ဗြိတိသျှကိုလိုနီလက်အောက်ခံဘ၀ ၁၂၃ နှစ် ကျရောက်ခဲ့ရာကနေ ရုန်းထွက်ဖို့ ကုန်းထကြတဲ့အခါမှာ အသက် ၂၀ ၀န်းကျင် ရဲဘော်သုံးကျိပ်ဟာ စွန့်လွှတ်စွန့်စားတဲ့လူငယ်တွေပဲပေါ့။ မြန်မာနိုင်ငံကို သူ့ကျွန်ဘ၀မှ လွတ်လပ်ရေးရအောင် တိုက်ပွဲဝင်ကြပေမယ့် ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူမှ မမြင်ရတဲ့ ကမ်းမမြင်၊ လမ်းမမြင် အခြေအနေ အချိန်ကာလပေပဲ။ ဖြစ်ချင်ရာဖြစ် အသက်စွန့်ပြီး ပင်လယ်ရပ်ခြား တိုင်းတစ်ပါးသို့ သွားရောက်စစ်ပညာသင်တာဟာ မိမိဆွေမျိုး ကောင်းစားဖို့လည်း မဟုတ်ဘူး။ ဒေါ်လာရဖို့ ရာလည်း မဟုတ်ဘူး။ နာမည်ကြီးချင်လို့လည်း မဟုတ်ဘူး။ ရာထူးရာခံ မျှော်လင့်လို့ လည်း မဟုတ်ဘူး။ ရည်ရွယ်ချက်က တစ်ခုတည်းပဲရှိတယ်။. တိုင်းပြည်နဲ့ လူမျိုး လွတ်လပ်အောင် တိုက်ပွဲဝင်မယ်။ ငါ၏ အသက်နှင့် ခန္ဓာကိုယ်ကို စွန့်လှူပါ၏။ သေပါစေ။ တို့ အသက်ကို ဖက်ရွက် မှတ်ပါတယ်လို့ ခံယူတဲ့ တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်။ ဂုဏ်ပြုလေးစားအပ်ပေရဲ့ ။
လူ့သမိုင်းကို ရေးကြတဲ့နေရာမှာ အနစ်နာခံတဲ့ စွန့်လှူပေးဆပ်တဲ့လူတွေရဲ့  ကျေးဇူးတွေကို မှတ်တမ်းပြုပြီး အတုယူကြရတာပါပဲ။ အခွင့်အရေးရှာယူပြီး ကိုယ်ကျိုးကိုယ့်အတွက် ဦးစားပေး လုပ်ဆောင်သွားကြသူတွေဟာ နောင်လာနောက်သားတွေရဲ့ နှာခေါင်းရှုံ့စရာ၊ ကဲ့ရဲ့စရာ၊ ရွံရှာစက်ဆုတ်ခြင်း ခံစားချက်များကို ပေးဝေတာမို့ ရာဇ၀င်ကို အရှုံးနဲ့ရေးပြီး ဆင်းသွားကြသူတွေလို့ မှတ်ယူရမှာပဲ။
သူတစ်ပါးနဲ့  လူအများကို ဘယ်လောက်အတိုင်းအတာအထိ အကျိုးပြုသလဲ။ ဘယ်လောက်ထိ လုပ်ပေးနိုင်စွမ်းရှိသလဲ ဆိုတာဟာ လူတစ်ယောက်ရဲ့  သူကိုယ်တိုင်ရေးတဲ့ သူ့ရဲ့သမိုင်းပါပဲ။ ဒါကို သေသေချာချာ လေးလေးနက်နက် သိမြင်ထားရင် ကိုယ်ကျိုးကိုယ့်အတွက် လောဘတွေတက်ပြီး ရလေ လိုလေ အိုတစ္ဆေ ဖြစ်တတ်ပါက အရှုံးချည်း ဖြစ်တတ်တယ်ဆိုတာ သင်ခန်းစာရပြီပေါ့။
တကယ်တော့ မိမိဟာ လူသားကမ္ဘာ လူ့အဖွဲ့စည်းကြီးထဲက တစ်ယောက်အပါအ၀င် ဖြစ်တယ်။ မိမိရဲ့မေတ္တာနဲ့စေတနာဟာ သည်လောကကြီးကို ခင်တွယ်လေးစားလေလေ မိမိကိုတုံ့ပြန်ချီးမြှောက်ကြလေလေဆိုတဲ့ နိယာမကို ထွင်းဖောက်နားလည်ရပေမယ်။
ဒါကို လူကြီးသာမက ကလေးငယ်ဘ၀ကပင် သိမြင်ခံစားနိုင်တယ်ဆိုတာ သက်သေသာဓက အဖြစ်တစ်ခုအနေနဲ့  ဥပမာပြရစေဦး။
အဖြစ်ကဒီလိုပါ…။
တစ်ခါတုန်းက ကျောင်းအုပ်ဆရာကြီး ဦးဖိုးအောင်ဆိုတာ ရှိတယ်။ သူ့မှာ သမီးတစ်ယောက်နဲ့ မြေးယောက်ျားလေး တစ်ယောက်ရှိသတဲ့။ ငါးနှစ် ခြောက်နှစ်အရွယ် ဒီကလေးက အိမ်နီးချင်း အသက်ရွယ်တူ “မြအေး” ဆိုတဲ့ ကောင်လေးနဲ့ ညောင်ပင်ရိပ်တစ်ခုအောက်မှာ ကစားနေကြသတဲ့။ ဒီလိုနဲ့ သမီးဖြစ်သူက ဆရာကြီးဦးဖိုးအောင်ကို တိုင်တယ်။
“အဖေ့မြေးကတော့ စိတ်ညစ်ရာ သိပ်ကောင်းတာပဲ..၊ တစ်ချိန်လုံး ဟိုကောင်လေးကို စက်ဘီးပေါ်တင်ပြီး လှည့်ပတ်တွန်းနေတာ..၊ ညောင်ပင်သုံးပတ်ရှိနေပြီ။ ဟိုကောင်လေးက တစ်ခါမှလည်း မတွန်းဘူး၊ စက်ဘီးပေါ် အငြိမ့်သားထိုင်လိုက်လို့ သဘောတွေကျနေလိုက်တာ..သူကတော့ တွန်းနေရတာ မောလို့..”
ဦးဖိုးအောင် ညောင်ပင်ဆီသို့ ကြည့်လိုက်သည်။ မြအေးကို စက်ဘီးပေါ်တင်ပြီး တွန်းပေးနေသော မြေးလေးကို တွေ့ရသည်။
စက်ဘီးစီးနေရသော မြအေးပျော်သလို တွန်းပေးနေသော မြေးလေးလည်း ပျော်နေသည်။
“သားရေ..လာဦး..၊ စက်ဘီးပါ ယူခဲ့..”
သူ့အမေခေါ်သံက မာကြောသည်။
မြအေး စက်ဘီးပေါ်မှ မြန်မြန်ဆင်းသည်။ မြေးလေး စက်ဘီးစီးပြီး ပြန်လာသည်။
“သား.. လာစမ်း…”
မြေးလေး စက်ဘီးပေါ်မှ ဆင်းပြီး သူ့အမေဆီ သွားသည်။
“သား… မေမေ ငှက်ပျောသီးနှစ်လုံးပေးလိုက်တာ တစ်လုံးက သားစားဖို့လို့ မေမေအသေအချာပြောတယ် မဟုတ်လား…”
မြေးလေး ခေါင်းညိတ်ပြသည်။
“ဘာဖြစ်လို့ နှစ်လုံးစလုံး မြအေးကို ပေးလိုက်ရတာလဲ.. မြအေးက သိပ်လည်တာပဲ နှစ်လုံးစလုံးကို သူချည်း စားပစ်တယ်၊ သားက သိပ်အ တာပဲ..ဘာဖြစ်လို့ သူများကိုပေးရတာလဲ..”
သမီးက မကျေမနပ် မေးနေသည်။ မြေးလေး ဘာဖြေမည် သိချင်၍ ဦးဖိုးအောင် လှမ်းကြည့်လိုက်သည်။
“သားက မနက်စာ ထမင်းစားပြီးပြီ..၊ မြအေးက ခုထိဘာမှ မစားရသေးဘူး..၊ သူ့အမေက ထန်းတောရွာဘက် သွားပြီးဈေးရောင်းနေတယ်..၊ သူ့အမေပြန်လာမှ စာရမှာတဲ့..၊ သူသိပ်ဆာနေတာကြည့်ပြီး သားက သနားလို့ ကျွေးလိုက်တာ…”
ဦးဖိုးအောင် မြေးလေးကို လှမ်းကြည့်ရင်း မသိမသာ ခေါင်းညိတ်မိသည်။
“ဟင်း… စက်ဘီးစီးတော့လည်း သားကချည်းသူ့ကို တင်ပြီး တွန်းပေးနေရတာ..သူက တစ်ခါမှလည်း မတွန်းပေးဘူး၊ သားက တစ်ခါမှလည်း မစီးရဘူး..၊ မြအေးက သိပ်လည်တာပဲ၊ သားက စက်ဘီးလည်း စိုက်ရသေးတယ်.. သူ့ကိုလည်း တင်တွန်းနေရသေးတယ်..၊ သိပ်အ တာပဲ၊ ဘာလို့တစ်လှည့်စီ မစီးရတာလဲ..”
မြေးလေးဖြေမည့်စကားကို ဦးဖိုးအောင် နားစွင့်နေရပြန်သည်။
“သားက တွန်းပေးစရာမှ မလိုတာ..၊ ကိုယ့်ဘာသာ စီးတတ်တာပဲ၊ သူက မစီးတတ်သေးလို့ တွန်းပေးရတာ..”
“ဒါဆို တစ်လှည့်စီ စီးပေါ့..သူက ဘီးပေါ်က မဆင်းတော့ဘူး”
“သူက သားကို တွန်းပေးမယ် ပြောပါတယ်၊ သားက တစ်နေ့ လုံး စီးလို့ရတာပဲ၊ သူက စက်ဘီးမရှိတော့
သားနဲ့ တွေ့တုန်းပဲ စီးရတာ..”
မြေးလေးမှာ သူ့အဖြေ သူရှိနေပါသည်။ ထိုအဖြေများတွင် သူ့သဘောထားလည်း ပါပြီး ဖြစ်နေသည်။
“အဖေ့မြေးကို ပြောပါဦး.. ဘီးတွန်းရတာနဲ့ မောနေပြီ”
သမီးက ဖခင်ဖြစ်သူကို အကူအညီတောင်းနေသည်။ သမီးနှင့်မြေးကို ကြည့်ပြီး ဦးဖိုးအောင် ပြုံးလိုက်သည်။
“ငါ့မြေးက သနားတတ်တယ်..၊ အနစ်နာခံစိတ်ရှိတယ်..၊ သူများကို ကူညီချင်တယ်..၊ ငါ့သမီး ဒီလို စိတ်ကောင်းရှိတဲ့ သားလေးကို ရထားတာ ၀မ်းသာဖို့တောင် ကောင်းတယ်။ ငါ့မြေး တစ်သက်တာ အတွက် အဖေစိတ်ချရတယ်…၊ ငါ့မြေးက မမောပါဘူး.. သူ ပျော်နေတာပါ.. မမောဘူး….”
ဤအကြောင်းကို ၂၀၀၂ ခုနှစ် အထူးထုတ် မြန်မာ့ဂုဏ်ရည် မဂ္ဂဇင်းမှာ ဖော်ပြခဲ့တာပါ။ ဆရာလယ်တွင်းသားစောချစ်ရေးတာပါ။
အကြင်နာတရားနှင့် စာနာခြင်းတရားရှိသူများမှာ အနစ်နာခံရခြင်းကိုပင် မောတယ်လို့မထင်။ ပျော်ရွှင်ကြည်နူးနိုင်ပါတယ်။ ကြိုက်ရာရွေးချယ်ပေါ့လေ။
“သူတစ်ပါးတို့၏ ကောင်းကျိုးကို သယ်ပိုးခြင်းသည် တာဝန်တစ်ရပ်မဟုတ်ပါ။ အခွင့်ထူးတစ်ရပ်ဖြစ်ပါသည်။ ထိုသို့ သယ်ပိုးခြင်းသည် ၀မ်းမြောက်ပျော်ရွှင်မှုကို ဖြစ်စေပြီး ကျန်းမာစွာနှင့်ချမ်းသာပျော်ရွှင်စွာ နေထိုင်ရေးအတွက် အထောက်အကူဖြစ်စေသည်။”
( ZOROASTER )
ချစ်နိုင်( စိတ်ပညာ )
Shared from Ma Sai Mon
No comments:
Post a Comment