Saturday, April 19, 2014

ကြက်ဥအမြှုပ် ကျောက်ကျော











FB ကတစ်ဆင့် ခင်မင်ခွင့်ရတဲ့ မဝတ်မှုံရဲ့ နည်းလေးအတိုင်းလုပ်ထားတာပါ။ လုပ်နည်းလေးကို အသုံးပြုခွင့်ပေးတဲ့ မနှင်းဝတ်မှုံ ကို ကျေးဇူးအများကြီးတင် ပါတယ်ရှင်။

** ကြက်ဥအမြှုပ် ကျောက်ကျော အတွက် လိုအပ်တာလေးတွေ…

1. အုန်းနို့ – 400 ml
2. နွားနို့ – 500 ml
3. သကြား – 1 cup (250 ml)
4. ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်
5. ရေ – 300 ml
6. ကျောက်ကျောမှုန့် – အထုပ်တစ်ဝက် (12.5 g) (လက်ဖက်ရည်ဇွန်း ၅ ဇွန်း)
7. ကြက်ဥ – ၄ လုံး
8. ရေ – ထမင်းစားဇွန်း တစ်ဇွန်းခွဲ (ကြက်ဥအနှစ်ဖြင့် ရောပြီးခလောက်ရန်)
9. သကြား – ထမင်းစားဇွန်း တစ်ဝက် (ကြက်ဥအကာဖြင့် ရောပြီးခလောက်ရန်)
10. သံပုရာရည် – ထမင်းစားဇွန်း တစ်ဝက် (ကြက်ဥအကာဖြင့် ရောပြီးခလောက်ရန်)
11. ဂျယ်လီ – ၃ ခု

အုန်းနို့၊ နွားနို့၊ သကြား နှင့် ဆားကို အိုးသန့်သန့်ထဲထည့်ကာ medium heat ဖြင့် တည်ထားပါ။

ထိုအချိန်တွင် ရေ – 300 ml ဖြင့် ကျောက်ကျောမှုန့်ကို ဖျော်ထားပါ။

ကျိုထားသည့်အရည် ပူပြီး (ဆူရန်မလို) သကြားပျော်သည်နှင့် ဖျော် ထားသော ကျောက်ကျောရည်ကို လောင်းထည့်ပြီး ဆူလာသည်အထိ medium heat ဖြင့် အနည်းငယ်မွှေကျိုပေးပါ။

အရည်ဆူအောင် စောင့်နေချိန်တွင် ကြက်ဥကို အနှစ် နှင့် အကာခွဲပြီး အကာထဲကို ရေ (ထမင်းစားဇွန်း တစ်ဇွန်းခွဲ)ထည့်ကာ အဖတ်များကြေအောင် ခလောက်ထားပါ။

ကျောက်ကျောရည်စပြီးဆူလာသည်နှင့် အရည်တစ်ဝက် (3 cups (750 ml)) ခန့် ကို နောက် (ဒုတိယ)အိုးထဲ ခွဲထည့်ပေးပါ။

ကြက်ဥအနှစ်ရည်လောင်းထည့်မည့် ဒုတိယအိုးကို medium heat ဖြင့် ပြန်ဆူလာအောင်တည်ပါ။ (ကျောက်ကျောများ မခဲသွားအောင် ပထမအိုးကိုလည်း low heat ဖြင့် တည်ထားပါ။)

ဒုတိယအိုး ဆူလာသည်နှင့် အနှစ်ရည်ကိုလောင်းထည့်ကာ အတုံးလိုက် မကျက်သွားအောင် အမြန်မွှေပေးပြီး (၁ မိနစ်ခန့်)

ခဲမည့်ခွက် (8″ x 8″) ထဲ လောင်းထည့်ကာ အအေးခံထားပါ။

အအေးခံထားချိန်တွင် ကြက်ဥအကာကိုမွှေသည့်စက်ဖြင့် အမြှုပ်များဖြစ်လာအောင် ၁ မိနစ်ခန့်မွှေပေးပါ။ (ထိုအချိန်တွင် low heat ဖြင့်တည်ထားသော ပထမ ကျောက်ကျောရည်အိုးကို medium heat တို့တိုးပြီး ဆူလာအောင် လုပ်ထားပါ။)

ပြီးလျှင် သကြား(ထမင်းစားဇွန်း တစ်ဝက်) နှင့် သံပုရာရည်(ထမင်းစားဇွန်း တစ်ဝက်)ကို ထည့်ပြီး နောက်ထပ် ၂ မိနစ်ခန့် (သို့) လုံးဝအရည်မကျန်အောင် ဆက်မွှေပေးပါ။ (ကြက်ဥအမြှုပ်ဇလုံကို စောင်းချကြည့်လို့ အမြှုပ်များလုံးဝဆင်းမလာပဲ ဇလုံနှင့်ကပ်နေလျှင် ရပါပြီ။)

ထိုအမြှုပ်များကို ဆူနေသည့်ကျောက်ကျောရည်အိုးထဲ ထည့်ကာ ခပ်ဖွဖွ ၂ မိနစ်ခန့်ရောမွှေပေးပါ။

ပြီးလျှင် မျက်နှာပြင်တင်းစပြုနေသော အနှစ်ရည်ကျောက်ကျောပေါ်သို့ ဟင်းခပ်ဇွန်းကြီးဖြင့်ခပ်ပြီး ဖြန့်ထည့်ပေးပါ။

အမြှုပ်များအားလုံးထည့်ပြီးနောက် ဂျယ်လီများကို မိမိနှစ်သက်သလိုလှီးကာ အပေါ်မှာဖြန့်ထည့်ပေးပြီး အအေးခံထားပါ။

ကိုက်လိုက်ရင် ကြက်ဥအကာဖြင့်လုပ်ထားသည့် အမြှုပ်မွမွလေးတွေက ပါးစပ်ထဲမှ ပျော်သွားပြီး၊ အနှစ်ဖြင့်လုပ်ထားသောအပိုင်းက နို့ နဲ့ အုန်းနို့ကြောင့် စိမ့်စိမ့်လေးနဲ့စားကောင်းလှသည့် ကြက်ဥအမြှုပ် ကျောက်ကျောလေးကို အေးသွားပြီးနောက် မိမိနှစ်သက်ရာပုံစံလှီးကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

Shared from Chaw Su's Food Friends (FB)

No comments:

Post a Comment