Tuesday, April 22, 2014

သံသရာနယ်ချဲ့တရား ပပဉ္စတရား (၃)ပါး


တဏှာ…
ငါ့ဥစ္စာဟု၊ စွဲမှုဖြစ်အင်၊
လောဘနဲ့လည်း၊ တပ်စွဲသူခင်၊
လောဘကင်းမှ၊ လွတ်ရပါယ်ခွင်၊
လူ့ဘ၀ ရကြတော်မည်ထင်။

မာန…
ငါသာအမြတ်၊ ငါတတ်သည်သာ၊
ဒါကလည်းပဲ၊ မာနစွဲပါ၊မာနစွဲပြုတ်၊
အဟုတ်ချမ်းသာ၊ ပါယ်လေးဝ
လွတ်ရသံသရာ။

ဒိဋ္ဌိ…
ငါ့သား ငါ့မယား၊ စီးပွားဥစ္စာ၊
အတ္တဒိဋ္ဌိ၊ စွဲငြိလို့သာ၊
သက္ကာယလည်း၊ သူပဲမည်တာ၊
အနတ္တ၊ ရှုကြဖန်ခါခါ၊
အတ္တကင်း၊ လွတ်ရှင်းပါယ်လေးရွာ၊
နောက်ဘ၀ ရောက်ရထက်ဘုံသာ။
ဤသို့ကောင်းမှု အကြောင်းပြု၊
ပေါင်းစုအမျှဝေ၊၀မ်းမြောက်စွာပြု၊
မြတ်ကောင်းမှု
သာဓု၊ သာဓု၊ သာဓုခေါ်နိုင်စေ။
နတ်ရွာသုဂတိ၊ နိဗ္ဗာန်ထိ ရရှိကြပါစေ။

(အရှင်ဇနက )

ငါ ရှိသည်ဟူသော အတ္တအစွဲကြောင့်
ငါပိုင်အတ္တနိယများဖြစ်ပေါ်လာသည်။
ငါ နဲ့ ငါပိုင်များ ရစ်ပတ်ထားခြင်းများကို
သံယောဇဉ်ကြိုးများလို့ခေါ်တယ်။

ငါ သည် ယုံချင်သည့် ကလေး ဘ၀မှစ၍
ဖြစ်သော အစွဲသာဖြစ်၍ ဒိဋ္ဌိသည်
စိတ်၌ရှိသော အမှန်တရားဖြစ်သည်။

ငါ ပိုင်သည် ဟု ထင်နေခြင်းမှာ
တပ်မက်သည့်လောဘ(တဏှာ)ကြောင့်
ဖြစ်သည်။ ထိုလောဘသည်လည်း
သဘာဝအမှန်ဖြစ်သည်။

ထို ငါပိုင်ဝတ္ထု ပုဂ္ဂိုလ်အရည်အချင်းများ
အပေါ် အခြေခံပြီး ငါ က အခြား
ပတ်ဝန်းကျင်နှင့် နှိုင်းယှဉ်တတ်သည်။
ထိုသည်မှာ မာန ဖြစ်သည်။
ထိုမာနသည်လည်း သဘာဝ
အမှန်တရားဖြစ်သည်။

ထိုသုံးမျိုးသောတရားဖြင့် ပုထုဇဉ်များ
သံသရာဘ၀ခရီးကို မနားတမ်း
လျှောက်နေရဦးမည်။ ပြီးတော့ ထိုတရားများ
အစဉ်တိုးပွားနေဦးမည်။

ထို့ကြောင့် သံသရာကိုချဲ့သော
တရားသုံးပါးလို့ခေါ်သည်။ အ၀ိဇ္ဇာက
ထိုသုံးခုက လျှောက်နေတယ်လို့ မမြင်ဘူး။
ငါလျှောက်နေတယ်လို့မြင်နေတဲ့
အ၀ိဇ္ဇာ နဲ့ တဏှာဖုံးနေတာကို
သံသရာလည် ခြင်းရဲ့ အကြောင်းရင်းလို့
ဆိုပါသည်။

(ဆရာကြီး ဦးဌေးအောင်၏ စာအုပ်မှ)

ဒိဋ္ဌိနှင့်ပတ်သက်၍
လွယ်ကူစွာမှတ်သားမယ်ဆိုလျှင်

ဒိဋ္ဌိမကွာ၊ ပုဂ္ဂိုလ်မှာလျှင်…..
လူတွင်စကြာ၊ နတ်မှာသိကြား၊
မိုးဖြားဗြဟ္မာ၊ ဖြစ်တုံပါလည်း၊
ခန္ဓာပြိုကွဲ၊ ကုသိုလ်စဲက၊
ဖောက်လွှဲပယ်ရွာ၊ ရောက်ပြန်ကာတည့်။
(မဃဒေ၀လင်္ကာ)

ဗြဟ္မာပြည်မှ ကုသိုလ်စဲ၍ တဖန်အလှည့်
ဝက်တိရစ္ဆာန်ဖြစ်ရသည့် ဘုရားဟော
ပါဋ္ဌိတော် ရှိပါသည်။

ဘယ်လိုပင် ဘုန်းတန်ခိုး ကြီးမားလင့်ကစား
ဒိဋ္ဌိမကွာ ပုထုဇဉ်တို့မှာ သံသရာ ၀ဲဂယက်
အဖန်ဖန်လည်၍ ဋ္ဌာနေဟောင်း
လေးဘုံပါယ်ရွာကိုပဲ အခေါက်ခေါက်ခါခါ
ရောက် ရမှာပါပဲ။

သံသရာနယ်ချဲ့သည့် ဤတရား(၃)ပါးမှာ
အင်မတန်မှ ကြောက်ရွံ့စရာပါ။ ငါ စွဲဒိဋ္ဌိ
တွေတော့ ကင်းအောင်၊ ပါးအောင်
ကြံဆောင်မှ သင့်ပေတော့မည်။

ငါ အစွဲကြီး(၄)မျိုး

(၁) အတိသြဠာရိက အတ္တဒိဋ္ဌိ
(အလွန်ကြမ်းသည့် ငါစွဲ)
ထိုအစွဲရှိသူများသည် မိမိအကျိုးအတွက်
အများသူငါအား အညှာအတာကင်းမဲ့စွာ
ရက်စက် သတ်ဖြတ် ညဉ်းဆဲတတ်သည်။

(၂) သြဠာရိကဒိဋ္ဌိ
(ကြမ်းတမ်းသည့် ငါစွဲ)
ထိုအစွဲရှိသူများသည် အထက်ကလို
မဟုတ်သော်လည်း စီးပွားရှာရာ၊
အခြားကိစ္စများ၌ မိမိ
အကျိုးကိုသာကြည့်သူများဖြစ်သည်။

(၃) သုခုမအတ္တဒိဋ္ဌိ
(သိမ်မွေ့သည့် ငါစွဲ)
ဗုဒ္ဓဘာသာအပါအ၀င် ဘာသာအဆုံးအမကို
လိုက်နာသူများတွင် ထိုအစွဲရှိကြသည်။
လူ အချင်းချင်း ညှာတာထောက်ထား၍
စဉ်းစားတတ်၏။
အတ္တက နူးညံ့သိမ်မွေ့ခြင်းမဟုတ်။
ဘာသာရေးက သင်ပေးသောကြောင့်
ကိုယ်၊နှုတ်အမူအရာနူးညံ့
သိမ်မွေ့ခြင်းသာဖြစ်သည်။

(၄) အတိသုခုမ အတ္တိဒိဋ္ဌိ
(အလွန်သိမ်မွေ့သည့် ငါစွဲ)
ဗုဒ္ဓဘာသာမှာသာ ရှိပါသည်။
ငါ အစွဲသည်
စွဲမြဲယုံကြည်ထားခြင်းသာဖြစ်သည်။
ငါ အစွဲရှိလျှင် အမှန်တရားကို မသိနိုင်ဘူး။
ထို့ကြောင့် စကားအဖြစ်သာမဟုတ်။
လက်တွေ့ကျင့်ကြံအား ထုတ်၍ ငါ
အစွဲပျောက်ရန် ကြိုးစားနေသူများ၌
ထိုအစွဲရှိပါသည်။

မဃဒေ၀ လင်္ကာ မှာတော့
ဤသို့မှတ်သားထားမိပါသည်။

ကာမတဏှာ၊ ရုန့်ရင်းစွာဖြင့်၊
ကိလေသာအမိုက်၊ နွားနှယ်လိုက်၏၊
စရိုက်ကျင့်တန်၊ တိရစ္ဆာန်နှင့်၊
သဏ္ဍာန်သာပြား၊ ကျင့်မခြားဘူး၊
ဆိုးဝါးယုတ်မာ၊ ကာမရွာသည်၊
ချမ်းသာညစ်ကျိ၊ ညစ်ကြေးတည်း။

ပဋိစ္စသမုပ္ပါဒ် နည်းမှာတော့
ဝေဒနာ ပစ္စယာ တဏှာ။
ဝေဒနာ(ခံစားမှု) အရ
လောကီဝိ ပါက်စိတ်နှင့်ယှဉ်သော
ဝေဒနာစေတသိက်ဖြစ်ပါသည်။

တဏှာအရ လောဘမူစိတ်(၈)ပါး၌ ရှိတာ
လောဘစေတသိက်ဖြစ်သည်။
ဝေဒနာ(၆)ပါးကြောင့်ဖြစ်သော
တဏှာတွေက ရူပတဏှာ စသည့်
အာရုံ(၆)ပါး၌ ဆိုင်ရာကို
နှစ်သက်သာယာသွား၏။

ရူပတဏှာကတော့ ရူပါ ရုံကို
နှစ်သက်သာယာ၏။

တဏှာ ပစ္စယာ ဥပါဒါန။
တဏှာကတော့ အထက်ပါ(၆)မျိုးပေါ့။

ဥပါဒါန်
(ပြင်းထန်စွာစွဲလန်းသော တဏှာလောဘ) မှာကျတော့
ကာမုပါဒါန်
(ကာမဂုဏ်တို့၌စွဲ လန်းခြင်း)၊ ဒိဋ္ဌိုပါဒါန်
(ဖောက်ပြန်သောအယူတို့၌စွဲလမ်းခြင်း)၊
သီလဗ္ဗ ထုပါဒါန
(သီလအလေ့အ ကျင့်)၊ အတ္ထ၀ါဒုပါဒါန်
(ငါ၏ကိုယ်ဟုထင်မှတ်စွဲလန်းခြင်း) ဆိုပြီး
ရှိပါသည်။

ဥပမာ- ကာမုပါဒါန်
(ကာမဂုဏ်၌ ပြင်းထန်စွာ စွဲလန်းသော
တဏှာလောဘ) မှာ အကြောင်းရင်းက
တဏှာ၊ အကျိုး ကတော့ ကာမုပါဒါန်
ဖြစ် သွားတာပေါ့။ ဘယ်အရာပဲဖြစ်ဖြစ်
စွဲလန်းရင် ဘေးဖြစ် တတ်တဲ့
သဘောရှိပါတယ်။ ငါစွဲဒိဋ္ဌိ အပေါ်မှာ
ငါ့ဥစ္စာ၊ ငါ့ပစ္စည်း၊ ငါ့ဟာဆိုပြီး
လောဘစိတ်ဖြင့် ထပ်ပြီးစွဲလမ်းတော့
အဘယ်မှာ အပါယ်ရွာက
လွတ်ရာငြိမ်းပါတော့မည်နည်း။

မာနဆိုတာကတော့
မစိုးရိမ်ဆရာတော်ဘုရားကြီးက
မာနဟာ ကြွခြင်းလက္ခဏာရှိပြီး
ကျခြင်းလျှင် အဆုံးရှိ၏ လို့
ဟောကြားထားတာဟာ မှတ်သားစရာပါပဲ။

မရှိလည်း မာနတက်တယ်၊
ရှိတော့လည်း မာနတက်တယ်။

ပညာမာန၊ဆွေဂုဏ်မျိုးဂုဏ်မာနတွေ
ထားကြရင်းမှ အာဃာ တတရားတွေ
နာကြည်းချက်တွေ ဂလဲ့စားတွေနဲ့
အထပ်ထပ်ရစ်ပတ်နေတော့ ဘယ်မှာ
သံသရာဆုံးတော့မလဲ။

ဒါက မြင်သာနေသေးတာပေါ့။
မာနရဲ့သဘောက တရားထိုင်နေရင်းနဲ့
ငါထိုင်နိုင်တယ်ဆိုတဲ့
မာနရှိနေတတ်သေးပါတယ်။

တရားရှုလို့ကောင်းလိုက်တာဆိုတာက
တဏှာ၊ ငါရှုနေတယ်ဆိုတာက ဒိဋ္ဌိ၊
ငါရှုနိုင်တယ်ဆိုတာက မာန ဖြစ်နေပြီတာ
အထူး သတိပြုစေလိုပါသည်။

နောက်ဆုံး ကျဆုံးခြင်းမှာပဲ
အဆုံးသတ်တာပါပဲ။
ဤတရား(၃)ပါးဟာ
ကြီးကြီးလည်းမကောင်းဘူး၊
သေးသေးလေးလည်းမကောင်းပါဘူး။
အသေးဖွဲကအစ အလေး
အနက်ထားဆောင်ရွက်စေလိုပါသည်။

ဤ ပပဉ္စတရားတရားမှ ကင်းရင်တော့
သောတပန်ဂုဏ်ရည်နှင့် ပြည့်စုံနေမှာပါပဲ။
ဤကဲ့သို့ ပြည့်စုံဖို့ ထို သံသရာကို
ချဲ့ထွင်တတ်သောတရားကြောင့်ဆိုတာ
သိနေသလို၊ အကြောင်းရင်း ကို ရှာရမယ်၊
သံသရာ လွတ်မြောက်ရာ
လမ်းဆိုတာရှာရမယ်။ ဒါမှ
သံသရာချုပ်ငြိမ်းရာကို ရောက်မယ်။
ဤဒုက္ခသစ္စာကြီးမှ ကင်းလွတ်မယ်။

ဆရာကောင်းနှင့်တွေ့၍ သံသရာမှ
လွတ် မြောက်ရာ လမ်းကို
ရှာဖွေတွေ့ရှိနိုင်ပါစေ။

ဓမ္မအလင်းရောင်

ရေးမိရေးရာလေးများ မှ ကူးယူသည်။

No comments:

Post a Comment