Sunday, February 12, 2012

အမှား နှင့် အမှန် (or) ဒယ်အိုးဆရာတော်၏ တရားများအား ဝေဖန်ဆန်းစစ်ခြင်း (၃)

နေပါဦး လုံအောင်ဖုံး (၃)


ဦးသုမင်္ဂလ၏ ဟောကြားချက်မှ ကောက်နုတ်ချက်များ (ဂ)



တရားခေါင်းစဉ်က သာဝကအစစ်….။ ဒါဆိုရင် ပါဠိလိုလဲ တစ်လုံးမှမပါတဲ့အတွက် ရေးရသားရတာလဲ

လွယ်လိမ့်မယ်ထင်တယ်။



*************************


ဖြောင့်မတ်သောလမ်းစဉ်ကို ဖြောင့်ဖြောင့်မတ်မတ် မလိုက်ခဲ့ကြလို့ ဒီနေ့ သူခိုးသာသနာ၊ ဂျပိုးသာသနာ ဖြစ်နေ

တယ်။ တစ်ချို့က ဒီအပြောတွေကို လက်သင့်မခံဘူး။ အိမ်ထဲကအိမ်ပြင် မထွက်ရင် မသိဘူး။



***************



တရားသံ ကြားရရင် သူ့စိတ်ထဲမှာ ပဋိပက္ခ ဖြစ်နေတယ်။ ပြဿနာရှာချင်နေတယ်။………..ဓာတ်ခံဆိုးတွေ ပါတဲ့

သူတွေလည်း အများကြီးရှိတယ်။

*********************



ဒီဘုရားငုတ်တုတ် နေရက်သားနဲ့ မေတ္တယျဘုရားမျှော်နေတာတွေ ရှိသေးတယ်။ မေတ္တယျသာဝက ဖြစ်ချင်

တယ်ဆိုလည်း ညောင်းတော့။ တို့တော့ အဖေရင်းပဲ၊ ပထွေးတော့ မမျှော်ဘူး။…… ခုလုပ်၊ ခုရပါတယ်။

ဟောထားရက်သားနဲ့ ယောင်ခြောက်ဆယ်လုပ်ချင်တဲ့ သူရဲဘောကြောင်သူတွေရဲ့ အပြော။



***************************





(တို့ကတော့) တို့ထက် ၀ါကြီးတဲ့ သံဃာကိုတွေ့ ချက်ခြင်းလက်အုပ်ချီတယ်။ ဘုရားရှင်ရဲ့ အဆုံးအမအတိုင်း

ကောင်းစွာကျင့်ကြံအားထုတ်တော်မူသော အရိယာသံဃာအရှင်မြတ်အား ရှိခိုးပါ၏။ ရိုရိုသေသေ ကန်တော့

တယ်။ အဲဒါ ကန်တော့နည်း။ ဘုရားရှင်ရဲ့ အဆုံးအမကို ကောင်းစွာ ကျင့်ကြံအားထုတ်တော်မူသော အရိယာ

သံဃာတော်မြတ်အား ရှိခိုးပါ၏။



**********************************





(ဂ) ပါ ကောက်နုတ်ချက်များကို ဆန်းစစ်ချက်၊



ပါဠိတော် နှင့်ပတ်သက်၍ အစွန်းနှစ်မျိုးဖြစ်တတ်ကြ၏။ ပါဠိကို အထင်သေးလွန်းခြင်းနှင့် အထင်ကြီးလွန်းခြင်း

ဖြစ်သည်။ ပါဠိကို အထင်သေးသူတို့က ပါဠိမပါ တိုင်းရင်းစကားသက်သက်ဖြင့်သာ သဘောပေါက် နားလည်နိုင်

ကြောင်း၊ ပါဠိကိုသင်ယူ ရွတ်ဖတ်သော်လည်း အများစုအတွက် အသုံးမ၀င်ကြောင်း ယူဆတတ်ကြသည်။



ဘုရားဟောဓမ္မများကို မာဂဓဘာသာဖြင့် မှတ်တမ်းတင်ခဲ့သဖြင့် ပါဠိတော်ဟူ၍ပေါ်ပေါက်လာရသည်။ မာဂဓ

ဘာသာစကားတိုင်းကို ပါဠိတော်ဟု မခေါ်ပါ၊ မာဂဓဘာသာဖြင့် မှတ်တမ်းတင်ထားသော ဗုဒ္ဓ၏ ဓမ္မကိုသာ

ပါဠိတော်ဟု ခေါ်ပါသည်။



မြန်မာစကားနှင့် မြန်မာစာပေသည် ဗုဒ္ဓ၏ဓမ္မ (ပါဠိတော်)ကို အခြေခံ၍ ဖွင့်ဖြိုးတိုးတက် ထွန်းကားလာကြောင်း၊

မြန်မာစကား၌ ပါဠိသက်ဝေါဟာရများစွာ ပါဝင်ကြောင်း၊ ပါဠိတော်သည် ဓမ္မ၏အခြေခံမူရင်းဖြစ်၍ မပျက်စီး၊

မတိမ်ကောစေသင့်ကြောင်း ပညာရှင်တို့ကို မကြာခဏ သတိပေးကြပါသည်။



ပါဠိတော်ကို အထင်ကြီးလိုသူတို့သည် ပါဠိစာကို အဓိပ္ပါယ်ပင် နားမလည်စေကာမူ ရွတ်ဖတ်အပ်၊ နာယူအပ်

ကြောင်း၊ ကုသိုလ်ကြီးမားကြောင်းကို ပညာရှင်အဆက်ဆက်က ပြောဆိုကြောင်း ဖော်ပြကြ၏။



အရေးကြီးသည်မှာ ပါဠိတော်ကို အနက်အဓိပ္ပါယ်ထင်အောင် လေ့လာ၍ကျင့်ကြံအားထုတ် သဘောပေါက်ကြ

ရမည်ဖြစ်သည်။ ပါဠိဆိုတိုင်း အထင်ကြီးတတ်သူကို ဘာသာခြားအချို့က လိုရာဆွဲ၍ စီကုံးထားသော ဂါထာ

များပြကာ လှည့်စားခဲ့ဘူးသည်လည်းရှိသည်။



“ပဌာန်းဆိုတာ ရွတ်လဲရွတ်၊ အဓိပ္ပါယ်ကိုလည်း အာရုံပြုမှသာ ပြည့်ပြည့်၀၀ အကျိုးပေးတာ။ လိမ်းဆေးကိုလဲ

လိမ်း၊ စားဆေးကိုလဲ စားမှပေါ့။ စားဆေးကို လိမ်းနေ၊ ရှူနေရုံနဲ့ ထိရောက်မလာ” ဟု ဆရာတော် တစ်ပါးက

ဆုံးမခဲ့ဘူးသည်။



ဦးသုမင်္ဂလ သည် ပါဠိတော်နှင့် ပတ်သက်၍ အဘယ်သို့ ယူဆလေသနည်း။ တရားခေါင်းစဉ်က သာဝကအစစ်

ဒါဆိုရင် ပါဠိလိုလည်း တစ်လုံးမှမပါတဲ့အတွက် ………….ဟု ဟောသည်။ သာဝကဆိုသည်ပင် ပါဠိတော် စကား

လုံးမှန်း အများစုသိကြပါသည်။



ဦးသုမင်္ဂလ က သူခိုးသာသနာ၊ ဂျပိုးသာသနာဟု ပြောသွားသည်။ သာသနာတော်တွင် ဒုဿီလတွေချည်းဟု

ဆိုလိုရာရောက်နေသည်၊ မည်သည့်ခေတ်အခါ၌ ဖြစ်စေ၊ ဒုဿီလတွေ ရှိသလို၊ သီလ၀န္တ ပုဂ္ဂိုလ်များလည်း

ရှိသည်သာ ဖြစ်ပါသည်။ သီလ၀န္တ ပုဂ္ဂိုလ်များ အားသာခြင်း၊ အားနည်းခြင်း ထိုသို့သာ ကွဲပြားပါသည်။ ဗုဒ္ဓ

မြတ်စွာ သက်တော်ထင်ရှား ရှိစဉ်အခါပင် ဒုဿီလတွေ များစွာ ရှိပါသည်။



သူခိုးသာသနာဟု ဆိုသဖြင့် သူခိုးတို့၏ အဆုံးအမဟု တိုက်ရိုက်ယူဆရမလို ရှိပါသည်၊ ဗုဒ္ဓ၏ သာသနာဟု

ဆိုမှသာ ဗုဒ္ဓ၏ အဆုံးအမဟု ဆိုနိုင်ပါသည်။ ဗုဒ္ဓသာသနာတွင် သီလ၀န္တပုဂ္ဂိုလ် အားနည်းနေသည် အားများ

လာအောင် ကြိုးစားကြပါစို့ ဟု ဆိုလျှင် အလွန်သင့်တော်ပါသည်။



သူခိုးသာသနာဟု ဆိုခြင်းကြောင့် သာသနာတော်ရှိ သူတော်ကောင်းများကို ထိပါးရာရောက်ပါသည်။ ဒုဿီလ

၁၀၀ - ကို ထိပါးလည်း ကိစ္စမရှိပါ၊ သီလ၀န္တ တစ်ပါးကို ထိပါးမိခဲ့သော အလွန်ဝန်လေးပါသည်။ ၀ါးလုံးရှည်ဖြင့်

ယမ်းခြင်းသည် မိမိအတွက်လည်း အကျိုးမရှိပါ၊ သူတစ်ပါးအတွက်လည်း အကျိုးမရှိပါ။



မူကြိုဆရာမို့ ခွင့်လွတ်ကြပါဟု ဆိုပေလိမ့်ဦးမည်။ မူကြိုဆရာလည်း မူကြိုဆရာအလျောက် မှန်ဖို့လိုပါသည်။

မူကြိုဆရာမှားက လူများစွာ တသက်လုံး အမှားစွဲသွားမည်ကို စိုးရိမ်ရပါသည် ဦးသုမင်္ဂ ၏ ပြတ်သားရဲရင့်

သော ဟောကွက် ပြောကွက်များကို အသဲစွဲကြိုက်နေကြသော ပရိသတ်များစွာ ရှိပါသည်။ ပရိသတ်များ

လေလေ တာဝန်ပိုကြီးလေလေ ဖြစ်သည်ကို သတိမူရပါမည်။ မိမိကြောင့် နောက်လိုက်များ မနစ်မွန်းသင့်ပါ။



ဦးသုမင်္ဂလ က “တရားသံ ကြားရရင်ကို ပြဿနာရှာချင်နေတယ်” ဟု ပြောခဲ့ပါသည်။ ပြဿနာရှာချင်သူနှင့်

ဓမ္မအလိုကျ ဝေဖန်ဆန်းစစ်လိုသူတို့မှာ လုံးဝ ကွဲပြားခြားနားပါသည်။ ဓားကိုင်၍ လူ့ခန္ဓာကိုယ် အစိတ်အပိုင်း

များကို ထိပါးသူချင်းတူစေကာမူ အထူးကုသမားတော်၏ ဓား သည် လူ့အသက်ကို ကယ်တင်ရန် ဖြစ်ပါသည်။

ဓားပြ၏ ဓားကမူ လူ့အသက်ကို ဖျက်ဆီးရန် ဖြစ်ပါသည်။



ဦးသုမင်္ဂလက ဂေါတမသာသနာ၌ မေတ္တယျဘုရားကို မျှော်နေကြောင်း ပထွေးကိုတော့ ဦးသုမင်္ဂလ က မမျှော်

ကြောင်း ဟောခဲ့ပါသည်။ ရတနာသုံးပါးကို ကြည်ညိုသူတို့၏ သဒ္ဓါ နှင့် ပညာ အရည်အသွေးများမှာ

ဘယ်ဘုရားရှင် ဘယ်သာသနာတွင်မဆို ကောင်းမြတ်နေကြသည်သာ ဖြစ်ပါသည်။ အဖေ့သာသနာ၊ ပထွေး

သာသနာဟု မခွဲခြားသင့်ပေ။ ရင့်သီးရိုင်းစိုင်းသော သုံးနှုန်းပြောဆိုမှုများကို ရှောင်ခြားသင့်ပါသည်။

လူပုဂ္ဂိုလ်များကပင် မသုံးနုန်းရဲသော ဝေါဟာရများ ဖြစ်ပါသည်။



ဒုက္ခထွေပြားသော သံသရာရှည်တွင် မနစ်မွန်းသင့်ကြောင်း၊ နောင်ဘုရားရှင်ကို ဖူးတွေ့ပြီးမှ ကျွတ်တမ်းဝင်လို

သူလည်း ၀င်နိုင်ကြောင်း၊ သို့သော် မိမိ၏ ပါရမီ ဘုန်းကံ လွဲချော်မှုကြောင့် နောင်ဘုရားရှင်နှင့် လွဲခဲ့သော်

လွန်စာ နစ်နာဖွယ်ရှိကြောင်း၊ အရိယာအဖြစ် ယခုပင်ကြိုးစားအားထုတ်၍ ရယူသင့်ကြောင်း ဆရာတော်တစ်ပါး

က ဟောခဲ့ဖူးသည်။



ထိုဆရာတော်၏ ဆိုလိုချက်နှင့် ဦးသုမင်္ဂလ၏ ဆိုလိုချက်မှာ တူကောင်းတူနိုင်ပါသည်။ ဆရာတော်၏ ဟောပြော

မှုမှာ ယဉ်ကျေးသိမ်မွေ့၍ ကျိုးကြောင်းဆီလျော်ပါသည်။ နာယူလက်ခံဖွယ် ဖြစ်ပါသည်။



အမှန်တော့ ယခု သာသနာတွင် ကျွတ်တမ်းဝင်လိုသဖြင့် ကြိုးစားအားထုတ်ခွင့်ရှိသလို ဆုကြီးပန်ချင်သူလည်း

ပန်ခွင့်ရှိသည်သာ ဖြစ်ပါသည်။ ဂေါတမ ဘုရားရှင်သည်ပင် မဂ်ဖိုလ် နိဗ္ဗာန် ရနိုင်သော ရသေ့ဘ၀၌ နိဗ္ဗာန်ကို

မယူသေးဘဲ သဗ္ဗညုတဘုရားရှင် ဖြစ်ရန် ဆုပန်ခဲ့သည် မဟုတ်ပါလား။



ဦးသုမင်္ဂလ က သူ့ထက်ဝါကြီးသော သံဃာတော်ကို တွေ့လျှင် အရိယာသံဃာဟု ရှိခိုးကြောင်း ဟောကြားခဲ့

ပါသည်။ “ သံဃိက ကို ရည်မှန်း၍ သံဃာ့ကိုယ်စားလှယ်အဖြစ် ရှိခိုးပူဇော်ကြောင်း” ဆိုလိုဟန် တူသည်။

သို့သော် ထိုသံဃာသည် အရိယာဖြစ် - မဖြစ် တိကျစွာ သိပါ၏လော ဟု မေးဖွယ်ရှိသည်။



အရိယာမဟုတ်သူကို အရိယာဟု ယိုးစွပ်လျှင်သော်လည်းကောင်း၊ အရိယာဖြစ်သူကို အရိယာ မဟုတ်ဟု

ယိုးစွပ်လျင်သော်လည်းကောင်း၊ အရိယူပ၀ါဒကံ သင့်ကြောင်း ကျမ်းဂန်အဆိုရှိပါသည်။ ပညာရှိသူတို့အား

ဤကိစ္စ မေးလျှောက်ကာ အဆုံးအဖြတ်ယူသင့်ပါသည်။



“ခုလုပ် ခုရပါတယ်” ဟု ဟောထားပါလျက်နဲ့……… တို့တော့ အဖေရင်းပဲ ” ဟု ဟောထားရာ ဦးသုမင်္ဂလ

ကိုယ်တိုင် ခုလုပ်၍ ခုပင်ရနေပြီလောဟု မေးဖွယ်ရှိပါသည်။



ဝိသေသ

(၂၀၁၁ ခုနှစ် နိုဝင်ဘာလထုတ် ဓမ္မရံသီမဂ္ဂဇင်း)

Shared from အရှင်သာမိ မုံရွာ

No comments:

Post a Comment