Sunday, February 12, 2012

အမှား နှင့် အမှန် (or) ဒယ်အိုးဆရာတော်၏ တရားများအား ဝေဖန်ဆန်းစစ်ခြင်း

ယခုဖော်ပြသော ဆောင်းပါးသည် ဦးဇင်းရေးသော ဆောင်းပါး မဟုတ်ပါ။ ၂၀၁၁ ခုနှစ် စက်တင်ဘာလထုတ်

ဓမ္မရံသီမဂ္ဂဇင်း မှာ စာရေးဆရာ ၀ိသေသ မှ နေပါဦး လုံအောင်ဖုံး ဟူသော ခေါင်းစဉ်ဖြင့် ဝေဖန်ဆန်းစစ်ထားသော အခန်းဆက် ဆောင်းပါးများ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်များ အမှန်တရားကို ဆန်းစစ်နိုင်စေဖို့

တင်ပြပေးသွားမည် ဖြစ်ပါသည်။



နေပါဦး လုံအောင်ဖုံး



နာမည်ကျော် ဓမ္မကထိက ရဟန်းတော်တပါး၏ ဟောပြောချက်များကို နာယူခဲ့ရာတွင်

ဆန်းစစ်ဆွေးနွေးသင့်သော အကြောင်းအချက်များ ရှိလာပါသည်။ ဆွေးနွေးရာတွင်

ဓမ္မသာကစ္ဆာ ဟူသော မင်္ဂလာ တရားအရ အပြုသဘောဖြင့်

မေတ္တာရှေးရှူကာ ဓမ္မ နှင့် လျော်ညီစွာ ဆွေးနွေးသွားမည် ဖြစ်ပါသည်။

၃ . ၄ . ၂၀၁၁ နှင့် ၄ . ၄ . ၂၀၁၁ ဟောစဉ်တရားများဖြစ်၏။





ဦးသုမင်္ဂလ ၏ ဟောကြားချက်မှ ကောင်းနုတ်ချက်များ (က)



ပြောသမျှ၊ ဟောသမျှထဲမှာလည်း လိုအပ်ချက်၊ ချို့ယွင်းချက်၊ အတိမ်းအစောင်း ပါပါလိမ့်မယ်။

ဒါကို မိမိကိုယ်ပိုင်ဥာဏ်နှင့် စိစစ်၊ မစိစစ်နိုင်ရင် အသိပညာရှင်၊ အတတ်ပညာရှင်တွေနဲ့

ဆွေးနွေးမေးမြန်း သုံးသပ်ပြီးတော့ အမှန်ကိုကောက်ယူနိုင်အောင်

ကြိုးစားကြပါဆိုတာလဲ ဒါအမြဲပဲ တိုက်တွန်းပါတယ်။



@@@@@@@@@@@@@@@@@@@



စောစောက ပြောသလိုပဲ မှားယွင်းချွတ်ချော်တာများရှိခဲ့ရင် သတိပေးနိုင်ပါတယ်။

ညှိနှိုင်းနိုင်ပါတယ်။ အပြန်အလှန် ဆုံးမနိုင်ပါတယ်

ဒါလဲ ဦးဇင်းတို့ အမြဲတမ်း ဖိတ်ခေါ်တာပါ။



@@@@@@@@@@@@@@@@@@@



ဟောတာကို မကျေနပ်ရင် ပယ်လိုက်ပေါ့ဗျာ။ ဘယ်သူမှ တရားမစွဲဘူး။



@@@@@@@@@@@@@@@@@@



စကား အချွတ်အချော်တွေကို လိုက်ပြီး အပြစ်ရှာနေလို့ကတော့ ပြီးကိုမပြီးဘူး။

ကိုယ်ဘာလုပ်နိုင်လဲ ကြည့်ကြအုံး။

(ပ)

တကယ်အကျိုးကို လိုလားတယ်ဆိုရင် အဲဒီဟောတဲ့သူကို တိုက်ရိုက်သွားတွေ့ပါလား။

ဒီနေရာလေးက ဒီလိုပြောထားတာကို တပည့်တော်တို့ ဒီလိုပြောကြရင်

ပိုကောင်းမယ်။ ဒါ သာသနာပြုတာ။



@@@@@@@@@@@@@@@@@@@



ရန်ဖြစ်တာတော့ လူတိုင်းလုပ်တတ်ပါတယ်။ (ပ) ဒီပလ္လင်ကို ဟိုပလ္လင်ကဆော်၊

ဒီပလ္လင်ကို ဟိုစာအုပ်ကတီး၊ သာသနာပြုနေတာလား၊ ဖျက်နေတာလား။ အချင်းချင်း

နောင်ဂျိန်ချနေမှတော့ ရန်သူက သဘောကျပြီပေါ့။ (ပ) ချချင်ရင်လာခဲ့၊

ကိုယ်တီးနိုင်ရင် ကိုယ်တီးမယ်၊ သူတီးနိုင်ရင်သူတီး။



@@@@@@@@@@@@@@@@@@@@





(က) ပါ ကောက်နုတ်ချက်များကို ဆန်းစစ်ချက်



မှားယွင်းချွတ်ချော်မူ့များကို သတိပေးဆုံးမနိုင်ကြောင်း ဖိတ်ခေါ်ထားချက်မှာ လွန်စွာ

လေးစားဖွယ်ကောင်းပါသည်။ ထိုဖိတ်ခေါ်ချက်ကြောင့်လည်း ဤစာကို လေးလေးနက်နက်

ရေးရခြင်းဖြစ်ပါသည်။ သို့သော် မိမိ၏ ဖိတ်ခေါ်ချက်ကို မိမိကိုယ်တိုင်က လိုလိုလားလား

ပြန်လည်လက်ခံရန် လိုအပ်ပါသည်။ လူကြားကောင်းရုံ ဖိတ်ခေါ်မှုမျိုးမဟုတ်ဘဲ ဗုဒ္ဓသာသနာကို

အမှန်တကယ် သန့်ရှင်းတည်တန့် ပြန့်ပွါးစေလိုသောစေတနာအမှန်ဖြင့် ဖိတ်ခေါ်မှု့မျိုး ဖြစ်ရပါမည်။

“စကားအချွတ်အချော်တွေကို လိုက်ပြီး အပြစ်ရှာနေလို့ကတော့ ပြီးကို မပြီးဘူး” ဟုလဲ တစ်နေရာတွင်

ဟောထားပြန်သေးသည်။ အပြစ်ရှာခြင်းနှင့် ဝေဖန်ဆန်းစစ်ခြင်းသည် လုံးလုံးလျားလျား ကွာခြားပါသည်။

ဗုဒ္ဓ ၏ ပိဋကတ်တော်များကို စံပြု၍အမှားအမှန်သုံးသပ်ခြင်းသည် ဝေဖန်ဆန်းစစ်သတိပေးခြင်းဖြစ်သည်။

အကြောင်းပြချက် မခိုင်လုံဘဲ မှားနေကြောင်း ဖော်ပြမှသာ အပြစ်ရှာခြင်း ဖြစ်ပါသည်။



ဓမ္မကထိကများကို တိုက်ရိုက်တွေ့၍ ဆွေးနွေးရန် ဦးသုမင်္ဂလ က အကြံပြုထားသည်။

ကိုယ့်အချင်းချင်း တိုးတိုးတိတ်တိတ်ပြီးသွားစေလိုသောဆန္ဒ ဖြစ်ဟန်တူပါသည်။



တရားခွေများ၏ ပျံ့နှံ့မှုမှာ အီလက်ထရောနစ် မီဒီယာ၏ မြန်နှုန်းဖြစ်ပါသည်။ စာအုပ်မဂ္ဂဇင်းများ၏

ပျံ့နှံ့မှု့မှာ ပုံနှိပ်မီဒီယာ၏ မြန်နှုန်းဖြစ်ပါသည်။ အီလက်ထရောနစ်မီဒီယာ၏ မြန်နှုန်းသည်

ပုံနှိပ်မီဒီယာ၏ မြန်နှုန်းထက် အဆပေါင်း ထောင်သောင်းမက ပို၍မြန်ပါသည်။



တရားပွဲကျင်းပစဉ်ကလည်း တရားနာပရိသတ်မှာ ထောင်ဂဏန်းထိ ရှိတတ်ပြီး

နောက်နေ့တွင် CD , DVD များဖြင့် ဖြန့်ချီတတ်ကြရာ မည်သို့သော အတိုင်းအဆဖြင့်

အမြောက်အမြား ပျံ့နှံ့သည်ကို မှန်းဆကြည့်နိုင်ပါသည်။



စာအုပ်စာစောင်များမှာမူ အဆင့်များစွာကို ကျော်လွားဖြတ်သန်းရပါသည်။

ရေးသားမှု၊ စာစီမှု၊ ပရုဖတ်မှု၊ ခွင့်ပြုချက်လျှောက်ထားမှု၊ ဖလင်ရိုက်မှု၊ ပလိတ်ကူးမှု၊ ရိုက်နှိပ်မှု၊

ချုပ်လုပ်မှု၊ ဖြန့်ချီမှု စသည်ဖြင့် အဆင့်များပြားပါသည်။

တရားဝင်စာအုပ်တစ်အုပ် ထုတ်ဝေနိုင်ရန်မှာ အချိန်များစွာ ယူရပါသည်။ အချင်းချင်း လက်သိပ်ထိုးဖြန့်ဝေသော

တရားခွေများမှာ အလွန်မြန်ပါသည်။



အချိန်တိုတိုအတွင်း လူပေါင်းများစွာသို့ ပျံ့နှံ့ရောက်ရှိသွားသော အခွေများကြောင့်

မှားယွင်းချွတ်ချော်မှုများ ပါရှိလာလျှင်လည်း လွယ်ကူမြန်ဆန်စွာ ပျံ့နှံ့သွားပါသည်။

တစ်ဦးထဲသို့ ရောက်ရှိကပ်ငြိသော ရောဂါကိုကုရာ၌ ထိုတစ်ဦးထဲကိုသာ ကုသသင့်ပါသည်။

သို့သော် လူပေါင်းများစွာသို့ ရောက်ရှိကပ်ငြိသော ရောဂါကို ကုရာ၌ ထိုလူများစွာကို

ကုသရမည်ဖြစ်သည်။



တရားဟောဓမ္မကထိကကို တိုက်ရိုက်တွေ့ရုံဖြင့် ခဏတာအတွင်း လူများစွာသို့

ပျံ့နှံ့ရောက်ရှိသွားသော မှားယွင်းချွတ်ချော်မှုများကို မကုစားနိုင်ပါ။

ထို့ကြောင့် ဓမ္မစာစောင်၊ စာအုပ်များမှ ဝေဖန်ဆန်းစစ်နေကြခြင်း ဖြစ်ပါသည်။

သို့တိုင်အောင် တရားခွေပျံ့နှံ့မှုနှင့် စာလျှင် မပြောပလောက်ပါ။ မှတ်သားဖွယ်ကောင်းသည်မှာ

နှုတ်တစ်ရာ စာတစ်လုံး ဟူဘိသကဲ့သို့ ဆန်းစစ်ဝေဖန်မှု့များကတော့ မှတ်တမ်းဝင်သွားပါသည်။



စာရေးသူသည် ဓမ္မကထိက ဆရာတော်ဦးသုမင်္ဂလ ကို တိုက်ရိုက်တွေ့ဆုံလို၍

အမျိုးမျိုးကျိုးစားခဲ့ဖူးပါသည်။ ဆက်သွယ်နိုင်သည့် ဖုန်းများစုံစမ်းရာ ကြိုးဖုန်းနှင့်

လက်ကိုင်ဖုန်း နံပါတ် ၅ ခုလောက် ရခဲ့ပါသည်။ ဖုန်းဆက်တိုင်း ဦးသုမင်္ဂလ

ကို တိုက်ရိုက်ပြောခွင့် မရခဲ့ပါ။ အခြွေအရံ တပည့်များနှင့်သာ ဆုံပါသည်။



တရားပွဲတခု၌ စာရေးသူရေးသော စာအုပ်တစ်အုပ်နှင့် လျှောက်ထားစာကို ကပ္ပိယမှတစ်ဆင့်

ပေးလှူခဲ့ပါသည်။ အကြောင်းပြန်ကြားချက် တစ်စုံတစ်ရာ မရခဲ့ပါ။ ဆိုလိုသည်မှာ

တိုက်ရိုက်တွေ့ဆုံဖို့ဆိုသည်က အပြောလွယ်သလောက် လက်တွေ့ခက်ပါသည်။



တိုက်ရိုက်တွေ့ဖို့ဆိုသည်မှားလည်း ဦးသုမင်္ဂလ ထက် ဂုဏ၀ုဍ္ဎိ၊ ၀ယ၀ုဍ္ဎိ နိမ့်သူများသာ ဖြစ်နိုင်ပါသည်။

ဦးသုမင်္ဂ ထက်မြင့်သူများကတော့ အောက်ကျခံ ဆက်သွယ်မည်မဟုတ်ပါ။ ဆက်သွယ်လျှင်လည်း

သာသနာရေးကိစ္စကို လွန်စွာအလေးထားသူများသာ ဖြစ်ဖို့ရှိပါသည်။



ဦးသုမင်္ဂလ က တရားနာသူတို့အား ကိုယ်ပိုင်ဥာဏ်ဖြင့် စိစစ်ရန် အကြံပြုထားပါသည်။

မစိစစ်နိုင်လျှင် ပညာရှင်များထံမေးမြန်းရန် တိုက်တွန်းထားပါသည်။ ဝေဖန်ဆန်းစစ်ထားသော

ဆောင်းပါးနှင့် စာအုပ်တို့မှာ မစိစစ်နိုင်သူများကို ကူညီလမ်းပြထားခြင်းဖြစ်ပါသည်။

အပြစ်ရှာနေခြင်း မဟုတ်ပါ။ ရန်ဖြစ်နေခြင်း မဟုတ်ပါ။



“မကျေနပ်ရင် ပယ်လိုက်ပေါ့ဗျာ” ဆိုသော စကားကိုလည်း ဆန်းစစ်သင့်ပါသည်။ မကျေနပ်ရုံဖြင့်

မပယ်သင့်ပါ။ မမှန်မှသာပယ်ရပါမည်။ မှန် - မမှန် တိုက်စစ်နိုင်သော ပိဋကတ်တော်ရှိပါသည်။

“မစားချင်ရင် နေပေါ့ဗျာ” ဟု ဆိုဘိသကဲ့သို့ရှိသည်။ မစားချင်ရုံဖြင့် နေ၍ရမည်မဟုတ်။

ဘေးဥပါဒ်ဖြစ်စေနိုင်လျှင် ရှောင်ရမည်ဖြစ်သည်။ ကျန်းမာစေသော၊ အာဟာရဖြစ်စေ

သောအစားအစာကိုမူ မစားချင်လျှင်လည်း စားရမည်သာဖြစ်ပါသည်။

ရှေးဆရာတော်များက “ မလုပ်ချင်ပေမယ့် ကုသိုလ်ကိုလုပ်ရမယ်” ဟု

ဆုံးမခဲ့ကြသည် မဟုတ်ပါလော။



“ချချင်ရင် လာခဲ့” ဆိုသော စကားမျိုးမှာလည်း ကလေးကလား ရယ်စရာလိုလို

အတည်လိုလို ဖြစ်နေသည်။ ခေတ်လူငယ်များအပေါ် သြဇာလွမ်းမိုးသော ဓမ္မကထိကတို့သည်

မှားယွင်းချွတ်ချော်မှု့များရှိခဲ့သော် ကူးစစ်နှုန်း အလွန်မြန်သည်။

မှန်ကန်ကောင်းမြတ်ခြင်းများသာ မြန်ဆန်စွာ ကူးစက်စေသင့်သည်။



“အချင်းချင်း နောင်ဂျိန်ချနေမှတော့ ရန်သူက သဘောကျပြီပေါ့” ဟု ဟောထားသည်။

မှားယွင်းချွတ်ချော်မှုများကို ဝေဖန်ဆန်းစစ်ခြင်းသည် ရွှေအိုးကို ပြခြင်းဖြစ်သည်။ နောင်ဂျိန်ချခြင်း

မဟုတ်ပေ။ ဝေဖန်ဆန်းစစ်မှုကြောင့် မိမိသူတစ်ပါး နှစ်ဦးသား ကောင်းကျိုးခံစားရလျှင်

ရန်သူကသဘောကျမည်မဟုတ်။ စိတ်ဓာတ်ပင် ကျသွားမည်ဖြစ်သည်။ ဘာသာခြားတို့ကို

ဆိုလိုသည်ဟု ယူဆ၍ ရေးရခြင်း ဖြစ်သည်။



ဟောသမျှထဲမှာလည်း ချို့ယွင်းချက်ပါလိမ့်မည်ဟု ဦးသုမင်္ဂလ က ၀န်ခံထားပါသည်။

ပုထုဇဉ်တို့၏ သဘာဝအရ မှားနိုင်ကြောင်း သိကြသည်။ သို့သော် ပရိယတ္တိအခြေခံကို ပိုင်နိုင်လျှင်

ချို့ယွင်းချက် နည်းပါးမည်။ မှားနိုင်မှန်း သိပါလျက် စွတ်ရွတ်ပြီး မဟောသင့်ပါ။



ဝိသေသ

(၂၀၁၁ ခုနှစ် စက်တင်ဘာလထုတ် ဓမ္မရံသီမဂ္ဂဇင်း)



ဆက်လက် ဖော်ပြပါမည်

Shared from အရှင်သာမိ မုံရွာ

No comments:

Post a Comment