိကပ်ကာ ရှုမှတ်ရပါမယ်။

ဗုဒ္ဓက “ရဟန်းသည် (ယောဂီသည်) သတိရှိလျက်သာလျင် ထွက်သက်လေကို ရှိုက်၏၊ သတိရှိလျက်သာလျှင် ၀င်သက်လေကို ရှူ၏၊ ရှည်ရှည်ရှိုက်ရှူလျှင်လည်း ရှည်ရှည်ရှိုက်ရှူသည်ဟု သိ၏၊ တိုတိုရှိုက်ရှူလျှင်လည်း တိုတိုရှိုက်ရှူသည်ဟု သိ၏၊ ထွက်လေ၀င်လေ၏ အစ အလယ် အဆုံး အလုံးစုံသော ရုပ်အပေါင်းကို ထင်ရှားသိလျက် ရှိုက်ရှူမည်ဟု သိလျှက်ကျင့်၏…” စသဖြင့် အခြေခံ အာနာပါန မှတ်နည်းကို ပြတော်မူပါတယ်။

ဒါကြောင့် ၀ိပဿနာ တရားအားထုတ်မယ့် ယောဂီဟာ နေရာထိုင်ခင်းနှင့် ခန္ဓာကိုယ်ကို အဆင်ပြေသလို ပြင်ဆင်ပြီး စိတ်မှာတစ်ခြား ဘာအာရုံမှ မရှိစေဘဲ (အားလုံးကို မေ့နိုင်အောင် ကြိုးစား) ကိုယ့်ရဲ့စိတ်ကို အခြေခံ အမှတ်အာရုံဖြစ်တဲ့ နှာသိးဖျားကို အာရုံပြုထားရပါမယ်။ အဲဒီလိုစိတ်နဲ့ နှားသီးဖျားကို အာရုံပြု မြင်အောင်ကြည့်ပြီး ထွက်လေ၀င်လေကစ မှတ်ရပါမယ်။ နှာခေါင်းအပေါက်လေးကနေ တိုးပြီး အပေါ်နှုတ်ခမ်းစပ်လေးကို ထိထွက်လာတဲ့ ထွက်လေ၊ ထွက်လေဆုံးပြီး ပြန်ပြီးတိုးဝင်လာတဲ့ ၀င်လေကို အလိုက်သင့်လိုက်ပြီး မှတ်သိပေးနေရပါမယ်။

ဒီလို မှတ်တဲ့အခါမှာ အရှိအတိုင်းလေးပဲ မှတ်သိပေးနေရပါမယ်။ အသက်ကို လုပ်မရူရပါဘူး။ သူ့ပုံမှန် ရှူရှိုက်နေကျ အတိုင်းပဲ လိုက်သိနေရုံပါပဲ။ အဲဒီလို လိုက်သိမှတ်တဲ့အခါမှာ အမှတ်အာရုံကို ထွက်သွားတဲ့လေ၊ ၀င်လာတဲ့လေလေး ဆုံးသွားအောင် နှာသီးဖျားနဲ့ အထက်နှုတ်ခမ်းကြားကနေပြီး အလိုက်သင့်စောင့်ကြည့် သိမှတ်ပေးရပါမယ်။
တစ်နေရာတည်းကပဲ စောင့်ကြည့်မှတ်ပေးရမယ်လို့ဆိုလိုပါတယ်။ ထွက်လာ၊ ၀င်လာတဲ့လေရဲ့နောက်ကို လိုက်ပြီး ရင်ခေါင်းမှတစ်ဆင့် ၀မ်းဗိုက်အထိ လိုက်နေစရာ မလိုပါဘူး။ နှာသီးဖျားလေးကပဲ စောင့်ပြီး ထွက်လေ၀င်လေ ဆုံးအောင်တိုးထိလာတဲ့ လေလေးကို အလိုက်သင့်လိုက်မှတ် ပေးရပါမယ်။

ထွက်လေ၀င်လေကို အစအဆုံး အလိုက်သင့် လိုက်သိနေရမယ်ဆိုတာ အဲဒီနှာသီးဖျားနဲ့ အထက်နှုတ်ခမ်းဖျား နေရာလေးကပဲ စောင့်ကြည့်ပြီး တိုးထွက်လာတဲ့ ထွက်လေဆုံးသွားတဲ့အထိ၊ ထွက်လေဆုံးတာနဲ့ တစ်ပြိုင်နက် ၀င်လာတဲ့လေကိုလည်း အဲဒီနေရာကနေ တိုးဝင်လာတဲ့ လေလေးဆုံးသွားတဲ့အထိ စိတ်ကနေ သိမှတ်ပေးနေရပါတယ်။

အဲဒီလို ထွက်လေအစအဆုံး၊ ၀င်လေအစအဆုံးကို တစ်နေရာတည်းကနေ စောင့်ကြည့်သိရှိပေးနေတာကိုပဲ အစအလယ်အဆုံး ရှုမှတ်တယ်လို့ ဆိုပါတယ်။ အစကနေ ဆုံးသွားတဲ့အထိ မလွတ်တမ်းမှတ်နေရင် အလယ်မှာလည်း မလွတ်တော့ပါဘူး။ ဒါကိုပဲ မလွတ်တမ်း မှတ်တယ်လို့ ဆိုပါတယ်။ ဒီနည်းအတိုင်း မလွတ်အောင် ကြိုးစားပြီး အကြိမ်ကြိမ် မှတ်သိပေးရပါတယ်။ ရှုမှတ်တယ်ဆိုတာ တိုးထွက်တိုးဝင်လာတဲ့ လေကို မလွတ်အောင် သတိကပ်ပြီး လိုက်သိပေးနေတာကို ဆိုလိုတာဖြစ်တဲ့အတွက် အကြိမ်ကြိမ် မှတ်သိပေးနေရပါတယ်။

ခုမှ စမှတ်တဲ့ ယောဂီတွေအတွက် မှတ်ခါစမှာ အခက်အခဲ ဖြစ်တတ်ပါတယ်။ သမာဓိ မရှိသေးတဲ့အတွက် စိတ်မှာ အတွေးပေါင်းစုံ၊ စိတ်ကူးပေါင်းစုံ ၀င်တတ်ပါတယ်။ ဒီထွက်လေ၀င်လေကိုပဲ ကောင်းကောင်းမှတ် မရတာတွေလည်း ရှိတတ်ပါတယ်။ ထွက်လေ၀င်လေ မထင်ရှားတာကို ပြောတာပါ။ အဲဒီလို အခါမျိုးမှာ ကိုယ်အသက်ရှုနေတယ်ဆိုတဲ့ အသိလေးတော့ ရှိတတ်ပါတယ်။

အဲဒီအသိအတိုင်း သိမှတ်နေရင်လည်း ဖြစ်ပါတယ်။ တစ်ခါတစ်လေ မှတ်နေရင်းနဲ့ စိတ်ကအပြင်ရောက်ပြီး အတွေးစိတ်ကူးတွေနောက် ပါသွားတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ သတိရတိုင်း ပြန်ပြီးနှာသီးဖျား အမှတ်အာရုံကို ပြန်ယူပြန်မှတ်ပေးရပါတယ်။ ဒီလို စိတ်ထွက်လိုက် သတိရတဲ့အခါ ပြန်မှတ်လိုက် ထပ်ခါထပ်ခါ အကြိမ်ကြိမ်လုပ်ပေးရင် တဖြည်းဖြည်း သမာဓိ ရလာပါလိမ့်မယ်။ စမှတ်ကာစ သမာဓိ အားနည်းနေသေးတဲ့ အချိန်မှာ စိတ်ဓာတ်မကျ ဇွဲမလျှော့ဘဲ ကြိုးစားမှု ၀ီရီယကို ပိုပြီးအားဆိုက် ပေးရပါတယ်။ ဒါမှ သမာဓိ အားကောင်းလာမှာပါ။

ခုလို အာနာပါနကို အခြေခံပြီး အားထုတ်နေတာဟာ ကာယာနုပဿနာရှုနေတာ ဆိုပေမယ့် တကယ့်ဝိပဿနာပိုင်းကို သွားဖို့အတွက် သမာဓိ တည်ထောင်နေတာလို့ ပြောနိုင်ပါတယ်။ အာနာပါနကို ပင်တိုင်အမှတ်အာရုံ အဖြစ်ထားပြီး ၀ိပဿနာပိုင်းကို ကူးရင်ပိုပြီး အကျိုးသက်ရောက်မှု ရှိစေနိုင်ပါတယ်။

ဒါကြောင့် စမှတ်တဲ့ ယောဂီအနေဖြင့် ဒီထွက်လေ၀င်လေကို မလွတ်တမ်း အစအဆုံး မှတ်တဲ့အလုပ် တစ်ခုတည်းကိုပဲ အချိန်ပေးပြီး မှတ်စေချင်ပါတယ်။ ဒီအချိန်မှာ ခန္ဓာကိုယ်မှာ ပေါ်လာတတ်တဲ့ တခြားအာရုံတွေနောက်ကို လိုက်မမှတ်သေးပဲ အာနာပါန တစ်ခုတည်းကိုပဲ မှတ်နိုင်အောင် ကြိုးစားကြည့်ဖို့ လိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သမာဓိ မတည်သေးခင် ၀ိပဿနာပိုင်းကို ကူးတဲ့အခါမှာ မှတ်ရတာ ခက်တတ်လို့ပါ။ အာနပါနကိုပဲ တစ်နာရီမှာ တစ်နာရီနီးပါးလောက် မလွတ်တမ်း မှတ်နိုင်ပြီဆိုမှ ခန္ဓာကိုယ်မှ ပေါ်လာတတ်တဲ့ ထုံတာ၊ ကျင်တာ၊ နာတာ၊ ကိုက်တာ၊ ယားတာ စတဲ့ ဝေဒနာတွေကို ပြောင်းပြီး ပေါ်ရာပေါ်ရာကို ပေါ်ခိုက်ဖြစ်ခိုက်မှာ လိုက်လိုက်ပြီး မှတ်သိပေးရပါတယ်။ အဲဒီလို မှတ်တဲ့အခါမှာ ဝေဒနာရဲ့ သဘောကို စိတ်ကလေးနဲ့ မြင်အောင်ကြည့်ပြီး မှတ်သိပေးရပါတယ်။ ဝေဒနာရဲ့ သဘောဆိုတာက ကျင်ရင်ကျင်နေတဲ့ ခံစားမှု၊ ယားရင်ယားနေတဲ့ ခံစားမှု၊ ပူရင်ပူးနေတဲ့ ခံစားမှု စတာကို ပြောတာပါ။

တစ်ခါတစ်ရံ ဝေဒနာက နှစ်ခုသုံးခု ပေါ်နေတတ်တာတွေ ရှိတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ အထင်ရှားဆုံး၊ မှတ်လို့အကောင်းဆုံးဖြစ်တဲ့ ခံစားမှု ဝေဒနာတစ်ခုကိုပဲ ရွေးချယ်မှတ်ပေးရပါတယ်။ ဝေဒနာကို မှတ်တဲ့အခါမှာ ဝေဒနာက ပိုပြီးပြင်းထားလာတာလည်း ရှိတတ်သလို လျှော့သွားတာလည်း ရှိတတ်ပါတယ်။ ပိုးယားလာတာ၊ ပိုပူလာတာ၊ ပိုကျင်လာတာ စတာတွေပေါ့။ များသောအားဖြင့် ပိုပြင်းလာတတ်ပါတယ်။ ဖြစ်နိုင်ရင် ပေါ်သမျှဝေဒနာကို သီးခံပြီး ဒီဝေဒနာကို ကျော်သွားအောင် မှတ်ကြည့်စေချင်ပါတယ်။

ဆိုလိုတာက ဝေဒနာကပဲ ပိုပိုပြင်းနိုင်မလား ကိုယ်ကပဲ အမှတ်မလွတ်အောင် သီးခံပြီး မှတ်နိုင်မလားဆိုတဲ့ သဘောပါ။ တတ်နိုင်သမျှ သီးခံပြီးမှတ်လို့မှ ဝေဒနာက မလျှော့ဘဲ ပိုပြီး တိုးတိုးလာနေတယ် ဘယ်လိုမှ မခံနိုင်တော့ဘူးဆိုရင်တော့ ဒီဝေဒနာကို လစ်လျူရှုပြီး အာနာပါနကို ပြန်မှတ်ကြည့်ပါ။ ဒါလည်းမရ ပိုပြီးပြင်းလာတယ်၊ မှတ်ရင်းနဲ့ မခံမရပ်နိုင်ဖြစ်လာပြီး မပျောက်ရကောင်းလားဆိုတဲ့ ဒေါသအတွေးတွေပါ ဖြစ်လာတယ်ဆိုရင်တော့ ထိုင်ထားတဲ့ ဣရိယပုတ်လေးကို သတိလေးနဲ့ ပြင်ပြီးထိုင်မှတ်ကြည့်ပါ။ ဣရိယာပုတ် ပြောင်းသွားရင် ဝေဒနာလည်း ပြောင်းသွားတတ်ပါတယ်။ ဒါက နောက်ဆုံး ဝေဒနာကို ဘယ်လိုမှ သီးခံလို့ မရတော့မှ ပြောင်းကြည့်ဖို့ပါ။ ဒီနည်းအတိုင်း ပေါ်ရာပေါ်ရာကို လိုက်လိုက်မှတ်ပေးတာကိုပဲ ၀ိပဿနာ ရှုတယ်လို့ ခေါ်ပါတယ်။

နောက်သမာဓိ အားကောင်းလာတဲ့ အခါမှာ ကိုယ့်ရဲ့စိတ်အစဉ်ကိုပါ သိလာတတ်ပါတယ်။ စိတ်မှာအတွေးတွေ ၀င်တော့မယ် ၀င်နေတယ် ဆိုတာကို သိတာနဲ့ တစ်ပြိုင်နက် အဲဒီစိတ်ကို သတိနဲ့ သိအောင်မှတ်ပေးရပါတယ်။ စိတ်ဆိုတဲ့ သဘောက တစ်ခါတည်း ချုပ်ကိုင်ထားလို့ မရတဲ့အတွက် ရှေ့စိတ်ကို နောက်စိတ်က သိလိုက်တာနဲ့ ရှေ့စိတ်ပျောက်ပြီး နောက်သိစိတ်က ပေါ်လာတာပါပဲ။

အဲဒီလို တစ်စိတ်ပြီး တစ်စိတ်မှတ်မှတ် သိပေးရင်ကိုပဲ စိတ္တာနုပဿနာ ဖြစ်နေတာပါ။ ဆိုကြပါစို့..။ စိတ်မှာ အလိုမကျဖြစ်တဲ့အခါ အဲဒီအလိုမကျတာကို သိလိုက်တာနဲ့ ဒီအလိုမကျတဲ့ စိတ်မဖြစ်တော့ဘဲ သိစိတ်က ဖြစ်ပေါ်လာပါတယ်။ ဒီသိစိတ်ဟာလည်း နောက်နောက်စိတ်တွေက ထပ်ထပ်ပြီး ပေါ်ပေါ်လာတဲ့အခါ အသစ်အသစ် ဖြစ်နေတတ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ပေါ်လာသမျှ စိတ်အစဉ်ကို ပေါ်ခိုက်ဖြစ်ခိုက်မှာ လိုက်သိပေးနေနိုင်ရင် ဒီစိတ်ဟာ ရှေ့ဆက်မဖြစ်တော့ ပါဘူး။ အဲဒီလို ပေါ်သမျှကို လိုက်သိပေးနေတာကိုပဲ ၀ိပဿနာ ရှုတယ်လို့ ခေါ်ပါတယ်။

အထက်မှာ ပြောခဲ့တဲ့နည်းအတိုင်း အာနာပါနမှ စပြီး ရှုမှတ်ကာ သမာဓိထူထောင်လို့ ၀ိပဿနာပိုင်းကူးပြီး စိတ်နဲ့ရုပ်မှာ ပေါ်လာတဲ့ အရာမှန်သမျှကို လိုက်ပြီးသိမှတ်ပေးနေရုံနဲ့ပဲ ဗုဒ္ဓပြောတဲ့ သတိပဋ္ဌာန်နည်းအတိုင်း အားထုတ်နေပြီးသား ဖြစ်နေပါတယ်။ တစ်ထိုင်တည်းမှာပဲ ပေါ်ရာပေါ်ရာကို လိုက်လိုက်ပြီး မှတ်သိနေတဲ့အတွက် ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ သဘောတရားကို မှတ်သိတဲ့ ဓမ္မာနုပဿနာကို ရှုမှတ်ပြီးသား ဖြစ်နေပါတယ်။ ဒါက အမည်နာမအနေနဲ့သာ ပြောခြင်းဖြစ်ပါတယ်။ အဓိကကတော့ ဘာပဲဖြစ်ဖြစ် ပေါ်ရာပေါ်ရာကို လိုက်မှတ်နေရုံပါပဲ။

တကယ်တော့ အားတဲ့အခါတိုင်း ဒီအမှတ်လေးနဲ့ နေတတ်တဲ့ အကျင့်လေးလုပ်ပေးရင် ကောင်းပါတယ်။ တိတ်ဆိတ်ငြိမ်သက်ရာမှာ ထိုင်ပြီး မှတ်ရမယ်လို့ အထက်မှာ ဆိုထားပေမယ့် လျောင်း၊ ထိုင်၊ ရပ်၊ သွားဆိုတဲ့ ဣရိယာပုတ်လေးမျိုးလုံးကို ဘယ်လိုနေရာ ဘယ်လိုအချိန်၊ ဘယ်လိုအခြေ အနေမျိုးဖြစ်ဖြစ် မှတ်သိနိုင်ပါတယ်။ ဒါကြောင့် ရိပ်သာသွားပြီး တရားအားမထုတ်နိုင်ပေမယ့် ကိုယ့်နေရာလေးမှာ ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ စိတ်မှာ သတိလေးကပ်ပြီး သိမှတ်ပေးနေရင်လည်း တရားမှတ်တာပါပဲ။ အိပ်ရာပေါ် လှဲနေတဲ့အချိန်မှာလည်း တစ်ခြားအရာတွေ လျှောက်တွေးနေတာထက်စာရင် နှာသီးဖျားမှာ စိတ်လေးကပ်ပြီး အာနာပါနမှတ်နေရင်လည်း ကုသိုလ်ဖြစ်ပြီး သမာဓိတည်နေကာ အမှတ်သတိနဲ့ နေနေတာဖြစ်ပါတယ်။ တစ်နေရာရာကို ကားစီး၊ ရထားစီး သွားရင်လည်း အာနာပါနလေးနဲ့၊ အမှတ်သတိလေးနဲ့ မှတ်သွားနိုင်ပါတယ်။

အလုပ်လုပ်တဲ့အခါမှာလည်း အလုပ်မှာ အာရုံဆိုက်ပြီး လှုပ်ရှားနေတဲ့ ကိုယ်အမူအရာတွေကို သတိကပ်ပြီး လိုက်သိပေးနေတာလည်း အလုပ်ခွင်မှာ တရားမှတ်တာလို့ ပြောနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သေချာတာကတော့ တရားမှတ်မှုကို လျောင်း၊ထိုင်၊ရပ်၊သွား ဣရိယာပုတ်လေးပါးလုံးမှာ အချိန်မရွေး၊ နေရာမရွေး လုပ်နိုင်မှတ်နိုင်တယ် ဆိုတာပါပဲ။

အာနာပါနကို အခြေခံထားတဲ့ အခြေခံ ၀ိပဿနာ ရှုနည်းကို တစ်နေ့တစ်နေ့ အချိန်လေး နဲနဲစီပေးပြီး ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့ပုံစံမျိုးနဲ့ မှတ်ပြီးလေ့ကျင့်နိုင်ဖို့ ဒီအခြေခံ ၀ိပဿနာရှုနည်းကို တင်ပြပေးလိုက်ပါတယ်။ ဘုရားရှင်ရဲ့ ဒီမဟာသတိပဋ္ဌာနသုတ် တစ်ခုလုံးရဲ့ အချုပ်စကားက ”ယထာဘူတံ ပဇာနာတိ” ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။ အဓိပ္ပါယ်က ဟုတ်တိုင်းမှန်စွာ သိပါဆိုတဲ့ အဓိပ္ပါယ်ပါ။ ဟုတ်တိုင်းမှန်စွာ သိတယ်ဆိုတာက ခုနပြောခဲ့သလို ပေါ်သမျှ ဖြစ်သမျှ အာရုံတွေကို ပေါ်ခိုက်ဖြစ်ခိုက်မှာ သိအောင်လုပ်ပါလို့ ဆိုလိုတာဖြစ်ပါတယ်။

ဒါကြောင့် စိတ်မှာပဲဖြစ်ဖြစ် ရုပ်မှာပဲဖြစ်ဖြစ် ပေါ်သမျှကို ပေါ်ခိုက်ဖြစ်ခိုက်မှာ လိုက်လိုက်ပြီး သိမှတ်ပေးနေတာဟာ ၀ိပဿနာ အားထုတ်ထာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ လျောင်း၊ ထိုင်၊ ရပ်၊ သွား ဣရိယာပုတ်များမှာ ဘယ်လိုပုံစံမျိုးပဲ ဖြစ်ဖြစ် သတိကပ်ကာ လိုက်သိ၊ လိုက်မှတ်ကြည့်ပါဟု တိုက်တွန်းလိုက်ပါတယ်။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

အခြေခံ ဝိပဿနာ တရားအားထုတ်နည်း (၂)


အခြေခံဝိပဿနာတရား အားထုတ်နည်းအကြောင်း ရေးသားတင်ပြပြီးနောက်မှာ သူတော် ကောင်းများရဲ့ အသံတွေကို ပြန်လည်ကြားလာရပါတယ်။ တစ်ချို့က ကျေးဇူးတင်တဲ့အကြောင်း၊ တစ်ချို့က သဘောကျတဲ့အတွက် တစ်ခြားသူများကိုလည်း တစ်ဆင့်ပြန်လည် မျှဝေဖြစ်ကြောင်း၊ တစ်ချို့က သူတို့လို အတွေ့အကြုံမရှိတဲ့ သူတွေအတွက် အလွယ်တကူ နားလည်လွယ်၊ လိုက်နာကျင့်သုံးဖို့ လွယ်ကြောင်း စသဖြင့် ပြန်လည်တုံ့ပြန်မှုများကို ရခဲ့ပါတယ်။

တစ်ချို့ကတော့ နောက်ဆက်တွဲအနေနဲ့ ဆက်လက်ဖော်ပြပေးဖို့နဲ့ တစ်ချို့ကြပြန်တော့ အားထုတ်နည်းကို သဘောကျပေမယ့် ဘ၀ရပ်တည်ရေး ရုန်းကန်လှုပ်ရှားနေရတဲ့ အတွက် ဘယ်လိုမှကို တရားအားထုတ်ဖို့ အချိန်မရဖြစ်နေကြောင်း၊ ဒါကြောင့် ဒီလို အချိန်မရတဲ့ သူတွေအတွက် ရနိုင်သမျှ လေ့ကျင့်နိုင်မယ့်နည်းလေးများကို ဆက်လက်ရေးသား ဖော်ပြပေးဖို့ လျှောက်ထားပါကြောင်း တောင်းဆိုလာကြပါတယ်။ ဒီလိုဒီလို ပြန်လည်တုံ့ပြန်မှုများကြောင့် ၀ိပဿနာ တရားအားထုတ်နည်း နောက်ဆက်တွဲကို ဆက်လက်ရေးသား တင်ပြပေးဖြစ်ခဲ့ပါတယ်။

ဘ၀ရဲ့ စားဝတ်နေရေး လှုပ်ရှားမှုတွေကြောင့် ဘယ်လိုမှ မအားလပ်တဲ့ သူတွေအများကြီး ရှိနေတယ်ဆိုတာ နားလည်ပေမယ့် ဒီလိုမအားလပ်မှုတွေကြောင့် တရားအားထုတ်ချင်ပေမယ့် အားမထုတ်နိုင် ဖြစ်ရတယ် ဆိုတာကိုတော့ ပြောပြပေးဖို့လိုပါတယ်။

တကယ်တော့ ၀ိပဿနာ အလုပ်ဆိုတာ ရိပ်သာသွားပြီး အချိန်ပြည့် ထိုင်ပြီးမှ အားထုတ်ရတဲ့ တရားအားထုတ်မှု မဟုတ်ပါဘူး။ အသက်ရှင်နေရင်၊ စိတ်နဲ့ခန္ဓာကိုယ်ရှိနေရင်၊ ခန္ဓာငါးပါး ရှိနေရင် ဘယ်လိုနေရာ၊ ဘယ်လိုအနေအထား၊ ဘယ်လိုအချိန်မှာမဆို အားထုတ်လို့ ရပါတယ်။။ နေ့စဉ် လှုပ်ရှားမှုများထဲမှာကိုပဲ လှုပ်ရှားနေတုန်း တရားအားထုတ်နိုင်တဲ့ နည်းတွေရှိပါတယ်။ အမှန်တော့ သတိအမှတ်သာ ရှိနေမယ်ဆိုရင် အဲဒီလှုပ်ရှားမှုတွေကပဲ တရားမှတ်စရာ အမှတ်အာရုံတွေ ဖြစ်နေတာပါ။ တရားရှာ ကိုယ်မှာတွေ့ဆိုသလို ဘုရားရှင်ကလည်း ခန္ဓာကိုယ်ရဲ့ ဖြစ်သမျှ အနေအထားတွေ အပေါ်မှာ တရားရှာနိုင်ကြောင်း ဟောတော်မူပါတယ်။

ခန္ဓာကိုယ်က ထိုင်နေတဲ့အခါမှာလည်း ထိုင်နေတဲ့အနေအထား၊ လဲလျောင်းနေတဲ့အခါမှာလည်း လဲလျောင်းနေတဲ့ အနေအထား၊ ရပ်နေရင်လည်း ရပ်နေတဲ့အနေအထား၊ သွားနေရင်လည်း သွားနေတဲ့ အနေအထား စတဲ့ ဘယ်လိုပုံစံမျိုးမှာမဆို တရားရှာနိုင်ပါတယ်တဲ့။ ဒါကို မဟာသတိပဋ္ဌာနသုတ်မှာ ဣရိယာပုတ်ကို ဆင်ခြင်နည်းအဖြစ် ဖွင့်ပြထားပါတယ်။

ဒီသုတ်တော်မှာ ဗုဒ္ဓမြတ်စွာက “ရဟန်းတို့… ရဟန်း (တရားအားထုတ်တဲ့ ယောဂီ)သည် သွားလျှင်လည်း သွားသည်ဟု သိ၏။ ထိုင်လျှင်လည်း ထိုင်သည်ဟု သိ၏။ ရပ်လျှင်လည်း ရပ်သည်ဟု သိ၏။ လျောင်းလျှင်လည်း လျောင်းသည်ဟု သိ၏။ ထိုရဟန်း (ယောဂီ)၏ ရုပ်အပေါင်းသည် အကြင်အကြင် အမူအရာအားဖြင့် တည်နေ၏။ ထိုရုပ်အပေါင်းကို ထိုထိုအမူအရာအားဖြင့် သိ၏” လို့ ဟောတော်မူထားပါတယ်။

ဒီဟောကြားချက်ကို ကြည့်ရင် တရားမှတ်တာ ဘယ်လိုပုံစံမျိုးမှာမဆို မှတ်နိုင်တယ်ဆိုတာ သိနိုင်ပါတယ်။ ပြီးတော့ မြတ်စွာဘုရားရှင်က “ရဟန်းတို့ တစ်ဖန် ထို့ပြင် ရဟန်းသည် ရှေ့သို့တိုးရာ၊ နောက်သို့ဆုတ်ရာ၌ သိလျက်ပြုလေ့ရှိ၏။ တူရူကြည့်ရာ တစောင်းကြည့်ရာ၌ သိလျက် ပြုလေ့ရှိ၏။ ကွေးရာဆန့်ရာ၌ သိလျက် ပြုလေ့ရှိ၏။ ဒုကုဋ် သပိတ် သင်္ကန်းကို ဆောင်ရာ၌ သိလျှက် ပြုလေ့ရှိ၏။ စားရာ သောက်ရာ ခဲရာ လျက်ရာ၌ သိလျက် ပြုလေ့ရှိ၏။ ကျင်ကြီးကျင်ငယ်စွန့်ရာ၌ သိလျက် ပြုလေ့ရှိ၏။ သွားရာရပ်ရာ ထိုင်ရာအိပ်ရာ နိုးရာ တိတ်ဆိတ်နေရာ၌ သိလျက် ပြုလေ့ရှိ၏။”ဟု အသေးစိပ် ထပ်မိန့်ပါတယ်။

ဒီဟောကြားချက်ကိုကြည့်ရင် မြတ်ဗုဒ္ဓက နေ့စဉ်လှုပ်ရှားမှုများမှာပဲ မှတ်တတ်အောင်၊ မှတ်နိုင်အောင် မိန့်တော်မူထားတာကို တွေ့ရပါတယ်။ နောက်ဆုံး အပေါ့အလေး အညစ်အကြေး စွန့်တာကအစ အမှတ်သတိနဲ့ ပြုမူမယ်ဆိုရင် အမှတ်အာရုံ ဖြစ်ကြောင်း အတိအလင်း ရှင်းတော်မူထားပါတယ်။ ဒါကြောင့် အလုပ်တွေများပြီး မအားလို့ တရားအားမထုတ်နိုင်ဘူး ဆိုသူတွေအတွက် မြတ်ဗုဒ္ဓရဲ့ ဖော်ပြပါ ဟောကြားချက်များက ဒီလိုနေ့စဉ် လှုပ်ရှားနေမှုများ၊ မအားလပ်မှုများကပင် မှတ်စရာ အမှတ်အာရုံတွေ ဖြစ်နေတယ်ဆိုတာ သတိပြုခိုင်းနေပါတယ်။

မှန်ပါတယ်။ တကယ့်ကို သတိအမှတ်နဲ့သာ မှတ်သိနေမယ်ဆိုရင် လူတိုင်းလူတိုင်းရဲ့ နေ့စဉ်လှုပ်ရှား ရုန်းကန်မှုတွေဟာ မှတ်စရာတွေပါပဲ။ နေ့စဉ်ဖြစ်ပျက် လှုပ်ရှားနေတဲ့အတွက် သတိမမူမိ ဖြစ်နေကြလို့သာ တရားအားထုတ်ဖို့ အချိန်မရ ဖြစ်နေကြတာပါ။ သတိကပ်ပြီး ဘာပဲဖြစ်ဖြစ် သိနေလိုက်ရင် နေ့စဉ်လှုပ်ရှားမှုတွေဟာ တရားအမှတ်တွေပါပဲ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေချိန်က လွဲလို့ မနက်အိပ်ရာကထ ညအိပ်ရာဝင် အိပ်မပျော်ခင် အချိန်အထိ ဖြစ်ပျက်နေတာတွေဟာ မှတ်စရာ အာရုံတွေပါပဲ။ ဒီအဖြစ်အပျက်တွေကိုသာ လိုက်သိနေမယ်ဆိုရင် ရိပ်သာသွားပြီး အထွေအထူး တရားအားထုတ်ဖို့တောင် လိုမယ်မထင်ပါဘူး။

မနက်အိပ်ရာက နိုးတာနဲ့ တစ်ပြိုက်နက် စိတ်မှာ အသိဝင်လာပါပြီ။ အဲဒီအချိန်ကစပြီး ကိုယ့်ရဲ့အမူအရာကို စိတ်နဲ့မြင်အောင် ကြည့်ကြည့်ပါ၊ မှတ်ကြည့်ပါ။ အိပ်ရာက နိုးနိုးချင်း ချက်ချင်းမထချင်သေးလို့ လှဲနေတဲ့အချိန်မှာ စိတ်ကိုနှာသီးဖျားမှာ အာရုံပြုလို့ ထွက်သက်ဝင်သက်လေး မှတ်ကြည့်ပေါ့။ ထလာပြီး စောင်ခေါင်းအုံး ခေါက်သိမ်းတဲ့ အခါလည်း အဲဒီလှုပ်ရှားမှုကို သတိထားပြီး လုပ်ကြည့်လိုက်ပါ။ စောင်ကိုမတာ၊ လက်နှစ်ဖက်နဲ့ ခေါက်နေတာ၊ ပြီးတော့ သိမ်းတာစသဖြင့် ဘာပဲလုပ်လုပ် အဲဒီလုပ်နေတဲ့ လှုပ်ရှားမှုမှာ အသိလေးတွေနဲ့ လိုက်လုပ်ကြည့်လိုက်ပါ။ အဲဒီလို သိပြီးလုပ်နေတဲ့ အချိန်မှာ ကိုယ့်စိတ်မှာ တစ်ခြားလောဘဖြစ်စရာ၊ ဒေါသဖြစ်စရာ စတာတွေ ကင်းနေတတ်ပါတယ်။ လုပ်သမျှ လှုပ်ရှားမှုတွေအပေါ် သိပြီးနေနေတာ၊ သိပြီးလုပ်နေတာတွေဟာ တရားအားထုတ်နေတာပါပဲ။

ပြီးတော့ ရေချိုးခန်း အိမ်သာဝင်ဖို့ သွားတဲ့အခါမှာလည်း လှမ်းတဲ့ခြေလှမ်းတိုင်းကို သိပြီးလှမ်းကြည့်လိုက်ပါ။ ဘယ်ခြေလှမ်းရင် ဘယ်လှမ်းတယ်၊ ညာခြေလှမ်းရင် ညာလှမ်းတယ်လို့ သိပြီး လှမ်းသွားကြည့်လိုက်ပါ။ ဒါဟာ ခြေလှမ်းတိုင်းအတွက် သိမှတ်နေတာဖြစ်ပြီး ဒီလိုသိပြီး လှမ်းနေတဲ့အချိန်မှာ ကိုယ့်သန္တာန်မှာ တစ်ခြားကိလေသာတွေ မဖြစ်ပါဘူး။ လှမ်းတိုင်းလှမ်းတိုင်း သိပြီးလှမ်းနေမယ်ဆိုရင် ဒီခေတ်ပြောနေတဲ့ ခြေတစ်လှမ်း ကုဋေတစ်သန်းဆိုတာထက် ပိုပြီးအကျိုးကြီးနေပါတယ်။

ဆရာတော်တစ်ပါးက သူ့ယောဂီစစ်သားတစ်ယောက်ကို တရားပြတုန်းက “ဘယ်လှမ်းရင်လည်း ဘယ်လှမ်းတယ် ညာလှမ်းရင်လည်း ညာလှမ်းတယ်လို့ သိပြီးလှမ်းပါ”လို့ သင်ပြတဲ့အခါ အဲဒီစစ်သားက “ဒါလား…တရားအားထုတ်တာ စစ်တပ်မှာဆို နေ့တိုင်းဘယ်ညာ အော်နေရတာ“လို့ ပြောပါတယ်တဲ့။ ဒီတော့ ဆရာတော်က စစ်သားလေးကို “အဲဒီလို အော်ပြီးဘယ်ညာ လှမ်းတုန်းက လှမ်းနေတဲ့အမူအရာ ဘယ်ညာခြေလှမ်းတွေကို သိပြီးလှမ်းဖူးလား”လို့ မေးလိုက်တော့မှ စစ်သားလေးက “ဒီလိုပဲ နေ့စဉ်လှမ်းနေကျဆိုတော့ လှမ်းလိုက်တာပဲ”လို့ ဖြေပါတယ်။

ဒီတော့ ဆရာတော်က
“အခုမှတ်ခိုင်းတာက အဲဒီလို မသိဘဲ လှမ်းနေတာတွေကို သိပြီးလှမ်းခိုင်းတာပဲ”လို့ မိန့်တော့မှ စစ်သားလေး သဘောပေါက်သွားတယ်လို့ ပြောဖူးပါတယ်။

ဟုတ်ပါတယ်။ ဒီအတိုင်းပါပဲ။ ဘယ်သူမဆို ခြေလှမ်းတွေတော့ လှမ်းနေကြတာပါပဲ။ ဒါပေမယ့် လှမ်းတဲ့ခြေလှမ်းတိုင်းကို အသိမကပ်ဘဲ လှမ်းနေကြခြင်းပါ။ ပုံမှန်သွားလာနေတဲ့အတွက် ဒီသွားလာနေတဲ့ အပေါ် သတိမပြုမိခြင်း ဖြစ်ပါတယ်။

သွားလာနေတဲ့ ခြေလှမ်းတွေဟာ သိပြီးလှမ်းနေရင် လှမ်းတိုင်းလှမ်းတိုင်း မှတ်စရာ အမှတ်အာရုံတွေ ဖြစ်နေတာကို သတိမပြုမိကြခြင်း ဖြစ်ပါတယ်။ အသိဒကာမလေး တစ်ယောက်ကို ဒီသွားနေတဲ့ ခြေလှမ်းတိုင်းကို သိပြီးလှမ်းကြည့်ပါ စိတ်တည်ငြိမ်ပါတယ်လို့ ပြောပြဖူးပါတယ်။ တစ်နေ့ အဲဒီဒကာမလေးဟာ စာကြည့်တိုက်က အပြန်မှာ ဒီစကားလေးကို သတိရပြီး သူလှမ်းနေတဲ့ ခြေလှမ်းတိုင်းမှာ သိပြီးလှမ်းကြည့်တဲ့အကြောင်း၊ ဒီလို သိပြီးလှမ်းလာခဲ့တဲ့အတွက် စိတ်မှာတစ်ခြား အတွေးတွေ မ၀င်ဘဲ လှမ်းနေတဲ့ ခြေလှမ်းတိုင်းဟာ ပေါ့ပါးသွက်လပ်နေကြောင်း၊ နောက်ဆိုရင် ဘယ်သွားသွား လှမ်းတဲ့ခြေလှမ်းတွေကို တတ်နိုင်သမျှ သိပြီးလှမ်းသွားနိုင်အောင် ကြိုးစားလေ့ကျင့် ကြည့်ပါမည့်အကြောင်း လျှောက်ထားဖူးပါတယ်။ ဒါကြောင့် နေ့စဉ်သွားလာနေရတဲ့ ကိုယ့်ရဲ့သွားနေတဲ့ ခြေလှမ်းတိုင်းကို တစ်ခါတစ်လေ သိပြီးလှမ်းကြည့်ကြဖို့ တိုက်တွန်းရခြင်း ဖြစ်ပါတယ်။

ပြီးတော့ ရေချိုးခန်းရောက်၊ မျက်နှာသစ်တဲ့အခါမှာလည်း ရေခွက်ကိုင်တာ၊ ရေထည့်တာ၊ ရေကိုလက်နဲ့ခံတာ၊ လက်နဲ့မျက်နှာကို ပွတ်တာတွေ၊ သွားတိုက်ဖို့ သွားတိုက်တံကို ကိုင်တာ၊ သွားတိုက်ဆေးထည့်တာ၊ မှန်ကြည့်ပြီး သွားတိုက်နေတာတွေက အစ ရေချိုးခန်း၊ အိမ်သာတွင်းမှာ လှုပ်ရှားနေတဲ့ အမူအရာ မှန်သမျှကို လှုပ်ရှားမှုနဲ့ သိမှုတစ်ခါတည်း ကပ်နေ၊သိနေတယ်ဆိုရင် ဒါဟာ တရားအားထုတ်နေတာပါပဲ။

နေ့စဉ်အလုပ်တွေထဲမှာ တရားရှာနေတာ၊ တရားအားထုတ်နေတာပါ။ ဘုရားရှင်က ဘယ်လောက်အထိတောင် ပြောလည်းဆိုရင် အိမ်သာဝင်ပြီး အိမ်သာတက်တာကအစ သိပြီးလှုပ်ရှားနေဖို့ ပြောပါတယ်။ ဆိုလိုတာက ခန္ဓာကိုယ် လှုပ်ရှားမှုမှန်သမျှကို စိတ်က သိနေဖို့ပါပဲ။

နေ့စဉ်လှုပ်ရှားမှုတွေထဲက တစ်ခြား အ၀တ်အစားလဲတာ၊ အလှပြင်တာ၊ မနက်စာပြင်စားတာ၊ အိမ်ကထွက်ပြီး လုငန်းခွင်းသွားတဲ့အခါ၊ ကားရထားစီးဖို့ စောင့်နေတဲ့အခါ၊ ကားပေါ်ရထားပေါ်မှာ ထိုင်နေတဲ့အခါ စတဲ့ ကိုယ့်ရဲ့လှုပ်ရှားမှု ဣရိယာပုတ်တွေမှာလည်း သိသိပြီး နေမယ်ဆိုရင် ဒါဟာ တရားအားထုတ်တာပါပဲ။

တစ်ခြားအချိန်တွေမှာ မသိနိုင်တာတောင်မှ ကားပေါ်ရထားပေါ်မှာ ထိုင်ပြီး နေတဲ့အချိန်မှာတော့ ကိုယ့်ရဲ့နှာသီးဖျားလေးမှာ စိတ်ကို ကပ်ထားပြီး မျက်လွှာလေးကို မသိမသာချလို့ ထွက်လေ၊ ၀င်လေလေးတွေကို နှာသီးဖျားက တိုးထွက်တိုးဝင်လာတဲ့ အတိုင်း အစအဆုံး သိနေမှတ်နေဖြစ်ရင်ကိုပဲ နေ့စဉ်လှုပ်ရှားမှုတွေထဲက တရားအားထုတ်မှုလေးတွေ ဖြစ်နေတာပါ။ လုပ်ငန်းခွင်မှာလည်း အလုပ်ရှိလို့ အလုပ်လုပ်နေတဲ့ အချိန် လှုပ်ရှားနေတဲ့ အလုပ်အပေါ်မှာ အသေးစိပ်သိပြီး လိုက်လုပ်နေရင်လည်း စိတ်က အလုပ်မှာပဲ အာရုံရောက်ကာ တည်ငြိမ်နေပါတယ်။ ဒီလို အချိန်မှာ ကိုယ့်စိတ်မှာ လောဘဖြစ်စရာ။ ဒေါသဖြစ်စရာ စတာတွေ မရှိဘဲ ဖြစ်နေတတ်လို့ အလုပ်လုပ်ရင်း တရားမှတ်နေဖြစ်ပါတယ်။

အလုပ်မရှိလို့ ထိုင်နေတဲ့အခါလည်း အားတာနဲ့ အာနာပါနလေး လုပ်ကြည့်မယ်ဆိုရင် ဒါဟာ တရားမှတ်ဖြစ်သွားတာပါပဲ။ နောက်ဆုံး အိမ်ပြန်ရောက်လို့ စားသောက်ပြီး လုပ်စရာရှိတာတွေကို တတ်နိုင်သမျှ လုပ်ကိုင်ဆောင်ရွက်ပြီးလို့အိပ်ရာဝင်တဲ့အချိန် ခန္ဓာကိုယ်ကို သက်သောင့်သက်သာ အိပ်ရာပေါ်လှဲချ၊ မျက်လွှာလေးချ၊ စိတ်ကိုနှာသီးဖျားမှာ အာရုံပြု၊ ထွက်လေ၀င်လေ အစအဆုံး လိုက်သိပြီး အိပ်ပျော်သွားတဲ့အထိ မှတ်သိနိုင်လိုက်ပြီဆိုရင်တော့ အဲဒီနေ့တစ်နေ့လုံး ကိုယ့်အတွက် တရားအားထုတ်မှုနဲ့ အဆုံးသတ်သွားခဲ့ပါပြီ။ ဒီလိုနည်းနဲ့ မနက်အိပ်ရာထမှ ညအိပ်ရာဝင်တဲ့အထိ လှုပ်ရှားမှုများအပေါ် သတိကပ်ကာ တရားမှတ်နိုင်ပါတယ်။ တကယ်မှတ်ချင်ရင် အခုပြောခဲ့သလို တစ်နေ့တာ လှုပ်ရှားမှုများမှာ ကြိုက်သလို မှတ်နိုင်ပါတယ်။ သတိသာ ထားလိုက်မယ်ဆိုရင် မှတ်စရာတွေချည်းပါပဲ။

ဒါကြောင့် ရိပ်သာသွားပြီး တရားအားမထုတ်နိုင်ပေမယ့် တကယ်တရား အားထုတ်ချင်တယ်ဆိုရင် အထပ်ဖော်ပြပါအတိုင်း နေ့စဉ်လှုပ်ရှားမှုများကိုပဲ တတ်နိုင်သမျှ သိအောင်ကြိုးစား နေနိုင်ပါက စားဖို့သောက်ဖို့ ရှားရင်း တရားအလုပ်ပါ တစ်ခါတည်း လုပ်ပြီးသား ဖြစ်နေတာပါလို့ ဆိုခြင်းဖြစ်ပါတယ်။

အချုပ်ကတော့ ဘုရားရှင် မိန့်တော်မူသလို လျောင်း၊ထိုင်၊ရပ်၊သွား လေးပါးဣရိယာများနဲ့ ခန္ဓာကိုယ်ရဲ့ ဘယ်လိုအနေအထားမျိုး တွေမှာမဆို သိပြီးလှုပ်ရှားနေပါက နေ့စဉ်အလုပ်တွေမှာ ဉာဏ်စဉ်တွေ ထုတ်ဖြစ်နေတာဖြစ်လို့ ဘာပဲဖြစ်ဖြစ်၊ ဘာပဲလုပ်လုပ် ဖြစ်ခိုက်လုပ်ခိုက်ကို သိအောင်လုပ်ပါလို့ ဆိုတာပါပဲ။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)