"အိမ်နားက ဘယ်သူဆိုရင် သိပ်တော်တာပဲ။ နင်နဲ့ ဘယ်လိုကွာတာ..."
ဒီလို စကားတွေကို မီဘတွေဆီက မကြာခဏ ကြားရလေ့ရှိပါတယ်။ အလားတူပဲ ဆရာ၊ ဆရာမ များထံကလဲ စာညံ့သောတပည့်ကို တော်သောတပည့်ရဲ့ အညစ်အကြေးကျွေးရမယ် စသဖြင့် ပြောတာတွေကို မကြာခဏ ကြားရတတ်ပါတယ်။ ဒီစကားတွေရဲ့ အနှစ်သာရက "နှိုင်းယှဉ်ခြင်း" ကနေ လာပါတယ်။
လောလောဆယ်ဆိုးနေတယ်လို့ ထင်ရတဲ့ ကလေးကို ကျောင်းမှာ ဆရာ၊ ဆရာမက လူရှေ့အဲ့လိုခေါ်ဆုံးမလိုက်တယ်။ မိဘက အိမ်မှာ အဲ့လိုပြောလိုက်တယ်။ ဒီကလေးတွေရဲ့ မျက်နှာအရိပ်အကဲ ဘယ်လိုပြောင်းသွားလဲ...ဘယ်လို ဖြစ်သွားလဲ မိဘဆရာတွေ သတိမူမိလေ့ရှိပါသလား။
စာမေးပွဲအောင်ခြင်း၊ ဆိုဆုံးမရလွယ်ခြင်း စတဲ့ အကျိုးရလာဒ် (Effects) တွေကိုသာ အဓိက ထားတဲ့ အခါမှာ ဒီလို လိမ္မာရေးခြားမရှိတဲ့ ကလေးတွေဟာ အသုံးမကျသူတွေဖြစ်ရတော့တယ်။ တစ်ကယ်တော့ လူတိုင်း၊ ကလေးတိုင်းမှာ သူတို့ရဲ့ ခံစားချက်၊ ဝေဒနာ၊ အမြင် စတာတွေ မတူကြပါဘူး။ အားသာချက် အားနည်းချက်တွေလဲ ကွဲပြားကြတယ်။
ဒီလို ခံစားချက်၊ ခံယူချက်၊ အားသာချက်၊ အားနည်းချက်တွေကွဲပြားခြင်းကြောင့် ပြောရခက်တဲ့ကလေး၊ ပြောရလွယ်တဲ့ကလေး၊ စာတော်တဲ့ကလေး၊ စာညံ့တဲ့ကလေး ကွဲပြားလာတတ်တယ်။ Effects ကိုသာကြည့်ပြီး Cause ကိုမကြည့်တဲ့ ဓလေ့ဟာ ဒီလို ကလေးတွေစိတ်ထဲ နာကျင်သွားစေမယ့် နှိုင်းယှဉ်မှုတွေကို ဖြစ်ပေါ်စေတတ်ပါတယ်။ ဒီနာကျင်မှုကနေ အမုန်းတရားတွေ ဖြစ်ထွန်းလာတတ်တာပေါ့။
ဒါဟာ မိဘ-ကလေး ဆက်ဆံရေး၊ ဆရာ-တပည့် ဆက်ဆံရေးကို အလေးထားသင့်ကြောင်းနမူနာတွေပါပဲ။ ဒီလိုပဲ လင်-မယား ဆက်ဆံရေး၊ ချစ်သူ ရည်းစား ဆက်ဆံရေး တစ်ဦးနဲ့တစ်ဦး ဆက်ဆံရေးတွေမှာလဲ ဒီလို ရုတ်တရက် နှိုင်းယှဉ်မှုတွေ ပြုလုပ်မိရင် စိတ်ထဲ နာကျင်သွားစေနိုင်ပါတယ်။
မောင်ကိုကိုဆို ရင် သိပ်တော်တာ။ အလုပ်အကိုင်ကလဲကောင်းတယ်။ တလ ဝင်ငွေ ဘယ်လောက်ရှာပေးနိုင်ပြီ။ ရှင်ဒါမျိုး လုပ်ပေးနိုင်သလား။
ဒီလိုစကားမျိုးတွေပြောမိတဲ့အခါမှာ ကိုယ့်ကို တလဝင်ငွေအလျင်မှီအောင်ရှာနေတဲ့ ခင်ပွန်းသည်ရဲ့ ချွေးစက်တွေကို အလေးမထားမိသလို ဖြစ်စေတတ်ပါတယ်။ ကိုယ်က ကောင်းစေချင်လို့ဖြစ်ပေမယ့် ကိုယ်ပြောတဲ့ဒဏ်ရာဟာ လူတစ်ဖက်သားရဲ့ အားနည်းချက်ကို ထိခတ်မိပြီး အင်မတန်နက်နဲတဲ့ဒဏ်ရာတွေရသွားတတ်တယ်။ နေ့စဉ်နဲ့အမျှ ဘတ်စ်ကားတိုးစီးပြီး ဇနီးသည်မငြိုငြင်အောင်ထားတဲ့ ခင်ပွန်းသည်ကို တန်ဘိုးလျှော့တွက်မိသလို ဖြစ်ပြီး ဝင်ငွေကောင်းလှတဲ့ မောင်ကိုကိုဟာ သူ့ဇနီးသည်ကို သိပ်နိုင်တယ်ဆိုရင်...ဘယ်လို လုပ်မလဲ ဆိုတဲ့အတွေးမျိုးကိုတွေးမိဖို့လိုသေးတာပေါ့။
အလားတူပဲ...မမိမိ ဆိုရင် သိပ်တော်တာ။ အိမ်မှုကိစ္စလဲနိုင်၊ စီးပွားရေးကလဲကောင်း နင်နဲ့များ တခြားစီ လို့ ဦးဘက ပြောလိုက်တယ်။ တစ်နေ့လုံး အိမ်သန့်ရှင်းရေးလုပ်၊ သားသမီးတွေကို ထမင်းဗူးပြင်၊ လင်ယောက်ျားပြန်လာချိန် ဟင်းဆိုဟင်း၊ ထမင်းဆို ထမင်း လုပ်ပေးနေတဲ့ ဇနီးသည်ရဲ့ အားထုတ်မှုတွေကို ဦးဘ လျစ်လျူရှုလိုက်တာပါပဲ။ မမိမိ တို့မိသားစုအကြောင်း ဦးဘ သေချာ သိချင်မှ သိပါမယ်။ မမိမိရဲ့ ပျက်ကွက်မှုတွေကိုလဲ ဦးဘ နားလည်ချင်မှနားလည်မယ်။ ကလေးတွေနဲ့ အတူမနေနိုင်ဘဲ စီးပွားထွက်ရှာနေရတဲ့ မမိမိရဲ့ ရဲ့ ကလေးငယ်တွေနဲ့ ဦးဘရဲ့ ကလေးတွေ အပြုအမူစည်းကမ်းရှိပုံခြင်းကွာခြားတာကို ဦးဘမေ့လျော့နေခဲ့ချိန်မှာ ဇနီးကတော့ ရင်ထဲမှာသာ ကျတဲ့ မျက်ရည်စတွေနဲ့ဆိုတာမျိုး ဖြစ်သွားနိုင်ပါတယ်။
ဒါတွေဟာ Unreasonable Comparison လို့ခေါ်တဲ့ ဆင်ခြင်မဲ့နှိုင်းယှဉ်ခြင်းပါပဲ။
တစ်ဖက်သားကို ပြည့်စုံစေချင်လို့ အခြားသူတစ်ယောက်ရဲ့ ကိုယ်မြင်ရတဲ့အားသာချက်ကို သာသာထိုးထိုး နှိုင်းယှဉ်တဲ့အခါမှာ ကိုယ့်စေတနာက ဝေဒနာ ဖြစ်မသွားရအောင် ဆင်ခြင်မိဖို့ပါပဲ။
အလားတူပါပဲ။ လူတစ်ယောက်ဟာလဲ ကိုယ့်ရဲ့အရည်အချင်းတွေကို အခြားသူတွေရဲ့ အောင်မြင်မှုနဲ့ သေချာမစိစစ်ဘဲ နှိုင်းယှဉ်ခြင်းဟာ စိတ်ဓာတ်ကျဆင်းခြင်းကိုသာ လျှင်ဖြစ်ပေါ်စေတတ်ပါတယ်။ ဒါလေးတွေကိုသတိပြုမိလျှင်တော့ဖြင့် ဒီလိုလုပ်ရပ်တွေကနေ ဆင်ခြင်ပြီးစိတ်ပင်ပန်းမှုမဖြစ်အောင်နေလို့ရပါတယ်။
thanks to >>>Myo Set
No comments:
Post a Comment