Saturday, July 7, 2012

ဒါနပါရမီ >>> ဒါနဥပပါရမီ >>> ဒါနပရမတ္ထပါရမီ (၃)

အံ့သြဖွယ်ရာ အလှူဒါနကိုပေးလှုဒါန်းကြတဲ့ အလှူရှင်တွေ
ရွေးကောင်းတင်ပြလာတာယခုပါဆို သုံးကြိမ်မြောက်သို့ပင်ရောက်ရှိခဲ့လေပြီ။

ဤပို့မှာတော့ မိမိတို့ကိုယ်တိုင်က အသက်ရှင်ရပ်တည်နိုင်ရုံစားသောက်ကြပြီး ဆွမ်းခံကြွလာသော အရှင်မြတ်အား အမွန်မြတ်ဆုံးချက်ပြုတ်လှူဒါန်းခဲ့ကြသော အာဂအလှူရှုင် သာအမိနှစ်ဦး အကြောင်းကိုတင်ပြပေးလိုက်ရပါသည်။
........................................

မွေးမယ်တော်ဖြစ်ခွင့်မရခဲ့ပေမယ့်......

သီရိလင်္ကာနိုင်ငံ တောရွာလေးတစ်ရွာမှ သူဆင်းရဲသားအမိတို့ အိမ်ကလေးမှာဖြစ်လေသည်။ အိမ်ဟုဆိုရသော်လည်း မိုးမလုံပေ၊ ကြယ်မြင်လမြင်တဲလေးတစ်လုံးပင်။ သားအမိနှစ်ဦးသည် နံနက်စာထမင်းလေး စားပြီးလျှင် တောသို့ထင်းခွေသွားကြရမည်ဖြစ်၏၊ သမီးငယ်လေးလည်း အမေနှင့် တောလိုက်ကာ ဟင်းရွက်ခူးကာ ရောင်းပြီးမှ ဆင်းရဲပင်ပမ်းကြီးစွာ ရှာဖွေစားသောက်နေကြရသူများဖြစ်၏။

ထိုထမင်းစားဖို့ပြင်ပြီးနေပေမယ့် သမီးဖြစ်သူက သူခူးလာသောဟင်းရွက်နဲ့ ဟင်းချိုတစ်ခွက်လုပ်လိုက်ဦးမယ် ခဏစောင့်ပါဟု ဟင်းချိုတစ်ခွက်သွားပြင်နေ၍ ထိုင်စောင့်နေလိုက်ခြင်းဖြစ်၏။ကြာနေ၍ ….

"သမီးရေ ညည်းဟင်းချိုက ဒီနေ့ကော သောက်ရဦးမှာလား အေ…"ဟု လှမ်းအော်ပြောလိုက်ရာ
    "ဟုတ် အမေရေ အခုပဲ ဟင်းရွက်ခပ်တော့မှာ ခဏစောင့်ပါနော်…"ဟု မီးဖိုထဲမှလှမ်းအော်ပြောလိုက်၍ သမီးလေးရဲ့ အမေတစ်ခုသမီးတစ်ခုဘ၀လေးကိုလည်း သနားနေမိတော့၏။

သမီးလေးငယ်စဉ်လေးထဲကပင် အိမ်သားမှာ ပျက်စီးဆုံးပါးသွားခဲ့၍ မိမိတို့သားအမိလည်း အဖော်မဲ့အထီးကျန် မျက်နှာငယ်ခဲ့ရ၏။ သမီးလေးကား သနားစရာအကောင်းဆုံးပင် နောက်ထပ်သားလေးတစ်ယောက်ယောက်များရခဲ့ရင် အကောင်းသား ငါတို့လည်း အားကိုးအားထားပြုရ အစ်ကိုကြီးအဖအရာကနေပြီးသမီးလေးကိုလည်း လုံခြုံနွေးထွေးစေမှာဧကန်ပင်။

ခုတော့ သမီးလေးလည်းအဖော်မဲ့အထီးကျန် ပြေးကြည့်လို့မှ တို့သားအမိနှစ်ယောက်ထဲရှိတယ် ။ သမီးလေးသာမောင်လေးတစ်ယောက်ယောက်များရှိမယ်ဆို….

ထိုသို့ရောက်တတ်ရာရာအတွေးဆန့်နေစဉ်ပင် ရဟန်းတော်တစ်ပါးသပိတ်ပိုက်လျှက် မိမိတို့အိမ်ရာဖက်သို့ ဆွမ်းခံကြွလာနေသည်ကို လှမ်းမြင်နေရလေသည်။

ထိုရဟန်းတော်လေးက အဝေးထဲက ကြည်ညိုစရာကောင်းလိုက်ပါဘိ။ ငါ့အိမ်များဆွမ်းလာရပ်ဖို့လေလားမသိဘူး …….

အမှန်တကယ်ပင် ထိုရဟန်းတော်မှာလည်း ထိုသူဆင်းရဲသားအမိထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ဆွမ်းခံကြွလာခြင်းပင် ။ အရင်နေ့များကဆို အခြားကိုယ်တော်လေးများသည် ဆင်းရဲလှသော ထင်းခွေသမသားအမိအိမ်ကို ကျော်၍သာ ဆွမ်းရပ်ကြလေသည်။

သူမတို့လောင်းနှိုင်သည်လည်း ဆန်ကြမ်းထမင်းနှင့် ပုန်းရည်ဟင်းသာမဟုတ်ပါလား။

ဟော ဒီနေ့တော့ ထိုရဟန်းတော်သည် သူမအိမ်ပေါက်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တော့၏။ ထိုကိုယ်တော်မှာလည်း အခြားသူမဟုတ်ပဲ ကဿကလှိုဏ်ဂူထဲမှာ ဧကစာရီသီတင်းသုံးပြီး ရဟန်းတရားများ ပွားများအားထုတ်ကာ ဓုတင်အကျင့်များလည်း ကျင့်သုံးတော်မူနေသော မဟာမိတ္တအမည်ရှိသော ရဟန်းတော်တစ်ပါးဖြစ်ပေ၏။

ဤနေရာမှာ ဗဟုသုတအဖြစ် ဓုတင်အကြောင်းကို အနည်းငယ်ရှင်းပြဖို့လိုပေမည်။ ဓုတင်ဆိုတာ ကိလေသာတို့ကို ခါတွတ်တတ်ရှို့မြိုက်တတ်တဲ့ အကျင့်စရဏမျိုးကိုဆိုလိုတာဖြစ်ပါတယ်။

မြတ်စွာဘုရားသည် (လာဘ်သက္ကာရစသော) လောကာမိသကိုပယ်စွန့်ထားကုန်သော ကိုယ်နှင့်အသက်၌ ငဲ့ကွက်ခြင်း ကင်းကုန်သော (နိဗ္ဗာန်ကို ရခြင်းအား) လျော်သော ဝိပဿနာဘာဝနာ အကျင့်ကိုသာလျှင် ပြီးစေခြင်းငှါ အလိုရှိကုန်သော အမျိုးကောင်းသားတို့အား ၁၃-ပါးသော ဓုတင်တို့ကို ခွင့်ပြုတော်မူခဲ့ပါတယ်။ ထိုဓုတင်တို့မှာ-

(၁) ပံသုကူလိကင်္ဂ-ပံ့သုကူဓုတင်

(၂) တေစီဝရိကင်္ဂ-တိစီဝရိက်ဓုတင်

(၃) ပိဏ္ဍပါတိကင်္ဂ-ပိဏ္ဍပါတ်ဓုတင်

(၄) သပဒါနာစာရိကင်္ဂ-သပဒါနစာရိကဓုတင်

(၅) ဧကာသနိကင်္ဂ-ဧကာသနိက်ဓုတင်

(၆) ပတ္တပိဏ္ဍိကင်္ဂ-ပတ္တပိုဏ်ဓုတင်

(၇) ခလုပစ္ဆာဘတ္တိကင်္ဂ-ခလုပစ္ဆာဘတ်ဓုတင်

(၈) အာရညိကင်္ဂ-အာရညကင်ဓုတင်

(၉) ရုက္ခမူလိကင်္ဂ-ရုက္ခမူဓုတင်

(၁ဝ) အဗ္ဘောကာသိကင်္ဂ-အဗ္ဘောကာသိကဓုတင်

(၁၁) သောသာနိကင်္ဂ-သုသာန်ဓုတင်

(၁၂) ယထာသန္ထတိကင်္ဂ-ယထာသန္ထတိဓုတင်

(၁၃) နေသဇ္ဇိကင်္ဂ-နိသဇ္ဇီဓုတင်-ဟူသော

ဤ ၁၃-ပါးတို့ဖြစ်ပြီး
ထိုဓုတင်အကျင့်တို့ကို မကျင့်သုံးပဲ နိဗ္ဗာန်ကိုမျက်မှောက်မပြုနိုင်ကြောင်းကို အရှင်နာဂသေနမထေရ်က မိလိန္ဒမင်းကြီးအား ဤသို့မိန့်တော်မူခဲ့ဖူးပါတယ်။

“မင်းမြတ် အိမ်၌ နေကြ၍ ကာမဂုဏ်ကို ခံစားကြလျက် ငြိမ်းအေးသော ပရမတ္ထနိဗ္ဗာန်ကို မျက်မှောက်ပြုကြသူ လူပုဂ္ဂိုလ်အားလုံးတို့သည် ရှေးဘဝတို့၌ တစ်ဆယ့်သုံးပါးကုန်သော ဓူတင်အကျင့်တို့ကို ချဉ်းကပ် ကျင့်ကြံခဲ့ဖူးကုန်၏။ နိဗ္ဗာန်ရောက်ကြောင်း ကံ၏ တည်ရာကို ပြုလုပ်ခဲ့ဖူးကုန်၏။ ထိုသူတို့သည် ထိုရှေးဘဝတို့က အလေ့အကျက်ကိုလည်းကောင်း၊ အကျင့် ပဋိပတ်ကိုလည်းကောင်း သုတ်သင်၍ ယခု ဤဘဝ၌ လူပုဂ္ဂိုလ်တို့သာ ဖြစ်ကြကုန်လျက် ငြိမ်းအေးသော ပရမတ္ထနိဗ္ဗာန်ကို မျက်မှောက်ပြုကုန်၏။”
…………………………………………… 

"မင်းမြတ် တစ်ဆယ့်သုံးပါးသော ဓူတင်၏ ဂုဏ်ကျေးဇူးတို့၌ ရှေးဘဝက ကျင့်ကြံခဲ့ဖူးသည်ကို ကြဉ်ထား၍ တစ်ဘဝတည်း၌ပင် အရဟတ္တဖိုလ်ကို မျက်မှောက်မပြုနိုင်။ မြတ်သော အားထုတ်ခြင်းလုံ့လ မြတ်သော အကျင့် ထိုသို့သဘောရှိသော ဆရာ ကောင်းသော အဆွေခင်ပွန်းဖြင့် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုနိုင်၏" လို့မိန့်တော်မူထားခဲ့တာပါ ။

http://vimalalankara.blogspot.com/2012/03/blog-post_6581.html

ဒါ့ကြောင့် ကမ္မဋ္ဌာန်းတရားပွားများအားထုတ်သူ ရဟန်းတော်အများစုအနေဖြင့် ဓုတင် နှင့်ကမ္မဋ္ဌာန်းကို အတူတကွ ကျင့်ကြံတော်မူကြသည်က များပါတယ်။

ယခုအရှင်မဟာမိတ္တသည်လည်း ပိဏ္ဍပတ်ဓုတင်ဆောင်မထေရ်ဖြစ်သည့်အားလျှော်စွာ

''အတိရေကလာဘံ ပဋိက္ခိပါမိ-ဆွမ်းခံ၍ရသော ဆွမ်းထက်အပိုအလွန်ဖြစ်သော (သံဃဘတ် အစရှိ သော) လာဘ်ကို ပယ်ပါ၏''။

''ပိဏ္ဍပါတိကင်္ဂံ သမာဒိယာမိ-ဆွမ်းအလို့ငှါ လှည့်လည်ခြင်း (ဆွမ်းခံခြင်း) အလေ့ရှိသော ရဟန်း၏ အကြောင်အင်္ဂါ စေတနာကို ဆောက်တည်ပါ၏''ဟု ဆောက်တည်ကာဆွမ်းခံရသမျှဖြင့်သာရောင့်ရဲတော်မူတဲ့အရှင်မြတ်ဖြစ်ပါတယ်။

ထို့ကြောင့် အိမ်စဉ်အတိုင်းဆွမ်းခံကြွလာခဲ့ရာ ထိုသူဆင်းရဲသားအမိအိမ်ပေါက်သို့ သွားရောက်ဆွမ်းရပ်မိလေတော့၏။

ထိုသူဆင်းရဲဥပါသိကာမကြီးလည်း မထေရ်၏မျက်နှာတော်ကို ဖူးမြင်လိုက်ရလျှင်ပင်

သြော် ကြည့်စမ်း ဤအရှင်ရဲ့မယ်တော်မှာ အရတော်လေစွ၊ ဤကဲ့သို့သော အရှင်မြတ်တစ်ပါးကို မွေးဖွားပေးကာ သာသနာအတွက် ကျေးဇူးပြုနိုင်ခဲ့ပေ၏။ သို့သော် ငါ့မှာကား သားရဟန်းမဆိုထားဘိ သားအရင်းတစ်ဦးတစ်ယောက်မျှပင် မရှိခဲ့ချေ။ ယခုငါတို့အိမ်သို့ ဆွမ်းရပ်လာသည့်အရှင်မြတ်သည် ငါ၏သားကြီးများဖြစ်လေက ကောင်းလေစွ…စသည်ဖြင့်တွေးလိုက်မိကာ …

သားအရင်းကဲ့သို့သော ချစ်ခြင်းမေတ္တာများ တဖွားဖွားပေါ်လာလေတော့၏။

သို့ဖြင့် ကပျာကယာထတဲ့ပြီး ထိုင်ခင်းလေးတစ်ခုခင်းပေးကာ နေရာဖြင့် ဖိတ်မန်လိုက်ပြီး သပိတ်တော်ကိုလက်တော်မှ ယူလိုက်လေသည်။ ပြီး မိမိအတွက်စားဖို့ပြင်ဆင်ထားတဲ့ ထမင်းပန်းကန်နှင့် ဟင်းရောပါ ထိုမထေရ်၏သပိတ်ထဲလောင်းလှူလိုက်ရင်း မီးဖိုတွင်း၌ ဟင်းချိုအိုးတည်နေသော သမီးငယ်အားလှမ်းအော်ပြောလိုက်၏။

သမီးရေ သမီး ညဉ်းဟင်းချိုအိုးကျက်ရင် မြန်မြန်ခပ်ခဲ့။ ညည်းမောင်တော် ဆွမ်းခံကြွလာတယ်။

မီးဖိုတွင်းမှ သမီးငယ်လည်း မောင်ရှိတယ်ဆိုတာ တစ်ခါသောမှ မကြားမိဖူးခဲ့ချေ ။ ယခုထူးထူးဆန်းဆန်း အမေကမောင်တော် ဆွမ်းခံကြွလာတယ် အော်ပြောနေသဖြင့် ဘာများပါလိမ့် အမောတကောထွက်ကြည့်လိုက်ရာ ထိုရဟန်းတော်ကို သပိတ်ကပ်ခါ ရိုသေစွာရှိခိုးဝတ်ချနေသော မိခင်ကြီးကိုရော ထိုမဟာမိတ္တမထေရ်ကိုပါ မြင်ရလေတော့၏။

သမီးငယ်သည်လည်း ရှေးရေစက်ကြောင့်ထင်၏ မဟာမိတ္တထေရ်ကို မြင်ကာမျှဖြင့်ပင် မောင်တည်းဟူသောချစ်ခြင်းဖြင့် ကြည်ညိုသွားလေသည်။ ထို့ကြောင့် မိမိချက်နေသော ဟင်းချိုအိုးထဲမှ တစ်ပန်းကန်ခပ်ကာ မဟာမိတ္တမထေရ်ကို ဆက်ကပ်လောင်းလှူလိုက်ပြန်၏။

ထို့နောက်သားအမိနှစ်ယောက်လည်း တိုင်ပင်ထားကြသည့်အလား နေ့တိုင်းဆွမ်းခံကြွရင်းချီးမြှောက်ဖို့အကြောင်းလျှောက်ထားလိုက်ကြသည်။ တဖန်ဥပါသိကာမကြီးကဆက်၍
အရှင်ဘုရားအား မွေးမိခင်ဖြစ်ခွင့်မရပေမယ့် ကျွေးမိခင်ဖြစ်ခွင့်ရရပါလို၏ဘုရား.....
ဟု လျှောက်ထားက ကာလအတန်ကြာကခွဲခွါသွားသော သားကြီးနှင့်ပြန်ဆုံတွေ့ရသည့် မိခင်နှယ် ကြည်နူးဝမ်းသာ ဖြစ်ရပါကြောင်းလည်း လျှောက်ထားလိုက်လေသည်။

မထေရ်သည် ထိုလျှောက်ထားချက်အပေါ်၌ မွေးမယ်တော်ရင်းမဟုတ်သဖြင့် မယ်တော်ဟုမသတ်မှတ်နိုင်ဟူ၍လည်း မကန့်ကွက် ။

ကြည်နူးမိ၏ဟူ၍လည်း ဂေဟဿိတပေမဖြင့်လည်း သာယာမှူမဖြစ်ပေ။ ရဟန်းဟူသည်မှာ ကောင်းကင်ထက်က လကဲ့သို့ ကျင့်ရမည်

မဟုတ်ပါလား။ ....ထို့ကြောင့် ဘုရားရှင်လက်ထက်တော်က နကုလပိတာနှင့် နကုလမာတာဆိုတဲ့ ဇနီးမောင်နှံတို့ဘုရားရှင်ကိုမြင်လျှင်မြင်ချင်းပင် သားတည်းဟူသော ချစ်ခင်ခြင်းဖြစ်မိခဲ့ဖူးကြကြောင်း ။

အနမတဂ္ဂသံယုတ်၊မာတုသုတ်/ဘဂိနိသုတ်တော်တို့မှာလည်း ဘုရားရှင်က န သော၊ ဘိက္ခဝေ၊ သတ္တော သုလဘရူပေါ ယော နမာတာဘူတပုဗ္ဗော / နဘဂိနိဘူတပုဗ္ဗော ဣမိနာ ဒီဃေန အဒ္ဓုနာ(ဤမျှရှည်လျားလှသော သံသရာခရီးအတွင်းမှ အမိမတော်ဖူးသူ ၊နှမ မတော်ဖူးသူမရှိ)ဟု.... ဟောကြားတော်မူခဲ့ကြောင်းစသည်ဖြင့် တရားဓမ္မနှင့်စပ်ကာ အနည်းငယ်မျှဟောပြတော်မူပြီး

ဆွမ်းဒါယိကာမကြီးတို့သားအမိလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ..ဟုဆုပေးလျှက် ဆက်လက်ဆွမ်းခံကြွသွားတော်မူလေသည်။
………………………………………………………….

သားအမိနှစ်ဦးသားတို့သည် ပျော်လိုက်ကြသည့်ဖြစ်ခြင်း။ ထိုနေ့မှစ၍ နေ့စဉ်ရက်ဆက် မဟာမိတ္တမထေရ်အတွက်တစ်ပါးစာ ထမင်းတိုးကာချက်ပြုတ်လှူဒါန်းကြ၏။ အရင်ကအမေတစ်ခု သမီးတစ်ခုဘ၀လေးသည် ယခုမူကား သားတော်ကြီးမဟာမိတ္တမထေရ်

အတွက်ပါဟုဆိုကာ သုံးဦးသားအတွက်ရည်မှန်းကာ ချက်ပြုတ်လှူဒါန်းကြလေတော့၏။

သို့သော် အလွန်ဆင်းရဲလှသည့် သားအမိဖြစ်တာကြောင့် နပ်မှန်အောင်ပင် မနည်းရှာကြံစားသောက်ကြရသူများဖြစ်သည့်အားလျှောက်စွာ မနက်စာကိုသာ ဆွမ်းဝတ်ကိုအတတ်နိုင်ဆုံးချက်ပြုတ်လှူဒါန်းပြီး ညနေစာမရှိ၍ပင် ဥပုသ်စောင့်ရသည့်နေ့တို့သည်လည်း မနည်းခဲ့ပေ။ ဒီလောက်ဆင်းရဲတွင်းနက်ကြတာတောင်မှ သားအမိနှစ်ဦးသားတို့မှာ မဟာမိတ္တမထေရ်ကို ဆွမ်းဝတ်ပြုစုရခြင်းအတွက် မညည်းမညူ၊အလွန်ပျော်ရွှင်ကြည်နူးနေကြလေသည်။
........................................

တန်ဖိုးမဖြတ်နိုင်သော ဆွမ်းတစ်နပ်

ထိုသို့နေ့စဉ်ဆွမ်းခံကြွ၍ ဆင်းရဲသမ သားအမိနှစ်ဦးထံ ဆွမ်းရပ်အလှူခံဘုဉ်းပေးပြီး ရဟန်းတရားများ ပွားများအားထုတ်ခဲ့ရာမှ လောကီအဘိညာဉ်သမာပတ်များ ပေါက်ရောက်သည့်အဆင့်သို့ ရောက်ရှိအောင်မြင်လာခဲ့တော့၏။ သို့ဖြင့် ဒိဗ္ဗသောတအဘိညာဉ်ဖြင့် သားအမိနှစ်ဦးသားတို့ ပြောဆိုနေသံကို သီတင်းသုံးရာလှိုင်ဂူမှပင် အတိုင်းသား ကြားသိနိုင်စွမ်းသို့ ရောက်လာခဲ့တော့၏။

မထေရ်မြတ်သည်လည်း ဆွမ်းခံကြွဖို့ သင်္ကန်းကိုပြင်ဆင်ဝတ်ရုံပြီး

သပိတ်ကိုလှမ်းယူလိုက်စဉ်မှာပင် ဥပါသိကာမကြီးက သူ၏သမီးငယ်အား

တောမသွားခင်မှာကြားနေပုံကို အတိုင်းသားကြားနေရတော့၏။
……………………………….

သမီးရေ အမေဒီနေ့ တောထဲစောစော သွားလိုက်တော့မယ် ။ညည်းမောင်တော် ဆွမ်းခံကြွလာရင်သာ ဖွယ်ဖွယ်ရာရာလေးလောင်းလိုက်နော် အမေသေချာပြင်ဆင်ခဲ့ပြီးသား ။မီးဖိုထဲမှာ ဆွမ်းချက်ဖို့ အမေသေချာရှာထားတဲ့ သလေးဆန်အဟောင်း ဖွတ်ပြီး ရွေးပြီးသားလေးရှိတယ်။

ကြောင်အိမ်ထဲမှာလည်း နွားနို့နဲ့ ထောပတ်လည်းလှူဖို့ဆိုပြီး အမေ၀ယ်ထားတယ်။ သားတော်ကြီးကြွလာရင် ဆွမ်းလောင်းပြီး ကျန်တာသမီးလေးစားလိုက်တော့။

ဟင်…...အမေလည်း တလုပ်တစ်ဆုပ်စားပြီိးမှ တောသွားတာမဟုတ်ဘူး ။ အလုပ်လုပ်ရင်း ဆာနေမှာပေါ့။

အမေညကကျန်တဲ့ ထမင်းကြမ်းခဲလေးကို ပုန်းရည်ဟင်းကျန်တာလေးနဲ့ လူးစားလိုက်တယ်သမီးရဲ့ ။ သမီးသာမောင်တော်ကို ဆွမ်းလောင်းပြီး စားလိုက်တော့ ။ အမေပြန်လာရင် စားဖို့သမီးဘာချက်ထားလိုက်ရမလဲ ။

သမီးရယ် တို့တွေတွက်ကတော့ ဖြစ်သလိုစားကြတာပေါ့ ။ ကျန်တဲ့ဆန်ကွဲလေးကို ပုန်းရည်နဲ့ရောပြီး ကြိုထားလိုက် ချခါနီးမှ သမီးလေးခူးလာတဲ့ဟင်းရွက်ခတ်လိုက်။

အဲဒါနဲ့ပဲ တို့သားအမိ အဆင်ပြေသလိုစားကြတာပေါ့။
………………………………………….

ထိုသားအမိပြောဆိုနေသော စကားသံမျာကို တန်ခိုးဣဒ္ဓိပါဒ်ဖြင့် ကြားလိုက်ရသောအခါ၌ကား အရှင်မဟာမိတ္တမထေရ်မှာ အလွန်ပင်ဓမ္မသံဝေဂဖြစ်သွားရလေတော့၏။ထို့ကြောင့် သပိတ်ကိုပိုက်ကာတွေတွေကြီးရပ်လျှက် ကိုယ့်ကိုယ်ကိုယ်သာ အကြိမ်ကြိမ်မောင်းမဲဆုံးမနေမိတော့၏။

ကဲ ကြည့်စမ်းမဟာမိတ္တ၊ မင်းရဲ့ဆွမ်းတကာမ သားအမိဖြစ်ပုံကိုမင်းကြားရပြီမဟုတ်လား သူတို့ခမျာမှာ မသေရုံ ဆန်ကွဲလေးပုန်းရည်နဲ့ကြိုပြီး စားနေရတာတောင် မင်းအတွက် နွားတို့တွေ ထောပတ်တွေ သလေးဆန်တွေနဲ့ အသေအချာချက်ပြုပ်လှူဒါန်းနေကြရှာတယ်။

အဲဒီသားအမိက မင်းနဲ့လည်း ဆွေမတော် မျိုးမစပ်၊ မင်းရဲ့အခိုင်းအဆွေကျွန်လည်းမဟုတ်ဘူး။ မင်းဆီက ဘာမျှော်လင့်ချက်တစ်စုံတစ်ရာနှင့်မျှ ပြုစုလုပ်ကျွေးနေကြတာမဟုတ်ဘူးကွ ၊ သူတို့ခမျာမှာ လယ်ယာမြေကောင်းသဖွယ်ရဟန်းသံဃာတော်တွေထံ ကုသိုလ်တရားတွေစိုက်ပျိုးပြီး လူနတ်နိဗ္ဗာန် သုံးတန်သောချမ်းသာကိုရဖို့ရည်သန်ကာ လှူဒါန်းနေကြတာ၊ မင်းကော ဒီအကျိုးတရားတွေကိုပေးစွမ်းနိုင်တဲ့သူဖြစ်ပြီလား။ ….

ဘုရားရှင်ကလည်း အမြတ်ဆုံး အဂ္ဂဒက္ခိဏေယျဆိုတာ ကိလေသာကုန်ခမ်း ရဟန္တာအရှင်မြတ်တွေကိုသာ ရည်ရွယ်ညွှန်ပြဟောကြားတော်မူခဲ့တာ မင်းမှာရော ကိလေသာအပြည့်ဖြင့် ဒီလိုတန်ဖိုးမဖြတ်နိုင်တဲ့ သဒ္ဓါတရားတွေနဲ့ချက်ပြုတ်လှူဒါန်းနေတဲ့

သားအမိရဲ့ဆွမ်းကို ကိလေသာဗလပွနဲ့ မစားသင့်ဘူး ။ မစားသင့်ဘူး။ …

ဒီလိုတွေးတောလျှက် လက်ထဲမှသပိတ်ကိုပြန်ချထားလိုက်ပြိး လှိုဏ်ဂူတွင်းက မိမိတရားအားထုတ်ရာနေရာမှာပဲ ကိလေသာနှင့်အတူတကွတော့ ငါမထတော့ဘူး…ဟုသန္နိဋ္ဌာန်ချကာ ဇွဲကြီးကြီးဖြင့် ကမ္မဋ္ဌာန်းတရားပွားများရာ မွန်းမလွဲမီ အချိန်ပိုင်းလေးအတွင်းမှာပင် ရဟန္တာအဖြစ်သို့ရောက်တော်မူလေသည်။

ရဟန္တာဖြစ်တော်မူသည်နှင့် ထိုလှိုဏ်ဂူဝရှိသစ်ပင်ကိုစောင့်သော ရုက္ခစိုးသည် “ကိလေသာရန်သူတို့ကို အနိုင်ယူလိုက်ပြီဖြစ်သည့်် အာဇာနည်၊ယောက်ျားမြတ်ကို အကျွန်ုပ်ရှိခိုးပါ၏၊အရှင်သည် ကိလေသာအာသဝေါတို့ကုန်ကာ ဖြူစင်သူဖြစ်၍ လှူဒါန်းသူသာဝကတို့အား ၊အကျိုးများအောင် ချီးမြှောက်နိုင်ပါပြီဘုရား ”ဟု ဥဒါန်းကျူးရင့်လျှောက်ထားလိုက်ပြီး ။ဆွမ်းခံကြွဖို့ အချိန်တန်ပြီဖြစ်ကြောင်းလျှောက်ထားလိုက်သဖြင့် အချိန်ကိုကြည့်ရာမှာ ဆွမ်းချိန်မှီသေးကြောင်းနှင့် ဥပါသိကာမကြီး၏သမီးလည်း ဆွမ်းလှူဖို့စောင့်ကြိုနေကြောင်း သိတော်မူလေသည်။

သို့ဖြင့် ထိုဥပါသိကာမကြီးအိမ်သို့သာ ဆွမ်းခံကြွသွားတော်မူ၏။
……………………………………

သမီးလေးမှာလည်း မောင်တော်ရဟန်းဆွမ်းခံကြွအလာကို မျှော်နေသည်မှာ

နေမွန်းတည့်ချိန်ပင် နီးတော့မည် ပေါ်မလာ။ ကျန်းမာရေးများမကောင်းလို့လေလား။

ခရီးတစ်ခုခုများကြွသွားလေးသလားစသည် အတွေးများစွာဖြင့် မျှော်နေစဉ်မှာ အရှင်မဟာမိတ္တမထေရ်ကြွလာသည်ကို မြင်လိုက်ရလေ၏။

သို့သော် ယနေ့မထေရ်မြတ်ကိုဖူးမြင်ရသည်မှာ အခြားနေ့များနှင့်မတူ မျက်နှာတော်ကိုဖူးမြင်ရသည်ပင်လျှင် အလွန်ငြိမ်းချမ်းအေးမြသည့် အမတဓာတ်ကိုရရှိခံစားရလေတော့၏။

သမီးလေးလည်း ပြင်ဆင်ထားသော ဆွမ်းဆွမ်းဟင်းများကို

အကုန်ပင်လောင်းလှူလိုက်တော့၏။မဟာမိတ္တမထေရ်လည်း ဆွမ်းလောင်းပြီးသည်နှင့် “ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ”

ဟုမြွက်ဆိုကာ ပြန်လည်ကြွသွားလေတော့၏။

မိခင်ကြီးပြန်ရောက်လာသောအခါ သမီးရေ ညည်းအစ်ကိုကြီး ဆွမ်းခံကြွရဲ့မဟုတ်လား..ဟုမေးရာ သမီးလေးလည်း မွန်းမလွဲမီလေးမှ ဆွမ်းခံကြွလာတော်မူပြီး ဒီနေ့ဖူးမြင်ရသည်မှာ အခြားနေ့များနှင့်မတူ အလွန်ပင် တည်ငြိမ်ရင့်ကျက်ပြီး ကြက်သရေရှိလှကြောင်း စသည်စသည်အသေးစိတ်ပြောပြလိုက်ရာ ….

မိခင်ကြီးမှာ ငါ့သားတော်ကြီး ယနေ့ရဟန်းကိစ္စပြီးလေမှကိုး…ဟု အတတ်သိလိုက်ကာ သမီးရေ ညည်းမောင်ကြီးတော့ သာသနာတော်မှာ ပျော်ပျော်ကြီးနေသွားနိုင်ပြီပေါ့ အေ....ဟုပြောလိုက်ရာ။

သိပ်နားမလည်သောသမီးက ဘာလို့လဲအမေရဲ့..ဟုဆိုမှ ။ ကိလေသာရန်သူကို အောင်လံစိုက်ထူပြီးအနိုင်ယူလိုက်ပြီဖြစ်လို့ ကိလေသာရန်မှာကင်းဝေးကာ ချမ်းသာစွာသာသနာမှာ သီတင်းသုံးနိုင်ပြီ..လို့ ပြန်ရှင်းပြလိုက်ပါသတဲ့။

ဒီတင်မှ သမီးလေးပါ သဘောပေါက်နားလည်သွားပြီး ထိုသားအမိနှစ်ဦးသားတို့ ရင်ထဲမှာ ရဟန်းကိစ္စပြီးသည်အထိ ဆွမ်းကွမ်းဝေယျာဝစ္စထောက်ပံ့ခွင့် ရလေပြီ.. ဟုပျော်မဆုံးမော်မဆုံး ဖြစ်သွားကြရပါတော့တယ်။ (သီဟိုဠ်ခေတ် စံတော်ဝင် အရိယာများ နှာ ၃၀၅)

XXXXXXXXXXXXXXXXXXXXXXXXXXXX

ဤကဲ့သို့ မိမိတို့သည်ပင် အသက်ရှင်ရပ်တည်နိုင်ရုံမျှ ဖြစ်သလိုစားသောက်ကာ ဆွမ်းခံကြွလာသော ရဟန်းတော်အား အမွန်မြတ်ဆုံးလောင်းလှူကြသော သားအမိဒါနကား ပါရမီထိုက်သော အလှူဒါနတစ်ခုပင်ဖြစ်ကြောင်း အံဋ္ဌ၁၊၁၃၉ ။ ဒီ ဋ္ဌ၂-၃၇၉ နှင့် မ ဋ္ဌ ၁-၂၉၈ နှင့် သံ ဋ္ဌ ၃-၁၉၆ တို့မှာ မှတ်တမ်းတင်ထားကြောင်း တင်ပြပေးလိုက်ရပါတယ်။

(ဆက်လက်ဖော်ပြပေးပါဦးမည် …)
လင်္ကာအရှင်(မုံရွာ)
Shared from လင်္ကာ အရှင်

No comments:

Post a Comment