သူတော်ဆည်းကပ်၊ မြတ်တရားနာ၊ လျော်စွာထုတ်ကျင့်၊ မဂ်ဖိုလ်ခွင့် ရလင့်ဧကန်သာ။
၁။ ရခဲတဲ့ ဘ၀လေးမှာ အလကား အချိန်တွေ မဖြုန်းလိုက်ပါနဲ့။
၂။ နားက တရားနာပါ၊ ဉာဏ်က ခန္ဓာလှည့်ပါ။
၃။ နားကြီးကြီးနဲ့ တရားနာပါ။
၎။ တရားနာ၊ တရားအားထုတ်တာသည် မိမိအရေး။
၅။ ဉာဏ်ကမဦးဘဲ အသေကဦးသွားရင် ကိုယ့်အတွက် နာမယ်။
၆။ ဝိပဿနာ အားမထုတ်ဘဲ နေ့ရွှေ့ ရက်ရွှေ့ ရွှေ့နေတာသည် တဏှာက ဆင်ခြေပေးနေတာပဲ။
၇။ ဝိပဿနာ အားထုတ်တဲ့အခါမှာ ကိလေသာ ကြားမခိုစေနဲ့။
၈။ ပဋိစ္စသမုပ္ပါဒ် ဆိုတာ စာထဲမှာ ရှိတာမဟုတ်၊ ခန္ဓာကိုယ်မှာ ရှိတဲ့ တရားပါ။
၉။ မိမိခန္ဓာမှာရှိတဲ့ ပဋိစ္စသမုပ္ပါဒ်ကို မိမိဉာဏ်နဲ့ ရှင်းအောင်လုပ်ပါ။
၁၀။ စာ ပဋိစ္စသမုပ္ပါဒ် သိတာသည် သညာသိသာ ဖြစ်သည်။
၁၁။ ခန္ဓာ ပဋိစ္စသမုပ္ပါဒ် သိတာကမှ ပညာသိဖြစ်၍ နိဗ္ဗာန်ရောက်မယ်။
၁၂။ သညာသိနှင့် နိဗ္ဗာန်မရောက်၊ ပညာသိနဲ့မှ နိဗ္ဗာန်ရောက်မယ်။
၁၃။ မိမိအရေးကို ရှေ့ထားပါ။
၁၄။ သားရေး၊ သမီးရေး၊ စီးပွားရေးကို နောက်ထားပါ။
၁၅။ တရားနာ၊ တရားအားထုတ်တာသည် ကိုယ့်ကိုယ်ကို ကယ်တင်သော အလုပ်။
၁၆။ ဘ၀ကူးကောင်းအောင် မလုပ်ပါနှင့်၊ ဘ၀ချုပ်ငြိမ်း ရုပ်သိမ်းအောင်လုပ်ပါ။
၁၇။ ဒါနတရားက သံသရာရှည်အောင် လုပ်တာမဟုတ်။
၁၈။ ဒါနနောက်က အသိဉာဏ်မလိုက်လို့ သံသရာရှည်ရတာ။
၁၉။ သစ္စာသိပြီး လှူရင်၊ ခန္ဓာကိုယ် ရောင်းလှူပါ။
၂၀။ သစ္စာမသိသေးရင် မလှူပါနှင့်ဦး။
၂၁။ အိုရာက နာရာ မရောက်ခင် ၀ိပဿနာလုပ်ပါ။
၂၂။ အရှိနှင့် အသိ ကိုက်အောင်လုပ်တာ ၀ိပဿနာ။
၂၃။ ရှေ့စိတ်ကို နောက်စိတ်နှင့် ရှုတာ ၀ိပဿနာ။
၂၄။ ရှေ့နာမ်ကို နောက်ဉာဏ်နှင့် ရှုတာ ၀ိပဿနာ။
၂၅။ ရှေ့အသေကို နောက်အနေနှင့် ရှုတာ ၀ိပဿနာ။
၂၆။ ခန္ဓာရဲ့ ပင်ကိုယ်သဘောကို မြင်အောင် စောင့်ကြည့်တာ ၀ိပဿနာ။
၂၇။ အပျက်နဲ့ မဂ် ကိုက်အောင် ရှုတာ ၀ိပဿနာ။
၂၈။ အသေကို အရှင်နဲ့ကြည့်နေတာ ၀ိပဿနာ။
၂၉။ သူများစိတ် အကဲမခတ်နှင့်၊ မှားသော်ရှိ မှန်သော်ရှိ။ ကိုယ့်စိတ်ကို ကိုယ်အကဲခတ်ပါမှ အမှန်ရမည်။
၃၀။ အလုပ်ကြည့်ရင် ခန္ဓာကြည့်၊ အလုပ်စဉ်ကြည့်ရင် မှတ်တမ်းကြည့်။
၃၁။ ကိုယ့်စိတ်ဖြစ်တာ ကိုယ်မသိတာ အရုပ်အဆိုးဆုံး။
၃၂။ ကိုယ့်စိတ်ဖြစ်တာ ကိုယ်အကဲခတ်နိုင်မှ ၀ိပဿနာ ဖြစ်မည်။
၃၃။ တဏှာကို အဖော်မလုပ်နဲ့ သဒ္ဓါနဲ့ ပညာကို အဖော်လုပ်ပါ။
၃၄။ သားမယားခြေရင်း၊ တဏှာကျွန်အဖြစ် ခေါင်းစင်းပြီး မသေနဲ့။
၃၅။ ဒိဋ္ဌိက တဏှာကျွန်ထက် ပိုကြောက်စရာကောင်းသည်။
၃၆။ ၀ိပဿနာလုပ်ရင် ဗျာမများနဲ့၊ ဗျာများရင် အချိန်ကြာမယ်။
၃၇။ အရှိနဲ့ အသိကိုက်ရင် ၀ိပဿနာ ဖြစ်ပြီ။
၃၈။ တရားအားမထုတ်ဘဲ တရားက အလိုလို မရဘူး။
၃၉။ ခန္ဓာဝန်သည် အလေးဆုံး အကြီးဆုံး မှတ်ပါ။
၄၀။ ခန္ဓာကိုယ်သည် မွေးကတည်းက အသေဘက်ကို ပြေးနေသည်။
၄၁။ ဘယ်ဗေဒင်ဟောတာမှ မယုံနှင့်၊ ခန္ဓာက သူ့လမ်း သူ ပြေးနေတာ။
၄၂။ မနေ့ကထက်၊ ယနေ့သေဖို့ တစ်ရက်နီးသွားပြီဆိုတာ ယုံလိုက်ပါ။
၄၃။ ခန္ဓာ၏ ၀တ္တရားက အသေရှာတာ၊ ဉာဏ်၏ ၀တ္တရားက အသေကိုရှောင်တာ။
၄၄။ ခန္ဓာက သုသာန်ထိ အပြေးသွားနေတာ၊ အသေကဦး၍ ဉာဏ်နောက်ကျရင် ခက်လိမ့်မယ်။
၄၅။ အသက်တမ်းခပ်တိုတိုလေးမှာ ခပ်ခိုခိုလုပ်နေရင် အသေက စောသွားရင် ကိုယ်ကျိုးနည်းလိမ့်မယ်။
၄၆။ ကိစ္စဟူ၍ မဂ်တားဖိုလ်တားဟူ၍ မှတ်ပါ။
၄၇။ အလကားနေသရွေ့၊ အအားနေသရွေ့ အမှားနေခြင်းလို့ မှတ်ပါ။
၄၈။ ရက်ရာဇာ ပြဿဒါး မရွေးနဲ့၊ သူတော်ကောင်း အလုပ်လုပ်တဲ့ အချိန်သည် မင်္ဂလာရှိသော နေ့ရက်
ဆိုတာ မှတ်ပါ။
၄၉။ ယခုသားနဲ့ သမီးနဲ့ ဆွေမျိုးမိတ်သင်္ဂဟတွေနဲ့ ပစ္စည်းဥစ္စာတွေနဲ့ မသိပြုံး ပြုံးနေသလောက်၊
နောင် သေခါနီး အိပ်ရာ ညောင်စောင်းမှာ မျက်ရည်ကြီးငယ် ကျရလိမ့်မယ်။
၅၀။ ကိုယ့်ကိုယ်ကိုသနားရင် ၀ိပဿနာ လုပ်ကြရမယ်။
၅၁။ သားရေး၊ သမီးရေး၊ စီးပွားရေးကိုသာ ဂရုစိုက်နေရင် အချိန်ကို အလွဲသုံးစားလုပ်နေတာပဲ၊
လူမိုက်အချိန်ပဲဆိုတာ မှတ်။
၅၂။ အသက်ကြီးလေလေ၊ ကံမွဲ၊ ဉာဏ်မွဲလေလေမှတ်၊ ကံမွဲတာက အရေးမကြီး ဉာဏ်မွဲရင်
နိဗ္ဗာန် မရောက်နိုင်။
၅၃။ ကံကောင်းရင် သုံးဆယ့်တစ်ဘုံကို ရောက်မယ်။
၅၄။ ဉာဏ်ကောင်းပါမှ နိဗ္ဗာန် ရောက်မယ်။
၅၅။ ဉာဏ်မပါရင် က ခြယ်လှယ်သွားမယ်။
၅၆။ ကံကို ဉာဏ်ကဖြတ်မှ နိဗ္ဗာန်ရောက်မယ်။
၅၇။ နိဗ္ဗာန်သည် ကံ၏အကျိုးမဟုတ်၊ ဉာဏ်၏ အကျိုးဖြစ်သည်။
၅၈။ တရားနာကြားရုံမျှနှင့် ကိစ္စမပြီး၊ ခန္ဓာဉာဏ်စိုက်ပြီး ကြည့်မှ ပြီးမည်။
၅၉။ လူပြောသူပြောအရပ်ကပြောတာတွေ မယုံပါနှင့်။
ခန္ဓာကပြောတာကိုသာ အယုံကြီး ယုံလိုက်ပါ။
၆၀။ လောင်စာနဲ့မီး တွဲပြီးလောင်နေတာဟာ လူ့ဘ၀ နတ်ဘ၀ ဗြဟ္မာဘ၀ပဲ။
၆၁။ လောင်စာသိမ်း၍ မီးငြိမ်းသွားတာက နိဗ္ဗာန်ပဲ။
၆၂။ လောင်စာသိမ်း၍ မီးငြိမ်းချင်ရင် မဂ္ဂင်အလုပ် လုပ်ပါ။
၆၃။ အရုဏ်တက်တာသည် နေထွက်ဖို့ ရှေ့ပြေး။
ဝိပဿနာမဂ်သည် လောကုတ္တရာမဂ်၏ ရှေ့ပြေးဟူ၍ မှတ်ပါ။
၆၄။ ဒါနသီလသည် ကိလေသာရောဂါ သက်သာရုံမျှပဲ ရှိမည်။
၆၅။ ကြားတဲ့တရားနှင့် သိတဲ့တရား နှစ်ခုညီရင် မဂ်ဖိုလ်ရနိုင်သည်။
၆၆။ ဒုက္ခသစ္စာကို ပယ်ချင်ရင်လည်း မဂ္ဂင်အလုပ်ကို လုပ်ပါ။
၆၇။ သမုဒယသစ္စာကို ပယ်ချင်ရင်လည်း မဂ္ဂင်အလုပ်ကို လုပ်ပါ။
၆၈။ နိရောဓသစ္စာကို မျက်မှောက်ပြုချင်ရင်လည်း မဂ္ဂင်အလုပ်ကို လုပ်ပါ။
၆၉။ သစ္စာမသိဘဲ အနှစ်တရာ အသက်ရှည်သော်လည်း အလကားပဲ။
၇၀။ သစ္စာသိပြီး တစ်ရက်မျှ အသက်ရှည်ငြားသော်လည်း ပိုပြီး မြတ်လှပါတယ်။
၇၁။ ခန္ဓာနဲ့ ငါနဲ့ မရောစေနဲ့။ (ဝေဒနာနဲ့ ငါနဲ့ မရောစေနဲ့။)
၇၂။ တရားနာတယ်ဆိုတာ ဒီအချိန်မှာ တရားသောအလုပ်ကို လုပ်နေတာပဲ။
၇၃။ တရားအရသာကို မခံစားဖူးလျှင် ကာမကို အထင်ကြီး၏။
၇၄။ ကိုးဆယ့်ခြောက်ပါးရောဂါ ပျောက်ချင်ရင် လောကီဆေး သောက်ရ၏။
၇၅။ ကိလေသာ ရောဂါပျောက်ချင်ရင် တရားဆေး သောက်ရ၏။
၇၆။ အကြားအမြင်မရှိရင် တဏှာခိုင်းတာကိုပဲ ကျွန်ပီပီ လုပ်နေကြမှာပဲ။
၇၇။ တဏှာခိုင်းတိုင်း လုပ်နေတာသည် အရှက်မရှိလို့သာပဲ။
၇၈။ တဏှာကို ပေါင်းမိရင် အနေလည်း မအား အသေလည်း မအားပါ။
၇၉။ ကံကြီးငါးပါးထက် ဒိဋ္ဌိကပိုပြီး ကြောက်စရာကောင်းတယ်။
၈၀။ ကံကြီးငါးပါး ကျူးလွန်မိထားသူ ကမ္ဘာပျက်ရင် လွတ်ရတယ်။
၈၁။ ဒိဋ္ဌိအယူ မစွန့်သူက မပျက်သော ကမ္ဘာသို့ ပြောင်းခံရတယ်။
၈၂။ ခန္ဓာရှိရင် ဝေဒနာ မကင်းပါ။
၈၃။ ကိုယ်သာနာ၍ စိတ်မနာစေနဲ့။
၈၄။ ဓမ္မသဘောမှာ ငါမနှောပါမှ ဒိဋ္ဌိ စင်မယ်။
၈၅။ သုညတမြင်မှ အတ္တဒိဋ္ဌိ စင်မယ်။
၈၆။ အနတ္တမြင်မှ အတ္တဒိဋ္ဌိ စင်မယ်။
၈၇။ အသင့်အတင့် နှလုံးသွင်းပြီး အသင့်အတင့် ကြိုးစားကြရင် မဂ်ဖိုလ်နိဗ္ဗာန် ရမယ်။
Shared from အရှင် သီရိဓမ္မ
No comments:
Post a Comment