လမ်းခွဲပြီးနောက် နေ့စဉ်လိုလို စာနာနှစ်သိမ့်သံတွေ ကြားရဖို့ အမေ့ဆီကို ကျွန်မ ဖုန်းခေါ်ခဲ့တယ်။ အဖေနဲ့ ကျွန်မကတော့ ပုံမှန်သားအဖစကားဝိုင်းအတိုင်း တနင်္ဂနွေနေ့မှာ ဖုန်းပြောဖြစ်ကြတယ်။ ကျွန်မ စာကြိုးစားနေကြောင်းနဲ့ ပိုက်ဆံအလုံအလောက်ရှိတဲ့အကြောင်း ယုံကြည်အောင် အဖေ့ကို ပြောခဲ့တယ်။ တစ်ဖက်မှာတော့ အမေနဲ့ ကျွန်မ အမှန်တကယ်ကို နှလုံးသားချင်းဖလှယ် စကားပြောခဲ့တယ်။ အမေကတော့ ကျောင်းမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေ၊ အတန်းထဲမှာ ကျွန်မသင်ရတဲ့ သင်ခန်းစာတွေ၊ ကျောင်းက ကဖေးမှာ ဘာတွေကောင်းတယ်ဆိုတဲ့အထိ ကျွန်မနဲ့ ပတ်သက်တဲ့အရာအားလုံးကို သိချင်ခဲ့တယ်။ ဒီလိုနဲ့ ကျွန်မနဲ့အမေ ဖုန်းပြောကြတာ ဖုန်းဘေလ်တွေ သာမန်မဟုတ်တဲ့အထိ ထိုးတက်လာတာပဲ။ ကျွန်မ အမေက “တစ်ခြားယောက်ျားတွေလည်း အများကြီးပါ”လို့ ပြောမှာကို ကျွန်မစောင့်မျှော်နေခဲ့ပေမယ့် သူမက တစ်လုံးမှ မပြောခဲ့ပါဘူး။ အမေက ကျွန်မရဲ့ ဝမ်းနည်းမျက်ရည်တွေအတွက် အရမ်းကို စာနာနားလည်တတ်ပြီး သည်းခံတတ်တဲ့သူပါ။ ဒါပေမယ့် အပတ်ပေါင်းများစွာကြာပြီးတဲ့နောက်ဆုံးမှာတော့ သူ့ကို တမ်းတမ်းစွဲစွဲဖြစ်နေသေးတဲ့ ကျွန်မကို ရူးနေပြီလို့ ပြောလာတယ်။ သူမ မှန်တယ်ဆိုတာ ကျွန်မသိတယ်။ ဒါကြောင့်လည်း ကျွန်မရဲ့ ကွဲအက်နေတဲ့ နှလုံးသားကို စာအုပ်တွေကြားထဲမှာ အရင်ကထက်ပိုပြီး မြှုပ်နှံဖို့ ကျွန်မ ကြိုးစားတယ်။ ပြီးတော့ ကောလိပ်က အဖွဲအစည်းတော်တော်များများကို ကျွန်မ ဆက်သွယ်ပြီး ပါဝင်လှုပ်ရှားတယ်။ အဖေကတော့ ကျွန်မ ရည်းစားနဲ့ကွဲတဲ့အကြောင်းနဲ့ပတ်သက်ပြီး တစ်ခွန်းမှ မဟခဲ့ပါဘူး။ ကျွန်မခံစားရတဲ့အတွက် အဖေလည်း ကျွန်မအတွက် စိတ်မကောင်းဘူးဆိုတာ ကျွန်မသိတယ်။ အဖေက ပုံမှန်အားဖြင့် အမေကို နှစ်သိမ့်အားပေးနေကျလေ။
တစ်နေ့ နေ့လယ်အတန်းပြီး ကျွန်မအခန်းကို ပြန်လာတော့ အခန်းဖော်က ကုလားထိုင်ပေါ်မှာထိုင်ပြီး ကျွန်မကို လှိုက်လှိုက်လှဲလှဲပြုံးပြီး ကြည့်နေတယ်။ အခန်းရဲ့အလယ်က စားပွဲပေါ်မှာတော့ အရောင်ဖျော့ဖျော့ လှပလှတဲ့ ပန်းခြင်းလေးကို တွေ့လိုက်တယ်။
“နင့်အတွက်” လို့ အခန်းဖော်က ပြောတော့ ကျွန်မ နှလုံးခုန်ရပ်သွားတယ်။ ဒါပဲ ဖြစ်ရမှာပေါ့။ နောက်ဆုံးမှာတော့ ကျွန်မချစ်သူက သူ့အမှားတွေကို သိပြီး ကျွန်မဆီပြန်လာတာ ဖြစ်မယ်။ သူဦးဆောင်ပြီး ဂိုက်လုပ်ပေးတဲ့ ဂျူနီယာအဖွဲ့ထဲက ဘာဘီလေးလိုချောတဲ့ ဂျူနီယာကောင်မလေးကို သူ တစ်ကယ်ချစ်တာ မဟုတ်ပါဘူး။ ကျွန်မ ဖြည်းဖြည်းချင်းရှေ့တိုးသွားပြီး မွှေးပျံ့လှတဲ့ ပန်းခြင်းလေးကို မ လိုက်တယ်။ အထဲက ကဒ်လေးကို တုန်ယင်နေတဲ့လက်တွေနဲ့ ဖတ်လိုက်တယ်။ ရိုးရိုးလေးရေးထားတာလေးက “နှစ်ပေါင်းနှစ်ဆယ်ကြာအောင် ချစ်မြတ်နိုးခဲ့သော တစ်ယောက်တည်းသောသူဆီမှ” တဲ့။ ကျွန်မ မျက်ဝန်းအိမ်တွေမှာ မျက်ရည်တွေ တမုဟုတ်ချင်း အိုင်လာတယ်။ အခန်းဖော်ကတော့ ဝေခွဲမရစွာ ကျွန်မကို ကြည့်ဆဲ။
“အဲဒါ အဖေ့ဆီက” ဆို့နင့်စွာ ကျွန်မ ရှင်းပြပြီး ပန်းလေးတွေကို ညင်ညင်သာသာလေးကိုင်ဖို့ ကျွန်မ ထိုင်ချလိုက်ပြီး နူးညံ့လှတဲ့ ပွင့်ဖတ်လေးတွေကို စိုက်ကြည့်နေမိတယ်။
“နင့်အဖေ ဟုတ်လား…ဘာအတွက်လဲ” ပြောပြောဆိုဆို အခန်းဖော်က ကျွန်မနားမှာ လာထိုင်ပြီး ကျွန်မကို သိုင်းဖက်လိုက်တယ်။ ကဒ်လေးကို သူမဆီပေးတော့ သူမက ထပ်ပြုံးပြီး ပြီးတော့ “နင့်အဖေက သိပ်ကို နှစ်လိုဖွယ်ကောင်းတာပ”ဲ လို့ ပြောလိုက်တယ်။ နှာကို ရှုံ့ရင်း “အင်း ဟုတ်တယ်” လို့ ကျွန်မ ပြန်ပြောမိသည်။ အမေ့ဆီက ရနေကျ အားပေးသံ နှစ်သိမ့်သံတွေက ကျွန်မရဲ့ နှလုံးသားဖြည်းဖြည်းချင်း အနာကျက်လာဖို့ အကူအညီပေးခဲ့တယ်။ ဒါပေမယ့် အဖေ့ဆီကရလာတဲ့ ပန်းခြင်းလေးကတော့ ကျွန်မရဲ့ နှလုံးသားကို လုံးဝအနာကျက်ဖို့ နှစ်သိမ့်အားပေးလိုက်တာပါ။
နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့ ကျွန်မ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုကို ထူထောင်ခဲ့ပြီး ကလေးတစ်ယောက်တောင် ရနေပါပြီ။ မကြာသေးတဲ့ နှစ်များအတွင်းမှာ အဖေကတော့ ဘဝတိုက်ပွဲကို တိုက်နေရပါတယ်။ ယိုယွင်းလာတဲ့ ကျန်းမာရေးနဲ့ ပင်စင်ယူဖို့ ဝိုင်းပြီး တိုက်တွန်းခံရတဲ့အထိပေါ့။ ဒါပေမယ့် အဖေတစ်ယောက်ရဲ့ မိသားစုကို အကာအကွယ်ပေးတဲ့ ခမ်းနားတဲ့ ပုံရိပ်ကတော့ ဘယ်တော့မှ ပျောက်ပျက်မသွားပါဘူး။ အဖေတစ်ယောက်ရဲ့ ကိုယ်ပိုင်းဆိုင်ရာပုံရိပ်ဟာ သားသမီးတွေအတွက် သူဘာတွေ ပေးဆပ်ခဲ့တယ်ဆိုတာကို ပြသနိုင်တဲ့ သင်္ကေတတစ်ခုသာဖြစ်ပါတယ်။ ကျွန်မကတော့ သားသမီးတွေအတွက် ကြီးမားခိုင်ခံ့တဲ့ ခံတပ်ကြီးသဖွယ် အဖေ့ရဲ့ အရည်အချင်းတွေ၊ အဖေ့ရဲ့ စံပြအမူအကျင့် ယုံကြည်ချက်တွေရဲ့ စွမ်းအားတွေကို အဖေ ကျန်းမာရေးထိခိုက်လာတဲ့အခါမှ သဘောပေါက်နားလည်မိတာပါ။ အမေက အဖေဟာ သူ့ဘဝအခုလို ချွတ်ခြုံကျနေပေမယ့် လုံးဝမညည်းတာ၊ သူဘယ်လောက် ခံစားနေရပေမယ့် ထုတ်ဖော်ပြောမပြတာတွေ ကျွန်မကို ခဏ ခဏပြောပြနေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မတို့နဲ့အတူ ကျွန်မတို့အတွက် ထပ်ပြီး ဘာမှလုပ်မပေးနိုင်တာတွေအတွက် သူအရမ်းဝမ်းနည်းနေပါတယ်။
ကျွန်မ အဖေ့ကို အခုလိုဘာမှလုပ်မပေးနိုင်တော့တာဟာ အဖေကောင်းတစ်ယောက်ဖြစ်ခြင်းနဲ့ ဘာမှမသက်ဆိုင်ဘူးဆိုတာကို ပြောပြချင်မိတယ်။ အဖေနဲ့ အတူ ကျွန်မ ခရီးထွက်ဖြစ်တယ်။ အဖေက ကျွန်မကို ပေးခဲ့တဲ့ စိတ်ခွန်အားဖြည့် အခြေခံအုတ်မြစ်တွေ ထောက်ခံမှုတွေက ဘယ်တော့မှ အားနည်းယုတ်လျော့မသွားတဲ့ အပြင် ပိုပြီး ကျွန်မကို အားဖြစ်စေခဲ့ပါတယ်။
ကျွန်မရဲ့ ရည်းစားဟောင်း၊ ကျွန်မ အသည်းကွဲခဲ့တာ၊ အဖေ့ရဲ့ ပန်းခြင်းလေး အဲဒါတွေအားလုံးကို ကျွန်မ မေ့လျော့နေခဲ့ပါပြီ။ အယ်လ်ဘမ်ဟောင်းလေးကို ကျွန်မတွေ့တော့ ဓာတ်ပုံတစ်ခုက ကျွန်မရဲ့ အဲဒါတွေနဲ့ ပတ်သက်တဲ့ မှတ်ဥာဏ်ကို ပြန်လည်တူးဖော်ပေးခဲ့တယ်။ အဲဒီတုန်းက အဖေ့ရဲ့ နှစ်လိုဖွယ်ကောင်းတဲ့ အပြုအမူပေါ် ကျွန်မရဲ့မျက်ဝန်းတွေ မျက်ရည်တွေ စိုစွတ်လာခဲ့တယ်။ အဲဒီနေ့က အဖေများနေ့မတိုင်ခင် တစ်ပတ်အလိုတစ်ခုဖြစ်ပြီး ကျွန်မ တစ်စုံတစ်ရာလုပ်ဖို့ အကြံရခဲ့တယ်။
အဖေက ဖျော့လျော့တဲ့ အပြုံလေးနဲ့ ကတ်လေးကို ဖွင့်ကြည့်လိုက်တယ်။ ပန်းလေးတွေကို လက်ဆောင်အဖြစ် နှစ်သက်ခဲတဲ့ လူစားမျိုးပေမယ့် ဒီပန်းလေးတွေက သူ့ကို အံအားသင့်စေတယ်။ ကတ်လေးထဲမှာ ရေးထားတာကတော့ “မွေးကတည်းက ချစ်လာခဲ့တဲ့ တစ်ယောက်တည်းသောသူဆီမှ တဲ့”။
ကျွန်မ အဖေ့ကို ဖက်လိုက်ပြီး ညင်ညင်သာသာလေး မေးလိုက်တယ်။ “မှတ်မိသေးရဲ့လား”လို့။
“မှတ်မိသေးတယ်”လို့ အဖေက ကျွန်မကို ညင်ညင်သာသာလေးပြောပြီး ကျွန်မတို့ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ခေါင်းညိမ့်ကြတယ်။ ခါတိုင်းလိုပဲ စကားလုံးတွေ မလိုအပ်ပါဘူး။
“Chicken Soup for the Soul (Thanks Dad)” မှ “Heidi Durig Heiby” ၏ “From the Only” ကို ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။ မူရင်းစာ၏ အဓိပ္ပါယ်ကို ပျက်ပြားစေပါက ကျွန်မ၏ အားနည်းချက်သာ ဖြစ်ပါသည်။
သူငယ်ချင်းများအားလုံး ရွှင်လန်းချမ်းမြေ့ပါစေရှင် =)
ဝါလေး
၅.၁၁.၂၀၁၁ (စနေ)
၎.၀၄ (ညနေ)
Reference: www.moba4all.org
No comments:
Post a Comment