Saturday, December 24, 2016

အဘိဓမ္မာဥာဏ်ဆိုတာ.....


တကယ်တော့ ဗုဒ္ဓဘာသာဝင် သူတော်စင် ဖြစ်ဖို့အတွက် လုံလောက်တဲ့ အခြေခံ အသိဥာဏ်နှစ်ခုရှိတယ်။ အဲဒါ ဘာတွေလဲဆိုတော Analytical knowledge of mind and matter နာမရူပပရိစ္ဆေဒဥာဏ်နဲ့ Knowledge of causes ပစ္စယပရိဂ္ဂဟဥာဏ်တို့ပဲ ဖြစ်တယ်။ ဒီဥာဏ်နှစ်ခုဟာ အရေးအပါဆုံးဖြစ်ပါတယ်။ ဒီဥာဏ်နှစ်ခုကို တိုးမြှင့်ပေးတဲ့ ပညာရပ်ဟာ အဘိဓမ္မာပညာရပ်ပဲဖြစ်တယ်။ Analytical knowledge of mind and matter ဒိဋ္ဌိဓမ္မရှိနေတဲ့ ရုပ်တရား၊ နာမ်တရားတွေကို ခွဲခြမ်းစိတ်ဖြာပြီး ဖော်ပြပေးတယ်။ ထိုရုပ်တရား နာမ်တရားတွေရဲ့ အကြောင်းတရားတွေကိုလည်း မြတ်စွာဘုရားဟာ ရှင်းလင်းဖော်ပြပေးတယ်။ ပစ္စယပရိဂ္ဂဟလို့ဆိုတယ်။

အကြောင်းတရားအစစ်အမှန်ကို ဖော်ထုတ်ပေးနိုင်ခြင်း မရှိဘူးဆိုရင် လောကမှာ လွဲမှားတဲ့ ဘာသာတရားတွေ ဖြစ်ပေါ်လာမယ်။ အကြောင်းမဟုတ်တာကို အကြောင်းလုပ်ပြောတာမျိုးတို့... အကြောင်းရှိရဲ့သားနဲ့ အကြောင်းကို အသိအမှတ်မပြုတာမျိုးလို့ဆိုတဲ့ ၀ိသမဟေတု(အဟေတုက)ဆိုတဲ့ မမှန်ကန်တဲ့ အကြောင်းတရားတွေ ဖြစ်ပေါ်လာတာဖြစ်တယ်။အဲဒီ မမှန်ကန်တဲ့အယူအဆတွေဖြစ်ပေါ်မှုကို တားဆီး ဟန့်တားနိုင်တဲ့ ပစ္စယပရိဂ္ဂဟဥာဏ်ဆိုတာ အင်မတန်မှ လမ်းမှန်ပေါ် တင်ပေးတဲ့ဥာဏ်ဖြစ်တယ်။ အင်မတန်မှ အရေးကြီးတယ်လို့ ဆိုရမယ်။ အဲဒီအသိဥာဏ်ရမှ လောကမှာ သံသယဆိုတာ ကင်းရှင်းမှာဖြစ်တယ်။

အဲတော့မှ ကင်္ခါဝိတရဏ၀ိသုဒ္ဓိ (Overcoming of doubt through knowledge of causes) ကိုရမှာဖြစ်တယ်။ ရှေးဦးစွာ ရုပ်တရား၊ နာမ်တရားခွဲခြားသိစေမယ့် အသိကိုရမယ်။ ဆက်လက်လေ့လာခြင်းအားဖြင့် အထူးအားဖြင့် သစ္စာလေးပါး။ အကြောင်းနဲ့အကျိုးကိုရှင်းပြတယ်။ သစ္စာလေးပါးကို အကျယ်ချဲ့လိုက်တဲ့အခါ ပဋိစ္စသမုပ္ပါဒ် အကြောင်းအမျိုးမျိုး၊ အကျိုးအမျိုးမျိုး အဲလိုတွေ သိလာရမယ်။ အဲကနေ ထပ်ချဲ့တော့မှ အသေးစိတ်လိုက်တဲ့အခါ (၂၄)ပစ္စည်းပဋ္ဌာန်းဆိုတာ တကယ်တော့ အကြောင်းအကျိုးကို ဖော်ပြတဲ့ ဒေသနာတော်တွေသာဖြစ်တယ်။ အဲဒီ ဒေသနာတော်တွေကို လေ့လာခြင်းအားဖြင့် မည်သည့်ကိစ္စမှာမဆို မိမိကိုယ်တိုင်က Analysis လုပ်တတ်လာမယ်။ Analytical knowledge အရာရာကိုရှုမြင်သုံးသပ်လာနိုင်မယ်။ ရှုမြင်သုံးသပ်လာနိုင်ရုံမျှမက စစ်မှန်တဲ့ အကြောင်းတရားတွေကိုလည်း သိမြင်နိုင်စွမ်းရှိလာမယ်။

အဘိဓမ္မာကိုလေ့လာ သင်ယူခြင်းအားဖြင့် အကျိုးကျေးဇူးတွေရရှိနိုင်မယ်။ ဒါကြောင့် အဘိဓမ္မာကို ကြိုးစားပြီး သင်ယူကြရမှာဖြစ်တယ်။ သင်ယူပြီးတဲ့အခါ မှာလည်းပဲ စာမေးပွဲအောင်ရုံအတွက်တင် စိတ်ထဲမှာ မထားပဲ ဆက်လက်လေ့လာနေဖို့ လိုအပ်တယ်။ Applied Method လို့ခေါ်တဲ့ ဒီနေ့ပြောတဲ့ သင်ကြားလေ့လာနေတယ်ဆိုတာ တကယ်တော့ အဘိဓမ္မာသင်ယူမှု Abhidhamma subject လို့ ပြောလို့ရတယ်။ အဘိဓမ္မာပညာရဖို့ရာအတွက် ဒီ subject တွေကို သင်ယူလေ့လာပြီး မိမိတို့ကိုယ်တိုင် ဆင်ခြင်သုံးသပ်နိုင်မှ အဘိဓမ္မာပညာဆိုတာရမှာဖြစ်တယ်။ အဲဒါကိုလည်း သတိချပ်ထားစေချင်တယ်။

အခုသင်နေတာဟာ အဘိဓမ္မာ subject matter ကိုသင်နေတာသာ ဖြစ်တယ်။ ထို subject matter ပေါ်မှာ အခြေခံပြီးတော့ အသိဥာဏ်တွေရှင်သန်လာအောင် တိုးတက်ဖွံ့ဖြိုးလာအောင် တိုးမြှင့် ပေးဖို့ လိုအပ်တယ်။ အဘိဓမ္မာတရားတော်နဲ့ လောကကြီးကို ရှုမြင်တတ်ဖို့ အဘိဓမ္မာတရားတော်နဲ့ ဘ၀ကိုရှုမြင်တတ်ဖို့ အဲဒီလို အဘိဓမ္မာတရားတော်ကို အခြေခံပြီးတော့ ဘ၀ကို ရှုမြင်သုံးသပ်တတ်မယ် လောကကြီးကို ရှုမြင်သုံးသပ်လာပြီဆိုရင်တော့ အဘိဓမ္မာဥာဏ်ကို ရရှိလာမှာဖြစ်တယ်။

အဲဒီလို အဘိဓမ္မာဥာဏ်ရရှိလို့ နောက်ဆုံးမှာ အဘိဓမ္မာတရားတော်မှာ ဖော်ပြထားတဲ့ မကောင်းတဲ့ အကျိုးကို ပေးတတ်တဲ့တရားဆိုးတွေ မိမိသန္တာန်က ဖယ်ရှားပစ်လို့ ကောင်းကျိုးချမ်းသာကို ပေးတတ်တဲ့ တရားကောင်းတွေ မိမိတို့ရဲ့သန္တာန်မှာ တိုးမြှင့်ပေးခြင်းအားဖြင့် ကောင်းကျိုးချမ်းသာတွေ ရရှိနိုင်ကြမှာ ဖြစ်တယ်ဆိုတာ သိရှိလိုက်နာလို့ ဒီအဆင့်ရောက်အောင်ထိ ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။

မှတ်ချက်။ ။ အဘိဓမ္မတက္ကသိုလ်ဖွင့်ပွဲတွင် ပါမောက္ခချုပ်ဆရာတော်ကြီးဟောကြားခဲ့သော သြ၀ါဒတရားတော်အား မှီငြမ်းရေးသားပူဇော်အပ်ပါသည်။

စောသဇင်(မန္တလေး)

No comments:

Post a Comment