သတ္တာနံ= သတ္တဝါတို့၏ ၊ ဇီဝိတံ= စားသောက်ပျော်ရွှင် အသက်ရှင်ရခြင်းသည်၊ အဓုဝံ= မမြဲ၊ သတ္တာနံ= သတ္တဝါတို့၏ ၊ မရဏံ= အမြဲမနေ သေရခြင်းသည်၊ ဓုဝံ= မုချဧကန် မြဲသည်သာလျှင်တည်း။
သတ္တဝါတိုင်း သတ္တဝါတိုင်း အသက်ရှင်မူကတော့ ဧကန်မုချ မမြဲနိုင်ပါဘူး။ တည်တံ့မနေဘဲ သေရခြင်းသာ မုချ ဧကန် မြဲနိုင်လှပါတယ်လို့ ဆိုပါတယ်။ ဒီသဘောကို သဘောမပေါက် မရိပ်စားမိကြတဲ့ ပုဂ္ဂိုလ်တွေကတော့ တောင်တောင်မြောက်မြောက် ကြံစည်ပြီး ကိုယ်ထင်ရာ လုပ်တတ်ပါတယ်။ ဘဝဆိုတာ ယခုတစ်ချိန်သာရပြီး ယခုတစ်ချိန်သာ သေရမှာလို့ တွက်ဆထားတဲ့ ပုဂ္ဂိုလ်တွေလည်းရှိပါတယ်။အမှန်ကတော့ ဘဝတွေ ကြိမ်ဖန်များ စွာရရှိပြီး အကြိမ်ကြိမ် အခါခါ သတ္တဝါတိုင်း သေခဲ့ဖူးကြပါတယ်။ ဟုတ်ပါ့မလားလို့ သံသယကင်းအောင် ပြောပြရရင် ဘုရားရှင်လက်ထက်က ဥပသာဠကဆိုတဲ့ ပုဏ္ဏားကြီးတစ်ယောက်ဆိုတာရှိပါတယ်။
အဲဒီပုဏ္ဏားကြီးက စည်းစိမ်က ကြွယ်ဝချမ်းသာတယ်။ အယူကတော့ မိစ္ဆာအယူ ယူထားတယ်။ ဒါပေမယ့် တစ်ချိန်မှာ သေရမယ်ဆိုတာကိုတော့ သူသိထားတယ်။ပုဏ္ဏားဆိုတော့ ဇာတ်က အင်မတန်ကြီးတယ်။ အသန့်အရှင်းကြိုက်တယ်။ ဒါကြောင့် သေရမည့်အရေး ကြိုတင်တွေးပြီး စောစော စီးစီးသားဖြစ်သူကို မှားထား ပါတယ်။
"သားမောင် တစ်ချိန်ချိန်မှာ ငါသေခဲ့ရင် လူသေတစ်ခါမှ မမြှုပ်နှံဖူးတဲ့ မြေနေရာမှာ မြှုပ်နှံသဂြိုလ်ပါတဲ့။ သားဖြစ် သူက လူသေတစ်ခါမှ မမြှုပ်နှံဖူးတဲ့ မြေနေရာဆိုတာ ကျွန်တော်လို အသက်ငယ်ရွယ်သူတွေ မသိနိုင်ပါဘူး။ ဖေဖေစိတ်တိုင်းကျဖြစ်အောင် ဖေဖေသေရင် မြှုပ်နှံရမယ့်နေရာကို ဖေဖေကိုယ်တိုင်ပဲ လိုက်ပြထားပါလို့ ပြောပါတယ်။ ဒီတော့ သားအဖနှစ်ယောက် ရာဇဂြိုလ်မြို့မှထွက်ပြီး ဂိဇ္ဈကုဋ်တောင်ကြီးပေါ်သို့ တက်ခဲ့ကြပါတယ် တစ်ခုသောနေရာ တောင်သုံးလုံးအကြားမြေနေရာသည် လူသေတစ်ယောက်မှ မမြှုပ်နှံဖူးတဲ့နေရာဖြစ်ပါတယ်။ အဲဒီနေရာမှာ ငါသေရင် မြှုပ်နှံပါလို့ မှာကြားပြီး သားအဖနှစ်ယောက် ဂိဇ္ဈကုဋ်တောင်ကြီးပေါ်မှ ပြန်ဆင်းလာကြ ပါတယ်။
မြတ်စွာဘုရားရှင်ကလည်း မိမိရဲ့ဥာဏ်တော်ဖြင့် ဟောပြချေချွတ်ရမည့် ဝေနေယျ သတ္တဝါတို့ကို ကြည့်ရှုဆင်ခြင် တဲ့အခါ တောင်ပေါ်က ပြန်ဆင်းလာတဲ့ ပုဏ္ဏားကြီးသားအဖနှစ်ယောက်ကို တွေ့မြင်ခဲ့ပါတယ်။ငါဘုရားကြွသွား ခြင်းဖြင့် ပုဏ္ဏားကြီးသားအဖနှစ်ယောက် အကျိုးထူးတရား ရှိနိုင်တာကို သိမြင်တော်မူတဲ့အတွက် ဂိဇ္ဈကုဋ် တောင်ခြေရင်းသို့ တစ်ပါးတည်းကြွချီတော်မူတယ်။တောင်ခြေရင်းသို့ ရောက်တဲ့အခါ တောင်ပေါ်က ပြန်ဆင်း လာတဲ့ ပုဏ္ဏားကြီးသားအဖနှစ်ယောက်နဲ့ ပက်ပင်းရင်ဆိုင်တွေ့ပါတယ်။တွေ့တဲ့အခါ မြတ်စွာဘုရားရှင်က “အို.. ပုဏ္ဏားတွေ ဘယ်ကလာလို့ ဘယ်ကိုသွားကြမလဲ”လို့ နှုတ်ခွန်းဆက်စကား မိန့်ကြားတော့ သားဖြစ်သူက “မှန်လှပါ မြတ်စွာဘုရား၊ တပည့်တော်တို့ သားအဖနှစ်ယောက် ဂိဇ္ဈကုဋ်တောင်ကြီးပေါ်မှ ပြန်ဆင်းလာကြပါ တယ်။ ဂိဇ္ဈကုဋ်တောင်ကြီးပေါ်သို့ သွားရခြင်းအကြောင်းကတော့ တပည့်တော်ရဲ့ ဖခင်ဖြစ်သူက သူသေလျှင် လူသေတစ်ခါမျှ မမြှုပ်နှံဖူးတဲ့ မြေနေရာမှာ မြှုပ်နှံပါဆိုလို့ တပည့်တော်က နေရာအပြခိုင်းရပါတယ်ဘုရား။ ယခု နေရာပြပြီး တောင်ပေါ်က ပြန်ဆင်းလာကြခြင်း ဖြစ်ပါတယ်ဘုရား”လို့ လျှောက်ထားပါတယ်။
မြတ်စွာဘုရားရှင်က ဒီလိုဆိုရင် သင်းအား သင့်ဖခင်ပြခဲ့တဲ့ လူသေတစ်ခါမျှ မမြှုပ်နှံဖူးတဲ့ နေရာကို ငါဘုရား လည်းသိချင်ပါတယ်။ တာဝန်မကြီးရင် လိုက်ပြစေချင်ပါတယ် ဟုမိန့်ကြားတော်မူတဲ့အခါ နေရာပြဖို့ရန် နေရာ ကြည့်ဖို့ရန် ပုဏ္ဏားကြီးသားအဖ နှစ်ယောက်နှင့် မြတ်စွာဘုရားရှင်တို့သည် ဂိဇ္ဈကုဋ်တောင်ကြီးပေါ်သို့ တက်ခဲ့ ရပြန်ပြီ။ တောင်ကြီးပေါ်သို့ရောက်တဲ့အခါ စောစောကပြခဲ့တဲ့ တောင်သုံးလုံးအကြားနေရာသို့ မြတ်စွာဘုရားရှင် အား ပုဏ္ဏားကြီး သားအဖနှစ်ယောက်က ပြသကြပါတယ်။
ထိုအခါမြတ်စွာဘုရားရှင်က သင့်ဖခင်သည် ယခုဘဝမှသာ လူမသေဖူးတဲ့နေရာကို ရှာခဲ့၊ ပြခဲ့သည်မဟုတ်သေး၊ ရှေးအတိတ်ဘဝကလည်း ရှာခဲ့ ပြခဲ့ဖူးပါတယ်။ ယခုသင်တို့ပြတဲ့ တောင်သုံးလုံးကြားမြေနေရာသည် မြေသန့် ရှင်းတယ်လို့ မဆိုနိုင်ပါ။ လူသေတစ်ခါမျှ မမြှပ်နှံဘူးဟု မမှတ်စေလိုပါ။ ဘာကြောင့်လဲဆိုရင် ဤတောင်သုံးလုံး ကြားမြေနေရာသည် အခြားသူတို့ သေလို့မြှုပ်နှံဖူးတာကို မဆိုထားနှင့်။ သင့်ဖခင် ပုဏ္ဏားကြီးသည်ပင် ဤရာဇဂြိုလ်မြို့မှာ လူဖြစ်ပြီးပြီး ဥပသာဠက နာမည်တူ တစ်ခုတည်းနဲ့ ဘဝပေါင်းတစ်သောင်းလေးထောင် တိတိ သေဆုံးမြှုပ်နှံခဲ့ဖူးပါတယ်။ အခြားနာမည်နှင့်သေဆုံးလို့ မြှုပ်နှံခဲ့ရတဲ့ဘဝတွေကတော့ ရေတောင်ရေတွက် နိုင်မည်မဟုတ်ပါဘူးလို့ မိန့်ကြားတော်မူပါတယ်။
ဘဝရလျှင် သေရတာထုံးစံဓမ္မတာတစ်ခုပါ။ဘဝတွေအကြိမ်ကြိမ်ရလို့ အကြိမ်ကြိမ်အခါခါလည်းသေရ ပါတယ်။ သတ္တဝါတိုင်း မသေဖူးတဲ့ နေရာ၊ မဖြစ်ဖူးတဲ့နေရာဆိုတာမရှိနိုင်ပါဘူး။နေရာတိုင်းမှာ ဖြစ်ဖူးပြီး နေရာတိုင်းမှာ သေခဲ့ဖူးပါတယ်။ ကောင်းမှာလည်း သေဖူးတယ်။ ရေထဲမှာလည်းသေဖူးတယ်။ မသေချင်ရင်တော့ ဘဝမရအောင် လုပ်ရပါမယ်။ ဘဝမရလျှင် မသေရပါဘူး။ ဘဝမရချင်ရင် ဘဝကို မတွယ်တာနဲ့ ဘဝကို မခင်မင်နဲ့ ဘဝကိုမစွဲလန်းနဲ့၊ မတွယ်တာနဲ့၊ဘဝကို မခင်မင် မစွဲလန်း မတွယ်ရအောင်လုပ်ရမယ့် လုပ်ငန်းက ဝိပဿနာအလုပ်ပဲဖြစ်ပါတယ်။ ဝိပဿနာအလုပ်ကို တစိုက်မတ်မတ်လုပ်မယ်ဆိုရင် အိုခြင်း နာခြင်း သေခြင်း သဘောရှိတဲ့ ခန္ဓာ၊ မမြဲသော ဆင်းရဲသော အစိုးမရသောဘဝခန္ဓာတွေအပေါ် ငြီးငွေ့မုန်းတီးပြီး နောက်ထပ် ဘဝကိုမလိုချင် မခင်မင် မစွဲလန်း မတွယ်တာတော့ပါဘူး။ ဘဝကိုမခင်မင် မစွဲလန်း မတွယ်တာရင် ဘဝခန္ဓာ ချုပ်ငြိမ်းရုပ်သိမ်းအောင် ဝိပဿနာတရားကို ပိုပြီးခရီးရောက်အောင် အားထုတ်ဖြစ်မှာပါ။ ဝိပဿနာတရားကို ခရီးရောက်အောင် အားထုတ်လိုက်ပြီဆိုရင် ဖြစ်ခြင်း ပျက်ခြင်းကို မြင်၊ မုန်း၊ ဆုံးသွားရင် နောက်ထပ်ဘဝ မရနိုင် တော့ပါဘူး။ နောက်ထပ်ဘဝမရရင် နောက်ထပ်သေစရာလည်းမလိုတော့ကြောင်း မြတ်စွာဘုရှင်က တရားဟောပြတဲ့အခါ သားအဖနှစ်ယောက်လုံး သောတာပန်တည်သွားပါတယ်။
အားလုံးသော သူတော်ကောင်းများလည်း ထိုဒေသနာတော်အရ မသေချင်ရင် ဘဝမရအောင် ဒါန၊ သီလ၊ သမထ၊ ကိုအခြေခံပြီး ဝိပဿနာတရားကို တစိုက်မတ်မတ်အားထုတ်ကြပါဟု တိုက်တွန်းအသိပေးလိုက်ရပါ သည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာ စိတ်ချမ်းသာ၍ လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်စုံကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
http://www.wiradhamma.blogspot.com/
ဦးဇင်းဘလော့မှာလည်းလာရောက်လေ့လာဖတ်ရှုနိုင်ပါသည်။
[www.forverfriends.ning.com]
No comments:
Post a Comment