Saturday, April 19, 2014

“ရဟန်းပြစ်မှားလို့ ခွေးစားခံရခြင်း”


ကုသိုလ်ကံ၊ အကုသိုလ်ကံသဘောမှာ
နောက်မှအကျိုးပေးတာလည်းရှိတယ်။
ဒီဘ၀မှာတင် အကျိုးပေးတာလည်း ရှိတယ်။
တစ်ခါတစ်လေ အရင်ဘ၀က “ကုသိုလ်အရှိန်”
အားကြီးနေသေးလို့ “အကုသိုလ်ကံ” ဟာ ဒီဘ၀မှာ
ချက်ချင်းအကျိုးမပေးတာလည်း ရှိတယ်။

တစ်ခါတစ်လေ အရင်ဘ၀က အကုသိုလ်ကံ
အရှိန်အားကြီးနေသေးလို့
ကုသိုလ်ကံဟာ ဒီဘ၀ချက်ချင်းအကျိုးမပေးပဲ
နောက်ဘ၀တွေကျမှ အကျိုးပေးတာ လည်းရှိတယ်။
ဘာပဲပြောပြော အကျိုးပေးချိန်တန်ရင်တော့
ကိုယ်ပြုခဲ့တဲ့ “ကုသိုလ်ကံ၊ အကုသိုလ်ကံ”ဟာ
အကျိုးပေးတာပါပဲ။
အခုတင်ပြပေးမှာက ဘုရားလက်ထက်က
လက်ရှိဘ၀မှာတင် မကောင်းကျိုးခံစားရတဲ့ ဇာတ်လမ်းလေးပါ။

ဘုရားရှင်လက်ထက်က “ကောက”ဆိုတဲ့
မုဆိုးတစ်ယောက်ရှိခဲ့တယ်။
သူဟာ ခွေးတစ်အုပ်နဲ့ နေ့ စဉ် တောလိုက်ပြီး
အသက်မွေးရတဲ့သူပေါ့။ သူသိတာ တောလိုက်ဖို့ပဲ။
တစ်နေ့ တောလိုက်သွားရင်း လမ်းမှာ ရဟန်းတစ်ပါး
ဆွမ်းခံကြွတာနဲ့ သွားတိုးတယ်။
“သွားပါပြီ၊ ဒီနေ့ စောစောစီးစီး အမင်္ဂလာနဲ့
လာတွေ့နေတယ်။ သားကောင်တော့ရမှာမဟုတ်ပါဘူး”
တကယ်ပဲ တောလိုက်တဲ့အခါ တိုက်တိုက် ဆိုင်ဆိုင်
ဘာသားကောင်မှ မရပါဘူး။ စိတ်ထဲက ရဟန်းကိုပဲ
ဒေါသထွက်နေမိတာပေါ့။ စိတ်ညစ်ညစ် နဲ့ ပြန်လာတယ်။
ဆွမ်းခံပြီး ပြန်ကြွလာတဲ့ ရဟန်းနဲ့ထပ်တိုးပါလေရော။
ရဟန်းကပဲ ကံဆိုးတာလား။ ဒီတစ်ခါတော့
သူ့ဒေါသကို မမျိုသိပ်ထားနိုင်တော့ပါ။

ဒါနဲ့ သူ့ရဲ့ ခွေးအုပ်ကြီးနဲ့ ရှုးတိုက်ပါလေရော။
ရဟန်းလည်း အခြေအနေမဟန်တော့ သပိတ်ချပြီး
နီးရာသစ်ပင်ပေါ် အပြေးအလွှား တက်လိုက်ရတယ်။
သစ်ကိုင်းကြီးကို ဖတ်တွယ်ထားတယ်။
ခြေထောက်နဲ့ သင်္ကန်းက အောက်ကို တန်းလန်းကျလို့။
ခွေးတွေ ကလည်း သားကောင်မကိုက်ရလို့ မဲနေတာထင်ပါတယ်။
အတင်းကို ကိုက်စားမယ်တကဲကဲ ၀ိုင်းဟောင်တော့တာပဲ။
မုဆိုးက စိတ်မရှည်တော့ ချွန်ထက်နေတဲ့မြားတံကိုဆွဲထုတ်၊
တန်းလန်းကျနေတဲ့ ရဟန်းခြေထောက် ကို လှမ်းထိုးတယ်။
ရဟန်းလည်း စူးရှနာကျင်တဲ့ ဒဏ်ခံစားရတော့
ခြေထောက်ကို ရှောင်တိမ်းရင်း ၀တ်ထားတဲ့
သင်္ကန်းပြုတ်ကျမှန်းမသိလိုက်ဘူး။

ဖြစ်ချင်တော့ သင်္ကန်းဟာ အောက်က မုဆိုးပေါ်
သွားအုပ်မိ တယ်။ အဲဒီမှာ ခွေးတွေက ရဟန်းပြုတ်ကျလာတယ်မှတ်လို့
မုဆိုးကို ၀ိုင်းကိုက်ဆွဲကြတာ။ နောက်ဆုံး မုဆိုးဟာ
အရိုးပဲ ကျန်ပါတော့တယ်။ ရဟန်းလည်း မဟန်တော့ပဲ
အပေါ်ကနေပြုတ်ကျ တာ ခွေးအုပ်ပေါ်ကျသွားတယ်။
ဒီတော့မှ ခွေးတွေဟာ သူ့သခင်ကို ကိုက်စားမိမှန်းသိပြီး
တောထဲ ပြေးဝင်သွားကြလေရဲ့။

ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကတော့ ဒါပါပဲ။
အရမ်းသံဝေဂရစရာပါ။ ခုခေတ်မှာလည်း ထင်ယောင်
ထင်မှားနဲ့ သံဃာအစစ်တွေကို ရိုက်နှက်တဲ့အထိ မြင်တွေ့နေရတော့
စိတ်မကောင်းဖြစ်ရတယ်။ ချက်ချင်း အကျိုးမပေးလို့
မယုံဘူးဆိုပြီး မပြစ်မှားမိပါစေနဲ့။ အချိန်တန်ရင် ပြန်ခံရမယ်
ဆိုတာ သိထားဖို့ပါ။
အားလုံး ဆရာ၊ ဒကာလက်တွဲညီစွာ သာသနာပြုနိုင်ပါစေ။

- 【ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ】

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment