ကလပ်က စားသောက်ဆိုင်ကို ရောက်တယ် ဆိုရင်ဘဲ ဦးစွာ ပထမ ပန်းသီးရည် ဖျော်ရည် တစ်လုံးနဲ့၊ ပင်လယ်စာတွေကို ပုဂံထဲ ထည့်လာပြီး စားပွဲလွတ် တစ်ခုမှာ နေရာယူ ဝင်ထိုင်လိုက်တဲ့ အခါ၊ စားပွဲပေါ်မှာ ရေးထားတဲ့ စာတမ်းလေးကို ဒီနေ့မှ သေသေချာချာ ဂရုစိုက်ပြီး ဖတ်မိလိုက်ပါတယ်။ စာရေးထားတာက –
Whilst we encourage a healthy appetite waste is not appreciated. Please only help yourself to what you know you will eat.
ဘူးဖေး ဆိုတာ ဈေးနှုံး တစ်ခုတည်း သတ်မှတ်ထားတဲ့ အတိုင်း ပေးရတာ ဖြစ်ပြီး၊ စားပွဲတွေ ပေါ်မှာ ခင်းထားတဲ့ အစားအသောက် တွေကို လိုသလို၊ အဝ ကြိုက်သလောက် ယူစားနိုင်ပါတယ်။ ဒါကြောင့်မို့ လိုသလောက်သာ ယူစားပါ၊ အစားအသောက် တွေကို အလေအလွင့် မဖြစ်ပါစေနဲ့ ဆိုပြီး သတိပေးထားတဲ့ စာတမ်းလေးကို အင်္ဂလိပ်လို ရေးထား ပုံလေးဟာ ယဉ်ယဉ်ကျေးကျေး ရှိတာကြောင့် ဒီစာတမ်းလေးကို သဘောကျမိ သွားခဲ့ပါတယ်။
ဒီလိုနဲ့ ညစာစားရင်း အတွေးက စင်္ကာပူဆီ ရောက်သွားပါတယ်။ မိမိ စင်္ကာပူကို ၁၉၉၃ ခုနှစ် လောက်တုန်းက ရောက်ခဲ့စဉ်မှာ ကြယ် ၅ ပွင့် အဆင့်ရှိတဲ့ ဟိုတယ် တစ်ခုမှာ ဘူဖေး စားခဲ့ဖူးပါတယ်။ (ကြယ် ၅ ပွင့် အဆင့်ရှိတဲ့ ဟိုတယ်လို့ ထည့်ပြောရတာက၊ မိမိ ယနေ့ ဘူဖေး သွားစားတဲ့ လစ်ဗာပူးက ကလပ်ဆိုတာ ကြယ် ဘယ်နှစ်ပွင့်မှ အဆင့် မရှိတဲ့ အပြင်၊ သာမာန် အလုပ်သမား၊ ရုံးသူ ရုံးသား လူတန်းစား အသီးသီး ဝင်ထွက် စားသောက် နေတဲ့ နေရာနဲ့ ပတ်ဝန်းကျင် ကွာခြားတာကို ပြောပြချင်လို့ ဖြစ်ပါတယ်) အဲဒီလို ကြယ် ၅ ပွင့် အဆင့်ရှိတဲ့ ဟိုတယ် နေရာမျိုးမှာ ဖွင့်ထားတဲ့ ဘူဖေး စားသောက်ဆိုင်ဟာ အစား အသောက်တွေ အလေအလွင့် မဖြစ်စေဖို့ သတိပေးတဲ့ နေရာမှာ – “အစားအသောက်များကို လိုသလောက်သာ ယူစားပါ၊ အလေ အလွင့် မဖြစ်ပါစေနဲ့၊ အကယ်၍ မစားနိုင်လို့ အစားအသောက်များ ကျန်နေခဲ့ပါက အလေးချိန်နဲ့ ပြန်လည် ချိန်တွယ်ပြီး၊ တန်ဖိုးရဲ့ ၃ ဆ ပေးလျှော်ရမယ်” လို့ ရေးထားပါတယ်။
ဒီလိုရေးထားခြင်း အားဖြင့်၊ ကြယ် ၅ ပွင့် အဆင့်ရှိတဲ့ နေရာမျိုးမှာတောင် လာစားသောက်တဲ့ လူတွေဟာ ကိုယ့်အသိ စိတ်ဓါတ်နဲ့ ကိုယ်၊ စည်းစံနစ် ရှိရှိ မစားသောက်တတ်ဘဲ၊ ဒဏ်ကြေးနဲ့ ခြိမ်းခြောက်မှ ရတဲ့ သဘောမျိုး ဖြစ်နေတာကို သတိထားမိ လိုက်ပါတယ်။ ကိုယ်လည်း အကျိုးမရှိ၊ သူတပါးလည်း အကျိုးမဖြစ်၊ အများအတွက်လည်း အကျိုးယုတ်စေမဲ့ အပြုအမူမျိုးကို မပြုလုပ်ပါနဲ့ ဆိုတာ လူ့ယဉ်ကျေးမှု အဆင့်အတန်း ရှိသူ တစ်ယောက်ကို ယဉ်ယဉ် ကျေးကျေး ပြောလို့ ရနိုင် ပါတယ်။ ဒီလို လုပ်ရင်ဖြင့် ဖမ်းမယ်၊ ဆီးမယ်၊ ဒဏ်တပ်မယ် ဆိုတာမျိုးထိ ခြိမ်းခြောက် ပြောရတယ် ဆိုရင်တော့ ဒါဟာ လူ့ ယဉ်ကျေးမှု အဆင့်အတန်း နိမ့်ပါးသူမျိုးများသာ ဖြစ်တော့မယ် ဆိုတာ စဉ်းစားမိပြီး၊ ကြယ် ၅ ပွင့် အဆင့်ရှိတဲ့ ဟိုတယ်လို နေရာမျိုးမှာ လာစားသောက်တဲ့ သူတွေတောင်မှ ဒီလို လူမျိုးများ ဆိုခဲ့ပါက၊ မိမိမှာ ထိုသူများနဲ့ ဝေးကွာပြီး နေနိုင်ခဲ့တာကို ကံကောင်းတယ်လို့ ယူဆမိပါတော့တယ်။
တစ်ခါ အတွေးက နဲနဲ ဝေးတဲ့ မြန်မာပြည် ဖက်ကို ရောက်သွား ပြန်ပါတယ်။ ရန်ကုန်မြို့၊ ရွှေဂုံတိုင် လမ်းမှာ ဖွင့်ထားတဲ့ ယုဇန ဟိုတယ်ရဲ့ ဘူဖေး စားသောက်ဆိုင်ကို ၂၀၀၁ ခုနှစ်လောက်မှာ တစ်ခါ ရောက်ခဲ့ ဖူးပါတယ်။ အဲဒီမှာတော့ ဘာမှ သတိပေး စာတမ်းတွေ၊ ကြေငြာချက်တွေ မတွေ့ရပါဖူး။ လူတွေဟာ သတိပေး စရာ မလိုလောက်အောင် အသိစိတ်ဓါတ် ရှိကြတဲ့ သူများလို့ ထင်လိုက်စရာပါ။ တကယ်တော့ မဟုတ်ပါဖူး။ စားသောက်ဆိုင်မှာ ပုဇွန်၊ ဂဏန်းနဲ့ အခြား အရသာရှိ ကောင်းမယ် ထင်ရတဲ့ ဟင်းပွဲများဟာ ဘာမှ မကျန်ဘဲ ပုဂံသာ တင်ထားတာ တွေ့ရပါတယ်။ ဒါနဲ့ မိမိက စားသောက်ဆိုင် စားပွဲထိုးကို မေးတော့ အဲဒီဟင်းပွဲတွေက တင်လိုက်တာနဲ့ စားတဲ့ လူတွေက လာပြီး လုယူ သွားလို့ ကုန်ကုန် သွားတာပါတဲ့။ ဒီတော့ ဒါတွေကို စားချင်ရင် နောက်ဖေးက ဗန်းနဲ့ လာဖြည့်တဲ့ လူကို ကြည့်နေပါတဲ့၊ အဲသည်လူ ထွက်လာရင် အမြန် ထပြီး ဆွဲယူပါတဲ့။ အဲသည်လို ကြားလိုက်ရတဲ့ အခါ၊ မိမိမှာ တော်တော်လေး စိတ်ပျက်သွားပါတယ်။ ဘယ့်နှယ်… ပိုက်ဆံ ပေးပြီးလဲ လာစားရသေးတယ်၊ လုစားရမယ် ဆိုတာတော့ ဟန်မကျ သေးပါဖူး။ ဒါနဲ့ မိမိက ဒါဆိုရင်လဲ မစားတော့ပါဖူးဗျာ၊ ကျနော်လဲ လုမစား တတ်ပါဖူး လို့ပြောပြီး၊ ပြန်မယ် လုပ်တော့ စားပွဲထိုးလေးက၊ အကို ထိုင်နေပါဗျာ၊ အဲဒီဟင်းတွေ လာချတဲ့ အခါ ကျနော် ယူလာပြီး အကို့ကို လာထဲ့ပေးပါမယ် ဆိုပြီး တောင်းတောင်းပန်ပန် ပြောတာနဲ့၊ မိမိလည်း ပြန်ထိုင်ပြီး ဆက်စားခဲ့ပါတယ်။ မိမိ စားသောက်ပြီး ပြန်တဲ့ အခါ ကျတော့ အခြား စားသောက်ပြီး ပြန်သွားတဲ့ ဝိုင်းတွေမှာ မသိမ်းရသေးတဲ့ ပန်းကန်တွေကို သတိထား ကြည့်မိလိုက်တဲ့ အခါမှာ ပုဇွန်တွေ၊ ဂဏန်းတွေဟာ သူတို့ ဟင်းခွက် ပုဂံတွေမှာ မြင်မကောင်းလောက် အောင် ပုံနေပြီး သူတို့လဲ မစားနိုင်ကြတော့ဘဲ စားပွဲပေါ်မှာ လေလွင့် ပေပွပြီး ချန်ထားခဲ့တာကို တွေ့ရပါတယ်။
အထက်မှာ ပြောခဲ့ သလို၊ ကိုယ်လဲ အကျိုးမရှိ၊ တစ်ခြား စားသောက်သူများကိုလည်း အနှောက်အယှက် ဖြစ်ပြီး အကျိုးယုတ်စေတဲ့ အပြင်၊ အလကား ဖျက်လို ဖျက်ဆီး လုပ်တဲ့ ပုံစံမျိုးတွေ တွေ့ရတဲ့အတွက် စားသောက်ဆိုင်က မန်နေဂျာကို စင်္ကာပူမှာ လုပ်တဲ့ ပုံစံမျိုး လုပ်ဖို့ အကြံပေးတဲ့ အခါ၊ မန်နေဂျာက – “အကိုရေ ကျနော်တို့က အဲသည်လို လုပ်လို့မရဖူးဗျ၊ လာစားတဲ့ လူတွေက ဒီလိုလုပ်လို့လဲ ဒဏ်ကြေး ပေးမှာ မဟုတ်တဲ့ အပြင်၊ သူတို့က ဘယ်သူ ဘယ်ဝါနဲ့ အဲသည်လို ကျနော်တို့ကိုတောင် ပြန်ပြီး ပြဿနာ ရှာသွားဦးမှာ စိုးလို့ ဒီလိုဘဲ လွှတ်ထားပြီး၊ အကိုတို့လို လူတွေလာရင် ဟင်းထည့်ပေးဖို့ စားပွဲထိုးကို ကျနော် မှာထားတာပါ” လို့ ပြောပြပါတယ်။
ဒါနဲ့ဘဲ မိမိလည်း မန်နေဂျာကို – “လာစားတဲ့ လူတွေက လူ့ယဉ်ကျေးမှုလည်း မရှိကြ၊ အဲဒီတော့ စည်းကမ်း လုပ်ပေးလို့ စည်းကမ်းလည်း မလိုက်နာဖူး ဆိုရင်တော့၊ ခင်ဗျား သေနတ် တစ်လက်သာ ဆောင်ထားပြီး အစား အသောက်တွေ ဖြုန်းတီးတဲ့ ရှေ့က လူ တစ်ယောက် နှစ်ယောက်ကို ပစ်သာ သတ်ပြ လိုက်ပါတော့ဗျာ၊ ဒါမှဘဲ ကြောက်ပြီး နားထောင် တော့မယ် ထင်ပါတယ်” လို့ပြောပြီး စိတ်ပျက်စွာ ထွက်လာခဲ့ ပါတော့တယ်။
မိမိ ယခင်က အနောက်နိုင်ငံ များကို မရောက်ဖူးခဲ့စဉ် အနောက် နိုင်ငံများဟာ အရှေ့ နိုင်ငံများထက် လူနေမှု အဆင့်အတန်း ပိုလို့ မြင့်မားတယ် ဆိုတာ ကြားသိခဲ့ ဖူးပါတယ်။ အဲဒီ အချိန်တုန်းက ဘယ်လို လူနေမှု အဆင့်အတန်း ကွာခြား တာလဲ သိချင်လို့၊ ကြုံကြိုက်တဲ့ အခါ မေးကြည့်တော့ အနောက်နိုင်ငံ များမှာ လူတွေဟာ တိုက်နဲ့ နေနိုင်တယ်၊ ကားစီးနိုင်တယ်၊ အရှေ့နိုင်ငံတွေမှာတော့ အများက တဲနဲ့ နေကြရတယ်၊ လမ်းလျှောက် ဘစ်ကားစီးကြရတယ်လို့ သာ သိခဲ့ရပါတယ်။ အခုတော့ မိမိ သိလာရတာက အဲသည်လို မဟုတ်ပါဖူး။ အနောက်နိုင်ငံများမှာ လူနေမှု အဆင့်အတန်း မြင့်မားတယ် ဆိုတာ စိတ်ဓါတ် ကောင်းမွန်ပြီး အသိတရား ရှိခြင်း၊ စည်းကမ်း ရှိခြင်း၊ ကိုယ့်ရဲ့ လုပ်ရပ်ကြောင့် အခြားသူ တစ်ဦး တစ်ယောက် ထိခိုက် စေမဲ့ အပြုအမူများကို စောင့်ထိန်းခြင်း၊ စတဲ့ လူ့ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားနေခြင်းသာ ဖြစ်တယ် လို့ သြစတေးလျနိုင်ငံ၊ နယူးဆောက်ဝေး ပြည်နယ်၊ လစ်ဗာပူးမြို့က ဘူဖေးဆိုင်မှာ ညစာစားရင်း တွေ့မြင်မိခဲ့ ပါတော့တယ်။
CrediT:Aung.Info
Posted by ပန်းခင်း on June 8, 2011 at 2:00pm
အပြုံးပန်းဈေးခင်း
No comments:
Post a Comment