Sunday, July 1, 2012

မစ္ဆရိယ၏သွေးစက်များ

ထောက်မှန်ပေါ်တွင်၊ကိုယ့်ရုပ်သွင်ကို၊ဆင်ပြင်သမှူ၊နေ့စဉ်ရူသို့၊ ယခုအခန်း၊မှန်လိုမှန်း၍၊ရူစမ်းစေချင်၊စိတ်အစဉ်ကိုဆင်ပြင်လေကွဲ့၊နေ့စဉ်တဲ့။(မဃဒေ၀)
တစ်ခါတုန်းက ပြိတ္တာမကြီးတစ်ဦးရှိပါတယ်။ နာမည်က ဥတ္တရမာတုလို့ခေါ်ပါတယ်။ သူအမြဲနေလေ့ရှိတာက ဂင်္ဂါမြစ်တစ်ခုရဲ့အနီးမှာပါ။ တစ်နေ့သောအခါ ရဟန်းတစ်ပါးကြွလာတာကို မြင်သဖြင့် ဒိလိုလျောက်ထားပါတယ်။ အရှင်ဘုရား တပည့်တော်မလေ သေလွန်ပြီးကတည်းက အသက်ငါးဆယ်ပြည့်ပါပြီဘုရား၊ ဒါပေမယ့်လို့ အစားအစာလဲမစားရဘူး၊ရေကိုလဲမသောက်ရစဖူးသေးပါ။ သို့ဖြစ်၍ အရှင်ဘုရားအနေဖြင့် တပည့်တော်မကို ရေတစ်ခွက်လောက်တိုက်(စွန့်)တော်မူပါဘုရားလို့လျောက်ထားလိုက်တယ်။
ရဟန်းကပြန်ပြောပါတယ်။ ဂင်္ဂါမြစ်ကြီးသည် အေးမြသောရေရှိပါတယ်။ အဲဒီရေကိုသွားသောက်ပါ။ ဘာလို့ငါ့စီလာတောင်းနေရတာလဲလို့ပြောလိုက်တယ်။
အရှင်ဘုရားရယ် တပည့်တော်မလေ ဂင်္ဂါမြစ်ရေကို ကိုယ်တိုင်ခပ်လိုက်တိုင်း ရေအဖြစ်မှသွေးအဖြစ်သို့ပြောင်းလွဲသွားပါတယ်ဘုရား၊ အဲဒါကြောင့်မို့အရှင်ဘုရားကို အကူညီတောင်းနေရတာပါဘုရားလို့လျောက်ထားပြန်တယ်။
ဟဲ့..ဥတ္တရမာတု သင်သည် ကိုယ်ဖြင့်လည်းကောင်း၊ နုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း အဘယ်မကောင်းမူကိုလုပ်ခဲ့သလဲ၊ အဘယ်ကံရဲ့အကျိုးဆက်ကြောင့် ဂင်္ဂါဖြစ်သည် သင့်အတွက်သွေးဖြစ်သွားရတာလဲလို့မေးလိုက်ပါတယ်။
အရှင်ဘုရား တပည့်တော်မှာလေ (လူ)ဘ၀တစ်ခုတုန်းက ဥတ္တရအမည်ရှိသောသားတစ်ယောက်ရှိပါတယ်။ သားလေးက သဒ္ဓါတရားရှိသူလေးပါဘုရား။ တစ်နေ့သောအခါမှာ တပည့်တော်မအလိုမရှိပါဘဲလျှက် ရဟန်းတော်တို့အား သင်္ကန်းကိုလည်းပေးလှူတယ်၊ဆွမ်းကိုလည်းပေးလှူတယ်၊ ဆေးကိုလည်းပေးလှူတယ်၊ ကျောင်းကိုလည်းပေးလှူတယ်ဘုရား။ အဲဒီလိုပေးလှူတာကို တပည့်တော်မက ၀န်တိုမှူ(မစ္ဆရိယ)နှိပ်စက်အပ်သောကြောင့် ငါအလိုမရှိဘဲ ပေးလှူတာဖြစ်သောကြောင့် အဲဒီအလှူသည် သင့်အတွက် တမလွန်ဘ၀မှာ သွေးဖြစ်စေသတည်းဟု ဆဲရေးကြိမ်းမောင်းမိပါတယ်ဘုရား။ (ပေတ၀တ္ထုပါဠိတော်၊ ဥဗ္ဗရိဝဂ်၊ဥတ္တရမာတုပေတိဝတ္ထု)

ဘာပဲပြောပြော ဥတ္တရမိခင်ကြီးကတော့ မစ္ဆရိယရဲ့အကျိုးဆက်ကြောင့် ရေအဖြစ်မှသွေးအဖြစ်အထိကို ကောင်းကောင်းကြီးခံစားလိုက်ရပါတယ်။ ဒီနေရာမှာ မစ္ဆရိယ(Jealousy)က ငါးမျိုးရှိပါတယ်။
၁။အာဝါသ မစ္ဆရိယ၊ ၂။ကုလ မစ္ဆရိယ၊ ၃။လာဘ မစ္ဆရိယ၊ ၄။ဝဏ္ဏ မစ္ဆရိယ၊ ၅။ဓမ္မ မစ္ဆရိယဟူ၍ ငါးမျိုးရှိပါတယ်။ ၁။အာဝါသ မစ္ဆရိယဟူသည် မိမိအိမ်,နေရာ,ထိုင်ခင်စသည်တို့အပေါ်မှာ မိမိကလွဲ၍ မည်သူကိုမှမလာစေချင်၊ မနေစေချင်ကိုအာဝါသ မစ္ဆရိယလို့ခေါ်ပါတယ်။
၂။ကုလ မစ္ဆရိယဟူသည် မိမိဆွေမျိုး,အပေါင်းသင်းမိတ်ဆွေတို့ကို တစ်ခြားသောသူများဆီပိုမိုခင်မင်သွားမှာကို မလိုလားခြင်းကိုပင် ကုလ မစ္ဆရိယလို့ခေါ်ပါတယ်။
၃။လာဘ မစ္ဆရိယဟူသည် ပညာ,ဥစ္စာ,ကုသိုလ်စသည်တို့ကို တစ်ခြားသောသူကို မရစေလိုခြင်းကို လာဘ မစ္ဆရိယလို့ခေါ်ပါတယ်။
၎။ဝဏ္ဏ မစ္ဆရိယဟူသည် ရုပ်ရည်အဆင်းတင့်တယ်ခြင်းနှင့်ဂုဏ်အရည်အချင်းတို့ကိုအပေါ်၌ ၀န်တိုခြင်းဖြစ်မူကို ၀ဏ္ဏ မစ္ဆရိယလို့ခေါ်ပါတယ်။
၅။ဓမ္မ မစ္ဆရိယဟူသည် သူတော်ကောင်းတရားတွေကို တစ်ခြားသူတတ်သိသွားမှာကို မသိစေလိုခြင်း၊မတတ်စေလိုခြင်းကိုပင် ဓမ္မ မစ္ဆရိယလို့ခေါ်ပါတယ်။(အင်္ဂုတ္တိုရ်)

မိမိရဲ့စိတ်ထဲမှာ မစ္ဆရိယစိတ်ဝင်လာပြီးဆိုရင်..”မိမိဘ၀မှာမကောင်းတဲ့ မိတ်ဆွေအတုကိုပယ်ပြီး ကောင်းတဲ့မိတ်ဆွေအစစ်ကို မိတ်ဖွဲသလို……။ အို…မစ္ဆရိယရယ်.... ငါ့ဘ၀မှာ မေတ္တာ,ကရုဏာစသောကောင်းမြတ်တဲ့မိတ်ဆွေကောင်းတွေရှိပါတယ်(ဟယ်)…ငါ့ဘ၀မှာ နင်မရှိလဲဖြစ်ပါတယ်၊ ငါ့နင့်ကိုဆက်လက်ပြီး မိတ်ဆွေမလုပ်တော့ပါဘူး(ဟယ်)…”။လို့ နာနာလေးဆင်ခြင်လိုက်ပါ။ ဒီလိုဆိုရင် မိမိက မစ္ဆရိယတည်းဟူသောမကောင်းတဲ့စိတ်ကိုအောင်နိုင်သူတစ်ယောက်ဖြစ်သွားမှာပါ၊ ပထမတစ်ကြိမ်လုပ်ကြည့်လိုက်ပါ၊ တစ်ကြိမ်နဲ့မရသေရင်နစ်ကြိမ်ပေါ့၊ ဘာပဲဖြစ်ဖြစ် ကြိုးစားပြီးသာလုပ်ကြည့်လိုက်ပါ ကောင်းမြတ်တဲ့ရလာဒ်လေးတစ်ခု မိမိဘ၀မှာ ပိုင်ဆိုင်ရပါလိမ့်မယ်။ စာဖတ်သူရေ…ဥတ္တရမာတုရဲ့သားလေးလို့ မိဘထက်သာလွန်းတဲ့အတိဇာတသားသမီးဖြစ်အောင် ကြိုးစားသွားဖို့ရယ်၊ မစ္ဆရိယတရားကို မိမိရင်ထဲကနေ မိတ်ဆွေဆိုးတစ်ယောက်ကို အကောင့်ထဲကနေ block လုပ်သလို လုပ်နိုင်ဖို့ပါ။ မစ္ဆရိယတရားကင်းအောင် မိမိက မေတ္တာ,ကရုဏာ,မုဒိတာ,ဥပေက္ခာတည်းဟူ ဗြဟ္မစိုရ်တရားကိုနာနာပွားများလိုက်ပါ။ 

မစ္ဆရိယတရားကင်းနေရင် အလကားနေရင်ကုသိုလ်တွေရနေသလို မစ္ဆရိယတရားမကင်းရင်လဲ အလကားနေရင်အကုသိုလ်တရားတွေဆီလိုအပေါက်ရှာပြီးဝင်နေမယ်ဆိုတာ မိမိရင်ထဲမှာထည့်ထားလိုက်ပါ။ အကယ်၍ မိမိက မစ္ဆရိယတရားကို မပယ်သတ်နိုင်သေးဘူးဆိုရင်တော့ အနာဂတ်ပုံရိပ်မှာ မိစ္ဆရိယ၏သွေးစက်များကဆက်ကာဆက်ကာဖြစ်နေဦးမှာပါ။ မိမိရဲ့ရုပ်ကို နေ့စဉ်မှန်ရှေ့မှာ လှဖို့အလှပြင်သလို မိမိရဲ့(မစ္ဆရိယ)စိတ်ကလေးကိုလဲ နေ့စဉ်မှန်ကြည့်သလိုကြည့်ပြီးအလှပြင်ပေးလိုက်ပါ။ မဃဒေ၀အဆုံးမလေးဖြင့်နိဂုံးချုပ်လိုက်ရပါတယ်။ “ထောက်မှန်ပေါ်တွင်၊ကိုယ့်ရုပ်သွင်ကို၊ဆင်ပြင်သမှူ၊နေ့စဉ်ရူသို့၊ယခုအခန်း၊မှန်လိုမှန်း၍၊ူ
စမ်းစေချင်၊စိတ်အစဉ်ကိုဆင်ပြင်လေကွဲ့၊နေ့စဉ်တဲ့။”
စာဖတ်သူအားလုံး……အလိုရှိအပ် တောင့်တအပ်သောဆုသည် လျင်မြန်စွာပြီးစီးပါစေ။ တစ်ဆယ့်ငါးရက်လ၏ပြည့်စုံခြင်းကဲ့သို့ ကောင်းသောအကြံမှန်သမျှ ပြည့်ဝပါစေ…။
လပြည့်ဝန်း(သာစည်)
ဘ၀အရေး စိတ်အေးရဖို့ ဓမ္မအသိရှိလျက်နေကြစို့။
http://www.lapyae000.com/

Posted by လပြည့်ဝန်း on March 29, 2012 at 10:45pm
အပြုံးပန်းဈေးခင်း

No comments:

Post a Comment