Saturday, December 24, 2016

အလှူဒါနကို အကျိုးမများစေသည့် ဒုဿီလရှင်ရဟန်းများ


ယနေ့ထွက် News Watch journal ပါ ဝေဖန်ရေးဆောင်းပါး-
အလှူဒါနကို အကျိုးမများစေသည့် ဒုဿီလရှင်ရဟန်းများ
====================================
သီလလည်းမရှိ ကိုယ်၊နှုတ်နှလုံးကိုလည်း မစောင့်စည်းဘဲ တိုင်းသူပြည်သားတို့ သဒ္ဓါကြည်ဖြူ ပေးလှူအပ်သော ဆွမ်းကို စားရခြင်းထက် မီးလျှံကဲ့သို့ ပူလောင်သော သံတွေခဲကို စားရခြင်းက သာ၍ကောင်းမြတ်သေး၏။ (ဓမ္မပဒပါဠိတော်)

တက္ကသိုလ်ကျောင်းဖွင့်ရက် နေ့ဆွမ်းဘုဉ်းပေးပြီးချိန် စာကြည့်တိုက်ထဲဝင်ကာ မိတ်ဆွေရဟန်းတော်များ နှင့်အတူ အိန္ဒိယသမိုင်းအကြောင်း ရှာဖွေဖတ်ရှု ဆွေးနွေးနေတုန်း မိမိထံသို့ ရန်ကုန်မြို့မှာနေတဲ့ သတင်းထောက် ဒကာတစ်ဦးထံမှ ဖုန်းဝင်လာပါတယ်။ ဒီတစ်ခါတော့ အင်တာဗျူးမေးခွန်း မေးဖို့မဟုတ်ဘဲ သူ့ရင်ထဲက ခံစားချက် တစ်ချို့ကို ရင်ဖွင့်ခြင်းပဲ ဖြစ်ပါတယ်။ မိတ်ဆွေဒကာကြီးက သတင်းထောက်ဆိုသည့်အတိုင်း ရန်ကုန်မြို့အတွင်းရှိ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး ပြဿနာတွေကို နှိုက်နှိုက်ချွတ်ချွတ် သိထားသူပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူ့အနေနဲ့ သိချင်စိတ်ပြင်းပြနေတာက အမြဲလိုလို သူမြင်တွေ့နေရတဲ့ လက်ဖက်ရည်ဆိုင်တွေ၊ စာအုပ်ဆိုင်တွေ၊ စတိုးဆိုင်ကြီးတွေ၊ ဈေးတွေထဲမှာ အချိန်မတော်ကြီး အလှူလိုက်ခံနေတဲ့ ရှင်ရဟန်းတွေကို လှူဖွယ်ဝတ္ထုတစ်ခုခု လှူလိုက်ရင် အကျိုးကျေးဇူး များ၊မများဆိုတာရယ် အဲဒီလိုပုဂ္ဂိုလ်တွေကို လှူသင့်၊မလှူသင့်ဆိုတာရယ် သိချင်ပါ တယ်ဆိုပြီး ဒုက္ခအိုးမေးခွန်းကြီးကို မိမိထံသို့ လေလိုင်းထဲမှတဆင့် လှမ်းပို့ပေးခဲ့ပါတယ်။

လူဝတ်ကြောင် ဒကာ၊ဒကာမတွေ ဘာသာရေးနဲ့ပတ်သက်လို့ မသိတာ ဒါမှမဟုတ် သိချင်တာကို မေးမြန်း လာပြီဆိုရင် မှန်ကန်တိကျတဲ့အဖြေကို ပြန်လည်ဖြေကြားပေးဖို့က မိမိတို့ ရဟန်းသံဃာများရဲ့ တာဝန်ပဲ ဖြစ်ပါ တယ်။ ဒါကြောင့် သတင်းထောက် ဒကာကြီးရဲ့ မေးခွန်းဟာ မျက်ခုံးလှုပ်စရာကောင်းပေမယ့် သူတော်ကောင်း ရဟန်းသံဃာများနှင့် မြတ်စွာဘုရားရှင်ရဲ့ မျက်နှာတော်တို့ကိုပဲ ထောက်ထားကာ ကျမ်းဂန်နှင့်အညီ ရေးသားပြီး ဖြေဆိုလိုက်ပါတယ်။ မိမိကိုယ်တိုင်လည်း မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးအတွင်းမှာ တစ်နေကုန် လှည့်လည် ပြီး ဖိနပ်ဖိုး၊ သင်္ကန်းဖိုး၊ ဆွမ်းဖိုး၊ စာအုပ်ဖိုးဆိုတဲ့ အကြောင်းအမျိုးမျိုးပြကာ ပိုက်ဆံ အလှူခံနေတဲ့ ရှင်ရဟန်းတစ်ချို့ကို မျက်ဝါးထင်ထင် တွေ့ဖူးရုံသာမက နားနှင့်မဆန့်အောင် မိတ်ဆွေဒကာ၊ ဒကာမများရဲ့ လျှောက်ထားတိုင်ကြားမှုကို ကြုံခဲ့ရပါတယ်။ စိတ်ပျက်စရာကောင်းတာက အဲဒီပုဂ္ဂိုလ်တွေဟာ အကြောင်းအမျိုး အမျိုးပြပြီး အလှူခံရရှိလာတဲ့ ဝတ္ထုငွေကြေးကို အကျိုးရှိစွာအသုံးမပြုဘဲ၊ အရက်သေစာသောက်စားမူးရစ်ခြင်း၊ လောင်းကစားလုပ်ပြုခြင်း၊ လူ့ဘဝမှာတော်စပ်ဖူးတဲ့ သားမယားအတွက် အိမ်စရိတ်ထောက်ပံ့ပေးခြင်း အစရှိတဲ့ မသင့်တော် မအပ်စပ်တဲ့နေရာတွေမှာ လွဲမှားစွာ အသုံးပြုနေကြခြင်းပဲ ဖြစ်ပါတယ်။

မိမိတို့နေထိုင်ရာ ဒီလောကကြီးမှာ အစစ်အမှန်ရှိလျှင် အတုအယောင်ဆိုတာရှိသလို၊ သူတော်ကောင်း ပုဂ္ဂိုလ်ရှိသလို သူယုတ်မာပုဂ္ဂိုလ်ဟာလည်း ရှိတတ်စမြဲပဲဖြစ်ပါတယ်။ ထို့အတူ မြတ်ဗုဒ္ဓတည်ထောင်ခဲ့တဲ့ သာသနာတော်ကြီးမှာ ရဟန်းကောင်းရဟန်းမြတ်တွေရှိသလို၊ ဒုဿီလရဟန်းတွေလည်း အများကြီးရှိပါတယ်။ ဒုဿီလဆိုတာ ဒုနဲ့သီလကို ပေါင်းစပ်ထားတဲ့ ပါဠိပုဒ်တစ်ခုပဲဖြစ်ပါတယ်။ အဓိပ္ပါယ်က မကောင်းတဲ့သီလရှိသူလို့ ဆိုလိုပါတယ်။ အဲဒီဒုဿီလပုဂ္ဂိုလ်ဟာ ၁။ ပါရာဇိကကျပြီးလို့ သီလ လုံးဝမရှိသူ ၂။ ကြွင်းသော သိက္ခာပုဒ်တွေကို ကျူးလွန်လို့ သီလပျက်စီးသူ ဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်။ ဘုရားရှင်ပညတ်ထားတဲ့ ရဟန်းတို့ စောင့်ထိန်းရမယ့် သိက္ခာပုဒ် ၂၂၇ပါးထဲက ပထမဦးဆုံး လေးပါးကို ကြီးလေးတဲ့အပြစ် (ပါရာဇိကအာပတ်)လို့ ခေါ်ပါတယ်။ အဲဒီသိက္ခာပုဒ်လေးပါးထဲက တစ်ပါးပါးကို ကျူးလွန်မိတဲ့ ရဟန်းဟာ အလိုအလျောက် ရဟန်းအဖြစ်မှ လူအဖြစ်ကို ရောက်ရှိသွားပြီပဲ ဖြစ်ပါတယ်။ အဲဒီလိုပါရာဇိကကျသွားတဲ့ ရဟန်းဟာ ဒီဘဝတစ်သက်တာမှာ ဘယ်တော့မှ ရဟန်းပြန်ဖြစ်အောင် ပြုလုပ်လို့မရတော့ပါဘူး။ နောက် ဒုတိယအမျိုးအစားဖြစ်တဲ့ ပါရာဇိကသိက္ခာပုဒ်တွေမှတပါး ကျန်တဲ့သိက္ခာပုဒ်တွေကို ကျူးလွန်ထားတဲ့ရဟန်းဟာ ရဟန်းကောင်း ရဟန်းမြတ်တွေနှင့်အတူ နေထိုင်ခွင့် သူ့မှာမရှိတော့ပါဘူး။ ဒါကြောင့် အဲဒီပုဂ္ဂိုလ်တွေကို ဒုဿီလရဟန်းတွေလို့ ခေါ်ဆိုတာပဲ ဖြစ်ပါတယ်။

ယခုဒီနေရာမှာ မိမိတို့ ဆွေးနွေးရမှာက အဲဒီလိုဒုဿီလရဟန်းတွေကို အလှူဒါနပြုခဲ့ရင် အကျိုးများ၊မများ ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပထမဦးဆုံး မဓုရသဝါဟိနီကျမ်းမှာပါတဲ့ ပဏ္ဍရင်္ဂဝတ္ထုကို ပြောပြပါမယ်။ တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာရှိတဲ့ မဟာဂါမရွာစား တိဿအမတ်ဟာ ဆွမ်းဦးကိုမလှူဘဲ ထမင်းစားလေ့မရှိတဲ့ သူပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ အမှုကိစ္စတွေများနေလို့ မွန်းတည့်ချိန်လွန်မှ ထမင်းစားခွင့်ကြုံပါတယ်။ ဒီအချိန်မှာ ဆွမ်းဦးကိုလှူဖို့ဆိုတာ ဆွမ်းစားချိန်မဟုတ်လို့ ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် ဘယ်သူ့ကို လှူရမလဲဆိုပြီး စဉ်းစားလိုက်တဲ့အခါ သင်္ချိုင်းမှာနေတဲ့ ပဏ္ဍရင်္ဂပရိဗိုဇ်ကို သတိရမိပါတယ်။ ပဏ္ဍရင်္ဂပရိဗိုဇ်ဟာ အကျင့်သီလကောင်းသူ မဟုတ်ပေမယ့် ရဟန်းတွေနဲ့ အသွင်တူသူပဲဖြစ်ပါတယ်။ ဒါနဲ့ အမတ်ကြီးဟာ မင်းချင်း တစ်ယောက်ကို အဲဒီပဏ္ဍရင်္ဂပရိဗိုဇ်ထံ ဆွမ်းဦးသွားလှူခိုင်းပါတယ်။ မင်းချင်း ဆွမ်းဦးကို ယူဆောင်သွားတဲ့အချိန် မှာ ပဏ္ဍရင်္ဂပရိဗိုဇ်ဟာ အရက်မူးပြီး ကန်ဘောင်မှာ ငါးထိုင်မျှားနေပါတယ်။ ဒါပေမယ့် မင်းချင်းကို မြင်တော့ ငါးမျှားတံကို ခြေထောက်နဲ့ ရေမှာနစ်ပြီး ဝှက်ထားလိုက်ပါတယ်။

အဲဒီအပြုအမှုတွေကို မင်းချင်းက မြင်သွားတော့ ဒီလောက်ယုတ်မာတဲ့သူဟာ ဆွမ်းဦးနဲ့မတန်ဘူးဆိုပြီး အမတ်ကြီးဆီကို ပြန်ယူသွားပါတယ်။ အမတ်ကြီးထံရောက်တော့ အကြောင်းစုံလျှောက်ထားတဲ့အခါ အမတ်ကြီးက ပဏ္ဍရင်္ဂပရိဗိုဇ်ဟာ ဘယ်လောက်ပဲ ယုတ်မာတဲ့သူဖြစ်ပါစေ သင့်ကိုမြင်တော့ မကောင်းမှုမှရှက်တဲ့စိတ်နဲ့ ငါးမျှားတံ ကို ရေထဲမှာ ဝှက်ထားရှာတယ်။ အဲဒီမကောင်းမှုကရှက်ခြင်းဆိုတဲ့ ဟိရီတရားတစ်ခုသည်ပင်လျှင် ဆွမ်းဦးကို အလှူခံထိုက်တဲ့ အကြောင်းတရားပဲဖြစ်ပါတယ်။ ဒါနဲ့ပဲ မင်းချင်းကို သွားပြန်လှူခိုင်းခဲ့ပါတယ်။ တိဿအမတ်ကြီး ဟာ ကြီးကျယ်တဲ့အလှူတွေ အများအပြား ပြုလုပ်ခဲ့ပေမယ့် သူသေခါနီးကာလမှာ တခြားအလှူတွေကို သတိမရဘဲ၊ ပဏ္ဍရင်္ဂပရိဗိုဇ်ကို လှူလိုက်တဲ့ ဆွမ်းဦးအလှူကိုသာ အဖန်တလဲလဲ အောက်မေ့နေပါတယ်။ သေပြီးတဲ့အခါ မဟာဝိဟာရကျောင်းအနီး စရည်းပင်ကြီးမှာ နတ်တို့၌ဖြစ်တဲ့ ခဲဖွယ်ဘောဇဉ်တွေနဲ့ ပြည့်စုံတဲ့ ဘုမ္မစိုးနတ်ကြီး ဖြစ်သွားပါတယ်။ ဒီဝတ္ထုသာဓကဟာ သီလမရှိသူကိုပင် ပေးလှူလိုက်လို့ အကျိုးတရားတွေ ရရှိတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ သီလမရှိသူထက် သီလနှင့်ပြည့်စုံသူကိုပဲ လှူဒါန်းခဲ့မယ် ဆိုရင် ဒီထက်ပိုကောင်းတဲ့ အကျိုးကျေးဇူးတွေကို တိဿအမတ်ကြီး ရရှိမှာ ဧကန်မလွဲပါဘူး။

နောက်တစ်ခါ ဥပရိပဏ္ဏာသပါဠိတော်၊ ဒက္ခိဏဝိဘင်္ဂသုတ်မှာ နောင်အခါ ရဟန်းယောင်မျှသာဖြစ်တဲ့ သင်္ကန်းလည်မှာ ပတ်ထားသော သီလမရှိတဲ့ ရဟန်းယုတ်တွေသာ ဖြစ်ပေါ်လိမ့်မယ်။ ဒါပေမယ့် အဲဒီရဟန်းယုတ် တွေကို သံဃာအမှတ်ထားပြီး လှူဒါန်းပူဇော်ရင် မရေတွက်နိုင်တဲ့ အကျိုးတရားတွေ ရရှိလိမ့်မယ်ဆိုပြီး ဟောကြားထားပါသေးတယ်။ ဒီနေရာမှာ အဓိကဆိုလိုရင်းက သာသနာပမှာ ဒါနပြုတဲ့အခါ ရဟန်းသံဃာကောင်း တွေ မရှိသလောက် ရှားပါးသွားတဲ့အတွက် တစ်ဦးတစ်ယောက်ကိုပဲ မရည်စူးဘဲ ရှိရှိသမျှ သံဃာအားလုံးကို ရည်စူးပြီး လှူဒါန်းဖို့ ဆိုလိုထားတာဖြစ်ပါတယ်။ ဒါမှသာလျှင် အကျိုးကျေးဇူးများမှာ ဖြစ်ပါတယ်။ အထက်ပါ ဝတ္ထုသာဓကတွေကို ထောက်ဆပြီးပြောရမယ်ဆိုရင် အလှူခံပုဂ္ဂိုလ် မစင်ကြယ်ပေမယ့် အလှူပေးပုဂ္ဂိုလ်ရဲ့ သဒ္ဓါတရား အားကောင်းရင် ထိုက်သင့်တဲ့အကျိုးကျေးဇူးတွေ ပြန်လည်ရရှိလိမ့်မယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

ဒါပေမယ့် သံဃာ့ဂုဏ်တော်ကိုးပါးထဲမှာ အနုတ္တရံ ပုညက္ခေတ္တံ လောကဿဆိုတဲ့ ဂုဏ်တော်တစ်ပါး ပါရှိပါတယ်။ မြန်မာလို အဓိပ္ပာယ်က သံဃာတွေဟာ တစ်လောကလုံး၏ ကောင်းမှုတည်းဟူသော မျိုးစေ့ကိုစိုက်ပျိုးရာ လယ်ယာမြေကောင်း သဖွယ်နဲ့တူတယ်လို့ ဆိုလိုပါတယ်။ ဆိုတော့ကား လယ်ယာမြေကောင်း သဖွယ်ဖို့အတွက် သာသနာမှာ အဓိကလိုအပ်တာက သီလတရားပဲဖြစ်ပါတယ်။ သီလတရားမရှိတဲ့သူဟာ ဘယ်လိုနည်းနဲ့မှ လယ်ယာမြေကောင်းသဖွယ် ဖြစ်မှာမဟုတ်ပါဘူး။ ဒါကြောင့် သိမ်ဖျင်းတဲ့ လယ်မြေမှာ ဒါနမျိုးစေ့ ကြဲချမိရင် ပြန်လည်ရရှိမယ့် အကျိုးတရားက ပုံမှန်ထက်နည်းဖို့ပဲ ရှိပါတယ်။ ရှေးဆရာတော်ကြီးများက ဒါနဲ့ပတ်သက်ပြီး “နွားခွာလည်းတုံး၊ ကျတ်တီးကုန်း၊ သုံးတင်းကြဲမှ တစ်ခွဲရ”ဆိုပြီး သီလမစင်ကြယ်တဲ့ရဟန်းကို လှူဒါန်းမိရင် အကျိုးပေး နည်းတတ်ကြောင်း ပြောဆိုဆုံးမလေ့ရှိပါတယ်။

ဝတ္ထုသာဓကလေး ပြရမယ်ဆိုရင် သဂါထာဝဂ္ဂသံယုတ်၊ ဣဿတ္တသုတ်မှာ သီလတရားဟာ ရဟန်းတို့ အတွက် အရေးကြီးကြောင်း ညွှန်ပြထားပါတယ်။ တစ်ခါတုန်းက ဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေတော်မူစဉ် ကောလသမင်းကြီးက ဘုရားရှင်ထံ ချဉ်းကပ်ပြီးတော့ “ဘယ်လိုပုဂ္ဂိုလ်မျိုးကို အလှူဒါန ပေးလှူသင့်ပါသလဲ၊ နောက်ပြီး ဘယ်လိုပုဂ္ဂိုလ်မျိုးကိုလှူရင် အကျိုးတရားဟာ ပိုပြီးကြီးမားပါသလဲ”ဆိုပြီး လျှောက်ထားပါတယ်။ အဲဒီအခါ ဘုရားရှင်က ပထမမေးခွန်းအတွက် မိမိကြည်ညိုတဲ့ပုဂ္ဂိုလ်ကို ပေးလှူသင့်တယ်။ ဒုတိယမေးခွန်းအတွက် သီလရှိတဲ့ပုဂ္ဂိုလ်ကို ပေးလှူရင် အကျိုးတရားကြီးမားပြီး သီလမရှိတဲ့ ဒုဿီလတွေကို လှူဒါန်းရင် အကျိုးတရားမကြီးမားဘူးလို့ ပြန်လည်မိန့်ကြားပါတယ်။ ဒါကြောင့် မိမိတို့လှူဒါန်းတဲ့ အလှူကို အကျိုးများစေချင်ရင် ပထမဦးဆုံး မြေကောင်းမြေသန့်ကို ရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။ ရွေးချယ်စရာမရှိလို့ ဒုဿီလပုဂ္ဂိုလ်တွေကို လှူဒါန်းလိုက်ရတယ်ဆိုရင်လည်း မိမိ၏ ပေးကမ်းလိုစိတ် သဒ္ဓါတရားကို ယိုင်မသွားအောင် အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ အလှူဒါနအတွက် ထိုက်သင့်တဲ့ အကျိုးကျေးဇူးတွေ ရရှိမှာ ဖြစ်ပါတယ်။

နောက်အလှူဒါနနဲ့ပတ်သက်ပြီး ဒက္ခိဏဝိသုဒ္ဓိလေးပါးလို့ခေါ်တဲ့ စင်ကြယ်သော အလှူဒါနလေးမျိုးကို သိထားဖို့လည်း လိုအပ်ပါတယ်။ အဲဒီဒက္ခိဏဝိသုဒ္ဓိလေးပါးဟာ- ၁။အလှူပေးပုဂ္ဂိုလ် စင်ကြယ်ခြင်း ၂။အလှူခံ ပုဂ္ဂိုလ် စင်ကြယ်ခြင်း ၃။နှစ်ပါးစုံ စင်ကြယ်ခြင်း ၄။နှစ်ပါးစုံ မစင်ကြယ်ခြင်း တို့ပဲ ဖြစ်ပါတယ်။ (၁)အလှူပေးပုဂ္ဂိုလ် စင်ကြယ်ခြင်းဆိုတာ လှူဒါန်းသူရဲ့ သန္တာန်မှာ သီလရှိခြင်း၊ စေတနာသန့်ရှင်းခြင်းတို့ကြောင့် အဲဒီအလှူဟာ စင်ကြယ်တယ်လို့ မှတ်ယူရပါမယ်။ (၂)အလှူခံပုဂ္ဂိုလ် စင်ကြယ်ခြင်းဆိုတာ အချို့အလှူပေးပုဂ္ဂိုလ်ဟာ သီလမရှိဘူး၊ လှူဒါန်းမယ့် ပစ္စည်းဝတ္ထုဟာလည်း တရားသောနည်းဖြင့် ရရှိထားတာမဟုတ်ပေမယ့် အလှူခံပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ သီလရှိလို့ ဒီအလှူဟာ စင်ကြယ်တယ်လို့ ပြောတာဖြစ်ပါတယ်။ (၃)အချို့သော အလှူဟာ အလှူပေး/အလှူခံ နှစ်ပါးစုံ သီလနှင့်ပြည့်စုံလို့ စင်ကြယ်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ (၄)အချို့သော အလှူဟာ အလှူပေး/အလှူခံ နှစ်ပါးစုံ သီလမရှိလို့၊ စေတနာမမှန်လို့ မစင်ကြယ်ပါဘူး။ ဒီလေးချက်ထဲက မိမိတို့ဟာ နံပါတ်သုံးအလှူမျိုး ရွေးချယ်လှူတတ်ဖို့ အင်မတန်အရေးကြီးပါတယ်။
ဒီတော့ ယနေ့ခေတ်မှာ မြင်တွေ့နေရတဲ့ အချိန်အခါမဟုတ် တစ်နေကုန် လှည့်ပတ်ပြီး တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် အကြောင်းအမျိုးမျိုးပြကာ လိုက်လံအလှူခံနေတဲ့ ရှင်ရဟန်းတွေကို သီလတည်းဟူသော ပေတံနဲ့ တိုင်းတာရမှာဖြစ်ပါတယ်။ သီလနှင့်ပြည့်စုံဖို့ဆိုရင် ပထမဦးဆုံး ဘုရားရှင်ချမှတ်ထားတဲ့ ပါတိမောက္ခသံဝရသီလ တွေကို မဖြစ်မနေ စောင့်ထိန်းရမှာဖြစ်ပါတယ်။ ဆိုတော့ကား ဆွေမျိုးမတော်တဲ့၊ မဖိတ်မံထားတဲ့သူတွေဆီမှာ အလှူခံတာရယ်၊ ဝတ္ထုပစ္စည်းတွေကိုမလိုအပ်ပါဘဲ လိမ်ညာပြီး တောင်းဆိုတာရယ်၊ တောင်းဆိုတဲ့ ပစ္စည်းတွေက လည်း မအပ်စပ်တဲ့ ဝတ္ထုပစ္စည်းတွေ ဖြစ်နေတာရယ်၊ တစ်ဖန် ရရှိလာတဲ့ဝတ္ထုပစ္စည်းတွေကို လွဲမှားစွာ အသုံးပြုတာရယ်၊ အဲဒီလို မြောက်များစွာသော အကြောင်းတရားတွေကပဲ အဲဒီရဟန်းဟာ ဘယ်လိုနည်းနဲ့မှ ရှင်ရဟန်းကောင်းမဟုတ်ဘူးဆိုတာ ထောက်ပြနေပါတယ်။ အမှန်တကယ်လည်း အဲဒီလို လိမ်ညာပြီး လိုက်လံ အလှူခံနေတဲ့ ရှင်ရဟန်းတွေဟာ အလဇ္ဇီတွေ၊ ဒုဿီလတွေပဲ များပါတယ်။ ဒီလိုပုဂ္ဂိုလ်တွေကို လှူဒါန်းခြင်းဟာ အဆိပ်ပင်ကို ရေလောင်းပေးတာနဲ့အတူတူပဲ ဖြစ်ပါတယ်။

အချုပ်အားဖြင့် ပြောရမယ်ဆိုရင် ပိဋိကတ်တော်ရဲ့ တစ်ချို့နေရာတွေမှာ ဒုဿီလပုဂ္ဂိုလ်ပင်ဖြစ်နေပါစေ လှူဒါန်းသူရဲ့စိတ်ဟာ ဖြူစင်ထက်သန်နေရင် အကျိုးကျေးဇူးရရှိတယ်လို့ ဖော်ပြထားပေမယ့် ရွေးချယ်ခွင့်ရှိနေတဲ့ သာသနာတွင်းပိုင်းကာလမှာ သီလရှိသူကိုသာ ပေးလှူသင့်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒုဿီလပုဂ္ဂိုလ်ကို ပေးလှူမိလို့ တန်ပြန်အကျိုးကျေးဇူး ရရှိမှာ မှန်ပေမယ့် အကျိုးပေး အနည်း၊အများတော့ ကွာခြားပါသေးတယ်။ ဒုဿီလပုဂ္ဂိုလ်ကို လှူဒါန်းခြင်းဟာ သီလရှိသူကို လှူဒါန်းခြင်းလောက် အကျိုးကျေးဇူးမများပါဘူး။ ဒါကြောင့် သာသနာတော်ကြီး နေလိုလလို ထွန်းကားနေတဲ့ ယနေ့ခေတ်မှာ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဒ ဒီသုံးမျိုးထဲက တစ်ခုကိုမျှ မလေ့လာ မလိုက်စား၊ မကျင့်ကြံပါဘဲ အချောင်နေ အချောင်စား ပြုလုပ်နေပြီး သာသနာတော်ကြီးနှင့် ရဟန်းသံဃာကောင်းတို့ရဲ့မျက်နှာ အိုးမည်းသုတ်နေတဲ့ ဒီဒုဿီလရှင်ရဟန်းတွေကို ပစ္စည်းလေးပါး ထောက်ပံ့ လှူဒါန်းခြင်း မပြုခြင်းဖြင့် သာသနာတော်မှာ ဖယ်ရှားကာ သာသနာတော်ကြီး သန့်ရှင်းစင်ကြယ်အောင် ကူညီဆောင်ရွက်ရာရောက်သော သာသနာပြုသူတော်ကောင်းများ ဖြစ်ကြပါစေလို့ တိုက်တွန်းလိုက်ရပါတယ်။


-ဓမ္မသုတေသီ(မန္တလေး)

No comments:

Post a Comment