Saturday, December 24, 2016

ဝိပဿနာ ကို လှည့်စားသူများ



ဝိပဿနာ အားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေများဟာ သံသရာက လွတ်မြောက်ရာ နိဗ္ဗာန်ရဖို့ ထက် ပထမဆုံး အပါယ်လေးပါးလွတ်မြောက်ရာ သောတာပန် ဖြစ်ဖို့ ကျင့်ကြံအားထုတ်နေကြရပါတယ်။
စစ်မှန်တဲ့ မဂ်ဖိုလ် ရဖို့ ၊ အတုရောင် မဂ် နဲ့ မကြုံတွေ့ ထားရင် စစ်မှန်တဲ့မဂ်ဆိုတာ သိဖို့ ခက်ခဲပါတယ်။ဘုရားရှင်သက်တော်ထက်ရှားရှိစဉ်က တရားနာရင်းပင် သောတာပန်၊သကဒါဂါမ်၊အနာဂမ် နဲ့ ရဟန္တာ ဖြစ်သွားကြသူအရိယာများ ရှိကြသော်လည်း၊မျက်မှောက်ခေတ်ကာလမှာတော့.. ကိုယ်တိုင် ကျိုးစားအားထုတ်မှသာ မဂ်ဉာဏ်ဖိုလ်ဉာဏ်ရကြမယ်ဆိုတာ ယုံမှား သံသယ ဖြစ်ဖွယ်မရှိပါ။အဲဒီလို ကျိုးစားနေကြသော ဓမ္မမိတ်ဆွေများအတွက် အထောက်ကူဖြစ်စေရန် ဖတ်ရှုထားမိသော စာမျက်နှာ တစ်ခုကို ဓမ္မဒါနပြုလိုက်ပါသည်။
မြတ်စွာဘုရားရှင်သက်တော်ထင်ရှားရှိစဉ် အချိန် ရှင်မဟာကဿဖကိုယ်တော်ကြီးက ဘုရားသခင်ကိုယ် တော်မြတ်ကြီးကို မေးပါတယ်…။
အရှင်ဘုရား … တဲ့ "သိက္ခာပုဒ်" တွေ "နည်း" တုန်းက "ရဟန္တာ" တွေ သိပ်ဖြစ်တာဘဲ … တဲ့ ။
အရှင်ဘုရားက သိက္ခာပုဒ်တွေ ပေါ်တိုင်းပေါ်တိုင်း၊ တိုးလိုက်တော့ နှစ်ရာ့နှစ်ဆယ် -ခုနှစ် သွယ်တောင်ဖြစ်သွားတော့ ရဟန္တာအဖြစ် နည်းသွားတယ်ဘုရား၊ အဲဒါဘာကြောင့်ပါလိမ့်မတုံးလို့ ဘုရားကို လျှောက်တယ်.. တဲ့။
မြတ်စွာဘုရားက ဘယ်လိုဖြေသလဲဆိုတော့...
"သဒ္ဓမ္မပဋိရူပက"ဆိုတာရှိတယ်… တဲ့ ၊ အဓိပ္ပါယ်က တရားအတုတွေ ပေါ်လာလို့ရှိရင်လည်း အဲဒီတရားတုတွေ ပေါ်လာတဲ့အတွက်ကြောင့် "ရဟန္တာ"အဖြစ်နည်းတယ် .. . တဲ့ ။

တကယ်ကို ကျိုးစားအားထုတ်နေတဲ့ ဓမ္မမိတ်ဆွေတွေရဲ့ ဉာဏ်စဉ်ဟာ တက်လာတာနဲ့အမျှ ဖြစ်ပျက်မြင်လာတဲ့ "ဥဒယဗ္ဗယဥာဏ်"မှာ "အဓိဂမပဋိရူပက" လို့ ခေါ်တဲ့ "နိဗ္ဗာန် အတု" ဝင်တတ်ပါတယ်။
အဲဒီနိဗ္ဗာန်အတုဝင်လာတဲ့ အခါ ယောဂီဟာ ဒါ "နိဗ္ဗာန်"ဘဲဆိုပြီး တရားရပ် ပစ်လိုက်တတ်ကြပါတယ် … ။

ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးက ဟောပါတယ်....
"ငါတော့ဖြင့် "သောတာပတ္တိမဂ်" ဆိုက်ပြီ "နိဗ္ဗာန်" မြင်ပြီဆိုပြီးတော့ ရပ်လိုက်တော့ တရားကတော့ "ဥဒယဗ္ဗယ" ဖြစ်ပျက်ဆိုတော့ ဆုံးမှမဆုံးသေးဘဲ…၊မဆုံးသေးချိန်မှာ ဒကာ ဒကာမတွေ မှတ်ထားလိုက်စမ်းပါတဲ့၊ နိဗ္ဗာန်အတု ဝင်လာတယ်။ ရဟန္တာ အဖြစ်နည်းတာ နိဗ္ဗာန်အတုဝင်လို့ပါ....တဲ့။"
ဓမ္မမိတ်ဆွေတို့ သိထားသင့်တဲ့ အဲဒီ မဂ်အတု ၁၀ပါး ဖေါ်ပြပေးလိုက်ပါတယ်။
ခုနပြောသလို ဓမ္မမိတ်ဆွေဟာ ဉာဏ်စဉ်တက်လာလို့  ဖြစ်ပျက်မြင်တဲ့အချိန်မှာ အဲဒီမဂ်အတု ထဲက တမျိုးမျိုး နဲ့ ကြုံတွေ့ တတ်ပါတယ်။
၁။ သြဘာသ=အလင်းရောင်
၂။ ပီတိ=၀မ်းသာမှုလွန်ကဲလာခြင်း
၃။ ဉာဏ=ဉာဏ်ထက်မြက်ခြင်း
၎။ ပဿဒ္ဓိ=ကိုယ်စိတ်ငြိမ်းအေးနေခြင်း
၅။ သုခ=တစ်ကိုယ်လုံးချမ်းသာမှုစိမ့်နေခြင်း
၆။ အဓိမောက္ခ=လွန်ကဲသောယုံကြည်မှုသဒ္ဓါဖြစ်ခြင်း
၇။ ဥပဋ္ဌာန=စွဲမြဲသောသတိကောင်းနေခြင်း
၈။ ပဂ္ဂဟ=လုံ့လ၀ီရိယဇွဲထက်သန်နေခြင်း
၉။ ဥပေက္ခာ=၀ိပဿနုပေက္ခာနှင့်အာဝဇ္ဇနုပေက္ခာတို့ဖြစ်ခြင်း
၁၀။ နိကန္တိ=ရှေ့ပိုင်းကိုးမျိုးကိုနှစ်သက်တွယ်တာခြင်းဆိုပြီး (၁၀)မျိုးရှိပါတယ်။
ခုလို မသိထားပြန်ရင်လည်း ကမ္မဋ္ဌာန်းဆရာမပါဘဲ မိမိဖာသာ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေထဲ ဝိပဿနာမကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တို့က "မဂ်ရပြီ" လို့ ထင်ပြီး ရှေ့ဆက်အားမထုတ်တော့ဘူးဆိုရင် တရားထူးရမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီမဂ်တု(၁၀)မျိုးကိုတော့ ဝိပဿနာအားထုတ်သူတိုင်း သိထားသင့်ပါတယ်။
အဲဒီ မဂ်အတု(၁၀)ပါးကို...
"ဝိပဿနုပက္ကိလေသ"=ဝိပဿနာညစ်ညူးကြောင်းတရားများ”လို့ ခေါ်ပေမဲ့...
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော် ဘုရားကြီးကတော့ မှတ်ရလွယ်ကူအောင်
"မဂ်တု (၁၀)ပါး"လို့ သုံးနှုန်းလေ့ ရှိပါတယ်။

( ၁ ) "သြဘာသ"=အလင်းရောင်

ခန္ဓာကိုယ်က အရောင်အဆင်း ထွက်တတ်တယ်..တဲ့၊ ဖြစ်ပျက်အားထုတ်ရင်း"ဥဒယဗ္ဗယဥာဏ်"က ရင့်သန်လာတော့ မိမိ ရဲ့ ခန္ဓာကိုယ်က အရောင်အဆင်း ထွက်လာတတ်ပါတယ် …
အဲဒီလို ကိုယ်ပေါ် အရောင်အဆင်းထွက်လာတော့...
သြော်… ဒါ "မဂ်"က ထွက်လာတဲ့ အရောင်ပဲ ဆိုပြီး ဒါ "မဂ်ဥာဏ်"ရတဲ့သဘောဘဲလို့ ကိုယ့်ဟာကိုယ်ထင်တတ်ကြပါတယ်… ဒါ့ကြောင့် အရောင်အဆင်းကို အာရုံပြုပစ်လိုက်ကြပါတယ် ။
အရောင်ဘက်လှည့်သွားပြီး သာယာ ပစ်လိုက်တဲ့အခါ ဥာဏ်ကတော့ မရှိတော့ပါဘူး၊ သို့ သော် အရောင် ကတော့ ထွက်လျက်ပါဘဲ …။ အဲဒီမှာလည်း သူ့ဟာသူ "မဂ်" ရလို့ ခန္ဓာက အရောင်ထွက်လာတာဘဲဆိုပြီး ရပ်ပစ်လိုက် တော့ တရားတု ဝင်လာတတ်တယ်..တဲ့၊ နိဗ္ဗာန်လည်း မဟုတ်ဘူး၊မဂ်လည်း မဟုတ်ဘူး…။
တစ်ချို့ တွေ ဘယ်လောက်တောင် အရောင်ထွက်သလဲ ဆိုယင်...
တင်ပလ္လင်ခွေတစ်ခုလုံးမှာ တစ်ကိုယ်လုံးကနေပြီး အရောင်တွေဖြာထွက်တတ်တယ်...တဲ့။
တစ်ချို့ ကျ တော့လည်း ဒီတိုက်တစ်ခုလုံးမြင်လာအောင်ထွက်တတ်တယ်။တစ်ချို့ ကျတော့လည်း ကောင်းကင်ကကျအောင်လင်းတယ်၊
မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီး က အဲဒီလို ဖြစ်ပျက် မြင်တဲ့ဥာဏ်တုန်းက ဆိုရင် အောက်အဝီစိ ကျအောင်လင်းတယ်… ၊ အထက်ဗြဟ္မာပြည်ထိ အောင် လင်းထွက်တယ်… လို့  မိုးကုတ်ဆရာတော်ကြီး ဟောထားတဲ့ တရားမှာ နာကြားဖူးပါတယ်။
အဲဒါကို မဂ်ရလို့ထင်ပြီး ယောဂီပုဂ္ဂိုလ်က အားထုတ်နေရက ရက်ပစ်လိုက်တတ်တယ် ၊ ငါ မဂ်ရလို့ အရောင်ထွက်တာဘဲဆိုပြီး အရောင်ဘက်လှည့်လိုက်တယ်၊ ဟိုဖြစ်ပျက် ဖက် ပြန် မလှည့်တော့ဘူး… .အားရတင်းတိမ်တဲ့ဘက် လှည့်သွားပါတော့တယ်…. ။အဲဒီအခါမှာ.. တရားထူးရဖို့ လွဲချော်ရပါတော့တယ်။


( ၂ ) "ပီတိ"=၀မ်းသာမှုလွန်ကဲလာခြင်း

အရောင်မလာတဲ့ပုဂ္ဂိုလ်မှာတော့ ပီတိဆိုတာလာပါလိမ့်မယ် …
ပီတိဆိုတာက တစ်ခါတည်း ခန္ဓာကိုယ်ကြီးကြွသွားပြီး၊ ပေါ့ပါးသွားပြီး၊ ကြက်သီးတွေက ထ..လို့ ကောင်းကင်ပျံ တော့မလိုလို၊ ထိုင်ရမှန်းမသိ၊ ထရမှန်းမသိ၊ ဒီလိုဖြစ်လာတတ်ပါတယ်… ။
ဒါကလည်း "ဥဒယဗ္ဗယ" - ဆိုတဲ့ ဖြစ်ပျက်ကို မြင်တဲ့ဥာဏ်ကြောင့် ဖြစ်ပေါ်လာတတ်တာပါဘဲ…။
ပီတိ-ငါးမျိုးရှိပါတယ်
ခုဒ္ဒကာပီတိ၊
ခဏိကာပီတိ၊
သြကန္တိကာပီတိ၊
ဥဗ္ဗေဂါပီတိ၊
ဖရဏာပီတိ လို့ ဆိုပြီး ဒီ ပီတိ( ၅ )မျိုး ဟာ ဖြစ်ပေါ်လာသည်။
လေ့လာထားသလောက် "ပီတိ" ( ၅ )မျိုးကို အကျယ်ချဲ့ ပြီး ဖေါ်ပြပါရစေ။

♦ခုဒ္ဒကာပီတိ
မိမိကိုယ်ထဲမှာဖျင်းခနဲ့ ကြက်သီးထခြင်း၊ အသားရေ ဆိုးဆိုးဆတ်ဆတ်လှုပ်ခြင်း၊ မျက်ရည်ယိုထွက်ခြင်း၊ ရင်ထဲနှလုံးထဲ၌ ဖိုကနဲ့၊လှိုက်ကနဲ့တက်ကြွခြင်း၊ ကိုယ်ထဲ၌ စိမ့်ကနဲ့၊ ငြိမ့်ကနဲ့ ကောင်းသွားတာတွေ တို့ကိုဖြစ်စေပြီးတော့ တစ်ကြိမ်ထဲ နဲ့  ပျောက်ငြိမ်းသွားတဲ့ နှစ်သိမ့်အားရမှုဟာ"ခုဒ္ဒကာပီတိ"ပဲ ဖြစ်ပါတယ်။

♦ခဏိကာပီတိ
သေးငယ်တဲ့ နှစ်သိမ့်အားရမှု လို့ ဆိုလိုပါတယ်။ တဖျင်းဖျင်းနှင့် ကြက်သီးထခြင်း စသည် တို့ကို ဆင့်ကာဆင့်ကာ အကြိမ်များစွာဖြစ်စေပြီး လျှပ်ပျက်သလိုမျိုး ခဏခဏ အထပ်ထပ်ဖြစ်ပေါ်တဲ့ နှစ်သိမ့်အားရမှုဟာ "ခဏိကာပီတိ" ပင် ဖြစ်ပါတယ်။

♦သြကန္တိကာပီတိ
ပါဠိအဋ္ဌကထာတွေ ကို ထောက်ရှု၍ ပီတိကြောင့် မျက်ရည်ယိုခြင်း၊ ငိုခြင်းများလည်း ဖြစ်တတ်သည် ကို မှတ်သားအပ်ပါတယ်။ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားတော့မည့် အနေအထားနဲ့ မိမိကိုယ်ထဲမှာ ဖျင်းဖျင်းစိမ့်စိမ့် ငြိမ့်ငြိမ့်နှင့် လှိုက်လှိုက်လှဲလှဲပြည့်တက်ပျံ့နှံ့လာပြီးတော့ ပျောက်ပြယ်သွားတတ်သော နှစ်သိမ့်အားရမှုဟာ"သြကန္တိကာပီတိ"ဖြစ်ပါတယ်။
ဥပမာ- ကမ်းကိုဖုံးလွှမ်းသွားမည့်အနေဖြင့် အတင်းပြေးလာသော ပင်လယ်လှိုင်းလုံးကြီးတွေဟာ ကမ်းစပ်ကို ရောက်ပြီဆိုရင် ပျက်ပြယ်သွားသလိုဘဲ မိမိခန္ဓာကိုယ်ထဲမှာ လှိုက်လှဲ ပြင်းထန်ပြီး၊ သက်ဝင်လာပြီးတော့တဖန်ပျက်ပြယ်သွားတဲ့ အားရနှစ်သိမ့်မှု လိုမျိုး လို့ ဆိုလိုတာပါ။

♦ဥဗ္ဗေဂါပီတိ
မိမိကိုယ်တိုင်ပင် ဘယ်လိုဖြစ်နေတယ်လို့ မသိနိုင်လောက်အောင်ဖျင်းဖျင်းစိမ့်စိမ့် နဲ့ အားကောင်းစွာ ဖြစ်ပေါ်လာပြီး၊အဲဒီလို ပေါ်လာပြီးရင် တစ်ကိုယ်လုံးဖြစ်စေ၊ ကိုယ် အင်္ဂါတစ်စိတ်တစ်ပိုင်းကိုဖြစ်စေ တက်ကြွလှုပ်ရှားလွင့်စင် သွားစေနိုင်တဲ့ နှစ်သိမ့်အားရမှုဟာ "ဥဗ္ဗေဂါပီတိ"ဖြစ်ပါတယ်။
ယခုကာလမှာ ဤသိပဌာန်ရှုမှတ်နည်းအရ ရှုမှတ်သောသူတစ်ချို့မှာ ကိုယ်အင်္ဂါတစ်စိတ်တစ်ပိုင်း မြောက်တက်သွားသည်ကို တွေ့ကြရပါတယ်။ တစ်ချို့မှာလည်း ကိုယ်တစ်စိတ်တစ်ပိုင်း ကြွတက်နေသည်ကို တွေ့ကြရတယ်။ လက်၊ခြေ၊ခေါင်များ ဆတ်ခနဲ၊ ဖြတ်ခနဲအလိုလို လှုပ်ရှားသွားတာ ကိုလည်း တွေ့ကြရပါတယ်။ တစ်ဦးမှာမူကား ထိုင်နေတဲ့ဣရိယာပုဒ် မပျက်ပဲ နဲ့ တစ်တောင်ခန့်မြင့်အောင် အကြိမ်များစွာ ခုန်လျှက်ခုန်လျှက် ဖြစ်နေသည်ကိုလည်း တွေ့ကြရပါတယ်။ ဒါက "ဥဗ္ဗေဂါပီတိ"ရဲ့ အစွမ်းလို့ ယုံကြည်အပ်ပါတယ်။

♦ဖရဏာပီတိ
ခန္ဓာတစ်ကိုယ်လုံးမှာ စိမ့်လျှက်အေးလျှက် အလွန်ခံသာ၊ အလွန်ကောင်းတဲ့အထိအတွေ့ ပီတိ၊ဇရုပ် တို့ကို ပျံ့နှံ့စေပြီး အလွန်အားကြီးစွာဖြစ်ပေါ်သော နှစ်သိမ့်အားရမှုဟာ "ဖရဏာပီတိ" ဖြစ်ပါတယ်။
အဲဒီပီတိ ဖြစ်နေခိုက်မှာ လေအပြည့်သွင်းထားတဲ ဘောလုံး လိုဘဲ ခန္ဓာကိုယ်ထဲ မှာ အတွေ့ကောင်းများ နဲ့  အပျံ့အနှံ့ပြည့် ကြပ်နေတယ် လို့ ထင်ရပါလိမ့်မယ်။ အဲဒီဖြစ်ပေါ်နေတဲ့အခိုက်မှာ တစ်စုံတစ်ခုသော ကိုယ်နုတ်အမူအရာ ဘာကိုမှ မပြုနိုင်ပဲ ငြိမ်သက်လျှက်သာ ရှိနေတတ်ပါတယ်။ မျက်တောင် မခတ်ချင်လောက်အောင်၊ မျက်စိမဖွင့်ချင်လောက်အောင် ငြိမ်သက်သိမ်မွေ့ပြီး အဲဒီပီတိအရသာကို ခံစားနေမိတတ်ပါတယ်။
ဒီပီတိ(၅)မျိုးကို အလွန် ထက်သန်အားကောင်းစွာ ဖြစ်သောသူမှာ လှစ်ခနဲတစ်ခဏမျှ မေ့သလို ဖြစ်ဖြစ်သွားတတ်ပါတယ်။
ဘုရားပွင့်တော်မူကြောင်းကို ကြားရသော သုမေဓာရှင်ရသေ့၊ အနာထပိဏ်သူဌေးကြီး၊ မဟာကပ္ပနမင်းကြီးတို့ရဲ့ ပီတိမျိုးပင်ဖြစ်သည်လို့ ယုံကြည်အပ်ပါတယ်။
အထက်ဖေါ်ပြခဲ့တဲ့အတိုင်းဖြစ်တတ်တဲ့အပြင် "ဘင်္ဂဉာဏ်"စတဲ့ အထက်ဉာဏ်တို့၏ အရာ၌လည်း မှတ်လို့ ကောင်းနေစဲမှာပင် လှစ်ကနဲ၊ မိုက်ကနဲ တစ်မှတ်နှစ်မှတ်စာမျှ ဖြစ်ဖြစ်သွားတတ်ပါတယ်။ အဲဒီနောက်ရှုမှတ်ရတာ အထူးကောင်းမွန် မြဲနေတတ်ပါတယ်။
ဒါကတော့ "ပီတိ"ရဲ့ အကြောင်းကို ပုံဖေါ်ပြောပြတာပါ။

( ၃ ) ဉာဏ=ဉာဏ်ထက်မြက်ခြင်း
သြဘာသေစေဝ ဥာဏေစ တစ်ခါတစ်လေကျတော့ဥာဏ်က သိပ်တက်လာပြီး၊ ဖြစ်ပျက်ကလေးတွေ စိပ်စိပ် - စိပ်စိပ်ပြီး လာတာကိုပင် လျှင် "ငါ့ ရဲ့ ဥာဏ်က သာမည အရင်ဥာဏ် မဟုတ်တော့ဘူး၊ ဒါ မဂ်ဥာဏ်၊ ဒီလောက်စူးစူးစိုက်စိုက်မြင်တာဘဲဆိုပြီး ဖြစ်ပျက်တွေ စိပ်စိပ်ကြီးမြင်လာလို့ရှိ ရင်လည်း ဒီဥာဏ်ဟာ "မဂ်ဥာဏ်"လို့ မမှတ်ယူလိုက်ပါနဲ့၊ ဒါဟာ "ဝိပဿနာမဂ်"ဘဲ ရှိပါသေးတယ် .။
လောကုတ္တရာမဂ် .. မဟုတ်သေးပါဘူး၊ ဒါပေမဲ့ အရင်ဥာဏ်နဲ့တော့ မတူပါဘူး.. တစ်ခါတည်းထိုးထွင်းပြီး သိလာတဲ့ဥာဏ်… ဖြစ်ပါတယ်။
အဲဒီဥာဏ်ကိုလည်း "အဓိဂမပဋိရူပက"ဆိုပါတယ်၊ "အဓိဂမပဋိရူပက"ဆိုတာက "မဂ်ရပြီ"လို့ထင်တတ်ပါတယ်၊
အဲဒါမျိုး ဖြစ်လာလို့ရှိရင် သြော်… ဒီဥာဏ်ဟာ ဝိပဿနာဥာဏ်ဘဲရှိသေးတယ်ဆိုပြီး သတိထားပြီးရှုမြဲ ဘဲ၊ ဆက်ရှုနေသင့်ပါတယ် … ။
သြဘာသေစေဝဥာဏေစ၊ ပီတိယာစ ဝိကမ္ပတိ တွေကြောင့်လည်း တုန်လှုပ်တတ်ပါ တယ်…။
တစ်ခါတစ်လေ ပဿဒ္ဓိ = တခါတည်း ရှုရင်းမတ္တ နဲ့ ဖြစ်ပျက်တွေမြင်ပြီး ကိုယ်ဟာကျောက်တိုင်ကြီးလိုဘဲ ဖြစ်နေတတ်ပါတယ်၊ ခန္ဓာကိုယ်ကြီးကလည်း ငြိမ်းသွားတယ်၊ စိတ်တွေလည်းငြိမ်းပြီးနေတယ်၊အဲဒါကတော့.. ဖြစ်ပျက်တွေမြင်လို့ ကိုယ်ငြိမ်း၊ စိတ်ငြိမ်း ဖြစ်တာနေတာပါ။

၎။ ပဿဒ္ဓိ=ကိုယ်စိတ်ငြိမ်းအေးနေခြင်း
ကိုယ်ငြိမ်း၊ စိတ်ငြိမ်းဖြစ်သွားပြန်တော့လည်း...
သြော် ဒါ "မဂ်အစစ်" မို့ ဒါလောက်တောင်ဘဲ ကိုယ်၏ ငြိမ်းခြင်း၊ စိတ်၏ ငြိမ်းခြင်းဖြစ်တာဘဲလို့ ဆိုပြီး၊ မိမိတို့ ရဲ့ အားထုတ်နေတဲ့ အလုပ်ရပ်ပစ်လိုက်တတ်ကြပါတယ်။ တကယ်တော့- ဥဒယဗ္ဗဥာဏ် ကြောင့်လာတဲ့ ပဿဒ္ဓိတွေပါဘဲ .. ။
အဲဒီချမ်းသာဟာ ကိုယ်ငြိမ်း၊ စိတ်ငြိမ်းတဲ့ တကယ်ငြိမ်းတာတွေလည်း ပဿဒ္ဓိ ပါဘဲ ၊ ဒီက သတိတွေ ကလည်း ဖြစ်ပျက်ပါဘဲ၊
ကိုယ့်ဖြစ်ပျက် မပျောက်ပါစေနဲ့၊ စိတ်ထဲမှာ ချမ်းသာလိုက်တာ ဘာချမ်းသာနဲ့မှ မတူ ဘူး ဆိုပေမယ့် ဖြစ်ပျက် ကို မြင်လို့ ချမ်းသာတာရှိသေးတယ်၊ ဒီ ချမ်းသာတဲ့ သုခကို ဖြစ်ပျက်ရှုပေးရမှာပါ။
အဲဒီလို ဥဒယဗ္ဗယနေရာမှာ တရားတု ဝင်နှိပ်စက်နေတတ်တယ် လို ဆိုပါတယ်။

၅။ သုခ=တစ်ကိုယ်လုံးချမ်းသာမှုစိမ့်နေခြင်း
ဒီ "ဥဒယဗ္ဗယ"ဆိုတဲ့ ဖြစ်ပျက် မြင်နေတုန်းမှာ ဥာဏ်ဓာတ်အကြည်က လေးလာပါတယ်…။ ဥာဏ်က မဂ်ဥာဏ်လည်းမဟုတ်သေးပါဘူး၊ ဝိပဿနာဥာဏ်ကနေ လုပ်တာပါ
တစ်ခါတလေများ ဒီ - သုခ ချမ်းသာနေလိုက်တာများ နတ်စည်းစိမ်နဲ့ မလဲနိုင်ဘူးဆိုတာတောင် လာပါတယ်…။
နတ်စည်းစိမ်ထက်တောင် ချမ်းသာသေးတယ်၊ ဒီအခုစိတ်ထဲ ချမ်းသာနေလိုက်တာ ဖြစ်ပျက်ကလေးတွေ ရှုပြီးချမ်းသာလုံးကလေးနဲ့ ကိုယ့်မှာ နေလိုက်ရတာတဲ့၊ သူ့မှာ ဖြစ်ပျက်ကတော့ မရှိတော့ဘူး၊ ချမ်းသာတဲ့ဘက် ကို ဉာဏ်က ရောက်သွားနေနှင့်တော့တယ်။
အဲဒီလို ချမ်းသာပြီးတော့ နှစ်သက်တတ်တဲ့ဘက် ရောက်သွားပြီဆိုတော့"မဂ်အစစ်" မဟုတ်တော့ဘူးဆိုတာ အသေချာပါဘဲ။
မမြင်ရသေးဘဲနဲ့ ယောဂီရဲ့ စိတ်ထဲမှာ တစ်ခါတည်း ငါတော့ဖြင့် သောတာပန်ဖြစ်ပြီဟေ့… ဆိုပြီး အဓိမာနနဲ့ ရပ်နေလိုက်မိကြပါတယ်။

၆။ အဓိမောက္ခ=လွန်ကဲသောယုံကြည်မှုသဒ္ဓါဖြစ်ခြင်း
အဓိမောက္ခောတိ သဒ္ဓါ၊ ဝိသုဒ္ဓိမဂ်၊…. အဓိမောက္ခဆိုတာလည်းလာတတ်ပါသေးတယ်တဲ့၊
မြတ်စွာဘုရားအပေါ် ယုံကြည်လိုက်တာ ကျုပ်ဖြင့် ဘယ်လိုကြည်ညိုနည်းနဲ့ ကြည်ညိုမှန်းကို မသိဘူး၊ သိပ်ယုံကြည်တာဘဲဆိုပြီး ဖြစ်ပျက်မြင်တုန်း ယုံကြည်တဲ့ သဒ္ဓါဆုံးဖြတ်ချက်ချတာ အကြီးအကျယ်လာတတ်လို့ အဲဒါကို ကျေနပ်မနေသင့်ပါဘူး။ သူလည်း သဒ္ဓမ္မပဋိရူပက ပါဘဲလို့ ဆိုပါတယ်။ မဂ်အတု ဖြစ်ပါတယ်။
ဘုရားကြည်ညိုရတာ အရင် ကြည်ညိုပုံနဲ့ မတူဘူးဆိုပြီး ဥဒယဗ္ဗယဥာဏ်ပေါ်လာတဲ့ အဲဒီအဓိမောက္ခကလေးဟာလည်း အဓိဂမပဋိရူပက ဆိုတာလည်းတဲ့ မဂ်တုကလေးအဖြစ်နဲ့ ဝင်လာတာဖြစ်လို့ ဒီဥစ္စာကို ငါမဂ်စစ်ရပြီလို ထင်နေတတ်ကြပါတယ်။

၇။ဥပဋ္ဌာန=စွဲမြဲသောသတိကောင်းနေခြင်း

ဥပဋ္ဌာနေစ ကမ္ပတိ သတိကလည်း ရှုတာ ကြာလာတော့ သတိက အရင်သတိမျိုး မဟုတ်တော့ဘူး၊ နည်းနည်းမှ မလွတ်တဲ့ သတိတွေ တစ်ခါတည်း လာလိုက်တဲ့အခါကျတော့...
ဒါဟာ မဂ်ဥာဏ်မို့ ဒီလောက်ထက်တာဘဲလို့လည်း ကိုယ့်စိတ်ထဲမှာ ထင်သွားတတ်တယ်။
မဂ်ဥာဏ်မို့ ဒါလောက်ထက်တာဘဲ .. လို့ ကိုယ်စိတ်ထဲမှာ ထင်သွားပြန်လို့ရှိရင်လည်း ခုနင်က အဓိဂမပဋိရူပက၊ အဓိဂမဆိုတာ မရဘဲနဲ့ရတယ်၊ ပဋိရူပက ဆိုတာကအလားတူ ၊ အလားတူကို အစစ်ထင်တတ်တယ်၊
သူ့တို့ ကို ဂရုမစိုက်နဲ့၊ ကိုယ့်ဖြစ်ပျက်နဲ့ကိုယ်နေလိုက်မယ်ဆိုရင် သူ့ဟာသူ ပျောက်သွားလိမ့်မယ်…။

၈။ပဂ္ဂဟ=လုံ့လဝီရိယဇွဲထက်သန်နေခြင်း
ယေဟိ စိတ္တံ ပဝေဓတိ၊ ပဂ္ဂဟောတိ ဝီရိယံ - ဆိုတာ...
ဝီရိယကလည်း …ဒီဖြစ်ပျက်မြင်တဲ့ ဥာဏ်နေရာမှာ အားထုတ်နေတဲ့ ဝီရိယကလည်း ရှေးက ဝီရိယမျိုး မဟုတ်တော့ဘဲ နဲ့ ရှုလိုက်တယ်ဆို ဥာဏ်နဲ့တွဲတွဲပြီးထွက်တဲ့ ဝီရိယဖြစ်ပြီးလာတော့..
သြော်…ဒီလို ဝီရိယမျိုး ငါ ပုထုဇဉ်တုန်းက ဘယ်တော့မှ မဖြစ်ဘူး - ဘူး၊ အခုအချိန် မှ တွေ့လာတဲ့ ဝီရိယ၊ ဘုရားရဟန္တာများဖြစ်တဲ့ ဝီရိယဘဲဆိုပြီး အဲဒီ ဝီရိယကလည်း အကြီးစား ဝီရိယဖြစ်နေလေတော့ ဒါဟာ သမ္မာဝါယမ မဂ္ဂင်အစစ်ဘဲ ထင်ချက်ထင်မြင်တတ်ပါတယ်။
စင်စစ်တော့ ဒါ ဖြစ်ပျက်မြင်လို့ပေါ်တာ ပါဘဲ။အဲဒီ ဝီရိယကိုလည်း ဖြစ်ပျက်ရှုရမှာဖြစ်ပါတယ်။

၉။ ဥပေက္ခာ=၀ိပဿနုပေက္ခာနှင့်အာဝဇ္ဇနုပေက္ခာတို့ဖြစ်ခြင်း
တတြမေဇ္ဈတ္တတာ.. ဆိုတဲ့ဥစ္စာ ပေါ်လာတော့ ဥပေက္ခာသဘော လာပေါ်လာပါတယ် ။
ဖြစ်ပျက်ကလေးတွေ ကိုယ့်စိတ်မှာတန်းတန်း၊တန်းတန်း၊ တန်းတန်းဖြစ်နေပြီးတော့ အဲဒါကိုလည်းမသာယာဘူး၊ ပြစ်မှားတဲ့ ဒေါသလည်း မလာဘူးဘဲ၊ အဲဒီ ဖြစ်ပျက်ကလေးတွေကို သာယာပြစ်မှားမှုကင်းပြီး မြင်နေတဲ့ အခါရှိပါတယ်။အဲဒီတော့ "တသြမေဇ္ဈတ္တတာ" ဆိုတဲ့ စေတသိက်ကဝင်ပြီး သူကမဂ်ဝင်လုပ်နေပါတော့တယ်…သဘောကတော့ လျစ်လျူရှုတဲ့သဘောပါဘဲ…။
အဲဒီတော့ ဒါမဂ်မဟုတ်သေးဘူးဆိုတဲ့ အမြင်ကတော့ဖြင့် သိပ်ရှင်းပါတယ်။သာယာမှု၊ ပြစ်မှားမှု ကင်းနေတာကို မဂ်အစစ် လို့ ထင်ပြီး ဖယ်တဲ့နည်းသာ သတိမပေးလို့ရှိရင် မဂ်ဘဲလို့ဆိုပြီ ရပ်ပစ်လိုက်တတ်ကြပါတယ်..

၁၀။နိကန္တိ=ရှေ့ပိုင်းကိုးမျိုးကိုနှစ်သက်တွယ်တာခြင်း
နိကန္တိဆိုတာ လာတတ်ပါသေးတယ်၊ နိကန္တိဆိုတာ တဏှာပါဘဲ။ ။
တဏှာက ဘယ်လိုဖြစ်လာသလဲ ဆိုတော့..
အို…ဒါ ငါ့အရောင်ဘဲ၊ နှစ်သက်ပစ်လိုက်တယ်၊ ခန္ဓာ ကိုယ်က အရောင်ထွက်လာရင်လေဟာ… ဒါ ငါ့မဂ်ဘဲ၊ အထက်က ရေးပြထားတဲ့ အရာ ဟာတွေကိုပေါ့။ ဒါငါ့ မဂ်တွေဆိုတဲ့နိကန္တိနှစ်သက်မှု၊ ခုနရေးပြထားတဲ့ ကိုးခုတွေကို နှစ်သက်လိုက်မိပါတယ်။
အဲဒီ နောက်ဆုံးပိတ် နှစ်သက်တဲ့တစ်လုံးဟာ အဆိုးဆုံးပါဘဲ… ။
အဓိဂမဆိုတာ မဂ်ဖိုလ် ကိုပြောတာဖြစ်ပြီး ပဋိရူပက ဆိုတာ အတုအယောင်ကိုပြောတာ ..ဖြစ်ပါတယ် ၊ အလားတူဖြစ်နေတဲ့ဥစ္စာ မဂ်နဲ့ အလားတူဖြစ်နေတာကို မရဘဲနဲ့ ရတယ်ထင်တတ်ကြပါတယ်။
မရပဲနဲ့ ရတယ်ထင်တတ်တယ်။
မရဘဲနဲ့ ရတယ်ထင်တာကို အဓိဂမ ပဋိရူပကလို့ ခေါ်ပါတယ်…။ မြန်မာလိုပြန်လိုက်တော့ မဂ်စစ်မဟုတ်ဘဲနဲ့ မဂ်စစ်ထင်တာ..ဖြစ်ပါတယ်။
သေတာပန် ဖြစ်မဲ့ ပုဂ္ဂိုလ်ဟာ ဒီဆယ်ခုထဲက တစ်ခုခုလာရမှာဖြစ်ပါတယ်။
မလာသေးဘူးဆိုရင် မမှန် သေးပါဘူးတဲ့…။လာပြန်လည်း တစ်ခုခု လာရမယ်။ လာရင်လည်း ဖယ်ရှားတတ်ရမယ်။ ဒါမှ အထက်မဂ်ရမှာဖြစ်ပါတယ်။
အဲဒီတော့ ဒီဆယ်ခုလာတိုင်း လာတိုင်း ဂရုမစိုက်ဘဲနဲ့ ကိုယ့်ဖြစ်ပျက်မပျောက်အောင် သတိထား ရှုမှတ်နေရမှာဘဲ ဖြစ်ပါကြောင်း တင်ပြရင်း ဓမ္မမိတ်ဆွေများ စစ်မှန်တဲ့မဂ်အစစ်နဲ့ မတွေ့ ခင် ကြုံတွေ့ ရမဲ့ မဂ်အတု ရှောင်ရှားနိုင်ပါစေလို့ ဆန္ဒပြုရင်း ဓမ္မကုသိုလ်ပြုပါသည်။
( ခန္ဓာ-၅ပါးတစ်ဦး )
••••••••••••••••••••••••••••••••••
လက်ကိုင်ဖုန်း ဖြင့် စာစီရခြင်းဖြစ်သည့်အတွက် သတ်ပုံမှားယွင်းမှုများ တွေ့ ရှိပါက သည်းခံခွင့်လွှတ်ပြီး ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။ (ခန္ဓာ-၅ပါးတစ်ဦး)
ကိုးကား - ( မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူမြို့ မင်္ဂလာတိုက်၌ ဟောကြားတော်မူသော" ဖြစ်ပျက်မြင်တုန်းနိဗ္ဗာန်အတုဝင်တတ်တယ်" တရားတော် ) နှင့် ( တော်ကူးဆရာတော်ဥူးနာဝိက (Buddhavasa Tiloka))

အဘိဓမ္မာဥာဏ်ဆိုတာ.....


တကယ်တော့ ဗုဒ္ဓဘာသာဝင် သူတော်စင် ဖြစ်ဖို့အတွက် လုံလောက်တဲ့ အခြေခံ အသိဥာဏ်နှစ်ခုရှိတယ်။ အဲဒါ ဘာတွေလဲဆိုတော Analytical knowledge of mind and matter နာမရူပပရိစ္ဆေဒဥာဏ်နဲ့ Knowledge of causes ပစ္စယပရိဂ္ဂဟဥာဏ်တို့ပဲ ဖြစ်တယ်။ ဒီဥာဏ်နှစ်ခုဟာ အရေးအပါဆုံးဖြစ်ပါတယ်။ ဒီဥာဏ်နှစ်ခုကို တိုးမြှင့်ပေးတဲ့ ပညာရပ်ဟာ အဘိဓမ္မာပညာရပ်ပဲဖြစ်တယ်။ Analytical knowledge of mind and matter ဒိဋ္ဌိဓမ္မရှိနေတဲ့ ရုပ်တရား၊ နာမ်တရားတွေကို ခွဲခြမ်းစိတ်ဖြာပြီး ဖော်ပြပေးတယ်။ ထိုရုပ်တရား နာမ်တရားတွေရဲ့ အကြောင်းတရားတွေကိုလည်း မြတ်စွာဘုရားဟာ ရှင်းလင်းဖော်ပြပေးတယ်။ ပစ္စယပရိဂ္ဂဟလို့ဆိုတယ်။

အကြောင်းတရားအစစ်အမှန်ကို ဖော်ထုတ်ပေးနိုင်ခြင်း မရှိဘူးဆိုရင် လောကမှာ လွဲမှားတဲ့ ဘာသာတရားတွေ ဖြစ်ပေါ်လာမယ်။ အကြောင်းမဟုတ်တာကို အကြောင်းလုပ်ပြောတာမျိုးတို့... အကြောင်းရှိရဲ့သားနဲ့ အကြောင်းကို အသိအမှတ်မပြုတာမျိုးလို့ဆိုတဲ့ ၀ိသမဟေတု(အဟေတုက)ဆိုတဲ့ မမှန်ကန်တဲ့ အကြောင်းတရားတွေ ဖြစ်ပေါ်လာတာဖြစ်တယ်။အဲဒီ မမှန်ကန်တဲ့အယူအဆတွေဖြစ်ပေါ်မှုကို တားဆီး ဟန့်တားနိုင်တဲ့ ပစ္စယပရိဂ္ဂဟဥာဏ်ဆိုတာ အင်မတန်မှ လမ်းမှန်ပေါ် တင်ပေးတဲ့ဥာဏ်ဖြစ်တယ်။ အင်မတန်မှ အရေးကြီးတယ်လို့ ဆိုရမယ်။ အဲဒီအသိဥာဏ်ရမှ လောကမှာ သံသယဆိုတာ ကင်းရှင်းမှာဖြစ်တယ်။

အဲတော့မှ ကင်္ခါဝိတရဏ၀ိသုဒ္ဓိ (Overcoming of doubt through knowledge of causes) ကိုရမှာဖြစ်တယ်။ ရှေးဦးစွာ ရုပ်တရား၊ နာမ်တရားခွဲခြားသိစေမယ့် အသိကိုရမယ်။ ဆက်လက်လေ့လာခြင်းအားဖြင့် အထူးအားဖြင့် သစ္စာလေးပါး။ အကြောင်းနဲ့အကျိုးကိုရှင်းပြတယ်။ သစ္စာလေးပါးကို အကျယ်ချဲ့လိုက်တဲ့အခါ ပဋိစ္စသမုပ္ပါဒ် အကြောင်းအမျိုးမျိုး၊ အကျိုးအမျိုးမျိုး အဲလိုတွေ သိလာရမယ်။ အဲကနေ ထပ်ချဲ့တော့မှ အသေးစိတ်လိုက်တဲ့အခါ (၂၄)ပစ္စည်းပဋ္ဌာန်းဆိုတာ တကယ်တော့ အကြောင်းအကျိုးကို ဖော်ပြတဲ့ ဒေသနာတော်တွေသာဖြစ်တယ်။ အဲဒီ ဒေသနာတော်တွေကို လေ့လာခြင်းအားဖြင့် မည်သည့်ကိစ္စမှာမဆို မိမိကိုယ်တိုင်က Analysis လုပ်တတ်လာမယ်။ Analytical knowledge အရာရာကိုရှုမြင်သုံးသပ်လာနိုင်မယ်။ ရှုမြင်သုံးသပ်လာနိုင်ရုံမျှမက စစ်မှန်တဲ့ အကြောင်းတရားတွေကိုလည်း သိမြင်နိုင်စွမ်းရှိလာမယ်။

အဘိဓမ္မာကိုလေ့လာ သင်ယူခြင်းအားဖြင့် အကျိုးကျေးဇူးတွေရရှိနိုင်မယ်။ ဒါကြောင့် အဘိဓမ္မာကို ကြိုးစားပြီး သင်ယူကြရမှာဖြစ်တယ်။ သင်ယူပြီးတဲ့အခါ မှာလည်းပဲ စာမေးပွဲအောင်ရုံအတွက်တင် စိတ်ထဲမှာ မထားပဲ ဆက်လက်လေ့လာနေဖို့ လိုအပ်တယ်။ Applied Method လို့ခေါ်တဲ့ ဒီနေ့ပြောတဲ့ သင်ကြားလေ့လာနေတယ်ဆိုတာ တကယ်တော့ အဘိဓမ္မာသင်ယူမှု Abhidhamma subject လို့ ပြောလို့ရတယ်။ အဘိဓမ္မာပညာရဖို့ရာအတွက် ဒီ subject တွေကို သင်ယူလေ့လာပြီး မိမိတို့ကိုယ်တိုင် ဆင်ခြင်သုံးသပ်နိုင်မှ အဘိဓမ္မာပညာဆိုတာရမှာဖြစ်တယ်။ အဲဒါကိုလည်း သတိချပ်ထားစေချင်တယ်။

အခုသင်နေတာဟာ အဘိဓမ္မာ subject matter ကိုသင်နေတာသာ ဖြစ်တယ်။ ထို subject matter ပေါ်မှာ အခြေခံပြီးတော့ အသိဥာဏ်တွေရှင်သန်လာအောင် တိုးတက်ဖွံ့ဖြိုးလာအောင် တိုးမြှင့် ပေးဖို့ လိုအပ်တယ်။ အဘိဓမ္မာတရားတော်နဲ့ လောကကြီးကို ရှုမြင်တတ်ဖို့ အဘိဓမ္မာတရားတော်နဲ့ ဘ၀ကိုရှုမြင်တတ်ဖို့ အဲဒီလို အဘိဓမ္မာတရားတော်ကို အခြေခံပြီးတော့ ဘ၀ကို ရှုမြင်သုံးသပ်တတ်မယ် လောကကြီးကို ရှုမြင်သုံးသပ်လာပြီဆိုရင်တော့ အဘိဓမ္မာဥာဏ်ကို ရရှိလာမှာဖြစ်တယ်။

အဲဒီလို အဘိဓမ္မာဥာဏ်ရရှိလို့ နောက်ဆုံးမှာ အဘိဓမ္မာတရားတော်မှာ ဖော်ပြထားတဲ့ မကောင်းတဲ့ အကျိုးကို ပေးတတ်တဲ့တရားဆိုးတွေ မိမိသန္တာန်က ဖယ်ရှားပစ်လို့ ကောင်းကျိုးချမ်းသာကို ပေးတတ်တဲ့ တရားကောင်းတွေ မိမိတို့ရဲ့သန္တာန်မှာ တိုးမြှင့်ပေးခြင်းအားဖြင့် ကောင်းကျိုးချမ်းသာတွေ ရရှိနိုင်ကြမှာ ဖြစ်တယ်ဆိုတာ သိရှိလိုက်နာလို့ ဒီအဆင့်ရောက်အောင်ထိ ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။

မှတ်ချက်။ ။ အဘိဓမ္မတက္ကသိုလ်ဖွင့်ပွဲတွင် ပါမောက္ခချုပ်ဆရာတော်ကြီးဟောကြားခဲ့သော သြ၀ါဒတရားတော်အား မှီငြမ်းရေးသားပူဇော်အပ်ပါသည်။

စောသဇင်(မန္တလေး)

တရားကျဉ်မှာ စိုးပါတယ်


မြတ်စွာဘုရားရှင်က...

ပုဂ္ဂိုလ်တစ်စုံတစ်ယောက်ကို မျက်စိမှိတ်ပြီး ယုံကြည်ကိုးကွယ်မှု မပြုဖို့ ဒေသနာတော်များစွာမှာ အခါခါဟောကြားပါတယ်၊

သို့သော် မြန်မာလူမျိုးအချို့ကတော့ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု အလွန်များတယ်

တစ်စုံတစ်ယောက်ကို အလွန်အကျွံ ယုံကြည်မိပြီဆိုရင်...

သူပြောတာမှ အမှန်၊ သူလုပ်တာမှ အဟုတ်ထင်သွားတတ်တယ်၊ အဲလို ဖြစ်ပြီဆိုရင် ကိုယ်ပိုင်စဉ်းစားတွေးခေါ်တတ်တဲ့ ကိုယ်ပိုင်ဥာဏ်က သေသွားပြီ၊

ဒါဟာ အတ္တအစွန်းတစ်ဘက်ကို ရောက်စေတဲ့ အဓိက အကြောင်းရင်း တစ်ခုပါပဲ၊

အတ္တစွန်းကို ရောက်သွားကြပြီဆိုရင်...

တရားလည်း မမြင်တော့ဘူး၊ သံဃာလည်း သံဃာမှန်း မသိတော့ဘူး၊ ကိုယ်နဲ့ အယူအဆ မတူလို့ကတော့ တွယ်လိုက်မှာပဲ ဆိုတာမျိုးတွေ ဖြစ်လာတယ်၊

ကိုယ့်တရားလေးကိုယ် လွတ်လွတ်လပ်လပ်ရေးရင်တောင် ဒါတို့စောင်းပြောတာ၊ တို့လူကို သက်သက်ရည်ရွယ်တာ..ဆိုတဲ့ အတွေးတွေနဲ့ မရိုမသေတွေ ဆက်ဆံတတ်လာတယ်၊

ဗုဒ္ဓတရားတော်နဲ့ ပတ်သက်ရင်လည်း ကိုယ့်အကြိုက်နဲ့ ကိုက်ညီတာကို ကိုယ်လိုသလို စွဲသုံးတယ်၊ ကိုယ့်အကြိုက်နဲ့ မကိုက်ညီတာဆို ပစ်ပယ်ရဲလာတယ်၊

အဲဒါ မိစ္ဆာဒိဋ္ဌိဖြစ်ဖို့ လမ်းစပါပဲ

ပုဂ္ဂိုလ်ခင်ရင် တရားမင်တယ်လို့ ဆိုရိုးရှိတယ်...

တကယ်တမ်းမှာ..

ပုဂ္ဂိုလ်ခင်လွန်းရင် တရားက ကိုယ့်ကိုယ် ကျဉ်ဖယ်သွားတတ်တယ်

ဒါလေးတော့ သတိရှိဖို့လိုတယ်

ရတနာသုံးပါး စော်ကားရင်တော့ ဘယ်လောက်ပဲ ရာထူး အာဏာရှိသူ ဖြစ်ပစေ... တစ်ချိန်မှာ ကံကြီးထိုက်လိမ့်မယ်

အရှင်တေဇာနန္ဒစေတနာပန်းခင်းဆရာတော်

15.11.2016

ဏှာဘူး(နှာဘူး)အကြောင်း သိကောင်းဖွယ်ရာ အဖြာဖြာ


သေချာတာက
ယောက်ျားတိုင်းလည်း ဏှာဘူးမဟုတ်သလို
ဏှာဘူးတိုင်းလည်း ယောက်ျားမဟုတ်ပါဘူး။

ဏှာဘူးတို့၏ အားသာချက်များ
၁- မျက်စိလျင်တယ်
၂- အကင်းပါးတယ်
၃- အထာနပ်တယ်
၎- သူများမမြင်တာ သူတို့မြင်တယ်
၅- စူးစမ်းလေ့လာမှု အားကောင်းတယ်
၆- အလှတရားတွေကို ရှာဖွေနိုင်တယ်
၇- ပရိယာယ်ကြွယ်ဝတယ်
၈- ယောက်ျားစစ်ကြောင်း ထင်ရှားတယ်

ဏှာဘူးတို့၏ အားနည်းချက်များ
၁- ကာမေသု မိစ္ဆာစာရာ ဆိုတဲ့ သီလကို ကျိုးပေါက်စေတယ်
၂- တစ်ဖက်သားရဲ့ဣနြေ္ဒကို ပျက်ပြားစေတယ်
၃- မိန်းကလေးတွေရဲ့ရွံကြောက်ကြီး ဖြစ်စေတယ်
၎- မိမိကိုယ်တိုင်ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတယ်
၅- လူမှုရေးနဲ့ ကျန်းမာရေးကို ထိခိုက်စေတယ်
၆- အချိန်နဲ့ ငွေကို အလဟဿဖြစ်စေတယ်

ဏှာဘူးမှာ အဆင့် ၃ ဆင့် ရှိပါတယ်။
မနောကံမြောက်ဏှာဘူး
ဝစီကံမြောက်ဏှာဘူးနဲ့
ကာယကံမြောက်ဏှာဘူး ဆိုပြီးတော့ပါ။

မနောကံမြောက်ဏှာဘူး

မနောကံမြောက်ဏှာဘူးကတော့ ကမ္ဘာမှာ အပေါများဆုံးပါ။ အတော်များများ ထိန်းဖို့ မလွယ်ပါဘူး။ သူတို့က တစ်ဖက်သားကို သိပ်တော့ဒုက္ခမပေးပါဘူး။ သူတို့စိတ်ထဲသာ ပြစ်မှားချင်တိုင်း ပြစ်မှားနေတာပါ။ အပြင်ကိုထုတ်မပြလို့ သူတို့က အန္တရာယ်အကင်းဆုံးဏှာဘူး စာရင်းဝင်ပါတယ်။

ဝစီကံမြောက်ဏှာဘူး

ဝစီကံမြောက်ဏှာဘူးကတော့ အခြေအနေပေါ် မူတည်ပါတယ်။ စိတ်နဲ့တင် ပြစ်မှားတာ အားမရလို့ ပါးစပ်ကနေ ထုတ်ပြောပြီး ပြစ်မှားကြတာပါ။ တချို့က ကိုယ့်ယောက်ျားတွေ အချင်းချင်းပြောကြပြီး ပြစ်မှားကြတာပါ။ "ဟိုစော်ကို ကြည့်စမ်းပါဦးကွာ၊ သောက်ရမ်းမိုက်တယ် ဘာ ညာ" စသဖြင့်ပေါ့လေ။ ပြဿနာရှိတာက ကိုယ့်အချင်းချင်းပြောရုံတင် အားမရဘဲ ကာယကံရှင်ကိုပါသွားပြီး မထိတထိ ရိတိတိ သွားပြောကြတာပါ။ ဒါဆိုရင်တော့ ပြောတဲ့ အနေအထားပေါ်မူတည်ပြီး ပြဿနာကကြီးနိုင်ပါတယ်။

ကာယကံမြောက်ဏှာဘူး

ကာယကံမြောက်ဏှာဘူးကတော့ အန္တရာယ်အများဆုံး ဏှာဘူးမျိုးတွေပါ။ သူတို့ကို ကြည်ဖြူတဲ့သူကို ဏှာဘူးသွားထတာက သိပ်ပြဿနာမရှိပေမယ့် ဘယ်လိုမှ မပတ်သက်တဲ့သူတွေကို ဏှာဘူးသွားထပြီး ကာယကံမြောက်ကျူးလွန်ရင်တော့ အကျိုးဆက်က မတွေးဝံ့စရာပါ။ ဒါမျိုးကိုတော့ ဏှာဘူးလို့ မခေါ်ဘဲ တဏှာရူးလို့ ခေါ်ရတော့မှာပါ။

ဒီနေရာမှာ
ဏှာဘူးနဲ့ တဏှာရူး မတူကြပုံက
စစ်သားနဲ့ အာဏာရှင်လို
အလုပ်သမားနဲ့ ဝန်ထမ်းလို
တာဝန်နဲ့ ဝတ္တရားလို
ဥပဒေနဲ့ ကျင့်ဝတ်လို
စည်းကမ်းနဲ့ နည်းလမ်းလိုပါပဲ

တဏှာရူးနဲ့ ဏှာဘူးက
တူမယောင်နဲ့ ကွဲပါတယ်
နီးမယောင်နဲ့ ဝေးပါတယ်

ဏှာဘူးဆိုတာမျိုးက ယောက်ျားအတော်များများမှာ တွေ့ရတတ်တဲ့ သဘာဝမျိုးပါ။ မနောကံနဲ့ ဝစီကံလောက်ကိုပဲ ချိုးဖောက်ကြတဲ့ ယောက်ျားမျိုးတွေပါ။ အဲ့ဒါမျိုးက ထိန်းနိုင်ရင်တော့ အကောင်းဆုံးဆိုပေမယ့် ထိန်းကြတဲ့သူ ရှားမယ် ထင်ပါတယ် (ကျွန်တော်အပါအဝင်ပေါ့ 😜)။ သူတို့က ငမ်းရုံလောက်ပါပဲ။

တဏှာရူးဆိုတာမျိုးကတော့ ကာယကံမြောက် ချိုးဖောက်ကြတဲ့သူတွေပါ။ သူတို့က ခွေးမြီးကောက် ကျည်တောက်စွပ် ဆိုသလိုပါပဲ။ သူတို့က အန္တရာယ်များပါတယ်။ အခန့်မသင့်ရင် တရားဥပဒေနဲ့ ငြိစွန်းတတ်ပါတယ်။ တဏှာရူးကတော့ ဝေးဝေးကရှောင်တာကောင်းပါတယ်။

သေချာတာကတော့ ဏှာဘူးဖြစ်ဖြစ်၊ တဏှာရူးဖြစ်ဖြစ် ဘာမှမဘူးတာက အကောင်းဆုံးပါပဲ။ သို့သော်လည်း မဘူးရ မနေနိုင်လို့ ဘူးကြပြီဟေ့ဆိုရင်လည်း ကျွန်တော် စဉ်းစားလို့ရသမျှ ဏှာဘူးကောင်းကျင့်ဝတ်များကို မျှဝေပေးလိုက်ပါတယ်။ (လိုတာရှိရင် ထပ်ဖြည့်ပေးကြပါ)

ဏှာဘူးကောင်းကျင့်ဝတ်

၁- ဏှာဘူးထမယ်ဆိုရင် အခြေအနေနဲ့ အချိန်အခါကို ကြည့်ပါ။
၂- ဏှာဘူးထမယ်ဆိုရင်တောင် မနောကံနှင့် အလွန်ဆုံး ဝစီကံလောက်အထိသာ ဘူးပါ။
၃- သူတစ်ပါး ဣနြေ္ဒပျက်ပြားအောင် မဘူးရပါ။
၎- ဘေးမှာ ပိုင်ရှင်ပါနေရင် မဘူးရပါ။
၅- အကြည့်၊ အပြော မရိုင်းရပါ။
၆- မသိမသာနှင့် မည်သူမျှ မရိပ်မိအောင်သာ ဘူးပါ။
၇- လူမှုရေးနှင့် ကျန်းမာရေးထိခိုက်အောင် မဘူးရပါ။
၈- ဏှာဘူးထဖို့ အချိန်နှင့် ငွေကို မဖြုန်းရပါ။
၉- ကာယကံမြောက် ဏှာဘူးထခြင်းကို မိမိ၏ ကာမပိုင်နှင့်သာ ကျင့်သုံးပါ။

အားလုံး အားလုံးသော မတစ်ထောင်သားများ ဏှာဘူးကောင်းများ ဖြစ်ကြဖို့ မျှော်လင့်မိပါတယ် (ကျွန်တော် အပါအဝင် 😜)။

Wai Phyo Maung (ဏှာဘူးသုတေသီတစ်ဦး 😜)
25.8.2015
Photo Credit to: Original Uploader

"ဘာအတွက် ပူနေကြတာလဲ ပူချင်ရင် အသိဉာဏ်မရှိမှာကိုပဲ ပူ"


ဘာအတွက် ပူနေတာလဲ?..
ဖြစ်မှာစိုးလို့ ပူနေတာလား?..
မဖြစ်မှာစိုးလို့ ပူနေတာလား?..
ဖြစ်မှာစိုးလို့လည်း မပူနဲ့..
မဖြစ်မှာစိုးလို့လဲ မပူနဲ့..

ပူချင်ရင် အမှန်အတိုင်း မသိမှာပဲ ပူ..
အသိဉာဏ်ကလွဲလို့ ကျန်တာဘာတွေပဲဖြစ်ဖြစ် မဖြစ်ဖြစ်
ပူလောက်အောင် အရေးမကြီးဘူး..

နောက်တစ်ခုရှိတာက ပူနေလဲ
ဖြစ်စရာအကြောင်းရှိရင် ဖြစ်မှာပဲ..
ဖြစ်စရာအကြောင်းမရှိရင် မဖြစ်ဘူး..

ဖြစ်စရာအကြောင်းရှိနေရင်တော့
ဘယ်လောက်ပဲ မဖြစ်ချင်မဖြစ်ချင် ဖြစ်မှာပဲ..
ဖြစ်စရာအကြောင်းမရှိရင်တော့
ဘယ်လောက်ပဲ ဖြစ်ချင်ဖြစ်ချင် ဖြစ်မှာမဟုတ်ဘူး..

စိတ်ပူနေခြင်း အကြောင်းကြောင့်တော့
ကိုယ့်ဆန္ဒတွေက ပြည့်သွားမှာ မဟုတ်ဘူး..
တစ်ကယ်တော့ စိတ်ပူတယ်ဆိုတာ ဒေါသပါ..
ဒေါသကြောင့် ဘာကောင်းကျိုးမှ မဖြစ်နိုင်ဘူး..
ဆင်းရဲရတာပဲ ရှိမယ်..

ကိုယ်ဖြစ်ချင်နေတဲ့ ချမ်းသာမှုတွေကို
အသိဉာဏ်ကပဲ ပုံဖော်ပေးမယ်..
ကိုယ်မဖြစ်ချင်တဲ့ ဆင်းရဲမှုတွေကိုလည်း
အသိဉာဏ်ကပဲ တားဆီးပေးမှာပါ..

ဒါကြောင့် ဖြစ်မှာကိုလည်း မပူနဲ့..မဖြစ်မှာကိုလည်း မပူနဲ့..
ပူချင်ရင် အသိဉာဏ်မရှိမှာကိုသာ ပူပါ..

သစ္စာရွှေစည်ဆရာတော် ဦးဥတ္တမ

စေတနာမေတ္တာအရင်းခံဖြင့် မျှဝေသည်..
ohmarshin

အားလုံးထဲက တစ်ယောက်


သင့် Facebook မှာ သူငယ်ချင်း
ထောင်ဂဏန်းကျော်ရှိမယ်။

သင် ထူးထူးခြားခြား post တစ်ခု
တင်လိုက်တဲ့အခါ
like လုပ်တဲ့သူက ရာဂဏန်းကျော်ရှိမယ်။

အဲ... သင့်ကို တကယ် comment လာပေးတဲ့
သူကတော့
ဆယ်ဂဏန်းကျော်ပဲရှိတယ်။

သင်ဖတ်ကြည့်ပါ။
Comment တွေ အားလုံးထဲမှာမှ
သင်တင်ထားတဲ့ post ရဲ့
သဘောတရားကို သေချာဖတ်
တိကျစွာနားလည်ပြီး ကောင်းမွန်စွာနှစ်ခြိုက်တဲ့သူ၊

ဒါမှမဟုတ် သင်တင်ထားတဲ့
photo ထဲကမှ သင်ပြချင်တဲ့
ပြောချင်တဲ့ အဓိက point ကို
နက်ရှိုင်းစွာနားလည်
သဘောပေါက်တဲ့သူက ခုဂဏန်း
(တစ်ယောက်စ နှစ်ယောက်စ) ပဲရှိမယ်။

ဒီလိုပါပဲ...သင့်ပါတ်ဝန်းကျင်မှာ
သင်နေ့စဉ်ထိတွေ့နေရတဲ့ လူတွေ
ထောင်ဂဏန်းကျော်ရှိမယ်။

သင့်ရဲ့ ထူးခြားတဲ့ အမူအကျင့်တွေ၊
သင့်ရဲ့ အားနည်းချက်တွေ၊
သင့်ရဲ့ အရည်အချင်းတွေကို
သတိပြုမိတဲ့သူကတော့
ရာဂဏန်းလောက်ပဲရှိလိမ့်မယ်။

အဲဒီ့ထဲကမှ သင့်ကို သတိပြုမိပြီး သင့်အနားကို
(မိတ်ဆွေ သို့မဟုတ် ချစ်သူ ဖြစ်ချင်လို့)
တကယ် ရောက်လာမယ့်လူက
ဆယ်ဂဏန်းကျော်ပဲရှိမယ်။

သင် သတိထားကြည့်ပါ။ အဲဒီ့လူတွေထဲကမှ
သင်ပြောတတ်တဲ့
စကားတွေကို
သေချာနားထောင်ပြီး
ဂရုတစိုက်မှတ်သားထားတတ်တဲ့သူ၊

ဒါမှမဟုတ် သင့်ရဲ့ ဖြစ်တည်မှု
ရပ်တည်မှုကို
(သင်ရဲ့ နဂိုမူလ ပုံစံကို)
တကယ်သဘောကျနှစ်ခြိုက်ပြီး
သင့်အပေါ်
နားလည်ပေးနိုင်တဲ့သူဟာ ခုဂဏန်း
(တစ်ယောက်စ နှစ်ယောက်စ) ပဲရှိပါလိမ့်မယ်။

Facebook မှာ အတွက်ရော၊
အပြင်မှာအတွက်ရော ပြောရရင်တော့........

"အဲဒီ့ တစ်ယောက်စ နှစ်ယောက်စကို
သင် သေချာဂရုစိုက်လိုက်ပါ။
သင့်ရဲ့ အချိန်တစ်ချို့ဟာ
သူတို့အတွက် ဖြစ်ပါစေဗျာ
"

Credit to: Min Min Soe

လူမထွက်ပါနဲ့ဘုရား


အကျိုးမမှန် မအတွက်
အရိုးခံ အလှမက်လို့
အဖိုးတန်ဘဝ ဖျက်ကြတော့မှာလား။

တတို့တဖဲ့လှူသူတွေ ပြောသံနဲ့
အကျိုးမဲ့ကဲ့ရဲ့သူတွေ လောကဓံမှာ
အဆိုးနဲ့ဆူဝေ တောပြန်ကြတော့မှာလား။

သရာသရေလောပံနဲ့
သဒ္ဒါမကျေ ဘောကန်ရင်း
တခါတလေ အမောဖန်နေပြီလား။

သမ္မာသမ္ဗုဒ္ဓမတုလံနဲ့
သံသရာဒုက္ခလွန်းဆန်ဖို့
ကံကြမ္မာဗရုတ်ကျ တွန်းလှန်တော့မှာလား။

သမ္မဇ္ဇနီပဒီပေါစနဲ့
ဆံရစ်မသီ သောကကို
ခံစစ်မညီ သြချတော့မှာလား။

မြတ်ဘုရား တာဝန်ကို
တတပ်တအား စာမွန်နဲ့
မမှတ်သား ခွါသွန်ပစ်ကြတော့မှာလား။

ဝေဖန်စကားတွေကြောင့်
မြေလှန်တရား ဗွေဖောက်ပြီး
အခြေခံမှား ကြွေချောက်မှာစိုးပါရဲ့။

ကိုးစားတဲ့ သာသနာသက်ဆင်း
အကျိုးများမယ့် ဂါထာတွေကျက်ရင်းနဲ့
နိုးကြားတဲ့ ဘဂဝါလက်တွင်းမှာ
တန်ဖိုးထားချဲ့ ဘယ်ခါမပျက်ယွင်းရအောင်
ကြိုးစားကွယ့် သဟာယကာသူငယ်ချင်းတို့ရေ။

ပါးစပ်ဖျား ညစ်လို့တော့
မြတ်ဘုရား မပစ်ကြပါနဲ့
အမှတ်အသား စစ်ရင်
အရပ်စကား ရစ်လည်း
အတတ်တရား အနှစ်မို့
နတ်များ ချစ်ကြပါလိမ့်မယ်ကွယ်။

#သုခိန်(ဗုဒ္ဓတက္ကသိုလ်)

ခမည်းတော် မယ်တော် အစ်ကိုတော် ညီတော် အစ်မတော် နှမတော်တွေ ရဟန်းသာမဏေတွေနဲ့ ဘုရားသာသနာချစ်ရင် ဒီကဗျာလေးတော့
Share လုပ်၍ဖြစ်စေ Credit ပေးကာ Copy ကူး၍ဖြစ်စေသာသနာအတွက်မို့ ဖြန့်ပေးကြဖို့ လေးစားစွာ တောင်းဆိုလိုက်ပါသည်။

စိတ်ပညာ ရှုထောင့်အရ


လူတစ်ယောက်ဟာ
ဘာမဟုတ်တဲ့ ကိစ္စလေးတစ်ခုကို
နှစ်နှစ်ကာကာရယ်မောနေပြီဆိုရင်
သူ့ အတွင်းစိတ်မှာ အထီးကျန်ဝေဒနာ
ခံစားနေရတတ်တယ်။

လူတစ်ယောက်ဟာ
လိုတာထက်ပိုပြီး အိပ်နေပြီဆိုရင်
သူမှာ ဝမ်းနည်းကြေကွဲစရာတွေ
ရှိနေတတ်တယ်။

လူတစ်ယောက်ဟာ
စကားနည်းနည်းကို
မြန်မြန်ပြောဆိုနေပြီဆိုရင်
သူ့ဆီမှာ လျှို့ဝှက်ချက်တွေ
ရှိနေတတ်တယ်။

လူတစ်ယောက်ဟာ
အရမ်းအားအင်ကုန်ဆုံးနေတဲ့အခါမှာ
ငိုတောင် မငိုနိုင်တော့အောင်
ဖြစ်နေတတ်တယ်။

လူတစ်ယောက်
အစားအသောက်ကို
အငမ်းမရ စားနေပြီဆိုရင်
ဒီလူ့မှာ ဖိအားတွေများနေလို့ပါတဲ့။

ကိစ္စအသေးအဖွဲလေးကို
မျက်ရည်ကျတတ်တဲ့လူဟာ
ရိုးသားဖြူစင်ပြီး နှလုံးသားနူးညံ့သိမ်မွေ့လို့ပါတဲ့။

ဘာမဟုတ်တဲ့ အသေးအဖွဲကိစ္စလေးနဲ့
ဒေါသထွက်တတ်တဲ့လူဟာ
မေတ္တာငတ်နေတဲ့လူ ဖြစ်နေတတ်တယ်။

အင်္ဂလိပ်စကားပုံတစ်ခုရှိတယ်။

"ပြုပြင်ဖန်တီးထားတဲ့ သံပုရာရည်ကို
အရသာရှိတဲ့ဖျော်ရည်အဖြစ် အသုံးပြုပြီးတော့
တကယ့် သဘာဝသံပုရာသီးကိုတော့
လက်ဆေးတဲ့နေရာမှာ သုံးကြတယ်" တဲ့။

ဒါကြောင့် လူတိုင်းရဲ့ ခံစားချက်ကို နားလည်တတ်ပါစေ။

- မှတ်စုကြမ်း #nayaung

Photo and Post Credit to: မှတ်စုကြမ်း nayaung

နောက်ဆုံးခရီးသည်


ခရီးသည်တင် ဘတ်စ်ကားကြီးတစ်စင်းသည် လူအပြည့်တင်ဆောင်ပြီး ခရီးတစ်ခုကို ထွက်လာခဲ့ပါသည်။ လမ်းခရီးတွင် ရာသီဥတုက ချက်ချင်းပြောင်းသွားသည်။ မိုးတွေမည်းလာပြီး မိုးကြိုးတွေ ပစ်ချသည်။

မိုးကြိုးတွေက ကြောက်မက်ဖွယ် ပစ်နေသည်။ ကားအနီးဝန်းကျင်တွင် လင်းခနဲ လက်ခနဲ ဖြစ်သွားသဖြင့် ကြောက်လန့်ကာ တစ်ကားလုံး ဟစ်အော်ကုန်ကြသည်။

ကားမောင်းသူက ကားကို ရုတ်တရက် ရပ်လိုက်သည်။ သူရပ်လိုက်သည့်နေရာသည် သစ်ပင်တစ်ပင်နှင့် ပေ ၅၀ ခန့် အကွာတွင်ဖြစ်သည်။ ကားမောင်းသူက

“အားလုံး နားထောင်ကြပါ။ ကျွန်တော်တို့ကားထဲမှာ ကံဆိုးသူ တစ်ဦး ပါနေတယ်ထင်ပါတယ်။ ဒါကြောင့် မိုးကြိုးတွေက ကားကို မရပ်မနား ပစ်နေတယ်။ ကျွန်တော် အရှောင်ကောင်းလို့ မိုးကြိုးနဲ့ လွဲခဲ့ရတာတွေလည်း ရှိတယ်။ ကံဆိုးသူ တစ်ယောက်ကြောင့် ကားကို မိုးကြိုးထိမှန်ရင် အားလုံး သေကျေပျက်စီးကြလိမ့်မယ်။ ဒီတော့ တစ်ခု စဉ်းစားကြပါ။ ကံဆိုးသူကို ဖော်ထုတ်ရပါလိမ့်မယ်”

လူတွေက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကုန်ကြသည်။ ကားမောင်းသူက

“ဒီလို လုပ်ကြရအောင်ပါ။ ကားပေါ်က တစ်ယောက်ချင်း ဆင်းသွားပြီး ရှေ့မှာ ရှိတဲ့ သစ်ပင်ကြီးကို လက်နဲ့ ထိပြီး ဒီကို ပြန်လာခဲ့ကြပါ။ ကံဆိုးသူဟာ လမ်းမှာတင် တရားစီရင်ခြင်း ခံလိုက်ရနိုင်ပါတယ်။ ကံဆိုးသူ ပေါ်ထွက်လာမှ ကျွန်တော် ကားကို ဆက်မောင်းပါ့မယ်”

ကားပေါ်မှ လူများ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အဘိုးအို တစ်ဦးက အရင်ဆုံးဆင်းသွားသည်။ သူက သစ်ပင်အထိရောက်အောင်သွားကာ သစ်ပင်ကို လက်နှင့်ထိပြီး ပြန်လာသည်။ ကားပေါ်ရောက်မှ သူက သက်ပြင်းချလိုက်သည်။

တစ်ယောက်ပြီးတစ်ယောက် ဆင်းလိုက်၊ တက်လိုက် သစ်ပင်ကို သွားကိုင်ပြီး ပြန်တက်လာကြသည်။ မိုးခြိမ်း သံများကား မပြတ်ကြားနေရသည်။ လျှပ်စီးတွေကလည်း ကြောက်စရာ ကောင်းလောက်အောင် တလက်လက် ဖြစ်နေသည်။

နောက်ဆုံး တစ်ဦးသာ ကျန်တော့သည်။ ကား၏ နောက်ဆုံးခုံတွင် ထိုင်နေသော အမျိုးသမီးကြီးဖြစ်သည်။

“ကဲ … အဒေါ်ကြီး ခင်ဗျားအလှည့်ပဲ။ ကားပေါ်ကဆင်းတော့”

အဘွားအိုက အားလုံးကို တောင်းပန်သည့် မျက်လုံးဖြင့်ကြည့်ပြီး

“ကျေးဇူးပြုပြီး မသွားပါရစေနဲ့ရှင်။ အားလုံး စုပြီးတော့ ဆိုးအတူ ကောင်းအမျှ ဝေခွဲခံကြရအောင်”

လူတွေက လက်မခံ။ အားလုံး အပြစ်မရှိသလို သူတော်ကောင်းများကဲ့သို့ ယူဆပြီး ကားပေါ်မှဆင်းကာ သစ်ပင်ကို သွားကိုင်ရန် တောင်းဆိုကြသည်။

“အားလုံးဟာ အစမ်းသပ်ခံပြီးပြီ။ ခင်ဗျား တစ်ဦးတည်း ကျန်တော့တယ်။ သွားပါ။ သစ်ပင်ကို သွားကိုင်ပြီး ပြန်လာပါ။ ကံတရားက အဆုံးအဖြတ်ပေးပါလိမ့်မယ်”

အဘွားအိုသည် ကားပေါ်မှ တုန်ချိစွာဆင်းသွားသည်။ အားလုံးက စိတ်ဝင်စားစွာ ကြည့်နေကြသည်။ အဘွားအိုသည် သစ်ပင်ဆီရောက်သွားသည်။ မိုးကြိုးက မပစ်သေး။ အဘွားအိုက သစ်ပင်ကို လက်နှင့်ကိုင်ပြီး ပြန်လှည့်မည်အပြုတွင် မိုးကြိုးပစ်သံကြီး ယခင်ကထက်ပိုပြီး ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

“ဝုန်း … ဝုန်း … ဝုန်း”

အဘွားအိုက ပါးစပ်လေး အဟောင်းသားဖြင့် ကြောင်ပြီး ကြည့်နေမိသည်။ မိုးကြိုးက တစ်လုံးပြီးတစ်လုံး ကားကို ပစ်ချနေခြင်းဖြစ်သည်။ ကားတစ်စီးလုံး မီးလောင်ပြာကျသွားသည်။

၂၁.၁၁.၂၀၁၆
Credit to Original Writer

The Quality Sleep


ဝိမုတ္တိသုခ
ဒီရက်ပိုင်းမှာ ရထားစီးဖြစ်တိုင်း ရထားနံရံပေါ်က မွေ့ရာကြော်ငြာတစ်ခုရဲ့စာတမ်းက ကျွန်တော့်အာရုံကို ဖမ်းစားပါတယ်။ နာမည်ကြီးအားကစားမယ်ကလေးရဲ့ ဓာတ်ပုံနှင့် ဂျပန်လိုရေးထားတဲ့စာသားတွေရဲ့အပေါ်မှာ အင်္ဂလိပ်လို ထင်ထင်ရှားရှား ရေးထားတဲ့ စာကြောင်း က “The Quality Sleep” တဲ့။ ဒီစာကြောင်းကိုမြင်တော့ ကျွန်တော် အတွေးနယ်ချဲ့မိတယ်။ မွေ့ရာကောင်းကောင်း၊ ခေါင်းအုံးကောင်းကောင်းပေါ်မှာ အိပ်လိုက်ရုံနှင့်တော့ လူတွေရဲ့အိပ်စက်မှုဟာ အရည်အသွေး မြင့်သွားနိုင်စရာ အကြောင်းမရှိပါဘူး။ ဒါဆို ဘယ်လိုမျိုးအိပ်ရင် အရည်အသွေးရှိရှိ အိပ်စက်တယ်လို့ ပြောလို့ရနိုင်မလဲလို့ အဖြေတွေထုတ်ကြည့်မိတယ်။

ကျွန်တော်တို့ လူသားတွေအားလုံး နေ့တိုင်းလို အိပ်စက်ကြရပါတယ်။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မြင်နေ တွေ့နေရတဲ့ တိရစ္ဆာန်တွေလည်း သူတို့သက်တမ်းနဲ့ လျော်ညီတဲ့ အိပ်ချိန်တွေနှင့်အိပ်နေကြပါတယ်။ လူတွေ မှာတော့ ယေဘုယျအားဖြင့် ကလေးအရွယ်တွေမှာ တစ်နေ့တာရဲ့နာရီတော်တော်များများကို အိပ်ချိန်အဖြစ် လိုအပ်ပြီး အသက်ကြီးလာတာနှင့်အမျှ အိပ်ချိန်က တဖြည်းဖြည်းလျော့သွားပါတယ်။ လူတစ်ယောက်ဟာ ယေဘုယျအားဖြင့် တချို့ (၈)နာရီ ဒါမှမဟုတ် (၆) နာရီလောက်အိပ်ရရင် အိပ်ရေးဝတတ်ကြပါတယ်။ တချို့လည်း (၄)နာရီ (၅)နာရီလောက်အိပ်ပြီး တစ်နေ ကုန်နေနိုင်ကြတဲ့သူတွေလည်း ရှိနေတာပါပဲ။ တကယ် ကတော့ အိပ်စက်ခြင်းဟာ လူသားတွေအတွက် အကုန် အကျအသက်သာဆုံး အပန်းဖြေစရာတစ်ခုလို့ပြောမယ် ဆိုလည်း မမှားနိုင်ပါဘူး။

'အိပ်၊ စား၊ ပျော်ပါး' ဒီသုံးပါးဟာ လူနှင့်တိရစ္ဆာန် တွေမှာ အားလုံးအတူတူလို့ဆိုထားတော့ လူတွေအိပ် တာနှင့် တိရစ္ဆာန်တွေအိပ်တာ ဘယ်လိုကွာခြားမှုရှိနိုင် မလဲလို့ နှိုင်းယှဉ်စဉ်းစားချင်စရာကောင်းပါတယ်။ ကိုယ့် ပတ်ဝန်းကျင်မှာရှိနေတတ်တဲ့ ခွေးလေး ကြောင်လေး တွေ၊ ငှက်လေးတွေ၊ ကြက်လေးတွေကိုကြည့်လိုက်ရင် သူတို့တွေ တစ်နေ့လုံး ကစားချင်ရင် ကစား၊ ဗိုက်ဆာ တဲ့အချိန် အစာရှာ၊ စားစရာ တွေ့ရင် စား၊ ဆန့်ကျင် ဘက်ရန်သူနှင့်တွေ့ရင် ရန်မူ၊ မျိုးပွားမယ့် ရာသီမျိုးမှာ ဆို တစ်နေကုန် အဲဒီကိစ္စတွေနှင့်အလုပ်တွေရှုပ်၊ နောက်ဆုံး ဘာမှလုပ်စရာမရှိရင် ထိုးအိပ်နေတတ်ကြပါ တယ်။ြေ>ွမလိုအကောင်မျိုးတွေဆို သူ အစာစားပြီးလို့ ဗိုက်တင်းသွားတာနှင့် တခြားဘာမှကိုမလုပ်တော့ဘဲ ခွေပြီး အိပ်ကြတော့တာပါပဲ။

တချို့လူတွေထဲမှာလည်း တစ်နေ့လုံးနီးပါး အိပ် နေတတ်ကြတဲ့သူတွေကို သတိထားမိဖူးမယ် ထင်ပါ တယ်။ တချို့လည်း အသက်အရွယ်အိုမင်းရင့်ရော်လာ ကြလို့ပဲဖြစ်ဖြစ်၊ ရောဂါဝေဒနာတစ်ခုခုကြောင့်ပဲဖြစ်ဖြစ် အိပ်ရာပေါ်မှာ မှိန်းပြီးနေကြရတဲ့အချိန်က တစ်နေ့တာ မှာ ပိုများနေတတ်ကြပါတယ်။ တချို့ကတော့ စိတ်ကျ ရောဂါလိုမျိုး စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုတစ်ခုခုဖြစ်တာ ကြောင့် တစ်နေကုန်အိပ်တတ်ကြပါသေးတယ်။တချို့ လည်း သွားရင်းလာရင်း တခြား ထွေထွေထူးထူးလုပ် စရာမရှိတဲ့အခါမှာ ရထားစီးရင်း၊ ကားစီးရင်း ရတဲ့ အချိန်မှာ ရသလောက်အိပ်တတ်ကြတဲ့သူတွေလည်းရှိ ပါတယ်။

တစ်နေကုန် တစ်နေခန်း အလုပ်လုပ်ကြရတဲ့သူ တွေကျတော့ အလုပ်ပင်ပင်ပန်းပန်းလုပ်ခဲ့ကြရလို့ ညဘက် အိမ်ပြန်ရောက်တာနဲ့ အိပ်ဖို့ကိုပဲ သူတို့ခေါင်းထဲ ရှိကြတော့တယ်။ ရေမိုးချိုး၊ ညစာကို မြန်မြန်သွက်သွက် စားပြီး တန်းအိပ်ကြတော့တာပဲ။ တချို့ သောက်တတ်၊ စားတတ်တဲ့သူတွေကျပြန်တော့ ညဘက်မှာ သောက်ထား၊ စားထားတဲ့ အရှိန်လေးတွေနှင့် ယစ်ယစ်မူးမူး အိပ်ရာထဲ တန်းဝင်အိပ်တတ်ကြပြန်ပါတယ်။ တချို့ တီဗွီ၊ ဗွီဒီယိုဇာတ်လမ်းတွေကို နှစ်ခြိုက်စွဲလမ်းကြတဲ့ သူတွေ၊ စာအုပ်ဖတ်တာ စွဲတဲ့သူတွေ၊ အင်တာနက်စွဲတဲ့သူတွေ၊ ကာရာအိုကေသီချင်းဆိုတာ ဝါသနာပါတဲ့သူတွေ ဆိုရင်လည်း နောက်ဆုံး အိပ်မပျော်ခင် အချိန်အထိ သူတို့စွဲလမ်းတဲ့အာရုံကို အပန်းဖြေတဲ့အနေနဲ့ခံစားရင်း အိပ်တတ်ကြပါတယ်။ 

တချို့ကျတော့ ဒီနေ့တစ်နေ့စာ ကြုံဆုံခဲ့ရတာတွေ ထဲက စိတ်အလိုမကျဖြစ်ခဲ့ရတာတွေ၊ တစ်ဦးဦးအပေါ် မကျေမနပ်ဖြစ်ရတာတွေကို အိပ်ရာထဲရောက်တဲ့အထိ တနုံ့နုံ့တွေးရင်း၊ စိတ်ဆိုးဒေါသဖြစ်ရင်း နောက်ဆုံး အိပ်ပျော်သွားတတ်ကြတယ်။ အလုပ်ကို အလွန်အကျွံလုပ် တဲ့သူတွေ၊ကျောင်းစာကို အလွန်အကျူးကြိုးစားသူတွေ ကလည်း နောက်ဆုံးအိပ်ပျော်သွားချိန်အထိကို သူတို့ အလုပ်တွေ၊ စာတွေနှင့် လုံးလည်ချာလည်လိုက်ရင်းက အိပ်ပျော်သွားတတ်ပါတယ်။

ကာမဂုဏ်ကို လိုက်စား ပျော်ပါးသူတချို့ကျပြန် တော့လည်း မအိပ်ခင်လေးမှာ မိမိတို့အဖော်နှင့် ကာမ နှင့်စပ်နွှယ်တဲ့အာရုံတွေမှာ နစ်မြောစီးဝင်ရင်း အိပ်စက် တတ်ကြပြန်ပါတယ်။ တချို့လူတွေကျတော့ လွယ်လွယ် နှင့်အိပ်မပျော်တတ်ကြပြန်ဘူး။ သူတို့တွေကျတော့ အိပ်မပျော်ခင်အချိန်မှာ အိပ်ရာပေါ်လှဲနေရင်းက တောင်တောင်အီအီတွေ လျှောက်တွေးရင်း၊ စဉ်းစားရင်း နှင့် နောက်ဆုံး ခန္ဓာကိုယ် တအားပင်ပန်းလာတော့မှပဲ အိပ်ပျော်သွားတတ်ကြတယ်။

အခုပြောခဲ့တဲ့ လူတွေရဲ့ အိပ်စက်ပုံတွေကို စိစစ် ကြည့်လိုက်ရင် စွဲလမ်းမှုတွေ၊ ယစ်မူးမှုတွေ၊ လောဘ တွေ၊ တဏှာရမ္မက်တွေ၊ဒေါသတွေ၊စိတ်ပျံ့လွင့်မှုတွေ၊ မောဟတွေနှင့်ပြည့်နှက်နေရင်းကနေ အိပ်စက်လိုက်ကြ တာမို့ သူတို့တွေ ဘယ်လောက်ကောင်းတဲ့မွေ့ရာပေါ်မှာပဲ အိပ်ကြပါစေ၊ သူတို့ရဲ့အိပ်စက်ခြင်းဟာ အရည် အသွေးရှိရှိ အိပ်တာပါလို့ပြောဖို့တော့ ခက်ပါလိမ့်မယ်။ အားမနာတမ်းသာ ပြောရရင် တိရစ္ဆာန်တွေအိပ်တာမျိုး ထက် ဘယ်လောက်များ ပိုသာနိုင်မှာတဲ့လဲ။
ကဲ . .ဒီတော့ ကျွန်တော်တို့ အရည်အသွေးမြင့်မြင့် အိပ်တတ်ကြတဲ့သူတွေအကြောင်းကို ထပ်ပြီးလေ့လာ ကြည့်ကြပါဦးစို့။

ဘာသာရေးစာပေတွေမှာ ဖတ်ကြည့်မိတော့ ပထမဆုံး မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ကျိန်းစက်တော်မူပုံကို တွေ့ရပါတယ်။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ ညဥ့်သုံးယံမှာ အလယ်မဇ္ဈိမယံကို သုံးပုံပုံပြီး ပထမနှစ်နာရီမှာ ရောက်လာကြတဲ့ နတ် ဗြဟ္မာတွေကို တရားဟောတော်မူပါတယ်။ ဒုတိယ နှစ်နာရီမှာတော့ ကျိန်းစက်တော်မူပါတယ်။ အဲဒီလို ကျိန်း စက်တော်မူတဲ့အခါမှာ ထမယ်ဆိုတဲ့ အမှတ်သညာကို ပြုပြီးတော့ စတုတ္ထဈာန်(သို့)ဖလသမာပတ်ကို ဝင်စား ပြီး ကျိန်းစက်တော်မူပါတယ်တဲ့။ နှစ်နာရီ ကျိန်းပြီးတဲ့ နောက်မှာတော့ ကျိန်းစက်နေရာကနေ ပြန်လည် ထတော်မူပြီး ကိုယ်လက်သုတ်သင်၊ စင်္ကြံလျှောက်၊ ဒီနေ့ အတွက် လောကမှာ ဘယ်သူတွေကို ချေချွတ်ရမလဲလို့ ကြည့်တော်မူပါတယ်။ မြတ်စွာဘုရားဟာ တစ်နေ့တာ လုံးမှာ နှစ်နာရီပဲ ကျိန်းတော်မူပြီး ကျန်တဲ့အချိန်တွေကို လောကသားတွေအတွက် အသုံးချတော်မူခဲ့ပါတယ်။
အရှင်မဟာကဿပမထေရ်၊ စက္ခုပါလမထေရ် အစရှိတဲ့ နေသဇ္ဇိဓုတင်ကို ဆောင်ထားကြတဲ့ ကိုယ်တော်ကြီးတွေကတော့ ကျောခင်းပြီး အိပ်စက်တာကို ပယ်တော်မူကြပြီး ထိုင်လျက်သာ အသက်ထက်ဆုံး ကျိန်းစက်တော်မူခဲ့ကြပါတယ်။ 

ဒီဘက်ခေတ်မှာ ထင်ရှားတဲ့ ဝေဘူဆရာတော် ဘုရားကြီးတို့၊တောင်ပုလုဆရာတော်ဘုရားကြီးတို့လည်း နေသဇ္ဇိဓုတင်ဆောင် ပုဂ္ဂိုလ်များ ဖြစ်ကြပါတယ်။ မဂ်ဖိုလ်နိဗ္ဗာန်ကိုရည်မှန်းပြီး ဝီရိယထန်ထန်နှင့်အားထုတ် ကြိုးပမ်း နေနေကြတဲ့ ရဟန်းပုဂ္ဂိုလ်တွေနှင့် ယောဂီ သူတော်စင်တွေဆိုရင်လည်း နေ့စဉ် အချိန်တိုင်းနီးပါး သတိပဋ္ဌာန်တရားကို အပတ်တကုတ် ပွားများနေကြ တာမို့ အိပ်ချိန် အင်မတန်မှကို နည်းပါးကြပါတယ်။
ဒီလို တစိုက်မတ်မတ်အားထုတ်နေကြတဲ့ ပုဂ္ဂိုလ် တွေကို ဆရာသမားများက အိပ်တာနှင့် ပတ်သက်ပြီး သြဝါဒပေးဆုံးမတာတွေကလည်း စိတ်ဝင်စားဖို့ကောင်း သလို လိုက်နာကျင့်သုံးဖွယ်ရာလည်း ကောင်းပါတယ်။ တောင်ပုလုဆရာတော်ကြီးက ဆရာတော်ဦးဇောတိက စတင် တရားအားထုတ်စဉ်အချိန်တွေတုန်းက တရား တိုးတက်မှုနှင့်ပတ်သက်ပြီး မေးခဲ့တဲ့မေးခွန်းက
''အိပ်မက်ထဲမှာ တရားအားထုတ်ဖူးပြီလား'' ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဆရာတော်က ပထမတော့ အိပ်မက်ထဲအထိ ဘာဝနာ မရောက်နိုင်ခဲ့သေးပေမဲ့ နောင်တော့ အိပ်မက်ထဲမှာတောင် တရားအားထုတ် ဖြစ်လာတယ်လို့ဆိုပါတယ်။ ပဲခူး အောင်သုခဆရာတော် ကြီးကတော့ အရှိန်မပျက်ဆက်လက်အားထုတ်နေတဲ့ ယောဂီများကို အိပ်မပျော်မီအချိန်လေးမှာ မိမိသိထား ပြီးသား တရား(သို့)သမာပတ် တစ်ခုခုကို အဓိဋ္ဌာန်ပြု ဝင်စားပြီး အိပ်ကြဖို့ ညွှန်ကြားပါတယ်။ အိပ်တာဟာ အချိန်ပိုင်းသေလိုက်တာပဲမို့ သေခါနီးနောက်ဆုံးအချိန် အတွက်လည်း နေ့စဉ်ပြင်ဆင်ပြီးသားဖြစ်အောင် လေ့ကျင့်ခိုင်းတဲ့သဘော ဖြစ်ပါတယ်။

တရားကို ဇောက်ချလုပ်နေတာ မဟုတ်သေးတဲ့ အတွက် ကျွန်တော်တို့လို ရိုးရိုးလူသာမန်တွေရော ဘယ်လိုနည်းတွေနှင့် အရည်အသွေးရှိရှိ အိပ်စက်နိုင် မလဲလို့ ကျွန်တော် စဉ်းစားမိသလောက် ချရေးကြည့်ပါ မယ်။ စာဖတ်သူမိတ်ဆွေတွေကလည်း မိမိတို့ သိထား တာလေးတွေ ကျွန်တော့်ကို ပြန်လည် ဝေငှပေးစေချင်ပါ တယ်ခင်ဗျာ။
အလွယ်ကူဆုံး စလုပ်လို့ရတာကတော့ အိပ်ခါနီး ကိုယ်လက်သန့်စင်ပြီးတာနဲ့ အချိန်လေး နည်းနည်းယူ ပြီး ဘုရားရှိခိုး၊ သီလယူ၊ ဂုဏ်တော်ပွား၊ မေတ္တာပို့၊ ပုတီးစိပ်၊ အမျှဝေ စသဖြင့် ကိုယ်တတ်နိုင်သလောက် လေး မအိပ်ခင် ကုသိုလ်ယူပြီးမှ အိပ်မယ်ဆိုရင် ဘာပဲ ဖြစ်ဖြစ် ဒီအတိုင်းကြီး လှဲအိပ်ပစ်လိုက်တာထက်စာရင် အရည်အသွေးတက်လာမှာ အမှန်ပါပဲ။

ဒီနေရာမှာ ဆရာတော်ရဝေနွယ်(အင်းမ) ပြောဖူး တာလေးကို အကြောင်းတိုက်ဆိုင်တုန်း မျှဝေပေးချင်ပါ တယ်။ ဆရာတော်က မင်းကွန်းဆရာတော်ကြီးအဆုံး အမဆိုပြီး ပြောပြတာပါ။ အိပ်ခါနီးသီလယူတဲ့အခါမှာ ရိုးရိုးငါးပါးသီလကိုမယူဘဲ ရှစ်ပါး၊ ကိုးပါး စတဲ့ ဥပုသ် သီလတစ်ခုခုကို ပြောင်းယူလိုက်ခြင်းဖြင့် အိပ်ပျော်နေ တဲ့အချိန်တစ်လျှောက်လုံးမှာ ကိုယ်က ဥပုသ်စောင့်ပြီး သားဖြစ်သွားသလို ကိုယ်ယူထားတဲ့သီလကလည်း ကျိုးပျက်စရာ အကြောင်းမရှိတဲ့အတွက် သီလလည်း စင်ကြယ်ပါတယ် တဲ့။ နောက်ပြီး နေ့စဉ် နေ့တိုင်းလည်း ဥပုသ်စောင့်ခွင့်ရသွားပါတယ်။ (အိမ်ထောင်သည် များကတော့ မိမိစောင့်ထိန်းနိုင်သလောက်သာ သင့်လျော် သလို ဆောက်တည်ကြပါရန်။)အိပ်ခါနီးအချိန်လေးမှာ ငါဟာ ဥပုသ်သည်တစ်ယောက်ပါလားဆိုတဲ့ ကြည်လင် ဝမ်းမြောက်တဲ့စိတ်လေးနှင့်အိပ်လိုက်ရတော့ မိမိရဲ့ အိပ်စက်ခြင်းဟာ သာမန်အိပ်စက်ခြင်းထက် ပိုပြီး အရည်အသွေးမြင့်တက်သွားနိုင်ပါတယ်။

နောက်ထပ် ပိုပြီး အရည်အသွေးတက်အောင် ဆိုရင်တော့ ဘုရားရှိခိုး၊ သီလယူတာတွေ အားလုံးလုပ်ပြီး လို့ လှဲအိပ်လိုက်တဲ့အချိန်ကစပြီး အိပ်ပျော်သွားတဲ့အချိန် အထိ ဂုဏ်တော်တစ်ခုခုကိုပွားတာ ဖြစ်ဖြစ်၊ မေတ္တာပို့ နေတာ ဖြစ်ဖြစ် လုပ်နေမယ်ဆိုရင်လည်း ဖြစ်တာပါပဲ။တရားအားထုတ်ဖူးတဲ့အလေ့အကျင့် ရှိထားတဲ့သူတွေ ဆိုရင်တော့ အိပ်ခါနီး ဘုရားရှိခိုးတာ၊ သီလစောင့်တာ စတာတွေလုပ်ပြီးရင် တကယ်လို့ အချိန်လည်းပေးနိုင် ဦးမယ်ဆိုရင် တရားကို မိနစ်ပိုင်းလောက်ဖြစ်ဖြစ် ထိုင် အားထုတ်ပြီးမှအိပ်မယ်ဆိုရင် စိတ်ကြည်လင်အေးချမ်း ပြီးတော့ အိပ်စက်ကြရမှာဖြစ်ပါတယ်။ ဒီထက်လုပ်နိုင် ရင်တော့ အိပ်ရာပေါ်လှဲနေရင်းက အိပ်မပျော်ခင်အထိ ဆက်ပြီး တရားအာရုံပြုနေလိုက်မယ်ဆိုရင်လည်း ဖြစ် တာပါပဲ။

ဒီနေရာမှာ လှဲအိပ်ရင်း တရားမှတ်ဖို့အတွက် သင့်လျော်တဲ့ အားထုတ်နည်းတစ်ခုက Body Sweeping Meditation (Body Scan Meditation) နည်းပါ။ တရား အားထုတ်တဲ့အလုပ်ကို မလုပ်ဖူးသေးတဲ့သူတွေအနေ နှင့်လည်း စမ်းပြီးလုပ်ကြည့်ဖို့ရာ လွယ်ကူပါတယ်။
အားထုတ်နည်းကတော့ အိပ်ရာပေါ် လှဲအိပ်လိုက် ပြီး ခန္ဓာကိုယ်ကို သက်သောင့်သက်သာဖြစ်အောင်ထား လိုက်ပါ။ အသက်ကို မှန်မှန်လေးပဲ ရှူသွင်းရှူထုတ်လုပ် နေလိုက်ပါ။ ပြီးရင် ဦးခေါင်းငယ်ထိပ်ကို သိစိတ်လေး ကို ပို့လိုက်ပါ။ ငယ်ထိပ်နေရာမှာ လောလောဆယ်ဖြစ် နေတဲ့ တင်းမှုတောင့်မှု၊ ပူမှုအေးမှု စတာ တစ်ခုခုနှင့် သိမ်သိမ်မွေ့မွေ့တုန်ခါနေမှုမျိုးလေးတွေကို သတိထား မိလာပါလိမ့်မယ်။ အဲဒါကလေးတွေထဲက ထင်ရှားတာ တစ်ခုခုကို သိပြီးနေလိုက်ပါ။ အဲဒီငယ်ထိပ်နေရာကနေ ဦးခေါင်းရဲ့အောက်ဘက်ပိုင်းဆီသို့ သိစိတ်ကလေးကို တဖြည်းဖြည်းချင်း ပို့ပေးပါ။ စိတ်ကလေးရောက်နေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းမှာ လတ်တလောဖြစ်ပေါ် ပြောင်းလဲနေတဲ့ ထင်ရှားတဲ့အခြေအနေတိုင်းကို သိသိ ပေးပါ။ ဦးခေါင်း၊ မျက်နှာ၊ လည်ပင်း၊ ဂုတ်၊ ပခုံး၊ လက်နှစ်ဘက်၊ ရင်ဘတ်၊ ဝမ်းဗိုက်၊ ကျော၊ ဆီးခုံ၊ တင်ပါး၊ ခြေထောက်တွေအထိ အဆင့်ဆင့် ဆင်းလာ ပြီး နောက်ဆုံး ခြေချောင်းလေးတွေဆီရောက်တဲ့အထိ စိတ်ကလေးနှင့်ကြည့်ပေးပါ။ ခေါင်းကနေ ခြေထောက် အထိရောက်ဖို့အတွက် အနည်းဆုံး (၁၅)မိနစ်လောက် အချိန်ကြာတတ်ပါတယ်။ ပိုအသေးစိတ်နိုင်လေ ပိုကြာ လေပါပဲ။ ဒါပေမဲ့ အိပ်ပျော်ခါနီးမှာ ပြုလုပ်တာဖြစ်တဲ့ အတွက် ခြေထောက်ရောက်တဲ့အထိကို ခံမှာမဟုတ်ပါ ဘူး။လမ်းတစ်ဝက်မှာတင် အိပ်ပျော်သွားတတ်ပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်ရင်း အိပ်ပျော်သွားတဲ့အခါမှာ နှစ်နှစ် ခြိုက်ခြိုက်နှင့် အိပ်ပျော်သလို နိုးလာတဲ့အခါမှာလည်း ခန္ဓာကိုယ်ရော၊ စိတ်ရော လန်းဆန်းနေတတ်ပါတယ်။
တကယ်လို့များ ခြေချောင်းတွေအထိရောက်ပြီးဆုံး သွားတဲ့တိုင်အောင်မှ အိပ်မပျော်သေးဘူးဆိုရင် ငယ်ထိပ်ကနေ တစ်ခါပြန်စပြီး ခုနကအတိုင်း ခန္ဓာကိုယ် ကို အစကနေ အဆုံး ပြန်ကြည့်ပေးရုံပါပဲ။ 

အိပ်ခါနီး ပွားများဖို့သင့်လျော်တဲ့ တခြားကမ္မဋ္ဌာန်း တွေကတော့ အသုဘကမ္မဋ္ဌာန်းနှင့် မရဏာနုဿတိ ကမ္မဋ္ဌာန်းတွေပဲဖြစ်ပါတယ်။ တကယ်တော့ အိပ်တယ် ဆိုတာ နာရီပိုင်းသေတာမို့ ကိုယ့်ခန္ဓာကိုယ်ကို လူသေ ကောင်အဖြစ် နှလုံးသွင်းသဘောထားပြီး အသုဘ ဘာဝနာ စီးဖြန်းအိပ်မယ်ဆိုလည်း ရတာပါပဲ။ ဒီလိုမှ မဟုတ်လည်း မိမိကိုယ်ကို ဒါငါသေရတော့မယ့် နောက်ဆုံး အချိန်ပါလားလို့နှလုံးသွင်းပြီး ငါ အခုသေရင် ဘယ်လို စိတ်မျိုးနှင့်သေမှာလဲဆိုတာကို ကိုယ့်ဘာသာ ဆင်ခြင် သတိပေးရင်း ကိုယ်ကျွမ်းကျင်ရာ နှစ်သက်ရာ ဘာဝနာတစ်ခုခုကို နှလုံးသွင်း အိပ်စက်မယ်ဆိုလည်း အိပ်စက်ခြင်းဟာ ပုံမှန်ထက်တော့ အရည်အသွေး မြင့်သွားမှာ အမှန်ပါပဲ။

အဘိဓမ္မာထဲက စကားနှင့် ပြောမယ်ဆိုရင်တော့ အိပ်ပျော်နေတဲ့အချိန်ဟာ ဘဝင်စိတ်တွေ ဖြစ်နေတဲ့ အချိန်ပါ။ ဘဝင်စိတ်ဆိုတာ ဘယ်အာရုံကိုမှမယူ၊ မသိ တဲ့ စိတ်တစ်မျိုးပါပဲ။ တစ်နေ့တာမှာ အကြောင်းအား လျော်စွာ မြင်, ကြား, နံ, သိ စတဲ့ အာရုံငါးပါးနှင့်ဆိုင်တဲ့ ဝိညာဏ်အသိစိတ်တွေ ပေါ်လာတဲ့ အခိုက်လေးတွေမှာ ဘဝင်စိတ်က ခဏပြတ်သွားတတ်ပါတယ်။ ဒါတောင် အသိစိတ် တစ်ခုနှင့် တစ်ခုကြားမှာ ဘဝင်စိတ်တွေက ခိုနေတတ်ပါသေးတယ်။ ခန္ဓာကိုယ်မှာ ပင်ပန်းနွမ်းနယ်မှု တွေကြောင့် ထိနမိဒ္ဓတွေ အားကြီးသွားတဲ့အခိုက်မှာ သိစိတ်တွေပြတ်ပြီး ဘဝင်စိတ်တွေ ဆက်တိုက်ဖြစ်သွား တဲ့အချိန်ကိုပဲ အိပ်တယ်လို့ခေါ်ရတာပါ။ တကယ်တော့ ဘဝင်စိတ်ဖြစ်တဲ့အချိန်ဟာ သတိကင်းမဲ့တဲ့အချိန်ပဲဖြစ် ပါတယ်။ သတိအားကောင်းလာတဲ့သူမှာ ဘဝင်စိတ်ဖြစ် တဲ့အကြိမ်ရေ နည်းနည်းလာပါတယ်။ ဒါကြောင့်လည်း တရား နှလုံးသွင်းနေကြတဲ့ သူတော်ကောင်းများ အိပ်ချိန် နည်းပါးသွားကြတာ ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်အတွက်သာ မဖြစ်မနေ အိပ်လိုက်ကြရပေမဲ့ ပြန်ထမယ်ဆိုတဲ့ အမှတ်သညာကို စိတ်ကညွှတ်ထားတဲ့ အတွက် အချိန်တိုအတွင်းမှာ အိပ်နေရာကနေ ကြည်ကြည်လင်လင် လန်းလန်းဆန်းဆန်းနှင့် ပြန်လည် နိုးထလာတတ်ကြတာ ဖြစ်ပါတယ်။

အခုပြောသွားတာတွေက ကျွန်တော်တို့တွေ ကိုယ့် ဘာသာပြန်လည်စိစစ်ပြီး အဖြေထုတ်ကြည့်နိုင်လောက် မယ် ထင်ပါတယ်။ ငါတို့တွေ နေ့စဉ်နေ့တိုင်း အိပ်နေ ကြတာ အရည်အသွေးမီအိပ်စက်ခြင်းမှ ဟုတ်ပါရဲ့လား ဆိုတာ။ ဒီအဖြေကို ကိုယ်ကိုယ်တိုင်ပဲ ပြန်ဖြေနိုင်ကြ လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြတ်စွာဘုရားရှင်နှင့် သူတော်ကောင်းတွေ အိပ်စက်ကြ ပုံကို အတုယူအားကျပြီး ကျွန်တော်တို့လည်း တတ်နိုင် သလောက် အရည်အသွေးမီ အိပ်နိုင်အောင် ကြိုးစားကြည့် ကြရအောင်လားဗျာ။
ကဲ . .စာဖတ်နေကြတဲ့ မိတ်ဆွေတွေ အားလုံး Quality Sleep နှင့် နေ့စဉ်အိပ်စက်နိုင်ကြပါစေဗျာ။

လေးစားစွာဖြင့် -
ဝိမုတ္တိသုခ

ပြောင်းလဲလို့ရတယ်


ခင်ဗျား အခုရောက်နေတဲ့နေရာကို၊ ခင်ဗျားရဲ့လက်ရှိအခြေအနေကို မကြိုက်ဘူးလား။

"ခင်ဗျားအနေနဲ့ ပြောင်းလဲလိုက်လို့ရတယ်"

"ဖန်တီးလိုက်လို့လဲ ရတယ်"

ခင်ဗျားဟာ မရွေ့နိုင်တဲ့ ကျောက်တုံးတစ်တုံး မဟုတ်သလို တစ်နေရာထဲမှာ ခြောက်သွေ့သေဆုံးရမယ့် သစ်ပင်တစ်ပင်လဲ မဟုတ်ဘူး။

ခင်ဗျားဟာ သက်ရှိတစ်ယောက်၊

သက်ရှိထဲမှာမှ စွမ်းရည်အရှိဆုံး လူသား၊

လူသားထဲမှာမှ ကျန်းမာပြီး အလုပ်လုပ်နိုင်တဲ့ လူတစ်ယောက်၊

တိုးတက်အောင်မြင်ချင်လို့ အမြဲကြိုးစားရှာဖွေနေတဲ့သူ တစ်ယောက် ဖြစ်တယ်။

ခင်ဗျားဟာ လက်ရှိအခြေအနေကို မကျေနပ်နိုင်လို့ ပိုမိုကြိုးစားပြီး ရုန်းကန်ရှာဖွေနေချင်တဲ့လူ၊

ဒီအချက်တွေနဲ့တင် ခင်ဗျားအောင်မြင်ဖို့ အချက်တော်တော်များများနဲ့ ပြည့်စုံနေပြီလို့ ပြောလို့ရတယ်။

ကျွန်တော်တို့ဟာ ဘဝရဲ့ အချိန်တော်တော်များများကို အမုန်းတရားတွေ၊ မကောင်းတဲ့အလေ့အထတွေ၊ ဘာမှလာမလုပ်ပေးနိုင်တဲ့ လူတွေရဲ့အမြင်တွေအပေါ်မှာ အခြေခံပြီး ကုန်ဆုံးနေကြတယ်။

တိုးတက်ပြောင်းလဲချင်နေတဲ့ ခင်ဗျားအတွက် အဲဒီအရာတွေအားလုံးကို ငြင်းပယ်ရမယ့် အချိန်ရောက်လာပြီလို့ ပြောချင်တယ်။

သူတို့ အတ္တကိုသာ ရှေ့တန်းတင်ပြီး ခင်ဗျားကို လေးစားကိုယ်ချင်းစာမှုမရှိပဲ အသုံးချဖို့သာ ကြိုးစားနေတဲ့လူတွေကို ငြင်းပယ်ရတော့မယ်။

ခင်ဗျားမလုပ်ချင်တဲ့ အလုပ်တွေကို ငြင်းပယ်ရဲရမယ်။

ခင်ဗျားအပေါ်မကောင်းဘူးဆိုတဲ့လူတွေကိုလဲ ငြင်းပယ်ရလိမ့်မယ်။

ခင်ဗျားဘဝအတွက် အရေးမပါတဲ့အသေးအဖွဲလေးတွေကို ဖယ်ထုတ်ရတော့မယ်။

ဆုံးရှုံးခဲ့ဖူးတဲ့ အတိတ်တွေကို ကျောခိုင်းပြီး

လှပတဲ့ အနာဂါတ်ဘဝကိုပဲ မျှော်လင့်ရတော့မယ်။

အရေးအကြီးဆုံးက အကြောင်းအရာ(၃)ခုကြောင့် ခင်ဗျားဘဝ ခင်ဗျားဖြစ်ချင်တာတွေကို ဘယ်တော့မှ မလဲလိုက်ပါနဲ့။

(၁) လူတွေရဲ့ ပြောစကားတွေကြောင့်၊

(၂) ငွေကြေးကြောင့်၊

(၃) အတိတ်ရဲ့အရိပ်ဆိုးတွေကြောင့်၊

-မှတ်စုကြမ်း #nayaung

Photo and Post Credit to: မှတ်စုကြမ်း nayaung

မြန်မာအရုပ်မ


ယောက်ျားတွေ အတော်များများက
နားငြီးတဲ့ဒဏ် ပေါက်ပေါက်ဖောက်တဲ့ ဒဏ်ကို မခံနိုင်တဲ့အဆုံး
မိန်းမတွေနေရာမှာ အရုပ်မတွေ အစားထိုးလာတဲ့အချိန်....

အရင်က smart phone လောက်ထုတ်ပြီး
သာယာနေတဲ့ company တွေတောင်
အခုဆို အရုပ်မဈေးကွက်ကိုရဖို့ အပြိုင်အဆိုင်ထုတ်လာကြပြီ။

အရုပ်မတွေကလည်း
တကယ့်မိန်းမ တစ်ယောက်လောက်နီးနီးကို တိုးတက်လာတဲ့အချိန်ပေါ့ဗျာ...

ကျုပ်လည်း ခေတ်မှီသွားအောင်
တစ်ရုပ်လောက်ဝယ်မလားလို့
အရုပ်မ showroom ထဲ တစ်ချက်သွားကြည့်တာ....

အလဲ့ ဆွေဆောင်းက ထုတ်တာ Galaxy Doll 7 တဲ့
ရုပ်ကတော့ ကိုရီးယားရုပ်လေးတွေနဲ့ဗျာ့...
အွန်စောကြိုက်လား၊ Park Bom ကြိုက်လား၊ Hyuna ကြိုက်လား
အရွယ်စုံ ဆိုဒ်စုံရှိတယ်။

နည်းပညာတွေကလည်း စွန်းမြင့်ချက်ပဲ
အရုပ်ပိုင်ရှင်ရဲ့ data တွေကို
Iris scaner တို့ Fingerprintတို့နဲ့ မှတ်ထားပြီး
အရုပ်ပိုင်ရှင်တစ်ယောက်ပဲ သုံးနိုင်မယ်တဲ့။

အလဲ့ မဆိုးဘူးဟ
ဆွေဆောင်း က
တစ်ကိုယ်ရည်တစ်ကာယ သီးသန့်သုံးနိုင်ဖို့
security ကတော့ အပြည့်ဘဲ။

ဒါပေမယ့် မဖြစ်သေးပါဘူးလေ
ဆွေဆောင်းဆို ပေါက်ကွဲတတ်လွန်းလို့
တော်ကြာ အဝှါပြုနေတုန်း ထပေါက်မှ
ငါ့ ဂျွန်ကုန်းကုန်းဖြစ်နေဦးမယ်။
မဖြစ်သေးဘူး...

နောက်တစ်ရုပ်ကျပြန်တော့
ဆူနီ Xperia D တဲ့...
အလဲ့ ဒီအရုပ်ကျပြန်တော့
တော်တော်ကို အကြမ်းခံတယ်ဆိုဘဲ။

ရေအောက်အနက် ပေ၂၀ မှာတောင်
Function တွေ အကုန် အလုပ်လုပ်သတဲ့...
လခွမ်း...အဲ့တာတော့ များသွားပြီ
ရေစိုခံတယ်လောက်ဆို တော်ရောပေါ့
ဘယ်ဂြိုလ်သားက ရေအနက် ပေ၂၀မှာ ဟိုဒင်းပြုမတုန်း...
နောက်ပြီး Japan Made ဆိုတော့
သောက်ကျိုးနည်း အသံကလည်း ကျယ်လိုက်မယ့်အမျိုး
ဒါလည်း မဖြစ်သေးဘူး...

ငင်
ဒီအရုပ်ကျ ဘယ့်နှယ့် မည်းပြောင်နေတာတုန်း...
ဈေးကျတော့လည်း သူက အကြီးဆုံး
ကျုပ်မျက်လုံးထဲတော့ ကုလားမကို မီးခိုးကြပ်တိုက်ထားသလိုဘဲ...
အွန်း ညဘက်သာဆို
မှောင်မှောင်မဲမဲနဲ့ ဘားမြင်ရမှာမဟုတ်ဘူး။
"အို...မြင်ရတာ မရတာတော့မသိဘူး...
အဲ့တာ အက်ပယ့် i doll 7 ရှင့်
အကို လိုချင်တယ်ဆိုရင်တောင် ခုမရသေးဘူး
သူက Jet Black လေ...
စွန်းလူကြိုက်လွန်းလို့် ပစ္စည်းပါပြတ်သွားတာ
အနည်းဆုံး ၄လလောက်တော့ကြိုမှာရမယ်..."

" အွမ် အဲ့လိုလား...."

မှန်းစမ်း ဒါကျတော့
အိုပိုbrand ဆိုပါလား....
Model က ဘာတဲ့
အိုပို d1s ဆိုဘဲ
ဘေးမှာ ကွင်းစ ကွင်းပိတ်နဲ့ (SP ဘုရင်) တဲ့
ဘုရား ဘုရား model နာမည် နဲ့တင်
အသားဒေပါ တဆက်ဆက်တုန်သွားဒေ....

"ညယ်မ ဒီဟာကရော"

"အဲ့တာက အိတ်တီစီ myanmar fly လေ...
သူက မြန်မာပြည်အတွက်သီးသန့်ထုတ်ထားတာရှင့်
မြန်မာစကားကိုလည်း မွတ်ထွတ်နေအောင် ပြောတတ်တယ်
ပြီးတော့....''

"အိုခေ
ရပြီ ညယ်မ အဲ့တာဘဲယူတော့မယ်"

မြန်မာစကား ရေရေလည်လည်ပြောတတ်တယ်ဆိုတည်းက ပြီးပြီလေ...
ပျင်းရင်လည်း စကားပြောဖော်လေးရတယ်...
အရုပ် quality ကလည်း မဆိုးဘူးဆိုတော့
အရောင်းစာရေးမ စကားတောင် ဆုံးအောင်နားထောင်မနေတော့ဘူး...
တန်းဝယ်ပစ်တာ။

အဲ့ အိမ်ရောက်လို့
ဒချိဖို့ ပါဝါဖွင့်တော့မှ ပြသနာက စတော့တာဘဲ

"အို....
ဆင် ကျယ်မကို ဒါ ဘာလုပ်တာလား.."

"ဟို ဟိုဒင်းလေ..."

"ဘာ ဟိုဒင်းလဲ"

ဖြောင်း....
ငိ အရုပ်မက ပါးချသဟ
လက်သံကလည်း ပြောင်ချက်

"ဆင် ကျယ်မကို ဘယ်လို မိန်းမစားထင်နေလဲ
ကျယ်မက မြန်မာ မိန်းကလေးဆင့်"

"အမ်...
ခင်ဗျားက အရုပ်လေ
နောက်ပြီး ကျုပ်က ခင်ဗျားကို ပိုက်ဆံပေးပြီး ဝယ်ခဲ့တာဗျ"

ဖြောင်း...ဖလောင်း....

ငမ့် ဒီတစ်ခါ ဘယ်ပြန် ညာပြန်ဟ

" ဆင် ကျယ်မအချစ်ကို
ပိုက်ဆံနဲ့ ဝယ်လို့ရမယ်များထင်နေလား...
ကျယ်မကို တကယ်ချေ့ရင်
လူကြီးစုံရာနဲ့ တောင်းရမ်း လက်ထပ်ပါ။
နို့မဟုတ်ရင်တော့ ဆွိုင်းရီးဘဲ သက်လား"

"ငင်"

အော် ကျုပ်ဘဝနှယ်
ကွကိုယ် မစွံလို့ အရုပ်မ ဝယ်တာတောင်
သောက်ကြီးသောက်ကျယ်မနဲ့မှ လာတိုးနေရတယ်လို့....

June Nine Aung - ရေးသားသည်။
Photo Credit to: Original Uploader

စရိုက်နဲ့ ကမ္မဋ္ဌာန်း


အများဖြစ်နေကျ ပုံစံများ၊ အရာများထက် ပိုမိုလွန်ကဲပြီး အဖြစ်များတတ်တဲ့ သဘောကို စရိုက်လို့ ခေါ်ပါတယ်။ ပါဠိစရိတဆိုတဲ့ စကားလုံးကို စရိုက်လို့ မြန်မာမှု ပြုထားခြင်း ဖြစ်ပါတယ်။ ဒီစရိုက်ကိုပဲ အထုံဝါသနာလို့ ဆိုပါတယ်။ လူတွေမှာ စိတ်ကောင်းစိတ်ဆိုး အမျိုးမျိုး ဖြစ်နေတာဟာ ဒီဘ၀နဲ့ပဲ သက်ဆိုင်နေတာ မဟုတ်ဘဲ ရှေးရှေးဘ၀က အထုံဝါသနာနဲ့လည်း သက်ဆိုင်ပါတယ်။ ရှေးရှေးအတိတ်ဘ၀များက အထုံဝါသနာကောင်း ပါလာတဲ့သူတွေဟာ စိတ်ကောင်းစေတနာကောင်း ရှိတတ်ပြီး အထုံဝါသနာဆိုး ပါလာတဲ့ သူတွေကတော့ စိတ်စေတနာ ဆိုးတတ်ပါတယ်။ ဒီလိုမကောင်းတဲ့ ၀ါသနာအထုံ စရိုက်တွေအားကောင်းတဲ့ သူတွေအတွက် စိတ်ကောင်းရှိအောင် ပြုပြင်ဖို့ ခက်ခဲတတ်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အထုံဝါသနာက အားကြီးနေလို့ပါ။

လောကမှာ လူအမျိုးမျိုး စရိုက်အမျိုးမျိုး ရှိကြတယ်လို့ ဆိုကြပေမယ့် ဗုဒ္ဓစာပေနဲ့ ခွဲခြားကြည့်လိုက်ရင် စရိုက် (၆)မျိုးပဲ ရှိပါတယ်။ လူတိုင်းလူတိုင်း မတူညီတဲ့ စရိုက်တစ်မျိုးစီ ဒါမှမဟုတ် နှစ်မျိုး၊ သုံးမျိုးစသည် ရှိတတ်ပါတယ်။ ကိုယ်ဘာစရိုက်အားကြီးတယ် ဆိုတာကိုတော့ ဒီစရိုက်ခြောက်ပါးနဲ့ ညှိကြည့်နိုင်ပါတယ်။ စရိုက်ခြောက်ပါးမှာ ရာဂစရိုက်ရှိသူနဲ့ သဒ္ဓါစရိုက်ရှိသူဟာ သွားလာနေထိုင်၊ လုပ်ကိုင်စားသောက်ပုံချင်း တူညီတတ်ပြီး ဒေါသစရိုက်ရှိသူနဲ့ ဗုဒ္ဓိ(ပညာ)စရိုက်ရှိသူဟာလည်း အနေအထိုင် အပြောအဆို အစားအသောက် တူညီတတ်ကာမောဟစရိုက်ရှိသူနဲ့ ၀ိတက်စရိုက် ရှိသူမှာလည်း အလုပ်အကိုင် အပြောအဆို အစားအသောက်မှအစ တူညီနေတတ်တာကို တွေ့ရတတ်ပါတယ်။

ရာဂစရိုက်ရှိသူနဲ့ သဒ္ဓါစရိုက်ရှိသူ နှစ်ဦးလုံးဟာ အသွားအလာ အနေအထိုင် အပြောအဆို ယဉ်ကျေးတတ်၊ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် နေတတ်ထိုင်တတ် လုပ်ကိုင်တတ်၊ အနံ့အသက်ကောင်းကောင်း အစားအသောက် ကောင်းကောင်းနဲ့ နူးညံ့သိမ်မွေ့မှုများကို နှစ်သက်တတ်ပါတယ်။ ထူးခြားမှုက ရာဂစရိုက်ရှိသူဟာ ကာမဂုဏ်အာရုံများကို မခွဲနိုင်မခွါရက်အောင် စွဲမက်တတ်၊ ပရိယာယ်မာယာများတတ်၊ စဉ်းလဲကောက်ကျစ်တတ်၊ လောဘမာန အားကြီးတတ်ပြီး သဒ္ဓါစရိုက် အားကြီးသူကတော့ ပရိယာယ်မာယာနှင့် လောဘမာနများ အလွန်မကြီးမားဘဲ စွန့်ကြဲပေးကမ်း လှူဒါန်းမှုမှာ ပျော်မွေ့တတ်၊ ဘုရားကျောင်းကန်များတွင် ၀တ်တွားဆည်းကပ်တတ်၊ ရတနာသုံးပါးအပေါ်မှာ ယုံကြည်မှု အားကောင်းတတ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ သဒ္ဓါစရိုက်အားကြီးပြီး ပညာအားနည်းတဲ့အတွက် အလွဲကိုးကွယ်မိတာတွေလည်း ရှိတတ်ပါတယ်။

ဒေါသစရိုက်ရှိသူနဲ့ ဗုဒ္ဓိခေါ် ပညာစရိုက်ရှိသူ နှစ်ဦးလုံးဟာ အသွားအလာ အနေအထိုင် အပြောအဆို ရုန့်ရင်းကြမ်းတမ်းတတ်၊ သပ်သပ်ရပ်ရပ် နေထိုင်လုပ်ကိုင်မှု မရှိဘဲ ဖြစ်သလို ဖရိုဖရဲ လုပ်တတ်ကိုင်တတ်၊ အချဉ်အငန် အစပ်အခါး စတဲ့ စူးစူးရှရှ အရသာတွေမှာ နှစ်သက်တတ်၊ မကောင်းတဲ့အဆင်းအသံ စတာတွေနဲ့ တွေ့ကြုံတဲ့အခါ သည်းခံအောင်အည်း ချုပ်တည်းခြင်းမရှိဘဲ ချက်ချင်းဆဲဆို ငေါက်ငမ်းကာ စိတ်ကြမ်းစိတ်တို လွယ်တတ်ပါတယ်။ ကွဲပြားတာကဒေါသစရိုက်ရှိသူဟာ ရန်ငြိုးဖွဲ့ခြင်း အာဃာတ၊ မနာလိုခြင်း ဣဿာ၊ ၀န်တိုခြင်း မစ္ဆရိယ၊ သူတစ်ပါးဂုဏ်ကို ဖျက်ဆီးလိုခြင်း မက္ခ၊ ဂုဏ်တူဂုဏ်ပြိုင်ပြုခြင်း ပဠာသ၊ အဆုံးအမခက်ခြင်း ဒုဗ္ဗစတရားများ ဖြစ်ပွားလေ့ရှိတတ်ပြီး ဗုဒ္ဓိစရိုက်ရှိသူကတော့ ရန်ငြိုးဖွဲ့ခြင်း၊ မနာလိုခြင်း၊ ၀န်တိုခြင်း စတဲ့တရားများမရှိဘဲ ဆိုဆုံးမလွယ်တတ်၊ စားသောက်ဖွယ်မှန်သမျှမှာ နှိုင်းနှိုင်းချိန်ချိန် ပြုတတ်၊ နောင်သံသရာအတွက် သတိပညာဖြင့် ကောင်းစွာမြော်မြင်ကာ ပါရမီကုသိုလ်များကို ကြိုးစားပြုလုပ်တတ်ပါတယ်။

မောဟစရိုက်ရှိသူနဲ့ ၀ိတက်စရိုက်ရှိသူ နှစ်ဦးလုံးရဲ့ သဘောလက္ခဏာဟာလည်း တူညီနေတတ်ပါတယ်။ အသွားအလာ၊ အပြောအဆို အနေအထိုင်က အစပေါ့။ ဒါပေမယ့် ထူးခြားချက်က မောဟစရိုက်ရှိသူဟာ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ ရှိတတ်၊ ကိစ္စအထွေထွေ ပွေလိမ်ရှုတ်ထွေးတတ်၊ အစားအသောက်မှာလည်း တစ်သမှတ်တည်းမရှိ ဟိုလိုလို ဒီလိုလို နှစ်သက်တတ်၊ အကြောင်းအကျိုး အကောင်းအဆိုးကို ခွဲခြားသိမြင်မှု မရှိတတ်ဘဲ သူများချီးမွန်းရင် လိုက်ချီးမွန်းတတ်ကာ သူများကဲ့ရဲ့ရင်လည်း လိုက်ကဲ့ရဲ့တတ်၊ သတိပညာကင်းပြီး ထိုင်းမှိုင်းခြင်း ထိနမိဒ္ဓ၊ ပျံ့လွင့်ခြင်း ဥဒ္ဓစ္စတို့နှင့် အချိန်ကုန်တတ်ပြီး ၀ိတက်စရိုက် ရှိသူကတော့ ဟိုဟိုဒီဒီ ကိစ္စများများမှာ အကျိုးမပြီး အချည်းနှီးဖြစ်နေတတ်၊ စကားပေါကာ ကိစ္စမချောဘဲ မျောနေတတ်၊ ကောင်းတဲ့လုပ်ငန်းများမှာ အစွမ်းအစမရှိဘဲ ပျင်းရိနေတတ်၊ ကိုယ်လိုပေါ့ပေါ့တန်တန် လူများနဲ့ပျော်မွေ့ကာ ထွေရာလေးပါး အကြံများပြီး လူအားလူပိုသာ ဖြစ်နေတတ်ပါတယ်။

ဒါတွေကတော့ သတ္တ၀ါများ ရှိတတ်တဲ့ အကျင့်စရိုက်ရဲ့ သဘောတရားအချို့ပဲ ဖြစ်ပါတယ်။ လူတိုင်းလူတိုင်း စရိုက်တစ်ခုခုကတော့ အားကောင်းနေတတ်ပါတယ်။ ကောင်းတဲ့စရိုက်အားကောင်းနေတာ ရှိတတ်သလို မကောင်းတဲ့စရိုက် အားကောင်းနေတာလည်း ရှိတတ်ပါတယ်။ ကောင်းတဲ့စရိုက် အားကောင်းနေရင်လည်း ဒီစရိုက်ကို ဆက်လက်တိုးပွားအောင် ကြိုးစားဖို့ လိုအပ်သလို မကောင်းတဲ့စရိုက် အားကောင်းနေရင်လည်း တတ်နိုင်သမျှ ပြုပြင်နိုင်အောင် ကြိုးစားရပါမယ်။ မကောင်းတဲ့အရာတွေမှာ ပျော်မွေ့တတ်တဲ့ ၀ါသနာစရိုက်ဟာ ကိလေသာများရဲ့ အားအစွမ်းဖြစ်နေတတ်ပြီး ကောင်းတဲ့အရာတွေမှာ ပျော်မွေ့တတ်တဲ့ ၀ါသနာစရိုက်ကတော့ ကောင်းတဲ့အလို သမ္မာဆန္ဒဖြစ်နေတတ်ပါတယ်။ ကောင်းတဲ့စရိုက်ကို မှန်ကန်တဲ့ နည်းနဲ့အသုံးချနိုင်ရင် နိဗ္ဗာန်အထိ ရောက်နိုင်သလို မကောင်းတဲ့ စရိုက်ကိုလည်း တတ်နိုင်သမျှ ပြုပြင်နိုင်လျှင် နောင်သံသရာအတွက် ဒီစရိုက်များ လိုက်မလာနိုင်တော့ပါဘူး။ မပြုပြင်ရင်တော့ ကောင်းတဲ့စရိုက်လည်း မကောင်းတဲ့ဘက် ပါသွားတတ်ပြီး မကောင်းတဲ့စရိုက်ကတော့ အပါယ်အထိလားကာ ဘ၀အဆက်ဆက် နိမ့်ကျမှု သက်သက်ကိုပဲ ဖြစ်စေပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်မှာ ဘယ်လိုစရိုက်မျိုး ရှိတယ်၊ ဘယ်လိုစရိုက် အားကောင်းတယ်ဆိုတာကို ဆင်ခြင်ပြီး ပြုပြင်ထိန်းသိမ်း ကြည့်ကြဖို့ လိုပါတယ်။ ဗုဒ္ဓအဘိဓမ္မာမှာတော့ စရိုက်တွေကို ကမ္မဋ္ဌာန်းနဲ့ ပြုပြင်ထိန်းသိမ်းတာဟာ အကောင်းဆုံးလို့ ဆိုပါတယ်။ ပြီးတော့ ဒီစရိုက်ခြောက်ပါးနဲ့ တွဲစပ်ပွားများရမယ့် ကမ္မဋ္ဌာန်းတွေကိုလည်း ဖော်ပြပေးထားပါတယ်။ အဲဒီဖော်ပြချက်က..

၁။ ရာဂစရိုက်အားကြီးသူဟာ စက်ဆုတ်ဖွယ် အကောင်ပုတ်လို့ ရှုရတဲ့ အသုဘ ကမ္မဋ္ဌာန်း ၁၀ပါးနဲ့ ဆံပင်အမွေး ခြေသည်းလက်သည်း စတဲ့ ၃၂ကောဋ္ဌာသကို ရှုဆင်ခြင်ရတဲ့ ကာယဂတာသတိ ကမ္မဋ္ဌာန်းကို ပွားများခြင်းဖြင့် ရာဂစရိုက်ကို ပြုပြင်နိုင်ပါတယ်။ ဒီကမ္မဋ္ဌာန်းဆယ့်တစ်ပါးထဲက သင့်လျော်ရာ တစ်ပါးပါးကို ပွားများပါးများလာရင် ရာဂမီးကို ငြိမ်းအေးစေနိုင်ပါတယ်။

၂။ ဒေါသစရိုက် အားကြီးသူဟာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ကမ္မဋ္ဌာန်းများနဲ့ နီလကသိုဏ်း (အညိုရောင်အဆင်း)၊ ပီတကသိုဏ်း (ရွှေရောင်အဆင်း)၊ လောဟိတကသိုဏ်း (အနီရောင်အဆင်း)၊ သြဒါတကသိုဏ်း (အဖြူရောင်အဆင်း) ဆိုတဲ့ ကမ္မဋ္ဌာန်း ၈ပါးကို ပွားများခြင်းဖြင့် ဒေါသစရိုက်ကို ပြုပြင်နိုင်ပါတယ်။ ဒီကမ္မဋ္ဌာန်းများဟာ သန့်ရှင်းကြည်လင်တဲ့အတွက် အာရုံပြုပွားများသူများကို စိတ်ရွှန်လန်းပြီး နူးညံ့မှုကို ဖြစ်စေပါတယ်။ ဒါကြောင့် ဒေါသစရိုက်အားကြီးတဲ့သူဟာ ဒီကမ္မဋ္ဌာန်း ဂပါးထဲက တစ်ပါးပါးကို ပွားများသင့်ပါတယ်။

၃/၄။ မောဟစရိုက်နဲ့ ၀ိတက်စရိုက်ရှိသူများဟာ အာနာပါနဿတိ ကမ္မဋ္ဌာန်းကို ပွားများပြီး ကိုယ့်ကိုယ်ကို ပြုပြင်ပေးနိုင်ပါတယ်။ မောဟစရိုက်ရှိသူဟာ သံသယနဲ့ ပျံ့လွင့်ခြင်းတို့ အဖြစ်များတဲ့အတွက် အလွယ်တကူ စိတ်ပျံ့လွင့် တုန်လှုပ်တတ်ပြီး ၀ိတက်စရိုက်ရှိသူဟာလည်း စိတ်ကူးအကြံအစည် များတဲ့အတွက် စိတ်ပျံ့လွင့်လွယ်တတ်ပါတယ်။ အာနာပါနဿတိ ကမ္မဋ္ဌာန်းဟာ ထွက်သက်ဝင်သက်တို့ကို အချက်ကျကျ လိုက်၍ ရှုမှတ်ပေးရတဲ့အတွက် တုန်လှုပ်ပျံ့လွင့်တဲ့စိတ်ကို ချုပ်ထိန်းပေးထားနိုင်ပါတယ်။ ဒါကြောင့် ဒီမောဟစရိုက်နဲ့ ၀ိတက်စရိုက် ရှိသူဟာ အာနာပါနကမ္မဋ္ဌာန်းကို အထူးပြု ပွားများသင့်ပါတယ်။

၅။ သဒ္ဓါစရိုက်ရှိသူဟာ ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ၊ သီလာနုဿတိ၊ စာဂါနုဿတိ၊ ဒေ၀တာနုဿတိ ဆိုတဲ့ ကမ္မဋ္ဌာန်း ခြောက်ပါးကို ပွားများပေးရပါတယ်။ ပင်ကိုက ကောင်းနေတဲ့ သဒ္ဓါတရားဟာ ဘုရားတရားသံဃာ စတဲ့အာရုံများနဲ့ ကြုံတွေ့ရပါက ပို၍ဖွင့်ဖြိုး တိုးတက်လာပြီး အကျိုးတရား တိုးပွားစေပါတယ်။ ဒါကြောင့် ကောင်းပြီးသားစရိုက်ကို ပိုကောင်းလာအောင် ဒီသဒ္ဓါစရိုက် ရှိတဲ့သူဟာ ဗုဒ္ဓါနုဿတိစတဲ့ ကမ္မဋ္ဌာန်း ခြောက်ပါးထဲက တစ်ပါးပါးကို ပွားများသင့်ပါတယ်။

၆။ ပညာစရိုက်ရှိသူဟာ သိမ်မွေ့နက်နဲတဲ့ သေခြင်းတရားကို ဆင်ခြင်တဲ့ မရဏာနုဿတိကမ္မဋ္ဌာန်း၊ နိဗ္ဗာန်ကို ဆင်ခြင်တဲ့ ဥပသမာနုဿတိ ကမ္မဋ္ဌာန်း၊ အစာအဟာရမှာ စက်ဆုတ်ဖွယ်လို့ ထင်မြင်အောင် ပွားများတဲ့ အာဟာရေ ပဋိကူလသညာ ကမ္မဋ္ဌာန်းနဲ့ ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယောလို့ခေါ်တဲ့ ဓာတ်ကြီးလေးပါးကို ပိုင်းခြားဆင်ခြင်တဲ့ စတုဓာတု၀၀တ္ထာန ကမ္မဋ္ဌာန်းကို ပွားများပေးရပါတယ်။ ပင်ကိုက စဉ်းစားချင့်ချိန်တတ်တဲ့ ပညာဟာ သိမ်မွေ့နက်နဲတဲ့ အာရုံနဲ့ ကြုံတွေ့တဲ့အခါ ပိုပြီးနက်နက်နဲနဲ စဉ်းစားဆင်ခြင်တဲ့အတွက် ဉာဏ်ပညာတိုးပွား ထက်မြက်လာတတ်ပါတယ်။ ဒါကြောင့် ပညာစရိုက်အားကြီးတဲ့သူဟာ မရဏာနုဿတိ စတဲ့ ကမ္မဋ္ဌာန်းများကို ပွားများပြီး ဉာဏ်အဆင့်တိုးပွားအောင် ကြိုးစားသင့်ပါတယ်။

ဒီဖော်ပြချက်ကတော့ ဗုဒ္ဓအဘိဓမ္မာမှာ ပါရှိတဲ့ စရိုက်နဲ့ကမ္မဋ္ဌာန်း တွဲစပ်ပွားများသင့်တာတွေပဲ ဖြစ်ပါတယ်။ စာဖတ်သူများအနေနဲ့ ဒီစရိုက်ခြောက်ပါးနဲ့ ကိုယ့်သန္တာန်မှာ ရှိနေတဲ့ စရိုက်တွေကို ချိန်ထိုးပြီး ကိုယ်နဲ့သင့်လျော်မယ့် ကမ္မဋ္ဌာန်းကို ပွားများသင့်ပါတယ်။ ကိုယ့်သန္တာန်မှာ ကောင်းတဲ့စရိုက်ရှိရင်လည်း ဒီစရိုက်ကို ပိုပြီးတိုးတက် ဖွံ့ဖြိုးလာအောင်၊ မကောင်းတဲ့စရိုက်ရှိရင် ဒီမကောင်းတဲ့စရိုက်ကို နောက်သံသရာအထိ မပါစေရန် အချိန်မီ ပြုပြုနိုင်အောင် လိုအပ်သင့်လျော်မယ့် ကမ္မဋ္ဌာန်းတစ်ခုခုကို ပွားများသင့်ပါတယ်။ ၀ိပဿနာအလုပ်ဟာ ကိလေသာကုန်ခမ်း နိဗ္ဗာန်ရရေးအတွက် အဓိကကျတဲ့ အလုပ်ဖြစ်ပေမယ့် ဒီဘ၀မှာလိုအပ်တဲ့ ချမ်းသာနဲ့ နိဗ္ဗာန်မရခင် ကျင်လည်ရမယ့် ဘ၀ချမ်းသာအတွက် တစ်ဘက်ကလည်း ကိုယ့်စရိုက်နဲ့ သင့်မယ့်ကမ္မဋ္ဌာန်း တစ်ခုခုကို ပွားများပေးဖို့ လိုပါတယ်။ အရိယာမဂ်နဲ့ ကိလေသာများနဲ့ စရိုက်များကို အကြွင်းမဲ့မပယ်သတ်နိုင် သေးပေမယ့် အခိုက်အတန့် အချိန်အတော်ကြာကြာ ခွာထားနိုင်အောင် ကမ္မဋ္ဌာန်းကို ပွားများပေးဖို့လည်း လိုအပ်ပါတယ်။ အထူးသဖြင့် မကောင်းတဲ့ စရိုက်များကို ကောင်းအောင် ကမ္မဋ္ဌာန်းနဲ့ ပြုပြင်ပြီး ကိုယ့်ရဲ့ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အကြံအစီများကို နူးညံ့သိမ်မွေ့လာအောင် ကြိုးစားသင့်ပါတယ်။

ဒါကြောင့် ဒီနေရာမှာ သိစေချင်တာက လူအမျိုးမျိုး စရိုက်အမျိုးမျိုး ရှိတတ်တဲ့ လောကကြီးမှာ ကိုယ်လည်း စရိုက်တစ်မျိုးမျိုးကို ပိုင်ဆိုင်ထားသူထဲမှာ ပါနေတာ ဖြစ်တဲ့အတွက် ကောင်းတဲ့စရိုက်ပဲ ဖြစ်ဖြစ်၊ မကောင်းတဲ့ စရိုက်ပဲဖြစ်ဖြစ် ဘယ်လိုစရိုက်မျိုးကို မဆို ကိုယ်နဲ့သင့်လျော်မယ့် ကမ္မဋ္ဌာန်းတစ်ခုခုကို ပွားများရင်း ကောင်းတဲ့စရိုက်ကိုလည်း ပိုပြီးတိုးပွားအောင်၊ မကောင်းတဲ့စရိုက်ဆိုရင်လည်း ပိုပြီးဆိုးမလာအောင် ပြုပြင်ကြည့်ကြဖို့ပဲ ဖြစ်ပါတယ်။ ပြုပြင်လိုက်မယ်ဆိုရင် အထုံပါနေတဲ့ စရိုက်လည်း အထိုက်အလျောက် ပြောင်းလဲလာနိုင်တဲ့အတွက် လက်တွေ့ပွားများကာ လေ့ကျင့်ကြည့်ကြဖို့ပဲ ဖြစ်ပါတယ်။ သေချာတာကတော့ ကိုယ့်စရိုက်နဲ့ သင့်လျော်မယ့် ကမ္မဋ္ဌာန်းတစ်ခုခုကို အချိန်ယူပြီး ပွားများပြုပြင် ကြည့်မယ်ဆိုရင် ကိုယ့်ရဲ့ကိုယ်အမူအရာ စတာတွေဟာ ပြောင်းလဲနူးညံ့လာမယ်ဆိုတာ သေချာပါကြောင်း…

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ
(ယနေ့ည ဓမ္မသဘင် ရွှေပြည်သာ ဝါးတရာတွင် တရားဖြင့် အလှဆင်မည်)

" စိတ်ညစ်ရင် အာရုံပြောင်းလိုက်ပါ "


ဘဝမှာ အမြဲတမ်း ပျော်ရွှင်တက်ကြွနေဖို့ဆိုတာ အတော်မလွယ်တဲ့ ကိစ္စပါ ။

တစ်ခါတလေ ပျော်မယ် ၊
တစ်ခါတလေ စိတ်ညစ်မယ် ၊
တစ်ခါတလေ ဘာမှအသုံးမဝင်တဲ့ တောထဲက သစ်ဆွေးတုံးကြီးလို ခံစားချင် ခံစားရမယ် ။

ဒါ ဘာဖြစ်လို့လဲ လို့ မေးရင် . . .
အာရုံ ကြောင့်လို့ ယေဘူယျ ဖြေလို့ ရပါတယ် ၊

ဘဝခရီးတလျှောက်မှာ အာရုံမျိုးစုံနဲ့ တွေ့နေရမှာပါ ။
နှစ်သက်တဲ့အာရုံ ၊ မနှစ်သက်တဲ့ အာရုံ တွေ တွေ့ရမယ် ၊ တခါတလေ အာရုံတစ်ခုကြောင့် ကိုယ့်ရဲ့ ဘဝလမ်းကြောင်း ပျောက်နေတတ် တာတောင် ရှိတတ်ပါတယ် ။ ဒါက ကြုံတွေ့ရသူအတွက် အလွန် အန္တရာယ် များလှပါတယ် ။

ဒီတော့ ဘာလုပ်မလဲ ?
အာရုံပြောင်းပစ်လိုက်ဖို့ပါပဲ ။

အာရုံပြောင်းလဲမှုရဲ့ အကျိုးသက်ရောက်မှုနဲ့ ပတ်သက်ပြီး သီဟိုဠ်ဓမ္မဝတ္ထုလေးတစ်ပုဒ် ပြောပြချင်ပါတယ် ။
----------------------------------------------

တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ တိဿဆိုတဲ့ ကိုရင် တစ်ပါး ရှိခဲ့ဖူးတယ် ၊

တစ်နေ့မှာ စိတ်ညစ်စရာ အာရုံနဲ့တွေ့ပြီး လူထွက်ချင်လာပါသတဲ့ ။ ဒါကြောင့် ဆရာဘုန်းကြီးကို သွားလျှောက်ပါတယ် ။

ဒီတော့ ဆရာဘုန်းကြီး . .
"အင်း . . အာရုံကြောင့် ဖြစ်တဲ့စိတ်ဟာ အမြဲတမ်း အဆိုးဘက်ကိုချည်း ယိမ်းမနေဘူး ၊ အာရုံကြောက့် ဖြစ်တဲ့စိတ်ကို အာရုံနဲ့ ပြန်ကုပေးမှပဲ ၊ လူဆိုတာ အာရုံသစ်ကို အခြေတည်ပြီး ပျော်ရွှင်တတ်ကြတယ် ၊ အာရုံသစ် တစ်ခု ပြောင်းပေးမယ် " ဆိုပြီး တွေးမိပုံရတယ် ။

ကောင်းပြီ ငါ့တပည့် ၊ လူထွက်ဖို့ ဆုံးဖြတ်ရင်လည်း မတားလိုဘူး ။ ဒါပေမယ့် ငါတို့နေတဲ့ကျောင်းဟာ ချိုးရေ အလွန် ရှားတယ် ။ လူမထွက်ခင် ငါတို့ကို ရေပေါရာ စိတ္တရတောင်ကို ပို့ပေးခဲ့ပါ" လို့ မိန့်လိုက်ပါတယ် ။

ကိုရင်တိဿကလည်း ဆရာဘုန်းကြီး ပြောတဲ့အတိုင်း သူ့ဆရာကို စိတ္တရတောင်ကို ပို့ပေးရှာတယ် ၊ စိတ္တရတောင်ကို ထပ်ရောက်တော့ ဆရာဘုန်းကြီးက ဘယ်လို ထပ်မိန့်သလဲ ဆိုတော့ . . .

"ငါ့တပည့်ရယ်. . ဒီစိတ္တရတောင်တွေမှာရှိတဲ့ ကျောင်းတွေဟာ သံဃာပိုင် သံဃိကကျောင်းတွေ ဆိုတော့ အစစဆင်ခြင် ရတယ် ။ သိပ်လွတ်လပ်မှု မရှိဘူး ၊ ဒါကြောင့် ကိုယ်ပိုင်ကျောင်းလေး လိုချင်တယ် ၊ ဖြစ်နိုင်ရင် စီစဉ်ပေးခဲ့ပါဦးကွယ် ၊

ကိုရင်တိဿလဲ လူထွက်ခါနီး ဆရာသမားကို နောက်ဆုံးပြုစုပေးခြင်း ဆိုတဲ့အသိနဲ့ တက်တက်ကြွကြွ ပြုပေးရှာတယ် ။

ကိုရင်တိဿဟာ ဆရာဘုန်းကြီး ကမ္မဋ္ဌာန်း အားထုတ်ဖို့ အဆင်ပြေမယ့်ကျောင်းပုံစံကို စိတ်ကူးနဲ့ ဦးစွာ သေခြာစဉ်းစား တယ် ၊ ပြီးတော့မှ ဥတုသုံးပါးနဲ့ သင့်လျော်မယ့် တောင်ခြေတစ်ခုမှာ လှိုဏ်ခေါင်း စတူးပါတယ် ။

အံ့သြဖို့ကောင်းတာက ကိုရင်တိဿဟာ နောက်ဆုံး အခွင့်အရေး ဆိုတဲ့ နှလုံးသွင်းနဲ့ အလုပ်သုံးခုကို တပြိုင်နက်ထဲ လုပ်နေတာပဲ ၊

၁။ကမ္မဋ္ဌာန်းကျောင်းအတွက် လှိုဏ်ဂူတူးတာရယ် ၊
၂။ဆရာဘုန်းကြီးဆီမှာ သင်ခဲ့တဲ့ သံယုတ္တနိကာယ်ကျမ်းကြီးကို ရွတ်ဖတ်သရဇ္ဈယ် နေတာရယ် ၊
၃။တေဇောကသိုဏ်းကို ရှုမှတ်ပွားများနေတာရယ်ပါ ။

ထပ်ပြီးအံ့သြဖို့ ကောင်းတာက ကျောင်းပြီးစီးတဲ့အချိန် ၊ ကျမ်းရွတ်ဆိုပြီးချိန် မှာ ပွားများနေတဲ့ တေဇောဓာတ်ဟာလည်း မပ္ပနာဈာန်အဆင့်ထိ ရောက်လာခဲ့တာပါပဲ ။

ကိုရင်တိဿလည်း ဝမ်းသာအားရနဲ့ ကျောင်းဆောင်ပြီးသွားကြောင်း ဆရာဘုန်းကြီးကို သွားလျှောက်တဲ့အခါ ဆရာဘုန်းကြီးက လှုဏ်ဂူကျောင်းကလေးကို ကြည့်ပြီး ဘယ်လို ထပ်မိန့်သလဲ ဆိုတော့ . . .

အိုး. . . . ကောင်းလိုက်တဲ့ လှိုဏ်ဂူလေးပါလား ၊ ငါတော်တော် သဘောကျပါတယ် ၊ ငါ့တည့် ပင်ပင်ပမ်းပမ်း နဲ့ လုပ်ထားတဲ့ လှိုဏ်ဂူလေး ဆိုတော့ ငါ့တပည့်က ဒီနေ့တစ်ရက်တော့ အရင်နေလိုက်ပါဦး ၊

ငါ့တပည့်လူထွက်သွားရင် ရဟန်းတရားနဲ့ ဝေးသွားမှာ ၊ ငါတို့ပေးထားတဲ့ ကမ္မဋ္ဌာန်းနည်းလေးနဲ့ စွမ်းနိုင်သလောက် ရှုပွားလိုက်ပါဦး " . . . . လို့ ဆက်မိန့်ပြန်ပါတယ် ။

ကိုရင်တိဿလည်း ဆရာ့စကားအတိုင်း
မိမိပြုလုပ်ထားတဲ့ လှုဏ်ဂူထဲမှာပဲ တရားရှုမှတ်မှုကို စပါတယ် ၊
လှုဏ်ဂူလေးကလည်း အသစ်လှလှလေး ၊
ရာသီဥတုကလည်း သာယာ ၊ ဒီတော့ ကိုရင်တိဿရဲ့ စိတ်ထဲ ဝမ်းမြောက်မှု ပီတိတွေ ဖြစ်လာပါတယ် ။

ပြီးတော့ တေဇောကသိုင်းပွားပြီး အပ္ပနာဈာဉ်အထိလည်း ရထားတော့ ပီတိနဲ့ရတဲ့အပ္ပနာဈာဉ်ကို အခြေခံပြီး တရား အားထုတ်လိုက်တာ ရဟန္တာ ဖြစ်သွားပါတော့တယ် ။

ဒီတော့မှ ဆရာ့ကျေးဇူးကို သိပြီး ဆရာရှိရာအရပ်ကို မှန်းပြီး ဦးချပြီးတော့ . . .
"သြော်. . . စိတ်ဆိုတာ အမြဲတမ်း အဆိုးဘက်ကို ယိမ်းမနေပါလား ၊ အာရုံပြောင်းလိုက်တာနဲ့ ဘဝ တစ်ဆစ်ချိုးပြီး အမြင့်ဆုံးပန်းတိုင် တစ်ခုကို မထင်မှတ်ဘဲ ရောက်သွားတာပါလား" လို့ ဆင်ခြင်မိလိုက်ပါသတဲ့ . . . ။

ကဲ. . . စာဖတ်ညီငယ်, ညီမတို့ရေ ၊
စိတ်ညစ်ရင် စိတ်ညစ်တဲ့အတိုင်း မထားပါနဲ့ ၊
လောကပြစ် ၊ ဓမ္မပြစ် မဖြစ်စေတဲ့ ကိုယ်နှစ်သက်ရာ အာရုံသစ်တစ်ခုခုကို ပြောင်းလိုက်ပါနော်. . .။

ကျမ်းကိုး
မူလပဏ္ဏာသအဋ္ဌကထာ(ပ)တွဲ၊
စာမျက်နှာ (၃၅၉ )
ရဝေနွယ်(အင်းမ)၏ "ကုသိုလ်ဖြစ်အောင်တွေးမယ်"
Credit - ဓမ္မ နှစ်သက်သူ

“အားလုံးကို သိရင် အားလုံးကို ခွင့်လွှတ်နိုင်တယ်”


'To know all is to forgive all'

ဒါ သိပ်အရေးကြီးတယ်။ တရားနာပရိသတ်တွေ ခွင့်လွှတ်နိုင်ကြရဲ့လား။ ခွင့်လွှတ်နိုင်တဲ့ ဒကာကြီးကလည်း ခွင့်လွှတ်နိုင်တယ်လို့ဖြေတယ်၊ ဘာမှ မပြောဘဲ ပြုံးနေတဲ့ ဒကာမကြီးတွေက ခွင့်မလွှတ်နိုင်သေးပါဘူးဘုရားလို့ အသံတိတ် အဖြေပေးနေကြပုံရတယ်နော်။

ခွင့်လွှတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေက ဆက်ပြီး ခွင့်လွှတ်နိုင်အောင် ကြိုးစားကြပါ။ ခွင့်လွှတ်နိုင်အောင် လေ့ကျင့်နေတဲ့ ပုဂ္ဂိုလ်တွေလည်းဆက်ပြီး လေ့ကျင့်ကြပါ။ ခွင့်မလွှတ်နိုင်သေးတဲ့ ပုဂ္ဂိုလ်တွေလည်းခွင့်လွှတ်နိုင်အောင် ကြိုးစားကြပေါ့။

ခွင့်မလွှတ်နိုင်ရင် ကိုယ်ပဲ ဆင်းရဲတာပါ။

ဘ၀ရတာ ဒုက္ခကို ရတာပါ။ သို့သော်လည်း ပစ္စုပ္ပန် အားထုတ်ပြုပြင်မှုလို့ ခေါ်တဲ့ စိတ်ကို ထိန်းသိမ်းပြုပြင်မှုရှိရင် ချမ်းသာခြင်းကိုရနိုင်ပါတယ်။ စိတ်ကို ထိန်းသိမ်းနိုင်ရင်, ယဉ်ကျေးအောင် လုပ်နိုင်ရင်ချမ်းသာကို ရပါတယ်။

စိတ်ကို မထိန်းသိမ်းတဲ့အတွက် ဆင်းရဲဖို့ ဖြစ်သွားမယ်ဆိုရင်မကောင်းဘူး။ ခွင့်မလွှတ်နိုင်ခြင်းတည်းဟူသော အကြောင်းကြောင့်မိမိ ဆင်းရဲဖို့ ဖြစ်တယ်ဆိုရင် ခွင့်လွှတ်နိုင်အောင် ကြိုးစားရမယ်။ ဒါမှ မိမိ ဘ၀ အဓိပ္ပာယ်ရှိမယ်၊ တန်ဖိုးရှိမယ်နော်။

ဘာကြောင့် ခွင့်လွှတ်ဖို့ လိုသလဲ၊

ခွင့်လွှတ်ခြင်းဆိုတာ သူတော်ကောင်းတို့ရဲ့ ခွန်အား ဖြစ်လို့ပဲ။ လူမိုက်တို့ရဲ့ ခွန်အားက ခွင့်လွှတ်ခြင်း မဟုတ်ဘူး၊ တုန့်ပြန်ခြင်း ကလဲ့စားချေခြင်းပဲ။

မိုးနဲ့မြေကြီးမဆုံနိုင်သလို သူတော်ကောင်းတို့ရဲ့ တရားနဲ့မသူတော်တို့ရဲ့တရား ဆုံနိုင်ဖို့လမ်း ဘယ်သောအခါမှ မရှိဘူး။ အပြိုင်သွားနေတဲ့ မျဉ်းနှစ်ကြောင်းနဲ့ သိပ်တူတယ်။

ဒါကြောင့် ပညာရှိတို့ရဲ့ ခွန်အားလို့ ခေါ်တဲ့ ခွင့်လွှတ်ခြင်း ခွန်အားမိမိမှာ တည်တံ့လာအောင် ကြိုးစားဖို့ လိုတယ်။

ဘယ်အခါမှာ ခွင့်လွှတ်လာနိုင်မလဲ။

'To know all is to forgive all'

“အားလုံးကို သိရင် အားလုံးကို ခွင့်လွှတ်နိုင်တယ်”။

ဒါ မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တစ်မျိုးပါ။ ဘုရားရှင်က အားလုံးကိုသိတော့ အားလုံးကို ခွင့်လွှတ်နိုင်တယ်နော်။

ဘုန်းကြီးတို့တစ်တွေက အားလုံးကို မသိတော့ အားလုံးကို ခွင့်မလွှတ်နိုင်ဘူး။ သို့သော်လည်း ခွင့်လွှတ်နိုင်အောင် ကြိုးစားနေပါတယ်။ ခွင့်လည်း ခွင့်လွှတ်နေပါတယ်လို့ ပြောမယ်ဆိုရင် ပြောနိုင်ပါတယ်။

ကိုယ့်ကိုယ်ကို တန်ဖိုးရှိအောင် နေချင်တယ်၊ တန်ဖိုးမဲ့ မဖြစ်အောင်ပြုချင်တယ်၊ လေးလေးနက်နက်နဲ့ နေချင်တဲ့အတွက် ခွင့်လွှတ်နိုင်ဖို့ ကြိုးစားရပါတယ်။ နည်းနည်းသိရင် နည်းနည်း ခွင့်လွှတ်နိုင်တယ်နော်။ များများသိရင် များများ ခွင့်လွှတ်နိုင်တဲ့အတွက် များများသိအောင် ကြိုးစားနေရပါတယ်။

မိမိရဲ့ မိတ်ဆွေအကြောင်း အားနည်းချက် အားသာချက်တွေ သိလာတဲ့အခါ သဘောထားမှန်တဲ့သူ ဖြစ်ရင် အားနည်းချက် အပေါ်မှာလည်း ခွင့်လွှတ်နိုင်တယ်။ အားသာချက်အပေါ်မှာလည်း ၀မ်းသာနိုင်တယ်နော်၊ ၀မ်းမသာနိုင်ခြင်းကို သဘောထားမမှန်ခြင်းလို့ ပြောနိုင်တယ်။ ခွင့်မလွှတ်နိုင်ခြင်းကိုလည်း သဘောထားမမှန်ခြင်းလို့ ပြောနိုင်သလို ခွင့်မလွှတ်ခြင်းကို အပေါ်ယံ ဆက်ဆံမှုလို့လည်း ပြောနိုင်တယ်။

ခွင့်လွှတ်ခြင်း မပါတဲ့ ဆက်ဆံရေးဟာ ဘယ်လို လေးနက်မလဲ။ တစ်ယောက်ကို တစ်ယောက် အကျိုးဆောင်နိုင်ဖို့ ခက်သွားတယ်နော်။

လေးနက်တဲ့ ဆက်ဆံရေးမှန်ရင် ခွင့်လွှတ်ခြင်း ပါရမယ်။
အပေါ်ယံ မဆံတဲ့ ဆက်ဆံရေးမှန်ရင် ခွင့်လွှတ်ခြင်း ပါရမယ်။
အဓိပ္ပာယ်ရှိတဲ့ ဆက်ဆံရေးမှန်ရင် ခွင့်လွှတ်ခြင်း ပါရမယ်။
ဒါကြောင့် ခွင့်လွှတ်နိုင်ဖို့ ဘုန်းကြီးတို့အားလုံး ကြိုးစားရမယ်။
ခွင့်လွှတ်နိုင်တဲ့အခါ ရင့်ကျက်လာတယ်နော်။

လောကမှာ ပုဂ္ဂိုလ်အမျိုးမျိုး ရှိတယ်နော်၊
- သူတစ်ပါးကို ခွင့်မလွှတ်နိုင်တဲ့ ပုဂ္ဂိုလ်၊
- မိမိကိုယ်ကို ခွင့်မလွှတ်နိုင်တဲ့ ပုဂ္ဂိုလ်၊
- မိမိကိုယ်ကိုလည်း ခွင့်လွှတ်နိုင်တယ် သူတစ်ပါးကိုလည်း ခွင့်လွှတ်နိုင်တဲ့ ပုဂ္ဂိုလ်ဆိုပြီး ရှိတယ်နော်။

ဒီပုဂ္ဂိုလ်တွေထဲမှာ မိမိကိုယ်ကိုရော သူတစ်ပါးကိုရော ခွင့်လွှတ်နိုင်တဲ့ သူကတော့ အကောင်းဆုံးပဲ။ မိမိကိုယ်ကိုလည်း ခွင့်လွှတ်နိုင်ရမယ်၊ သူတစ်ပါးကိုလည်း ခွင့်လွှတ်နိုင်ရမယ်။

အရှင်ရေဝတ
ဖားအောက်တောရ
Buddhavasa Tiloka

💢သတိနဲ့ ကိုယ့်စိတ်ကိုကိုယ်သိ💢


🌳🌳🌳
လူတွေဟာ သနားစရာအင်မတန်ကောင်းတယ်။ စိတ်ကူးယဉ်ပြဿနာတွေနဲ့ ဒုက္ခရောက်နေကြတယ်။ ကိုယ့်စိတ်ကဖန်တီးထားတဲ့ပြဿနာကို စိတ်ကဖန်တီးထားတာလို့ အမှန်အတိုင်းမသိတော့ ပျောက်အောင် ဘယ်လိုမှလုပ်လို့ မရနိုင်ဘူး။ သူ့စိတ်ထဲမှာတော့ သူ့ပြဿနာတွေဟာ ပြဿနာအစစ်တွေချည်းပဲလို့ ထင်မှာပဲ၊၊ လူ့ဘ၀မှာတွေ့ကြုံနေရတဲ့ ပြဿနာတော်တော်များများဟာ စိတ်က ဖန်တီးထားတာပါ။ စိတ်က မရှိတာကိုအရှိဖြစ်အောင်လုပ်တတ်တယ်။ တကယ်ရှိတာမဟုတ်ဘူး။ ပြောရရင် ယုံနိုင်စရာမရှိဘူး။ စိတ်ကူးယဉ်ပြဿနာတွေကို စိတ်ကူးယဉ်ပြဿနာတွေပါလို့သိပြီးတော့ သူတို့ကိုလက်လွှတ်လိုက်လို့ရှိရင် ပြဿနာအစစ်တွေကိုဖြေရှင်းဖို့ရာ အချိန်ပိုပေးနိုင်တယ်။ ပြဿနာအစစ်ဆိုတာ တကယ်ပြောရရင် ၁၀%တောင် ရှိချင်မှရှိမယ်။ စိတ်ကူးယဉ်ပြဿနာတွေက ၉၀%လောက်ရှိတယ်။ အဲဒီစိတ်ကူးယဉ်ပြဿနာတွေကို စိတ်ကူးယဉ်ပြဿနာပဲလို့သိပြီးတော့ လက်လွှတ်လိုက်လို့ရှိရင် ၉၀%လောက်သက်သာသွားတယ်။ ဒါကြောင့် စိတ်ကိုသေသေချာချာကြည့်ပြီးတော့ သိဖို့ အားပေးတာတိုက်တွန်းတာပါနော်။

🌳🌳🌳
လူ့အသိုင်းအ၀ိုင်းအပေါ်မှာ စေတနာထားတယ်၊ မေတ္တာထားတယ်၊ ကောင်းစေချင်တယ်ဆိုရင် ကိုယ့်ကိုကိုယ် ပိုင်္ပြီးတော့ကောင်းတဲ့လူဖြစ်အောင် ကြိုးစားပါ။ သတိနဲ့နေတဲ့အလေ့အကျင့်ကို လုပ်ပါ။ အဲသလိုဆိုရင် ကိုယ့်ကိုကိုယ်ကောင်းအောင် လုပ်ရာလည်းရောက်တယ်။ လောကကြီးကိုကောင်းအောင်လုပ်ရာလည်း ရောက်သွားတယ်။ ပြီးတော့ မြတ်စွာဘုရားကိုလည်းပဲ အကောင်းဆုံးနည်းနဲ့ ကျေးဇူးဆပ်ရာရောက်သွားပြီ။

🌳🌳🌳
လောကကြီးကို တကယ်ကောင်းစေချင်တယ်ဆိုရင် သတိနဲ့နေတဲ့ အလေ့အကျင့်လုပ်ပါ။ သတိနဲ့နေလာရင် ကိုယ့်ကိုကိုယ် အများကြီးသိလာလိမ့်မယ်။ ကိုယ့်စိတ်ကို အများကြီးသိလာမှသာ သူတစ်ပါးစိတ်ထဲ ဘယ်လိုခံစား နေရသလဲဆိုတာ နဲနဲ သိလာပါလိမ့်မယ်။ အဲဒီလိုလူမှသာ ကိုယ့်အကျိုးရော အများအကျိုးပါ မထိခိုက်အောင်လုပ်နိုင်တယ်။ ဒါအပြင့် ကိုယ့်အကျိုးရော၊ အများအကျိုးရော ကြီးကြီးမားမား ဖြစ်ပေါ်လာအောင် အကျိုးကိုဆောင်ရွက်နိုင်တယ်။ ဒါကြောင့် အများအကျိုးကိုဆောင်ရွက်ချင်တဲ့လူဆိုရင် သတိ၊ သမာဓိ၊ ဉာဏ်ပညာရှိဖို့လိုတယ်။ သတိ၊ သမာဓိရှိတဲ့လူ၊ သက္ကာယဒိဋ္ဌိ အားနည်းတဲ့သူဟာ ကိစ္စတစ်ခုဖြစ်မြောက်သွားဖို့ပဲ ဦးစားပေးတယ်။ “ငါလုပ်လို့ပဲဖြစ်ဖြစ်၊ သူများလုပ်လို့ပဲဖြစ်ဖြစ်၊ ကောင်းတဲ့ကိစ္စတစ်ခုဖြစ်သွားရင် အများချမ်းသာတယ်၊ ငါမလုပ်ရလည်း ကိစ္စမရှိဘူး” လို့ဆိုပြီး အေးအေးချမ်းချမ်းနေနိုင်တယ်။ အဲဒီလိုပုဂ္ဂိုလ်မျိုးဟာ လောကရဲ့အကျိုးကို အကြီးအကျယ်ဆာင်ရွက်နိုင်တယ်။

🌳🌳🌳
အတ္တက ဘယ်တော့မှ သူ့မှာပြည့်စုံတယ်လို့ မရှိဘူး။ အတ္တဟာ အားငယ်နေတယ်။ ဒါကြောင့် အားကိုးစရာကိုရှာတယ်။ ငွေကိုအားကိုးတယ်၊ ဂုဏ်ကိုအားကိုးတယ်၊ ဒါပေမယ့် ဘယ်လောက်ရရ အားငယ်တုန်းပဲ။ ပြည့်စုံပြီလို့ မခံစားရဘူး။ အားငယ်စိတ်ကြောင့်မပြည့်စုံတာ၊ လိုချင်တာ။ တကယ်အသုံးလိုလို့ လိုချင်တာမဟုတ်ဘူး။ အတ္တရဲ့သဘာဝမှာ ပြည့်စုံခြင်းဆိုတာ ဘယ်တော့မှမရှိဘူး။ အတ္တရဲ့သဘာဝဟာ အမြဲတမ်းချို့တဲ့နေပါတယ်။ ထူးဆန်းတာက လိုချင်တာများများရလေ ပိုပြီးမပြည့်စုံလေ ဖြစ်လာတယ်။ အတ္တဟာ တစ်ကိုယ်ကောင်းဆန်တဲ့သဘောဖြစ်လို့ သူ့အလိုပြည့်ဖို့တစ်ခုကိုပဲ စဉ်းစားတယ်။ အတ္တဟာ ငြီးငွေ့သွားတယ်။ မေတ္တာဟာ မငြီးငွေ့ဘူး။ အတ္တက တစ်ခုခုကို တန်ဖိုးထားတယ်ဆိုတာ ခဏပဲ။ သူချစ်တယ်ဆိုတာ အမှန်တော့သူ့ကိုယ်ကျိုးအတွက်ပဲ။ အတ္တက ဖျက်ဆီးချင်တဲ့သဘော ရှိတယ်။ သူရပ်တည်ရာမြဲဖို့ သူတစ်ပါးကိုနေရာဖယ်ချင်တယ်။ အတ္တမရှိရင် ဘယ်သူ့ကိုမှမဖျက်ဆီးချင်ဘူး။ အတ္တမရှိရင် အရာရာတိုင်းကို ပိုပြီးတော့တန်ဖိုးထားတယ်။ ပိုပြီး သနားတတ်တယ်။ ပိုပြီး ချစ်တတ်တယ်။ ပိုပြီး လေးစားတယ်။ အတ္တရဲ့သဘာဝကို သေသေချာချာစဉ်းစားပါ။ အတ္တမှာ လုံခြုံမှုဆိုတာ ဘယ်တော့မှမရှိဘူး။ စိတ်မချဘူး၊ အမြဲတမ်းစိုးရိမ်နေတယ်။ အမြဲတမ်းကြောက်နေတယ်။ အကြောက်ပြေဖို့ကို နည်းအမျိုးမျိုးနဲ့ ကြိုးစားတယ်။ ပိုက်ဆံရှိရင် အားရှိတယ်၊၊ အာဏာရှိရင် အားရှိတယ်။ အဲဒီလိုတွေးတယ်၊ လူတွေကို ငါချုပ်ကိုင်ထားလို့ရရင် ငါခိုင်းသလို လုပ်ရင် ငါနည်းနည်းလုံခြုံမှုရှိမယ်။ စိတ်အေးရမယ်။ ဒါကြောင့် ငါခိုင်းတာကိုလုပ်မယ့်သူတွေ များအောင်လုပ်မှ ဖြစ်မယ်။ ငါခိုင်းသလိုမလုပ်တဲ့သူတွေကို ဖယ်မှဖြစ်မယ်။ အတ္တဟာ တစ်ဖက်သားကို ချုပ်ချယ်ချင်တယ်။ သူတစ်ပါးကို ချုပ်ကိုင်ထားပြီးတော့ ကိုယ့်ဘ၀ရပ်တည်မှုကို ရှာချင်တယ်။ ကိုယ့်အတွက်အဆင်ပြေဖို့ သူများကိုအသုံးချလိုက်တယ်။ အတ္တဟာ သူတစ်ပါးကို ဘယ်တော့မှ လွတ်လပ်မှုမပေးဘူး။ သူကိုယ်တိုင်ကော လွတ်လပ်သလား။ သူကိုယ်တိုင်လည်း ဘယ်တော့မှမလွတ်လပ်ဘူး။

🌳🌳🌳
ဒီအတ္တရဲ့သဘာဝကို ပိုသိလာတော့ မြတ်စွာဘုရားကို ပိုပြီးတော့ကျေးဇူးတင်တယ်။ အနတ္တသဘာဝကို နားလည်နိုင်အောင် သဘောပေါက်နိုင်အောင် ဟောခဲ့တယ်။ တရားအားထုတ်ပြီးတော့ ကိုယ်ပိုင်ဉာဏ်နဲ့မြင်နိုင်အောင် နည်းလမ်းတွေပေးခဲ့တယ်။ ဘုရားပေးတဲ့နည်းအတိုင်းအားထုတ်လို့ အနတ္တကိုသိလာတဲ့အခါမှာ အနတ္တဟာ ဘယ်လောက်အေးချမ်းသလဲ၊ လွတ်လပ်သလဲဆိုတာ သိလာတယ်။ အနတ္တစိတ်ဟာ ဘယ်လောက်ပြည့်စုံသလဲဆိုတာ သိလာတယ်။ အနတ္တစိတ်နဲ့နေတဲ့အချိန်မှာ ဘယ်သူ့ကိုမှမချုပ်ချယ်ချင်ဘူး။ ဘယ်သူကမှလည်း ချုပ်ချယ်လို့မရဘူး။

🍀ဆရာတော်ဦးဇောတိက🍀
🍂( မဟာမြိုင်တောရ )🍂
▫️ ▫️ ၏ ▫️ ▫️
💧တွေးမိတိုင်း ပျော်တယ်💧
စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊
Credit to: Original Uploader

စိတ်ကျရောဂါ


စိတ်မှာပဲဖြစ်ဖြစ် ရုပ်မှာပဲဖြစ်ဖြစ် မကောင်းတာ ကျန်းမာရေးပြဿနာပါ။ ဆရာဝန်တွေဟာ ကိုယ်ကျန်းမာရေးသာမက စိတ်ကျန်းမာရေးအတွက်ပါ တာဝန်ယူကြရတယ်။ လူတိုင်းရဲ့ စိတ်ဟာ တသတ်မှတ်ထဲ တည်ငြိမ်နေတာ မဟုတ်ဘူး။ စိတ်မငြိမ်သက်တာ ကယောက်ကယက် ဖြစ်တာ သာမန်လူတို့ရဲ့ ထုံးစံပါ။ ဝမ်းနည်းဝမ်းသာ စိုးရိမ်ကြောင့်ကြမှုဆိုတာ လောကသုံးပါး မလွဲမသွေ ကြုံတွေ့နေရမှာပဲ မဟုတ်လား။ လူဖြစ်လို့ ဝမ်းနည်းတာ သဘာဝပါ။ ဒါပေမယ့် ခဏပါပဲ။ စိတ်ကျရောဂါကျတော့ မတူတော့ဘူး။ ကျနေတဲ့ စိတ်က တက်မလာတော့တာ ဖြစ်ပါတယ်။ မျှော်လင့်ချက်ကင်းမဲ့တာ၊ဘဝအဓိပ္ပါယ်ကင်းမဲ့သလိုခံစားရတာတွေဟာ စိတ်ကျရောဂါရဲ့ လက္ခဏာဖြစ်ပါတယ်။

စိတ်ကျရောဂါလို့ အမည်တပ်ဖို့ နည်းနည်းခက်တယ်။ဖြစ်တာတွေ တယောက်နဲ့တယောက် တူချင်မှ တူမယ်။ စိတ်ကျရောဂါတွေမှာ လက္ခဏာတွေ ကိုယ်စီရှိတယ်။ အဆင့်သတ်မှတ်ချက်၊ရောဂါအပျော့အပြင်းလည်း မတူကြဘူး။ဝေဒနာခံစားရသူတွေဟာ အစွန်းနှစ်ပါး မလွတ်ကင်းကြတာများတယ်။ စားချင်စိတ်ကဲသူရှိသလို ဘာစားစား ခံတွင်းမတွေ့ပဲ အစားအသောက်ပျက်တာလည်း ရှိတယ်။ တချို့က အအိပ်ပျက် အအိပ်ခက်ပေမယ့် တချို့က အိပ်ပြီးရင်း အိပ်ချင်တတ်တယ်။ မျက်တွင်းဟောက်ပက် အိပ်ရေးပျက်တာ စိတ်ရောဂါနဲ့သက်ဆိုင်တတ်တယ်။ ဒါကိုပဲ ပတ်ဝန်းကျင်က အတင်းပြောတော့ အပျင်းကြီးတယ်ဖြစ်တယ်။ အမှန်က ကိုယ့်စိတ်ကိုယ် မထိန်းနိုင်လို့ ခန္ဓာကိုယ်နရီစီးချက် မမှန်တော့ပဲ စိတ်ပျက်၊အအိပ်ပျက် အစားပျက်ပြီး လူက ပိန်ချုံးလာတတ်တယ်။ တချို့ကလည်း အစားအသောက်တွေပိုစားလာတယ်။ စိတ်ခံစားမှုကို ဒီနည်းနဲ့ ဖြေဖျောက်ဖို့ ကြိုးစားရငိး ဝလာကြတယ်။ ဝလို့လှတယ်ဆိုချင်သူတွေ သတိထားပါလေ။

ဆယ်ကျော်သက်တွေမှာ ဖြစ်ရင် စကားအပြောအဆိုနည်းပြီး အပြုအမူကစ လေးလံထိုင်းမှိုင်းလာတာ သိသာတယ်။ အပြုသဘောမှန်သမျှ ကိုယ်နဲ့မဆိုင်သလို အပျက်သဘောတွေသာ တွေးမြင်လုပ်ကိုင်လာတယ်။ ဘာ့ကြောင့်မှန်းအဖြေရှာမရပဲ အကြောင်းမဲ့ဝမ်းနည်းနေတတ်တယ်။ တချို့က အကြောငိးခံမယ်မယ်ရရ မရှိဘဲ အော်ဟစ်ငိုကြွေးတာမျိုး လုပ်လာတယ်။ စိတိတိုလွယ် ဒေါသကြီးလွယ်တာလည်း ရှိပါတယ်။တဖက်သားကို အလိုလိုမုန်းတီးနေပြီး လောကကြီးနဲ့ သဟဇာတ မဖြစ်သလိုခံစားရတယ်။ ဆုံးဖြတ်ချက် မှန်သမျှ မှားယွင်းလာတယ်။ နေ့စဉ် မျှော်လင့်ချက်ကင်းမဲ့ တတွေတွေတမှိုင်မှိုင်နဲ့ ဝမ်းနည်းပူဆွေးတတ်တာ စိတ်ကျရောဂါရဲ့ လက္ခဏာပါ။ ဆရာဝန်နဲ့ ပြသပြီး စနစ်တကျကုသပါလေ။ဒီလိုလူတွေက နှလုံးနဲ့အစာအိမ်ရောဂါ သူများထက်ပိုဖြစ်တယ်။

အားလုံးထဲမှာ ကိုယ့်ကိုယ်ကို အသုံးမကျဘူးလို့ ခံစားရတာ အဆိုးဆုံးနဲ့ ခံရအခက်ဆုံးပါပဲ။ နောက်ဆုံးအဆင့် ခေါ်ရမယ်။ လူ့ဘဝကြီးက အဓိပ္ပါယ်ကင်းမဲ့သလို ခံစားလာရပြီးနောက် လုပ်စရာ များများစားစားမကျန်တော့ဘူး။ အဆုံးသတ်မှာတော့ ကိုယ့်ကိုယ်ကို သတ်သေတာမျိုး (suicide)တွေ ဖြစ်လာတယ်။ အဖန်ငါးရာ ငါးကမ္ဘာဆိုတာတွေလည်း ခေါင်းထဲမဝင်တော့ဘူး။ တရားသဘောလာမပြောပါနဲ့။ဘာ့ကြောင့်လဲဆိုတော့ ဘဝအတွက် ထွက်ပေါက်က ဒီတခုတည်းရှိတယ်လို့ ခံစားနေရလို့ပဲ ဖြစ်တယ်။

စိတ်ကျရောဂါဟာ လူမျိုးဘာသာနဲ့ မဆိုင်ပါဘူး။ အနောက်နိုင်ငံမှာ ဖြစ်သလိုအရှေ့တိုင်းမှာလည်း တွေ့တယ်။ ပညာတတ်တွေထဲမှာလည်း ဖြစ်ပါတယ်။ အသိဆရာဝန်တယောက်ရှိဖူးတယ်။ ဆရာဝန်ဆိုတော့ ဆေးအကြောင်းနည်းနည်း နားလည်တယ်။ စိတ်အခန့်မသင့်တော့ လောကကြီးကို စိတ်ကုန်လာပြီး suicideလုပ်ဖို့ကြိုးစားတယ်။ လူပြောများတဲ့ ပါရာစီတမော ဗူးလိုက်မော့ပါသတဲ့။ ပါရာစီတမော toxic doseပေးရင် အသည်းထိခိုက်တာလည်း သိထားပြန်တော့ ရွှေဥာဏ်တော် စူးရောက်ပြီး ဘာမီတွန်လက်တခုပ်စာ ဆက်သောက်ပြန်တယ်။ သဘောကတော့ ရောဂါဝေဒနာမခံစားရဘဲ သက်သက်သာသာ ဇီဝိန်ချုပ်အောင်ပေါ့။ ကံကောင်းချင်တော့ ဆေးရုံမြန်မြန်ရောက်သွားပြီး အသက်ကယ်လိုက်နိုင်တယ်။ အသက်ပြန်ရှင်လာပေမယ့် နောက်ဆက်တွဲကတော့ သေရာပါသွားတယ်။ အရာရာသတိမေ့တတ်တာက မပျောက်တော့ဘူး။ တခါတရံ ခြေလက် ထုံကျင်တာ ဖြစ်တယ်။ ဒါတွေက စိတ်ကျရောဂါကနေ ဆင့်ကဲဖြစ်တာတွေပါ။

၂၀၁၃ မှာ စစ်တမ်းတခုလုပ်တော့ ချမ်းသာတဲ့နိုင်ငံအများစုဟာ စိတ်ကျရောဂါ ခံစားရနိုင်ချေ ပိုများတာ တွေ့ရတယ်။ ဘာ့ကြောင့်လဲဆိုတော့ အဖြေက ရှင်းပါတယ်။ အပြိုင်အဆိုင်လုပ်ရသူတွေရဲ့ စိတ်ဖိစီးမှုဟာ လူသာမန်တွေထက် ပိုပါတယ်။ အလုပ်တာဝန်များသူ၊လူအများနဲ့ ဆက်ဆံရသူတွေဟာ စိတ်ကျရောဂါခံစားလွယ်လာကြတယ်။ဒီနေ့ကမ္ဘာမှာ စိုးရိမ်စိတ်အများဆုံး၊စိတ်ဖိစီးမှုအများဆုံးနိုင်ငံတွေဟာ ဖွံ့ဖြိုးပြီး နိုင်ငံတွေဖြစ်ပါတယ်။ နှစ်စဉ် အမေရိကန်လူမျိုး (၂၅)သန်းလောက်ဟာ စိတ်ကျရောဂါခံစားနေရတယ်။ ၁၃မိနစ်တိုင်း လူတယောက်ဟာ suicide သတ်သေမှုကြောင့် အသက်ဆုံးရှုံးနေတယ်။ အမေရိကားမှာ ကိုယ့်ကိုယ်ကိုသတ်သေမှုကြောင့် သေဆုံးမှုက နံပတ်(၁၀)မှာ ရပ်တည်နေတယ်။ ထူးဆန်းတာက နှလုံး၊ကင်ဆာ၊HIVလို ရောဂါတွေထက် စိတ်ကျရောဂါခံစားရသူ အရေအတွက်က ပိုများနေပါတယ်။ အနောက်နိုင်ငံတွေမှာ အောင်မြင်မှု၊ကျရှုံးမှုကို မခံစားနိုင်သူတွေအတွက် ထွက်ပေါက်က အရက်၊ဆေးဝါး၊တားမြစ်ဆေးတွေ အလွယ်တကူရှိတယ်။ စိတ်ကိုပြောင်းလဲစေတဲ့ မူးယစ်ဆေးဝါးတွေက စိတ်ကျရောဂါကို ကဲစေတယ်။ အရက်၊ဟော်မုန်း၊ရောဂါဘယတွေကလည်း စိတ်ကိုသက်ရောက်စေတယ်။ အကြောင်းအရာစုံလို့ တခုတည်းကို လက်ညှိုးထိုးလို့မရဘူး။

စိတ်ကျရောဂါ ဖြစ်စေတဲ့ အကြောင်းရင်းခံတွေက များတယ်။ ဝမ်းနည်းမှုကြေကွဲမှု၊၊အလုပ်အကိုင်၊ဝင်ငွေဆုံးရှုံးမှု၊အိမ်ထောင်ရေး၊စီးပွားရေး၊လူမှုရေးတွေနဲ့ သက်ဆိုင်တယ်။ ငယ်စဉ်က စိတ်အနာတရဖြစ်ဖူးသူ(အဖေအမေကွဲတာ၊အဖိအနှိပ်ခံရတာ၊ဆင်းရဲချို့တဲ့သူ)တွေဟာ ပိုခံစားကြရတယ်။ မိဘအုပ်ထိန်းမှုညံ့တာနဲ့ တိုက်ရိုက်တော့ မဆိုင်ဘူး။ ပိုဆိုင်တာက ကျင်လည်ရတဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေကြောငိ့ ဖြစ်တယ်။ လုပ်ငန်းခွင်အပြိုင်အဆိုင်နဲ့ အလုပ်တာဝန်တွေက စိတ်ကိုဖိစီးစေတယ်။ ဒီအချက်တွေက အိမ်ထောင်ရေး၊စီးပွားရေး၊လူမှုရေးပြဿနာတွေကိုပါ ဆင့်ကဲဖြစ်စေတယ်။ နယ်တွေ၊တောရွာတွေမှာကျတော့ ရောဂါအမည်တပ်ဖို့ ပိုကောင်းတယ်။ စုန်းကိုက်သလို၊နတ်ကိုင်သလို အပြုစားခံရသလို အမျိုးမျိုးပြောကြတာတွေဟာ စိတ်ကျရောဂါကြောင့် ဖြစ်တယ်။ တကယ်တမ်း စိတ်ကျရောဂါအဖြေရှာကြည့်တော့ ဘုရားဟောသလိုပဲ။ "ပုထုဇ္ဇနော ဥမ္မတ္တကော" လူသာမန်တွေရဲ့စိတ်ဟာ တည်ငြိမ်မှုမရှိ၊ဖောက်လွဲဖောက်ပြန် ဖြစ်တတ်လို့ဆိုတာ တွေ့ရပါတယ်။ ကိလေသာမကင်းသမျှ အတက်၊အကျအပြောငိးအလဲကတော့ ရှိနေမှာပဲ ဖြစ်တယ်။

စိတ်ကျရောဂါရဲ့အခြေခံက စိတ်ထိခိုက်တာနဲ့ စိတ်ဒဏ်ရာရတာပါ။ ဒါကို မကုဘဲထားရင် ပိုဆိုးတယ်။ စိတ်ကြောင့်ဖြစ်တဲ့ရောဂါကို စိတ်နဲ့ပဲကုရတယ်။ ဒါပေမယ့် စနစ်တကျကုဖို့နဲ့ ခံစားရတဲ့ဝေဒနာ အတိမ်အနက်ကို နားလည်ဖို့လိုတယ်။ ကျနေတာတခုကို ဆွဲတင်ဖို့ဆေးနဲ့ ဆရာလိုပါတယ်။ ဒါပေမယ့် ဆရာဝန်(သို့) အပေါင်းအဖော်တွေက အားပေးရုံ၊ဖေးမရုံသာ တတ်နိုင်တယ်။ တကယ်ကုရမှာက ကိုယ့်စိတ်ကို ထိန်းဖို့၊သိမ်းဖို့ ပရမ်းပတာ မဖြစ်စေဖို့ပါ။ စိတ်ကျသူတွေအတွက် လောကကြီးကို မှန်တချပ်လို့ သဘောထားပြီး တခြားဖက်က မြင်နိုင်အောင် လှုံဆော်ပေးရတယ်။ အကြည့်တွေလွဲနေ၊လောကကြီးကို သုံးသပ်တာတွေ ပြောင်းလဲနိုင်အောင်ကူညီပေးရတယ်။ စိတ်ပညာရှင်တွေ၊ဆရာဝန်တွေက ဒီနေရာမှာတော့ အသုံးကျပါတယ်။စိတ်ကျဝေဒနာသည်တွေအတွက် ပတ်ဝန်းကျင် အကူအညီ၊ဖေးမမှု၊စာနာမှု၊နားလည်မှုက အရေးကြီးတယ်။ တခါတရံ မျှော်လင့်ချက်ကင်းမဲ့သူတွေကို အားပေးရတာ ကုသိုလ်ဖြစ်တယ်။

စိတ်ကျရောဂါကို ကုသလို့ရပါတယ်။ မကုပဲထားရင် ပိုဆိုးလာမယ်။လေ့လာမှုတွေအရ ဆေးပေးပြီး စနစ်တကျကုသသူရဲ့ (၈၀)ရာခိုင်နှုန်းကျော်ဟာ တိုးတက်ကောင်းမွန်လာတယ်။ ရောဂါဆိုးလေ ဆေးတိုးလေဆိုတာ စိတ်ကျရောဂါကို ဆိုလိုတာပါ။ ဆရာဝန်က ဆေးပေးရသလို ဖြစ်သူဖက်က တွေးပေးရတာလည်း ရှိပါတယ်။ ထပ်လိုတာက စိတ်ဓာတ်ခွန်အားနဲ့ အားပေးစကားပါ။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းက ထပ်ဆောင်းပေးရမှာက နားလည်မှုနဲ့ စာနာမှုပါ။ ကိုယ်တိုင်လိုအပ်တာကတော့ မိမိမှာ စိတ်ကျရောဂါရှိနေပြီဆိုတာသိနေဖို့နဲ့ ပြောင်းလဲချင်စိတ်ရှိဖို့ပဲ ဖြစ်ပါတယ်။ စိတ်ဆောင်ရင် အရာအားလုံးကို အောင်နိုင်ပါတယ်။ စိတ်ကျရောဂါ အဖြေရှာပါတော့။

ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၅.၁.၁၅)