ဧ၀ံ အဘာဝိတံ စိတ္တံ၊ ရာဂေါ သမတိဝိဇ္ဈတိ။
ဂါထာလေးရဲ့အဓိပ္ပါယ်က-အမိုးချင်းစပ်အောင် ကောင်းစွာ မမိုးအပ်သောအိမ်ကို မိုးရေပေါက်သည် ထိုးဖောက်ဖျက်ဆီးသကဲ့သို့ ထိုအတူ မပွားများသောလျှောင်းထိုင်ရပ်သွား အမှတ်ချင်းစပ်အောင် မရှူမှတ်နိုင်သော စိတ်ကိုလည်း ရာဂသည် ၀င်ရောက်ထိုးဖောက်နှောင့်ယှက်ဖျက်ဆီးလေတော့၏။ (ဓမ္မပဒ)
ဒီဂါထာလေးကို ရွတ်ပြီး သီဟိုဠ်ခေတ်စံတော်ဝင်အရိယာများ စာအုပ်ကြီးကို ဖတ်နေခဲ့တာပါ။ သီဟိုဠ်ခေတ်က မထေရ်များက မကြည်ညိုဘဲကို မနေနိုင်လောက်အောင် စံတော်တင်ထိုက်ပါပေတယ်။ ဇာတ်လမ်းလေးက ဒီလိုပါ။ သီဟိုဠ်ကျွန်း စေတီယတောင်နေ မဟာတိဿမထေရ်တစ်ပါးရှိပါတယ်။ မထေရ်သည် ဣနြေ္ဒစောင့်စည်းရာတွင် စံတော်ဝင်အရှင်မြတ်တစ်ပါးဖြစ်ပါဝင်ခဲ့ပါတယ်။ တနေ့သော နံနက်တွင် မထေရ်က သပိတ်ကိုလွယ် အသုဘဘာဝနာစီးဖြန်းလျှက် စေတီယတောင်ထက်မှ အနုရာဓမြို့သို့ ဆွမ်းခံကြွပါတယ်။ အမျိုးသမီးလေးတစ်ဦးကလည်း မိမိလင်ယောက်ျားနှင့်ရန်ဖြစ်ကာ အနုရာဓမှ မိဘဆွေမျိုးများရှိရာသို့ နံနက်အစော တစ်ယောက်ထဲထွက်လာပါတယ်။ ထိုအမျိုးသမီးသည် နတ်သမီးကဲ့သို့ အလွန်မတန်မှလှပနေပါတယ်။ တိုက်ဆိုင်တယ်လို့ပဲပြောရမလား မထေရ်ကလဲ စေတီယတောင်အပေါ်မှအဆင်း လမ်းခရီးအကြား၌ နှစ်ဦးသားဆုံတွေ့မိကြပါတယ်၊ ဖြစ်ချင်တော့ ထိုအမျိုးသမီးက မဟာတိဿမထေရ်မြတ်ကို မြင်လျှင် မြင်ချင် ချစ်ချင်းဆိုတဲ့ရာဂစိတ်ဖောက်ပြန်လာသဖြင့် မထေရ်ကြားလောက်အောင် အသံထွက်၍ ရယ်လေး၏။ ဘာပဲပြောပြော ထိုရယ်သံကြောင့် မဟာတိဿမထေရ်မြတ် ကမ္မဋ္ဌာန်းအတွက် ဆူးငြောင့်ခလုပ်စူးဝင်သလို ခံစားလိုက်ရပါတယ်။ မထေရ်မြတ်ကလည်း ဘာပါလိမ့်မလဲဆိုပြီး အသံလာရာသို့ ရုတ်တရက် ကြည့်လိုက်မိရာ အမျိုးသမီးက မထေရ်မြတ်ကို ချစ်ချင်းဆိုတဲ့ရာဂစိတ်နဲ့ ပြုံးရယ်လျက်စိုက်ကြည့်နေချိန် သွားများကိုသာ အထင်းသားမြင်တော်မူလေ၏။
မထေရ်သည် အသုဘသညာ အသုဘကမ္မဋ္ဌာန်းစီးဖြန်းလေ့ကျက်လေ့ရှိခဲ့သည်အတိုင်း အမျိုးသမီး၏သွားများကို မြင်လိုက်ရသည်နှင့် အသုဘဘာဝနာအဋ္ဌီက အရိုးစု ပဋိဘာဂနိမိတ်ထင်လာ၏။ ထိုအခိုက်၌ပင် ဥပစာရဈာန်မှ ပထမဈန်ထိ ရရှိသွားခဲ့ပါတယ်။
မည်မျှလှပအောင်ဝတ်စား ဆင်ယင်ပြင်ဆင်ဖြီးလိမ်းထားသော်လည်း မထေရ်၏အမြင်၌ အရိုးစုကြီးသာ ထင်လေတော့သည်။ ယောက်ျား၊ မိန်းမဟူ၍ပင် မသိတော့ချေ။ ထိုပထမဈာန်ကို အခြေခံ၍ ၀ိပဿနာရှူပွားတော်မူရာ ၀ိပဿနာဥာဏ်အဆင့်ဆင့်၊မဂ်ဥာဏ်အဆင့်ဆင့် ရင့်ကျက်ကာ ထိုနေရာ၌ပင် ရဟန္တာဖြစ်တော်မူခဲ့ပါတယ်။ ထိုအမျိုးသမီး၏ ခင်ပွန်းသည်ယောက်ျားလည်း သူ့ဇနီးသွားရာလမ်းအတိုင်း နောက်မှလိုက်လံရှာဖွေရာ မထေရ်ကို တွေ့လျှင်-
"အရှင်ဘုရား ဒီလမ်းမှာ ဒကာမတစ်ယောက်များ မတွေ့လိုက်မိဘူးလားဘုရား"ဟုလျှောက်ထားပါတယ်။
"အင်း" ဒီလမ်းမှာ သွားတော့သွားတာ တွေ့လိုက်တယ်၊ ယောင်္ကျားလား၊ မိန်းမလားလဲမသိပါဘူး၊ ဒီလမ်းမှာ တကယ်တော့ အရိုးစုကြီးတဦးသွားလေးရဲ့ ဟုသာ ရုတ်တရက် မိန့်တော်မူလိုက်ပါတယ်။
စာဖတ်သူရေ…အကယ်၍သာ မထေရ်မြတ်က မိမိရဲ့စိတ်ကို လေ့ကျင့်မထားဘူးဆိုရင် ကိလေသာတွေဖြစ်မည့်အကြောင်းမှာ များလှပါတယ်။ မိမိရဲ့စိတ်ကိုလေ့ကျင့်တယ်ဆိုရာဝယ် ကိုယ့်မှာက အခြေခံဖြစ်တဲ့ မြတ်ဗုဒ္ဓတရားတွေကိန်းအောင်နေလို့ပါပဲ။ ဘာပဲပြောပြော ဖိုဖိုချင်းပြုံးပြရာ၌ သတိမထားမိသော်လည်း ဖိုနှင့်မပြုံးပြကြရာဝယ် သတိထားမိကြမှာတော့အမှန်ပါ။ လူလောကကြီးမှာ မနက်မိုးလင်းတာနဲ့အမျှ ဆိုင်ရာဆိုင်ရာအလုပ်သို့သွားကြရပါတယ်။ မိမိသွားသောလမ်းပေါ်မှာပဲဖြစ်ဖြင့်၊ မိမိလုပ်နေကြဖြစ်သော အလုပ်မှာပဲဖြစ်ဖြင့် အပြုံးနှဲ့ပေါင်းသင်းဆက်ဆံမိကြမှာပါပဲ။ ကိုယ်ကပုထုဇဉ်ပဲရှိသေးတာဆိုတော့ မိမိနှစ်သက်တဲ့သူတွေ့ရင်သဘောကျမိမယ်၊ ကိလေသာစိတ်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်၊ ကိုယ်ကသူ့ကိုသဘောကျခဲ့ရင်ပြောတာပါ။ အဲဒီတော့ မိမိက မိမိရဲ့စိတ်ကို တရားနဲ့မထိန်းနိုင်သေးသမျှတော့ ဒီခန္ဓာကိုယ်ကြီးကို တပ်မက်နေဦးမှာပါပဲ။ တကယ်တမ်းတော့ သူ့ကြည့်လဲရုပ်နဲ့နာမ်၊ ကိုယ့်ကြည့်လဲရုပ်နဲ့နာမ်ပါ။ မိမိက ဒီလိုတပ်မက်မှူ့တွေ မရှိချင်ရင်တော့ မိမိရဲ့ခန္ဓာကိုယ်ကြိးကို အသုဘကမ္မဋ္ဌာန်းများများအားထုတ်ပါလေ။ ဒါကလဲလွယ်တာတော့မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လောကလူသားတိုင်းသိကြတဲ့အတိုင်းပါပဲ၊ မိမိတို့ နေ့စဉ်တွေ့နေကြတာပဲ၊ အိုတဲ့သူတွေလဲ တွေ့လိုက်တာပဲ၊ သံဝေဂရသလားဆိုတော့ မရပါဘူး။ နာတဲ့သူတွေလဲတွေ့လိုက်တာပဲ သံဝေဂရသလားဆိုတော့မရပါဘူး။ သေတဲ့သူတွေလဲတွေ့လိုက်တာပဲ သံဝေဂရသလားဆိုတော့ မရပါဘူး။ ရဟန်းတွေလဲတွေ့လိုက်တာပဲ သံဝေဂရသလားဆိုတော့ မရပါဘူး။ မြတ်ဗုဒ္ဓကတော့ နိမိတ်ကြီးလေးပါးကို တွေ့လိုက်မြင်လိုက်တာနဲ့သံဝေဂရသွားပြီး တောထွက်သွားသည်မဟုတ်ပါလား။ မိမိက ဘာလို့သံဝေဂမရသလဲဆိုရင် ပါရမီတွေကွာနေလိုပါပဲ။ အဲဒီတော့ မိမိက မိမိရဲ့စိတ်ကလေးကို တရားတည်းဟူသော အမြိုက်ဆေးလေးဖြင့် ထိန်းချုပ်ထားနိုင်ဖို့ပါပဲ။ ဒီလိုမှလေ့ကျင့်မထားဘူးဆိုရင် သူပြုံးပြတိုင်း တပ်မက်ချင်းဆိုတဲ့စိတ်ကတော့ ဖြစ်နေတော့မှာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသမီးလေးရဲ့အပြုံးတစ်ချက်ကြောင့် မဟာတိဿမထေရ်ကတော့ ရဟန္တာဖြစ်သွားရတာပါ။ မိမိရဲ့အပြုံလေးတွေကိုလည်း တန်းဖိုးရှိစေချင်ပါတယ်။ မိမိကလဲ တစ်ခြားသူရဲ့အပြုံးတစ်ချက်ကြောင့် မိမိကိုယ်ကို မိမိ ရဟန္တာအဆင့်မဖြစ်သွားနိုင်တောင်- သြော်---အသုဘအပုတ်ကောင်ကြီးပါလားလို့…ဆင်ခြင်မိလိုက်မယ်ဆိုရင်ဖြင့် တစ်ခြားသူရဲ့အပြုံတစ်ချက်ဟာ မိမိအတွက် တန်းဖိုးရှိတဲ့အပြုံးလေးဖြစ်သွားပါပြီ။ မိမိကတော့ ဒီနေရာကနေ - မဟာတိဿမထေရ်ကို ရှိခိုးကန်တော့လိုက်ရပါတယ်။ အပြုံးတွေနဲ့တွေ့ဆုံခဲ့ရင်တော့ မဟာတိဿမထေရ်မြတ်ကို တွေးတွေးပြီးပြီး ကြည်ညိုနေမိတော့တာပါပဲ။ မိမိကသာ အဲဒီလိုအဖြစ်မျိုးနှင့်တွေ့ဆုံခဲ့ရင်…………….အင်း…အင်း…..ဆိုပြီး တားမြစ်နိုင်ဖို့ပါပဲလေ။
လပြည့်ဝန်း(သာစည်)
ဘ၀အရေး စိတ်အေးရဖို့ဓမ္မအသိရှိလျှက်နေကြစို့။
Posted by လပြည့်ဝန်း on September 10, 2011 at 12:17am
အပြုံးပန်းဈေးခင်း
No comments:
Post a Comment