Tuesday, February 7, 2012

“ပေါ့စတစ်အတွေးနဲ့ စိတ်ချမ်းသာမှု” ရဝေနွယ်(အင်းမ)

မတ်စွာဘုရား လက်ထက်တော်က ဒန္တိကာဆိုတဲ့ အမျိုးသမီးလေး တစ်ယောက်ရှိခဲ့ဖူးပါတယ်။ ဒန္တိကာ အရွယ်ရောက်တဲ့ အချိန်မှာပဲ အနာထပိဏ် သူဌေးကြီးရဲ့ ဇေတဝန်ကျောင်း ရေစက်ချ အလှုပွဲကြီးနဲ့ ကြုံလိုက်ရပါတယ်။ အဲဒီကျောင်း ရေစက်ချပွဲကြီး ကိုကြည့်ပြီး သာသနာ့ဘောင်ကို ဝင်ချင်တဲ့ စိတ်စဖြစ်ခဲ့ ပါတယ်။ ဒါပေမယ့် ချက်ချင်း မဝင်နိုင်ခဲ့ပါဘူး။



ဒန္တိကာဟာ ဇေတဝန်ကျောင်း ရေစက်ချပြီး နောက်ပိုင်း သာသနာ့ဘောင်ကို မဝင်နိုင်သေးပေ မယ့် သရဏဂုံနဲ့ ငါးပါးသီလကို အမြဲဆောက်တည် နေခဲ့ပါတယ်။

ကာလတစ်ခု ကြာလာတဲ့ အခါမှာတော့ ဒန္တိကာဟာ မိဘတွေကို ခွင့်တောင်းပြီး မိထွေးတော် ဂေါတမီဆီမှာ ဘိက္ခုနီမ ဝတ်လိုက်ပါတယ်။ ဘိက္ခုနီမ ဝတ်လိုက်တော့ ဒန္တိကာထေရီ ရယ်လို့ အမည်တွင် သွားပါတယ်။



ဒန္တိကာ ထေရီဟာ ဘိက္ခုနီမ ဝတ်ပြီးတာနဲ့ ဆရာဥပဇ္ဈာယ် မိထွေးတော် ဂေါတမီရဲ့ အဆုံးအမ တရားစကားကို နာကြားပြီး ဝိပဿနာတရားကို ကြိုးကြိုးစားစား အားထုတ် နေပါတော့တယ်။ ဒါပေမယ့် စိတ်မတည်ငြိမ်လို့ သမာဓိ မရဘဲဖြစ်နေပါတယ်။ ဒီတော့ တရားအားထုတ်ရတာ အဆင်မပြေတော့ပါဘူး။ တစ်နေ့မှာတော့ ဒန္တိကာထေရီဟာ ဂိဇ္ဈကုဋ်တောင်ပေါ်ကို တစ်ပါးတည်း တက်ခဲ့ပါတယ်။ တောင်ပေါ် ရောက်တော့ အရှေ့အနောက် တောင်မြောက် ဝဲယာ ကြည့်ရင်း ဆင်တစ်ကောင်နဲ့ ဆင်ဆရာကိုတွေ့ရပါတယ်။ ကြည့်လက်စနဲ့ ဆက်ပြီး ကြည့်နေမိပါတယ်။



ဆင်ဆရာက ချွန်းကိုကိုင်ပြီး “ခြေထောက် ဆန့်ပေးစမ်း”လို့ ပြောလိုက်ပါတယ်၊ ဆင်ကြီးကလည်း ခြေထောက် ဆန့်ပေးပါတယ်၊ ဒီတော့ ဆင်ထိန်းက ဆင်ပေါ်ကို လွယ်လွယ်ကူကူနဲ့ တက်သွားပါတယ်။



ဆင်နဲ့ ဆင်ဆရာရဲ့ မြင်ကွင်းကိုကြည့်ပြီး ဒန္တိကာထေရီဟာ “ဆင်ဆရာ ချွန်းကို ကိုင်ပြီး ရှေ့ပိုင်းမှာ မယဉ်ကျေးတဲ့ ဆင်ရိုင်းကို လူတွေအလိုလိုက်အောင် ဆုံးမသလို ပျံ့လွင့်နေတဲ့ ငါရဲ့စိတ်ကို ဆုံးမရင်ရနိုင်တယ်။ ဝီရိယချွန်းနဲ့ ငါ့ရဲ့ပျံ့လွင့်နေတဲ့ စိတ်ကို ယဉ်ကျေးအောင် ဆုံးမမယ်”ဆိုပြီး အတွေးသံဝေဂ အဖြေရသွားပါတယ်။



ဒန္တိကာထေရီဟာ ဆင်ရိုင်းနဲ့ ဆင်ဆရာကို ဥပမာယူပြီး ဝီရိယချွန်းနဲ့ စိတ်ကိုဆုံးမရင်း စိတ်တွေ ကြည်လင် လာပါတယ်။ စိတ်တွေ ကြည်လင်လာတော့ သမာဓိပါရလာပါတယ်။ သမာဓိ ရလာတာနဲ့အမျှ ဝိပဿနာ တရားကို ဆက်အားထုတ် လိုက်တာ ရဟန္တာဖြစ်သွား ပါတော့တယ်။

(ထေရီအဋ္ဌကထာ-ဒန္တိကာ ထေရီဝတ္ထု)



တကယ်ဆို ကိုယ်အားထုတ်နေတဲ့ဝိပဿနာတရားနဲ့ ဆင်နဲ့ဆင်ဆရာရဲ့အပြုအမူနဲ့ ဘာမှ မဆိုင်ဘူးလို့ထင်စရာရှိပါတယ်။ ဘေးကကြည့်ရင်လည်း “ဒီဘိက္ခုနီမ ဆင်စီးတာကိုပဲ ကြည့်နေရတယ် လို့ ကိုယ့်တရားကိုယ်အားထုတ်တာမဟုတ်ဘူး”ဆိုပြီး ဝေဖန်ချင်စရာပါ။ ဒန္တိကာထေရီအတွက်တော့ ဆင်နဲ့ဆင်ဆရာရဲ့ မြင်ကွင်းလေးကိုပဲ ကိုယ့်ဘဝဖြစ်စဉ်နဲ့နှိုင်းယှဉ်ပြီး ကိုယ့်အတွက်အသုံးချသွားခဲ့တဲ့ တကယ့်သာဓကလေးတစ်ခုပါပဲ။

တစ်ခါတလေတချို့မြင်ကွင်းတွေဟာ ကိုယ်နဲ့မဆိုင်ဘူးလို့ထင်ရပေမယ့် ဒန္တိကာထေရီတို့လို ယူတတ်ရင် ကိုယ့်အတွက်တော့ တရားအားလေးတွေပါပဲ။ မြင်ကွင်းကိုရိုးရိုးမကြည့်ဘဲ ကိုယ့်အလုပ်နဲ့ယှဉ်တွဲပြီးကြည့်သွားတာပါ။ အထူးသဖြင့် တရားနဲ့ ယှဉ်ပြီးကြည့်သွားတာပါ။ ဒီတော့ မြင်ကွင်းအားလုံးဟာ ကြည့်တတ်ရင် တရားတွေချည်းပါပဲ။ မကြည့်တတ်ရင်တော့ ဒေါသတွေ၊ အာဃာတတွေ၊ အမုန်းတွေ၊ ဣဿာ မစ္ဆရိယတွေ၊ တဏှာရာဂ တွေချည်း ဖြစ်နေမှာပါ။ ဒန္တိကာထေရီတို့လို တရားထူးမရပေမယ့် မြင်ကွင်းတွေကို တရားနဲ့ ယှဉ်ကြည့် တတ်တာလေး ကိုတော့ ကိုယ်ကအတု ယူရမှာပါ။ တရားနဲ့ကြည့်ရင် စိတ်ချမ်းသာပြီး မတရားနဲ့ ကြည့်ရင် စိတ်ဆင်းရဲ ရတော့တာပါ။ ဒါက တကယ့် လက်တွေ့ပါ။

တစ်နည်းအားဖြင့် ပြောရင် ပေါ့စတစ်အတွေးနဲ့ နဂ္ဂတစ် အတွေးပါ။ ပါရမီပါခဲ့ သူတွေဟာ ကြုံလာတဲ့ အာရုံတစ်ခုကို ပေါ့စတစ်အတွေးနဲ့ တွေးပြီး စိတ်အေးချမ်းမှုကို ယူသွားကြတာပါ။ အထူးသဖြင့် နဂ္ဂတစ် အတွေးနဲ့ တွေးရင်စိတ်ဆင်းရဲ ရတယ်ဆိုတာ သေချာ သိထားရလို့ပါ။



ဘဝရဲ့ တစ်နေ့တာမှာ အာရုံမျိုးစုံနဲ့ ကြုံနေရမှာပါ။ ကြိုက်တဲ့အာရုံရော မကြိုက်တဲ့ အာရုံရောပါ နေမှာပါ။ နဂ္ဂတစ်အတွေးရဲ့ ဆိုးကျိုးဆိုးပြစ်ကို သိထားပြီး ပေါ့စတစ်အတွေးနဲ့ တွေးတတ်တာ လေးကို လေ့ကျင့်ထားရမှာပါ။

နဂ္ဂတစ်နဲ့ ကြည့်မိရင် ဒေါသ၊ အာဃာတစသည်တွေ ဝင်လာတတ်ပါတယ်။ ဒီတရားတွေ ဝင်လာပြီ ဆိုရင်တော့ နောက်ဆုံး ရလဒ်က စိတ်ဆင်းရဲရ တော့တာပါ။



လူဟာ တစ်ခုခုကို လုပ်ပါများရင် စွဲနေတတ်ပါတယ်။ နဂ္ဂတစ်နဲ့ ကြည့်တတ်တာ အကျင့်ဖြစ် နေရင် ဘယ်မြင်ကွင်းပဲ ကြည့်ကြည့် နဂ္ဂတစ်နဲ့ပဲ ကြည့်နေတော့တာပါ။ စွဲနေတဲ့ အစွဲကို ဖျောက်ဖို့ သိပ်ခက်ပါတယ်။ နဂ္ဂတစ်နဲ့ ကြည့်မိလိုက်လို့ စိတ်ဆင်းရဲရ တယ်ဆိုတာလည်း မသိတော့ပါဘူး။ အဲဒီ မသိတာက ပိုခက်နေတော့တာပါ။

နဂ္ဂတစ်နဲ့ ကြည့်တတ်တာ စွဲနေရင် ကောင်းတဲ့မြင်ကွင်း၊ ကုသိုလ်ဖြစ်စေတဲ့ မြင်ကွင်းကိုမြင်ဦး တော့ နဂ္ဂတစ်နဲ့ပဲ ကြည့်နေတော့တာပါ။



ဒီနေရာမှာ ကိုယ့်ကို ဖေးမပြောပြပေးမယ့် မိတ်ကောင်း ဆွေကောင်း သိပ်လိုပါတယ်။ ကိုယ်တိုင် ကလည်း ကိုယ့်ကိုယ်ကို နဂ္ဂတစ်သဘော ဖြစ်နေတယ်ဆိုတာ သိဖို့ အရေးကြီးပါတယ်။ ဒါမှ ဖေးမပေး ရတဲ့သူလည်း လွယ်တာပါ။ ကိုယ့်ကိုချစ်တဲ့ သူကပဲဖေးမမှာပါ။ မုန်းတဲ့သူကတော့ တကူးတကလာပြီး မဖေးမပါဘူး။ ဒီသဘောလေးတွေကို အာရုံပြုလိုက်ရင်လည်း ဖေးမလာသူကို တန်ဖိုးထားလာနိုင် ပါတယ်။ အဓိက ကိုယ်ကပြုပြင် ပြောင်းလဲချင်စိတ် ရှိဖို့ပါ။ ဆိုလိုတာက ကိုယ်က အဓိကပါ။

မြင်ကွင်းတစ်ခုကို ကြည့်တဲ့အခါ ပေါ့စတစ်နဲ့ ကြည့်တတ်တာ၊ နဂ္ဂတစ်နဲ့ ကြည့်တတ်တာ တွေဟာ အတိတ်ပါရမီတွေနဲ့ လည်းဆိုင်နေပါတယ်။



ပါရမီပါခဲ့တဲ့ သူကတော့ ပေါ့စတစ်နဲ့ ကြည့်ပြီး ပါရမီမပါခဲ့တဲ့ သူကတော့ နဂ္ဂတစ်နဲ့ ကြည့်တော့ တာပါ။ ကိုယ်က နဂ္ဂတစ်နဲ့ ကြည့်တတ်သူဆိုရင်လည်း ပြန်လေ့ကျင့် ယူရမှာပါ။ ပါရမီပါသူနဲ့ မပါသူဟာ နေရာတိုင်းမှာ သိပ်ကွာပါတယ်။



တစ်ခါက ဦးဇင်းအရှင်ဆန္ဒာဓိကနဲ့ တစ်နေရာကို ဆွမ်းစားကြွ ဖြစ်ပါတယ်။ ဆွမ်းစားပြီးလို့ ပြန်ထ တော့ ဦးဇင်းအရှင်ဆန္ဒာဓိကက လက်အုပ်လေးချီပြီး“ အရှင်ဘုရားကို နေရာထိုင်ခင်း လှူပါတယ်။ ဤထိုင်ခင်းလှူရသော ကုသိုလ်ကောင်းမှုကြောင့် ဗောဓိဉာဏ်၏ အထောက်အပံ့ ဖြစ်ပါစေ”လို့ ပြောလာတော့ အောက်ကိုငုံ့ကြည့်မိ လိုက်ပါတယ်။ အောက်မှာ မိမိထိုင်ထားတာက ဦးဇင်း အရှင်ဆန္ဒာဓိကရဲ့ ထိုင်ခင်းပါ။ ဦးဇင်းအရှင်ဆန္ဒာဓိက ကလည်းမိမိရဲ့ ထိုင်ခင်းပေါ် ထိုင်ထားပါတယ်။ ထိုင်ခင်းမှားထိုင်မိကြ တာပါ။

ဒီတော့မိမိကလည်း “ဘုန်းကြီးကိုလည်း ထိုင်ခင်းလှူပါတယ်၊ ဤကုသိုလ် ကောင်းမှုကြောင့် နိဗ္ဗာန်ရဲ့ အထောက်အပံ့ဖြစ်ပါစေ”လို့ ကောက်ခါငင်ခါ အမြန်ဆုတောင်း လိုက်ရပါတယ်။ “သြော်.. အရှင် ဘုရားရယ် ကုသိုလ်ယူတတ် လိုက်တာ”လို့ စိတ်ထဲက လေးစားကြည်ညို လိုက်မိပါတယ်။



တရားနဲ့ တွေးတတ်တာဟာ အတိတ်ပါရမီ, အလေ့အကျင့်တွေနဲ့ လည်းဆိုင်နေတာ ဆိုတော့ ပါရမီဆိုတာလည်း အလေ့အကျင့်ကြောင့် ဖြစ်လာရတာပါ။ ဒီတော့ကိုယ်က အထုံဖြစ်အောင် လေ့ကျင့် ယူရမှာပါပဲ။

ပါရမီပါခဲ့ သူကတော့ သစ်ရွက်ကြွေတာလည်း တရားနဲ့ကြည့်မှာပါပဲ။ မီးပျက်တာလည်း တရားနဲ့ ကြည့်မှာပါပဲ။ ခွေးချင်း ကိုက်တာလည်း တရားနဲ့ ကြည့်မှာပါပဲ။ သစ်ရွက်လေးတွေ ကြွေတာ ကြည့်ပြီး “သြော်.. သက်မဲ့ဖြစ်တဲ့ သစ်ရွက်ကလေးတွေ မမြဲသလို ငါရဲ့ ရုပ် နာမ်လည်းမမြဲဘူး။ မသေခင် ကုသိုလ်တရားတွေ ကြိုးစားအားထုတ် ထားမှတော်ကာ ကျမယ်”လို့ ဆင်ခြင်မိသလို ခွေးချင်း ကိုက်တာ ကြည့်ပြီးလည်း “သြော်..ဒေါသဆိုတာ တိရစ္ဆာန်တွေမှာ လည်းရှိတာပဲ။ ငါလည်း ဒေါသ မဖြစ်အောင်နေမှ တော်ကာကျမယ်”လို့ တရားသဘောနဲ့ ကြည့်တော့တာပါ။



ဒီတော့ သစ်ရွက်ကြွေတာ၊ မီးပျက်တာ၊ ခွေးချင်းကိုက်တာ တွေဟာလည်း တရားနဲ့ကြည့် တတ်သူအတွက်တော့ တရားတွေ ဖြစ်နေပါတော့တယ်။

ပါရမီမပါ သေးရင်လည်း ဘာမှစိတ်ပျက်စရာ မလိုပါဘူး။ ရနိုင်သမျှ ဖြည့်ဖြည့်ယူသွား ရမှာပါပဲ။ သံသရာ အများကြီးကျင်လည် ခဲ့တာဆိုတော့ ပါရမီလုံးဝ မပါတဲ့သူတော့ မဖြစ်နိုင်ပါဘူး။ ပါရမီရှင်တွေနဲ့ ယှဉ်လိုက်ရင် ကိုယ်ကနည်းနေတာ ပဲဖြစ်မှာပါ။ ပါရမီနည်းနေရင် ပိုဖြည့်ရုံပဲ ရှိတော့တာပါ။



ဒီနေရာမှာ ပုဂ္ဂိုလ်လေးမျိုးကို အာရုံပြုကြည့် ရအောင်ပါ။

ပုဂ္ဂိုလ်လေးမျိုး

၁။ ဥဂ္ဂါဋိတညူပုဂ္ဂိုလ်= အကျဉ်းဟောလိုက်တာနဲ့ မဂ်ဖိုလ်ရနိုင်တဲ့ပုဂ္ဂိုလ်။

၂။ ဝိပဉ္စိတညူပုဂ္ဂိုလ်= အကျယ်ဟောပြမှ မဂ်ဖိုလ်ရနိုင်တဲ့ပုဂ္ဂိုလ်။

၃။နေယျပုဂ္ဂိုလ်= အကျဉ်းအကျယ် ဟောရုံမက ကျက်သင့် ကျက်ထိုက်တာ ကျက်၊ ဆောင်သင့် ဆောင်ထိုက်တာ ဆောင်၊ ဆရာသမား ကလည်း ဂရုစိုက်ပေး၊ ကိုယ်တိုင်လည်း နှစ် လ ရက် ရှည်ကြိုးကြိုး စားစား အားထုတ်ပါမှ မဂ်ဖိုရနိုင်တဲ့ပုဂ္ဂိုလ်။

၎။ ပဒပရမ ပုဂ္ဂိုလ်= ဒီဘဝဘယ်လောက်ပဲ အားထုတ်အားထုတ် မဂ်ဖိုလ်မရနိုင်တဲ့ ပုဂ္ဂိုလ်။



ဒါပေမယ့် လယ်တီဆရာတော် ဘုရားကြီးက ဒီဘဝ မရနိုင်ပေမယ့် နောက်ဘဝ ဤဘုရား သာသနာမှာ ကျွတ်နိုင်သလို နောက်နောက် ဘုရားသာသနာ တွေမှာလည်း ကျွတ်နိုင်တဲ့ အကြောင်း ဆတ္တမာဏဝ လုလင်, ဖားနတ်သားဝတ္ထု , သစ္စကပရိဗိုဇ်တို့ကို သာဓကပြပြီး အားပေးထားပါတယ်။ ပိုပြီးရှင်းသွားအောင် ဆတ္တမာဏဝ လုလင်၊ ဖားနတ်သား အကြောင်းတို့ကို နည်းနည်းလောက် ပြောပြရအောင်ပါ။

မြတ်စွာဘုရား လက်ထက်တော်က ဆတ္တမာဏဝ ဆိုတဲ့လုလင်တစ်ယောက်ရှိပါတယ်။ အရွယ် ရောက်လာတော့ အဖေလုပ်သူက ပေါက္ခရသာတိ ပုဏ္ဏာကြီးဆီမှာ ပညာသင်ခိုင်းပါတယ်။ ပညာသင်မှု ပြီးဆုံးတော့ ဆရာက ပညာသင်ခ အသပြာတစ်ထောင် တောင်းပါတယ်။ ဒါကြောင့် ဆတ္တမာဏဝလု လင်ဟာ အိမ်ပြန်ပြီး အဖေ့ဆီမှာ ငွေပြန်တောင်းပါတယ်။ ဒီသတင်းကို သူခိုးတွေ သိသွားပြီးလမ်းက စောင့်နေပါတယ်။

ဒါကိုမြတ်စွာ ဘုရားရှင် သိတော်မူလို့ သူခိုးတွေထက် ဦးအောင်လမ်းက ကြိုစောင့်ပြီး သရဏဂုံနဲ့ ငါးပါးသီလ ပေးပါတယ်။ သေဖို့ကံပါလာရင် မြတ်စွာဘုရားလည်း တားလို့မရပါဘူး။ ဆတ္တမာဏဝ လုလင် ဟာ သရဏဂုံသုံးပါးကို နှလုံးသွင်းပြီး လမ်းခရီးကို ဆက်ခဲ့ပါတယ်။ ခရီးတဝက်မှာ သူခိုးတစ်ယောက်ရဲ့ မြားချက်နဲ့ သေသွားရပါတယ်။ သေလွန်တော့ တာဝတိံသာ နတ်ပြည်မှာဖြစ်ရပါ တယ်။

လူ့ပြည်မှာ ကျန်ခဲ့တဲ့ ဆတ္တမာဏဝ လုလင်ရဲ့ အလောင်းကို မိဘ ဆရာသမား မိတ်ဆွေတွေက မီးသင်္ဂြိုဟ် ပေးပါတယ်။ မြတ်စွာဘုရားရှင်က ဈာပနနဲ့ မနီးမဝေး သစ်ပင်ရိပ်မှာ ကြွပြီး သီတင်းသုံးနေ လိုက်ပါတယ်။

ဆတ္တမာဏဝ လုလင်ဟာ နတ်သားအဖြစ်နဲ့ လာပြီး မြတ်စွာဘုရားကို ကန်တော့ပါတယ်။ မြတ်စွာ ဘုရားတရားနာပြီး ဆတ္တမာဏဝ နတ်သားရော မိဘတွေရော သောတာပန် တည်သွားပါတယ်။ ဆတ္တမာဏဝ လုလင်ဟာ ပထမဘဝမှာ တရားထူးမရပေမယ့် ဒုတိယ ဘဝမှာတော့ တရားထူး ရသွားခဲ့ပါတယ်။

ဖာနတ်သားဝတ္ထုမှာ လည်းဒီအတိုင်းပါပဲ။ မြတ်စွာဘုရား တရားဟောနေစဉ် ရေကန် တစ်ကန်က ဖားလေးတစ်ကောင် တက်လာပြီး “ဒါတရားပဲ”ဆိုတဲ့ အမှတ်နဲ့ အဓိပ္ပါယ် မသိပေမယ့် တရားဆိုတဲ့ အမှတ်နဲ့ ဝပ်နေပါတယ်။ အဲဒီအချိန်မှာ နွားကျောင်းသား တစ်ယောက်ကလည်း တရားနာဖို့ တုတ်တစ် ချောင်းနဲ့ ထောက်ပြီး ရပ်နေလိုက်တာ ဖားခေါင်းပေါ် တုတ်ထောက်မိလျက် သားဖြစ်သွားပြီး ဖားငယ်သေ သွားပါတော့တယ်။ တရားအမှတ်နဲ့ သေသွားတဲ့ အတွက်နတ်ပြည်မှာ ဖြစ်ပြီး နတ်သားဘဝနဲ့ တရားပြန် နာရလို့ သောတာပန် တည်သွားရပါတယ်။

ဒီဘဝမှာ မရနိုင်ပေမယ့် ဒုတိယ တတိယ ဘဝစသည်တွေမှာ ရနိုင်တယ်ဆိုတာ ဆရာတော် ဘုရားကြီးက အားပေးထားတာပါ။



လယ်တီဆရာတော် ဘုရားကြီးရဲ့ ဗောဓိပက္ခိယ ဒီပနီစာမျက်နှာ ၁၃ မှာ--

“ပဋိသမ္ဘိဒါပတ္တရဟန္တာ ခေတ်အနှစ်တစ်ထောင်မှ နောက်ကာလ၌ ဤသာသနာတော်သည် နေယျပုဂ္ဂိုလ်၊ ပဒပမရပုဂ္ဂိုလ် နှစ်မျိုးတို့၏ ခေတ်သမယ သာဖြစ်၏။ ယခုအခါ၌ သာသနာတွင်းမှာ ထိုပုဂ္ဂိုလ် နှစ်မျိုးသာ ရှိကြတော့သည်”လို့ ရေးပြထားပါတယ်။ ဆိုလိုရင်းက သာသနာနှစ် တစ်ထောင် နောက်ပိုင်း အခုခေတ်မှာ နေယျပုဂ္ဂိုလ်နဲ့ ပဒပမရပုဂ္ဂိုလ် နှစ်ဦးပဲ ရနိုင်ပါတော့ တယ်တဲ့။ အပြန်အားဖြင့် ပြောရင် ဥဂ္ဂါဋိတညူပုဂ္ဂိုလ်နဲ့ ဝိပဉ္စိတညူပုဂ္ဂိုလ် နှစ်ဦးမရနိုင်တော့ပါဘူးတဲ့။



ဆရာတော်ဘုရားကြီးရဲ့ စကားကိုထောက်ပြီး သန္တတိ အမတ်ကြီးတို့လို ဂါထာတစ်ပုဒ်ကို အကျဉ်း နာကြားပြီး တရားထူးရနိုင်တဲ့ ခေတ်ကိုကျော်လွန်ခဲ့ပြီဆိုတော့ ကြိုးကြိုးစားစား အားထုတ်နိုင်မှ တရားရနိုင်တဲ့ ခေတ်ပါ။ နေယျပုဂ္ဂိုလ်ဆိုတာ အကျဉ်းအကျယ် ဟောရုံမက ကြိုးကြိုးစားစား အားထုတ်မှ တရားရနိုင်တဲ့ပုဂ္ဂိုလ်ပါ။ လူငယ်စကားနဲ့ပြောရင် အပြတ်အားထုတ်မှ တရားရနိုင်မှာပါ။ ဒါပေမယ့် မပြတ်တပြတ် အားထုတ်နေတဲ့ သူတွေအတွက်လည်း တရားထူး မရနိုင်ပေမယ့် ကိုယ်အားထုတ်နေတဲ့ တရားတွေကတော့ နောက်ဘဝ နောက်ဘဝတွေ အတွက်ပါရမီတွေ ဖြစ်နေတော့တာပါ။



သံသရာ ခရီးရှည်ကြီး ဆက်ရဦးမယ် ဆိုရင်တော့ ဝိပဿနာ တစ်ခုတည်းနဲ့တော့ မလုံလောက် ပါဘူး။ ဒီဘဝတရားတွေ အားထုတ်ခဲ့တဲ့ အထုံဓာတ်ကြောင့် နောက်ဘဝမှာလည်း ဆက်တော့ အားထုတ် နေပါရဲ့၊ ဒါနမပြုခဲ့လို့ နောက်ဘဝမှာ မွဲနေရင် ရိပ်သာသွားတဲ့အခါ မျက်နှာငယ်နေရမှာပါ။



ကိုယ့်မှာပိုက်ဆံရှိရင် ရိပ်သာသွားရင်တောင် သူများထက် ပိုဦးစားပေး ခံရပါတယ်။ “လာပါ လာပါ”ဆိုပြီး ရိုရိုသေသေ လေးလေးစားစား ဆက်ဆံခံရတယ်။ အခန်းကောင်းကောင်း ရတယ်။ ရိပ်သာမှာလည်း ကိုယ်လှူချင်တာ ကြိုက်သလောက်လှူလို့ ရတယ်စသည်ဖြင့် အခွင့်အရေးတွေက အများကြီးရယ်ပါ။

ဒါကြောင့် ပါရမီဖြည့်တဲ့ နေရာမှာ စုံအောင်ဖြည့်ရပါမယ်။ နောက်ဘဝ ဉာဏ်ကောင်း အောင်ဆိုပြီး ဉာဏ်ကောင်းကြောင်း ကုသိုလ်တွေပြုခဲ့ပါရဲ့၊ ဒါနတော့ မပြုခဲ့ဘူးဆိုရင် နောက်ဘဝ ဆယ်တန်းမှာ ဘာသာစုံ ဂုဏ်ထူးနဲ့ အောင်ပြီး ဆေးတက္ကသိုလ်တော့ တက်ခွင့်ရပါရဲ့ ဆေးတက္ကသိုလ် တက်ဖို့ ပိုက်ဆံမရှိဘူး ဆိုရင်ဘယ်လို လုပ်မလဲ။

ဒါကြောင့် နောက်ဘဝ ဘာသာစုံဂုဏ်ထူးနဲ့ အောင်ပြီး ပိုက်ဆံအတွက် ပူစရာမလိုဘဲ လင့်ခရူစာ ကားစီးပြီး ကျောင်းတက် နိုင်အောင် ဒါနပါရမီ လေးတွေပါ တွဲဖြည့်သွားရပါမယ်။ ဒါနဆိုလို့ ကျောင်းတွေ သိမ်တွေဆောက်လှူမှ၊ ရှင်တစ်ထောင် ရှင်တစ်သောင်းတွေ ပြုပေးမှ မဟုတ်ပါဘူး၊ ကိုရင်သေးသေးလေးကို ဆပ်ပြာတစ်ခဲ လှူလိုက်လည်း ဒါနပါပဲ။ စာသင်သား ဘဝမှာ ဆင်းရဲကြတာ များတော့ရသွားတဲ့ ကိုရင်လေးမှာ လည်းပျှော်သွားမှာပါ။ ဆပ်ပြာတစ်ခဲ ဘယ်လောက် တန်ဖိုးရှိလို့လဲ။ ဆပ်ပြာ၊ သွားတိုက်ဆေး၊ ဘော်ပင်၊ ဗလာစာအုပ် စသည်တွေဟာ စာသင်သား ကိုရင်ပေါက်စတွေ အတွက် သိပ်တန်ဖိုးရှိတဲ့ ပစ္စည်းတွေပါ။



ဒီလိုပါပဲ၊ အိမ်မှာရှိတဲ့ ဘုရားမှာ ရေချမ်းကပ်တာ၊ ပန်းကပ်တာ၊ ဆွမ်းကပ်တာ၊ ငှက်ကလေးတွေ အစာကျွေးတာ၊ ကိုယ့်မိတ်ဆွေကို ကော်ဖီတိုက်တာ စသည်တွေဟာ ဒါနတွေချည်းပါပဲ။ တရားသဘောလေးတွေ အာရုံပြုနေရင်တော့ တရားသဘောတွေ ဖြစ်နေလို့ ကုသိုလ်ပြုရတာ လည်း ပျှော်ပျှော်ကြီးပါပဲ။

မတရားသဘောတွေ အာရုံပြုနေရင်တော့ မတရား သဘောတွေချည်း ဖြစ်နေလို့ စိတ်ဆင်းရဲ စရာတွေပဲ ဖြစ်နေတော့မှာပါ။ တရားသဘောပဲ အာရုံပြုပြု၊ မတရားသဘောပဲ အာရုံပြုပြု တကယ်တော့စိတ်ပါပဲ။ တကယ်လို့ မတရားသဘော အာရုံပြုမိလို့ သိလိုက်တာနဲ့ “သြော်…မတရား သဘောတွေပါလား”လို့ ဆင်ခြင်လိုက်ရင် တရားသဘောတွေ ပြန်ဖြစ်သွားတာပါ။ အဲဒီလို သိလိုက်နိုင် တာကိုက တော်တော်လေး တော်နေပါပြီ။ ဒီလိုပါပဲ စိတ်ကို လေ့ကျင့် ယူရမှာပါပဲ။



လူ့ဘဝမှာ စိတ်ချမ်းသာဖို့လည်း သိပ်အရေးကြီးပါတယ်။ ချမ်းသာပြီး စိတ်ဆင်းရဲ နေပြန် ရင်လည်းနေရာ မကျပါဘူး။ မတရားသဘောတွေ နှလုံးသွင်း နေလို့ကတော့ စိတ်ဆင်းရဲ နေတော့မှာပါ။



တချို့ တအားချမ်းသာ ကြပါတယ်။ ဒါပေမယ့် စိတ်မချမ်းသာ ကြပါဘူး။ တော်တော်များများက ကုသိုလ်ပြုကြရင် ပစ္စည်းဥစ္စာ ချမ်းသာဖို့ပဲ ဆုတောင်းကြတာပါ။ စိတ်ချမ်းသာ ဖို့ကျတော့ ဆုတောင်းသူ နည်းကြပါတယ်။ သူတစ်ပါးကို စိတ်ဆင်းရဲအောင်လုပ်ရင် လူအများကို စိတ်ဆင်းရဲအောင် လုပ်ရင် ကိုယ်လည်း စိတ်ဆင်းရဲရ တတ်ပါတယ်။

စိတ်မချမ်းသာရင် တရားအားထုတ်တာ ကအစ အစဉ်မပြေပါဘူး။ စိတ်ချမ်းသာမှ တရား အားထုတ် ရတာလည်း အစဉ်ပြေတာပါ။ ဒါကြောင့် စိတ်ချမ်းသာဖို့ သိပ်အရေးကြီးပါတယ်။



ဘာပဲပြောပြော မြင်ကွင်းတစ်ခုကို ကြည့်တဲ့အခါ ပေါ့စတစ်နဲ့ ကြည့်တတ်တဲ့ အလေ့လေးကို လေ့ကျင့် ထားဖို့ပါပဲ။ ပေါ့စတစ်နဲ့ ကြည့်ဖြစ်ရင် စိတ်ချမ်းသာရတာပါပဲလေ။



ရဝေနွယ်(အင်းမ)



ကျမ်းကိုး

၁။ ဗောဓိပက္ခယဒီပနီ။ လယ်တီဆရာတော်။

၂။ ဓမ္မပန်ချီ(၅) သုံးမျိုးသူနာဥပမာဆောင်းပါး၊ တည်တောဆရာတော်။

၃။ ထေရီအပဒါန်ဝတ္ထုတော်ကြီး ။ အရှင်ဓမ္မဿာမီဘိဝံသ။


Share from Ma Sai Mon

No comments:

Post a Comment