Sunday, July 1, 2012

"မဆုံတဲ့ဖူးစာ"

မမြင်ဖူးတဲ့ အမျိုးသမီး အလှလေးတွေကို အကြောင်းပြုပြီး ယောင်္ကျားတွေမှာ နှစ်သက်ခြင်း တက်မက်ခြင်း ချစ်ခင်ခြင်း မဖြစ်နိုင်သလို အမျိုးသားအလှလေးများကို အကြောင်းပြုပြီးတော့ အမျိုးသမီးတွေမှာလည်း နှစ်သက် တက်မက်ခြင်း ချစ်ခင်ခြင်း မဖြစ်နိုင်ပါဘူး။ရှေးကမြင်ခဲ့ဖူးတဲ့သူ မကြာမီက မြင်ခဲ့ဖူးတဲ့သူ အဲဒီလို အမျိုးသား အမျိုးသမီးများကို အကြောင်းပြုပြီးတော့ နှစ်သက် ချစ်ခင် တက်မက်ခြင်းဖြစ်နိုင်ပါတယ်။ မြင်လျှင် မြင်ခြင်း မြင်ဆဲမှာလည်း နှစ်သက် တပ်မက်ခြင်းဖြစ်နိုင်တယ်။ စိတ်ကူးထဲမှာ မြင်ရလိမ့်မယ်လို့ မျှော်လင့်တဲ့အဆင်း ပုဂ္ဂိုလ်နဲ့စပ်ပြီးတော့လည်း နှစ်သက်တပ်မက်ခြင်း ဖြစ်နိုင်တယ်။ အဲဒါကတော့ ဓမ္မပဒ အဋ္ဌကထာမှာ ပြထားတဲ့ အနိတ္ထိဂန္ဓကုမာရဝတ္ထုဖြင့် ထားရှားပါတယ်။

မြတ်စွာဘုရားလက်ထက်တော်ကာလတုန်းက သာဝတ္ထိမြို့မှာ အနိတ္ထိဂန္ဓကုမာရဆိုတဲ့ လူတစ်ယောက် ရှိခဲ့တယ်။ အဲဒီလူငယ်က ဗြဟ္မာ့ပြည်မှ စုတေပြီး လူ့ဘဝရောက်လာတဲ့သူပါ။ဗြဟ္မာပြည်ဖြစ်နေစဉ်က မိန်းမ နဲ့စပ်ပြီး နှစ်သက် သာယာမှုကင်းနေခဲ့တယ်။ အဲဒီလို ကြာရှည်စွာ ကာမရာဂ ကင်းလာခဲ့တဲ့အတွက် ကလေးဘဝကတည်းက သူဟာ မိန်းမအနီးသို့ မချဉ်းကပ်လိုဘူး။မိခင်စတဲ့ မိန်းမများက သူ့ကိုထိရင် သူက ငိုပါတယ်။လူလားမြောက်ပြီး အရွယ်ရောက်လာတဲ့အခါကျတော့ မိဘတွေက သူ့ကို အိမ်ထောင်ပြုဖို့ ပြော လာတဲ့အခါ

“ကျွန်တော် မိန်းမ..မလိုချင်ပါ။ အိမ်ထောင်မပြုချင်ပါ။ ဒါပေမယ့် မိဘများက အကြိမ်ကြိမ် ထပ်မံတိုက် တွန်း နေတဲ့အတွက် သူက ရွှေပန်တိမ်သည်တွေကိုခေါ်ပြီး ရွှေဖြင့်အလွန်လှပတဲ့ မိန်းမရုပ်ကို လုပ်စေ တယ်။”ပြီးတော့ ဟောဒီ ရွှေရုပ်လောက်လှပတဲ့ အမျိုးသမီးကို ရရင်တော့ မိဘတို့ စကားကို လိုက်နာပါ့မယ် လို့ပြောပါတယ်။ အဲဒီတော့ မိဘများကလည်း ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာသူများ ဖြစ်ကြတဲ့အတွက်ကြောင့် ထင်ရှားကျော်ကြားတဲ့ ပုဏ္ဏားတွေကို ခေါ်ပြီး အဲဒီရွှေရုပ်နဲ့တူတဲ့ သတို့သမီးကို အရှာခိုင်းတယ်။

အဲဒီပုဏ္ဏားတွေက ရွှေရုပ်ပါ ယူဆောင်ပြီး အရပ်ရပ် အနယ်နယ် လိုက်လံပြီး စုံစမ်း ရှာဖွေကြတယ်။ မဒ္ဒတိုင်း သာဂလမြို့မှာ အဲဒီရွှေရုပ်နဲ့တူတဲ့(၁၆)နှစ်အရွယ် အလွန်လှပတဲ့ သူငယ်မလေးအကြောင်းကို ကြားရ သိရလို့ အဲဒီအိမ်ကိုသွားပြီး ကြည့်ကြတယ်။ မိဘဖြစ်သူက သမီးပျို အလှလေးကို ဘုံခုနစ်ဆင့်အထပ်မှာဆင်းစေပြီး ရွှေရုပ်နဲ့ယှဉ်ပြီးထိုင်စေပါတယ်။ သတို့သမီးလေးက ရွှေရုပ်ထက်ပင် အရောင်တောက်ပြီး လှနေပါတယ်။

စုံစမ်းရေး ပုဏ္ဏားတွေက အဲဒီအရုပ်ကို အမျိုးသမီး၏ မိဘများကို ပေးပြီးတော့ အနိတ္ထိဂန္ဓသူငယ်နဲ့ ထိမ်မြား ဖို့ရာတောင်းဆိုကြတယ်။တောင်ဆိုပြီးတော့ အဲဒီသတို့သား၏ မိဘများထံ ပြန်လာပြီးပြောကြပါတယ်။ မိဘတွေက မြန်မြန်သွားပြီး အဲဒီအမျိုးသမီးကလေးကို ခေါ်ဆောင်ခဲ့ဖို့ စေခိုင်းခဲ့ကြပါတယ်။ အနိတ္ထိဂန္ဓ သူငယ်ကလည်း အဲဒီအကြောင်းကိုကြားရတော့ ရွှေရုပ်ထက်တောင် လှတယ်ဆိုတဲ့အကြောင်း သိရ၍ ထို အမျိုးသမီးလေးအပေါ်၌ ချစ်ခင်စိတ်ဖြစ်ပြီးလျှင် မြန်မြန်ခေါ်ဆောင်ခဲ့ဖို့ ပြောပါတယ်။ အဲဒါဟာ ဒီလိုလှပတဲ့ အမျိုးသမီးကလေးကို မြင်နိုင်တယ်။ မြင်ရလိမ့်မယ်လို့ စိတ်ကူးမျှဖြင့် ဖြစ်ပေါ်လာတဲ့ နှစ်သက်တပ်မက်ခြင်း ချစ်ခင်ခြင်းဖြစ်ပါတယ်။

တာဝန်ဆောင်ပုဏ္ဏားတွေက အဲဒီအမျိုးသမီးကလေးကို ယာဉ်ပေါ်မှာတင်ပြီး ခေါ်ဆောင်လာခဲ့ကြရာ အဲဒီ အမျိုးသမီးလေးက အလွန်နူးညံ့တဲ့အတွက် ယာဉ်တောက်ပြီး(ခေတ်လို- ကားမူးခြင်း ရထားမူးခြင်း စသည်) လေနာရောဂါကြောင့် လမ်းခရီးအကြားမှာပဲ သေဆုံးသွားရှာပါတယ်။မဒ္ဒတိုင်း သာဂလမြို့ဆိုတာ သာဝတ္ထိနဲ့ မိုင်(၄၊၅၊၆)ရာဝေးကွာတယ်လို့ဆိုရမှာပါ။ယာဉ်ဆိုတော့ အဲဒီခေတ်အခါက ကားယာဉ် ရထားယာဉ်တော့ ဖြစ်ဟန်မတူ။ မြင်းနဲ့တပ်ပြီးစွဲတဲ့ ယာဉ်ပဲဖြစ်ဖွယ်ရှိပါတယ်။ပြီးတော့ ဟိုတုန်းက ခုခေတ်လို လမ်းက သိပ် ကောင်းတာမှမဟုတ်။ အခုလည်းမကောင်းသေးပါဘူး။ ဒါပေမယ့် ဟိုတုန်းက ခုထက်ပိုဆိုးမယ်လို့ မှန်းဆရ ပါလမ့်မယ်။ဒါကြောင့် ပင်ပန်း၊ မူးဝေပြီး လေရောဂါထတဲ့ဝေဒနာနဲ့သေဆုံးသွားပါတယ်။

အနိတ္ထိဂန္ဓဆိုတဲ့သူငယ်ဟာ အဲဒီသတင်းကိုကြားရတော့ ဒီလိုလှပ နူးညံ့တဲ့ သူငယ်မလေးနဲ့ တွေ့ခွင့် ဆုံခွင့် တောင်မရပါလားလို့ နှလုံးသွင်းပြီး စိုးရိမ် ပူဆွေးမှုကို အကြီးအကျယ်ခံစားရပါတယ်။ မအိပ်နိုင်၊မစားနိုင် ဖြစ်နေပါတယ်။ ဆုံနိုင်ခွင့် မရလိုက်တဲ့(သို့မဟုတ်) မဆုံးတဲ့ဖူးစာလို့ဆိုရမှာပါ။အဲဒီအကြောင်းကို သိမြင် တော်မူတဲ့ မြတ်စွာဘုရားရှင်က သနားခြင်းကြီးစွာ မဟာဂရုဏာတော်ဖြင့် ဆွမ်းခံကြွရင်း အဲဒီအိမ်ရှေ့ကို ကြွရောက်တော်မူပါတယ်။ သူငယ်၏ မိဘများက ရိုသေစွာပင့်လျှောက်ပြီး ဆွမ်းကပ်ပါတယ်။ ဆွမ်းဘုဉ်းပေး ပြီးတဲ့အခါ အဲဒီသူငယ်အကြောင်းကို မေးတော်မူပါတယ်။

သူငယ်ကလည်း မိဘများ၏ ပြောကြားချက်အရ မြတ်စွာဘုရားထံ လာရောက်ပြီး ရှိခိုးလျှက် ထိုင်နေတယ်။ မြတ်စွာဘုရားက မေးတော်မူလို့ လမ်းခရီးမှာ သေဆုံးသွားတဲ့ အမျိုးသမီးလေးကို အကြောင်းပြုပြီး စိုးရိမ် ပူဆွေးမှု အကြီးအကျယ် ဖြစ်နေကြောင်း မစားနိုင် မသောက်နိုင်အောင် ပူဆွေးနေရကြောင်း လျှောက်ထား ပါတယ်။ ဒီတော့ မြတ်စွာဘုရားက စိုးရိမ်ပူဆွေးနှင့် ကြောက်ဖွယ်ဘေး ကြောက်ခြင်းဘေးဟာ လိုချင်စရာ ကာမဂုဏ်နှင့် လိုချင်နှစ်သက်မှုကို မှီပြီး ဖြစ်ကြောင်း ဟောကြားတော်မူပါတယ်။

နှစ်သက်စရာ ချစ်ခင်စရာ မိန်းမယောင်္ကျားစသော အာရုံနှင့် နှစ်သက်ချစ်ခင်မှုဆိုတဲ့ ကာမတရား ရှိနေလို့ ချစ်ခင်နှစ်သက်တဲ့ အာရုံဝတ္ထုနှင့် ကင်းကွာတဲ့အခါ စိုးရိမ်မှုဖြစ်ပေါ်တတ်တယ်။ ပူပန်မှု ကြောက်ရွံ့မှုတွေ ဖြစ်တတ်ပါတယ်။ ချစ်ခင်နှစ်သက်မှုဆိုတဲ့ ကာမဂုဏ်တရားမရှိလျှင် ထိုထိုသော ပူပန်မှု ကြောက်မှု စိုးရိမ် ခြင်းတရားတွေ ကင်းမည်သာဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့အနေနဲ့လည်း မိမိချစ်ခင်နှစ်သက်တဲ့ သူနဲ့ ဝေးကွာနေရလို့ ပူပန်မှု စိုးရိမ်မှု ကြောက်လန့်မှုများ မဖြစ်မူ၍ သင့်တင့်လျောက်ပတ်သော တရားနည်းလမ်း ဖြင့် ..မိမိတို့ချစ်ခင်နှစ်သက်တဲ့ သူဟာလည်း မမြဲသောသဘောရှိသော၊ မိမိသည်လည်း မမြဲတဲ့ခန္ဓာကိုယ် ကြီးရရှိနေတာဖြစ်တဲ့အတွက် မမြဲသောသဘောရှိသော၊ ထို စိုးရိမ်စိတ် ပူပန်စိတ်များကလည်း မိမိကိုယ်ကို ပူလောင်စေတတ်သောသဘောရှိနေသောကြောင့် ဒုက္ခတရား၊ ထိုစိုးရိမ် ပူပန် မှုများသည်လည်း မမြဲသော သဘောရှိသော တရားများသာဖြစ်ပါကြောင်း နှလုံးသွင်း ကျင့်သုံးနိုင်ကြပါစေကုန်သတည်း။


စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
http://www.wiradhamma.blogspot.com/
ဦးဇင်းဘလော့မှာလည်းလာရောက်လေ့လာဖတ်ရှုနိုင်ပါသည်။
Posted by ashinwimalawuntha on December 8, 2011 at 10:21pm
အပြုံးပန်းဈေးခင်း

No comments:

Post a Comment