Saturday, April 19, 2014

ခွေးကလေးအား ရည်မှန်း၍


အရှင်ဘုရား တပည့်တော်၏အိမ်တွင်မွေးထားသော ခွေးကလေး သေဆုံးသွားပါသည်။ ထို့ကြောင့် ထိုခွေးကလေးအတွက် ရည်စူး၍
ဘုန်းကြီးကျောင်းသို့ဆွမ်းချိုင့်ပို့၍ ကောင်းမှုကို အမျှပေးဝေပါသည်။ တပည့်တော်တို့ဝေသော အမျှကို ထိုခွေးကလေးရနိုင်ပါသလားဘုရား။
တပည့်တော်တို့ မွေးထားသော ခွေးကလေးသည် လူစကားကို အလွန်နားလည်ပါသည်။ အမျှဝေ၍ သာဓုခေါ်နိုင်မခေါ်နိုင် သိလိုပါသည်
ဘုရား။

ခွေးဖြစ်စေ၊ လူဖြစ်စေသေပြီးနောက် ဂတိငါးမျိုးရှိရာတွင် ပေတဂတိ၊ ပေတတွင်လည်းလူနှင့်နီးသော ပရဒတ္တူပဇီဝိတပေတ သို့ရောက်မှသာ
အမျှဝေသည်ကို သာဓုခေါ်နိုင်စရာရှိပါသည်။ ကွန်လွန်သူအားရည်စူး၍ လှူဒါန်းမှုဟူသည်မှာ ကုသိုလ်အဖို့ကိုကွယ်လွန်သူရရှိဖို့ထက် မိမိရရှိ
မှုက သေချာပါသည်။ ကွယ်လွန်သူ ရရှိမှုက မသေချာပါ။ ရေထဲတွင် နေသောငါးကို ခဲဖြင့်ပစ်သကဲ့သို့ ငါးကို မှန် မမှန် မသေချာသော်လည်း ရေတွင်ခဲကျရမည်မှာ သေချာသကဲ့သို့ပင်ဖြစ်
ပါသည်။ သို့သော် ကွယ်လွန်သူအားရည်မှန်း၍ ကုသိုလ်ပြုသင့်သည်သာ ဖြစ်ပါ၏။ မြတ်စွာဘုရားလက်ထက်က အနာထပိဏ်သူဋ္ဌေးကြီး
၏ မြေးမကလေးမှာ ကစားစရာရွံ့ရုပ်ကလေး ရှိသည်။ ၄င်းရွံ့ရုပ်ကလေးကို သမီးဟုဆိုကာ ပွေ့ပိုက်ကစားနေရင်းက လွတ်ကျ၍ကွဲကြေသွားပါသည်။ ထိုသို့ ကွဲကြေသဖြင့် သမီးကလေး သေပါပြီဟု ချော့မရအောင်ငိုနေစဉ် မြတ်စွာဘုရားကြွလာတော်မူသည်။ ထိုအခါ သူဋ္ဌေးကြီးက ဘုရားရှင်အား ထိုအကြောင်းကို လျှောက်ထား၏။ ထို့နောက်မြေးမကလေး၏ သမီးကလေး ရွှံ့ရုပ်မယ်အား ရည်စူး၍
သံဃာတော် ငါးရာနှင့် မြတ်စွာဘုရားအား နောက်တစ်နေ့တွင် ပင့်ဖိတ်၍ ဆွမ်းလှူကြောင်း မြတ်စွာဘုရား ကိုယ်တော်တိုင်ကြွရောက်၍ ဆွမ်း အနုမောဒနာတရား ဟောကြောင်း ပေတ၀တ္ထု၊ ပိဋ္ဌဓီတလီကာဝတ္ထုတွင်
အထင်အရှားရှိပါသည်။ အသက်မရှိသောရွံ့ရုပ်ကလေးကိုပင် ရည်စူး၍ အလှူဒါန ပြုခဲ့သေးရာ မိမိတို့ ချစ်ခင်သော ခွေးကလေး၊
ကြောင်ကလေးများအတွက် အလှူဒါန ပြု၍ အမျှဝေခြင်းမှာ မဆန်းကြယ်ပါကြောင်း ဖြေကြားလိုက်ပါသည်။

ဘဒ္ဒန္တတိလောကသာရ

No comments:

Post a Comment