“မှန်ကန် တည့်မတ် စေချင်လို့” ဆိုတဲ့ ဆောင်းပါးကို မဖတ်ခင် ပုံပြင်လေးတစ်ခုကို အရင် ဖတ်ကြည့်စေချင်ပါတယ်။
ဟိုးအရင်က ပုဂ္ဂိုလ်တစ်ဦး ရှိတယ်။ အိန္ဒိယမှာပါ။ ဟိမဝန္တာ တောင်စွယ် တောင်တန်းတွေနဲ့ နီးစပ်တဲ့ ပြည်နယ်တစ်ခုမှာ သူနေထိုင်ပါတယ်။ ပန်ချာပီကြီးပဲ ဆိုပါတော့။ တစ်ရက် သူခရီးထွက်ခါနီးမှာ နှင်းတွေက တဖွဲဖွဲ ကျလာတော့ သူဟာ အနွေးထည် တစ်ထပ်ကြီးဝတ်ပြီး မော်တော်ဆိုင်ကယ်ကို စီးလို့ အိမ်က ထွက်လာပါတယ်။ လမ်းတွေက နှင်းစက်တွေကြောင့် စိုစိုရွှဲနေတဲ့အပြင် အုံမှိုင်း ဝေရီနေတဲ့ ရာသီဥတုကြောင့် သူဟာ ရှေ့တူရူကို အတော် ဂရုစိုက်ပြီး ဆိုင်ကယ်ကို စီးနေရပါတယ်။ အဲဒီအချိန်မှာပဲ မျက်နှာချင်းဆိုင်က ဆိုင်ကယ် တစ်စင်းကို သူတွေ့လိုက်ရတယ်။ မြင်သာတဲ့ အကွာအဝေးကို ရောက်တဲ့အခါ ဆိုင်ကယ်ပေါ်က လူဟာ နောက်ပြန် ဆိုင်ကယ် စီးလာတာကို သူမြင်တွေ့ခဲ့ရပါတယ်။
အံ့သြတာမှ ပါးစပ်ပွင့်သွားသလားတောင် ထင်ရတယ်။ အင်မတန်ထူးဆန်းတဲ့ မြင်ကွင်းကို ငေးကြည့်နေစဉ်မှာပဲ တစ်ဖက်က ဆိုင်ကယ် ပြောင်းပြန်စီးလာတဲ့သူရဲ့ ဆိုင်ကယ်ဟာ လမ်းဘေးက တစ်စုံတရာကို တိုက်မိပါတော့တယ်။ တစ်ဖက် ဆိုင်ကယ်ပေါ်က လူလည်း ဆိုင်ကယ်ပေါ်က လွင့်စင်ကျပြီး လမ်းဘေးမှာ မှောက်ခုံ အနေအထားနဲ့ပါ။ သူစိုးရိမ်သွားတယ်။ တစ်ဖက်ကလူဟာ လည်ပင်းကြီး တစ်ဖက် လည်သွားသလိုပဲ။ အသက်တော့ ရှိသေးတယ်။ သေချာကြည့်လိုက်တော့ သားရေဂျာကင်ရဲ့ ဇစ်တွေဟာ နောက်ဖက်ကို ရောက်နေတယ်။ ဂျာကင်ရဲ့နောက်ကျောပြင်က ရှေ့ရင်ဘတ်ဘက်မှာ။ အတော်ဒဏ်ရာ ပြင်းထန်ပုံရတယ်။ သူစိုးရိမ်သွားတယ်။ ဘေးဘီကို ကြည့်တော့လည်း ကူညီမယ့်သူ မမြင်ရဘူး။ လည်ပင်ကြီးလည်ပြီး မျက်နှာက နောက်ကျောဘက်ကို ရောက်နေတော့မှတော့ အဲဒီလူ သေတော့မယ်။ ပန်ချာကြီးဟာ စိုးရိမ်စိတ်နဲ့ တွေးကြည့်တယ်။ မျက်နှာကြီး နောက်ရောက်သွားတဲ့ ဒီလူဟာ မလွဲမသွေ သေတော့ သေမှာပဲ။ တခြား ဒဏ်ရာ ကြီးကြီးမားမား မရှိပေမဲ့ ရှင်နိုင်စရာ မရှိဘူး။
ဒီတော့ သေမယ့်အတူတူ မသာကို ကြည့်ကောင်းအောင်တော့ လုပ်ပေးမှလို့ စေတနာနဲ့ သူစဉ်းစားမိလိုက်တယ်။ မမှန်ကန်တဲ့ အနေအထားနဲ့ ဖြစ်နေတဲ့သူကို မှန်ကန် တည့်မတ်သွားအောင်တော့ လုပ်ပေးမှ သင့်မယ်။ ဒါမှသာ မသာခမျာ လူမြင်တော်မယ်ပေါ့။ ပန်ချာကြီးဟာ အသက်ငွေ့ငွေ့သာ ရှိတော့တဲ့ လူဆီကိုသွားပြီး အဲဒီလူရဲ့ ဦးခေါင်းကို ရှေ့နောက် တည့်မတ်အောင် လုပ်ပေးလိုက်တယ်။ “ဂျွတ်” ကနဲ အသံတောင် သူကြားလိုက်ရတယ်။ ဒါပေမဲ့ အနေအထား မှန်သွားပြီ ဖြစ်တဲ့အတွက် ပေါ့ပါးတစိတ်နဲ့ အဲဒီလူရဲ့ ခန္ဓာကိုယ်ကို သက်သောင့်သက်သာဖြစ်အောင် ပြောင်းရွှေ့ ပြင်ဆင်ပေးလိုက်ပြီး သူ့ခရီးကို ဆက်ဖို့ သူ့ဆိုင်ကယ်ဆီကို လှည့်လိုက်တယ်။ ဒီအချိန်မှာ ကားတစ်စီးနဲ့ ရဲတွေ သူ့အနားကို ရောက်လာတယ်။ တိုက်မိထားတဲ့ ဆိုင်ကယ်တစ်စင်းနဲ့ ဇက်ကျိုးပြီး သေနေတဲ့ လူအနားက သူ့ကိုတွေ့တော့ မေးမြန်း စုံစမ်းကြပြီပေါ့။ ပန်ချာပီကြီးက ဖြစ်ရပ်မှန်တွေကို မခြွင်းမချန် ပြောပြပါတယ်။ ဆိုင်ကယ်ချင်း တိုက်မိရာက မျက်နှာကြီး နောက်ဘက်ကို ရောက်အောင် ဇက်လည်သွားတဲ့သူကို ပုံမှန်ဖြစ်အောင် သူလုပ်ပေးခဲ့တဲ့အကြောင်း စေတနာ ဗရပွနဲ့ ရှင်းပြပါတယ်။
ရဲတွေက အဲဒီလူဟာ သားရေဂျာကင်ကို ပြောင်းပြန်ဝတ်ပြီး ဆိုင်ကယ် အပြင်းစီးလာတဲ့လူ ဖြစ်တဲ့အကြောင်း (သိပ်အေးတော့ ရင်ပတ်အအေးမိတာ သက်သာအောင် ဂျာကင်နောက်ကျောကို ရှေ့ကထားပြီး ဂျာကင်ရဲ့ ဇစ်တွေကို နောက်ဘက်မှာ တပ်ပြီး စီးလာတာ) အရှိန်ပြင်းပြင်း စီးလာတာကို မသင်္ကာလို့ သူတို့က နောက်ယောင်ခံ လိုက်လာကြောင်းနဲ့ ဒီနားရောက်တော့ ဒီကိစ္စကို တွေ့ရတဲ့အကြောင်း ရှင်းပြပါတယ်။ တကယ်တော့ ဂျာကင် ပြောင်းပြန်ဝတ်လာတဲ့လူဟာ ဆိုင်ကယ်ပေါ်က လွင့်စင်ကျသွားပေမဲ့ သေလောက်တဲ့ ဒဏ်ရာမဟုတ်ဘူး။ ခဏပဲ မေ့မြောနေတာ။ သူက မျက်ခွက်ကြီး နောက်ဘက်ကို ရောက်သွားအောင် လည်ပင်းကြီး လည်သွားတယ်မှတ်ပြီး ဘုမသိ၊ ဘမသိ ခေါင်းကို ဆွဲလှည့်ပစ်လို့ ဇက်ကျိုးသေခဲ့တာပဲ ဖြစ်ပါတယ်။
လောကမှာ ထင်ယောင်ထင်မှား ဖြစ်မိရာက အမှားတစ်ခုကို ကျူးလွန်တဲ့အထိ ဖြစ်သွားတတ်တဲ့ သာဓကတွေ အများကြီး ရှိပါတယ်။ စေတနာနဲ့ ပြုမူဆောင်ရွက်တာ ဖြစ်ပေမဲ့ ပကတိ အခြေအနေကို လက်တွေ့ကျကျ စူးစမ်းလေ့လာမှု အားနည်းတဲ့အခါ အကျိုးသက်ရောက်မှုဟာ မကောင်းပဲ ဖြစ်သွားတတ်တယ်။ အတွေးမှား၊ အမြင်မှားရာက တစ်ဆင့် လုပ်မှားကိုင်မှား ဖြစ်သွားတတ်တာ အမှန်ပဲ။ မှန်ကန် တည့်မတ်စေချင်တဲ့ စိတ်နဲ့ လုပ်ကိုင် ဆောင်ရွက်တယ် ဆိုပေမဲ့ မှန်ကန်စေချင်တဲ့၊ တည့်မတ်စေချင်တဲ့ အရာဟာ တကယ်ပဲ မှန်ကန် တည့်မတ်သွားနိုင်တဲ့ အကျိုးအကြောင်းရော ရှိရဲ့လားလို့ ပထမဆုံး စူးစမ်းဖို့ လိုမယ်ထင်တယ်။ သူ့မှာ ညွတ်လွယ်၊ ပြောင်းလွယ်တဲ့ အသွင်သဏ္ဌာန် ရှိရဲ့လား။ မာဆတ် တင်းမာနေသလား သိဖို့ လိုလိမ့်မယ်။ တချို့ကိစ္စတွေဟာ လွယ်မယောင်နဲ့ခက်ပြီး တိမ်မယောင်နဲ့ နက်နေတတ်တယ်။
မာယာ ပရိယာယ်တွေဟာ အမှန်တရားကို ဖုံးကွယ်နိုင်ဖို့အတွက် စဉ်ဆက်မပြတ် ကြိုးစားနေတတ်တယ်ဆိုတာ နားလည်နိုင်ရမယ်။ အချိန်အခါကို စောင့်တတ်တာ၊ ပေးလာတဲ့ အခြေအနေကို အမိအရဖမ်းနိုင်တာ၊ ကြွယ်ဝတဲ့ အသိအမြင်၊ ဉာဏ်ပညာနဲ့ ပေါင်းစပ် လုပ်ကိုင်နိုင်တာတွေ ရှိမှသာ တည့်မတ်မှုကို မျှော်လင့်သင့်တယ်။ ဖြောင့်မတ်မှန်ကန်မှု၊ တည့်မတ်မှုဆိုတာ သူ့အလိုလို ဖြစ်ပေါ်လာမှာ မဟုတ်ဘူး။ အဲဒါကို အာသာငမ်းငမ်း လိုလား တောင့်တကြတဲ့ လူတွေအနေနဲ့ ကိုယ်ထူကိုယ်ထ ကြိုးစားယူကြရမှာ မဟုတ်လား။ မဆုတ်မနစ် ကြိုးပမ်းရမှာ မဟုတ်လား။ ပန်ချာပီကြီးလို လေ့လာစူးစမ်းမှု အားနည်းတာ၊ စူးစမ်းလေ့လာမှု အားနည်းရုံသာမက စိတ်ကူးပေါက်ရာကို အကောင်အထည် ဖော်တတ်တာမျိုးတွေကတော့ ကောင်းတဲ့ အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေမှာ မဟုတ်ဘူး။ ဆိုးကျိုးပဲ ဖြစ်သွားစေလိမ့်မယ်။
မှန်းဆချက်တွေဟာ မှန်းဆရုံ သက်သက်ပဲ ဖြစ်တာကြောင့် အမှန်တရား မဖြစ်နိုင်ဘူး။ ကိုယ်ဖြစ်စေချင်သလို ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ လူတိုင်းလူတိုင်းပဲ မှန်ကန်တည့်မတ်မှုကို လိုလားတောင့်တကြမှာ သံသယဖြစ်စရာ လိုမယ်မထင်ဘူး။ ကိုယ်တတ်နိုင်သလောက် ကြိုးစားကြည့်ကြမှာလည်း အမှန်ပါပဲ။ ဒါပေမဲ့ တည့်မတ် မှန်ကန်မှုတွေဟာ အလှမ်းကွာတဲ့ အရပ်တစ်ခုမှာ ရောက်နေသလို ခံစားကြရလိမ့်မယ်။ ကြိုးစားရတာ အရာမထင်သလို ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ ယုံကြည်ပါ။ တည့်မတ် မှန်ကန်မှုတွေဟာ အမှန်တကယ်ပဲ ရှိနေပါတယ်။ တစ်ခါတစ်ခါ သူတို့တစ်တွေရဲ့ ချောင်းမြောင်းကြည့်ရှုတဲ့ အကြည့်တွေကိုတောင် ရုတ်တရက် ကျွန်တော်တို့ တွေ့ရတတ်တယ်။ ဘယ်သူမဆို တည့်မတ်အောင်၊ မှန်ကန်အောင် ကြိုးစားကြတာ ကောင်းပါတယ်။ စူးစမ်းလေ့လာမှုရှိရှိ ဆောင်ရွက်ကြရင်ပိုပြီး ကောင်းပါတယ်။ အဆုတ်မနစ်နဲ့ ဆောင်ရွက်တာ “ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်” အခြေအနေအထိ ဆောင်ရွက်တာမျိုးကတော့ အကောင်းဆုံးပဲ ဖြစ်လိမ့်မယ်။
ထက်ကျော်
Shared from Ma Moenge Aung
No comments:
Post a Comment