Thursday, February 16, 2012

သတိနဲ့ ကိုယ့်စိတ်ကို ကိုယ်သိ (အပိုင်း-၇) (ဆရာတော်ဦးဇောတိက)

…စိတ်ချမ်းသာအောင်နေတယ်ဆိုတာဟာ လူ့သဘာဝတစ်ခု ဖြစ်ပါတယ်။ ခဏ ခဏ ဘုန်းကြီးပြောလေ့ရှိတယ်။ Meditation is human nature. တရားအားထုတ်တယ်ဆိုတာ လူ့သဘာဝပါ။ လူ့သဘာဝဖြစ်လို့ လူတွေက ဒါကို ဖြစ်အောင် ကြိုးစားပြီးတော့ လုပ်နေကြတာပါ။ လုပ်လို့လည်း အောင်မြင်သွားတာ။ လူ့သဘာဝဖြစ်လို့ ဘုရားမပွင့်ခင်ကတည်းက တရားအားထုတ်တယ်ဆိုတာ ရှိတာပဲ။ ဒါတင်မကသေးဘူး။ Meditation is human need. တရား အားထုတ်တယ်ဆိုတာဟာ လူရဲ့လိုအပ်ချက်ဖြစ်ပါတယ်။ မရှိရင် မဖြစ်ဘူး။



…အစားအစာတစ်ခုကို မစားပဲနေရင် ကြာရင် အာဟာရချို့တဲ့ တဲ့ရောဂါ ဖြစ်လာတယ်နော်။ ထို့အတူပဲ (တိုက်ရိုက်တည့်တည့်ကြီး ကို ပြောချင်တာ) တရားအားမထုတ်တဲ့သူဟာ စိတ်မှာ ချို့တဲ့မှု ရှိပါတယ်။ တခြား ဘယ်လောက်ပဲ ပြည့်စုံနေ ပြည့်စုံနေ တရား အားမထုတ်ရင် သူ့မှာ ချို့တဲ့မှု ရှိနေတယ်။



…သာမန်အားဖြင့် လူတွေဟာ လူတစ်ယောက်က နောက်လူတစ်ယောက်ကို ကြည့်လိုက်ရင် အဲဒီလူကိုလည်း အဟောင်းကြီးလို့ မြင်ရ တာပဲ။ ကိုယ့်ကိုယ်ကို ပြန်စဉ်းစားရင်လည်း ကိုယ့်ဟာကိုယ်လည်း အဟောင်းကြီး ဖြစ်နေမှာပဲ။



…တရားအားထုတ်လို့ စိတ်ငြိမ်းချမ်းသွားရင် ဘာကြည့်ကြည့် အားလုံးဟာ အသစ်ပဲ။ လန်းဆန်းနေတယ်။ အသစ်ဖြစ် နေတယ်။ အရာရာတိုင်းဟာ လှနေတယ်။ အဲသလိုစိတ်နဲ့ နေ့တိုင်းနေသွားနိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။



…လူတွေဟာ စိတ်ထဲမှာ ပြည့်ကျပ်နေတာပဲ။ လူတွေရဲ့စိတ်ဟာ ဘာမှအသုံးမ၀င်တဲ့ ပစ္စည်းအဟောင်းအမြင်းတွေကို စုပြုံပြီးတော့ ပြည့်ကျပ်အောင် သိမ်းထားတဲ့ ကုန်လှောင်ရုံကြီးနဲ့ တူနေတယ်။



…ဒီလို တရားထိုင်ပြီး လုံးလုံး စိတ်ရှင်းသွားတော့ စိတ်မှာ ကြည်လင်အေးချမ်း ငြိမ်းချမ်းပြီး အင်မတန် သန့်ရှင်းသွားတာ၊ ကိုယ့်စိတ်က ဘုရားခန်းလေးလို ဖြစ်သွားတယ်။ ပစ္စည်းအပိုဆိုလို့ ဘာမှ ဒီအထဲမှာ မရှိတော့ဘူး။ မြင့်မြတ်တဲ့ စိတ်ကလေးပဲ ရှိတယ်။



…တရားအားထုတ်လို့ ပိုပြီး သတိ၊ သမာဓိတွေ ရင့်ကျက်ပြီး ပိုသိမ်မွေ့တဲ့ အာရုံတွေကို သိနိုင်တဲ့အဆင့် ရောက်ရင်တောင်မှ အာနာပါနနဲ့ ထိသိကို အခြေခံအနေနဲ့ ဘယ်တော့မှ လက်မလွတ်သင့်ဘူး။



…ဘယ်အချိန်၊ ဘယ်အခါ၊ ဘယ်နေရာဖြစ်ဖြစ် တတ်နိုင်သလောက် စိတ်ကို စုစည်းပါ။ ဒါဟာ ပထမအဆင့်အနေနဲ့ အရေးကြီးဆုံးပဲ။ အတိတ် အနာဂတ်ကို တွေးပြီးတော့ မေ့မြောမနေဖို့ အရေးကြီးတယ်။



…သတိနဲ့ မနေတတ်တဲ့သူဟာ အတိတ်ကို တွေးနေတာများမယ်။ အတိတ်က အဆင်မပြေခဲ့တာတွေကို တွေးနေမယ်။ အဲဒီလို မဖြစ်ပဲ ငါမှန်းသလို ဖြစ်ခဲ့ရင်…..ဆိုပြီးတွေးမယ်။ အဲဒါ အတိတ်ကို ကိုယ်ဖြစ်ချင်သလိုဖြစ်အောင် ပြန်လုပ်သလို ဖြစ်နေတယ်။ အတိတ်ကို ပြင်ဖို့ ကြိုးစားနေတယ်။ အတိတ်ကို ပြင်ဖို့ ကြိုးစားနေတဲ့သူတွေ သိပ်များပါတယ်။ ဒါပေမယ့် အတိတ်ကို ပြင်ဖို့ ကြိုးစားတာဟာ ဘယ်လိုမှ စိတ်ချမ်းသာမှု ရနိုင်တဲ့အလုပ် မဟုတ်ပါဘူး။ အတိတ်က သင်ခန်းစာယူပြီးရင် ပြီးပြီ။ နောက်ထပ် ဘာမှ လုပ်ဖို့ မလိုတော့ဘူး။



…လုပ်သမျှကိစ္စတွေကို သတိလေးနဲ့ သိ သိပြီးတော့ နေလို့ရှိရင် အဲဒီသိနေတဲ့အတွက်ကြောင့် စိတ်က ပစ္စုပ္ပန်မှာ ရှိနေတယ်။ ပစ္စုပ္ပန်မှာရှိနေတဲ့အတွက်ကြောင့် အတိတ်အကြောင်းကို အများကြီး မတွေးဖြစ်ဘူး။ အနာဂတ်အကြောင်းကို အများကြီး မတွေးဖြစ်ဘူး။ ကိုယ်တွေးလိုက်တဲ့အတွေးဟာ တကယ်တွေးမှဖြစ်မယ့် အရေးကြီးတဲ့ အတွေးဆိုရင် ဆက်တွေးမယ်။ ကိုယ်တွေးနေတဲ့အတွေးက တကယ်အရေးကြီးတာ မဟုတ်ပဲနဲ့ ဘာမှလည်း လုပ်လို့မရတော့တဲ့ ကိစ္စဆိုရင် တအုံနွေးနွေး မတွေးတော့ဘူး။



…လူတော်တော်များများဟာ ဖြစ်ပြီးသားကိစ္စ၊ ဘာမှ ပြန်လုပ်လို့ မရတော့တာကိုပဲ တအုံနွေးနွေး ထပ်ကာထပ်ကာ တွေးပြီးတော့ စိတ်ဓါတ်အင်အားတွေ ကုန်သွားတတ်ကြတယ်။



…သတိလေးနဲ့ နေတဲ့အခါမှာ အတွေးအတော မရှိဘူး။ အတွေးမရှိတဲ့အခါ ဖြစ်ပေါ်နေတဲ့ အာရုံဟာ ဘယ်လိုအာရုံပဲဖြစ်ဖြစ်၊ ချမ်းသာ တဲ့ဝေဒနာဖြစ်ဖြစ်၊ ဆင်းရဲတဲ့ဝေဒနာဖြစ်ဖြစ်၊ ဥပေက္ခာဝေဒနာပဲဖြစ်ဖြစ် ကိုယ်နဲ့ ဘာမှ မဆိုင်သလိုပဲ မြင်ရတယ်။ ဘယ်လိုဝေဒနာ သဘောပဲဖြစ်ဖြစ်၊ သုခပဲဖြစ်ဖြစ်၊ ဒုက္ခပဲဖြစ်ဖြစ်၊ ထုံတာပဲဖြစ်ဖြစ်၊ ကျဉ်တာပဲဖြစ်ဖြစ်၊ ကိုက်တာပဲဖြစ်ဖြစ် စိတ်ကလေးကို အသာလေး လျော့ထားပြီးတော့ သူ့အပေါ်မှာ (resistant) လက်မခံချင်တဲ့စိတ် လုံးဝမရှိပဲနဲ့ သိနေလို့ရှိရင် သူ့ရဲ့သဘာဝ ဟာ ပြောင်းသွားမယ်။ စိတ်ကို relax လုပ်ပြီးတော့ နူးညံ့နေတဲ့စိတ်ကလေးနဲ့ သိနေရလို့ရှိရင် သက်သာမှု လည်းရသွားတယ်။ တကယ်ပြောရမယ်ဆိုရင် ခန္ဓာကိုယ်မှာပဲ နာတာပါ။ စိတ်ထဲရောက်အောင် နာလို့မရပါဘူး။



…ဒါကြောင့် ဘယ်လို ဝေဒနာမျိုးဖြစ်လာဖြစ်လာ အဲဒီဝေဒနာကို စိတ်အေးအေးနဲ့ ကြည့်ဖို့လိုပါတယ်။ အခုလောလောဆယ် ကြုံတွေ့နေရတဲ့ ဒီလို ဝေဒနာမျိုးကို သတိလေးနဲ့ အေးအေးလေး ကြည့်တဲ့အကျင့် ရသွားတဲ့လူဟာ ဒီထက်ပိုဆိုးတဲ့ ဝေဒနာမျိုး ကြုံလာရင်လည်း ဒီအရည်အချင်းဟာ တဖြည်းဖြည်း တိုးတက်လာမှာပဲနော်။



…တချို့ဝေဒနာတွေဟာ ဆေးဝါးကုသလည်းပဲ ပျောက်ချင်မှ ပျောက်မယ်။ မပြောနိုင်ဘူး။ အဲဒီအခါဖြစ်ပေါ်လာတဲ့ ဝေဒနာပေါ်မှာ ကိုယ့်သဘောထားမှန်ဖို့ အရေးကြီးတယ်။



…ဒုက္ခကို တွန်းဖယ်ရင် (resist) လုပ်ရင် ဒုက္ခဟာ ပိုဆိုးတယ်။ ဒါကြောင့် resist မလုပ်ဘဲနဲ့ လိုလိုချင်ချင် ရှုမှတ်ပါ။ တခါတလေ သူ့ကို သတိနဲ့ကြည့်ရင်း ကြည့်ရင်းနဲ့ သက်သာသွားတာလည်းရှိတယ်။ တခါတလေ မသက်သာတဲ့ အခါလည်း ရှိတယ်။ မသက်သာရင် စိတ်ထဲမှာ tension (တင်းကျပ်မှု) များလာတယ်။ ခန္ဓာကိုယ် ကြွက်သားတွေ တင်းတောင့်လာတယ်။ စိတ်ကလည်း မကျေနပ်တဲ့စိတ် ဖြစ်လာတယ်။ အဲဒီမကျေနပ်တဲ့စိတ်ကို သိပြီးတော့ အသာလေးနေလို့ရှိရင် နာတဲ့ဝေဒနာ ရှိပေမဲ့ စိတ်ထဲမှာ တင်းကျပ်မှုမရှိဘူး။ ဒါကြောင့် အရင်ဆုံး စိတ်ထဲမှာ တင်းတာကို သိအောင်ကြည့်ပါ။ ကြည့်ရင်း ကြည့်ရင်းနဲ့ နောက်ဆုံးမှာ တကယ်ပဲ ဘယ်လိုနည်းနဲ့မှ သည်းမခံနိုင်တော့ဘူးဆိုရင် သတိလေးနဲ့သိပြီးတော့ ခန္ဓာကိုယ်၊ ခြေ၊ လက် အနေအထားကို ပြင်လိုက်ပါ။



…အခုဖြစ်နေတဲ့ ဝေဒနာက ထိုင်တုန်းမှာ ခေတ္တခဏ ဖြစ်ပေါ်လာတဲ့ ဝေဒနာလေးပဲ။ အခုချက်ချင်း ခြေ၊ လက် အနေ အထားကို ပြင်လိုက်ရင် ပျောက်သွားမှာ။ ဘယ်လောက်မှ မကြီးကျယ်ဘူး။ နောင်တစ်ချိန်ချိန်မှာ ဘယ်လိုနည်းနဲ့မှ ဖျောက်လို့မရတော့တဲ့ ဝေဒနာတစ်ခုခု၊ မသွားနိုင် မလာနိုင် အိပ်ရာထဲမှာပဲ အိပ်ပြီးတော့ ဝေဒနာတစ်ခုခုကို တာရှည်ခံစား ရမယ်ဆိုရင် ခန္ဓာကိုယ်မှာပင် နာသော်လည်းပဲ စိတ်မှာ မနာအောင် ဘယ်လိုနေမလဲ။ ဘယ်လိုစိတ်ထားမျိုးနဲ့ ကြည့်မှာလဲ။ အဲဒီစိတ်ထားမျိုးကို ကြိုတင်ပြင်ဆင်ထားဖို့ ကောင်းတယ်။ အဲဒီအတွက် အခုကတည်းက ကြိုတင်ပြီးတော့ လေ့ကျင့်ထားပါ။


...အပိုင်း (၈) ဆက်လက် မျှဝေပေးပါမည်..




Shared from Ma Sai Mon

No comments:

Post a Comment