Monday, February 13, 2012

စားပွဲဝိုင်း ငိုချင်း ( ဦးဘုန်း( ဓာတု)၏ အတွေးစာစု)

ကျွန်တော်ရင်ဖွင့်ပါရစေ။

ကျွန်တော်ပြောတဲ့စကားတွေကို သေသေချာချာ နားထောင်ပေးစေချင်ပါတယ်။ ကျွန်တော် ဒီစကားတွေကို မျက်ရည်နဲ့ရင်းပြီး ပြောချင်နေတာ ကြာခဲ့ပါပြီး။

ကျွန်တော်က ဒီအိမ်ရဲ့ ထမင်းစားတဲ့ စားပွဲဝိုင်းလေးတစ်ခုပါ။ အခုတော့ နံရံမှာ ကြေးနန်းကြိုးနဲ့ ချိတ်ထားကြတယ်။ ဖုန်တွေ ပိုးမျှင်တွေနဲ့ ညစ်ပေလို့နေပါပြီ။

ဟိုးတုန်းကတော့။

ဟိုးတုန်းကတော့ဆိုတာ …..

လွန်ခဲ့တဲ့ နှစ် (၂၀)၊ (၃၀) လောက်ကို ဆိုလိုတာပါ။ ဒီစားပွဲဝိုင်းလေးမှာ မိသားစုတွေ ညနေစာအတူစားခဲ့ကြတယ်။ အခုအဲဒီလို အပြုအမှုတွေ မရှိတော့ဘူး။

ကျွန်တော်ရောက်နေတဲ့ အိမ်အကြောင်း ပြောရဦးမယ်။

ဒီအိမ်မှာ မိသားစု (၅) ယောက်ရှိတယ်။ အဖေလုပ်တဲ့သူက အရောင်းအ၀ယ်လုပ်တယ်။ ပွဲစားလုပ်တယ်။ မနက်အစောကြီး အိပ်ရာထရင် လက်ဖက်ရည်ဆိုင်ကိုပဲ သွားတတ်တယ်။ မနက်စာဆိုတာ အိမ်မှာ ဘယ်တော့မှ မစားဘူး။ ညနေပိုင်းရောက်ရင် အိမ်ပြန်ပြီး ထမင်းစားတယ်ဆိုတာ မရှိပါဘူးဗျာ။ ဘီယာဆိုင်မှာ ဒါမှမဟုတ် ကာရာအိုကေမှာ ဒါမှမဟုတ် စင်တင်တေးဂီတဆိုင်မှာ ပျော်နေတတ်တယ်။ ဒီအဖေ ငယ်ငယ်တုန်းကဆိုရင် သူတို့မိသားစုဟာ ညနေစာကို ကျွန်တော်နဲ့အတူ စားဖြစ်ကြတယ်။ ဒီနေ့ခေတ် အဖေတွေက ညနေစာကို အိမ်မှာ မစားကြတော့ပါဘူး။ အစားနောက်မှာ အသောက်ပါမှ။ အစားနောက်မှာ အပျော်ပါမှ။ နေတတ်စားတတ်တဲ့ လူ့ယဉ်ကျေးမှုကြီး ထွန်းကားနေပြီ။ ကျွန်တော်တို့နေတဲ့ ရပ်ကွက်ထဲမှာ တစ်ပက် (၁၀၀) အရက်ဆိုင်ရယ် ဘီယာဆိုင်တွေရယ် ပေါလိုက်တာ။ အဲ့ဒီမှာ ယောက်ျားသားတွေအားလုံး ညနေခင်းရဲ့ အလှပို ယစ်မူးစွာနဲ့ ခံစားကြတယ်။ ဖခင်တစ်ယောက်ဟာ ညနေစာကို အိမ်မှာစားတဲ့ဓလေ့ မရှိတော့ဘူး။

ပြောရဦးမယ်။ ဒီအိမ်က မိခင်လုပ်တဲ့သူကလည်း အတူတူပါပဲ။ ကိုးရီးယားတီဗွီဇာတ်လမ်းတွဲနဲ့ အချိန်ဖြုန်းတယ်။ ညနေပိုင်းရောက်ပြီးဆိုရင် တီဗွီရှေ့ မှာ ထိုင်တယ်။ ကိုးရီးယားဇာတ်လမ်းတွဲတွေကို စွဲလမ်းတယ်။ ညနေစာကို တီဗွီအရှေ့မှာ တစ်ယောက်တည်းထိုင်ပြီးစားတယ်။ ယောက်ျားနဲ့ ထမင်းလက်ဆုံစားဖို့ အရေးမကြီးဘူး။ ကိုးရီးယားမင်းသားတွေရဲ့ မျက်နှာကို တစ်ဝကြီးကြည့်ပြီး ထမင်းလက်ဆုံစားတယ်။ သူတို့ ကျွန်တော့ကို ဂရုမစိုက်ကြတော့ဘူး။ ကျွန်တော့ကို မေ့နေကြတယ်။

ဒီလိုပဲဗျာ။ သူတို့မွေးထားတဲ့ သားသမီး(၃) ယောက်ကလည်း သနားစရာအရမ်းကောင်းတယ်။ မနက်ဆိုရင် အိပ်ရာကို အစောကြီးထရတယ်။ မနက်(၅)နာရီလောက်မှာ ကျူရှင်သွားရတယ်။ အဖေနဲ့အမေက အဲဒီအချိန်မှာ အိပ်နေကြတယ်။ ကျူရှင်ပြီးတော့ ကျောင်းကို ဆက်သွားရတယ်။ အိမ်ကလာပို့တဲ့ ထမင်းအေးအေး ဟင်းအေးအေးတွေကို စားရတယ်။ ဘာတွေမှန်းမသိတဲ့ စာတွေကို ကျက်ရတယ်။ ရွတ်ဆိုရတယ်။ ကျောင်းလည်းဆင်ရော အိမ်ကို မပြန်ကြရရှာဘူး။ ကျူရှင်ကို ဆက်ပြီးသွားရတယ်။ ကျူရှင်တွေကလည်း စာတွေက သင်လိုက်တာ။ ဟိုတုန်းက အ-သုံးလုံး သင်တန်းဆိုတာ ဒီနေ့ခေတ် စာသင်နေတဲ့ စာသင်ခန်းတွေမှာ တွေ့နေရတယ်။ အတင်းသင်၊ အတင်းကျက်၊ အတင်းရိုက် စနစ်ကို ကျင့်သုံးကြတယ်။ ဒါ ဒီနေ့ခေတ်ရဲ့ အ-သုံးလုံးပဲ။ ကလေးတွေက သနားစရာကောင်းပါတယ်။ ကျူရှင်တက်နေရတာကြောင့် ညနေစာကို အိမ်မှာစားရတယ်လို့ မရှိဘူး။ အိမ်ကလာပို့တဲ့ ထမင်းဟင်းကိုပဲ စားရတယ်။ ကျူရှင်ပြီးပြန်တော့ ည စာကျက်တန်းလိုလို ဂိုက်တန်းလိုလို သင်တန်းတွေမှာ စာကျက်ရပြန်တယ်။ အိမ်ပြန်ရောက်တော့ ည (၁၀) နာရီကျော်နေပြီး။ ကိုယ့်စိတ်နဲ့ ကိုယ့်ကို နေခွင့်မရကြဘူး။ အိမ်ရောက်တော့ ဘာတွေမှန်းမသိတဲ့ အိမ်စာတွေကို ကူးရတယ်။ ရေးရတယ်။ ကြာလာတော့ ကလေးတွေဟာ ကျောင်းသားနဲ့ မတူကြတော့ဘူး။ ၀တ္တရားကျေ အလုပ်လုပ်နေတဲ့ ၀န်ထမ်းတွေနဲ့ တူလာတယ်။ အဖေ၊ အမေနဲ့လည်း တစ်နေကုန်မတွေ့ကြရဘူး။ အဖေ၊အမေအိမ်ချိန်မှာ ကျောင်းသွားရတယ်။ အိမ်ပြန်တာတော့လည်း အဖေနဲ့အမေက အိပ်နေကြပြီ။ မိဘကို ပြုစုခွင့်လည်းမရကြဘူး။ ဆော့ကစားဖို့ အချိန်လည်း မရှိကြဘူး။ ကိုယ်လက် ကြံ့ခိုင်ရေး၊ ကျန်းမာရေးအတွက် အလေးမထားကြတော့ဘူး။ စာတွေကို ကျက်နေရင်းနဲ့ နှလုံးသားဗလာဖြစ်နေရတဲ့ လူငယ်တွေအများကြီးပါ။ ရိုးရာပုံပြင်တွေလည်း မကြားဖူးကြပါ။ အိပ်ရာဝင်ရင် ပုံပြင်ပြောပြမယ့် အဘိုးအဘွား အဖေ အမေလည်းမရှိဘူး။

ကျွန်တော်က အဲဒါကြောင့် ငိုချင်နေတာ။

စဉ်းစားကြည့်ကြစမ်းပါ။

မိဘတွေ ဘာ့အတွက် ပိုက်ဆံရှာနေကြတာတုန်း။

ကိုယ့်သားသမီးအတွက် ပိုက်ဆံရှာနေတာဆိုရင် ပိုက်ဆံနဲ့အတူ အရေးကြီးတဲ့ မိသားစု နွေးထွေးမှုဆိုတာ မေ့နေကြတယ်။

ဒီလိုပါပဲ သားသမီးတွေကလည်း ဘာအတွက် ပညာသင်နေကြတာတုန်း။ ပညာရေးနဲ့ ထပ်တူအရေးကြီးတဲ့ မိသားစု မေတ္တာတရားဆိုတာ မေ့နေကြတယ်။ မိသားစုစိတ်ဓာတ်ဆိုတာ မေ့နေကြတယ်။ မိသားစုနွေးထွေးမှုဆိုတာ မေ့နေကြတယ်။

ရွတ်ဆိုနိုင်စွမ်းကို ပညာလို့ ထင်နေကြတော့တာပဲ။ အမှတ်မနည်းအများကို ပညာရဲ့ အရည်အချင်းလို့ သတ်မှတ်နေကြတော့တာပဲ။

မိသားစု ညနေခင်းဘ၀တွေကို ဘီယာဆိုင်တွေက အပိုင်စီးသွားကြပြီ။ ကာရာအိုကေတွေက အနိုင်ယူသွားကြပြီ။ အရက်ဆိုင်တွေက အပိုင်သိမ်းသွးကြပြီ။ ဥရောပဘောလုံးပွဲတွေက ဖမ်းစားပစ်လိုက်ကြပြီ။ ကိုးရီးယားဇာတ်လမ်းတွဲတွေက ၀ါးမျိုပစ်လိုက်ကြပြီ။ ကျူရှင်တွေ သင်တန်းတွေ စာကျက်တန်းတွေ စာကြည်တန်းတွေ ဂိုက်တန်းတွေက မိသားစုဘ၀တွေရဲ့ ညနေခင်းအလှတွေကို ဖျက်ဆီးပစ်လိုက်ကြပြီ။

မိသားစုဝင်တွေ တစ်ယောက်ကို တစ်ယောက် တွေ့ဆုံချိန် မရှိကြတော့ဘူး။ မေတ္တာတရားထက် အပျော်အပါးက ပိုအရေးကြီးနေတယ်။ မိသားစု နွေးထွေးမှုထက် ငွေက ပိုပြီး အရေးပါနေပါတယ်။ မိခင်ဖခင်အပေါ် ချစ်ခင်ဖို့ထက် စာအုပ်ထဲကစာတွေ အလွတ်ရဖို့က ပိုပြီး အဓိကကျနေတယ်။ ဒီလိုနဲ့ မိသားစုဘ၀တွေ ပျောက်ဆုံးနေကြရတယ်။

ကျွန်တော်တို့ မြန်မာဓလေ့မှာ ညနေစာကို ၀ိုင်းဖွဲ့ပြီး စားကြတယ်။ ထမင်းစားတဲ့ ခုံကို စားပွဲခုံလို့တောင်မခေါ်ဘူး။ ထမင်းစား စားပွဲဝိုင်းလေးလို့ ခေါ်ကြတယ်။ စားပွဲဝိုင်းဆိုတာ အဓိပ်ပါယ်အလွန်ပြည့်ဝတဲ့ မြန်မာဝေါဟာရပါ။

အခုတော့ဗျာ……..။

ဟိုးတုန်းကတော့…….

ကျွန်တော့ကို အခြေပြုပြီး မိသားစုတွေ နွေးထေးခဲ့ကြတယ်။ ချစ်ကြည်ခဲ့ကြတယ်။ ရင်းနှီးခဲ့ကြတယ်။ ပျော်ရွှင်ခဲ့ကြတယ်။ တစ်ယောက်ကိုတစ်ယောက် နားလည်မှုတွေ ရှာဖွေခွင့် ရခဲ့ကြတယ်။ အခုတော့ ဒါတွေမရှိတော့ပါဘူးဗျာ။ ၀မ်းနည်းစရာကောင်းလိုက်တာ။

ပျော်ရွှင်နေတဲ့မိသားစုရဲ့ ညနေခင်းဘ၀တွေနေရာမှာ ဒီနေ့ခေတ်ရဲ့ ယဉ်ကျေးမှုတွေ တီဗွီတွေ ဇာတ်လမ်းတွဲတွေ စားသောက်နေထိုင်ပုံတွေ ပညာရေးတွေက နေရာယူသွားကြပါပြီ။

ဒီထမင်းစားတဲ့ စားပွဲဝိုင်းမှာ ဘယ်တော့များမှ မိသားစုတွေ ပြန်ဆုံကြမလဲနော်။ မိသားစုစိတ်ဓာတ်မပြည့်ဝတဲ့ လူငယ်တွေ ကြီးလာရင်တော့ အားလုံးအတွက် ဒုက္ခပါပဲဗျာ။

ကျွန်တော်ကတော့ ပျော်ရွှင်ဖွယ်မိသားစုဘ၀ကို ပြန်ပြီးမြင်ခွင့်ရဖို့ ငိုကြွေးရင်းနဲ့



ဦးဘုန်း(ဓာတု) မန္တလေး၏ သုည အတွေးရသစာစု စာအုပ်မှ ကူးယူဖော်ပြထားပါသည်။


Shared from Ma Sai Mon

2 comments: