Monday, February 20, 2012

အနတ္တ (၁)

အတ္တမဟုတ်သောကြောင့် အနတ္တမည်၏ဟု ဖွင့်ဆိုခြင်းသည် အကျဉ်းဆုံးနှင့် အထိမိဆုံး ဖွင့်ဆိုချက် ဖြစ်ပေလိမ့်မည်။ အတ္တနှင့် အနတ္တတို့သည် ဆန့်ကျင်ဘက် အဖြစ်ဖြစ် ဆက်စပ်နေကြ၏။ ဗုဒ္ဓဝါဒသည် အတ္တကို ငြင်းပယ်သည့် အနတ္တဝါဒ ဖြစ်၏။ အတ္တဝါဒသည် သာသနာနှင့် ဆန့်ကျင်သော သာသနဝိပစ္စနိကဝါဒ၊ မှားယွင်းသော မိစ္ဆာဒိဋ္ဌိဝါဒ ဖြစ်၏။ ဗုဒ္ဓစာပေ၌ အနတ္တ၏ ဆန့်ကျင်ဘက်ဖြစ်သော အတ္တနှင့်တွဲ၍ အတ္တနိယကိုပါ တွေ့ရ၏။ အတ္တကို ငါဟုလည်းကောင်း၊ အတ္တနိယကို ငါ့ဥစ္စာဟုလည်းကောင်း မြန်မာမှု ပြုကြ၏။ ဆန့်ကျင်ဘက်ဖြစ်သော အနတ္တသဘောကို ငါမဟုတ်ခြင်း၊ ငါ့ဥစ္စာမဟုတ်ခြင်းဟု နားလည်နိုင်ပေသည်။ အယူမှန် အနတ္တသဘောကို နားလည်ရန်အတွက် ဆန့်ကျင်ဘက်ဖြစ်သော အယူမှား အတ္တကို ရှေးဦးစွာ လေ့လာသင့်၏။

အတ္တဝါဒသည် ကမ္ဘာဦးကပင် တည်ရှိခဲ့ကြောင်း သီလက္ခန် ပါဠိတော် ဗြဟ္မဇာလသုတ်၌ ဖော်ပြထား၏။ ကမ္ဘာပျက်ရာ၌ ကာမဆယ့်တစ်ဘုံမှ ပထမဈာန် ရူပဗြဟ္မာ့ဘုံ သုံးဘုံအထိ မီးကြောင့်ပျက်၏။ နေခုနစ်စင်း ထွက်လာ၍ မီးတောက်ရသည်။ ဒုတိယဈာန် ရူပဗြဟ္မာ့ဘုံ သုံးဘုံအထိ ရေကြောင့်ပျက်၏။ တတိယဈာန် ရူပဗြဟ္မာ့ဘုံ သုံးဘုံအထိ လေကြောင့်ပျက်၏။ ဝေဟပ္ဖိုလ်၊ အသညသတ်နှင့် သုဒ္ဓါဝါသ ငါးဘုံဟူသော စတုတ္ထဈာန် ရူပဗြဟ္မာ့ဘုံ ခုနစ်ဘုံတို့ မပျက်စီးဘဲ ကျန်ခဲ့သည်။ အရူပလေးဘုံလည်း ကျန်ခဲ့သည်။ ကမ္ဘာသည် မီး၊ ရေ၊ လေတို့ကြောင့် ပျက်ပြီးနောက် တစ်စတစ်စ ပြန်လည်၍ စည်ကားလာခဲ့သည်။ ကမ္ဘာပျက်သော်လည်း မသေမပျက်သော အထက်ဗြဟ္မာကြီးတို့မှ အဆင့်ဆင့် ပေါက်ဖွား၍ လူသားတို့ တည်ရှိလာခဲ့သည်။ (ဝိသုဒ္ဓိမဂ်)

ထိုဗြဟ္မာတို့၏ သက်တမ်းသည် ကမ္ဘာများစွာ ရှည်လျား၏။ ဝေဟပ္ဖိုလ် ဗြဟ္မာနှင့် အသညသတ် ဗြဟ္မာတို့သည် မဟာကပ်ငါးရာ အသက်ရှည်ကြ၏။ သုဒ္ဓါဝါသ ငါးဘုံအနက် အဝိဟာ ဗြဟ္မာတို့သည် မဟာကပ်တစ်ထောင် အသက်ရှည်ကြ၏။ အတပ္ပာ ဗြဟ္မာတို့သည် မဟာကပ်နှစ်ထောင် အသက်ရှည်ကြ၏။ သုဒဿာ ဗြဟ္မာတို့သည် မဟာကပ်လေးထောင် အသက်ရှည်ကြ၏။ သုဒဿီ ဗြဟ္မာတို့သည် မဟာကပ်ရှစ်ထောင် အသက်ရှည်ကြ၏။ အထက်ဘဝဂ်ဟု ဆိုအပ်သော အကနိဋ္ဌဘုံသား ဗြဟ္မာတို့သည် မဟာကပ် တစ်သောင်းခြောက်ထောင် အသက်ရှည်ကြ၏။ အာကာသာနဉ္စာယတန၊ ဝိညာနဉ္စာယတန၊ အကိဉ္စညာယတန၊ နေဝသညာနာသညာယတနဟု ဆိုအပ်သော အရူပဗြဟ္မာ့ဘုံတို့၌ အစဉ်အတိုင်း မဟာကပ်နှစ်သောင်း၊ မဟာကပ်လေးသောင်း၊ မဟာကပ်ခြောက်သောင်း၊ မဟာကပ် ရှစ်သောင်းလေးထောင် အသက်ရှည်ကြ၏။ (အဘိဓမ္မတ္ထသင်္ဂဟ)

ကမ္ဘာပျက်ရာ၌ မပါဝင်သော သက်တမ်းရှည်သည့် ဗြဟ္မာကြီး တစ်ဦးသည် အခြံအရံ အပေါင်းအဖော် လိုလားသောစိတ်ဖြင့် “တစ်ခြားသတ္တဝါ တစ်ဦးဦး ရောက်လာလျှင် ကောင်းမည်”ဟု တောင့်တကြံစည်လေ၏။ တိုက်ဆိုင်စွာပင် အခြားဘုံမှ အရင်သက်တမ်းကုန်သော၊ အရင်ကံကုန်သော ဗြဟ္မာအချို့ စုတေကြကာ အခြံအရံ အပေါင်းအဖော် လိုလားသော ဗြဟ္မာကြီး၏ဘုံ၌ ဗြဟ္မာ ပြန်ဖြစ်ကြ၏။ အရင်ရှိနှင့်သော ဗြဟ္မာကြီးသည် နောက်မှရောက်လာသည့် ဗြဟ္မာများငယ်များထက် အရောင်အဝါနှင့် အခြားအရည်အသွေးများ သာလွန်နေသောကြောင့် “ဗြဟ္မာကြီးက အခြားဗြဟ္မာများထက် အစစအရာရာ သာလွန်သည်၊ ဗြဟ္မာကြီး၏ အလိုဆန္ဒအတိုင်း ဖြစ်ပေါ်လာကြရသော နောက်ပေါက်ဗြဟ္မာငယ်များမှာ ဗြဟ္မာကြီး ဖန်ဆင်းလိုက်သည့် သတ္တဝါများ ဖြစ်ကြသည်”ဟု ဗြဟ္မာအားလုံးက လက်ခံယုံကြည်ကြ၏။

ထို့နောက် ကမ္ဘာကြီး ပြန်လည်စည်ကား လာနေစဉ် ဗြဟ္မာငယ်များ စုတေ၍ လူ့ပြည်၌ ဖြစ်ကြ၏။ ဗြဟ္မာ့ပြည်မှ လာခဲ့ကြသော လူသားတို့သည် လောကီအာရုံ ကာမဂုဏ်ကို တပ်မက်သောစိတ် မရှိကြပေ။ ဝသီဟောင်းကြောင့် ဈာန်အဘိညာဏ် ရအောင်ကျင့်၍ ဈာန်အဘိညာဏ်နှင့်သာ မွေ့လျော်နေကြပြီး စုတေကြသောအခါ ဗြဟ္မာကြီး၏ဘုံ၌ ဗြဟ္မာ ဖြစ်ကြပြန်၏။ လူပြည်မှလာသော ဗြဟ္မာတို့သည် အဘိညာဏ် အစွမ်းဖြင့် အတိတ်ကို ဆင်ခြင်ကြည့်သောအခါ သက်တမ်းရှည်သော ဗြဟ္မာကြီး၏ အစွမ်းသတ္တိကို ပို၍ပင် အထင်ကြီး သွားကြ၏။ မသေမပျက် ထာဝရ တည်တံ့နိုင်သော မဟာဗြဟ္မာကြီးဟု ထင်မှတ်သွားကြ၏။ ဗြဟ္မာငယ်များ မွေးသေသံသရာ၌ ကျင်လည်ကြရသော်လည်း မဟာဗြဟ္မာကြီးကား အိုနာသေကင်းသူ၊ ဗြဟ္မာ့ဘုံ၌ ထာဝရ ရှင်သန်နိုင်သူဟု ထင်မှတ်သွားကြ၏။ အစိုးရသော ဣဿရဟု ထင်မှတ်သွားကြ၏။ ဖန်းဆင်းတတ်သူ နိမ္မာနတာဟု ထင်မှတ်သွားကြ၏။ ထိုအချိန်မှစ၍ ခန္ဓာတစ်ခုပြီးတစ်ခု ပြောင်း၍ပြောင်း၍ သံသရာ ကြင်လည်ရသော ဇီဝအတ္တ အသက်ကောင်နှင့် အမြင့်မြတ်ဆုံး ဖန်ဆင်းရှင် ပရမအတ္တဟူ၍ အတ္တနှစ်မျိုးကို လက်ခံလာခဲ့ကြ၏။ (ဗြဟ္မဇာလသုတ်)

ထို့ပြင် ထာဝရဗြဟ္မာကြီးသည် သက်ရှိအားလုံးကို ဖန်းဆင်းသည်၊ သတ္တဝါတို့၏ သန္တာန်၌ အသက်ဇီဝ အတ္တကို ထည့်ပေးသည်၊ ထာဝရအတ္တမှ အသက်ဇီဝကို ဖန်းဆင်းသည်၊ ထာဝရအတ္တ၏ အစိတ်အခွဲများ ဖြစ်ခြင်းကြောင့် သတ္တဝါတို့၏ သာမန်အတ္တသည်လည်း ထာဝရအတ္တကဲ့သို့ပင် တည်မြဲသည်ဟု ယုံကြည်ကြ၏။

ဤကဲ့သို့သော ထာဝရ ဖန်ဆင်းရှင်ကို ယုံကြည်ခြင်းသည် ဣဿရနိမ္မာနမိစ္ဆာဒိဋ္ဌိ မည်၏ (တိတ္ထာယတနာဒိသုတ်၊ တိကင်္ဂုတ္တရ)။

ကံနှင့်သံသရာကို လက်ခံယုံကြည်ကြသည့် အတ္တဝါဒီ အချို့က စိတ်ကို အတ္တဟု ယူဆကြ၏။ အတ္တကောင်ကို ဝိဥာဉ်ဟု ခေါ်ကြသည်။ ဝိဥာဉ်သည် နှလုံးသားထဲ၌ တည်နေသည်၊ မျက်စိဖြင့် မမြင်ရလောက်အောင် သေးငယ်သည်ဟု ယုံကြည်ကြ၏။ အတ္တဝါဒီ အချို့က အတ္တကောင်ကို ရုပ်ဟု ယူဆကြသည်။ ခန္ဓာကိုယ် အနှံ့အပြား၌ အတ္တကောင် တည်နေသည်ဟု ယူဆကြ၏။ ခန္ဓာကိုယ်ကြီးလျှင် အတ္တကြီး၍ ခန္ဓာကိုယ်ငယ်လျှင် အတ္တငယ်သည်ဟု ယူဆကြ၏။ အတ္တဟူသည် ရုပ်လည်းမဟုတ်၊ နာမ်လည်းမဟုတ်သော အစွမ်းသတ္တိထူး တစ်မျိုးသာဖြစ်သည်ဟု ယူဆကြသော အတ္တဝါဒီများလည်း ရှိ၏။

အတ္တဝါဒီတို့သည် အတ္တ၏ အဓိပ္ပာယ်ကို အမျိုးမျိုး ဖွင့်ဆိုကြ၏။ အချို့ကို ဝိသုဒ္ဓိမဂ်၊ ပဋိသမ္ဘိဒါမဂ် အစရှိသော အဋ္ဌကထာ ဋီကာတို့၌ တွေ့နိုင်သည်။ အတ္တ၏ အလိုအတိုင်း သတ္တဝါက ပြုမူရသည်၊ ထိုင်ခြင်း၊ သွားခြင်း၊ စကားပြောခြင်းစသည်ကို ပြုမူရသည်ဟု ဆိုကြ၏ (သယံဝသီ)။ အတ္တသည် သတ္တဝါ၏ သန္တာန်၌ တည်နေသည်၊ အတ္တသည် မပျက်မစီးဘဲ ခန္ဓာပြောင်းကာ သံသရာ ကြင်လည်သည်ဟုလည်း ဆိုကြ၏ (နိဝါသီ)။ အတ္တသည် သတ္တဝါကို စိုးပိုင်သည်၊ သတ္တဝါတို့သည် အတ္တ၏ ကျွန်နှင့်တူသည်၊ သတ္တဝါတို့ ကောင်းမှုမကောင်းမှု ပြုလုပ်ကြသည်မှာ အတ္တ၏ အမိန့်အတိုင်း ဆောင်ရွက်နေကြခြင်း ဖြစ်သည်ဟုလည်း ဆိုကြ၏ (သာမီ)။ အတ္တသည် သတ္တဝါကို စီမံနိုင်သည်၊ အတ္တ၏ စီမံညွှန်ကြားချက်အတိုင်း သတ္တဝါတို့ လိုက်နာ ဆောင်ရွက်ကြရသည်ဟုလည်း ဆိုကြ၏ (အဓိဋ္ဌာယက)။ သတ္တဝါတို့ ပြုမူဆောင်ရွက်မှု မှန်သမျှ အတ္တ၏ လုပ်ဆောင်ချက်သာဖြစ်သည်၊ မြင်ခြင်း၊ ကြားခြင်း၊ သွားခြင်း၊ စားခြင်း စသည်တို့ကို အတ္တက ဆောင်ရွက်သည်ဟုလည်း ဆိုကြ၏ (ကာရက)။ အတ္တသည် အကောင်းအဆိုး ဝေဒနာမျိုးစုံကို ခံစားသည်ဟုလည်း ဆိုကြ၏ (ဝေဒက)။

ခန္ဓာပျက်သော်လည်း မပျက်မစီး တည်ရှိနေသော (နိစ္စ၊ ဓူဝ) အတ္တသည် ခန္ဓာဟောင်း တစ်ခုပျက်လျှင် ခန္ဓာသစ် တစ်ခုသို့ ပြောင်းဝင်၍ ကံ၏အကျိုးကို ခံစားရသည်ဟု အားလုံးသော အတ္တဝါဒီတို့က ယုံကြည်ကြ၏။ အတ္တကို ဖွင့်ဆိုပုံ အမျိုးမျိုး (မတိမ်းမယိမ်း) ကွဲပြားသော်လည်း “အတ္တသည် တည်မြဲ၏”ဟု ယုံကြည်ပုံမှာ အတူတူပင် ဖြစ်၏။

ထိုယုံကြည်ချက်ဖြင့် သံသရာ၌ အတ္တခံစားရမည့် ကောင်းကျိုးကို မျှော်လင့်တောင့်တ၍ ကုသိုလ်ကောင်းမှုများ ပြုလုပ်ဆည်းပူးကြ၏။ ပစ္စုပ္ပန် အကျိုးစီးပွားအတွက်လည်း သတ်ဖြတ်ခြင်း၊ ခိုးဝှက်ခြင်း အစရှိသော အကုသိုလ်မှုများကို ကျူးလွန်ကြ၏။ အတ္တကို အကြောင်းပြု၍ မာန်မာနလည်း ထောင်လွှားကြ၏။ ငါက သူ့ထက်မြတ်သည်၊ ငါ့အတ္တက သူ့အတ္တထက် အရည်အသွေးကောင်းသည် စသည်ဖြင့် မောက်မာကြ၏။ အတ္တကို အကြောင်းပြု၍ တဏှာစွဲ၊ မာနစွဲ၊ ဒိဋ္ဌိစွဲများ ပြင်းထန်လာကြ၏။

ဗုဒ္ဓဘာသာအလိုအရ ဤသို့သော အတ္တဟု ယူမှားခြင်း၊ အတ္တကို တပ်မက်စွဲလမ်းခြင်းနှင့် အတ္တကြောင့် မာန်တက်ခြင်း (ဒိဋ္ဌိ၊ တဏှာ၊ မာန)တို့သည် သံသရာကို ချဲု့ထွင်သည့် ပပဉ္စတရားများ ဖြစ်ကြ၏ (“]တဏှာပပဉ္စသင်္ခါ၊ ဒိဋ္ဌိပပဉ္စသင်္ခါ၊ မာနပပဉ္စသင်္ခါ”}၊ မဟာနိဒ္ဒေသ)။

ဗုဒ္ဓဘာသာ၌ အတ္တကို ငြင်းပယ်သည့် အနတ္တဒေသနာတော်သည် ပဓာနကျသည့် တရားတော် ဖြစ်၏။ နာလည်ရန်လည်း ခက်ခဲ၏။ ဘုရားရှင် ထုတ်ဖော်တော်မူခဲ့သည် တရားထူး အသစ်အဆန်းဟုလည်း ဆိုနိုင်၏။ ဆိုခဲ့ပြီးသည့်အတိုင်း ဘုရားရှင် ပွင့်တော်မမူခင်ကပင် ကံနှင့်သံသရာကို လက်ခံကျင့်သုံး နေခဲ့ကြ၏။ အတ္တရှိခြင်းကြောင့် ကံပြုလုပ်၍ သံသရာ၌ ကျင်လည်ရသည်ဟု ယုံကြည်ခဲ့ကြ၏။ သတ္တဝါတို့၏ ခန္ဓာကိုယ်ထဲ၌ ခန္ဓာပျက်သော်လည်း မပျက်နိုင်သည့် အတ္တကောင် ရှိသည်ဟု ယုံကြည်ခဲ့ကြ၏။ အတ္တကောင် (ဝိဥာဉ်ကောင်၊ လိပ်ပြာကောင်၊ အသက်ကောင်)သည် ခန္ဓာကိုယ်တစ်ခု သေးဆုံးပျက်စီးလျှင် ဘဝသစ် ခန္ဓာသစ်သို့ ဝင်ရောက်သည်ဟု ယုံကြည်ခဲ့ကြ၏။

ထိုသို့ ယုံကြည်ခြင်းသည် မှားယွင်းကြောင်း ဘုရားရှင် မိန့်တော်မူခဲ့၏။ တစ်ဘဝပြီး တစ်ဘဝ ကူးပြောင်းနေသည့် အတ္တကောင် မရှိရုံသာမက ဘဝဟောင်းမှ ရုပ်နာမ်တို့ ဘဝသစ်သို့ ကူးပြောင်းသွားကြသည်လည်း မဟုတ်ပေ။ ဘဝဟောင်းမှ ဘဝသစ်သို့ ရုပ် (သို့မဟုတ်) နာမ် (သို့မဟုတ်) အတ္တကောင် ကူးပြောင်းသည်ဟု မှတ်ယူခြင်းသည် မှားယွင်း၏။ ဤအယူသည် သဿတဒိဋ္ဌိ (တည်မြဲအယူမှား)တစ်မျိုး ဖြစ်၏။ ဘဝဟောင်းနှင့် ဘဝသစ်တို့ ကျိုးကြောင်းဆက်စပ်မှု လုံးဝမရှိဟု မှတ်ယူလျှင်လည်း မှားယွင်း၏။ ဤအယူသည် ဥစ္ဆေဒဒိဋ္ဌိ (ပြတ်စဲအယူမှား)တစ်မျိုး ဖြစ်၏။ အတ္တကောင်သည် ဘဝဟောင်း ဘဝသစ် နှစ်ခုကြား၌ ယာယီနေရသေးသည်ဟု မှတ်ယူလျှင်လည်း မှားယွင်း၏။ ဤအယူသည် အန္တရာဘဝဒိဋ္ဌိ (ကြားဘဝအယူမှား)မည်၏။

လူတို့ ကြုံတွေ့ရတတ်သော နာနာဘာဝ ဝိနာဘာဝ သတ္တဝါတို့သည် ဘဝနှစ်ခု၏ ကြားကာလ၌ ယာယီရှင်သန်နေကြသည့် အန္တရာဘဝသားများ မဟုတ်ကြပေ။ သုံးဆယ့်တစ်ဘုံ ဘဝသံသရာတွင် ပါဝင်သည့် ပြိတ္တာကဲ့သို့သော အပါယ်ဘုံသားများသာ ဖြစ်ကြ၏။ သို့မဟုတ် စတုမဟာရာဇ် နတ်ဘုံတွင် ပါဝင်သော အောက်တန်းစားနတ်များ ဖြစ်ကြ၏။ အောက်တန်းစားနတ်ပင် ဖြစ်သော်လည်း ကမ္မဇိဒ္ဓိ (ကံတန်ခိုး)ကြောင့် ကိုယ်ရောက်ဖျောက်ခြင်း၊ ရုပ်သွင်ထူး ဖန်းဆင်းခြင်း အစရှိသော အထူးအဆန်းများ ပြုလုပ်နိုင်ကြ၏။ စတုမဟာရာဇ် နတ်တို့၏ သက်တမ်းသည် လူတို့အရေတွက်အားဖြင့် နှစ်ပေါင်းကိုးသိန်း ရှည်ကြာ၏ (အဘိဓမ္မတ္ထသင်္ဂဟ)။ သို့ဖြစ်၍ လူသားမျိုးဆက် မြောက်များစွာကြာအောင် အသက်ရှင်နိုင်ကြ၏။ ၎င်းတို့သည် အခြားသော ကာမဘုံသားများကဲ့သို့ ရုပ်နာမ်ခန္ဓာ (ခန္ဓာငါးပါး) အပြည့်အစုံ ရှိကြ၏။ သို့သော် ၎င်းတို့၏ ရုပ်ခန္ဓာ ဖွဲ့စည်းမှု၌ သိမ်မွေ့သည့် သုခုမရုပ်ပါဝင်မှု များလွန်းနေသောကြောင့် ၎င်းတို့ကို လူတို့၏ သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။ ၎င်းတို့၏ ရုပ်ခန္ဓာကို မမြင်ရသောကြောင့် ၎င်းတို့ကို ရုပ်မရှိသော နာမ်လောကသားများ၊ ဝိဥာဉ်လောကသားများဟု အထင်မှားတတ်ကြ၏။ အတ္တကောင်၊ အသက်ကောင်၊ ဝိဥာဉ်ကောင်၊ လိပ်ပြာကောင်များဟု အထင်မှားတတ်ကြ၏။

မပျက်စီးဘဲ သံသရာကျင်လည်နေသည့် အတ္တဟု မရှိကြောင်း၊ ကံစွမ်းသတ္တိနှင့် အခြားအကြောင်းတရားတို့ ဖန်တီးအပ်သည့် ရုပ်နာမ်အစဉ်သာလျှင် သံသရာလည်နေကြောင်း ဘုရားရှင် ဟောတော်မူခဲ့၏။ ဗုဒ္ဓစာပေ၌ သံသရာ ကျင်လည်သည့် ရုပ်နာမ်ခန္ဓာ အစဉ်ကို မြစ်ရေအလျဉ်နှင့် နှိုင်းစာပြ၏။ မီးလျှံ အစဉ်အတန်းနှင့်လည်း နှိုင်းစာပြ၏ (“နဒီသောတော ဝိယ”၊ “ဒီပဇာလာ ဝိယ”၊ ဓမ္မပဒအဋ္ဌကထာ၊ ဝိဘင်းအဋ္ဌကထာ စသည်)။ ဗုဒ္ဓဘာသာ အလိုအရ ဘဝဟောင်းမှ ရုပ်နာမ်ဟောင်းတို့ ချုပ်ပျောက်သောအခါ ဘဝအသစ်၌ ရုပ်နာမ်အသစ်တို့ ဆက်တိုက်ပင် ဖြစ်ပေါ်လာသည်။ ရုပ်ဟောင်းနာမ်ဟောင်းတို့ ချုပ်ပျောက်မှုသည် ရုပ်သစ်နာမ်သစ်တို့ ဖြစ်ပေါ်ရန် နတ္ထိပစ္စည်း၊ ဝိဂတပစ္စည်း အဖြစ်ဖြင့် ကျေးဇူးပြု၏။ ဘဝဟောင်းမှ ရုပ်နာမ်တို့နှင့် ဘဝသစ်မှ ရုပ်နာမ်တို့သည် အကြောင်းအကျိုး အဖြစ်ဖြင့်သာ ဆက်စပ်မှု ရှိကြ၏။ ရုပ်နာမ်ခန္ဓာတို့ သံသရာလည်ပုံ ကျိုးကြောင်းဆက်စပ်မှု သဘောတရားကို ပဋ္ဌာန်းဒေသနာတော်နှင့် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်တို့၌ လေ့လာနိုင်ပေသည်။

ဘဝသစ် ရုပ်နာမ်နှင့် ဘဝဟောင်း ရုပ်နာမ်တို့ မြစ်ရေအလျဉ်ကဲ့သို့၊ မီးလျှံအစဉ်အတန်းကဲ့သို့ တစ်ဆက်တည်း ဖြစ်ပုံမှာ သမဏနတ်သား ဝတ္ထု၌ ထင်ရှား၏။ အမျိုးကောင်းသား တစ်ယောက်သည် မြတ်စွာဘုရား သာသနာတော်၌ ရဟန်းပြု၍ ပဋိပတ္တိအကျင့်ကို အားထုတ်၏။ ငါးဝါမြောက် ဝါကျွတ်သောအခါ ပဝါရဏာပြုပြီးလျှင် ဝိနည်းမာတိကာနှင့် နှစ်သက်ရာကမ္မဋ္ဌာန်းကို သင်ယူ၍ တောရဆောက်တည်၏။ ပြင်းစွာ အားထုတ်၏။ မေ့လျော့မည် စိုးသောကြောင့် နေ့ရောညပါ မအိပ်မနေ မပြတ်အားထုတ်၏။ အစာအာဟာရ ကင်းလျက်ပင် အားထုတ်လေရာ ကိလေသာနှင့် စစ်ဆင်ရင်း ကျဆုံးသွား၏။ မဂ်ဖိုလ်ရရန် အကြောင်းဥပနိဿယ အားနည်းသေးသောကြောင့် မဂ်ဖိုလ်မဆိုက်ဘဲ စုတေသွားပြီး တာဝတိံသာ နတ်ပြည်ဝယ် နတ်သမီးများသာရှိပြီး နတ်သားမရှိသေးသော ဗိမာန်တစ်ခု၌ နတ်သားသွားဖြစ်၏။ လူတို့ကဲ့သို့ အမိဝမ်း၌ ပဋိသန္ဓေ မယူရဘဲ အရွယ်ရောက်သော နတ်သားအဖြစ် နတ်ဘုံ၌ ဘွားကနဲ ပေါ်၏။ ဥပပတ်ပဋိသန္ဓေဟု ခေါ်သည်။ နတ်ပဋိသန္ဓေ၏ သဘာဝပင် ဖြစ်သည်။ ထိုနတ်သားသည် ဘဝပြောင်းခဲ့သည်ကို မသိဘဲ ရဟန်းဘဝမှာသာ ရှိသေးသည်ဟု ထင်နေ၏။ သူ့ကိုယ်သူ ရဟန်းဟု ထင်နေ၏။ အခြံအရံ နတ်သမီးများကို ကျောင်းသို့ လာရောက်ဖူးမျှော်ကြသည့် လူဒကာမများဟု ထင်နေ၏။ သို့ဖြစ်၍ နတ်ဝတ်ဖြစ်သော အပေါ်ရုံ ဘွဲ့ဖြူအဝတ်ကို အပေါ်ဝတ်သင်္ကန်းကဲ့သို့ တင့်တယ်စွာ ဝတ်ရုံလျက် မျက်လွှာချနေ၏။ ရဟန်းဘဝမှ နတ်သားဖြစ်လာသူဖြစ်ကြောင်း နတ်သမီးတို့ သိကြ၍ အခြေအနေကို သတိပေးကြ၏။ နတ်ပြည်ဖြစ်၍ ရဟန်းတရား အားထုတ်နေရန် မသင့်တော်ကြောင်း၊ နတ်စည်းစိမ် ခံစားရမည့် အချိန်ဖြစ်ကြောင်း ပြောကြားကြ၏။ နတ်သားသည် မျက်လွှာချလျက်သာ ရှိနေ၏။ နတ်သမီးတို့က နတ်တူရိယာများကို ချီမြှောက်၍ ပြသော်လည်း မကြည့်ပေ။ သို့ဖြစ်၍ နတ်သမီးတို့သည် နတ်သား၏ ရှေ့၌ ကိုယ်လုံးပေါ်မှန်ကြီး ချပေးလိုက်ကြ၏။ နတ်သားလည်း မှန်ထဲက သူ့အရိပ်ကို မြင်လိုက်ရမှ အဖြစ်မှန်ကို သဘောပေါက်သွား၏။ အရဟတ္တဖိုလ်အတွက် ကျင့်ခဲ့သော်လည်း နတ်ချမ်းသာကိုသာ ရသည်၊ ရွှေတံဆိပ်ဆု ရရန်ရည်ရွယ်သော စစ်သားသည် ဆန်တစ်ဆုပ်သာ ဆုရသကဲ့သို့ ဖြစ်၏ဟု စိတ်မချမ်းမသာဖြစ်၍ နတ်ဗိမာန်သို့ မဝင်ဘဲ နတ်သမီး အခြံအရံနှင့်တကွ ဘုရားရှင်ထံသို့ သွား၏။ ဘုရားရှင်ထံမှ တရားတော်ကို နာယူရသောအခါ သောတာပန် ဖြစ်သွား၏။ (အစ္ဆရာသုတ်၊ ဒေဝတာသံယုတ်အဋ္ဌကထာ)။

ဤဝတ္ထု၌ အကြောင်းအကျိုး အဖြစ်ဖြင့်သာ ဆက်စပ်မှုရှိသော ဘဝနှစ်ခုမှ ရုပ်နာမ်ဖြစ်စဉ် ပြောင်းလဲမှု (ဘဝဟောင်းမှ ဘဝသစ်သို့ ပြောင်းလဲမှု)ကို ကာယကံရှင် ကိုယ်တိုင်ပင် မသိလိုက်ပေ။ နတ်တို့၏ ဥပပတ် ပဋိသန္ဓေ၌သာမက လူတို့၏ ပဋိသန္ဓေ၌လည်း ရုပ်သစ်နာမ်သစ်တို့သည် ရုပ်ဟောင်းနာမ်ဟောင်းတို့နှင့် ဖြစ်စဉ်တစ်ဆက်တည်းမှာပင် ရှိကြ၏။ ကြားဘဝ မရှိပေ။

ထိုင်ခြင်း၊ သွားခြင်း၊ စကားပြောခြင်း အစရှိသော အမူအရာတို့မှာလည်း အတ္တဝါဒီတို့ ယုံကြည်သကဲ့သို့ စီမံညွှန်ကြားတတ်သော၊ အစိုးရသော ထာဝရအတ္တကြောင့် ဖြစ်ရသည် မဟုတ်ပေ။ ၎င်းတို့သည် စိတ္တဇရုပ်တို့၏ ဆောင်ရွက်မှုများသာ ဖြစ်ကြ၏။ စိတ္တဇဝါယောဓာတ်ကြောင့် ပြုမူလှုပ်ရှားမှုများ ဖြစ်ပေါ်၏ (“အဘိက္ကမာဒိပ္ပဝတ္တကစိတ္တသမုဋ္ဌာနာ, ဝါယောဓာတု”၊ ဝိသုဒ္ဓိမဂ်မဟာဋီကာ၊ ဓမ္မသင်္ဂဏီ)။

ခံစားမှုသည်လည်း အတ္တနှင့် မဆိုင်ပေ။ ခံစားသည့် အတ္တဟူ၍ မရှိပေ။ အကြောင်းတိုက်ဆိုင်လျှင် ခံစားမှု ဖြစ်ပေါ်၏။ ဝေဒနာသည် အတ္တမဟုတ်။ ဝေဒနာသည် ပရမတ္ထသဘာဝ စေတသိက်တစ်ခုသာ ဖြစ်၏ (“ဖဿ ပစ္စယာ ဝေဒနာ”၊ မဟပဓာနသုတ် စသည်)။

(ဆက်ရန် . . . . .)

:)

ရှင်အာစာရ

Shared from Ma Moenge Aung

No comments:

Post a Comment