Tuesday, February 21, 2012

ထိုက်ထိုက်တန်တန် ( လူထုဒေါ်အမာ )

မတ္တာငတ်မွတ်လို့ သေဆုံးနေရသူတွေ…



…ဒီနေ့ ကမ္ဘာမှာ

အကြီးကျယ် အဆိုးဝါးဆုံး ရောဂါဟာ

တီဘီလည်း မဟုတ်ဘူး၊

အနာကြီးရောဂါလည်း မဟုတ်ဘူး။

နှစ်သက်လိုလားသူ မရှိတာ၊

မေတ္တာထားခြင်း ကြည့်ရှုစောင့်ရှောက်ခြင်း ကင်းမဲ့တာ၊

ပေယျာလကန် အပြုခံရတာတွေပဲ။

…ကိုယ်ကာယ ရောဂါတွေကို

သာမန်ဆေးဝါးများ ပေးလို့ရပေမယ့်၊

အထီးကျန်ခြင်း

စိတ်ပျက် အားလျော့ခြင်း

မျှော်လင့်ချက် ကုန်ဆုံးခြင်း ဝေဒနာတွေကိုတော့

မေတ္တာတရားနဲ့သာ ကုစားနိုင်ပါတယ်။

…ဒီနေ့ ကမ္ဘာမှာ

ပေါင်မုန့်တစ်ဖဲ့အတွက် အသက်ငင်နေသူတွေ

အမြောက်အများရှိနေတာ မှန်သလို

မေတ္တာအကြင်နာလေး

နည်းနည်းမှ မခံစားရလို့

သေဆုံးကြမယ့် လူတွေကလည်း

ဒုနဲ့ဒေးပါ။


( မာသာထရီဆာ )


…ဘုရင်ဂျီသီလရှင်ကြီး မာသာထရီဆာ ၁၉၉၇ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့က အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့မှာ နှလုံးရောဂါနဲ့ ကွယ်လွန်အနိစ္စရောက်သွားတော့ အိန္ဒိယအစိုးရက သီလရှင်ကြီးရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်ကို နိုင်ငံတော် ဈာပနအဖြစ်နဲ့ သင်္ဂြိုလ်မယ်လို့ ကြေညာလိုက်ပါတယ်။



…နိုင်ငံတော်ဈာပနဆိုတာ သူတို့ဆီမှာ သမ္မတများ၊ ၀န်ကြီးချုပ်များ၊ အာဏာလက်ရှိနဲ့ ကွယ်လွန်အနိစ္စရောက်မှ ပြုလုပ်တာထင်ပါရဲ့။ ခုတော့ သီလရှင်ကြီးဟာ သူတို့နိုင်ငံမှာ နှစ်ပေါင်း (၅၀) နေထိုင်သွားပြီး လူ့လောကက စွန့်ပစ်ထားတဲ့ လူ့အပယ်ခံ နင်းပြား ဆင်းရဲသားတွေကို ကယ်ဆယ် ကျွေးမွေးသုတ်သင်ပြီး လူအဖြစ်နဲ့ လူ့လောကထဲ ပြန်လည်သွတ်သွင်းပေးသွားတဲ့ မေတ္တာဂရုဏာရှင် သူတော်စင်ကြီးပေမို့ ဒီသီလရှင်ကြီးရဲ့ ကြီးမားလှတဲ့ မေတ္တာရေစင်များကို တုံ့ပြန်သောအားဖြင့် အခုလို ထိုက်ထိုက်တန်တန် ထူးထူးလည်လည် ရွက်ဆောင်တာဖြစ်ပါလိမ့်မယ်။



…သူ့ဈာပနကို သီလရှင်ကြီးဟာ ဇာတိအားဖြင့် အယ်ဘေးနီးယားနိုင်ငံ၊ မယ်စီဒိုးနီးယားမှာ မွေးဖွားတာမို့တဲ့ အယ်ဘေးနီးယား သမ္မတ လာတယ်။ အမျိုးသမီးတွေထဲက အမေရိကန်သမ္မတကတော် ဟီလာရီကလင်တန် လာတယ်။ ဖိလစ်ပိုင်က အမျိုးသမီးခေါင်းဆောင် ကိုရာဇံအကီနိုလာတယ်။ အိန္ဒိယ၀န်ကြီးချုပ် အသတ်ခံရရှာသူ ရာဂျစ်ဂန္ဒီရဲ့ဇနီး ဆိုနီယာဂန္ဒီနဲ့ သမီးလာတယ်။ အိန္ဒိယအစိုးရအဖွဲ့ဝင်တွေ လာတယ်။ ပြင်သစ်က သမ္မတရှီရတ် ကတော်အပြင် ဂျော်ဒန်နဲ့ ဘဲလ်ဂျီယံက မိဖုရားတွေလည်း လာကြတယ်လေ။ ပြီးတော့မှ လူ့လောကက ဘယ်မှာမှ မကြုံရဖူးတဲ့ ကုဋ္ဌနူနာသည်များ၊ လူ့အကျိုးအပဲ့များ၊ ဆွံ့အ နားမကြားများ၊ ပြည့်တန်ဆာများက ဒီဘုရင်တွေ၊ သမ္မတကတော်တွေ၊ မိဖုရားတွေနဲ့ အရောရော အနှောနှော ကြမ်းတပြေးတည်း အသုဘရှု နေကြသတဲ့။



…နေတာဂျီအားကစားရုံကြီးက အကျယ်ကြီးပါ။ အဲဒီထဲမှာ “Words of Love are words of peace” “မေတ္တာတရားနဲ့ ဆောင်ရွက်မှုမှန်သမျှ ငြိမ်းချမ်းရေးအတွက် ရွက်ဆောင်ခြင်းပင်ဖြစ်၏” ဆိုတဲ့ စာလုံးကြီးကို ပန်းတွေနဲ့ ဖော်ထားတဲ့ ဆိုင်းဘုတ်ကြီး နောက်ခံပြုပြီး သီလရှင်ကြီးရဲ့ ရုပ်အလောင်းကို ပြင်ထားတယ်။ အလောင်းစင်ဘေးက ထွန်းညှိထားတဲ့ ဖယောင်းတိုင်ကြီးပေါ်မှာတော့ “အချစ်ဆုံးအမေသို့” ဆိုတဲ့ စကားကို အင်္ဂလိပ်လို ရေးထားပါတယ်။


…ဈာပနကို ကျေးဇူးရှင်ကြီးအား နောက်ဆုံးလာရောက် ဂါရ၀ပြုတဲ့အနေနဲ့ လူ့ဒုက္ခိတတွေ က ပေါင်မုန့်ကလေး၊ ရေဗူးကလေး၊ ခဲတံကလေးစတဲ့ ပစ္စည်းလေးတွေ နဲ့လာပြီး ကန်တော့ကြတယ်လေ။ နှာခေါင်းမပါတဲ့လူ၊ ချိုင်းထောက်နဲ့ လူ၊ မစွမ်းမသန်တဲ့ ကလေးတွေရဲ့ သီလရှင်ကြီးအပေါ် တုံ့ပြန်ချက်တွေကလည်း စိတ်ထိခိုက် စရာပါ။



…သီလရှင်ကြီးရဲ့ ရုပ်အလောင်းကို ခေါင်းထဲထည့်ပြီး တစ်ဝက်ဖုံးထားတယ်။ ဖုံးထားတဲ့အပိုင်းကို အိန္ဒိယ နိုင်ငံတော်အလံနဲ့ အုပ်ထားတယ်။ သူ့သီလရှင်ကျောင်းထဲမှာ အနိစ္စရောက်တာပေမယ့် သူ့ရုပ်အလောင်းကို ပထမ ကာလကတ္တားတောင်ပိုင်းမှာရှိတဲ့ စိန့်သောမတ်စ်ဘုရားကျောင်းထဲမှာ မှန်ခေါင်းအုပ်ပြီး ပြင်ထားတယ်။



…(၇)ရက်ထားပြီး သင်္ဂြိုလ်မယ့်နေ့မှာတော့ ခေါင်းဆောင်ကြီး ဆူဘတ်စ်ချန်ဒရာဘိုစ့်ကို ဂုဏ်ပြုမှည့်ခေါ်ထားတဲ့ နေတာဂျီ အားကစား ရုံကြီးထဲကို စစ်အခမ်းအနားနဲ့ ရွှေ့ပြောင်းသယ်ယူလာပြီး နောက်ဆုံးအလေးပြုမှုကို ခံယူတယ်။

…အဲဒီမှာ သူ့ကို လေးစားကြည်ညိုတဲ့ ကာလကတ္တားမြို့သူမြို့သားတွေဟာ ထောင်နဲ့သောင်းနဲ့ချီပြီး လာရောက် ဂါရ၀ပြုနေကြတယ်။ သီလရှင်တွေဆိုတာတော့ ဖွေးဖွေးကိုလှုပ်လို့၊ သူတို့အယူဝါဒအရ သရဏဂုံတင်တဲ့ သဘောများလည်း ပြုလုပ်တယ်။ သူ့အကြောင်းကို မိန့်ခွန်းတွေပေးပြီး ချီးကျူးကြ၊ ဘုရားသခင်ရဲ့ ချီးမွမ်း သီချင်းတွေ သီဆိုကြ၊ ကျမ်းစာတွေထဲက စာပိုဒ်တွေကို ဖတ်ပြကြပေါ့။

…ပထမဆုံး ကာလကတ္တား အာ့ခ်ဘီးရှော့ဟင်နရီ ဒီဆူဇာက မိန့်ခွန်းပြောတယ်။ ဒုတိယမမ်ဘေအာ့ခ်ဘီးရှော့က မိန့်ခွန်းပြော တယ်။ နောက်ပုပ်ရဟန်းမင်းကြီးက စေလွှတ်တဲ့ အထူးကိုယ်စားလှယ် နိုင်ငံခြားရေးတာဝန်ခံ ကာဒီနယ်ဆိုဒါနိုက မိန့်ခွန်း များ ပြောကြား ပါတယ်။

…အင်္ဂလိပ်ဘာသာ၊ ဘင်္ဂါလီဘာသာ၊ ဟင်ဒီဘာသာတွေနဲ့ ပြောကြ ဟောကြတယ်လေ။

…သူတို့အားလုံးက သီလရှင်ကြီးဟာ အနူအ၀ဲ၊ အကျိုးအကန်းနဲ့ သူတောင်းစားများရဲ့ အားကိုးမှီခိုရာ မေတ္တာရှင်မကြီး၊ ဆင်းရဲဒုက္ခရောက်နေသူ မှန်သမျှရဲ့ ခိုကိုးရာ သူတော်စင်မကြီး၊ ဘ၀မှာ မျှော်လင့်ချက် ရောင်ခြည်ကင်းမဲ့နေသူများရဲ့ အလင်းရောင်စသဖြင့် တင်စားချက်အမျိုးမျိုးနဲ့ ချီးကျူးဂုဏ်ပြု ပြောကြား သွားကြတယ်။



…သူ့ကို သတင်းကြေညာသူများက မာသာထရီဆာကို မယ်တော်ထရီဆာလို့ ပြန်ဆိုခေါ်ဝေါ်သွားကြတယ်။ မယ်တော်ဆိုတဲ့စကား က တော်ဝင် များအတွက် သုံးစကားမို့ “အမေထရီဆာ” လို့ပဲ လူ့အောက်တန်းလွှာ အားလုံးက နှစ်နှစ်ခြိုက်ခြိုက် ခေါ်ကြလိမ့်မယ် ထင်ပါတယ်။



…ဒီသီလရှင်ကြီးက တစ်ခါကများ မွေးလာတော့ လက်(၂)ဖက်မပါလာတဲ့ ကလေးလေးဖြစ်နေလို့ မိဘများက ဒီကလေးကို အမှိုက်ပုံထဲ ပစ်ခဲ့တယ်။ သီလရှင်ကြီးက ဒီကလေးကို ကောက်ယူ မွေးကျွေး ကယ်ဆယ် ထားပြီး နောင်တော့ တကယ်ကြင်ကြင်နာနာ မွေးကျွေးသုတ်သင်မယ့် အမျိုးသမီးတစ်ဦးကို ပေးအပ်လိုက်တယ်လို့ ဒီကလေးဟာ အခုတော့ အရွယ်ရောက်လာ ကြီးပြင်းလာပြီး သီလရှင်ကြီးရဲ့ မေတ္တာစေတနာကြောင့်သာ သူဒီလိုအသက်ရှင် လူဖြစ်ရတယ်လို့ ပြောပါသတဲ့။ အမေ့ထက်ပိုတဲ့ မေတ္တာထားနိုင်တဲ့ မဟာအမေပါကလား။



…အမေထရီဆာဟာ ဘုရင်ဂျီသီလရှင်ပါ။ နို့ပေမယ့် ကာလကတ္တားလိုနေရာမှာ ခရစ်ယန်သော၊ ဟိန္ဒူသော၊ မွတ်စလင်သော မခွဲခြားဘဲ ဘာသာရေး ခြားနားမှု၊ လူမျိုးရေး ခြားနားမှု၊ ဇာတ်နိမ့် ဇာတ်မြင့် ခြားနားမှုဆိုတဲ့ လူ့ဘောင် လူ့လောကမှာ လူတွေက တမင်တကာ ပြုလုပ်ထားတဲ့ ခွဲခြားမှုဘောင်တွေအားလုံးကို ကျော်လွှားပြီးတော့ လူမှန်ရင် လူလိုပဲ နေထိုင်အသက်ရှင်နေနိုင်ရမယ်လို့ဆိုပြီး အနူအ၀ဲကိုလည်း သူကိုယ်တိုင် မရွံ့မရှာ ကိုယ်တွယ်ပြုစုတယ်။ အကျိုးအကန်းကိုလည်း သူကိုယ်တိုင် ဖေးဖေးမမ ပွေ့ပွေ့ ပိုက်ပိုက် မွေးကျွေးတယ်။ ရောဂါဘယအမျိုးမျိုး နှိပ်စက်ထားသူများကိုလည်း ကြီးမားဖြူစင်လှတဲ့ စေတနာနဲ့ ပိုက်ထွေး ပြုစုသူဖြစ် ပါတယ်။

…ဒါကြောင့် သူနဲ့ ဘာသာမတူကြသူတွေကလည်း သူ့မေတ္တာစေတနာတွေကို ဘယ်သူမှ ဘာသာမတူ သကောရယ်လို့ လျစ်လျူမရှုနိုင် ကြဘူး။ တော်ပါပေတယ်။ မေတ္တာစေတနာကြီးမားပါပေတယ်လို့ အကြိမ်ကြိမ် သာဓုခေါ်မိကြသည်ချည်းပါ။

အခုသူ့ဒုက္ခသည်များ ခိုကိုးရာစခန်းတွေက တစ်ကမ္ဘာလုံးက နိုင်ငံပေါင်း (၁၀၀) ကျော်မှာ စခန်း (၅၀၀) လောက် ရှိနေပြီတဲ့။ သူ့စခန်း အမျိုးမျိုးတွေထဲမှာ အကျဉ်းထောင်က လွတ်လာတဲ့ အမျိုးသမီးများ ခိုကိုးရာစခန်းလည်း ပါသတဲ့။

…အမေတို့ဆီမှာ အမျိုးသမီးတွေ အပြစ်ဒဏ်သင့်ပြီး ထောင်ထဲရောက်လာရင် ရောက်လို့မှ တစ်နှစ်မပြည့် သေးဘူး။ အပြင်မှာ ကျန်ရစ်တဲ့ လင်ယောက်ကျားဆိုသူက နောက်မိန်းမယူလိုက်ပြီတဲ့လေ။ အဲဒီသတင်း ထောင်ထဲက မယားဆီ ရောက်လာရင် မယားလုပ်သူ မှာ ထောင်ဒဏ်အပြင် လင်စွန့်ပစ်ရတဲ့ဒဏ်ပါ ထပ်လောင်းလို့ ကျခံရရှာတယ်။ ပြီးတော့ ထောင်က နှစ်စေ့လို့ လွတ်ပြီဆိုတော့ ပြန်စရာ အိမ်က မရှိတော့ဘူး။ အမေထရီဆာဟာ ဒီလိုဒုက္ခမျိုးကိုလည်း နားလည်တယ်။ စာနာတယ်။ ကူညီတယ်။ ကယ်ဆယ်တယ်လေ။

…သြော်…..ဖြူလည်းဖြူစင်တဲ့ နှလုံးသားပါပေ။ လူဟာ လူမို့ ဆိုးရင်လည်း တခြားလူတွေကို ဒုက္ခရောက် စေလိုက်တာ ပြောမကုန်ဘူး။ ဟစ်တလာတို့ ကောင်းစားခဲ့တုန်းက လူတွေ သန်းနဲ့ ချီပြီး သတ်ခဲ့ပြီကော။ ကောင်းရင်လည်း ကောင်းသလောက် တခြားလူတွေမှာ ချမ်းသာလိုက်တာ။

…လူကမှ ဘုရားဖြစ်အောင် ကျင့်ကြံနိုင်တယ် ဆိုထားတယ်မလား…..။


လူထုဒေါ်အမာ

(ဇန်န၀ါရီ၊ ၁၉၉၈)



...ချစ်ခြင်းမေတ္တာဆိုတာ သူ့ဘာသာသူ ဒီအတိုင်းရှိနေရုံနဲ့ အဓိပ္ပါယ် မပြည့်စုံပါဘူး. ပြည့်စုံတဲ့ ချစ်ခြင်းမေတ္တာမှာ သူ့အကျိုးကို ဆောင်ရွက်ပေးခြင်း. သူ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းဆိုတဲ့ လုပ်ဆောင်မှု ရှိကို ရှိနေရပါမယ်...

( မာသာထရီဆာ )




Shared from Ma Sai Mon

No comments:

Post a Comment