Tuesday, April 15, 2014

သင်္ကြန် ထမင်း


ကျွန်မက ဒီသင်္ကြန်ထမင်းကို အရင်က ထမင်းကိုရေစိမ်ထားတာပဲ
ရိုးရိုးပဲလို့ထင်တယ်။ ငါမကြိုက်လောက်ဘူးရယ်လို့ အမြဲတွေးမိတယ်။
မော်လမြိုင်သူလေးနဲ့ စကားစပ်မိတော့ ဒီအကြောင်းပြောကြတယ်။
သူက အား တတ်သရော ဒီဟာကိုပြောရင်းနဲ့ကို စားချင်လာတဲ့ ပုံလေးဖြစ်နေတော့ ကျွန်မကလည်း ထုံးစံအတိုင်း ဒေါ်စပ်စုစိန်လုပ်ကာ အတူချက်ရအောင်လို့ ဆိုပြီး ဒီဇာတ်လမ်းကိုစပါတယ်။ မော်လမြိုင်သူတွေရဲ့ ရိုးရာနည်းရော အသစ်ရောစပ်ထားတဲ့နည်းရော ပြောပြပေးတဲ့ သီချယ်လေးရဲ့မေမေနဲ့ သူ့ သမီးချောချောလေးကို ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။ မော်လမြိုင်မှာ တော့ ဒီထမင်းကို သင်္ကြန်မှာတင်မကဘဲ အချိန်မရွေးစားကျပါတယ်တဲ့။
မော်လမြိုင်ထမင်းပဲဆိုပါစို့။ တကယ်တော့ အဲဒီနေ့က ခါးနာပြီးကာစ
သိပ် မသက်သာသေးပါဘူး။ အကြောက မနေနိုင်လို့ ထချက်ရပါတယ်။
သူ့ အမျိုးသားလေးနဲ့ ကိုထက်က မစားဘူးလို့ ကြိုပြောတော့ အဲဒီနေ့က
ပြည်ပ လာတာ သူတို့အတွက်ချက်ပါတယ်ရှင်။ မော်လမြိုင်သူလေးနဲ့
ကျွန်မနဲ့ မီးဖိုထဲ ဘယ်လိုအပြိုင် ကြဲကြသလဲကြည့်ရအောင် . . . ။

ဖယောင်းသင်းရည်လုပ်ရအောင်
...........................................
အရင်ဆုံး သင်းရည်လုပ်ရပါမယ်နော်။ အဲဒီသင်းရည် အေးအေးလေးဆမ်းစားမှ အရသာကောင်းပါမယ်ရှင်။ ဖယောင်းတိုင်းကနေ ဖယောင်း အသားများ အနည်းငယ်လှီးထားပါ။ မီးသွေးတစ်ခဲကို ရဲနေအောင် မီးကူးစေပြီး အိုးထဲကို ထည့်လိုက်ပါ။ အပေါ်က ဖယောင်းအသားများကို တင်လိုက်ပါ။
(နံသာဖြူလေးပါရှိရင် အနံ့ကပိုမွှေးလို့ နံသာလေးကို ပါးပါးလေးတွေခုတ်ပြီး ထည့်ပေးလို့လည်းရပါတယ်) ဖယောင်းသားလေးတွေ တင်ပြီးတာနဲ့ အိုးကို လုံအောင်ပိတ်လိုက်ပါ။ (ကျွန်မတို့ကတော့ ပန်းကန်ပြားနဲ့ မီးခိုးမထွက် အောင် ဖုံးလိုက်ပါတယ်။) မိုးခိုးထွက်ရင် ဖယောင်းနံ့တွေက ပါသွားတဲ့အခါ သင်းရည်မဖြစ်တော့ပါဘူး။ မီးခိုးတွေအထဲမှာ လှိုင်နေအောင်
စက္ကန့် ၃၀ အကြာထားပြီး အဖုံးကိုအမြန်ဖွင့် ရေ ၁ လီတာခန့် အမြန်ထည့် အဖုံးခဏ ပြန်အုပ်ပေးထားပါ။ ရေထည့်တဲ့အချိန်ဟာ အလွန်မြန်ရပါမယ်။ ဒါကြောင့် ရေပုလင်းနဲ့ထည့်မဲ့အစား ဖလားကြီးကြီးထဲ ထည့်ပြီး အမြန်လောင်းထည့် ရင် ပိုကောင်းပါတယ်။ မီးခိုးများအပြင်မထွက်ခင် ရေကို အမြန်လောင်းပြီး ထည့်နိုင်ပါမှ ရေဟာ သင်းနံ့ပျော်ဝင်မှာဖြစ်ပါတယ်။
တစ်မိနစ်ခန့်အုပ်ထားပြီး ရင်တော့ အဖုံးပြန်ဖွင့်လို့ရပါပြီ။ အဲ့ဒီတော့မှ
ရလာတဲ့အနယ်တွေ ဖယောင်း ဖတ်တွေနဲ့ သင်းရည်လေးကို
အ၀တ်ပါးလေးနဲ့ စစ်ထုတ်ပစ်လိုက်ရင် မွှေးကြိုင်သင်းပျံ့ပြီး
အရသာ တမူထူးခြားနေတဲ့ သင်းရည်လေးကို ရလာပါမယ်ရှင်။

သင်္ကြန်ထမင်းချက်ရအောင်
.......................................
• ဆန် - ၁ လုံးခွဲ
ဆန်ကိုရေများများနဲ့ချက်လိုက်ပါတယ်။ ကျက်လာပြီဆိုရင် ရေအေး နဲ့
ဆေးချပါတယ်နော်။ နောက်တစ်ကြိမ် ပြန်တည်ပါတယ်။
သင်္ကြန်ထမင်း က ခပ်ဖွယ်ဖွယ်ဖြစ်ရပါမယ်ရှင်။
အဲဒီလို ဖွယ်တယ်တယ်ဖြစ်ပြီဆိုရင် ရေ အေးဆေးချပြီး ဆန်ခါစစ်ထားပါ။

တွဲစားစရာလေးများကိုချက်ရအောင်
................................................
• သရက်ချဉ်သုပ်( မရနိုင်ရင် သရက်သီးရိုးရိုးသုတ်)
• ကုလားပဲပြုတ်ကြော်
( ကြက်သွန်နဲ့ ပဲပြုတ်ကြော်သလို ပဲကိုပြုတ်ထားပြီး
နူးရင် ညက်အောင်ထောင်းပြီး ဆီပူမှာ ကြက်သွန်နီပါးပါးနဲ့
ကြော်ပေးပါ၊ အရသာသင့် သလိုထည့်နိုင်ပါတယ်)
• ငါးခြောက်ထောင်းကြော်

ငါးရံ့ခြောက်၊ ငါးပုပ်ခြောက် ကြိုက်နှစ်သက်ရာ ကိုရေစိမ်ထားပြီး
အရိုးနွှင်ကာ ထောင်းပါ။ ကြက်သွန်နီ လေးစိတ်ကွဲကို ဆီပူမှာကြော်ပြီး
ကြွပ်လာရင် ထောင်းထားတဲ့ ငါးခြောက်ကိုထည့်မွှေပါ။
တော်တော်ခြောက်လာရင် ရေအနည်းငယ်ထည့်ပြီး ဆက် ကြော်ပါ။
မခြောက်တခြောက်အနေမှာချပါ။ အရသာလိုသလိုချိန်ထည့်ပေးပါ။
ငရုတ်သီးအပွခြောက်တွေကို ဆီပူမှာ ရဲနေအောင်ကြော်ထားပါ။

အဲဒါက သူတို့ရိုးရာမူရင်း စားနည်းပေါ့နော်။ စားတဲ့အခါ ထမင်းကို သင်းရည်ဆမ်း ငါးခြောက်လေး၊ ပဲပြုတ်ကြော်လေး၊ သရက်ချဉ်သုတ်လေးများကို အနည်းငယ်ဆီထည့် ငရုတ်ပွနဲ့ စပ်စပ်လေးတွဲစားကာ မော်လမြိုင်သင်္ကြန်ကို ဖြတ်သန်းကြပါလိမ့်မယ်။

နောက်တစ်မျိုးကတော့ အကုန်ရောကြော်တဲ့နည်းပါ။
(ပိုလည်းလွယ် စားလို့လည်း ပိုကောင်းပါတယ်။ ကျွန်မအကြိုက်ပေါ့လေ)
• သရက်သီးအရွယ်ကောင်းတစ်လုံးကို ဓားနဲ့ပေါက်ထားပါ။
( သရက်ချဉ်ရှိရင်ပိုကောင်းပါတယ်)
• ပဲဝါလေးကို လက်တစ်ဆုပ်စာ ရေစိမ်ထားပါ။
• ငါးရံ့ခြောက် ၂ချောင်းကိုရေစိမ်ထားပါ။
• ကြက်သွန်နီအသေးတစ်လုံးကို လေးစိတ်ခြမ်းလှီးထားပါ။

ငါးခြောက်နဲ့ပဲကို အတူပြုတ်ထားလိုက်တယ်။ ပဲနူးရင် ပဲကိုလည်း
ညက်အောင် ထောင်း၊ ငါးခြောက်ကိုလည်း အရိုးနွှင်ပြီးထောင်းထားပါ။
ဆီနည်းနည်းနဲ့ ကြက်သွန် လေးစိတ်ကွဲကိုကြော်ပြီး ကြွပ်လာရင် ထောင်းထားတဲ့ ငါးခြောက်၊ ပဲတို့ကိုရောပါ။ ရေကို အနည်းငယ်မျှထည့်ပြီးလုံးပါ။ သရက်သီးစိမ်း
ဓားပေါက်ထားတာလေးတွေထည့် မွှေပြီး ဆား၊ အရသာမှုန့် လိုသလိုချိန်ဆကာထည့်ပြီး ခပ်ခြောက်ခြောက်ဖြစ်လာရင်ရပါပြီ။

စစ်ထားတဲ့ထမင်းကို သင်းရည်ဆမ်းကာ ငရုတ်သီးပွကြော်၊
ငါးခြောက်ကြော်တို့ နဲ့ တွဲကာစားရင်ဖြင့် တစ်သက်မမေ့စရာ
ရှူးရှူးရှဲရှဲနဲ့ ထူးကဲတဲ့သင်္ကြန်ထမင်းဖြစ်မှာ ဧကန်မလွဲကြောင်း အာမခံပါတယ်ရှင်။

.......................................
Htet Family's Creation
.......................................
www.htetfamily.com

No comments:

Post a Comment