Saturday, May 3, 2014

သြကာသ မူကွဲတွေ ဘယ်နှစ်မျိုးရှိသလဲ


ဗုဒ္ဓဘာသာဝင် မှန်သမျှ သြကာသ ကန်တော့ချိုးကို ငယ်စဉ်ကပင် ရထားကြသည်။ သို့သော် ထိုသြကာသ ကန်တော့ချိုးသည် တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသည့် စကားနှင့်အညီ နေရာဒေသတစ်ခုနှင့်တစ်ခု မတူ ကွဲပြားနေသည်လည်း ရှိကြသည်။ ထိုသြကာသ မူကွဲတို့သည် ၈ မျိုးရှိကြောင်းသိရှိရပေသည်။
၎င်းတို့မှာ-
၁။ မူလသြကာသ
၂။ ဒွါရသြကာသ
၃။ နှစ်ရပ်ပေါင်းစပ်သြကာသ
၎။ ပမာသြကာသ
၅။ သြကာသမူသစ်
၆။ အများသုံးသြကာသ
၇။ မဟာစည်သြကာသ
၈။ မွန်သြကာသကန်တော့ချိုးတို့ပင်ဖြစ်ကြသည်။

၁။ မူလသြကာသ
ဤသြကာသသည် ပုဂံခေတ်မှစ၍ အစဉ်အလာ အသုံးပြုခဲ့ကြသည့် သြကာသဖြစ်သည်။
သြကာသ သြကာသ သြကာ၊ ကာယကံ ၀စီကံ မနောကံတည်းဟူသော ကံသုံးပါးတို့ဖြင့် ပထမ ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်
မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာတည်း ဟူသော ရတနာမြတ်သုံးပါးတို့အား အရိုအသေ အလေးအမြတ်ပြု၍ ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။ ဤသို့ အရိုအသေ အလေးအမြတ်ပြု၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါရသော
အကျိုးအားဖြင့် အပါယ်လေးပါး ကပ်သုံးပါး ရပ်ပြစ်ရှစ်ပါး ရန်သူမျိုးငါးပါးတို့မှ ကင်းလွတ်သည်သာဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန် တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။

၂။ ဒွါရသြကာသ
အထက်ပါကန်တော့ချိုး၌ပါသည့် ကံဖြင့်ရှိခိုးခြင်းသည် အဋ္ဌသာလိနီ အဋ္ဌကထာနှင့်မညီ ဟုဆို၍ ဒွါရဂိုဏ်းကြီးကို တည်ထောင်တော်
မူခဲ့သည့် အုတ်ဖိုဆရာတော်သည်အောက်ဖော်ပြပါအတိုင်း သြကာသကန်တော့ချိုးကို ပြင်ဆင်ရေးသားတော်မူခဲ့လေသည်။
သြကာသ သြကာသ သြကာ၊ ကာယဒွါရ ၀စီဒွါရ မနောဒွါရ တည်းဟူသော သုံးပါးသောဒွါရတို့ဖြင့် ပထမ ဒုတိယ တတိယ
တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာ တည်းဟူသော ရတနာမြတ်သုံးပါးတို့အား အရိုအသေ အလေးအမြတ်လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။ ဤသို့ ကန်တော့ရသော ကုသိုလ်ကံ စေတနာတို့ကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ အနာမျိုးကိုးဆယ့်ခြောက်ပါး၊ ၀ိပတ္တိတရား လေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ အဆုံးစွန်သောမဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏
အရှင်ဘုရား။

၃။ နှစ်ခုပေါင်းစပ်သြကာသ
အထက်ဖော်ပြပါ သြကာသနှစ်မျိုးတို့ဖြင့် ကံဖြင့်ရှိခိုးသူများကို ကံဂိုဏ်းဟုခေါ်ကြ၍ ဒွါရဖြင့်ရှိခိုးသူများကို ဒွါရဂိုဏ်းဟုခေါ်ကြသည်။ ကံ၊ ဒွါရ အငြင်းပွားနေသည့်အတွက် အချို့သောသူများက  နှစ်မျိုးလုံး မှန်ကန်သည်ဟု လက်ခံကာ အထက်ပါသြကာသနှစ်မျိုးကို အောက်ပါအတိုင်း ပေါင်းစပ်ရှိခိုးကြပြန်သည်။

သြကာသ သြကာသ သြကာသ၊ ကာယကံ ၀စီကံ မနောကံတည်း ဟူသော ကံသုံးပါး၊ ကာယဒွါရ ၀စီဒွါရ မနောဒွါရ တည်းဟူသော သုံးပါးသောဒွါရတို့ဖြင့် ပထမ ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာ တည်းဟူသော ရတနာမြတ်သုံးပါးတို့အား အရိုအသေ အလေးအမြတ် ပြု၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ကန်တော့ပါ၏ အရှင်ဘုရား။
ဤသို့ အရိုအသေ အလေးအမြတ်ပြု၍ ရှိခိုး ပူဇော် ဖူးမျှော် မာန်လျော့ ကန်တော့ရသော အကျိုးအားဖြင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊
ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါး တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည် ဖြစ်၍ အဆုံးစွန်သော
မဂ်တရားဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။

၎။ ပဏာမသြကာသ
အချို့သူများကမူ အထက်ပါကံဒွါရအငြင်းပွားမှုကို ရှောင်လွဲ လိုသည့်အတွက် အောက်ပါအတိုင်း ပဏာမဖြင့်ရှိခိုးကြပြန်သည်။
သြကာသ သြကာသ သြကာသ၊ ကာယပဏာမ ၀စီပမာဏ မနောပမာဏ တည်းဟူသော သုံးပါးသော ပမာဏတို့ဖြင့် ပထမ
ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ် မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာ တည်းဟူသောရတနာမြတ်
သုံးပါးတို့အား အရိုအသေ အလေးအမြတ်ပြု၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ကန်တော့ပါ၏ အရှင်ဘုရား။ ဤသို့ အရိုအသေ အလေးအမြတ်ပြု၍ ရှိခိုးပူဇော် ဖူးမျှော် မာန်လျော့ ကန်တော့ရသော
အကျိုးအားဖြင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှအခါခပ်သိမ်း
ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။

ထို့အပြင် ကံကို စေတနာဟုအမည်တပ်၍ ဒွါရ ပမာဏတို့ဖြင့် ရှိခိုးနည်းကို အောက်ပါအတိုင်းရေးသားရှိခိုးခဲ့ကြပြန်သည်။

သြကာသ သြကာသ သြကာသ၊ ကာယ၀စီ မနောချီလျက် သုံးလီစေတနာ သုံးဖြာဒွါရပမာဏဖြင့် ဘုရားရတနာ တရားရတနာ
သံဃာရတနာ ရတနာမြတ်သုံးပါး ဆရာသမားတို့အား ဘုရားတပည့်တော် ရိုသေ မြတ်နိုးလက်အုပ်မိုး၍ ဖူးမြော်မာန်လျော့
ကန်တော့ပါ၏ အရှင်ဘုရား။ ဤသို့ ရိုသေမြတ်နိုးလက်အုပ်မိုး၍ ရှိခိုး
ပူဇော် ဖူးမျှော် မာန်လျော့ ကန်တော့ရသော ကောင်းမူကံ စေတနာတို့ကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊
ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ် ငြိမ်းသည်ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်
တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။

၅။ သြကာသမူသစ်
အချို့သောသူများသည်ကား ကံဖြင့်ရှိခိုးခြင်း ဒွါရဖြင့်ရှိခိုးခြင်း ပမာဏဖြင့် ရှိခိုးခြင်းတို့ကို ရှောင်လွှဲလိုသောကြောင့် ကာယကံ ၀စီကံ
မနောကံတို့ကို ပြစ်မှားမိသောကံအဖြစ်ရေးသားထားသည့် အောက်ပါသြကာသမူသစ် တစ်မျိုးသည်လည်း ထွက်ပေါ်လာခဲ့ပြန်သည်။

သြကာသ သြကာသ သြကာသ၊ ကာယကံ ၀စီကံ မနောကံ ကံသုံးပါးတို့တွင် တစ်ပါးပါးသော ကံတို့ဖြင့် ပြစ်မှား ကျူးလွန်မိသည်ရှိ
သော် ထိုအပြစ်တို့မှ ပျောက်ပါစေခြင်းအကျိုးငှါ ပထမ ဒုတိယ တတိယ၊ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရား
ရတနာ သံဃာရတနာ ရတနာမြတ်သုံးပါး ဤရတနာမြတ်သုံးပါး အပေါင်းကို ရိုသေ မြတ်နိုးလက်အုပ်မိုး၍ ဖူးမြော်မာန်လျော့
ကန်တော့ပါ၏ အရှင်ဘုရား။ ဤသို့ ရှိခိုးပူဇော် ဖူးမျှော် မာန်လျော့ ကန်
တော့ရသော ကုသိုလ်ကံစေတနာတို့ကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသ
နတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။

၆။ အများသုံးသြကာသ
အထက်ပါသြကာသမူသစ်ကိုပင် ထပ်မံ အဓိပ္ပါယ်ဖွင့်ဆိုသည့် အနေဖြင့် အများသုံး သြကာသမူသစ်ကို အောက်ဖော်ပြပါအတိုင်း
ပြုပြင်ရေးသားခဲ့ကြပြန်သည်။ 

သြကာသ သြကာသ သြကာသ၊ ကာယကံ ၀စီကံ မနောကံ သဗ္ဗဒေါသခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှါ
ပထမ ဒုတိယ တတိယ၊ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာရတနာမြတ် သုံးပါးတို့
ကို အရိုသေအလေးအမြတ်နိုးလက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။ ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုး
ငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ် ငြိမ်းသည်ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန် တရား
တော်မြတ်ကို ရပါလို၏အရှင်ဘုရား။

၇။ မဟာစည်သြကာသ
အထက်ပါ ဖော်ပြပါ သြကာသတို့ အပြင် မဟာစည် ဆရာတော် ဘုရားကြီးသည် ပို၍ ပြည့်စုံသည် သြကာသ ကန်တော့ချိုးကိုရေး
သား စီရင်တော်မူခဲ့ပြန်သည်။ 

သြကာသ သြကာသ သြကာသ၊ ကာယကံ ၀စီကံ မနောကံ တည်းဟူသော အပြစ်ခပ်သိမ်း ပပျောက်ငြိမ်း၍ အသက်ရှည်စွာ အနာမဲ့ရေး၊ ရန်ဘေးကင်းကြောင်း ကောင်းမှုမင်္ဂလာဖြစ်ပါစေခြင်း အကျိုးငှါ ဘုရားရတနာ တရားရတနာ သံဃာရတနာရတနာမြတ် သုံးပါး ဆရာသမားတို့ကို အရိုအသေအလေးအမြတ်နိုးလက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။ ကန်တော့ရသော ဤကောင်းမှုကံ စေတနာတို့ကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်
ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါး အနာမျိုးကိုးဆယ့်ခြောက်ပါး၊ မိစ္ဆာဒိဋ္ဌိ ခြောက်ဆယ့်နှစ်ပါးတို့မှ အခါခပ်
သိမ်း ကင်းလွတ် ငြိမ်းသည်ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန် တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။

၈။ မွန်လူမျိုးတို့၏ သြကာသ
မွန်လူမျိုးတို့သည် ရတနာမြတ်သုံးပါး၊ မိဘ ဆရာသမားတို့ကို ရွတ်ဆိုကန်တော့ရာ၌ ပါဠိဘာသာဖြင့်ရွတ်ဆိုကန်တော့ကြသည်။
ဤ၌အထူးမှတ်သားသင့်သည်ကား မြန်မာတို့၏မူလ သြကာသကန်တော့ချိုးမှာ မွန်လူမျိုးတို့၏ပါဠိဘာသာ ကန်တော့ခန်းကို
ဘာသာပြန်၍ ပြုပြင် စီမံထားခြင်း ဖြစ်နိုင်ကြောင်း ပညာရှိများက မိန့်ဆိုခဲ့ကြသည်။ အကြောင်းကမူပုဂံခေတ်အနော်ရထာမင်း
ကြီးလက်ထက်တွင် ထေရ၀ါဒဗုဒ္ဓသာသနာတော်ကို ရှင်အရဟံ အမှူးပြုသည့်မွန်ရဟန်းတော်များ ဦးစီး ဦးဆောင်ပြု၍ သင်ကြားပို့
ချပေးခြင်း၊ ဖြန့်ချီခြင်းပြုခဲ့ကြသောကြောင့်ပင်ဖြစ်သည်။

သြကာသ၊ သြကာသ၊ သြကာသ၊ ယော
ဒေါသော မောဟစိတ္တေန၊ ဗုဒ္ဓသ္မိံ၊ ဓမ္မသ္မိံ၊
သံဃသ္မိံ၊ အာစရိယသ္မိံ၊ ပကတောမယာ၊
ခမထမေ ကတံ ဒေါသံ၊ သဗ္ဗပါပံ ၀ိနဿတု။
ဒုတိယမ္ပိ ....
တတိယမ္ပိ ..... စသည်ဖြင့်ဆက်ဆိုပါ။
သြကာသ - ခွင့်ပေးတော်မူပါဘုရား။
သြကာသ - ခွင့်ပေးတော်မူပါဘုရား။
သြကာသ - ခွင့်ပေးတော်မူပါဘုရား။
မယာ- တပည့်တော်သည်။ မောဟစိတ္တေန- တွေဝေမိုက်မဲသောစိတ်ဖြင်။ ဗုဒ္ဓသ္မိံ- ဘုရား
အပေါ်၌လည်းကောင်း။ ဓမ္မသ္မိံ- တရားအပေါ်၌လည်းကောင်း၊ သံဃသ္မိံ- သံဃာအပေါ်၌လည်းကောင်း၊ အာစရိယသ္မိံ-ဆရာသမားအပေါ်၌ လည်းကောင်း။ ယောဒေါသော - အကြင်အပြစ်ကို။ ပကတော - ပြစ်
မှားကျူးလွန်မိပါပြီ။ မေ- တပည့်တော်၏။ ကတံ - ပြစ်မှားကျူးလွန်မိသော။ တံဒေါသံ- ထိုအပြစ်ကို။ ခမထ- သည်းခံတော်မူကြပါကုန်ဘုရား။ သဗ္ဗပါပံ - အလုံးစုံသော မကောင်းမူ ဟူသမျှသည်။ ၀ိနဿတု -
ပျောက်ပျက်ငြိမ်းပါစေသတည်း။ ဒုတိယမ္ပိ - နှစ်ကြိမ်မြောက်လည်း စသည်ဆက်ဆိုပါ။ တတိယမ္ပိ - သုံးကြိမ်မြောက်လည်း စသည်
ဆက်ဆိုပါ။
အထက်ပါသြကာသတို့သည် ပုဂံခေတ်မှသည် ယနေ့ထိတိုင် ပေါ်ပေါက်ခဲ့သည့် သြကာသ မူကွဲတို့ပင် ဖြစ်ကြသည်။

သကျဝံသ
ဗုဒ္ဓ၀ါဒအုတ်မြစ် - ၁၀၀ မှ

No comments:

Post a Comment