Monday, July 16, 2012

ဘာသာခြား အမျိုးသမီးတစ်ယောက်က ဒီလိုပြောသတဲ့

အ၀ိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်ဆိုတာကို စဉ်းစားဆင်ခြင်ကြည့်ရင်လည်း ပါရမီဥာဏ်မရှိတဲ့သူတွေမှာ သဘောပေါက်ဖို့ မလွယ်လှဘူး၊ ခက်ပါတယ်။ ဒါကြောင့် အခြားဘာသာဝင် အမျိုးသမီးတစ်ယောက်က ဒီလိုပြောသတဲ့။ “ရှင်တို့ ဗုဒ္ဓဘာသာဝင်တွေက မသိတဲ့အ၀ိဇ္ဇာကြောင့် ဖြစ်တယ်လို့ချည်း ပြောနေကြတယ်၊ မသိတာကနေပြီး အချိုးတကျ အကောင်းအမွန်တွေဟာ မဖြစ်နိုင်ပါဘူး၊ ကြည့်ပါ ကုလားထိုင်တစ်ခုဆိုရင် အသိဥာဏ်နဲ့ လုပ်မှပဲ ဖြစ်နိုင်ပါတယ်။ ပန်းကန်တစ်လုံးဆိုရင်လဲ အသိဥာဏ်နဲ့လုပ်မှ ဖြစ်နိုင်ပါတယ်၊ လူတွေ သတ္တ၀ါတွေဖြစ်အောင် ကမ္ဘာမြေကြီးနှင့်တကွ သစ်ပင် တောတောင် လ နေ ကြယ် စသည်တွေဖြစ်အောင်လည်း အသိဥာဏ်နဲ့လုပ်မှသာ ဖြစ်ဖို့ရှိပါတယ်။ ဒါကြောင့် ရှင်တို့ပြောတဲ့အတိုင်း မသိတဲ့အ၀ိဇ္ဇာကြောင့် ဖြစ်တယ်ဆိုတာဟာ မဟုတ်နိုင်ပါဘူး၊ ဘုရားသခင်က အသိဥာဏ်နဲ့ အချိုးတကျ ဖန်ဆင်းထားလို့ ဖြစ်နေတာသာ ဖြစ်သင့်ပါတယ်” လို့ ပြောသတဲ့။

အဲဒါဟာ ပဋိစ္စသမုပ္ပါဒ်က နက်နဲလို့ သူမသိတာနဲ့ ပြောတဲ့စကားပါပဲ။ အမှန်ကတော့ အဲဒီလို ကြံစည်ပြောဆိုတာတွေကိုက အ၀ိဇ္ဇာကြောင့်ဖြစ်တဲ့ သင်္ခါရတွေပဲ၊ ဒီနေရာမှာ ဘုန်းကြီးတို့က ဒီလို အကြံပေးချင်ပါတယ်။ “အသိဥာဏ်နဲ့ အချိုးတကျ ဖန်ဆင်းသူရှိမှ ဖြစ်နိုင်တယ်ဆိုရင် ‘လူတွေ သတ္တ၀ါတွေနဲ့ ကမ္ဘာလောကကြီးကို ဖန်ဆင်းသူ’ လို့ ယုံကြည်ယူဆထားတဲ့ ဘုရားသခင်ကြီးကိုတော့ ဘယ်သူက အချိုးတကျ ဖန်ဆင်းထားသလဲ” လို့ စဉ်းစားကြည့်ဖို့ အကြံပေးချင်ပါတယ်။ ဘာမျှမဟုတ်တဲ့ ကုလားထိုင်တောင် အသိဥာဏ်နဲ့ လုပ်မှဖြစ်တယ်လို့ဆိုတော့ ကုလားထိုင်လုပ်တဲ့သူကို ဖန်ဆင်းဖို့က အဲဒီ ကုလားထိုင် လုပ်ရတာထက် ပိုပြီး ခက်ဖွယ်ရှိပါတယ်။ နောက်ပြီးတော့ အဲဒါထက် “လူတွေ သတ္တ၀ါတွေနဲ့ ကမ္ဘာလောကကြီးကို ဖန်ဆင်းတဲ့သူ” လို့ ယုံကြည်ယူဆရတဲ့ ဘုရားသခင်ကြီးကို ဖန်ဆင်းဖို့က ပိုပြီးတော့ ခက်ခဲပါလိမ့်မယ်။ နောက်ပြီးတော့ ဘုရားသခင်ကြီးကို ဖန်ဆင်းတဲ့ အဲဒီပုဂ္ဂိုလ်ကြီးကိုလည်း ဖန်ဆင်းတဲ့သူ ရှိရလိမ့်ဦးမယ်၊ ဒီနည်းဖြင့် သူထက်သူ တန်ခိုးကြီးတဲ့ ဖန်ဆင်းသူတွေဟာ အဆင့်ဆင့် လိုက်လို့ မဆုံးနိုင်အောင် ရှိနေပါလိမ့်မယ်

အမှန်မှာတော့ ယခုသတ္တ၀ါတွေ ကြံစည် ပြောဆို ပြုလုပ်နေကြတာဟာ သစ္စာလေးပါးကို မသိသေးလို့ ပဋိစ္စသမုပ္ပါဒ်တရားကို မသိကြသေးလို့ပဲဆိုတာ ထင်ရှားပါတယ်။ ကောင်းတာပြုရင် ကောင်းကျိုးရတယ်၊ မကောင်းတာပြုရင် မကောင်းကျိုးရတယ်၊ ကိုယ်ပြုတဲ့အမှု ကံအားလျော်စွာ ကျောင်းကျိုးဆိုးပြစ် ရတယ်ဆိုတာလည်း ထင်ရှားပါတယ်။ ဒါကြောင့် အမှန်မသိ အမှားသိတဲ့ အ၀ိဇ္ဇာရှိနေလို့ ပြုလုပ်မှုကံ သင်္ခါရတွေ ဖြစ်တယ်၊ အဲဒီကံသင်္ခါရကြောင့် ကံအားလျော်စွာ ဘ၀သစ်ဝိညာဏ် စသည်ဖြစ်တယ်ဆိုတာဟာ ပါရမီဥာဏ် ရှိတဲ့သူတွေမှာ ပေါ်လွင်ထင်ရှားနေပါတယ်။ ဒါပေမယ့် ခုတင်က ပြောခဲ့တဲ့ မိန်းမလို ပုဂ္ဂိုလ်တွေမှာတော့ ဘယ်လိုမျှ သဘောမပေါက်နိုင်အောင် ကွယ်ဝှက်နက်နဲနေပါတယ်။ ဒါကြောင့် မြတ်စွာဘုရားက “ဂမ္ဘီရာဝဘာသောစ၊ နက်နဲယောင်လည်း ထင်တယ်” လို့ ဟောတော်မူပါတယ်။ ဥပမာ ပင်လယ်ကူးသင်္ဘောကြီးနဲ့ ပင်လယ်ကို ဖြတ်သွားတဲ့အခါ ပတ်ဝန်းကျင်က တွေ့မြင်ရတဲ့ ရေတွေဟာ တကယ်လည်း နက်တယ်၊ နက်ယောင်လည်း ထင်တယ်၊ အဲဒါလိုပဲ ပဋိစ္စသမုပ္ပါဒ်တရားတော်က တကယ်လည်း နက်တယ်၊ နက်နဲယောင်လည်း ထင်တယ်လို့ ဆိုလိုပါတယ်။

(ပဋိစ္စသမုပ္ပါဒ်)

သာမဏေကျော် ရေးသားသော မဟာစည် ဆရာတော်ဘုရားကြီး၏ ထူးခြားသော အတွေးအမြင်များ စာအုပ်မှ ရိုက်ကူးမျှဝေပါတယ်။
ခိုင်ခိုင်


ပဋိစ္စသမုပ္ပါဒ် သင်တန်းတရားတွေ လေ့လာချင်ရင် အောင်ဆန်းဆရာတော်ဟောတဲ့ တရားတော်တွေ အတော်လေးကို ကောင်းပါတယ်။ သမထ နဲ့ ၀ိပဿနာ ကွာခြားချက် နဲ့ ပဋိစ္စသမုပ္ပါဒ် လေ့လာရကျိုးတွေ ဟောထားတဲ့ အပိုင်း(၁) ကို အရင်ဆုံး နာကြည့်စေချင်ပါတယ်။ (ဗဟုသုတတွေ အစုံအလင်ပါရှိပြီး ၀ိပဿနာ မရှုပွားခင် ပဋိစ္စသမုပ္ပါဒ်ကို သိနားလည်ထားခြင်းဟာ အားကြီးသော ၀ိပဿနာ အကျိုးတရားတွေဖြစ်စေနိုင်တဲ့အကြောင်းတွေ ဟောထားတာ အရမ်းကောင်းပါတယ်။)

http://dhammadownload.com/MP3Library/AungSanSayaDaw/Sept1999/001-AungSanSayaDaw-PaRatSa-ThaMuPa-27-9-1999.mp3 (အပိုင်း ၁)

သမထ နှင့် ၀ိပဿနာ တရားတော် (အပိုင်း ၁)... အပိုင်းက နှစ်ပိုင်း ရှိပါတယ်။

http://dhammadownload.com/MP3Library/AungSanSayaDaw/Sept2002/AungSanSayaDaw-ThaMaHtatNatWeiPaThaNar-1-10-2002.mp3

အောင်ဆန်းဆရာတော် တရားတွေအတွက်လင့်ခ်

http://dhammadownload.com/AungSan-SayaDaw-mp3.htm

ပဋိစ္စသမုပ္ပါဒ် အဓိပ္ပါယ် လေ့လာရန် (သိချင်တဲ့စာလုံးတွေကို ကလစ်နှိပ်ပြီး လေ့လာနိုင်ပါတယ်။)

http://api.ning.com/files/tnKTqrDTM8RpruuCWcvYWA0MCFWCpR4AaMxYcC*5*fYIgw7EJ5rLZz5fH8Nb6OP9FBiNL7T3bodJ0fbmksMFc7bAUq3sLzT1/file.swf

No comments:

Post a Comment