ဘုရားရှင်လက်ထက်တော်က ရဟန်းတစ်ပါးသည် ဇေတဝန်ကျောင်းတော်မှထွက်၍
ကောသလတိုင်းအတွင်းရှိသော တောအုတ်တစ်ခုကို အမှီပြု၍ သီတင်းသုံးစဉ် တစ်နေ့၌ ပဒုမ္မာအိုင်တစ်ခုကို မြင်တွေ့ သောအခါ အိုင်အတွင်း ဆင်းသက်၍ ပွင့်နေသော ပဒုမ္မာကြာပန်း၏ လေကြေ၌ရပ်ကာ ပန်းနံ့ကိုခံယူ၏။
ထိုအခါ ထိုရဟန်းကို ထိုတော၌စောင့်သော နတ်သမီးက "ဆင်းရဲခြင်းကင်းတဲ့ ရှင်ရဟန်း --- ဒီလိုလုပ်တာ အနံ့ခိုးတာပဲ" ဟု ထိတ်လန့်စေ၏။
ထိုရဟန်းသည် ထိုနတ်သမီးက ထိတ်လန့်သော အခါ ဇေတဝန်ကျောင်းတော်သို့ပြန်လာပြီး ဘုရားရှင်အား ထိုအကြောင်းကို လျှောက်ထား၏။ ဘုရားရှင်က --- "ပန်းကိုနမ်းတဲ့သင် ရဟံးကိုသာ နတ်သမီးက ထိတ်လန့်စေတာ မဟုတ်ပါဘူး၊ ရှေးပညာရှိတို့ကိုလည်း ထိတ်လန့်စေဖူးတယ်" ဟု မိန့်တော်မှုကာ ထိုရဟန်းသည် တောင်းပန်၍ ဆက္ကဝဂ်လာ သိင်္ဃပုပ္ဖ ဇာတ်တော်ကို ဟော၏။
လွန်လေပြီးသောအခါ ဗြဟ္မဒတ်မင်း မင်းပြုစဉ် ဘုရားလောင်းသည် ကာသိကရွာဝယ် ပုဏ္ဏားမျိုး၌ဖြစ်၏။ အရွယ်ရောက်သောအခါ တက္ကသိုလ်ပြည်၌ ပညာသင်ယူတတ်မြောက်ပြီးနောက်ကာလ၌ ရသေ့ရဟန်းပြုကာ ပဒုမ္မာကြာအိုင်၌ မှီ၍နေစဉ် တစ်နေ့၌ ရေအိုင်သို့ဆင်းကာ စွင့်စွင့်ကားကား ပွင့်နေသော ပဒုမ္မာကြာပန်းကို နမ်းကာရပ်နေ၏။ ထိုအခါ ဘုရားလောင်းကို နတ်သမီးတစ်ယောက် သစ်ပင်၏ ပင်စည်ကြားဏ ရပ်လျက် ---
"ရဟန်း --- သင်ဟာ ရေမှာပေါက်တဲ့ ဒီကြာပန်းကို ပိုင်ရှင်မပေးဘဲ နမ်းတယ်၊ ဒီလိုလုပ်တာ နံ့သာခိုးတာပဲ" ဟုဆို၏။
ထိုအခါ ဘုရားလောင်းက --- "နတ်သမီး --- သင့်ရဲ့ ကြာပန်းကို ငါမယူ၊ မချိုး၊ အဝေးကသာ နမ်းတယ်၊ ဒါပေမဲ့ ဘာ့ကြောင့် ငါ့ကို နံ့သာခိုးလို့ ဆိုရသလဲ" ဟုမေး၏။
ထိုအခိုက်မှာပင် ယောတစ်ယောက်သည် ထိုအိုင်၌ပင်ကြာစွယ် ကိုလည်း တူး၏၊ ပုဏ္ဏရိပ်တို့ကိုလည်း ချိုး၏။
ဘုရားလောင်းက --- "အဲဒီယောက်ကျားကို မြင်ရက်သားနဲ့ ဘာမျှမပြောဘဲ၊ မယူပဲ အဝေးက ရပ်ပြီးနမ်းတဲ့ ငါ့ကို နံ့သာခိုးလို့ သင်ဘာကြောင့်ဆိုရတာလဲ" ဟု ဆို၏။
ထိုအခါ နတ်သမီးက ---
"အရှင်ရဟန်း ကိုယ်နှုတ်စိတ်ကြမ်းတမ်းတဲ့ ယောက်ကျားဟာ တံတွေး၊ ကျင်ငယ်၊ ကျင်ကြီးတွေနဲ့ လိမ်းကျံနေတဲ့ နို့ထိန်း ကျွန်မ ဝတ်တဲ့ အဝတ်လို မကောင်းမှုတွေနဲ့ လိမ်းကျံနေတယ်၊ အဲဒီသူ အတွက် ငါ အထူးဆိုဖို့ မလိုပါဘူး၊ အပြစ်မရှိ အမြဲစင်ကြယ်မှုကိုရှာနေတဲ့ ယောက်ကျားအတွက် သားမြီးဖျားမျှသာဖြစ်တဲ့ မကောင်းမှုဟာလည်း တိမ်တိုက်ကြီးလောက်လို့ ထင်ရပါတယ်"
ထိုအခါ ဘုရားလောင်းသည် နတ်သမီး၏ စကားကြောင့် ထိတ်လန့်ကာ ---
"နတ်သမီး --- ငါဟာ သင့်ရဲ့သဘောထားမှန်ကို သိပါပြီ၊ ဒါထက်မက ငါ့ကို ရင်ဝယ်သားလို သနားမစပါ၊ နတ်သမီး --- သင်ဟာ ငါ့ရဲ့အပြစ်ကိုမြင်တဲ့အခါ ငါ့ကို အပြစ်ပြပြီးဆုံးမပါတော့" ဟု ဆို၏။
ထိုအခါ နတ်သမီးက ---
"ရဟန်း --- ငါဟာ သင့်ကိုမှီပြီး အသက်မမွေးပါ၊ သင့်ရဲ့ အလုပ်သမားလည်း မဟုတ်ပါ၊ ကောင်းမှုကြောင့် သုဂတိကို လားရမယ်၊ ကောင်းမှုသာ သင်ပြုပါတော့" ဟု ဆုံးမကာ သူ၏ ဗိမာန်၌တည်နေ၏။
ဘုရားလောင်းသည် ဈာန်ကိုရရှိပြီး ဗြဟ္မာပြည်သို့ လားရောက်၏။
ဇာတ်ကို ပေါင်းသောအခါ ဥပ္ပလဝဏ်ထေရီမသည် ထိုအခါက နတ်သမီးဖြစ်၏။ ဘုရားရှင်သည် ထိုအခါက ရှင်ရသေ့ဖြစ်၏။
အလင်္ကာဝတ်ရည်ဂျာနယ်
အမှတ်(၈)၊ဒီဇင်ဘာ(၂၃)၊ ၂၀၀၅၊သောကြာ
သဒ္ဓမ္မမဏ ဆရာတော်
the eXistence မှ မှတ်သားထိုက်သည့် စကားအလင်္ကာ - စာအုပ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
No comments:
Post a Comment