Saturday, April 19, 2014

“အဆုံးထိ လျှောက်”


တစ်ယောက်ယောက်ကို “ဝေဖန်ပြီ”ဆိုရင်လဲ အဆုံးထိ ဝေဖန်လိုက်တာမျိုး မလုပ်လိုက်ပါနဲ့။ “ချီးမွမ်းပြီ” ဆိုရင်လဲ အဆုံးထိချီးမွမ်းခန်းတွေ မဖွင့်လိုက်မိပါစေနဲ့။ ပါရမီနုနယ်တဲ့သူတိုင်း အမှားနဲ့ အမှန်ဟာ ဒွန်တွဲနေတတ်တာ သဘာဝပါ။ ဒါနဲ့ ပတ်သက်ပြီး ကြားဖူးတာကြာပြီဖြစ်တဲ့ ပုံပြင်လေးတစ်ပုဒ်နဲ့ ဥပမာပြောကြည့် ချင်ပါတယ်။ ပုံပြင်လေးက ဒီလိုပါ။

တစ်ခါက တောကြီးမျက်မည်းထဲမှာ ရသေ့ကြီးတစ်ပါး သီတင်းသုံးနေပါတယ်။ အဲဒီရသေ့ကြီးဟာ မေတ္တာတရား ကြီးမားလေတော့ ရသေ့ကြီးကျောင်းသင်္ခန်းအနီးမှာ သမင်လေးတွေ၊
ဒရယ်လေးတွေ၊ အမြဲတမ်းလာလာပြီး အစာရှာကြတယ်။ နားနေကြတယ်၊ ညညဆိုလဲ ကျားတွေ၊ ခြင်္သေ့တွေဟာ ရသေ့ကြီး ရဲ့ကျောင်းအရိပ် မေတ္တာအရိပ်အောက်မှာ လာပြီး အိပ်စက်အနားယူကြပါတယ်။

အဲဒီလိုနဲ့ တစ်နေ့မှာ ပန်းချီဆရာတစ်ယောက်က အောက်ဒိုးထွက်ရင်း အဲဒီရသေ့ကြီး သီတင်းသုံးရာ ကျောင်းသင်္ခန်းကိုရောက်လာပြီး လောကရဲ့ “အငြိမ်းအေးဆုံး ပိုင်ရှင်” အဖြစ် တင်စား ကဗျည်းထိုးပြီး
အဲဒီရသေ့ကြီးကို ပန်းချီဆွဲယူသွားပါတယ်။

ဒီလိုနဲ့ နေလာလိုက်တာ နှစ်တွေအတော်ကြာလာတော့ ပန်းချီဆရာဟာ ငါတော့ လောကရဲ့ အငြိမ်းချမ်းဆုံးပုံတူ ပန်းချီကားတော့ ရပြီ။
လောကရဲ့ ခက်ထန်ကြမ်း တမ်းဆုံးလူရဲ့ ပုံတူရဖို့ ရှာဦးမှပဲဆိုပြီး လှည့်လည်လာလိုက်တာ စောစောက ရသေ့ကြီး သတင်းသုံး နေထိုင်းသွားတဲ့ ကျောင်းသင်္ခန်းနားရဲ့ အနီးမဝေးမှာ သမင်း လေးတွေ၊ ဒရယ်လေးတွေ ၊ ယုန်လေးတွေကို အရှင်လတ်လတ် ခုတ်ထစ် သတ်ဖြတ် စားသောက်ရောင်းချနေတဲ့မုဆိုးတစ်ယောက်ကို
သွားတွေ့ပါတယ်။

အဲဒီအချိန်မှာ ပန်းချီးဆရာက ငါတော့ လောကရဲ့ “အရက်စက်ဆုံး လူသား” ကို တွေ့ပြီးဆိုပြီး ခွင့်တောင်းပြီး ပန်းချီဆွဲပါတယ်။ ပန်းချီလဲဆွဲပြီးရော မုဆိုးကြီးကို ကျေးဇူးတင်စကားပြောပြီး ပြန်မယ်အလုပ်မှာ လွန်ခဲ့တဲ့နှစ်များဆီက ဒီနေရာမှာ အလွန်အင်မတန်မှ
မေတ္တာတရားတွေနဲ့ ငြိမ်းချမ်းတဲ့ ရသေ့အကြီးအကြောင်း စကား စပ်မိကြတော့ အဲဒီရသေ့ကြီးဟာ တစ်ခြားသူမဟုတ်ပါဘူး။

♦အခု သားကောင်တွေကို ရက်စက်စက် ခုတ်ထစ်ရောင်းစားပြီး စားသောက်နေတဲ့ မုဆိုးကြီးပဲ ဖြစ်ပါကြောင်း ပြောပြတော့ ပန်းချီဆရာခမျာ အံ့သြနေရှာပါရောလား။

ဒါကြောင့် စာဖတ်သူကို ပြောပြချင်တာပါ ။

♦“တရားထူးတရားမြတ်”နဲ့ သတ်သတ်မှတ်မှတ် ဘ၀ကို စိတ်ချရအောင် မှတ်တမ်းမတင်နိုင်သေးသရွေ့၊ ဘ၀ဟာ နိမ့်ချီတစ်ခါ ၊သာချီတစ်လှည့်ဖြစ်နေဦးမှာပါ။ “ဗုံလုံတစ်လှည့် ငါးဖျံတစ်လှည့်” နဲ့ ခရီးသွားနေရဦးမှာပါ။

♦“လောကီစည်းစိမ်၊ လောကီ ဂုဏ်သိမ်၊ လောကီအာဏာပါဝါ ဈာန်သမာပါတ်”တွေဟာ ထာဝရမတည်မြဲနိုင်တဲ့ အရာတွေပါ။
ပြောင်းလဲတတ်တဲ့ သဘောတရားတွေပါ။

♦လောကီနဲ့ ဆက်နွယ်ပတ်သက်နေတဲ့ အရာတွေကို အဆုံးထိရောက်ပြီလို့ သတ်မှတ်ပြီး အဆုံးထိ “မပျော်လိုက်ပါနဲ့”။
♦အဆုံးထိ နိမ့်ကျနေလို့လဲ ငါ့ကံကြမ္မာဟာ အဆုံးထိ ရောက်နေပြီလို့ “၀မ်းမနည်းလိုက်ပါနဲ့”။ ချီးမွမ်းခံရရင်လဲ ခဏပါ။ ကဲ့ရဲ့ခံရရင်လဲ တစ်ခဏပါ။ လူဆိုတာ ကြိုးစားခွင့် ရှိပါတယ်။ ကျရှုံးရမယ့် ကံကြမ္မာ ရှိပါတယ်။

♦ဘာပဲဖြစ်ဖြစ်၊ ဘယ်နေရာပဲရောက်ရောက် လူဆိုတာ သက်ရှိတွေထဲမှာ “အသိဥာဏ် အရင့်ကျက်ဆုံး” ဆိုတာ သတိရလိုက်ပါ။ လူဆိုတာ အသက်ရှင်နေသရွေ့ “မျှော်လင့်ခြင်း မနက်ဖြန်”များစွာ ရှိနေပါသေးတယ်။ ။

-【 ရွှေမန်းသား အရွင္အကုၤရ 】

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment