Sunday, February 19, 2012

သတိနဲ့ကိုယ့်စိတ်ကို ကိုယ်သိ ( အပိုင်း - ၈ ) ဆရာတော်ဦးဇောတိက

ခန္ဓာကိုယ်မှာ သူ့ဟာသူ အကြောင်းအမျိုးမျိုးကြောင့် ဓာတ်သဘာဝတွေ ဖောက်ပြန်လို့ဖြစ်စေ၊ ကံ ကံ၏ အကျိုးပေး မှုကြောင့် ဒုက္ခဝေဒနာတွေ ဖြစ်လာလို့ဖြစ်စေ၊ သတိရှိတဲ့လူ၊ ဥာဏ်ရှိတဲ့လူဟာ ဆူးတစ်ချောင်းပဲ အစူးခံမယ်၊ နှစ်ချောင်းတော့ အစူးမခံဘူး။ ခန္ဓာကိုယ် နာသော်လည်းပဲ စိတ်အနာမခံဘူး။ ဥာဏ်ရှိတဲ့သူဟာ ဒီလိုနေလို့ရတယ်နော်။ တစ်ချောင်းစူးတာမှာ နောက်တစ်ချောင်းပါ အစူးခံလို့ရှိရင် ဥာဏ်ပညာ နဲတယ်လို့ ပြောရမှာပေါ့။



“ဘယ်သူမဆို မအီမသာဖြစ်တဲ့သဘောဟာ ရှိပါတယ်၊ ဒါကြောင့် တစ်မုဟုတ်လောက်များ မိမိကိုယ်ကို ကျန်းမာပါတယ်၊ မအီမသာဖြစ်တဲ့သဘော မရှိပါဘူးလို့ ပြောတဲ့သူဟာ အသိဥာဏ်နဲတယ်လို့ ပြောတာပါ။ ဥာဏ်ရှိရင် သူ ဒီလို မပြောဘူး”

…ဒါကြောင့် “ခန္ဓာကိုယ်မှာ နာသော်လည်းပဲ စိတ်မှာ မနာအောင်နေ” လို့ မြတ်စွာဘုရားဟောခဲ့တဲ့ အဆုံးအမဟာ တိုတိုလေးနဲ့ အင်မတန် နက်နဲတယ်။

…စိတ်ရဲ့ အပေါ်ယံမှာ လှုပ်ရှားနေတယ်။ အတွင်းကို ရောက်အောင်သွားပါ။ အတွင်းမှာ ငြိမ်သက်နေတယ်။ ငြိမ်းချမ်း နေတယ်။ ဒီအပေါ်ယံစိတ်က “ငါ” ဆိုတဲ့စိတ်ဖြစ်နေတာ၊ ကိုယ့်ကိုယ်ကို “ငါ” လို့ ထင်နေတာ ဒီအပေါ်ယံစိတ်ကလေးပဲ။ ဒီအပေါ်ယံစိတ်ကပဲ အမျိုးမျိုးမြင်၊ အမျိုးမျိုးကြားရတဲ့အခါမှာ လှုပ်ရှားတယ်။ လုံးဝတည်ငြိမ်မှု မရှိဘူး၊ သိပ်ယောက်ယက် ခတ်တယ်။

…အဲဒါကို တရားထိုင်လိုက်တဲ့အခါမှာ နဲနဲလေး စိတ်တည်ငြိမ်သွားပြီဆိုရင် စိတ်က အတွင်းကို ပြန်ဝင်သွားသလိုပဲ။ ပြင်ပက မြင်ရတာ၊ ကြားရတာတွေကို ပြန်မတုံ့ပြန်တော့ဘူး။ သိရုံလေးပဲ သိပြီးတော့ နေလိုက်တယ်။ မြင်ကာမျှ၊ ကြားကာမျှ၊ သိကာမျှ၊ အဲဒီထက်ပိုပြီးတော့ အတွင်းကျသွားရင် ပိုပြီးတော့ ငြိမ်သက်တယ်၊ အဲဒီထက် ပိုပြီးတော့ အတွင်းကျသွားရင် ပိုပြီးတော့ ငြိမ်သက်တယ်။

…ငါဘယ်သူပဲ၊ ငါဘယ်ဝါပဲ၊ ငါ့ရာထူးက ဘာ၊ အဲဒါတွေကို လွှတ်လိုက်ပါ။ အဲဒါတွေအားလုံးဟာ အပေါ်ယံလေးမှာပဲ ရှိပါတယ်။ အတွင်းထဲမှာ မရှိပါဘူး။

…ဟိုးအတွင်းထဲ ရောက်သွားပြီဆိုရင် စိတ်က ငြိမ်ပြီးတော့ လွတ်လပ်သွားတယ်။ လွတ်လပ်မှု ၇ှိတယ်။ ဘာလို့လဲဆိုတော့ ကိလေသာ မရှိဘူး၊ ဘာအနှောင်အဖွဲ့မှ မရှိဘူး။ လွတ်လပ်နေပါတယ်။

…တရားအားထုတ်ပြီးတော့ အောက်ဆုံးအဆင့် ငြိမ်းချမ်းမှုကို နေ့စဉ်ရအောင်လုပ်နိုင်ရင်ကိုပဲ ခန္ဓာကိုယ်မှာဖြစ်တဲ့ ရောဂါတွေနဲ့ စိတ်ရောဂါတွေဟာ ပျောက်သွားမှာပါ။ အဲဒါတွေ ပျောက်သွားရင် လူဟာ နေရထိုင်ရတာ တော်တော်ပေါ့ သွားတာပဲ။ ခန္ဓာကိုယ်မှာလည်း အားပိုရှိလာတယ်။ အလုပ်ကို ပိုလုပ်နိုင်တယ်၊ ပြဿနာတွေကို ပိုပြီးတော့ ရင်ဆိုင်နိုင်တယ်။ ဖြေရှင်းနိုင်တယ်။ ပြဿနာကို မကြောက်တော့ဘူး။

…တရားအားထုတ်ခြင်းအားဖြင့် ကိုယ့်ရဲ့ အလုပ်လုပ်နိုင်တဲ့ စွမ်းရည်ဟာ တိုးလာမယ်။ နေလို့ ပိုကောင်းမယ်။ ပိုပြီး ထိရောက်မယ်။ ဒီအချိန်ဟာ ကိုယ့်ကိုယ်ကို ကိုယ် ပေးဖို့လိုတဲ့အချိန်ပဲ။ ကိုယ့်ကိုယ်ကို ကိုယ်ပေးတဲ့ အကောင်းဆုံး လက်ဆောင်ပဲ။



…အလုပ်လုပ်ရင်းနဲ့ တစ်နာရီပြည့်တဲ့အခါမှာ ခဏလောက်လေးဖြစ်ဖြစ် နားပါ။ နားပြီးတော့ စိတ်ကလေးကို ငြိမ်းချမ်းအောင် လုပ်ပါ။ တစ်နာရီပြည့်တိုင်း ပြည့်တိုင်း သတိထားပြီးတော့ ၂မိနစ်၊ ၃မိနစ်ဖြစ်ဖြစ် အသက်ကို အားရပါးရ ၀အောင်ရှူပြီးတော့ စိတ်ကိုရော ခန္ဓာကိုယ်ကိုရော လျှော့ပြီးတော့ ချလိုက်ပါ။ အဲဒီအချိန်မှာ ဘာမှ မတွေးပါနဲ့။ အားရပါးရ အသက်ရှူတာကိုပဲ သတိလေးကပ်ထားပါ။ အကယ်၍ ခဏလေး ထပြီးတော့ လမ်းလျှောက်လို့ရတယ်ဆိုရင် ထပြီးတော့ ဟိုဘက် ဒီဘက် ခြေလှမ်း ၁၀ လှမ်းလောက်ပဲဖြစ်ဖြစ် သတိလေးထားပြီးတော့ လှမ်းလိုက်ပါ။

…အဲဒီလို တစ်နေ့တာလုံး တစ်နာရီမှာ တစ်ခါလောက် ၂-မိနစ်၊ ၃-မိနစ် လုပ်သွားမယ်ဆိုရင် တစ်နေ့တာကုန်သွားတဲ့ အခါမှာ ကိုယ့်ကိုယ်ကို သတိထားကြည့်ရင် တွေ့လိမ့်မယ်၊ အရင်ကလောက် မပင်ပန်းဘူး။

…တစ်နေ့တာလုံး သတိရတဲ့အချိန် ရောက်တဲ့နေရာမှာ ရသလောက် သတိနဲ့ ခန္ဓာမှာဖြစ်နေတာ၊ စိတ်မှာဖြစ်နေတာကို ကြည့်ရမယ်။ ဒီလို တစ်နေ့တာလုံး လုပ်သွားတဲ့သူဟာ သတိပိုပြီးတော့ အားကောင်းလာတယ်။

…တယ်လီဖုန်းမြည်တာနဲ့ ချက်ချင်း သတိထားလိုက်ပါ။ “အသံ ကြားတယ်” လို့ မှတ်လိုက်ပါ။ သိလိုက်ပါ။ အသက်၀၀ရှူ လိုက်ပါ။ ရှူပြီးရင် ဘယ်သူပဲဖြစ်ဖြစ် အဲဒီလူကို စိတ်ထဲက မေတ္တာစိတ်ကလေး ထားလိုက်ပါ။ သတိလေးနဲ့ လက်ကို လှမ်းလိုက်ပါ၊ လှမ်းလိုက်တာကို သိတယ်၊ တယ်လီဖုန်းကို ကောက်ကိုင်လိုက်ပါ။ ပြီးမှ စိတ်ကလေးအေးအေးလေးနဲ့ အသံအေးအေးလေးနဲ့ ပြောလိုက်ပါ။ ကိုယ့်ရဲ့အေးချမ်းတဲ့အသံက သူ့ကို နည်းနည်းလေး အေးချမ်းသွားစေတယ်။

…အဲဒီတော့ တယ်လီဖုန်းမြည်တိုင်း မြည်တိုင်း “အဲဒါဟာ ငါ့ကို တရားအားထုတ်ဖို့ သတိပေးတာ၊ ငါ ငါးစက္ကန့်လောက် ဖြစ်ဖြစ် ဆယ်စက္ကန့်လောက်ဖြစ်ဖြစ် သတိလေးနဲ့ နေလိုက်မယ်” ဆိုတာ အလေ့အကျင့် လုပ်ပါနော်။

…ကိုယ်ဘာပြောမလဲ၊ ဘယ်လိုစေတနာနဲ့ ပြောမလဲ၊ မေတ္တာနဲ့ပြောမလား၊ သို့မဟုတ် မကျေနပ်တာ တစ်ခုခု အခံလေးနဲ့ ဒေါသနဲ့ ပြောမှာလား၊ စိတ်ကလေးကို သိလိုက်ရဦးမှာနော်။ သိပြီးမှ ပြောမယ့်လူကိုလည်း အာရုံပြုလိုက်သေးတယ်။ သူ့စိတ်ထဲမှာ ချမ်းသာသွားအောင်၊ သဘောလည်း ပေါက်သွားအောင် အေးအေးဆေးဆေး ပြောလိုက်ပါ။

…သတိကောင်းကောင်းနဲ့ စိတ်ကို တည်ငြိမ်အောင်ထားပြီးတော့ အဲဒီ T.V, Video ကို ကြည့်နေလို့ရှိရင် အဓိပ္ပါယ်မရှိဘူး ဆိုတာလည်း သိတယ်တဲ့။ ကိုယ့်ကိုယ်ကိုလည်း ဂုဏ်သိက္ခာ တော်တော်ကျနေပြီဆိုတာလည်း သိတယ်တဲ့။ ကိုယ့်ကိုယ်ကို လေးစားမှုလည်း ကျသွားတယ်တဲ့။

… ကိုယ့်ကိုယ်ကို ကိုယ်မှ မချစ်ရင် သူများကို ချစ်လို့မရတော့ဘူးနော်။ ချစ်တယ်ဆိုတာ ကိုယ့်ကိုယ်က စရမှာ။ မေတ္တာပို့ ဘယ်ကစလဲ၊ မိမိကိုယ်က စတယ်နော်၊ တကယ်ကိုယ့်ကိုယ်ကိုယ်ချစ်တဲ့သူဟာ တဖြည်းဖြည်းနဲ့ ကျန်းမာရေးထိခိုက် တာလည်း မလုပ်တော့ဘူး။ အကုသိုလ်ဖြစ်မယ့် ကိစ္စတွေ မလုပ်တော့ဘူး၊ ဂုဏ်သိက္ခာကျမယ့် ကိစ္စတွေ မလုပ်တော့ဘူး။



…ကိုယ့်ကိုယ်ကို ချစ်လို့ ကိုယ့်ဘ၀ကိုလည်း ကိုယ်တန်ဖိုးထားလို့ ဒီဘ၀မှာ ရနိုင်သမျှ အကောင်းဆုံးတွေကို အများကြီး လိုချင်တယ်။ အကောင်းဆုံး စိတ်ထားကို လိုချင်တယ်။ အကောင်းဆုံး အသိဥာဏ်ကို လိုချင်တယ်။ မြင့်မြတ်တဲ့ မြင့်မားတဲ့ အသိဥာဏ်မျိုးကို များများလိုချင်တယ်။ အသက်ရှည်ချင်တယ်။ ဘ၀ကို တန်အောင်နေချင်တယ်၊ တန်အောင် လုပ်ချင်တယ်။

မသင့်တော်တာကို မလုပ်ချင်ဘူး၊ မသင့်တော်တဲ့ အတွေးတောင် မတွေးချင်ဘူး။ ပင်ပန်းလွန်းလို့၊ ကိုယ့်ကိုယ်ကို အဲသလို ချစ်တော့ ကိုယ်နဲ့တွေ့ရတဲ့သူတွေလည်း စိတ်ချမ်းသာမှ ကောင်းမယ်လို့ တွေးမိတယ်။ ဒါကြောင့်အားလုံးကို စိတ်ချမ်းသာစေချင်တယ်။ အကျင့်စရိတ္တ ကောင်းစေချင်တယ်၊ အသက်ရှည်ရှည် နေစေချင်တယ်၊ တရားတွေ အားထုတ်စေချင်တယ်။ အဲဒီလို လုပ်နိုင်ဖို့ဆိုတာ သတိရှိမှ ရတယ်။

…ဘ၀နဲ့တရား တစ်ထပ်တည်းဖြစ်လာတဲ့အခါမှာ ဘ၀ကလည်း ပိုပြီးတော့ တန်ဖိုးရှိလာသလို လေးနက်လာသလို တရားကိုလည်း ပိုပြီးတော့ နက်နက်နဲနဲ သိလာတယ်။ ဘ၀တခြား တရားတခြားဖြစ်နေရင် ဘ၀ကိုလည်း တန်ဖိုးရှိရှိ မနေနိုင်ဘူး။ တရားကိုလည်း လေးလေးနက်နက် မသိနိုင်ဘူး။

…အခြေအနေတွေအားလုံး အဆင်ပြေနေလို့ စိတ်အေးချမ်းအောင် နေရမှာလားဆိုတော့ မဟုတ်ဘူးနော်။ ပရမ်းပတာ ဖြစ်ပျက်နေတဲ့ကိစ္စတွေ ကြားထဲမှာပဲ စိတ်ကြည်လင်မှု၊ အေးချမ်းမှု ရအောင်လုပ်ရမယ်။ လုပ်တတ်အောင် လေ့လာရမယ်၊ လေ့ကျင့်ရမယ်၊ ကိုယ့်ဘ၀ရဲ့ အရည်အသွေးကို ပျက်မသွားအောင် ထိန်းသိမ်းရမယ်။

…ဘ၀အခြေအနေတွေကြောင့် စိတ်ရှုပ်ထွေးနေရင် တရားအားထုတ်ဖို့ မလွယ်ပါဘူးလို့ ပြောကြတယ်။ တရားထိုင်တောင်မှ စိတ်မှ မကြည်ပဲကိုးနော်။ ဒါပေမယ့် ကိုယ့်ဘ၀အခြေအနေတွေ ပိုပြီးတော့ အဆင်ပြေမှုရှိလာအောင် တရားနဲ့ပဲ လုပ်မှ ရမယ်။

“တပည့်တော်စိတ်က မကြည်သေးလို့ တရားမထိုင်သေးဘူးဘုရား” ဆိုရင် အဓိပ္ပါယ်က ဘယ်လိုပေါက်မလဲ သိလား၊ “တပည့်တော် နေမကောင်းသေးလို့ ဆေးမသောက်ချင်သေးဘူး” လို့ ပြောတာနဲ့တူနေပြီ။ “တပည့်တော် နေမကောင်းသေးလို့ ဆေးမသောက်ချင်သေးပါဘူးဘုရား၊ နေကောင်းသွားမှပဲ ဆေးသောက်မယ်” လို့…ဆိုရင် ဒီစကားက အဓိပ္ပါယ်ရှိပါ့မလား၊ ပြောင်းပြန်ကြီး ဖြစ်နေပြီနော်၊ နေမကောင်းလို့ ဆေးသောက်ရတာပါ။

…ရွှေကျင်တဲ့လူတွေဟာ ရွှေကျင်ဖို့သွားတဲ့အခါမှာ ရွှေတွေကို အတုံးလိုက်၊ အခဲလိုက် မရနိုင်ပါဘူး။ သဲတွေ၊ နုံးတွေကို အထပ်ထပ် ဆေးပြီးမှ တစ်နေကုန် လုပ်ကာမှ တစ်ပဲသားလောက်ပဲ ရတာ။ ဒါပေမယ့် အဖိုးတန်လွန်းလို့ လုပ်တာပဲ။ အဲဒီလိုပဲ ဒီသတိပဋ္ဌာန်တရား အားထုတ်ပြီးနေတာကို တန်ဖိုးရှိမှန်း နားလည်တဲ့သူဟာ တစ်ခဏလေးဖြစ်ဖြစ် သတိလေးကပ်ဖို့ ကြိုးစားပြီးတော့ နေမှာပဲ။

…သတိနဲ့နေလိုက်တဲ့အချိန်ဟာ ကိုယ်ရလိုက်တဲ့အချိန်၊ သတိနဲ့မနေလိုက်တဲ့အချိန်ဟာ ဆုံးရှုံးသွားတဲ့အချိန်၊ မရလိုက်တဲ့အချိန်ပဲ၊ ဒါကြောင့် ရွှေကျင်သလိုပဲ အတုံးလိုက်၊ အခဲလိုက် မရတောင်မှ တစ်မှုန်ပဲရရ၊ နှစ်မှုန်ပဲရရ ရသလောက်ကို စုပြီးတော့ ယူမယ်ဆိုတဲ့စိတ်ဓါတ်မျိုးကို ထားမှ.....။

...အပိုင်း (၉) ဆက်လက် မျှဝေပေးပါမည်





Shared from Ma Sai Mon

No comments:

Post a Comment